Wednesday, 16 February 2011
၂၁ ရာစု ပင်လုံညီလာခံနှင့်စပ်လျဉ်း၍
ပူကျင့်ရှင်းထန်
ဖေဖော်ဝါရီ ၃၊ ၂၀၁၁
၂၁- ရာစု ပင်လုံညီလာခံဟု ခေါ်ကြမည်ဆိုလျှင် ပင်လုံဆိုသည့် မြို့အမည် ထည့်ဖို့ လိုပါသေးသလားဟု မေးမည့် လူများ ရှိချင်ရှိမည်
၁။ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသား ခေါင်းဆောင် နှစ်ဆယ့်တစ်ဦးတို့က ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် သမိုင်းမှတ်တိုင်တစ်ခုစိုက်ထူခဲ့ပေမဲ့ ယခုအခါမှာ ယင်းသမိုင်း မှတ်တိုင် လှုပ်တုပ်တုပ်ဖြစ် နေပါပြီ။ ယင်း လှုပ်တုပ်တုပ်ဖြစ်နေသော သမိုင်းမှတ်တိုင်ကို ကြံ့ကြံ့ခိုင်ခိုင်ဖြစ်စေရန် ရည်ရွယ်၍ ဒုတိယပင်လုံ ညီလာခံ/၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရန် ကျွန်န်ုပ်တို့က ၂၄-၁၀-၁၀ ရက်နေ့တွင် ကလေးမြို့ ဆုံးဖြတ်ချက်ကြေညာ စာတမ်းအဖြစ် ကြေညာခဲ့ပြီး ဖြစ်ပါသည်။
၂။ ၁၂-၂-၄၇ နေ့မှာ ကျင်းပပြုလုပ်ခဲ့သော ပထမ ပင်လုံညီလာခံ၏ အဓိက ရည်ရွယ်ချက်မှာ တောင်းတန်းသားများ ဖြစ်ကြသည့် ရှမ်း၊ ကချင် နှင့် ချင်းတို့နှင့် ကြားဖြတ် ဗမာအစိုးရ (Interim Burmese Government) ပူးပေါင်းပြီး လွတ်လပ်ရေး အရယူပြီး၊ ဖယ်ဒရယ်ပြည်ထောင်စု၊ ပြည်ထောင်စု စစ်စစ် ထူထောင်ရန်တို့ ဖြစ်ကြောင်း ပေါ်လွင် ထင်ရှားပါသည်။ ပင်လုံစာချုပ်မှာ အချက်ကိုးချက်ပါ၍ စာချုပ်၏ အနက်အဓိပ္ပါယ်ကို မေမြို့စုံစမ်းရေး ခေါ်သည့် ဒုတိယစုံစမ်းရေး စာအုပ်တွင် ဖော်ပြပါရှိပါသည်။ ယခုအခါမှာ ပထမပင်လုံညီလာခံ သဘောတူ ဆုံးဖြတ်ချက်များ မှေးမှိန်လုမတတ်ဖြစ်နေသည်။ ထို့ကြောင့် ဒုတိယ ပင်လုံညီလာခံ/ ၂၁ ရာစု ပင်လုံ ညီလာခံ လိုအပ်နေခြင်းဖြစ်ပါသည်။ ပင်လုံညီလာခံကို ဒေါ်အောင်ဆန်းစုကြည်က အမြော်အမြင်ကြီးစွာနှင့် ၂၁ ရာစု ပင်လုံညီလာခံအဖြစ် မှည့်ခေါ်သည်မှာ အလွန်လျော်ကန် သင့် မြတ်သည်ဟု ယုံကြည်သဖြင့် ထိုသို့ပင် သုံးစွဲကြပါစို့။
၃။ ၂၁- ရာစု ပင်လုံညီလာခံဟု ခေါ်ကြမည်ဆိုလျှင် ပင်လုံဆိုသည့် မြို့အမည် ထည့်ဖို့ လိုပါသေးသလားဟု မေးမည့် လူများ ရှိချင်ရှိမည်။ ပင်လုံ ဆိုတဲ့စကားလုံး ကြားလိုက်တာနှင့် တပြိုင်နက်ထဲ လူတွေရဲ့ စိတ်ထဲမှာ ပေါင်းစည်းရေး စိတ်ဓါတ်၊ ပြည်ထောင်စုစိတ်ဓါတ် နှိုးဆွပေးပါသည်။ ထို့ကြောင့် ပင်လုံတော့ ထည့်ရမည်။ ပင်လုံဆိုသည့် အမည်သည် ပြည်ထောင်စုနေ့ ပင်လုံစိတ်ဓါတ် ပေါ်ပေါက်လာအောင် ဦးဆောင်စည်းရုံးသူ ဗိုလ်ချုပ်အောင်ဆန်းကလည်း ပင်လုံစိတ်ဓါတ်၊ ပြည်ထောင်စု စိတ်ဓါတ်နှင့် ပင်လုံစာချုပ်နှင့် ပတ်သက်၍ ၁၉၄၇-ခုနှစ်၊ ဇွန်လ (၁၀-၁၈) ရက်ထိ ကျင်းပခဲ့သည့် ပထမ တိုင်းပြုပြည်ပြုလွတ်တော်တွင် ပြောကြားရာ၌ ပင်လုံစာချုပ်၏ စာဖြင့် ရေးထားသောသဘောတူညီ ချက်များ (Agreement in written) ကိုသာမက၊ စာဖြင့် မရေးထားသော်လည်း ထိုသဘောတူညီချက်ကို ဖြစ်စေခဲ့သော စာချုပ်၏ အနှစ်သာရအရ (Agreement in Spirit) ကို လေးစား လိုက်နာရမည်ဖြစ်ကြောင်း လေးနက်တည်ကြည်စွာ ပြောကြားခဲ့သည်။ ၎င်းပြင် အခြေခံဥပဒေ ရေးဆွဲရာမှာလည်း ဗိုလ်ချုပ်လမ်းညွှန် ၇ ချက် ထားခဲ့သော်လည်း ဗိုလ်ချုပ်ကျဆုံးပြီး အခြေအနေဥပဒေ ပြဋ္ဌာန်းလာသောအခါ ဗိုလ်ချုပ်နှင့် တိုင်းရင်းသားများ ရည်မှန်းထားသည့် ပြည်ထောင်စုစစ်စစ် အခြေခံဥပဒေ ဖြစ်မလာဘူး။ ဤအချက်ကို Consitutional Advisor ဦးချန်ထွန်း (ဗိုလ်ချုပ်နှင့် အငြင်းပွားခဲ့ဖူးသူ) ကလည်း မှန်ကန် ကြောင်း ဝန်ခံခဲ့ကြောင်း Thinker က အောက်ပါအတိုင်း ရေးသည်။ "Constitutional Advisor admitted that Our constitution thought in theory federal is in practice unitary"
၎။ သို့ဖြစ်၍ ယခုအချိန်အထိ နှစ်ပေါင်း (၆၂) နှစ်အတွင် ဒီမိုကရေစီ အစိုးရ၊ ၁၉၅၈-ခုနှစ်က စတင်ခဲ့သော ပြောင်းလဲလာသော အစိုးရ အဆက်ဆက်တွင် တိုင်းရင်းသား လူမျိုးများ၏ ဒီမိုကရေစီရေးနှင့် တန်းတူရေး မှေးမှိန်ကွယ်ပျောက်သွားသည့်အတွက် တိုင်းရင်းသား လူမျိုးများသည် ဒီမိုကရေစီရေး တန်းတူရေးရာ ရှိရန်အတွက် ဥပဒေတွင်း၊ ဥပဒေ ပ (လက်နက်ကိုင်) တိုက်ပွဲများ ယခုထက်တိုင် အဆက်မပြတ် ဖြစ်ပေါ်နေပါသည်။ ဗမာ အပါအဝင် တိုင်းရင်းသားအားလုံးသည်တိုင်းရင်းသား ညီညွတ်ရေးအတွက် ညှိနှိုင်း တည်ဆောက်ခဲ့သော ပင်လုံစိတ်ဓါတ်၊ ပြည်ထောင်စု စိတ်ဓါတ်သည် ပျောက်ကွယ်လုမတတ် ဖြစ်နေပါသည်။ ထိုစိတ်ဓါတ်ကို ပြည်လည်နှိုးဆွ အသက်သွင်းရန် လိုအပ်လာပါသည်။ ယခု ၂၁-ရာစု ပင်လုံညီလာခံသည် ကလေးမြို့က ဆုံးဖြတ်ချက် ကြေညာစာတမ်းတွင် ပါရှိသည့်အတိုင်း တပြည်ထောင်စနစ်လည်း မဟုတ်၊ ခွဲထွက်ခွင့်လည်း မရှိသော ဖယ်ဒရယ် ပြည်ထောင်စု၊ ပြည်ထောင်စုစစ်စစ် တည်ထောင်နိုင်ရန် ညှိနှိုင်း ဆွေးနွေးရန် ဖြစ်သည်။ မည်သည့်အဖွဲ့အစည်းနှင့်မျှ ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ရန် မဟုတ်ပါ။
          သို့ဖြစ်ပါ၍ ယခုကျင်းပရန် ရည်မှန်းထားသော ၂၁-ရာစု ပင်လုံညီလာခံသည် အာဏာရ န-အ-ဖ အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသား ပါတီများ၊ လွတ်လပ်ရေး တိုက်ပွဲအဆင့်ဆင့်တွင် ပါဝင်ခဲ့ကြသည့် မျိုးချစ် နိုင်ငံရေးရဲဘော်ဟောင်းများ၊ ၈၈-မျိုးဆက်ကျောင်းသားများ၊ တိုင်းရင်းသား လူငယ်များနှင့် ဒီမိုကရေစီ အင်အားစုများ၊ အားလုံး စုပေါင်း ညှိနှိုင်း၍ ၂၁-ရာစု ပင်လုံညီလာခံ ခေါ်ယူကျင်းပရန် ဖြစ်သည်။ ဤလုပ်နည်း လုပ်ဟန်သာလျှင် အမျိုးသား ပြန်လည် သင့်မြတ်ရေး ငြိမ်းချမ်းစွာ ဖြစ်ပေါ်ရေး အတွက် အကောင်းဆုံးဖြစ်သည်ဟု ယုံကြည်သည်။ ၂၀၀၈- အခြေခံဥပဒေ ပုဒ်မ ၃၅၄ (က) နှင့် (ခ) အရဖြစ်ပါသည်။
အားလုံး လက်ခံနိုင်သော ၂၁ ရာစု ပင်လုံညီလာခံ အမြန်ပေါ်ပေါက်ပါစေ!
ပူကျင့်ရှင်းထန်
ဥက္ကဋ္ဌ
ဇိုမီးအမျိုးသားကွန်ကရက်
စာ မူရင်း - သျှမ်းသံတော်ဆင့်
http://www.mongloi.org/burmese/index.php?option=com_content&view=article&
Interview with U Win Tin - Can we make friends with 600 political prisoners Print E-mail
User Rating: / 1
PoorBest 
မျက်မှောက်ရေးရာ - အင်တာဗျူး
Friday, 04 February 2011
နိုင်ငံရေးအကျဉ်းသား ၆၀၀ ကို မိတ်ဆွေဖွဲ့ခွင့် ရှိမလား
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ ဖေဖော်ဝါရီ ၅၊ ၂၀၁၁
ယခင်အပတ်က ဆရာဦးဝင်းတင်နဲ့ တွေ့ဆုံစကားပြောဆိုခဲ့ရာမှာ အင်န်အယ်ဒီက ဆောင်ရွက်နေတဲ့ လူမှုထောက်ကူအဖွဲ့က ကူညီစောင့်ရှောက်နေတဲ့ နိုင်ငံရေးအကျဉ်းသား ဦးရေ ၆၀၀ ကို မဲဖောက်ပြီး ကိုယ်ထိလက်ရောက် မိတ်ဆွေဖွဲ့ ကူညီကြတဲ့ အစီအစဉ်အခြေအနေကို မေးမြန်းဖြစ်ခဲ့ပါတယ်။
ကျနော်တို့ မိုးမခစာနယ်ဇင်းအဖွဲ့ကနေပြီးတော့ အင်န်အယ်ဒီကူညီမှုတွေ ပြုလုပ်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ၂၀၁၁ ခုနှစ်ရဲ့ မိုးမခမိတ်ဆွေများဆု ဂုဏ်ပြုချီးမြှင့်တာမျိုး လုပ်ချင်တဲ့ အကြောင်းကို အရင် ပြောချင်ပါတယ်။ ဥပမာအားဖြင့် ဒီနှစ်မှာ ကျနော်တို့ ရှိတဲ့ ရန်ပုံငွေထဲကနေပြီး ငွေ ၆၀၀ လောက် မတည်ပြီး လှူဒါန်းတာမျိုး လုပ်ချင်တာပါ။
ကောင်းပါတယ်ခင်ဗျာ။ ကျနော်တို့ပါတီကို ကိုယ်တိုင် လာရောက်ပြီး မဲနှိုက်တဲ့ သူတွေ ရှိပါတယ်။ စာရင်းအရ လူဦးရေ ၃၀၀ လောက် ကို မဲနှိုက်ပြီးသွားပေမယ့် နိုင်ငံရေးအကျဉ်းသားတွေကို တဦးချင်းဆီ မိတ်ဆွေဖွဲ့ကြဖို့ တ၀က်လောက် ကျန်ပါသေးတယ်။ ကျနော်တို့က လာမယ့် ပြည်ထောင်စုနေ့ အခမ်းအနားမှာ ဖိတ်ခေါ်ပြီး မဲနှိုက်ကြဖို့ စီစဉ်နေပါတယ်။
ဟုတ်ကဲ့ပါ။ ကျနော်တို့လိုမျိုး အဝေးရောက်နေသူတွေ၊ အနီးကပ် ကူညီအားပေးမှုတွေ မလုပ်နိုင်သူတွေအနေနဲ့ အင်န်အယ်ဒီရဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကူညီအားပေးမှုတွေမှာ ဘယ်လိုမျိုး ပါဝင် ပတ်သက်ခွင့် ရမလဲ။ ဘယ်လို ကူညီ အားပေးထောက်ခံမှုတွေ ပြရင် ကောင်းမှာလဲကို ဘယ်လို လုပ်ကြရင် ကောင်းမလဲ။
အခု ခင်ဗျားတို့က မိုးမခမိတ်ဆွေများ ဆုဆိုပြီး ပေးတာမျိုးလည်း ကောင်းပါတယ်။ နောက်တခုကတော့ ခင်ဗျားတို့လိုမျိုး နိုင်ငံရေးအကျဉ်းသား အားလုံးကို ရည်ရွယ်ပြီး အင်န်အယ်ဒီက လူမှုထောက်ကူအဖွဲ့ကို လှူတာမျိုး လုပ်နိုင်သလို နောက်တမျိုးကတော့ စိတ်ဓာတ်ရေးရာအရ အားပေးတဲ့အနေနဲ့ အဝေးကနေ နံပါတ်တခုခုကို ကိုယ့်ဖာသာ သတ်မှတ်ပြီး လှူကြတာမျိုး လုပ်လို့ ရတာပဲ။ အဓိကကတော့ ကိုယ်တိုင်က စိတ်ဓာတ်ရေးရာအရ  အားပေးနေတယ်ဆိုတာမျိုး ခံယူနိုင်ကြဖို့ပါပဲ။
ဟုတ်ကဲ့ပါ ဆရာ။ ကျနော်တို့ကို တဦးချင်း မိတ်ဆွေတွေ၊ ပရိသတ်တွေကလည်း လာမေးကြတာမျိုး ရှိပါတယ်။ သူတို့မေးတာက သူတို့မှာ အများကြီးတော့ မတတ်နိုင်ဘူး၊ သို့သော်လည်း အဝေးကနေပြီး တတ်နိုင်သလောက် ပုံမှန် တခုခုတော့ ကူညီတာ အားပေးတာ လုပ်ချင်ပါတယ်။ ဒါတွေကို စုဝေးပြီးတော့ အဲသည် နိုင်ငံရေးအကျဉ်းသားတွေအတွက် စိတ်ဓာတ်ရေးရာအရကော၊ အင်န်အယ်ဒီရဲ့ ကူညီဆောင်ရွက်မှုတွေမှာပါ တစုံတရာ အကူအညီဖြစ်မယ်လို့ မျှော်လင့်တယ်လို့ ကျနော်တို့ဆီက မိတ်ဆွေတွေက ပြောလာကြတာတွေ ရှိတယ် ဆရာ။
ကောင်းပါတယ် ခင်ဗျာ။ ကျနော်တို့အနေနဲ့က အဲလိုမျိုး စိတ်ဝင်စားမှုတွေ၊ ကြိုးပမ်းမှုတွေ ပေါ်ထွန်းလာတာကို ကြိုဆိုပါတယ်။ ၀မ်းသာပါတယ်။ နောက်ပြီးတော့လည်း ပြည်တွင်းမှာ ကိုယ်ထိလက်ရောက် မဲနှိုက်ပြီးတော့ ကူညီအားပေးကြသလို၊ အဝေးကလူတွေ၊ လက်လှမ်းမမီတဲ့သူတွေကလည်း သူတို့ တတ်နိုင်သလောက် ၀ိုင်းကြ ၀န်းကြတယ် ဆိုတာမျိုးလေးတွေ ရှိလာရင် တဦးတယောက်ချင်းအပေါ်မှာ ၀န်ပိမနေဘူးပေါ့ခင်ဗျာ။ အားလုံးက ၀ိုင်းဝန်းကူညီတယ် ဆိုတာ ကောင်းပါတယ်။
ဟုက်ကဲ့ပါ ဆရာ။ ကျနော်တို့က မိုးမခမိတ်ဆွေများ ဆု ဆိုပြီး အခုတလတည်းနဲ့ ပြီးသွားတာမျိုး မဟုတ်ဘဲနဲ့ မိတ်ဆွေတွေ၊ ပရိသတ်တွေကလည်း သူတို့တတ်နိုင်သလောက် လစဉ် ဆက်ပြီး ကူညီ အားပေးတာတွေ ဆက်ပြီး ရှိနေအောင်၊ ရှင်သန်နေအောင်၊ တိုးပွားလာအောင်ဖို့လည်း မျှော်လင့်တဲ့အကြောင်း ပြောချင်ပါတယ် ဆရာ။
ဟုတ်ကဲ့ပါ ခင်ဗျာ။ နောက်တွေ့ကြသေးတာပေါ့နော်။
Daw Su, 16th FBE Messageယ ဒေါ်စုက နော်ဝေနိုင်ငံသားများနဲ့ နိုင်ငံရပ်ခြားနေ မြန်မာနိုင်ငံသားတွေကို တိုက်တွန်း ထားတဲ့ အမှာစကား
Daw Su, 16th FBE Messageယ ဒေါ်စုက နော်ဝေနိုင်ငံသားများနဲ့ နိုင်ငံရပ်ခြားနေ မြန်မာနိုင်ငံသားတွေကို တိုက်တွန်း ထားတဲ့ အမှာစကား
ဘရီမင် ဂုဏ်ပြုဆု ကိုဇာဂနာ ချီးမြှင့်ခံရ
E-mail Print
ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းထောင်တွင် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသော လူရွှင်တော် ကိုဇာဂနာ (ကိုသူရ) အား ဂျာမနီနိုင်ငံ ဘရီမင်မြို့က ၂၀၁၁ ခုနှစ်အတွက် ဘရီမင် စည်းလုံးညီညွတ်ရေးဆု (Bremen Solidarity Award) ကို ယမန်နေ့က ချီးမြှင့်လိုက်သည်။
zaganar-11
နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသော လူရွှင်တော် ကိုဇာဂနာ
ကိုဇာဂနာ၏ လူ့အခွင့်အရေးအတွက် ဆောင်ရွက်မှုနှင့် စွန့်လွှတ်အနစ်နာခံမှုများကြာင့် ဤဆုကို ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။ ဤ ဘရီမင်ဆုကို ၁၉၉၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်လည်း ရရှိခဲ့ဖူးသည်။
ယင်းဆုကို အမေရိကန်နိုင်ငံတွင် ရောက်ရှိနေသော ကိုဇာဂနာ၏ မိသားစုဝင်များက သွားရောက်ယူမည် ဖြစ်ကြောင်း ကိုဇာဂနာ၏  ခယ်မဖြစ်သူ မငြိမ်းက ဧရာဝတီသို့ ပြောသည်။
“ကိုသူရရဲ့ မိသားစုက နိုင်ငံခြားမှာ ရှိနေတော့ အရင် ဆုတွေရတုန်းက ဆုပေးတဲ့နိုင်ငံတွေကို အဆက်အသွယ်လုပ်ပြီး ကျေးဇူးတင်ကြောင်း ပြောပေးဖို့ ကျမကတဆင့် မှာလေ့ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
ဘရီမင် စည်းလုံးညီညွတ်ရေးဆုကို လွတ်လပ်မှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေသူများ၊ နယ်ချဲ့လွှမ်းမိုးမှုနှင့် အသားအရောင် ခွဲခြားမှုကို ဆန့်ကျင်နေသူများကို ၂ နှစ် တကြိမ် ရွေးချယ်၍ ဆုပေးလေ့ရှိကြောင်း၊ ဆုကြေးငွေ အဖြစ် ယူရိုငွေ ၁၀၀၀၀ ပေးအပ်ကြောင်း သိရသည်။
ကိုဇာဂနာသည် ၂၀၀၈ ခုနှစ် မေလတွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်း ဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်နေစဉ် ဇွန်လဆန်းပိုင်း၌ စမ်းချောင်း မြို့နယ်ရှိ နေအိမ်တွင် အဖမ်းခံခဲ့ရသည်။
စစ်အစိုးရက ကိုဇာဂနာအား နိုင်ငံတော်လုံခြုံရေး ထိခိုက်စေရန်လှုံ့ဆော်မှု၊ ဗီဒီယိုအက် ဥပဒေနှင့် အီလက်ထရွန်နစ် အက်ဥပဒေ ၃ ခု အပါအဝင် ပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခဲ့သည်။
၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာပိုင်များက အီလက်ထရွန်နစ် အမှု တမှုလျှင် ၈ နှစ်စီဖြင့် ၂၄ နှစ် လျှော့ပေးခဲ့ရာ ယခုအခါ ထောင်ဒဏ် ၃၅ နှစ် ကျခံရမည်ဖြစ်သည်။
ထို့အပြင် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံမှစ၍ မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ထွန်းကားရေး လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့ပြီး စစ်အစိုးရက ၎င်းအား အကြိမ်ကြိမ် ဖမ်းဆီးအကျဉ်းချခဲ့သည်။
မကြာသေးမီက ဂျာမာန် ဟာသသရုပ်ဆောင်နှင့် အဆိုတော် မိုက်ကယ် မစ်တာနှင့် ဗြိတိသျှ ဒါရိုက်တာ ရက်ဇ် ဘလွန်စတိန်း တို့က ကိုဇာဂနာ အကြောင်းကို The prison where I live အမည်ရှိ မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးပြီး ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံများ၌ လှည့်လည် ပြသခဲ့သည်။
ပန်းရဲ့ လမ်း(ကိုရဲလွင်)PRMG-2010
The Irrawaddy's Blog: ဂုဏ်လည်းယူ၊ ကူလည်း ကူပါ
The Irrawaddy's Blog: ဂုဏ်လည်းယူ၊ ကူလည်း ကူပါ: "“ကျမကို လာတွေ့တဲ့ နိုင်ငံခြားသားတွေ၊ ပြီးတော့ ပြည်တွင်း ပြည်ပက မြန်မာပြည်သားတွေလည်း ပြောကြပါတယ်။ ကျမ လုပ်ရပ်အတွက် အရမ်းကို ဂုဏ်ယူပါတယ်တဲ့။ ..."
The Irrawaddy's Blog: ပြည်သူ့ဘက်က အပြတ်လိုက်မယ်၊ တပ်မတော် ကြားနေပါ
The Irrawaddy's Blog: ပြည်သူ့ဘက်က အပြတ်လိုက်မယ်၊ တပ်မတော် ကြားနေပါ: "(မိုးမခရဲ့ စာပဒေသာ - ပြန်လည်ဆန်းသစ်ခြင်း ကဏ္ဍမှာ ဖော်ပြထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အထောက်တော် လှအောင်တို့ရဲ့ အင်တာဗျူးကို တဆင့် ပြန်လည် မျှဝေ..."
Daw Aung San Suu Kyi speech on 64th Anniversary of Union Day Feb 12 2011...
ဒီရေ: NLD Statement
ဒီရေ: NLD Statement: "ရုပ်ပုံ ကလစ်နှိပ်၍ အကြီးကြည့်ပါ။"
German TV STATION ARD Interview with NLD& Daw Aung San Suu Kyi
Aung San Suu Kyi: BBC Interview (2/2) | November 15, 2010
Aung San Suu Kyi: BBC Interview (1/2) | November 15, 2010
German TV STATION ARD Interview With Daw Aung San Suu Kyi Part2
German TV STATION ARD Interview With Daw Aung San Suu Kyi
Thursday, 10 February 2011
                                   အကယ်၍
                              အကယ်၍ မင်းအသိုင်းအဝိုင်းက
                                    တုန်လှုပ်ခြောက်ခြားပြီး
                                   ဒါတွေဟာ မင်းကြောင့်လို့ 
                                   ဝိုင်းဝန်းပြစ်တင်လာကြတဲ့ အခါ
                                   မင်းဟာခေါင်းအေးအေးနဲ့ 
                                   ရင်ဆိုင်နိုင်မယ်ဆိုရင်။
                                  အကယ်၍ အားလုံးကမင်းကို
                                  မယုံသင်္ကာဖြစ်လာတဲ့ အခါ
                                  သူတို့ ကိုနားလည်စွာခွင့်လွှတ်ရင်းနဲ့ 
                                  မင်းကိုယ်မင်းယုံကြည်မှု့
                                  အပြည့် အဝရှိမယ်ဆိုရင်။
                                  အကယ်၍ မင်းရဲ့ အမှန်စကားတွေကို
                                  လူလိမ်လူညစ်တွေက
                                  လှည့် စားပြောင်းလဲပြီး
                                  မုသားအဖြစ်
                                  ထောင်ချောက်ဆင်ညစ်တဲ့ အခါ
                                  မင်းဟာ တည်ငြိမ်စွာနဲ့ 
                                  နာကြားနိုင်မယ်ဆိုရင်၊
                                  ဒါမှမဟုတ် 
                                  မင်းဘဝတခုလုံးပေးပြီး
                                  အရိပ်တကြည့် ကြည့် နဲ့ 
                                  ဖြည့် ဆည်းခဲ့ ရတဲ့ အရာရာကို
                                  ဖျက်ဆီးခံလိုက်ရပြီးနောက်
                                  အင်မတန်သေးငယ်လှတဲ့ 
                                  တန်ဆာပလာအရာရာကို
                                  ပြန်လည်တည်ဆောက်
                                  နိုင်မယ်ဆိုရင်။ 
                                  အကယ်၍ မင်းနိုင်ခဲ့ သမျှတွေဟာ
                                  ကြွေတလှည့် ကြက်တခုံပမာ
                                  တလှည့် တခါတည်းနဲ့ 
                                  ဆုံးရှုံးသွားခဲ့ ရင်
                                  ပြီးတော့အစကနေ
                                 ပြန်စနိုင်မယ်ဆိုရင်
                                 ပြီးတော့တခါ 
                                 ဆိုးလှတဲ့ ကံကြမ္မာရယ်လို့ 
                                 ဘယ်သောအခါမှ
                                 ညဉ်းငြူမနေဘူးဆိုရင်။
                                 အကယ်၍
                                 သူများတွေ လုပ်ပြီးသွားကြလို့ 
                                 အချိန်အတော်ကြာမှ
                                မင်းအလှည့် ရောက်လာတဲ့ အခါ
                                မင်းတယောက်တည်းနဲ့ ဘဲ 
                                အားနဲ့ မာန်နဲ့ ဇွဲနဲ့ 
                               သတ္တိရှိရှိ ဆက်ကြိုးစား
                                နိုင်မယ်ဆိုရင်
                                ဒီလိုနဲ့ ဘဲမင်းမှာ
                                စိတ်အင်အားကလွဲ လို့ 
                                ဘာဆိုဘာမှမရှိတော့တဲ့ အခါ
                                အဲဒီစိတ်အင်အားကို
                                ခိုင်မာစွာနဲ့ ဘဲ
                               ဆက်လက်ဆုတ်ကိုင်
                               ထားနိုင်မယ်ဆိုရင်။
                               အကယ်၍
                              စောင့်သင့် တဲ့ အချိန်ကို
                              စောင့်နိုင်ပြီး
                               အဲဒီအတွက်လည်း
                              မမောမပန်းနေနိုင်မယ်ဆိုရင်၊
                              ဒါမှမဟုတ်
                              မင်းရဲ့ အကြောင်း
                              မဟုတ်မတရား
                              မုသားစကားတွေ 
                             ကြားရတဲ့ အခါ
                             မင်းကလဲ အလိမ်အညာတွေနဲ့ 
                             မတုန့် ပြန်ဘူးဆိုရင်၊
                             ဒါမှမဟုတ် မင်းကို လူတကာက
                            ဝိုင်းဝန်းမုန်းတည်းတဲ့ အခါ
                             မင်းဟာအမုန်းတွေနဲ့ 
                            ပြန်မပွါးဘူးဆိုရင်
                            ပြီးတော့မင်းကိုယ်မင်း
                           လူတော်တယောက်လို့ 
                           မမြင်ဘဲ 
                           ပညာရှိစကားတွေလဲ
                           မပြောဘူးဆိုရင်။
                            အကယ်၍
                           စိတ်ကူးယဉ်အိမ်မက်တွေဟာ
                          မင်းအပေါ်မလွှမ်းမိုးစေဘဲ
                           စိတ်ကူးနိုင်မယ်ဆိုရင်
                           ပြီးတော့
                           အတွေးအခေါ်စိတ်ကူးတွေဟာ
                          မျှော်မှန်းချက်သက်သက်သာ
                          မဖြစ်စေဘဲ
                          တွေးခေါ်နိုင်မယ်ဆိုရင်။
                         အကယ်၍
                         ကြုံတွေ့ ရတဲ့ အခါ
                         တူညီသောလောကဓံ
                        တရားတွေပါလားရယ်လို့ 
                        ခံယူထားနိုင်မယ်ဆိုရင်။
                        အကယ်၍
                        လူတွေနဲ့ ထိတွေ့ ပြောဆို
                       ဆက်ဆံလာရတဲ့ အခါ
                       ကိုယ်ကျင့်သိက္ခာကို
                       စောင့်ထိန်းနိုင်မယ်ဆိုရင်
                       ဒါမှမဟုတ်
                       မင်းဧကရာဇ်တွေနဲ့ 
                       အတူလမ်းလျှောက်နေရပေမဲ့ 
                       မာန်မာန သွေးမကြွဘူးဆိုရင်။
                      အကယ်၍
                      ရန်သူကဖြစ်စေ၊မိတ်ဆွေကဖြစ်စေ
                      မင်းကိုသိပ်ပြီးနာကျည်းအောင်
                     မလုပ်နိုင်စေရင်။
                      အကယ်၍
                      လူတိုင်းကိုတန်ဘိုးထား
                     လေးစားရပေမဲ့ 
                     ထားမနေဘူးဆိုရင်။
                    အကယ်၍ 
                    တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ 
                    တမိနစ်အတွင်းမှာ 
                    အဓိပ္ပါယ်ရှိလှတဲ့ 
                    စက္ကန့်် ၆၀အဖြစ်
                   အသုံးပြုနိုင်မယ်ဆိုရင်
                   ငါ့ သားရေ မင်းဟာ
                  အရာရာရှိတဲ့ အရာရာဖြစ်တဲ့ 
                   ကမ္ဘာကြီးကို ဆုတ်ကိုင်လို့ 
                  အရာရာဘာမဆို
                  မင်းစွမ်းနိုင်ပြီပေါ့ 
                  အဲဒီတော့မင်းဟာလည်း
                  ယောင်္ကျားကောင်းတယောက်ပေါ့ ။
(၁၉၉၀ ခုနှစ် NLD လူငယ်များစည်ရုံးရေးဆင်းရန် လမ်းညွှန်ချက်ပေးသောအခါ ဒေါ်အောင်ဆန်းစုကြည်
ဖတ်ကြားခဲ့ သောကဗျာ)
Monday, 7 February 2011
                                          ရဲဘော်ဆေး
၁၅နှစ်တောင်ရှိသွားပြီ ......   တုတ်ကြီးရေ
မင်းရဲ့ မက်မက်စက်စက် ...  ပွင့် လန်းလို့ ကောင်းတဲ့ အချိန်
သာမိတိုက်ရွာကြီး က  ....     မင်းရှိရင်အားရှိတယ်
မင်းမလာရင်..တမေးမေး...တစမ်းစမ်းနဲ့ 
ကွမ်းထုပ်လေး အမြဲပေးတတ်တဲ့ ရွာလေ
မှိုင်းပြာပြာ....ပျင်းစရာကောင်း
အထီးကျန်နွေ......  အလယ်မှာ
ငါတို့ ...... ကမ္ဘာမြေအတွက်
လာခြင်းကောင်းတဲ့ ......သံစဉ်တွေရေး
စကားပြောလောကြီးတဲ့ မင်း
ဘာတွေနဲ့ ....ဘယ်လို
လဲလှယ်ခွင့် ....မပြုနိုင်
လှလိုက်တဲ့ ဂတိစကားတွေ
မင်းမွေးဖွါးပေးရက်တယ်နော်....
"ကျနော်က ..ထင်ထားတာ
သူရေလာပက်လိမ့် မယ်လို့ 
ရဲဘော်ကြီး တယောက်ကို...သူက
တစ်တစ်ရစ်ရစ်...မလွှတ်တမ်းပေါ့ "
ဗုံတောင်သူ ..မိသက်ထားကိုမှ...
ခွင့် လွှတ်ခြင်းများစွာနဲ့ 
အဲဒီလောက် ...ချစ်ခဲ့ တာပါတဲ့ ...
သူနဲ့ ငြင်းခုံ ကြသေး
 "နိုင်ငံရေးဆိုတာ....ညစ်ပတ်တတ်မှ "တဲ့ 
ဆိုးတူကောင်းဘက်...ရဲဘော်တွေအတွက်
ဟာသနဲ့ တသက်လုံး ....အမှတ်ရသွားမဲ့ 
ဇဝနဥာဏ် .....သတိရတုန်း....တုတ်ကြီးရေ
ကျောက်ကြီးတောင်ရွာမ
ကျွန်းတောကုန်းပုန်းတဲ...
ညောင်ပင်တောင်..ပုခက်တဲ
မဏ္လပ်တောင်...ဘုရားပွဲ
မင်းကိုယ်တိုင်....ကပြခဲ့ တဲ့ ဇာတ်
"လူသူတခါရောက်ဘို့ ..လှည့် စားထား ...ကိုကြွေရေ
ရှုရှု တခါပေါက်...ဆယ့် ငါးပြားဆိုဘဲ.."
အကြောင်းမညီညွှတ်လို့ ....ဘောင်းဘီချွတ်ရပါပြီ ...ပြက်လုံး
ငါကြားချင်သေးတယ်...တုတ်ကြီးရေ
တညသားမှာ..
ငါ့ ကျောကုန်းကို....အံကြိတ်ထု
ပြန်အမှတ်ရမိတာတွေဟာ
မင်းကို မေ့ သွားအောင်လုပ်ခဲ့ တာလား
မမေ့ ဘူး....မင်းကို... ချစ်တယ်
             မင်းကို....လေးစားတယ်
            မင်းကို ....တန်ဘိုးထားတယ်
မင်းကို ....ကျည်တတောင့်
            မသင့်စေချင်ဘူး
မင်းချစ်တဲ့ ရွာ....မင်းပြည်သူက
ရဲဘော်ဆေး ...ရန်သူမိသွားပြီတဲ့ 
ရဲဘော်ဆေး...သတ္တိရှိရှိဘဲတဲ့ 
ရန်သူကို ...တည်ငြိမ်စွာ တုန့် ပြန်တယ်တဲ့ 
ရန်သူဆီ ...ကွမ်းတရာ
တောင်းစားရဲတယ် ...တဲ့ 
ပြီးတော့...........
"ခင်ဗျားတို့  ....ကျုပ်ကိုမိပြီဘဲ
ကျုပ်လူတွေကို ...မေးစရာမလိုဘူး
ခင်ဗျားတို့ ...လုပ်စရာရှိတာ...ဆက်လုပ်ပါ"
ခွပ်ဒေါင်းစိတ်....ခွပ်ဒေါင်းသတ္တိ
ခွပ်ဒေါင်းဇာတိ....တချက်ကလေးမညွတ်ပြောင်း
သေခြင်းတရားကို ...ရဲရဲအာခံသူ
ကွမ်းသီးလှီးတဲ့ ....ဓါးပြတ်ပြတ်နဲ့ 
ညောင်ဝါပင်...ခြေရင်း
ဓါးတစင်းအောက်မှာ....အသက်ပျောက်သွားခဲ့ 
ရဲဘော် တုတ်ကြီးရေ ...........
ငါ့ ရင်ထဲ ...........မေ့ လို့ ရနိုင်ရိုးလား။
ကျည်ဝေဖြိုး
(၁၉၉၇ ခုနှစ်..မတ်လ ..၁ ရက်နေ့ )
မှတ်ချက်............မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၊
                      ကျောင်းသားတပ်မတော်
                      စစ်ရေးအခြေခံ ဒေသထိုးဖေါက်ရေး
                      ဗဟိုအလုပ်အဖွဲ့ (အလယ်ပိုင်း)အထူးဒေသ
                     သစ်အယ်တောင်ရွာနှင့် လေးအိမ်စုရွာကြားတွင်ရန်သူနှင့်ရင်ဆိုင်
                    တိုက်ပွဲဖြစ်ရင်း အရှင်မိသွားပြီး အသတ်ခံခဲ့ ရသော
                   ရဲဘော်ဆန်းလင်းအောင်(ခ) ရဲဘော်ဆေး (သို့ )တုတ်ကြီး အား
                    ဂုဏ်ပြုရေးဖွဲ့ ပါသည်။
Monday, 31 January 2011
တခါတုန်းကတော့ လန်ဒန်သိမ်းမြစ်ကမ်းပါးမှာ
                     တခါတုန်းကတော့
                     လန်ဒန် သိမ်းမြစ်ကမ်းပါးမှာ
                     ဂျီအီးဟာဗေး ဆိုတဲ့ သမိုင်းပညာရှင်ကြီးက
                     သူ့ တပည့် အိုင်စီအက်စ် ဦးချမ်းသာကို
                     ဟောဒီလို ပြောခဲ့ ပါသတဲ့ .....
                   "  မင်းတို့ မြန်မာလူမျိုးဟာ.....
                     အင်ဒိုချိုင်းနားကျွန်းဆွယ်မှာ
                     ဥာဏ်အတော်ဆုံး၊ သတ္တိအကောင်းဆုံးဘဲ
                     ဒါပေမဲ့ ....မင်းတို့ လူမျိုးဟာ
                     အချင်းချင်း မညီညွတ်ချင်ဘူး
                     တယောက်ကို တယောက်က မနာလိုချင်ဘူး
                     တစ်ဦးကိုတစ်ဦး က ကုန်းချောချင်တယ်
                     အဲဒါကြောင့်.....မင်းတို့ ဟာ
                     တိုးတက်သင့်သလောက် မတိုးတက်ဘူး"
                     ကျွန်တော်အိုင်စီအက်စ်
                     ဦးချမ်းသာ (စာ. ၂၃၄)
Wednesday, 19 January 2011
                                                မလင်းပြာသို့ 
                                      မောင်သာနိုး (မောင်သိင်္ဂါ)  
                                 ပြန်လည်ဆန်းသစ်ခြင်း၊ ဇန္ဒဝါရီ ၁၂-၂၀၁၁
မလင်းပြာ
မင်းဘာကြောင့်မိုက်ချင်တာလဲ
မလင်းပြာ
မင်းဘာကြောင့်စိမ်းရတယ်
မလင်းပြာ
ငါ့ လက်တံလက်မောင်းတွေဟာ
ဒလက်ကြမ်းချီတက်လာနေတဲ့ 
သံချပ်ကာ တင့်ကားကြီးကို
ကာဆီးဟန့် တား
ဆွဲကိုင်ရပ်ထားနိုင်အောင်သန်မာရမယ်။
မလင်းပြာ
ငါ့ရင်ကိုခွဲ
ငါ့အသဲနှလုံးကိုထုတ်
နောက်တလှမ်းဆုတ် ရှေ့ တအားပစ်သွင်းလိုက်ရင်
မရင်းတပ်သားတွေ အတုံးအရုံး
ဗုံးကနဲ ဗုံးကနဲ့ 
လဲသေစေနိုင်ရမယ်။
မလင်းပြာ
ငါမလွမ်းချင်ဘူး
မလင်းပြာ
ငါမငိုချင်ဘူး
မလင်းပြာ
ငါမပျော့ ချင်ဘူးကွယ်
မလင်းပြာ
ငါဗီယက်နမ်ကိုသွားရမယ်။
အဲဒီမှာ
ရွှ့ံရည်ညစ်ညစ်
သလုံးသားနစ်တဲ့ လယ်တရိုးမှာ
ပျိုးနှုတ်နေသူ လုံမရဲ့
ကျောက ရိုင်ဖယ်ကိုယူ
ကျူးလာသူလေယာဉ်မှန်သမျှ
ငါစောင့်ပစ်ပေးရမယ်။
မလင်းပြာ
ငါ ရိုတီးရှားကိုသွားရမယ်။
အဲဒီမှာ.....
လူဖြူလက်ဆုတ်စာက
ငါတကော မင်းလုပ် 
ပြည်သူကိုချယ်လှယ်သွေးစုတ်ပြီး
ကျွန်လုပ်ညှဉ်းဆဲနေကြရာ
ရရာလက်နက်ကိုကိုင်စွဲ
ပြည်သူတွေ
တော်လှန်စစ်ကိုဆင်နွှဲနေကြရာ
အသားမဲတွေ ဖက်က
ငါဝင်ကူတိုက်ပေးမယ်။
မလင်းပြာ...
မိုဇမ်ဗစ် အန်ဂိုးလာ
ဇန်ဘာဗွေ ကွန်ဂိုး 
အာဖရိက တရိုးမယ်
နိုးကြားလက်နက်စွဲ
တိုက်ပွဲဝင်နေသူလူမဲတွေရဲ့
ခြိမ့် ခြိမ့် သဲစစ်ဗုံးသံ
ဘဝဂ်သို့ ညံနေရာ
ငါစစ်ချီတေးတွေ သွားဆိုမယ်။
မလင်းပြာ
ငါ လက်တင်အမေရိက ကိုသွားရမယ်။
အဲဒီမှာ..
ဗင်နီဇွဲလား ကင်ယွန်
ရေတခွန် ရှိုအကြား
ပြောက်ကျားစခန်းတခုကနေ
ရဲဘော်` ချေ` ဂွေဗားရားရဲ့ 
ညွန်ကြားချက်တစောင်ကို
တောင်တွေဖြတ်သန်း
မြိုင်တန်းတွေရှိုဝင်
လွင်ပြင်မှာ ဝပ်တွား
ပြေးလွှားပို့ ပေးမဲ့ 
တော်လှန်ရေး ဆက်သားတွေ
လိုနေ သတဲ့ ကွယ်။
မလင်းပြာ
ငါ နယူးရောက် ကိုသွားရမယ်။
အဲဒီမှာ...
ဗီယက်နမ် စစ်ညစ်ရပ်စဲပစ်
တို့ လူငယ်တွေမသေချင်ဘူး
ရင့်ကျူးဟစ်ဆို
အင်ပါယာ
အဆောက်အဦးကြီးပြိုမတတ်
ဖြိုမရ ခွဲမရ
ဆန္ဒပြတတ်ကြီးတွေ
ဒီရေ လှိုင်းအိ
တတိတိ ချီတက်နေရာ
ငါ ပိုစတာတခုဆွဲပြီးလိုက်အုံးမယ်။
မလင်းပြာ
မင်းဘာကြောင့် မိုက်ချင်တယ်
မလင်းပြာ
မင်းဘာကြောင့်စိမ်းချင်တယ်
မလင်းပြာ
မင်းပြည်သူတွေကို ချစ်တယ်ဆိုရင်
မလင်းပြာ
မင်းပြည်သူတွေကို သနားတယ်ဆိုရင်
ပြည်သူ့ တပ်ဖျားက
စစ်သားကြီးတယောက်ရဲ့
တောက်ပတဲ့ သံမဏိနှလုံးသားကိုမှ
အားယိမွကျေ
နှင်းဆီပန်းနုနုလေး ကိုမင်းချေချင်ရသလဲ။
 မလင်းပြာ...
ငါမလွမ်းချင်ဘူး
မလင်းပြာ
ငါမငိုချင်ဘူး
မလင်းပြာ
ငါမပျော့ ချင်ဘူးကွယ်
မလင်းပြာ
ငါအခုဘဲစစ်ထွက်ရတော့မယ်။
(ဗီယက်နမ်စစ်ပွဲ ကာလက ဆရာမောင်သာနိုးရေးခဲ့ သောစစ်ဆန့် ကျင်ရေး ကဗျာဖြစ်သည်)