Showing posts with label သရော်စာ. Show all posts
Showing posts with label သရော်စာ. Show all posts

Wednesday, 21 August 2013

အခြေခံဥပဒေဒီမိုကရေစီမီမီပြင်ဖြစ်အောင်ကူညီ ဒီချုပ်တို့သမ္မတအောင်လံထူမည်.. ဟံသာဝတီဦးဝင်းတင်

Posted: 05 Aug 2013 03:52 PM PDT
အားလုံးကြားလိုက်ကြမှာပေါ့။ သမ္မတကြီးကတော့သွားပြီ။ သွားပြီဆိုတာကခေါင်းပါင်းချွတ်မယ်။ နိုင်ငံရေးကုလားထိုင် ဂွတ်ဘိုင်တော့မယ် ပြောတာ။ နိုင်ငံကြီးတစ်ခုမှာ လူသိရှင်ကြားပြောတာဗျ။ ဟုတ်လောက်ရဲ့ ထင်ရသပေါ့ဗျာ။ သူ့လူချောတွေက ဘာတွေဘယ်လိုနားလှည့်ပါးလှည့် ပြောဦးမယ်မသိ။

ထားပါတော့လေ။ ဦးသိန်းစိန်စကားကလည်း ယတိမပြတ်လှဘူး။ ဓာတ်တော့ပေါက်လောက်ပါတယ်။ တာထွက်တန်းစီတဲ့အချိန်မှာ ဘယ်လိုလိမ်ဖည်လိမ်ဖည် ပါလာဦးမလဲတော့မသိနိုင်ဘူးပေါ့။ လတ်တလောတော့ သူ့ကိုမူးတင်းပဲတင်း သမ္မတလောင်းရယ်လို့ပဲ သတ်မှတ်ထားကြဗျ။

ဘယ်သူတွေကျန်သလဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်းပဲပေါ့။ သူတို့က ပါတီကြီးနှစ်ခုရဲ့ ဥက္ကဌတွေ လည်းဖြစ်တယ်။ လွှတ်တော်တွင်း ထိပ်တန်းခေါင်းဆောင်တွေလည်းဖြစ်တယ်။

ဦးရွှေမန်းကပြောတယ်။ နိုင်ငံနဲ့ နိုင်ငံသားအကျိုးစီးပွားကို သမ္မဆိုတဲ့ပုဂ္ဂိုလ် အလုပ်နိုင်ဆုံးဆိုရင် သမ္မတဖြစ်ချင်တယ်။ သမ္မတထက်ပိုပြီး လုပ်နိုင်တဲ့ ဌာနတွေ၊ ပုဂ္ဂိုလ်တွေ ရှိတယ်ဆိုရင်လည်း အဲဒါတွေ ဖြစ်ချင်တယ်တဲ့ဗျား။ သတင်းထောက်ကိုပြောတာ။ သူပြောပုံအရတော့ သမ္မတလုပ်ချင်လွန်းတာသေချာတယ်။ သမ္မတထက်ပိုလုပ်နိုင်တဲ့ အလုပ်ရှိရင်လုပ်ချင်တယ်ဆိုတာကဘာလဲ။ အကြံကြီးတာကိုပြောတာလား။ တခြားအလုပ်တစ်ခုခုကို မျက်စောင်းထိုးတာလား။

ဦးရွှေမန်းကို ဒုတိယသမ္မတနံပါတ်ချိတ်နေတဲ့ သတင်းတွေကလည်းရှိသေးသကိုး။ သတင်းတစ်ခုအဆိုအရ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်းသမ္မတဖြစ်ကောင်းဖြစ်မယ်ဆိုပဲ။ ကာ/ချုပ်ကြီးသမ္မတဖြစ်ရင် ဦးရွှေမန်းဒုတိယသမ္မတဖြစ်မယ် ဆိုတဲ့ တစ်ပေးသံသတင်းတွေကလည်းထွက်နေသဗျ

ဒေါ်အောင်ဆန်းစုကြည် ကတော့ပြတ်ပါတယ်။ ရှင်းရှင်းပဲ။ သမ္မတလုပ်ချင်တယ်တဲ့။ ဦးရွှေမန်းက သူနဲ့ပြိုင်ရဲတယ်ဆိုရင် ကောင်းပါတယ်တဲ့။ အဲဒီ လိုပြိုင်မယ်ဆိုရင်လည်း အခြေခံဥပဒေပြင်ဆင်ရေးကို ဖြစ်နိုင်အောင် ဦးရွှေမန်းကြိုးစားပေးစေချင်တယ်တဲ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားက အပိုင်ချည်လွန်းတယ်လို့ ပြောသူတွေတော့ရှိတယ်ဗျ။ အခြေခံဥပဒေကို ပြင်ပေးသပ ဆိုကတည်းက ဒေါ်စုနိုင်ပြီပေါ့တဲ့။

နောက်ထပ် ပေါ်ထွက်လာတဲ့သတင်းတွေကရှိသေး။ ဒေါ်စုကသမ္မတ၊ ဦးရွှေမန်းက ဒုတိယသမ္မတဆိုတဲ့သတင်း။ ဦးရွှေမန်းကသမ္မတ၊ ဒေါ်စုကဒုတိယသမ္မတဆိုတဲ့သတင်း။ ရေပန်းအစားဆုံးကတော့ ဦးရွှေမန်းကသမ္မတ၊ ဒေါ်စုကလွှတ်တော်ဥက္ကဌ။ နောက်သတင်း ဆန်းတစ်မျိုးကတော့ သမ္မတကိစ္စ အခြေခံဥပဒေမပြင်ဘူးတဲ့။ ဦးရွှေမန်းက သမ္မတ၊ ဒေါ်စုက ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးတဲ့။ နောက်တော့ ဒေါ်စု ကုလသမဂ္ဂ မတွင်းရေးမှူးချုပ် ဖြစ်မှာတဲ့။

စုံရောဗျာ စုံရော။

မှန်တာပြောရင်ကျုပ်က အဲဒီလို နိုင်ငံရးကစားကွက်တွေ၊ကျားကွက်တွေ၊ စကားကွက်တွေ၊ မျှားကွက်တွေကို နားလည်းမလည်ပေါင်ဗျာ။ စိတ်လည်းမဝင်စားပေါင်ဗျာ။ ကျုပ်က အိုးတိုး အတ ငနဲလေဗျာ။ အဲဒါမျိုးတွေ ရိုးတိုးရွတ သရုပ်မခွဲတတ်ဘူးပေါ့ဗျာ။ နိုင်ငံရေးဂုရုတွေ၊ ကဝိတွေ သိတဲ့အလုပ်တွေကိုး။ သူတို့လေကန်ရင်းဝေဖန်ခြင်းပြုကြလိမ့်မပေါ့ဗျာ။ သူတို့သုံးသပ်ရင်း ဆုံးဖြတ်ခြင်းပြုကြလိမ့်မပေါ့ဗျာ။

ကျုပ်တို့ ဒီချုပ်ဥက္ကဌကြီးက သတင်းထောက်တွေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူ့ရဲနိုင်ငံရေးသဘောထားတွေကို ရှင်းပြသွားတာ ကြားရတယ်။ တွေးစရာတွေ၊ ရေးစရာတွေအများကြီးပဲ ရလိုက်သဗျာ။ ဒေါ်စုက စိတ်ထားဝတိံသမားဆိုတော့ နှလုံးကြီးကြီး၊ ဦးနှောက်ကျယ်ကျယ် သဘောထားတွေ ပြောသွားတယ်ဗျာ။

အတိုက်အခံဆိုတဲ့ အသုံးအနှုန်းကို သူသိပ်မကြိုက်ဘူးတဲ့။ ဒီမိုကရေစီလွှတ်တော်စနစ်မှာ အတိုက်အခံသဘောတရား လိုအပ်တယ် တော့ ပြောသဗျ။ သူ့အနေနဲ့ တိုက်လည်း မတိုက်ချင်၊ ခံလည်း မခံချင်ဘူးတဲ့။ ပူးပေါင်းဆောင်ရွက်ခြင်းကို ပိုလို့ လိုလားတယ်တဲ့။

ကျုပ်က အငေးသမား၊ အတွေးသမားလေ။ ဥက္ကဌကြီးစကားကို အောက်ခြေမှာ ကြားနေရတဲ့စကားနဲ့ယှဉ်တွဲစဉ်းစားနေမိသဗျ။ အောက်ခြေစကားက အဘရေ၊ ကျွန်တော်တို့ပါတီထဲမှာ ကြံ့ဖွံ့နဲ့ ခရိုနီ အနုတ်အဖွဲ အသေးအမွှားလေးတွေ အတော်ထွေးလားလုံးလား ဖြစ်နေသဗျတဲ့။

ကောင်းကင်ပါတီ နိုင်ငံရေးမှာ အတိုက်အခံစိတ်ဓာတ်မပြင်းဘဲပူးပေါင်းဆောင်ရွက်ခြင်းက သိပ်ကောင်းပေတာပေါ့ဗျာ။ မြေကြီးပါတီ စည်းရုံးမှာတော့ ‘ပူးပေါင်း’ မျက်နှာပဲ ကွက်ကြည့်ကွက်ကြည့်လုပ်နေရရင် မစွံဘူးဗျ။ ပါတီအောက်ခြေထုမှာ နိုင်ငံရေး ‘ခွင်’၊ စည်းရုံးရေး ‘ခွင်’ တွေ ပျက်မှာပြိုမှာစိုးရသဗျ။

သဘောတရားတွေ အသာထားလိုက်ကြပေါ့ဗျာ။ ဥက္ကဌရဲ့ လက်တွေ့ကျတဲ့ စကားကိုပဲ မှတ်ထားလိုက်ကြစို့ရဲ့။

ဥက္ကဌက မှန်မှန်ကန်ကန်ပြိုင်ရအောင် မျှမျှတတလုပ်ပေးပါတဲ့။ ဒီစကားက သမ္မတရွေးကောက်ပွဲအတွက်သာ အရေးကြီးတာ မဟုတ် ဘူးဗျာ။၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးတစ်ခုလုံးအတွက်လည်း အရေးကြီးတယ်ဗျာ။

ကျုပ်တို့ပြည်ထောင်စုကြီး ဖွဲ့စည်းကြတဲ့အချိန်မှာ ကျုပ်တို့ရဲ့နိုင်ငံရေးဒဿနအခြေခံက ‘ခွင့်တူညီမျှ ဝါတဖြူစင်’ ဗျ။ ‘တရားမျှတ လွတ်ခြင်းနဲ့မသွေ’ ဗျ။ နိုင်ငံတော်သီချင်းထဲက အဆိုအမိန့်၊ စကားအသုံးအနှုန်းတွေဗျ။

ခွင့်တူညီမျှရင်၊ တရားမျှတရင်၊ လွတ်လပ်ရင် (လက်ပြန်ကြိုးအမျိုးမျိုးချည်တဲ့ ၂၀၀၈ အခြေခံဥပဒေထဲ ကန့်သတ်၊ပိတ်ပင်၊ ချုပ်ချယ်၊ ဖိနှိပ်၊ စိုးမိုး၊ ဟန့်တားချက်တွေက လွတ်လပ်ရင်-

-၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးမှာဒီချုပ်အောင်ပွဲကြီးခံမှာ ကျိန်းသေပေါ့ဗျာ။

- ၂၀၁၅ လွှတ်တော်သုံးရပ်ရဲ့ သမ္မတရွေးမြှောက်ပွဲမှာ ဒီချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်တစ်ယောက် သမ္မတအောင်ပွဲခံ၊ အောင်လံ စိုက်မှာမြေကြီးလက်ခတ်မလွဲပေါ့ဗျာ။

- ဒီနေ့ နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်က ၂၀၀၈ အခြေခံဥပဒေကြီးကို ချိုကျိုးနားရွက်ပဲ့ မသန်ချည့်နဲ့အဖြစ်ကနေ ဒေါင်ဒေါင်မြည် စစ်စစ်မှန်မှန်ဖက်ဒရယ်ဒီမိုကရေစီဥပဒေကြီးအဖြစ် ပြောင်းလဲပြင်ဆင်ဖြည့်စွက် ဖြုတ်ပယ်ရန် လိုအပ်တဲ့အချိန်မှန်သမျှကို ပြည့်ပြည့်စုံစုံ ကုန်ကုန်စင်စင် ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။ လွှတ်တော်နဲ့တကွ နိုင်ငံရေးအင်အားစု အားလုံးရဲ့တာဝန်ပဲ ဖြစ်ပေသပေါ့ဗျာ။ အဲဒါက ပြည်သူတစ်ရပ်လုံးရဲ့ အောင်ပွဲပေါ့ဗျာ။ ။

ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ ။ အတွဲ(၂)၊ အတွဲ(၂၉)။

Friday, 31 May 2013

မိတ္ထီတွေ နောက်ထပ်မလာအောင်အာဏာပိုင်တို့ တကယ်လုပ်၊ လူထုတို့ တကယ်ဝိုင်း။


.........................................................................

ဟိုတစ်လောက တစ်တိုင်းပြည်လုံး ဆူပွတ်ယိမ်းယိုင်သွားတော့မလားဟဲ့လို့ ကျုပ်ရင်တမမ ဖြစ်လိုက်ရတယ်ဗျာ။ ပြေးပေါက်တော့ မရှာပါဘူး။ မိုးပြိုအများပေါ့ကွယ်လို့ပဲ စိတ်တုံးတုံးချတယ်။ စိတ်သာတုံးတုံးချတာ စကားကတော့ လျှာဖျားမှာ အားကြီးသီးနေရသပေါ့ဗျာ။ ကျုပ်ကတောပြော-တောင်ပြော ပြောသမားဆိုတော့ စကားရောင်းစကားဝယ် လုပ်ချင်သူတွေနဲ့ အံကိုက်ဖြစ်နေတော့တာပေါ့။

အားလုံးသိကြတဲ့အတိုင်းပေါ့။ မိတ္ထီလာမှာ အရပ်သားနှစ်ယောက်အကြား ပဋိပက္ခပွားရာကတစ်မြို့လုံး သင်္ချိုင်းကုန်းအဖြစ်မျိုး ရောက်သွားခဲ့တယ်လေ။ အစိုးရဘက်က မသာစာရင်းနဲ့ အရပ်ဘက်က လူသေစာရင်းကတော့ကွာချင်တိုင်းကွာပေါ့။

အဖြစ်ဆိုးတွေကတော့ ဆိုးသွားခဲ့ပြီပေါ့ဗျာ။ ဘာတတ်နိုင်မှာလဲ။ အစိုးရကြီးများတောင် ဘာမှမတတ်နိုင်တာ။ ကျုပ်တို့လို အရပ်သူအရပ်သား ပါမွှားနင်းပြားတွေအဖို့ကတော့ ဘုရားတနေခဲ့ကြရတာပါပဲ။

ဘာမှမတတ်နိုင်ဘူးဆိုပေမဲ့ ပြောရေးရှိကပြောအပ်စွလေးတွေတော့ ပြောရမှာပေါ့။

လူကြီးတွေကတော့ ပြောကြပါရဲ့။ တရားဥပဒေစိုးမိုးရေးတဲ့။ မိတ္ထီလာနဲ့နောက်ဆက်တွဲ မသာပေါင်းများစွာ၊ မီးလောင်မြေပေါင်းများစွာ၊ ဗလီပြိုပေါင်းများစွာကတော့ တစ်မျိုးအသံထွက်နေလေရဲ့။

အဲ့ဒီအသံတွေ ပြောတဲ့စကားကဘယ်လိုလဲ။ ရဲတွေလက်ပိုက်ကြည့်နေသတဲ့။ တာဝန်ရှိသူတွေ မျက်နှာလွှဲနေကြသတဲ့။ အဖျက်သမားတွေ ဂိုဏ်းဖွဲ့ထိုးစစ်ဆင်နေကြသတဲ့။ ဒီလိုအသံတွေကတော့ ထွက်နေတာပဲပေါ့။ ဟုတ်သလောက်လည်း ဟုတ်နေပေသကိုး။

တစ်ဆင့်တိုးလာတဲ့ အသံတွေက တော့ အာဏာပိုင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ ကြောင်တောင်ကန်းနေကြသတဲ့။ တုဏှိဘော လျှာကြောသေနေကြသတဲ့။ ဒါကတော့ မဟုတ်လှဘူးဗျ။ သမ္မတ ဦးသိန်းစိန်ရယ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းရယ်၊ ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရယ် သုံးပွင့်ဆိုင်ဆွေးနွေးသတဲ့။ မူခြောက်ချက်ချလိုက်သတဲ့။ တရားဥပဒေစိုးမိုးရေး ထိရောက်အောင်လုပ်ရန်ဆိုတာက တစ်ချက်။ ‘မိတ္ထီ’ တွေ နောက်ထပ်မ ‘လာ’ ရလေအောင် တားဆီးကာကွယ်ရန်ဆိုတာကတစ်ချက်။ အဲဒီနှစ်ချက်ကအရေးကြီးဆုံးပဲ။ ကျုပ်တို့ကတည်း ပြောတဲ့အတိုင်း ဖြစ်အောင်လုပ်ကြပါလို့ပဲ ကျယ်ကျယ်ကြီး ပြောရတော့မယ်။ အာဏာပိုင်တွေကလည်း တကယ်လုပ်၊ လူထုကလည်း တကယ်ဝိုင်းကြရပေမပေါ့။

အရေးကြီးတဲ့ အသံကျယ်ကျယ်တစ်ခွန်းတော့ နိုင်ငံရေးအသိုင်းအဝိုင်းထဲက ပြောလာတယ်။ ၈၈ ကျောင်းသားအဖွဲ့ခေါင်းဆောင်ပိုင်းက ထွက်လာတဲ့အသံဗျ။ ဒီနေ့ သတ်ပွဲ၊ ဖျက်ပွဲ၊ ဖြိုပွဲ၊ ရှို့ပွဲတွေဟာ ပြည်သူတွေမျှော်နေတဲ့၊ တောင်းနေတဲ့၊ တိုက်နေတဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေကို ပျက်စီးစေလိမ့်မယ်တဲ့။ အစိုးရက မထိန်းနိုင်ရင်၊ ပြည်သူကမတားနိုင်ရင် ဒီမိုကရေစီ ဇာတ်မပေါင်းခင် ခေါင်းပြတ်၊ ဇက်ပြတ်တွေ ဖြစ်ကုန်လိမ့်မတဲ့။ (ရှစ်လေးလုံးကာလတုန်းက အဖျက်အမှောင့်သမားတွေခေါင်းဖြတ်ပွဲတွေနွှဲခဲ့ကြသလိုလေ။)

ခေါင်းဆောင်ကြီးတွေပြောသလိုကျုပ်လည်း ပြောနေတာပါပဲဗျ။ ခေါင်းဆောင်လေးတွေရင်မ သလို ကျုပ်လည်းရင်မ နေတာပဲဗျ။ ကျုပ်က ခေါင်းဆောင်းကြီး-ငယ်တွေလို အရာမရာက်တောက်တောက်ပပ မဟုတ်ဘူးလေ။ ဒီတော့ အသံတိုးတိမ် အရောင်အဝါမှိန်ပေပေါ့။

ကျုပ်ပြောချင်တဲ့ အသံတချို့က ဒီလိုဗျာ။

မိတ္ထီလာလို၊ မိတ္ထီလာကတစ်ဆင့်တပ်ကုန်းလို၊ တပ်ကုန်းကတစ်ဆင့်အုတ်ဖိုစစ်ကွင်းလို၊ အုတ်ဖိုစစ်ကွင်းက တစ်ဆင့်ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ္တလင်းလို အဲဒီကတစ်ဆင့် မင်းလှ၊ မိုးညိုလို ဆူပူဖျက်ဆီးသတ်ဖြတ်မှုတွေ တောမီးလောင်သလိုပြန့်ကူးနေတာဟာ ရပ်တန်းက ရပ်ချိန်တန်ပြီ။ လူထုကိုယ်တိုင်ကိုယ်ကျ ထိန်းကြပ်မှဖြစ်တော့မယ်ဗျာ။ မြို့လူထု၊ ရွာလူထုဟာ ကိုယ့်ကာကွယ်ရေး ကိုယ်လုပ်ကြရတော့မယ်ဗျာ။ ရှစ်လေးလုံးကာလလို ကိုယ့်လမ်း၊ ကိုယ့်အိမ်၊ ကိုယ့်ရပ်ကိုယ် ကာကွယ်တဲ့နည်းကို စီမံကြရတော့မှာပဲ။ လိုအပ်ချက်အတိုင်း ရုပ်လုံးဖော်ရတော့မှာပဲ။

ဒုတိယပြောချင်တာက နှစ်သမနိရှည်ကြာစွာ ရပ်ဆွေရပ်မျိုးလို နေထိုင်ပေါင်းသင်းလာခဲ့ကြသူတွေ ဘာကြောင့်ရမ်းကားရက်စက် ဘီလူးသဘက်လိုသတ်ကြ-ဖြတ်ကြ၊ ရန်စောင်-ရန်လိုဖြစ်နေကြသလဲ။ နှစ်ဖက်လုံးမှာပေါက်ပွားနေတဲ့အစွန်းရောက်တွေကို ဘာကြောင့်မဖျဉ်-မဖျန်နိုင်ကြသလဲ။ ခေါင်းမာသမားတွေကို ခေါင်းချင်းဆိုင်ပေးရတော့မှာပဲ။

တတိယပြောချင်တာက လူတွေဟာလူတွေပဲ။ မွတ်စလင်သော၊ ကုလားသော ဘာသော ညာသော လာပြောမနေနဲ့။ လူဟာလူပဲ။ လူတိုင်းမှာ သူ့လူသားပီပီ အသက်ရှင်နေထိုင်နိုင်တဲ့အခွင့်အရေးရှိတယ်။ လူ့ဘောင် လူ့အဖွဲ့အစည်း အေးချမ်းသာယာရေးဟာ တရားဥပဒေစိုးမိုးရေး သက်သက်ကလေးနဲ့ ကိစ္စမပြည့်စုံသေးဘူး။ လူသားအခွင့်အရေး အပြည့်အဝဖော်ထုတ် ထုံမွှမ်းနိုင်မှ ထမြောက်နိုင်တယ်။

ဒီမိုကရေစီအပြောင်းအလဲ ဖော်ဆောင်နေတဲ့စစ်အာဏာအရေခွာ အရပ်သားအစိုးရကြီးခင်ဗျား၊ လူ့အခွင့်အရေးအပြောင်းအလဲဖော်ဆောင်ရေးတွေလည်း မေ့ချန်မထားပါလေနဲ့။ မေ့ကျန်သလောက် မေ့ကျန်နေသေးသပါ့ဆိုရင်လည်း တစ်ဆိတ်လောက် ပြန်ကောက်ဖြည့်ဆည်း ဖော်ဆောင်လိုက်ပါဦးလို့ ပြောချင်သဗျာ။ ။

ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်း ဂျာနယ်။။ အတွဲ(၂)၊ အမှတ်(၁၃)

အရိုးတွန်သံတွေ ညံညံစီ ရွှေမြန်မာပြည်လူဇာတ်သွင်းကြစို့ ။



လူဆိုတာ ဘုရားလောင်း ဖြစ်ရင်ဖြစ်၊ ဒေဝဒတ်လောင်းဖြစ်ရင်ဖြစ်၊ တစ်ဖြစ်ဖြစ်တော့ ဖြစ်ရတော့တာပဲတဲ့။ အသက်ကြီးလေ အဲဒီစရိုက် ပေါ်လာလေတဲ့ဗျာ။ ရှေးလူကြီးသူမတွေ ပြောခဲ့တဲ့စကားပါ။ ဟုတ်လောက်ပါတယ်ဗျာ။ ကိုယ်တွေ့ဗျ။

မနေ့တနေ့ ကျုပ်အသက် ၈၃ နှစ်ပြည့်တယ်။ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ လူငယ်မျိုးဆက်သစ်တွေ မနည်းမနောပဲဗျာ။ ကျုပ်တစ်ယောက် သေခရီးမှာ တစ်မိုင်တိုင် ပိုနီးလာတာကို ဝမ်းသာကြ၊ ချီးကျူးကြပေါ့။ ဘာရယ်မဟုတ်ပါဘူး။ ကျုပ်လည်း ဝမ်းသာအယ်လဲ ဖြစ်ရတာပေါ့။ သူတို့က ကျုပ်ကို ဘုရားလောင်းလိုလို၊ သူတော်ကောင်းယောင်ယောင် မွေးနေ့ထုံးစံ လောကွတ်စကားပြောကြတယ်ဗျ။

ကျုပ်ကတော့ ပြုံးမိပါတယ်။ လူဆိုတာ အသက်ကြီးလေ၊ အချိန်မစီးချင်လေ ဖြစ်တတ်တာမျိုးဗျ။ ကျုပ်က ဖြစ်စားရှိ ဒေဝဒတ်လောင်းပဲဖြစ်မှာ ထင်ရဲ့ဗျာ။ ကျုပ်က ဒေါသမူစိတ်ကလေးနဲ့ အသက်ရှည်နေတာကိုး။ ဟိုအချုပ်မှူးကြီးတွေ မောဟဇောနဲ့ မိုက်ခဲ့ကြသလို ကျုပ်ကလည်း ဒေါသရောင်တော်ပြန် လွှတ်နေမိသဗျာ။ ဒီလိုနဲ့ သေခါနီးလေ၊ ဒေဝဒတ်ရေစုန် လိုက်မိလေဖြစ်နေရတယ်။

ဒီလိုဗျ။ ဒီနေ့ကမ္ဘာမှာ လူတွေကို လူလို မှတ်လာနေကြပြီဗျာ။ လူအခွင့်အရေးဆိုတာကြီးက ဟည်းတိုက်ပြီး လူ့လောကကို ရိုက်ခတ်လွှမ်းမိုးလာတာကိုး။ ဒီလိုနဲ့ လူတွေကို လူလိုမှတ်ကြ၊ လူတွေကို လူလိုမြင်ကြဆိုတဲ့ လူသားစိတ်တွေ ပြန့်ပွားလာတယ်။ လူသားစိတ်တွေ မွေးမြူလာတယ်။ ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်ရင် ငါလည်းလူ၊ သူလဲလူပါပဲကလားဆိုတဲ့ လူသားချင်းစာနာစိတ်တွေ ပွားတိုးလာတယ်။

ဒါကြောင့်ပဲ ထင်ရဲ့။ ကမ္ဘာ့နိုင်ငံအများမှာ နိုင်ငံရေးအကျဉ်းသားဆိုတာကို အသိမှတ်ပြုလာတယ်။ ကူညီကယ်ဆယ်လာတယ်။ ဘဝပြန်လည်ထူထောင်လာတယ်။ ကျုပ်တို့ ရွှေဗမာအစိုးရတွေတောင် လူစကား ပြောလာတယ်။ လူပုံဖမ်းလာတယ်။ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ စကားလုံးကို နားခါးခါးနဲ့ ကြားယောင်ယောင် လုပ်လာတယ်။ ကျုပ်ကတော့ ဝမ်းသားတာပေါ့။ ဒါတောင် လူအတော်များများဟာ လူ့အခွင့်ရေးဆိုတဲ့ စကားလုံးကို အာဘောင်ပဲ့အောင် ရဲရဲမပြောဝံ့ကြသေးဘူး။ လူ့အခွင့်အရေး တိုက်ပွဲဝင်လုပ်ငန်းတွေလုပ်တိုင်း ဘာအာဃာတမှ မရှိပါဘူး ခင်ဗျားဆိုတဲ့ စကားပလ္လင် ခံနေကြရှာသေးတယ်။

တစ်လောက ကမ္ဘာကျော်လူ့အခွင့်အရေးတိုက်ပွဲဝင် ခရစ်ယာန်ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး ကျုပ်အိမ်ရောက်လာတယ်။ စကားလက်ဆုံပြောမကုန်ပေါ့။ သူ့နိုင်ငံ တောင်အာဖရိကမှာ လူဖြူ-လူမည်း လူ့အခွင့်အရေးတိုက်ပွဲအမွေဆိုး စာရင်းပိတ်ပုံတွေကို ပြောတယ်။ အမှတ်တရားဖော်ထုတ်ရေး ကော်မရှင်တွေဖွဲ့ပြီး လုပ်မှား-ကိုင်မှားတွေ စာရင်းရှင်းပုံတွေ ပြောပြတယ်။ အမျိုးသားပြန်လည်သင့်မြတ်ပေါင်းစည်းရေး၊ လမ်းသစ်ဖွင့်ပုံတွေပြောပြတယ်။ လူထုပြဿနာကို လူထုနည်းနဲ့ ရှင်းပုံရှင်းနည်းတွေပြောပြတယ်။

ကျုပ်တို့နိုင်ငံမှာ ‘ချေနှစ်ချေ’ ကို နိုင်ငံရေးခေါင်းဆောင်ကြီးတွေက တဖွဖွပြောကြတယ်။ လက်စားမချေဘူး၊ သင်ပုန်းချေမယ်ပေါ့။ စကားလုံးသက်သက်ပဲ။ အလုံးပုံစံမပါဘူး။ ကိုရွှေဗမာ မှူးကြီးချုပ်ကြီး၊ ချုပ်မှူးကြီးတွေကတော့ လူ့အခွင့်အရေးဆိုတဲ့ စကားသံကြားလိုက်ရရင် မျက်ထောင့်နီတုန်း၊ နှာကောက်တုန်း။ ဟုတ်မှာပေါ့လေ။ သူတို့က ဒေါင်ဒေါင်မြည် စစ်အာဏာရှင်တွေ ဖြစ်ခဲ့ပေသကိုး။ လူ့စကား (လူ့အခွင့်အရေးစကား)၊ ဒီစကား (ဒီမိုကရေစီစကား) ဘယ်ကြားချင်ကြလိမ့်မတုံး။ နားခါးကြတာပေါ့။ အဲ့ဒီစကားမျိုး ပြောသူတွေကိုဆရာမြို့မငြိမ်းရဲ့ ဘင်ဂျိုသီချင်းထဲကလို ဘင်ဂျိုခေါက်သံပေးတဲ့လူတွေ ဘုရင်ကဖမ်းခိုင်းပြီး ကိုယ်လုပ်တော်တွေနဲ့ ဝိုင်းကလိုးထိ-ကလိထိုးသလို လုပ်ချင်ကြတာကိုး။ သူတို့ ကလိထိုးပုံက လက်ပံတောင်းတောင်မှာ လုံခြုံရေးရဲတွေက ရဟန်းသံဃာတွေကို အရုဏ်ဆွမ်းကပ်သွားတဲ့ မီးလောင်ဗုံးနဲ့ ထိုးဆွတာ ဖြစ်နေလေတော့ လူတိုင်း ကြောက်တုန်း-လန့်တုန်း ဖြစ်ကြရတာပေါ့ဗျာ။

ကျုပ်လည်း အဲ့ဒီအဖြစ်မျိုးတွေကိုကြားကြားနေရတာကိုး။ ဒီတော့ ဒေါသမူစိတ်ဆိုးက ရင်ဝဆောင့်ဆောင့်တိုးနေတော့တာပေါ့။ ဒီလိုနဲ့ ကျုပ်လည်း ဒေဝဒတ်လောင်းလျာ ဖြစ်နေရရှာတာပေါ့။

တကယ်တော့ဗျာ၊ ကျုပ်တို့နိုင်ငံမှာ လူ့အခွင့်အရေးတရားခံတွေဟာ သူတို့ပြစ်မှုကို ဝန်ချရင်ချ။ ဒါမှမဟုတ် သူတို့ရဲ့မဟာဘဏ္ဍာသိုက်ထဲက စိုက်ထုတ်ပေးလျော်ချင်ပေးလျော်။

ဒါမှမဟုတ် ယူဂိုဆလင်တို့၊ ဆူဒန်တို့ဆိုတဲ့ နိုင်ငံတွေက လူသားဆန့်ကျင်ပြစ်မှုကျူးလွန်သူတွေကို ကမ္ဘာ့တရားရုံးတွေမှာ တရားစွဲခံချင်ခံ။

ဒါမှမဟုတ် တောင်အာဖရိကနိုင်ငံမှာလို အမှန်တရားဖော်ထုတ်ရေးကော်မရှင် ဖွဲ့ချင်ဖွဲ့။

တကယ်တမ်းပြောရရင်တော့ - ဒီနေ့တိုင်းပြည်မှာ လူအခွင့်အရေးပြဿနာတွေက သမိုင်းစာအုပ်တွေထဲက ဝေါဟာရစကားလုံးကို ‘ချေသော်မကျေ’ ရှိနေဆဲပဲဖြစ်တယ်ဗျာ။

မကြာခင်က ကျင်းပသွားတဲ့ ၂၅ နှစ်မြောက် ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်းနဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ အခမ်းအနားတွေလို အရိုးတွန်သံတွေကတော့ ပြည်သူလူထုကြားမှာ ညံနေပေဦးမှာပဲဗျို့။ ကြာရင် အဲဒီအရိုးတွေဟာ တွန်ရုံတွန်တာထက် နတ်ပွဲဇတ်လမ်းတွေဖြစ်၊ တခြိမ်းခြိမ်း၊ ကခုန်ကျိန်ဆဲဖြစ်လာနိုင်သလောက်ဗျာတို့။

ကျုပ်တစ်ယောက်လည်းဒေဝဒတ်လောင်းလျာဘဝက လွတ်ကျွတ်ချင်လှပါပြီဗျာ......။

ဟံသာဝတီ ဦးဝင်းတင်

ဒီလှိုင်း ဂျာနယ်။။ အတွဲ(၂)၊ အမှတ်(၁၁)

ပြည်သူတွေပြင် ဘုရင်တွေပြောင်းရမယ်၊ကောင်းသောဥပဒေစိုးမိုးခေတ်သို့ ။



နိုင်ငံခြားသတင်းဌာန တစ်ခုလာတဲ့သတင်း ဖတ်လိုက်ရတယ်။ အလိုလေး သတင်းကောင်း ကြီးပါကလား။ သတင်းကဒီလိုဗျ။ ဖင်လန်နိုင်ငံရောက် ကျုပ်တို့သမ္မတကြီးဦးသိန်းစိန် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တဲ့စကားဗျ။ ဘာတဲ့။ အဲ....အဲ။ ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းမှာ လွှတ်တော်အတွင်း တပ်မတော်ပါဝင်မှု အခန်းကဏ္ဍကို လျော့ချသွားတော့မယ် ဆိုပါကလား။

သမ္မတနှယ်ဗျာ။ ပြောစရာနေရာရှားရော့လား။ ဖင်လန်နိုင်ငံမှ သွားပြောရတယ်လို့။ နေပြည်တော်မှာ မပြောချင်နေ။ ရန်ကုန်ရောက်တုန်း ပြောပါတော့လား။ ချင်းတောင်ရောက်တုန်း ပြောပါတော့လား။ ဖင်လန်ဆိုတဲ့ နိုင်ငံမှာမှ သွားပြောရလား။ အနံ့၊ အရသာနဲ့ ပြည်စုံတဲ့ တပ်မတော်သတင်းကို အန်ချင်စရာလုပ်တာ များလားဗျာ။
`
ဒါပေမယ့်… သမ္မတကြီးက ပြောတယ်ဗျ။ လာမယ်ကြာမယ်တဲ့။ ဒီနေ့လွှတ်တော်အတွင်းမှာ တပ်မတော်က အစိတ်သားကြီး (အဲလေယောင်လို့) ၂၅ ရာခိုင်နှုန်းကြီးများတောင် ပါနေပါတယ်။ ပါချင်လို့ပါနေတာ မဟုတ်ပါဘူး။ တိုင်းပြည်ရဲ့အနာဂတ်ကို ပုံပေါ်ဖို့အတွက် လွှတ်တော်ထဲ ရောက်နေတာပါတဲ့။ လက်တလောတော့ လျှော့ချလို့ မဖြစ်နိုင်ပါဘူးတဲ့။ ၂၀၁၅ နောက်ပိုင်းမှာတော့ ဂုဏ်သိက္ခာရှိစွာ လျော့ချနိုင်မှာပါတဲ့။

သမ္မတကြီးက အခြေခံဥပဒေကြီးပြောင်းဖို့တော့ အတော်ပြောတဲ့လူဗျာ။ ပြည်သူ့လွှတ်တော်ကြီးကို သဝဏ်လွှာတစ်စောင် ပေးပို့ဖူးတယ်။ လွှတ်တော်ဟာ လွတ်လပ်တဲ့ အဖွဲ့စည်းပဲတဲ့။ အခြေခံဥပဒေကို ပြင်ပါလားတဲ့။ အဲဒီတုန်းက သူပြောတာက လွှတ်တော်ကြီး အခြေခံဥပဒေ ပြင်ပေါ့ဗျာတဲ့။

ဖင်လန်မှာပြောတဲ့ စကားမှာတော့ အခြေခံဥပဒေပြင်ရေး မပါရေးချမပါဗျ။ အခြေခံဥပဒေ မပြင်မပြောင်းဘဲနဲ့ ဘယ်လိုများ ‘အပ်ချလောင်း’ မလို့လဲဗျာတို့။

အခြေခံဥပဒေပုဒ်မ ၁၀၉ (ခ) မှာက ‘၁၁၀ ထက်မပိုသော တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ’ ရယ်လို့ ပြောင်းတတ်ပြီး ရေးသွင်းထားတာလေဗျာ။ ပုဒ်မ ၁၄၀ (ခ) မှာက ‘အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅၆ ဦး’ လို့ ရှင်းထင်းကြီး ရေသွင်းထားတာလေဗျာ။

ဘာတွေပြောပြောဗျာ။ ကျုပ်ကတော့ သမ္မတကြီးပြောတာကို ယုံတယ်။ ရွှေလည်တိုင်ဖော့ရိုး ကျိုးခါမှကျိုးရော့။ ကျုပ်ကတော့ ၂၀၁၅ အလွန်ကို မျှော်တယ်။ ဘာရယ်မဟုတ်ပါဘူး။ ကျုပ်တစ်ယောက်တည်း အိုကြောင်ဖြစ်လာသလား မသိပါဘူးဗျာ။ ယုံတယ်....မျှော်တယ်ဆိုတဲ့စကားတွေကိုပဲ ဂါထာမန္တန်ရွတ်သလို တတွတ်တွတ် ရွတ်နေမိတယ်။

ကျုပ် အိမ်နီးချင်း သူငယ်ချင်းက နားငြီးလို့ လာငေါက်မှပဲ မန္တန်ရွတ်ရပ်တော့တယ်။

သူမေးတာနဲ့ကျုပ်က ဖြစ်ကြောင်းကုန်စင် ပြောပြတယ်။ သူက မင်းနှယ်ကွာ မကြီးမငယ် တောမျှော်-တောင်မျှော် လုပ်နေရတယ်လို့။ မင်းတို့ ဒီချုပ်ညီလာခံကြီးက တေမိလုပ်နေမှာလားကွ။ ၂၀၀၈ က ဒီချုပ်ထုတ်ခဲ့တဲ့ အခြေခံဥပဒေပြင် ၁၂ ချက်လို ကိစ္စမျိုးက အသံထွက်လာမှာပေါ့ကွာ။ ဒီချုပ်ကြားဖြတ်ရွေးကောက်ပွဲဝင်တုန်းက ထုတ်ခဲ့တဲ့ကြေညာချက်ထဲက အခြေခံဥပဒေပြင်ဆင်ရေးလို ကိစ္စမျိုးကလည်း အသံဟိန်းလာမှာပေါ့ကွလို့ ပြောတယ်။

ဒီတော့မှ ကျုပ်လည်း မေ့ရာကလန့်နိုးသလို အမောတကြီးပြောမိတယ်။ အေး ဟုတ်တာပေါ့။ အခြေခံပြင်ဆင်ရေးလူထုလှုပ်ရှားမှုတွေက အခုအချိန်လောက် ကတည်းက စကြရာမှာပေါ့။ ၂၀၁၅ လွန်အထိ ဘယ်စောင့်နေနိုင် လိမ့်မတုံး။ အခြေခံဥပေဒေပြင်ရေး လူထုရှင်းပွဲတွေ၊ ဟောပွဲတွေ၊ တောင်းပွဲတွေ ပေါင်းလန်အောင် လုပ်ကြရမှာပေါ့။

ဟုတ်တယ်ဗျ။ ဒီချုပ်ဗဟိုညီလာခံလိုမျိုးက အခြေခံဥပဒေပြင်ဆင်ရေး စီမံချက်တွေရေးဆွဲ၊ အောက်ခြေဒီချုပ်အဖွဲ့အစည်းတွေက လူထုကိုရှင်းလင်းနဲ့ပါတီ ပြည်သူ့ကြည်ဖြူလက်တွဲကြမယ်ဆိုရင် ပြည်သူ့လိုအင်ဆန္ဒကြီးအကောင်အထည်ပေါ်လာရမှာ မုချပေါ့ဗျာ။

ကျုပ်ကတော့ မေ့တေ့တေ့ပဲ။ ဟိုစကားပုံကြားဖူးရဲ့မဟုတ်လား။ ဘာတဲ့။ ပြည်သူပြင်ရင် အာဏာရှင်ပြောင်းဆိုတဲ့စကားလေ။

ကိုင်း.....ကိုင်း.....သံပြိုင်ဟစ်လိုက်ကြစမ်း

ပြည်သူတွေ ပြင်ပြင်

ရှင်ဘုရင်တွေ ပြောင်းပြောင်း

ကဲ....နောက်တစ်ကျော့.....။

ပြည်သူတွေ ပြင်ပြင်

ရှင်ဘုရင်တွေ ပြောင်းပြောင်း။ ။


ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ အတွဲ(၂)၊ အမှတ်(၁၀)။ ။

ဘယ်သူအကြမ်းဖက်ဖက် လက်မခံ၊ တာဝန်ရှိသူတွေ တာဝန်ယူရမယ်။




“မပြောမပြီး မတီးမမြည်” တဲ့။ ဗမာဆိုရိုးစကားရှိတယ်။ ဟုတ်တာပေါ့ဗျာ။ မတီးမှတော့ ဘယ်ဗုံက မြည်လိမ့်မတုံး။ ဘယ်မောင်းက ဟည်းလိမ့်မတုံး။ မှန်လိုက်လေ။ ဒါပေမယ့် မပြောမပြီးဆိုတာကတော့ မမှန်တမှန်ပဲဗျ။ ပြောတိုင်း ပြီးတာမှ မဟုတ်တာ။ မပြီးတာ ဘာတတ်နိုင်မလဲ။ မပြီးမှတော့ ထပ်ပြောပေါ့။ ထပ်မပြီးတော့လည်း ထပ်ထပ် ပြောရုံပေါ့။

သမ္မတကြီး ဦးသိန်းစိန်က စကားသာ မသွက်တာ၊ အပြောတော့ ညက်သဗျ။ သူ့ခမျာလည်း မပြောမပြီးသမားနဲ့တူရဲ့။ ပြောရှာဖော်တော့ ရပါတယ်။ ဒါပေမယ့် ပြောတဲ့ကြားက မပြီးတာတွေရှိတော့လည်း ထပ်ထပ်ပြောနေရရှာပုံပေါ်ပါတယ်။

မနေ့တစ်နေ့က မီဒီယာမှာ ဖတ်လိုက်ရတာကတော့ အရာရှိကြီးတွေ အရည်အချင်းပြကြဟေ့တဲ့။ အရည်အချင်းမပြည့်လို့ကတော့ ကျန်ခဲ့ကြမှာနော်...တဲ့။ မကြာခင်တုန်းကလည်း ဒီစကားမျိုး ပြောခဲ့သေးသဗျ။ ရှေ့ခရီးမှာ အတူမလိုက်နိုင်သူတွေကို ချန်ခဲ့ရမှာနော်တဲ့။ ပြောခဲ့တယ်လေ။

အဲ့ဒီလိုစကားမျိုးတွေကြားရတော့ ကျုပ်တို့လို ဘေးထိုင်ဘိုင်ဌေးနေရသူတွေအဖို့ နားချမ်းသာတယ်ဗျာ။ လူဘိုင်ကျပေမဲ့ နားဌေးတယ်ပေါ့။ မစားရဝခမန်းဆိုတာ ဒါမျိုးပဲ။

မကြာလိုက်ဘူးဗျ။ ဝန်ကြီးတစ်ပါး ဘယ်ရောက်သွားတယ်မသိ။ ထုတ်ဆိုလား၊ ထွက်ဆိုလားပဲ။

ဟို ဘယ်သူဆိုလား၊ ပြန်ကြားဝန်ကြီးဆိုလားပဲ။ အရှင်လက်လက် ဘဝပြောင်းသွား ဆိုလားပဲ။ ဗိုလ်ဝန်ကြီးကနေ ဘိုင်ဝန်ကြီးဖြစ်သွားသတဲ့။

အခုလည်း တနင်္သာရီခရီးမှာ သမ္မတ ပြောပြန်ပြီ။ အရာရှိကြီးတွေ အရည်အချင်းမမီရင် ကျန်ခဲ့မှာတဲ့။ အင်း..... သမ္မတစကားဆိုတော့ အာဏာစူးသလောက် စူးလိမ့်ပေမပေါ့လေ။ စောင့်ကြည့်ကြရမှာပေါ့။

ကျုပ်ပြောချင်တဲ့စကားက စစ်အာဏာရှင်ခေတ်ကြီးကို အမွေခံ လှိမ့်လည်နေတဲ့ ဒီနေ့ အုပ်ချုပ်ရေးယန္တရားမှာ တကယ်တမ်း အုပ်တတ်ချုပ်တတ် လူထုအကျိုးဆောင်တတ်တဲ့သူ အချိုးအစား ဘယ်လောက်များသလဲ။ ရာခိုင်နှုန်းဘယ်လောက်ရှိသလဲဆိုတဲ့ မေးခွန်းမျိုး ဖြေနိုင်ရင် ဖြေကြပါဘိ။

ဒီမေးခွန်းက မေးကိုမေးရလိမ့်မဗျ။ အားလုံးသိကြတဲ့အတိုင်း ဒီမြို့နယ်၊ ခရိုင်၊ တိုင်း၊ ဗဟို အရာရှိကြီးတွေဆိုတာထဲမှာ မိုးကျရွှေကိုယ်တွေက နည်းတာမှ မဟုတ်တာဗျာ။ ကျုပ်ထောင်ထဲမှာ ကြုံခဲ့ဖူးတာပြောမယ်။ အရပ်မြင့်မြင့်၊ အပွင့်ကြီးကြီးတွေကို ဘယ်သူဘယ်ဝါ၊ ဘယ်ကလာ၊ ဘာတွေလုပ် မမေးနဲ့။ အကုန်လိုလို ကျန်စစ်သားချည်းပဲဗျ။ စစ်တစ်ဖြစ်လဲချည်းပဲဗျ။ တိုင်းသိပြည်သိကိစ္စဗျာတို့။

ထောင်ထဲမှာတော့ အဲ့ဒီလိုမျိုးပုဂ္ဂိုလ်တွေ အရည်အချင်းပြည့်ကြပါပေတယ်။ ခြေသွက်လက်လျှို အမျိုအဆို့ ကောင်းကြပါ ပေတယ်။ အဲ့ကလို လက်မရွံ့တွေဟာ ထောင်နဲ့တန်တဲ့ အရည်အချင်းရှိတယ်လို့ ဆိုရင်ဆိုပါ။ အများပြည်သူကို ကျောသားရင်သား မခွဲမခြား၊ သနားကြည်ဖြူ အုပ်စိုးတော်မူဖို့ တန်၏ ၊ မတန်၏တော့ အများကြီး ပြန်လည်သုံးသပ်ကြရလိမ့်မယ် ထင်မိသဗျို့။ ကျုပ်တို့ကတော့ စာမတတ် ပေမတတ် ကော်မရှင် စော်နံသူတွေ မဟုတ်ဘူးလေဗျာ။ ဘယ်လိုလုပ်ရင် ကောင်းမယ်ထင်ဆိုတာမျိုး ပြောတတ်မှ မဟုတ်ပေဘူးပေါ့ဗျာ။

တကယ်ပြောတော့လည်း ကော်မရှင်ဆိုတာကြီးတွေတောင် အဲ့သလိုမျိုးတွေ ပြောနိုင်တဲ့အနေအထား ရှိမှရှိပါရဲ့လားလို့ ကျုပ်ထင်ယောင်ဝိုးဝါး ဖြစ်နေမိသဗျာ။ ကြည့်လေ။ လက်ပံတောင်ကြေးနီစီမံကိန်း သပိတ်အကြမ်းဖက် ဖြိုခွဲမှုကြီးမှာ ဘယ်သူတာဝန်ရှိသလဲ။ ကြီးကြီးကြီးတွေ တာဝန်ရှိတာတော့ သေချာတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ ဝန်ကြီးတစ်ပါးက နေပြည်တော်က အမိန့်ပေးလို့ အကြမ်းဖက်ဖြိုရတာပါလို့ တိုင်းသိပြည်သိပြောပြီးပြီ။ ဒါဖြင့် အမိန့်ပေးသူ ဘယ်သူလဲ။ ကဲ....ပြော။

ဒီကိစ္စ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ကော်မရှင်က မေးတော့မယ်။ ဘယ်သူ တာဝန်ရှိသလဲ။ ဘယ်သူအမိန့်ပေးသလဲ။ ဘယ်သူ ဖြိုခွဲမှုကို ကွပ်ကဲသလဲ။ မီးလောင်ဗုံးဆိုလား၊ လောင်မီးဗုံးဆိုလား၊ မျက်ရည်ယိုဗုံးဆိုလား၊ မီရည်ယိုဗုံးဆိုလား၊ အဲ့ဒီ လောင်မီးဟုန်းဟုန်းငရဲဗုံးတွေကို ဘယ်သူပေးသလဲ။

မေးခွန်းတွေကတော့ တသီတန်းကြီးပေါ့။

ကော်မရှင်ကလည်းမေးတော့မှာပဲ

ကော်မရှင်မမေးခင် အစိုးရပိုင်းက ပုဂ္ဂိုလ်တစ်ဦးက အဲ့ဒီဗုံးကိစ္စ တာဝန်ရှိသူကို အရေးယူရမှာပဲလို့ ဦးခင်အောင် ပြောလိုက်ပြီဗျာ။ ကောင်းလိုက်တာဗျို့၊ ကောင်လေစွ။ ဒါပေမယ့် တာဝန်ရှိသူဘယ်လောက်များသလဲ။ ဘယ်အတိုင်းအတာ အရေးယူမှာလဲ။ လက်သည်အစစ် ဖော်ထုတ်မှာလား၊ နောင်အခါ ဒါမျိုးမဖြစ်ရလေအောင် ဘယ်လိုရှောင်ကြရှားကြမှာလဲ။ ကော်မရှင်ရော မေးစရာကော ကျန်ဦးမှာလား။ မေးလာရင် ဖြေစရာကော ရှိဦးမှာလား။

အငှားတရားခံရှာတာမျိုး၊ အောက်ခြေဖိထောင်းတာမျိုး၊ ထမင်းရည်ပူ လျှာလွှဲတာမျိုးမဟုတ်ရင်တော့လည်း လက်မခံနိုင်စရာ ဘာမှမရှိပါဘူး။

ယိုးဒယားမှာ ဖြစ်ပေါ်နေတဲ့ အမှုကိစ္စကြီး ကြားကြရဲ့ မဟုတ်လား။ ၂၀၁၀ ထိုင်းနိုင်ငံ ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွဲမှုကြီးမှာ လူတွေသေကျေခဲ့ကြရတယ်။ အဲ့ဒီကိစ္စတွေအတွက် အစိုးရကဝန်ကြီးချုပ်ဟောင်းအဘီဆစ်ဝိဇ္ဇာဇီဝကို တရားစွဲတယ်။ အခု တရားရုံးရောက်နေပြီ။ တရားဆိုင်နေရပြီ။

နိုင်ငံများစွာမှာ လူထုဆန္ဒပြပွဲ နှိမ်နင်းမှုတွေကို လူထုအပေါ်အကြမ်းဖက်မှုအဖြစ်နဲ့ ရှုမြင်တယ်။ ဒါကြောင့်တရားစွဲကြတယ်။

လက်ပံတောင်း သပိတ်အကြမ်း ဖက်ဖြိုခွဲမှုကို ကျုပ်တို့ဘယ်လိုသဘောထားကြမလဲ။ ဘာဆက်လုပ်ကြမှာလဲ။ ဘယ်လိုပြောကြမှာလဲ။

အကြမ်းဖက် သပိတ်ဖြိုခွဲမှုမီးကတော့ မငြိမ်းသေးဘူးဗျာ။ အကြမ်းဖက်ဖြိုခွဲမှုအရေးယူဖို့ တောင်းဆိုချက်တွေကလည်း အသံမတိတ်သေးဘူးဗျာ။ ။


ဟံသာဝတီဦးဝင်းတင်


ဒီလှိုင်း ဂျာနယ်။ အတွဲ(၁)၊ အမှတ်(၄၉)

သမ္မတကြီးတောသွားတောင်သွား၊လယ်သမားကို တနပ်စားခိုင်းမယ်မထင်။

သမ္မတဦးသိန်းစိန်အစိုးရ အတော်ကျွမ်းကျင်လိမ္မာ ရှိလာသဗျာ။ ဝမ်းသာတယ်ဗျာ။ သာဓုခေါ်စရာပေါ့။

သမ္မတနဲ့ အဖွဲ့ ချင်းတောင်သွားသတဲ့။ ရေကိစ္စ၊ မီးကိစ္စတွေ ဖြေရှင်းပေးမယ်ဆိုလားပဲ။ ကောင်းတယ်ဗျာ။ လူထုဒုက္ခပဲဗျာ။ အစိုးရဆိုတာ သိရမှာပေါ့။ ဆင်းရဲတွင်းနက်ကြီးထဲ ခေါင်းမြုပ်အောင်နစ်နေတဲ့ ချင်းလူထုကြီးကို ကယ်တင်နိုင်တဲ့အထိ ကြိုးစားသွားကြလိမ့်မယ်လို့ ထင်မိတယ်ဗျာ။

လယ်သမားကြီးတွေနဲ့လည်း တွေ့ဦးမယ်တဲ့ဗျ။ ဂျာနယ်သတင်းတွေမှာ တွေ့လိုက်ရတာပဲ။ ဟုတ်ပါလိမ့်ထင်ရဲ့။ တွေ့ရင်တော့ ကောင်းသပေါ့ဗျာ။ လယ်သမားတွေဆိုတာက ကျုပ်တို့တိုင်းပြည်မှာ အဆင်းရဲဆုံး မွဲချာတူးလန် ခရုဆန်ကျွတ်တွေ မဟုတ်လား။ တွေ့တဲ့အချိန်မှာ မွဲစော်နံတယ် ပြန်ဦးမယ်ဆိုပြီး ဂွတ်ဘိုင်တော့ မလုပ်တန်ရာဘူး ထင်ပါရဲ့။

ကျုပ်က သမ္မတကိုတော့ ယုံတုံတုံပါ။ ဒါပေမဲ့ သူ့အစိုးရရဲ့ လယ်ဝန်းကြီးတစ်ပါးကတော့ လယ်သမားကို ထမင်းတစ်နပ်လျှော့စားခိုင်းထားတယ် မဟုတ်လား။ အဲ့ဒီဝန်ကြီးရဲ့ ဓာတ်တွေများ ကူးစက်သွားလေမလားဟဲ့ရယ်လို့ ရင်တမမ ဖြစ်နေမိတာလည်း အမှန်ပဲဗျာ။ အဲ အဲ သမ္မတကိုယ်တိုင်ကလည်း ဆင်းရဲသားလယ်သမား သားသမီးဆိုတော့ ကိုယ်ချင်းစာစိတ်ကလေး တစ်ဆိတ်တစ်ဖဲ့တော့ ရှိဦးမှာပါ။ လယ်သမားတွေထမင်းတစ်နပ်တောင် မဝတဝစားနေရတာဆိုတော့ တစ်နပ်လျှော့စားခိုင်းမယ် မထင်ပါဘူး။

ကျုပ်တို့ သမ္မတကြီး ကချင်ပြည်နယ် တိုင်းခန်းလှည့်လည်ခြင်း မပြုနိုင်သေးတာတော့ စိတ်ထဲ၊ ရင်ထဲ မချင့် မရဲ ဖြစ်ရတာပေါ့ဗျာ။ ဟိုလွှတ်တော် ဥက္ကဋ္ဌကြီးဘယ်သူဆိုလားတောင် မမှတ်မိပါဘူး။ ကချင်ပြည်နယ်ကို ထွက်တော်မှူးကြီးနဲ့ လှည့်သွားပြီးပြီလေ။ ကျုပ်တို့ သမ္မတကြီး တဖူနာသွားတယ်မပြောနဲ့။ ဘာတဖူနာ ရမှာလဲ။ တစ်နေ့နေ့တော့ သမ္မတကြီးလည်း ကချင်ပြည်နယ် စစ်မြေပြင်တွေအရောက် ကြွချီတော်မူဦးမှာပေါ့ကွယ်။

သမ္မတကြီးက ဟိုလွန်လေပြီးသောအခါက စစ်အာဏာကောင်စီတွေရဲ့ အတွင်းရေးမှူးကြီး၊ စစ်စိုးရတွေရဲ့ဝန်ကြီးချုပ်ကြီး၊ စစ်အာဏာသား (ဟုတ်ပေါင်) အမျိုးသားညီလာခံကြီးရဲ့ ဥက္ကဋ္ဌကြီး စတာတွေအဖြစ် ဆောင်ရွက်ခဲ့သူမဟုတ်လား။ ဒီတော့ ကချင်စစ်မြေပြင်မှာ လေယာဉ်ဒုံးစာ၊ ဗုံးစာတွေမိပြီး ကျဆုံးရှာခဲ့ကြရတဲ့ ကချင်လက်နက်ကိုင် ရဲဘော်လေးတွေရဲ့ လက်ဝါးကပ်တိုင်လေးတွေမှာ အလေးပြုပြလိုက်ရင် ဘယ်လောက်ကောင်းမလဲနော်ဗျာ။

ဒီရက်ပိုင်းအတွင်း ဗြိတိသျှဝန်ကြီးချုပ်တစ်ယောက် အိန္ဒိယရောက်နေတယ်။ လွန်ခဲ့တဲ့ နှစ်တရာလောက်က ဗြိတိသျှတွေလက်ချက်နဲ့ ကျဆုံးခဲ့ကြရတဲ့ ပန်ချာပီစစ်သားတွေရဲ့ သင်္ချိုင်းမှာပန်းခွေချ အလေးပြုခဲ့တယ်။ လွန်သမျှဝန်ချတယ်ရယ်တော့ မဟုတ်ပါဘူး။ ဒီလောက်ကလေး လုပ်ပြလိုက်တာနဲ့ အိန္ဒိယပြည်သူတွေ ဝမ်းသာလိုက်ကြတာ။

ကျုပ်တို့သမ္မတကြီးလည်း ဒီလို `လုပ်ပြ´လေးတွေ လုပ်တက်ပါတယ်။ အဲဒီလို အပြလေးလောက် လုပ်ပြလိုက်ရင် ကချင်လူထုကြီးကရော၊ တခြားတိုင်းရင်းသား ပြည်သူတွေကပါ ဝမ်းသာလိုက်ကြမယ့်ဖြစ်ချင်း။ ဗမာဆိုတာလည်း တိုင်းရင်းသားလူမျိုးစုတစ်စုဆိုတော့ ဗမာတွေလည်း ဝမ်းသာကြမှာပေါ့ဗျာ။

မနေ့တစ်နေ့က သမ္မတကြီးလူတွေ ထိုင်းနိုင်ငံသွားလုပ်နေတဲ့ တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလို ဟာမျိုးတွေလည်းဇာတ်ပေါင်းခန်းမြန်မြန်ဝင်နိုင်မှာပေါ့ဗျာ။
အေးဗျာ။ ကျုပ်တို့ကတော့ မွေးကတည်းက ကြားလာခဲ့ကြရတဲ့ သေနတ်သံတွေ တိတ်သွားဖို့ စိတ်ကူးယဉ် ကြည့်နေမိတုန်းပေါ့လေ။ အဲဒီတုန်း ဘယ်နှယ့်များ ရှမ်းပြည်နယ်က သေနတ်သံတွေ ထွတ်လာရပြန်တာလဲဗျို့။ မဟုတ်သေးဘူး ထင်တယ်နော်။ ကြည့်လုပ်ကြပါဦး။

နောက်တစ်မီးက ငြိမ်းမယောင်ယောင် ထတဲ့လို့လောင်ပြန်သဗျ။ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ဘက်မှာတဲ့။ အိမ်ကိစ္စဆိုလား။ စာသင်ကျောင်းကိစ္စဆိုလား။ ဗလီကိစ္စဆိုလား။ သေချာမသိပါဘူး။ ပြဿနာဆိုတာ ဒီလိုပဲဗျ။ လောင်စာကြွင်းရှိသရွေ့တော့ တဗျင်းဗျင်း ထလောင်တတ်တာမျိုးကလား။ ဝိုင်းငြှိမ်းကြဦးစို့ရဲ့ပေါ့။

ဒါထက် စကားမစပ် ပြောရဦးမယ်။ ရခိုင်အရေးကိစ္စကကော ဘယ်စခန်းဆိုက်နေသလဲဗျ။ စုံစမ်းရေးကော်မရှင်က ဘာသံမကြား၊ ညာသံမကြား။ ငြိမ်လို့ပါလား။

လွှတ်တော်ထဲက ထွက်လာတဲ့ အသံကတော့ ရခိုင်ဒေသမှာ ရိုဟင်ဂျာလူမျိုးဆိုတာ လုံးဝမရှိဘူးတဲ့။ ဗြိတိသျှကိုလိုနီအစိုးရလက်ထက် သန်းခေါင်စာရင်းတွေမှာလည်း ရိုဟင်ဂျာရယ်လို့ ဖော်ပြတာမပါဘူးတဲ့။ မြန်မာအစိုးရတွေလက်ထက် သန်းခေါင်စာရင်းတွေမှာလည်း ထိုနည်းလည်းကောင်းပဲတဲ့။

ပြည်ထဲရေးဌာနဒုတိယဝန်ကြီးကလွှတ်တော်မေးခွန်းကိုဖြေရင်း ပြောသွားသတဲ့။

အေးဗျာ။ သမ္မတကြီး ကျန်းမာပါစေ။ သူက အိတ်ခ်ျရောဂါသမားဆိုတော့ သူ့ကျန်းမာရေးက တစ်နေ့ရွှေ၊ တစ်နေ့ငွေလေ။ သူ့ရဲ့အိတ်ခ်ျရောဂါကဒေါ်ဖြူဖြူသင်း ကူရှင်းပေးစရာလိုတဲ့ရောဂါမျိုးမဟုတ်ပါဘူး။ ဟတ်ဒီစီဆိုလား နှလုံးရောဂါတဲ့ဗျား။

နေပြည်တော်မှာ အထူးကုသမားတော်ကြီးတွေ တစ်ပတ်နှစ်ကြိမ် နှလုံးရောဂါ စမ်းသပ်ကုသပေးနေသတဲ့။ တပ်ချုပ်ဟောင်းကြီးကို စမ်းပေးနေသတဲ့။ ဦးသိန်းစိန်လည်း တပ်ချုပ်ဟောင်းကြီးနဲ့ အပေါင်းအသင်းလုပ်နေလိုက်ရုံပါပဲ။ မျှောကု၊ ရောကု လုပ်နိုင်သပေါ့ဗျာ။ ကောင်းသွားမှာပါ။ ကောင်းသွားမှာပါ။

ကျုပ်ကတော့ဆုတောင်းရုံတောင်းတတ်တော့သဗျာ။

ကျုပ်လိုဟတ်သမားကြီးတွေ မာပါစေ။ ချာပါစေ။ သာပါစေပေါ့ဗျား။ ။

ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။။ အတွဲ(၂)၊ အမှတ်(၈)။။။

မြေကြီးကိစ္စ မေ့လျော့ ပေါ့ ဆ မလုပ်ကြနဲ့ ၊လှုပ်တတ်တယ် ပြိုတတ်တယ် မျိုတတ်တယ်။



ဒီကနေ့ ကျုပ်စိတ်ထဲမှာ အင်မတန်လေးလံဝန်ပိတဲ့ ကိစ္စကြီးတရပ် ရှိနေတယ်ဗျာ။ နှလုံးသားမှာ ကျောက်တုံးတွဲ ဆွဲထားသလိုပဲလို့တောင် ပြောရမလား မသိဘူး။

ပြီးခဲ့တဲ့အပတ်က ဒီလှိုင်းစာစောင်ရဲ့ အာဘော်ခန်းမှာ "မြေကြီးကိစ္စ" ဆိုတဲ့ စကားလုံးကို တွေ့လိုက်ရတယ်။ ကျုပ်ပြောချင်တဲ့ကိစ္စကို မီးမောင်းထိုးပြလိုက်သလိုပဲဗျာ။ ကျုပ်ပြောချင်တဲ့ကိစ္စတွေက ပေါင်းလန်ဗြောင်းဆန်အောင် များပြားဆူဝေနေတယ်။ ဘယ်ကိစ္စကို ဘာက ကိုင်ပြောရမှန်း မသိတတ်အောင် ဖြစ်နေရတယ်။ ဒီလှိုင်းက အဲဒါတွေအားလုံးကို မြေကြီးကိစ္စလို့ တံဆိပ်ကပ်လိုက်တယ်ဗျို့။

ဟုတ်လိုက်တာဗျာ။ ကျုပ်ပြောချင်နေတာကလည်း တစ်ပြည်လုံးရဲ့မြေတွေ ယာတွေရဲ့ကိစ္စ၊ မြေတွေ ယာတွေပေါ်မှာ လုပ်ကိုင်စားသောက်နေကြတဲ့ လယ်သမား ယာသမား၊ မြေလုပ်သားတွေရဲ့ ကိစ္စ၊ အဲဒီလုပ်သားထုကြီးရဲ့ ငွေကြေး အရင်းအနှီး မပြည့်စုံမှုကိစ္စ၊ ကြွေးမြီကိစ္စ၊ ချေးငွေကိစ္စ၊ စိုက်ထုတ်ရင်းနှီး သုံးစွဲနေရတဲ့ ပစ္စည်းကိရိယာ၊ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး စရိတ်ငွေကြေးတွေရဲ့ ကိစ္စ၊ လယ်ယာထွက်ကုန်သီးနှံ ဈေးနှုန်းတွေရဲ့ ကိစ္စ။ အို . . . ပြောမဆုံးပေါင် တောသုံးထောင်ပါပဲဗျာ။ စားရင်းတို့ရင် အပင်းဆို့သလို မော မော မော ဆိုတဲ့ စကားအတိုင်းပဲပေါ့။

ဒီအထဲ စစ်တပ်တို့၊ အစိုးရဌာနတို့ ခရိုနီ၊ ခရိုပြာ၊ ခရိုဝါ၊ ခရိုစိမ်းဆိုတဲ့ အာဏာကပ်ပါးတို့က မတော်မတရား နည်းမျိုးစုံနဲ့ သိမ်းယူအပိုင်စီးထားတဲ့ မြေယာဧက သိန်းပေါင်းများစွာရဲ့ ကိစ္စကလည်းပါသေး။ သီးနှံစိုက် လယ်ယာမြေတွေပေါ်မှာ စက်ရုံ အလုပ်ရုံ၊ အိုးမြေ အိမ်မြေ၊ တပ်မြေ စခန်းမြေ၊ သတ္တုတူး ကျော်ဖော်စတဲ့ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ပြောမပြနိုင်လောက်အောင် မတရားကြီး သိမ်းထားတဲ့မြေတွေက အများကြီး အားကြီးရှိသေးသဗျ။ အဲဂလို သိမ်းထားတဲ့ မြေတွေ၊ ယာတွေထဲမှာ တိုင်းရင်းသား ဒေသတွေက လယ်ယာမြေစိုက်ခင်းတွေကလည်း ဧရာမ အများကြီး ပါဝင်နေသေးတယ်လို့ ဆိုသဗျ။

ထားပါတော့ဗျာ။ အဲဒီမြေကြီး ကိစ္စကြီးတွေက ဒီနေ့ ပူလောင်ဆူပွတ် ဂယက်ထလာနေပြီဗျ။

လက်ပံတောင်း ကြေးနီစီမံကိန်းဆိုတာ အားလုံးသိကြပါရဲ့။ မီးခဲကိစ္စကြီးလေဗျာ။ စစ်ကိုင်းတိုင်း၊ မုံရွာနယ်ထဲက မြေကြီးကိစ္စဗျ။ တရုတ်တရက်တွေ၊ ဗရုတ်ဗရက်လုပ်နေတဲ့ အရှုပ်အယှက်တွေလို့ သာမန်ကာလျှံကာ မထင်လိုက်နဲ့ဗျ။ အဲဒါလည်း မြေကြီးကိစ္စပဲဗျ။ သယံဇာတ တူးတယ်ဆိုတာ မြေကြီးကိစ္စပဲပေါ့ဗျာ။

အဲ . . . အဲ။ ပြောရဦးမယ်။ ကျုပ်ရင်လေးနေတယ်ဆိုတဲ့ကိစ္စက အဲဒီ မြေကြီးကိစ္စပဲဗျ။ မြေကြီးပေါ်မှာ လူတွေနေတယ်။ ကျုပ်တို့လို ကျောမွဲတိုင်းပြည်အဖို့က မြေကြီးပေါ်မှာပဲ လုပ်ကိုင်စားသောက်ကြရသပေါ့ဗျာ။ အဲဂလို လူတွေ မှီတင်းနေထိုင်ရာ မြေကြီး။ လူတွေ တူးဆွအသက်မွေးရာ မြေကြီး။ အဲဒီမြေကြီးတွေဟာ ပြဿနာတွေ ပေါက်ဖွားရာ၊ ပဋိပက္ခတွေ ပေါက်ကွဲရာ အရင်းခံ ဘူမိနက်သန်တွေ ဖြစ်လာမယ်ဆိုရင် တစ်ပြည်လုံး၊ တစ်မျိုးလုံး အခက်ကြုံ လာနိုင်ပြီလို့ ဆိုရပေမှာပေါ့ဗျာ။

ကမ္ဘာ့သမိုင်းကို ပြန်မျှော်ကြည့်မလား။ လတ်တလော အိမ်နီးချင်းနိုင်ငံ သတင်းတွေ ငဲ့စောင်းကြည့်မလား။ တိုင်းရေးပြည်ရာ ပြဿနာတွေဟာ မြေကြီးကနေ မီးစွဲတောက်လောင်လာတာဗျ။ ဘယ်လောက် အန္တရာယ်ကြီးနိုင်တယ်ဆိုတာ အလွယ်နဲ့ သိမြင်နိုင်ပါတယ်။

ဒီနေ့ ကျုပ်တို့တိုင်းပြည်မှာလည်း မြေကြီးတွေ ပူလောင် မြိုက်ကျွမ်းစပြုနေပြီလို့ ဆိုရမယ်ဗျ။

လက်ပံတောင်းလို သယံဇာတတူးဖော်ရေးကိစ္စဟာ မြေယာပြဿနာ ဖြစ်လာနေတယ်။ ရန်ကုန်မြို့တော် အနီးအနား ဝန်းကျင်တစ်ဝိုက်က မြို့ပြနယ်မြေ တိုးချဲ့ရေးကိစ္စဟာ မြေယာပြဿနာ ဖြစ်လာနေတယ်။ ပြည်နယ်ဒေသတွေမှာ စွမ်းအင်ထုတ်လုပ်မှုကိစ္စတွေဟာ မြေယာပြဿနာဖြစ်လာနေတယ်။

ဒီလို မြေကြီးကနေ မီးတောက်လာတဲ့ ကိစ္စတွေဟာ မထိန်းသိမ်းကြ၊ မဖြေရှင်းကြရင် ကြာလေလောင်လေ၊ လူ့ဘောင်မီးစွဲလေ ဖြစ်လာလိမ့်မယ်ဗျို့။

၂၀ ရာစုအတွင်းက မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ မြေကိစ္စတွေက သမိုင်းသက်သေခံနေတယ်။ ၁၉၂၀ ပြည့် ကာလများအတွင်း မြေကြီးပြဿနာဟာ ဆရာစံတောင်သူလယ်သမားသူပုန်ကြီးကို မွေးဖွားပေးခဲ့တယ်။ ဂျပန်ခေတ် လယ်သမားတွေ လယ်မဆင်းနိုင်ဘူး။ မြေကြီးပြဿနာက ဖက်ဆစ် တော်လှန်ရေး လူထုအရေးတော်ပုံကြီးကို ဖန်တီးခဲ့တယ်။

အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်အမတ်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ စတဲ့ တိုင်းရေးပြည်ရေးတာဝန်ရှိသူတွေဟာ ဒီနှစ်ဆန်းပိုင်းလောက်ကစပြီး မြေကြီးကိစ္စ ဖြေရှင်းရေးလေသံတွေ ပစ်လာခဲ့ကြတယ်။ ဘယ်လို ပြဿနာထုထည်ပမာဏတွေကို စမ်းသပ်ရှာဖွေတွေ့ရှိလေသလဲတော့ မပြောတတ်။ တိုင်းပြည်ရဲ့ မြေကြီးပြဿနာတွေက တက်ပြီးတက်ရင်း ခေါင်ညွန့်ကို နင်းနေကြပြီ။

ကျုပ်တို့ ပြောချင်တာကတော့ဗျာ။ စာရင်းအင်းတွေ၊ ကိန်းဂဏန်းတွေ၊ စီမံလျာထားချက်တွေ မဟုတ်ပါဘူး။ သဘောကိုပြောချင်တာပါ။ သဘာဝကို ပြချင်တာပါ။

မြေကြီးဆိုတာ လှုပ်တတ်သဗျ။ မနှစ်က စစ်ကိုင်းတိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ မြေငလျင်ကြီး မှတ်မိရဲ့မဟုတ်လား။

မြေကြီးဆိုတာ ပြိုတတ်သဗျ။ တလောက တရုတ်ပြည်ဘက်မှာ ပေါ်ပေါက်ခဲ့တဲ့ မြေပြိုမှုကြီးတွေ မြင်မိမှာပေါ့။ ပျက်လိုက်တဲ့အိမ်တွေ၊ သေလိုက်တဲ့လူတွေ။ နည်းမှတ်လို့။

မြေကြီးဆိုတာ မျိုတတ်သဗျ။ ဘုရားလက်ထက် ဒေဝဒတ် မြေမျိုခန်းလို ဖြစ်ရပ်ကအစ ဒီနေ့ခေတ်ကမ္ဘာနဲ့ အဝန်း ကြက်သီးဖြန်းဖြန်းထစရာ ကြားနေကြရတဲ့ အိမ်တွေ၊ လူတွေ မြေကြီးထဲ နစ်မြုပ်ပျောက်ကွယ်သွားတဲ့ မြေမျိုမှုတွေအထိပေါ့လေ။

ဒါ့ကြောင့် ကျုပ် အသည်းကြောင်ကြောင် ယောင်ကန်းကန်းဟစ်လိုက်ချင်တာကတော့ မြန်မာပြည်မှာ

မြေကြီးတွေ လှုပ်ခါနီးပြီဗျို့။
မြေကြီးတွေ ပြိုခါနီးပြီဗျို့။
မြေကြီးတွေ မျိုခါနီးပြီဗျို့။ ။


ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ ။အတွဲ(၂)၊ အမှတ်(၁၇)။။။ (၆-၅-၁၃)

စစ်အာဏာ ချိုးအထပ်ထပ် မျိုးပြတ်အောင် ခွါကြမယ် နွှာကြမယ်

.........................................................................

ကျုပ်တစ်ကောင် အသက်ခေါင်မိုးကပ်လာတော့ ဝဋ်နာ၊ ကံနာ၊ သံသရာနာတွေ တိုးလာသဗျာ။ ကိလေသာမကုန်သေးတော့ မသေမချင်း ကိလေသာ နှိပ်စက်ခြင်းကို ခံရတော့မှာပေါ့လေ။ သေခါနီးလေ ပိုဆိုးလေတောင်ဖြစ်လာသေး။

ကျုပ် အထူးပြောချင်တဲ့ ကိလေသာက တွေးတောယုံမှားခြင်း (ဝိစိကိစ္ဆာကိလေသာ) ဗျ။ ကိလေသာစက် သုံးထောက်ဝက်ဆိုတဲ့ ၁၅၀၀ ကိလေသာလည်း ပါမှာပေါ့။

ကျုပ် သေတွင်းသေဝရောက်လာလေ တွေးတောယုံမှားခြင်းတွေများလာလေ ဖြစ်နေသဗျာ။ ရတနာသုံးပါးအပေါ်မှာ ဒွိဟသံသယဖြစ်တာ မဟုတ်ပါဘူး။ အာဏာရှင်တွေ၊ အာဏာရူးတွေ၊ အာဏာမူးတွေရဲ့ လူ့ငရဲအကြွပ်ကြော်ဒယ်အိုးတွေအပေါ်မှာ တွေးတောယုံမှားခြင်း ဖြစ်နေမိတာကို ပြောတာပါ။ ဒယ်အိုးတွေ ချိုးခွာလို့ရမလား။ မရဘူးလား။ ခွာမလား။ မခွာဘူးလား။

ညှော်နံ့ဆိုးကလည်း ခါးသိုးနေတာပါကလား။ အဝီစိငရဲအိုးကြီးက ချိုးကပ်တဲ့ ညှော်နံ့လားဟဲ့။ လူတွေကြော်တဲ့၊ လှော်တဲ့ လူ့ငရဲအိုးကြီးက ချိုးကပ်တဲ့ ညှော်နံ့လားဟဲ့။ အာဏာရှင်စစ်သူရဲတွေရဲ့ တရှဲရှဲဆီပူထိုး ချိုးကပ်တဲ့ညှော်နဲ့ဆိုးလားဟဲ့။

မဖြစ်ချေဘူးကွယ်ရို့။ ငရဲအိုးတွေချိုးမကပ်အောင်တော့ ခွာကြမှ တော်မယ်ကွယ်။ ငါကိုယ်တိုင် အဲ့ဒီငရဲအိုးတစ်မျိုးမျိုးထဲ ဆင်းရဦးမှာလားတောင် မသိတာ။ ဆီပူအိုးဆိုတာ ချိုးရှိရင်နောက်ထည့်ပစ္စည်း ချိုးကြီးကပ်ဖို့ နီးသဟဲ့။

ငါ ဆီပူလောင်ပြန်ဦးမှာလား။ ချိုးကြွပ်ကပ် ပြန်ဦးမှာလား။
ဒီလိုပဲပေါ့ဗျာ။ တွေးတောယုံမှားခြင်းတွေ ကျုပ်ကို ညှဉ်းဆဲနေသဗျ။ အေးအေးသတ္တဝါတွေ ဆင်းရဲကင်းကြပါစေ။ အပူကင်းကြပါစေ။ ငရဲအိုးတွေချိုးမကပ်ကြပါစေနဲ့။ အမျှ အမျှ အမျှ။

ငရဲအိုးတွေကိစ္စ ပြောမယ့်သာပြောရတာ။ ကျုပ်တို့၊ ခင်ဗျားတို့ခေတ်မှာ စစ်အာဏာရှင်ငရဲအိုးတွေ အမျိုးအမျိုး ပေါ်ခဲ့တာဆိုတော့ ရိုးနေတဲ့ကိစ္စပဲပေါ့လေ။

အခု သမ္မတဦးသိန်းစိန် အစိုးရခမျာလည်း အဲဒီငရဲဆီပူအိုးတွေကို ချိုးခွာရမယ့် တာဝန်ကြီး ပိနေရှာတယ်။ သနားစရာပဲဗျာ။ သမ္မတကြီးလည်းချွေးတလုံးလုံးနဲ့ဗျာ။ စစ်အာဏာရှင်တွေကြော်ခဲ့၊ လှော်ခဲ့ကြတာဗျ။ အဲဒီတုန်းက ဗိုလ်သိန်းစိန်တစ်ယောက် မှူးကြီး-ချုပ်ကြီး ဗိုလ်ရာဝင်ပြီလား။ ရှေ့တန်းရောက်နေပြီလား၊ မသိပါဘူးဗျာ။ အဲ ဗိုလ်ချုပ်ကြီးတွေ လက်စွမ်းပြခဲ့ကြတဲ့ ဖိနှိပ်မှုတွေ၊ ချုပ်ချယ်မှုတွေ၊ ပိတ်ဆို့မှုတွေ၊ ဟန့်တားမှုတွေက နည်းမှတ်လို့။ အဲဒါတွေရဲ့ သင်္ကေတ ပြယုဂ်ဖြစ်တဲ့ မတရားဥပဒေတွေ၊ အမိန့်ကြေညာချက်တွေ၊ စည်းကမ်းနည်းလမ်းတွေ၊ ညွှန်ကြားချက်တွေ ဆိုတာကလည်း များမှများ။ တစ်ပြည်လုံး ပလူပျံနေတာလေ။

လွန်ခဲ့တဲ့ နှစ်ပေါင်းအစိတ်အတွင်း လူငယ်ကျောင်းသား၊ ရဟန်းရှင်လူအများကို ထောင်ငရဲအိုးတွေမှာ ကြော်ခဲ့၊ လှော်ခဲ့သဗျ။ စစ်ထောက်လှမ်းစခန်းတွေမှာလည်း ထိုနည်းလည်းကောင်း။ အဓမ္မအလုပ်စခန်းတွေမှာလည်းအလားတူစွာပေါ့။ မီးပြင်းတိုက်၊ ဆီပူထိုး၊ ချိုးကပ်အောင် ကြော်သပေါ့လေ။ အဲဒီမီးပြင်းတွေ၊ အဲဒီဆီပူတွေဆိုတာက ပြောခဲ့တဲ့ မတရားဥပဒေတွေ၊ အမိန့်ကြေညာချက်တွေ၊ စည်းကမ်းနည်းလမ်းတွေ၊ ညွှန်ကြားချက်တွေပဲပေါ့ဗျာ။

တကယ်တမ်းပြောမယ်ဆိုရင် အာဏာရှင်ခေတ်ဆိုးရဲ့ ချိုးတွေက ကျုပ်တို့တစ်မျိုးလုံးကို ကပ်နေတာဗျ။ အဲဒါတွေကို ကျုပ်တို့ တစ်မျိုးလုံးပဲ ကုန်းရုန်းတွန်းတိုက် မိုက်မိုက်ကန်းကန်း ခွာကြရမှာဗျ။ ခြစ်ကြရမှာဗျ။ ချွတ်ကြရမှာဗျ။ ပွတ်ကြရမှာဗျ။ ဖဲ့ကြရမှာဗျ။

ဒီနေ့ ကျုပ်တို့ လူ့ဘောင်အဖွဲ့အစည်းမှာ ခါးခါးသီးသီး တွေ့ကြုံခံစားနေကြရတဲ့ ရခိုင်ပြဿနာ၊ ကချင်စစ်ပွဲ၊ လက်ပံတောင်း သယံဇာတိကျိန်စာ၊ လယ်မြေအဓမ္မသိမ်း၊ စက်မှုကျွန်ခိုင်း၊ ပညာရေးဦးနှောက်ချောင်၊ ကျမ်းမာရေးလူညွန့်တုံး၊ အလုပ်သမား-လယ်သမား-လက်လုပ်လက်စား ဘဝပျက်၊ အရာရှိ-အရာခံ ဝန်ထမ်းလုပ်သား အကျင့်ပျက်၊ ပြည်သူတိုင်းရင်း ဆင်းရဲတွင်းနက်၊ စာနယ်ဇင်း အလင်းမဆောင်နိုင်၊ လွှတ်တော်ထဲက မရွေးအမတ်အသံ၊ အာဏာကပ်ပါး ခရိုနီတို့ရဲ့ခြေလှမ်း၊ အားလုံးပေါ့လေ။ စစ်အာဏာရှင်ခေတ်ဆိုးရဲ့ချိုးတွေဗျ။ ခွာကြဟေ့၊ ခွာကြ။

အဲ..... အဲ..... အညစ်ဆုံး၊ အမှောင်ဆုံး တဒယ်အိုးလုံးကို မီးသွေးတုံးကြီးလို စွဲကပ်နေတဲ့ ၂၀၀၈ အခြေခံဥပဒေဆိုတဲ့ ချိုးကြီးကိုလည်း ခွာကြရဦးမယ်ဗျ။

သမ္မတဦးသိန်းစိန် အစိုးရလည်းလက်ပိုက်ကြည့်မနေရှာပါဘူး။ ရွှေသမင်ဘယ်ကထွက် မင်းကြီးတာက ထွက်စရိုက်မကျင့်မိလေအောင် အလိုက်သင့်ကလေး စစ်အာဏာရှင်စနစ်ဆိုးချိုးတွေနွှာ၊ အိုးတွေခွာပေးနေတယ်ဗျာ။ ၁၉၈၈ ကတည်းကထုတ်ခဲ့တဲ့ အာဏာသိမ်း စစ်အစိုးရရဲ့ အမိန့်ကြော်ငြာစာ ၂/၈၈ ကိုနှစ်အစိတ်ပြည့်လုတဲတဲလေးမှာ ရုပ်သိမ်းလိုက်တာကြည့်။

ကောင်းတယ်။ ကောင်းချီးပေးကြပါ။ သရီးချီးယား ဟစ်ဟစ်ဟူးရေးလို့ ဘိုလိုအော်ချင် အော်ကြပါ။

သမ္မတကြီးဟာ နှလုံးသမားဗျ။ ဟိုနှစ်လုံးသမား ပြောတာမဟုတ်ပါဘူး။ နှလုံးရောဂါသမားလို့ပြောတာပါ။ နှလုံးသမားဆိုတာ စိတ်မချရဘူး။ အဲဒီရောဂါမျိုးက တစ်နေ့ရွှေ၊ တစ်နေ့ငွေဗျ။ တစ်နေ့နေ၊ တစ်နေ့ အဲ ..... အဲ .... သက်တော်ရာကျော်ရှည်ဆိုတာမျိုးဗျ။

ကျုပ်တို့ ငယ်ငယ်တုန်းက ခေတ်စားခဲ့တဲ့ သီချင်းတစ်ပုဒ်ကို အာဖြဲဟစ်လိုက်ချင်စိတ် ပေါက်လာတယ်ဗျာ။ ကျုပ် သူငယ်ပြန်တာ မဟုတ်ပါဘူးနော်။ သူငယ်ပျော်တယ် ဆိုချင်ဆိုပါ။

ကိုင်း .... ကိုင်း ... ကျုပ်နဲ့အတူ အတင်းအာဖြဲ သီချင်းကဗျာ ဟဲကြစို့။

“နည်းတယ် များတယ် သဘောမှာ မထားလို့ရယ် နှလုံးသမားကို တအားကူမယ် စစ်အာဏာ ချိုးအထပ်ထပ် မျိုးပြတ်အောင် ခွာကြဟယ် နွှာကြမယ် .... ” ကိုင်း ..... ငရဲပြည်ကို၊ ငရဲကျွတ်တို့၊ ငရဲလူထွက်တို့ ....။

..... သမ္မတ ထောက်ခံကဗျာတေးကို ကျကျနန နောက်တစ်ပြန် လျှာသွေးလိုက်ကြပါဦး။ ဝမ်း .... တူး ... သရီး ...

“ နည်းတယ် များတယ် သဘောမှာ မထားလို့ရယ် .... .... .... စစ်အာဏာ ချိုးအထပ်ထပ် မျိုးပြတ်အောင် ခွာကြဟယ် နွှာကြမယ်”။ ။


ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်း ဂျာနယ်။ အတွဲ(၂)၊ အမှတ်(၅)

အကျန်အကြွေင်းတွေရဲ့  နားပန်ကျင်း မခံရအောင် ဒုံရင်းတွေကို ဒီမိုကရေစီဇာတ်အကုန်သွင်းကြ။



ကျုပ်က အသက်တွေ ကြီးခြင်းမကကြီးလာတော့ ခြေထောက်ကလည်း တုန်တုန်ဆိုင်း၊ ဦးနှောက် ကလည်း မှုန်မှုန်မှိုင်း။ ရိုင်းလိုက်တဲ့လူကလေးတွေ ဗျာ။ မတော်တရော်တွေ မေးခွန်းလာထုတ်ကြတယ်။ ကျုပ်ဖြင့် ပြော မပြော ချင်ပါဘူး။ မေးတဲ့ဟာကလည်း ကြည့်အုန်းလေ။ ဘာတဲ့။

"ဒီနေ့တစ်ပြည်လုံးမှာ ဆန္ဒပြပွဲတွေ အုန်းအုန်းထနေတယ်။ အဘ ဘယ်လို ထင်သလဲ။ ဒီလူတွေနောက်ကြောင်းပြန်ဖို့ခြေလှမ်း ပြင်လာကြသလားဗျာ” တဲ့။"

ကျုပ်ဘာသိမှာလဲ။ နောက်ကြောင်းပြန်ဆိုတာဘာလဲ။ ခြေလှမ်းပြင်ဆိုတာ ဘာလဲ။ ကိုယ့်ကိုယ်ကိုတောင်မှ အနိုင်နိုင်ရယ်။ မယိုင်မလဲ၊ မရွဲမယိုအောင် အတော်ထိန်းနေရတာ။ ဟေ့သူငယ်.....နောက်ကြောင်း၊ နောက်ကျွမ်းတွေလာပြောမနေနဲ့။ မသိဘူးဟေ့။

ကိုယ်တော်ချောလေးက အတော်စကားကြော ရှည်တယ်။

“ဟာ အဘကလည်း ၊ နောက်ကျွမ်းပစ်တာ မပြောပါဘူး။ နောက်ကြောင်းပြန် တာပြောနေတာဗျ”

"မကြားဘူးပေါင်ကွာ၊ ဟိုစစ်သားတွေ နောက်တန်းပြန်တယ်ဆိုတာမျိုးပဲ ကြားဘူးပါတယ်"

“အဲ့ဒါပြောတာပေါ့ အဘရဲ့။ စစ်တပ်က ရှေ့တန်းထွက်တာ တို့၊ နောက်တန်း ပြန်တာတို့ ဆိုတာတွေ လုပ်နေကျဆိုတော့ အခုရော နောက်တန်း နောက်ကြောင်းပြန်ဦးမှာလားလို့ မေးနေရတာပေါ့။ ဒီမိုကရေစီ လုပ်မယ်ဆိုရာက နောက်ပြန်ဆုတ်မှာလားမေးတာဗျို့”

"နေပါဦး၊ စစ်အစိုးရက ဘယ်တုန်းက ရှေ့တန်းရောက်နေလိုက်တာလဲ”

“သေပါတော့အဘရယ် စစ်အစိုးရ ပြောတာမဟုတ်ဘူး။ သမ္မတကြီးဦးသိန်းစိန် အစိုးရ တက်လာချိန်ကတည်းက ဒီမိုကရေစီ နိုင်ငံရေးအပြောင်းအလဲတွေလုပ်နေပြီလို့ကြေညာထားတာလေဗျာ

“ဟေ့ကောင် သေစကားတော့ လာမပြောနဲ့။ ဒီမိုကရေစီသံကြားလေ၊ ငါမသေချင်လေကွ”

“ချင်ချင် မချင်ချင်ဗျာ၊ ဒီမိုကရေစီဆိုလား၊ ဘာဆိုလားကြီးကတော့ သေစော်နံ လာနေပြီနဲ့တူရဲ့”

“ဟေ့.....ဟေ့ အဲ့ဒီဟာကြီးဆိုတာက ဘယ်တုန်းကမှ မရှင်ခဲ့တာ။ ဘာသေစော်နံရမှာလဲကွ။ အဲ့ဒါကြီးနောက် ကြောင်းပြန်မှာလားတို့၊ နောက်ကျွမ်းပစ်မှာလားတို့ လာမမေးနဲ့။ ဘာမှမလုပ်ဘူးလဟဲ့။ စိတ်ချ။ နဂိုကတည်းက ဒုံရင်း ဒုံရင်းကွ”

ဒီခေတ်ကလေးတွေ တယ်ဒုံးဝေးကြသဗျာ။ ဘာကြောင့်များ ဒီလိုမေးခွန်းတွေ ထုတ်နေကြပါလိမ့်။ ဒါနဲ့မေးကြည့်မိတယ်။

“နေပါဦးကွဲ့။ ဘာဖြစ်လို့ မင်းတို့က ဒီမိုကရေစီ သေစော်နံလာပြီ ပြောနေရတာလဲ”

“ဟာအဘကလည်း ‘ဒိတ်အောက်’ နေပြန်ပါပြီ။ မကြားမိဘူးလားဗျာ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်ပေးတောင်းဆိုနေကြတာ။ မကြားမိဘူးလားဗျာ။ ဒေသခံလူထုရော၊ ဒေသဝန်းကျင်လူထုရော ဝိုင်းကူဆန္ဒပြနေကြတာ။ မမြင်ဘူးလားဗျာ။ သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲခဲ့လို့ သံဃာတော်တွေ မီးလောင်ဗုံးစာမိခဲ့တာ”

“စစ်အစိုးရပဲကွာ၊ ဒီလောက်တော့ လက်သံပြောင်လိမ့်မပါ့”

“ဟာအဘကလည်းလုပ်ပြန်ပြီဗျာ။ ဘယ်ကလာ စစ်အစိုးရလဲဗျာ၊ ဘောင်းဘီချွတ်လိုက်ပြီဗျ။ အရပ်သားအစိုးရဗျို့၊ အရပ်သားအစိုးရ။ လွှတ်တော်ကြီးလည်းပေါ်ပြီဗျာ။ စာနယ်ဇင်းတွေလည်းဆော်ပြီဗျာ

“ဟ.....ဟ ဘာဆော်တာလဲ”

“မှားလို့ အဘရေ မှားလို့။ ပျော်နေပြီ ပြောတာပါ။ သမ္မတရုံးဝန်ကြီးတစ်ပါး မီဒီယာတွေနဲ့တွေ့သတဲ့။ ပြောသတဲ့။ သမ္မတကြီးကို ပျော်အောင် ထားကြပါတဲ့။”

“အကောင်းသားပေါ့ကွဲ့။ နှလုံးရောဂါသမား သနားပါတယ်။ ပျော်ပျော်နေပလေ့စေကွယ်”

“အဲ့လိုလည်း မဟုတ်သေးဘူးအဘရဲ့။ သူ့ခမျာ ဘယ်မှာ ပျော်အားပါ့မလဲဗျာ။ တစ်ပြည်လုံးနှံ့ သပိတ်ကင်ဆာရောဂါ ပြန့်နေပြီဗျာ။ သမ္မတကြီးက ဟိုကော်မရှင်ဖွဲ့၊ ဒီကော်မရှင်ခိုင်း လုပ်နေလို့သာ တိုင်းပြည်က ငြိမ်ကုပ်ကုပ်ဖြစ်နေတာ အဘရဲ့။ အေးလှတာမဟုတ်ဘူး။ သပိတ်စုံရင်တော့လား။ သူပုန်ဆိုလား ဘာဆိုလား၊ ထမှာ ကြွမှာများတောင် စိုးရသတဲ့”

“မဟုတ်မဟတ်တွေကွယ်။ ဖွဟဲ့လွဲပါစေ၊ ဖယ်ပါစေ။ ဒါတွေကြောင့် နောက်ကြောင်းပြန်မှာလားတွေ ဒါတွေအတွက် ရင်လေးတွေးပူ ပြောနေကြတာနဲ့ တူရဲ့။ အေးလေ။ တွေးလည်းကြောက်မနေကြနဲ့ကွဲ့။ အစိုးရများကတော့ အရိပ်အကဲစောင့်ကြည့် နေဟန်တူပါရဲ့။ ဒီနေရာမင်းတို့တစ်တွေသိရမယ့် စကားလေးတစ်ခွန်းရှိသကွဲ့။ အဲ့ဒါကတော့....”

“ဘယ်လိုတုံးဗျ။ ပြောပါဦးဗျ”

“ဒေါ်အောင်ဆန်းကြည့်ရဲ့စကားကွဲ့။ အစိုးရနောက်ကြောင်းပြန်လှည့် မလှည့်ဆိုတာလူထုအပေါ်မူတည်သတဲ့။ နောက်ကြောင်းလှည့်အောင်လည်း လူထုပဲလုပ်နိုင်သတဲ့။ နောက်ကြောင်း မလှည့်အောင်လည်း လူထုပဲလုပ်နိုင်သတဲ့။ မှတ်သားစရာပေါ့ကွယ်”

“ဒီလိုဆို ကျွန်တော်နဲ့ လူထုနဲ့တွဲပြီး အစိုးရနောက်ကြောင်းမပြန်အောင်ဝိုင်းတွန်းကြရမှာဗျို့”

“အေးပေါ့ကွယ်။ လုပ်စရာရှိတာ လုပ်ကြပေါ့။ ငါပြောချင်တာကတော့ နောက်ကြောင်းပြန်တာတွေ မပြန်တာတွေ သိပ်ပြောမနေပါနဲ့ကွာ။ နောက်ကြောင်းအကျန်အကြွေင်းတွေက အာဏာပိုင်တွေ ကြားမှာရှိတုန်းလဟ။ ဒီနေ့လူထုကို နားပန်ကျင်းနေတာ သူ့တို့လဟဲ့။ ဒီနေ့ဘုန်းကြီးတွေကို မီးအရုဏ်ဆွမ်းကပ်နေတာ သူတို့လဟဲ့။ တို့ဒီနေ့တကယ်လုပ်ရမှာက အဲဒီ ‘ကျန်စစ်သား’ တွေရော၊ အစိုးရရော၊ လွှတ်တော်တွေရော၊ မီဒီယာတွေရော အားလုံးကို ဒီမိုကရေစီလမ်းကြမ်းပေါ် တွန်းတင်ကြဖို့ပဲကွဲ့။ ဒီမိုကရေစီလမ်းကြောင်းအတိုင်းဝိုင်းဆွဲခေါ်ကြဖို့ပဲကွဲ့”။ ။


ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ အတွဲ(၁)၊ အမှတ်(၄၈)

ကျေးဇူးရှင်တွေ ပေါတယ်များတယ် ဆပ်လို့ ရယ်ကုန်နိုင်ပါ့ မလားကွယ်



ကျုပ်ဆိုတဲ့ ကျုပ်ကလည်း သေ.....မသေနိုင်ဘူးဗျာ။ ရှစ်ဆယ်ကျော်လှပြီ။ သေပါတော့လား။ မသေသေးဘူးဗျ။ ဘယ်တန်ခိုးရှင်ကများ ညိုမာန်နဲ့အပိုအလျှံ အိုဒဏ်ပေးလေတယ်မသိပါဘူးဗျာ။တကယ်ပါပဲ။ ၂၀၁၂ ကုန်ခါနီးပြန်ပြီ။ ကျူပ်ကမသေရေးချ မသေသေးဗျ ဖြစ်နေတယ်ဗျာ။

ဘယ်တန်ခိုးတော်ရှင်ကများ “ဟဲ့နိုင်ငံရေးကောင်။ နင်မသေရသေးဘူး။ နင်တို့ကို ထောင်စာကျွေးခဲ့တဲ့ ပေါင်ဒါအဖွေးသား စစ်အာဏာရှင် ကိုယ်တော်ချောတွေရဲ့ နာရေးကြော်ငြာ အကြီးအကျယ်တွေကို ဖတ်ပြီးမှ သေကြဟဲ့”လို့အမိန့်တော်မြတ်ချမှတ်တော်မူလေသလားမသိပေါင်ဗျာ။

ကျုပ်တို့နိုင်ငံရေးအကျဉ်းသားဟောင်းတွေကထောင်ကြိုခေတ် ထောင်ပြင်မှာလည်းငတ်ခဲ့ပြီဗျာ။ ထောင်တွင်းခေတ်မှာ ထောင်ထဲမှာလည်း ငတ်ခဲ့ပြီဗျာ။ အခု ထောင်လွတ်ခေတ် ထောင်ပြင်မှာလည်း ငတ်နေဆဲဗျာ။ ဗမာတစ်ခွင်မဟာသခင်ဆိုတဲ့ အာဏာရှင်ဟောင်းတွေကတော့ လက်ညှိုးညွှန်ရာ ငွေဖြစ်နေကြတဲ့သူတွေဗျ။

ဘယ်သူ ဘယ်ဝါ ဘယ်ကလောက် ငွေဖြစ်ခဲ့ကြသလဲ။ ကျုပ်မသိပါဘူး။ စစ်အာဏာရှင်ဟောင်းတွေကတော့ လက်ညှိုးတထိုးထိုး လုပ်နေကြလေရဲ့ဗျာ။ ငွေတွေကလည်း ဖြစ်-ဖြစ်နေလေသကိုး။

ကြားကြမှာပေါ့။ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့အပေါင်းပါတစ်စုရဲ့အိမ်တော်ပါတွေအတွက် အပိုထောက်ပံ့ကြေးဆိုတာ တောင်းထားတာလေ။ လူကလည်း သိပ်မများပါဘူး။ ထမင်းချက်၊ တံမြတ်လှည်း၊ ဥယျာဉ်ထဲ ရွက်ကြွေကောက်၊ ထဘီခေါက်၊ ဆံပင်ဆိုး၊ ဘိုးဘိုးကြီးအနှိပ်တော်ဆက်၊ အဘက်ဘက်အဖုံဖုံ လုပ်ငန်းတွေ စုံတကာစေ့အောင် ခိုင်းထားတဲ့လူတွေလေ။ နည်းတော့ မနည်းဘူးပေါ့။ များတော့ကော ဘာဖြစ်ရဦးမှာလဲဗျာ။

အခု ပြည်ထောင်စု လွှတ်တော်မှာ တောင်းထားတာက လူပေါင်း ၄၀၀ ကျော်လောက်အတွက်ပါ။ ငွေကလည်း ကျပ်သိန်းပေါင်း ၁၇၀၀ လောက်ပါ။ ဒါလေးများ စကားထဲတည့်ပြောနေရဦးမှာလားဗျာ။ ဟဲ.......ဟဲ။

လူကြီးတွေ၊ လူကြီးကတော် တွေ၊ လူကြီးသားတော်-သမီးတော်တွေကို ရေပူ-ရေချမ်း ကမ်းနေသူတွေ မဟုတ်လား။ လူကြီးတွေက ကျေးဇူး ရှင်တွေဆိုတော့ သူတို့လည်း ကျေးဇူးရှင်ကြီးတွေရဲ့ ကျေးဇူးရှင်လေးတွေလေဗျာ။

အဲ့ဒီ ကျေးဇူးရှင်ကြီးတွေတို့ ဆိုတာက အခုနိုင်ငံတော်သမ္မတကြီးတို့ဆိုသူတွေရဲ့ ကျေးဇူးရှင်တွေလေဗျာ။ ကျေးဇူးသိရမှာပေါ့။ မင်္ဂလာ တရားတော် မမေ့ကြနဲ့နော်။

နိုင်ငံတော်သမ္မတကြီးတို့ကတော့ မမေ့လို့ပဲ အဲ့ဒီလို ကျေးဇူးရှင်တွေကို ထောက်ပံ့ဖို့သူ့ရဲ့လစာရိက္ခာ တော်တွေကိုတောင် ဖြစ်ညှစ်လျှော့ပေါ့ ယူနေရှာတယ်ဗျ။ တစ်လမှ တစ်ဆယ့်ငါးသိန်း လောက်ပဲယူရှာတာ ကြည့်လေ။ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေက သာခွေယိုင် မဟုတ်လား။ ကောင်းလှတာမဟုတ်ဘူးလေဗျာ။ သူတို့အလိုက်ကမ်းဆိုးသိရှာပါတယ်။

ကျူပ်ကတော့ ခေါင်းသုံးလုံးရွယ် ဆိုတော့ခါးကုန်းလေ၊ အကျယ်မြင်လေ၊ အရှည်တွေးလေ ဖြစ်နေ တယ်ဗျာ။

ကျေးဇူးသိတတ်တဲ့ သမ္မတအစိုးရရဲ့ ဝန်ကြီးတစ်ပါးက လက်ပံတောင်းကြေးနီတောင်မှာ ကယောင်က တမ်းအပြေးအလွှား မိန့်ခွန်းစကားတွေ ခြွေခဲ့တယ်ဗျာ။ ဘာတွေပြောမှန်းမသိပါဘူး။ ဝန်မင်းရဲ့ စကားတစ်ချို့ ကိုတော့ ဟိုက၊ ဒီက ကြားလိုက်ရသဗျ။ ဝန်းမင်းကပြောတယ်တဲ့။ တရုတ်ပေါက်ဖော်တွေရဲ့ ကျေးဇူးတော်ကို မ မေ့ကြနဲ့တဲ့။ တရုတ်နိုင်ငံဟာ ကျေးဇူးရှင်ကြီးတွေတဲ့။ တရုတ်ကျေးဇူး ဧရာမကြီးသတဲ့။ ကြေးစင်တောင်ထက် ကြီးတယ်။ မြင်းမိုရ်တောင်လောက် ကြီးတယ်လို့ ဆိုလိုတာနဲ့တူပါရဲ့။

ကျုပ်က ဒီလို တွေးကြောက်မိသဗျာ။

တရုတ်မွေးလို့ အမွေး-အတောင်ပေါက်တဲ့ စစ်အာဏာရှင်ကြီးတွေကိုတောင် ကျုပ်တို့ ဒီလောက် ကျေးဇူးသိနေကြရမှာလား။ တရုတ်ကိုယ်တော်ကြီးတွေကိုဆိုဘယ်ပြောကောင်းမလဲ။ တော်ကြာ သမ္မအစိုးရမင်း များက တရုတ်ပေါက်ဖော် ကျေးဇူးတော်ကို သိကြဟဲ့၊ ဆပ်ကြဟဲ့ဆိုပြီး လွှတ်တော်တင်လား၊ တောင်းလား ဆိုလား၊ ဆုံးမလား လုပ်လာရင်၊သက်သာမှာ မဟုတ်ဘူးဗျို့။

ကျုပ်ခမျာ ဒီလိုတွေးကြောက်တာတွေလည်း ရှိသဗျ။

စစ်အာဏာရှင်ကြီးတွေဟာ ကျုပ်တို့ရဲ့ ကျေးဇူး ရှင်တွေလား၊ မဟုတ်ရေးချ မဟုတ်ဗျ။ စစ်အာဏာရှင်ကြီးတွေက
စစ်အာဏာရှင် အသေးစားတွေ၊ ချွတ်တားဝါး လားတွေရဲ့ ကျေးဇူးတော်ရှင်တွေသာ ဖြစ်ကောင်းဖြစ်မှာ ပေါ့ဗျာ။ ဒီအတိုင်းပဲ။ တရုတ်ပေါက်ဖော်တွေဆိုတာ စစ်အာဏာရှင်ကြီးတွေရဲ့ ကျေးဇူးတော်ရှင်တွေသာ ဖြစ်ပေမှာပေါ့ဗျာရယ်လို့ မကြောက်မတမ်း ပြောချင်သဗျ။

ဘာပြောပြောဗျာ။ ကျုပ်ကတော့ ပူမိတယ်ဗျာ။ အစိုးရက တရုတ်ကျေးဇူးတော်ကို ဆပ်ကြရမဟဲ့ဆိုပြီး အမိန့်တော်မြတ် ချမှတ်မယ်ဆိုပါတော့။ ငါမသေခင် ထမင်းမှ ဝအောင်စားသွားရပါ့မလားရယ်လို့ ဗိုက်တပွတ် ပွတ် ဖြစ်နေမိသဗျာ။

ကျုပ်ရဲ့ဥာဏ်တစ်မိုက်တစ်ထွာနဲ့ မိုက်ရာကျကျ ပြောလိုက်မယ်။ စစ်အာဏာရှင်တွေရဲ့ ကျေးဇူးဆိုတာ တိုင်းပြည်အပေါ်မှာ မူးလို့တောင် ရှူစရာမရှိဘူးဗျ။ နေပြည်တော် ဆောက်တာ ဘာညာတွေ လာဖြီးမနေနဲ့။ လမ်း၊ တံတားဆောက်တာ ဘာညာတွေ လာဖိန်းမနေနဲ့။ အဲ့ဒါ တိုင်းပြည်ရဲ့ သယံဇာတ ရင်း မြစ်တွေကိုတူးဆွခြေမွ အမှုန့်ကြိတ်ရောင်းရလို့ ငွေတွေနဲ့ ဆောက်တာ၊ဖောက်တာတွေဗျ။ နှောက်တာ၊ ဖျောက်တာတွေတောင် လုပ်ခဲ့ကြသေးမဟုတ်လားဗျ။

ကျေးဇူးဆပ်ဖို့ ကျေးဇူးရှင်တွေကိုစာရင်းတင်စမ်းဟေ့လို့ ကျုပ်ကို ခိုင်းကြည့်။ ရှစ်လေးလုံး အရေး တော်ပုံကြီးမှာ သွေးချောင်းစီးခဲ့သူတွေကို ကျုပ်စာရင်းတင်မှာပဲ။ အရေးတော်ပုံ အဆက်ဆက်ဘဝပျက်ခဲ့သူတွေ ကို ကျုပ်စာရင်းတို့မှာပဲ။

ဒီနေ့ ကျုပ်တို့ စစ်ကျွန်ဘဝကလွတ်မြောက်၊ စစ်အာဏာရှင်အောက်က ရုန်းထွက်၊ လွတ်လပ်မှုအ သက် မျှင်းမျှင်းလေးရှူနိုင်တဲ့ ဘဝရောက်ကြရတာဟာ အဲ့ဒီအရေးတော်ပုံတပ်သားတွေရဲ့ကျေးဇူးတော်အစုံ ဂုဏ်တော် အနန္တကြောင့်ဗျ။

အဲ့ဒီ ကျေးဇူးရှင်တွေကို ဘယ်သူကျေးဇူးသိမှာလဲ။ ဘယ်လို ကျေးဇူးဆပ်မှာလဲ။

အဲ့ဒါတွေကတော့ ဥပဒေပြုမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တို့ သွားဖြီးတမြမြအားကြီးတပြပြ လုပ်နေကြတဲ့ လွှတ်တော်တွေက ပဲ ရုပ်လုံးဖော်နိုင်ကြမှာပါဗျာ။ ။


ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ အတွဲ(၁)၊ အမှတ်(၄၆)

ထိပ်ထားလမ်းလား သေနာလမ်းလား လမ်းကောင်းရွေးမှပြည်ရေးလှမယ်

ကျုပ်က အသက်တော်တော်ကို ကြီးလာခဲ့ပြီလေ။ ဒီတော့ လူလိမ္မာ ပီပီ သံဝေဂလေး ရသပေါ့ဗျာ။ သံဝေဂဆိုတာ သံသရာမှ ထိတ်လန့်ကြောက်ရွံ့ခြင်းလို့ဆိုသဗျ။ ဘဝမှာ အလကားနေ အသေစောင့်ရင်း ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ ဝတ္ထုတွေကလည်း ရှိပေသကိုး။

ကြားဖူးတယ် မဟုတ်လား။ ဗြဟ္မာ့ဘုံ၌ ခံရခြင်းဟာလည်း ဆင်းရဲပဲတဲ့။ အဲဒါ ကြောက်ရွံ့ ထိတ်လန့်စရာပဲတဲ့။ ဗြဟ္မာ့ဘုံမှာ စံစားရခြင်းကိုတောင် ကြောက်စရာဆိုမှတော့ ကျုပ်တို့လို တိရစ္ဆာန်ဘုံမှာ ခံစားနေရသူတွေအဖို့ ဘာများပြောစရာ လိုတော့မှာလဲဗျ။

အားလုံးအကြားပဲလေ။ ဗြဟ္ဓာဘုံနဲ့တူတဲ့ နေပြည်တော်ဘုံမှာ စံစားနေကြတဲ့ ပုဂ္ဂိုလ်ကြီးတွေကို ကြည့်။ အိမ်က ထမင်းချက်၊ တံမျက်လှဲကိုတောင် လခမပေးနိုင်ရှာကြတော့ဘူးနဲ့ တူရဲ့။ နိုင်ငံတော်ကို ငွေတောင်းနေကြတယ်လေ။ ကျပ်သိန်း နှစ်ထောင်လောက် ဆိုလား ဘာလားမသိပါဘူး။ အော်.........ဆင်းရဲ......ဆင်းရဲ။

ဒါနဲ့ကျုပ်စိတ်ထဲ လူ့ငရဲထောင်ဘဝကို ပြန်လည်တမ်းတ လွမ်းသမိသဗျာ။ ကောင်းတာရယ်လို့ ဘာမှမရှိတော့ မကောင်းတာ၊ ဆင်းရဲတာ၊ ငတ်တာ၊ ပြတ်တာ၊ နာတာ၊ ကျင်တာ၊ သေငယ်ဇော မျောတာတွေကိုပဲ လွမ်းသ တမ်းတရပေသပေါ့ဗျာ။

လယ်တီဆရာတော်ဘုရာကြီး ရေးဖွဲ့ဆုံးမတဲ့ ကဗျာတွေထဲကလို ငါတို့ “ အလကားတောမှာ ဗျာမောကျယ်” နေကြတာပါကလားလို့တွေးမိတယ်။ “ ခွင့်သာတုန်းမှာ မရုန်းချင်လျှင်၊ အရှုံးနင့်ပြင်ရှိသေးပေလိမ့်လား” ဆိုတဲ့စကားကိုလည်း အမှတ်ရမိတယ်။ ရုန်းကြရတော့မယ်ဗျို့။

လယ်တီဆရာတော်ဘုရားကြီးရဲ့ကဗျာတွေကို အမှတ်ရမိရာကနေ လက်ပံတောင်းကြေးနီစီမံကိန်းဒေသမှာ လယ်တီ ဆရာတော်ရဲ့သာသနာ့ဗိမာန်တွေကို တရုတ်ဝမ်ပေါင်ဆိုလား ပေါင်ဝမ်ဆိုလားက အပြောင်နှံပစ်ဖို့လုပ်နေတယ်ဆိုတာ ကြားနေပြန်သဗျာ။ စိတ်မချမ်းသာဘူး။ ဗမာမောင်ပိုင်ဆိုလား၊ ဦးပိုင်ဆိုလားနဲ့ ပေါင်းဖြိုနေကြ ဆိုလားပဲ။

နေပါအုန်း၊ အဲ့ဒီမောင်ပိုင်က ဘယ်လိုလုပ် တရုတ်နဲ့ပေါင်းမိ၊ ချိတ်မိတာလဲ။

ဟာဗျာ....ဇာတ်လမ်းက အရှည်ကြီးဗျ။ ဗမာအစိုးရက တရုတ်အစိုးရနဲ့ ကြေးနီလုပ်ငန်းသဘောတူစာချုပ်ချုပ်သတဲ့။ တရုတ်အစိုးရ လက်သုံးတော်ဝမ်ပေါင်ကုမ္ပဏီနဲ့ ဗမာအစိုးရလက်စွဲတော် ဦးပိုင်တို့ ပေါင်းပြီးမြေလှန်ကြတာတဲ့။ အဲ့ဒီမှာ လယ်တီ ဗိမာန်တွေပါ အပိုစွက်ပြီး အဖြိုအဖျက်ခံရတာလို့ မိတ်ဆွေတွေက ပြောကြတယ်။

မြေတွေလှန်၊ ယာတွေဖျက်၊ ရွာတွေပျက်၊ ရေတွေဆိုး၊ လေတွေလဲ သိုးကုန်သတဲ့။ ဒီတော့ ဒေသခံက ကန့်ကွက် ဆန္ဒပြကြသတဲ့။ စီမံကိန်းကြီးဖျက်သိမ်းဖို့ တောင်းဆိုသတဲ့။ ပါတ်ဝန်းကျင်က ပြည်သူတွေရော တစ်ပြည်လုံးက လူတွေရော၊ ကျောင်းသားတွေရော၊ ဘုန်းကြီးတွေရော ဝိုင်းကူလာကြသတဲ့။ သပိတ်စခန်းတွေဖွင့်ခဲ့ကြသတဲ့။ အစိုးရက သပိတ်စခန်းကို မီးလောင်ဗုံးဆိုလား၊ လောင်မီးဗုံးဆိုလားနဲ့ပစ်ပြီး အကြမ်းဖက် ဖြိုခွဲသတဲ့။

သမ္မတဦးသိန်းစိန်အစိုးရက လုပ်တာလား။ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးတစ်ပါးကတော့ နေပြည်တော်က အမိန့်အရ လုပ်တာလို့ဆိုတာပဲ။

အင်းလေ....စည်းကမ်းပြည့်ဝသော ဒီမိုကရေစီအစိုးရဆိုကိုး။
ဒီလောက်တော့ စီးမှာ ကန်းမှာပေါ့ဗျာ။ နေပါအုန်း။ ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း ပါနေဆို။

ပါတာပေါ့။ သူမပါလို့ဖြစ်မလားဗျာ။ တိုင်းပြည်ကြီး အမှိုက်ကစ ပြဿဒ်မီး လောင်တော့မယ့်ကိစ္စ။ သူက နိုင်ငံရေး မီးသတ်သမားပဲဟာ။

အစိုးရက သူ့ကိုအသုံးချတာပေါ့။ ဒေါ်စုစကားရှိတယ်လေ။ တိုင်းပြည်ကောင်းဖို့ကိစ္စမှာ သူ့ကိုအသုံးချရင်လဲခံမယ်တဲ့။ အဲ့ဒါပဲဗျ။ ထိပ်ထားလမ်းကြောင်းဆိုတာ။ ပြောပါအုန်း။ ဒီလိုဗျ။ ၁၉၉၃-၉၄ လောက်မှာ ကျုပ်အမေရိကန်သတင်းမဂ္ဂဇင်း Time တစ်စောင်ဖတ်ရတယ်။ ထောင်ထဲမှာ။ မဂ္ဂဇင်း မျက်နှာဖုံးက ဒေါ်စုရဲ့ပုံ မျက်နှာအပြည့်။ ဒေါ်စုပုံအောက်မှာ အဲဒီတုန်းက စစ်အာဏာရှင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးခင်ညွှန့်(ထောက်လှန်းရေးထိပ်သီး) ရဲ့ပုံ။ ခေါင်းစီးက The Lady and The General တဲ့။ ကျုပ်က ဆောင်းပါးကိုဘာသာပြန်၊ ပလပ်စတစ်ပေါ်မှာ သံချွန်နဲ့ရေး၊ ထောင်ထဲက ရဲဘော်တွေဆီဖြန့်။ ဘာသာပြန် ခေါင်းစီကို “ ထိပ်ထားနဲ့သေနာ” လို့တပ်လိုက်တယ်။ (သေနာဆိုတာ သေနာပတိကြီး ဗိုလ်ချုပ်မှူးကြီးလို့ ဆိုလိုတာပါ။ ထိပ်ထားရဲ့ နိုင်ငံရေးဟာ ဒီမိုကရေစီစနစ်။ သေနာရဲ့ နိုင်ငံရေးဟာ အာဏာရှင်စနစ်။ ထိပ်ထားရဲ့ နိုင်ငံရေး လုပ်ဟန်က ညှိနှိုင်း ဖြေရှင်းခြင်း။ သေနာရဲ့ နိုင်ငံရေးလုပ်ဟန်က အမိန့်အာဏာ။ (စည်းကမ်းလို့ တံဆိပ်ကပ်တယ်)။

ဒီနေ့ဖြစ်ပေါ်ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာတွေ၊ ပဋိပက္ခတွေ၊ အကျပ်အတည်းတွေ၊ လိပ်ခဲတည်းလဉ်းတွေ၊ ရှေ့တိုးထမ်းပိုး နောက်ဆုတ်လှည်းတုတ်တွေ၊ ရန်-ငါတွေ၊ သူမသာကိုယ်ဈာပနတွေ။ ဒါတွေအားလုံးရဲ့ ဇစ်ဖြစ်က ဘာလဲ။

ချုပ်ပြောရင် ရှင်းတယ်ဗျ။ ဒီနေ့ ကျုပ်တို့ ဘယ်လမ်းလိုက်မလဲ။ ထိပ်ထားလမ်းလား။ သေနာလမ်းလား။ တစ်လမ်းလှမ်းရင် တစ်လမ်းခွာရမယ်ဗျ။ ဒီမိုကရေစီလမ်းလား။ အာဏာရှင်လမ်းလား။ အမိန့်အာဏာလမ်းလား၊ ညှိနှိုင်း ဖြေရှင်းလမ်းလား။ ရွေးကြပေတော့။

ဒီမိုကရေစီထိပ်ထားလမ်းသစ်လမ်းကောင်း ရှေ့မှာရှိတယ်။ အာဏာရှင်သေနာလမ်း ဟောင်းလမ်းဆိုးလဲ ရှေ့မှာပဲရှိသေးတယ်။

ထိပ်ထားလမ်းရွေးကြရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြခံဥပဒေဆိုတာကြီး ကို ပြင်ရမယ် ဗျ။ ပြောင်းရမယ်ဗျ။ ဖြုတ်ရမယ်ဗျ။ ဖျက်ရမယ်ဗျ။ ။ ။


ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ အတွဲ(၁)၊ အမှတ်(၄၇)

Tuesday, 28 May 2013

ဖတ်သင့်တယ်ထင်လို့ ဒေါင်းမာန်ဟုန်မှကူးယူတင်ပြပါသည်။

Posted: 26 May 2013 07:27 AM PDT
ပူလိုက်တာဗျာ။ လူတစ်ကိုယ်လုံးလည်း ငါးဖန်းမကြပ်တိုက်လို ဖြစ်နေပြီ။ ဒီကြားထဲ မိုးသံလေသံတွေ ကြားလာရတယ်။ မုန်တိုင်းသံတောင် ပါသေးသဗျ။ ကျုပ်လည်း ပျော်ပြုံးရာက ဝါးလုံးကွဲ ဟားတိုက်လိုက်မိပါသဗျ။

ပျော်ရာကပြုံး၊ ပြုံးရာက ဟားတိုက်မိတာကတော့ ဒီလိုကြောင့်ပါဗျာ။ ရယ်စရာ ရွှင်စရာတွေ ဆိုတာကလည်း ပေါင်းစုံဝေဖြာကြပေသကိုးဗျာ။

ကြားလိုက်ကြရဲ့ မဟုတ်လား။ စစ်အာဏာနန်းကျဟောင်းကြီး တစ်ဆူက သူတော့ဖြင့် ပါတီနိုင်ငံရေးလုံးဝ (လုံးဝ) မလုပ်တော့ပါဘူးတဲ့။ သာရေး၊ နာရေး၊ သာသနာရေးပဲ ဆောင်ရွက်ပါတော့မယ်တဲ့။ ဒီလိုစကားမျိုးကြားတော့ ကျုပ် ဝမ်းသာတာပေါ့။ ဝမ်းသာတော့ ဟားတိုက်မိတာပေါ့ဗျာ။

ကျုပ်တို့ရဲ့ မြန်မာနိုင်ငံရေးလောကမှာ ဒီလိုရယ်စရာ (အဲအဲ ပျော်စရာစကား) တွေကကြားရမြဲလေဗျာ။ ကျုပ်ကတော့ အဲဂလို စကားမျိုးတွေကြားရတိုင်း ရယ်မိတာပဲ။ ပျော်စရာကောင်းတဲ့စကားတွေကိုးဗျာ။ ကျုပ်တို့သာ ပျော်စရာကောင်းတာ မဟုတ်ဘူးဗျ။ အချစ်ဓာတ်တွေ တကယ်ကို ဝင်းဝင်းရွှေပြီး စစ်ဖိနပ်တွေ လည်မျိုနင်းနင်းချေခံခဲ့ရဖူးတဲ့ ပြည်သူလူထုကြီးက ပိုလို့တောင် ပျော်တာပဗျာ။

မှန်တာပြောရရင် အဲဂလို နန်းကျအာဏာရှင်ဟောင်းတွေ အဲဂလို NO နိုင်ငံရေးစကားတွေ၊ ဟင့်အင်း နိုင်ငံရေးလေသံတွေ ပြောတိုင်း၊ ပေးတိုင်း ကျုပ်တို့ မျက်စိလည်ခဲ့ဖူးကြတာပဲဗျာ။ အမျိုးသားနိုင်ငံရေး လုပ်မယ်ပြောလိုပြော၊ သာသနာနိုင်ငံရေး လုပ်မယ်ဆိုလိုဆို၊ အမျိုးကို စုံနေတာပဲဗျာ။ ကျုပ်ဖြင့် မျက်စိသူငယ် နားသူငယ်၊ ဘယ်လိုတွေလဲဗျို့လို့ ဟစ်ခဲ့ရတဲ့ အကြိမ်းပေါင်းက နည်းမှတ်လို့။

အခု နန်းကျအာဏာရှင်ဟောင်းကြီးတစ်ယောက် လေသံအသစ်ဖောက်လာတာကို ကျုပ်ကတော့ ကြိုဆိုသဗျာ။ အဲ .... ကျုပ်ပြောချင်တာလေး တစ်ခွန်းတော့ရှိသပေါ့ဗျာ။ အဲဒီတစ်ခွန်းက “ပြောမယ့်ပြော နလပိန်းတုံးလူထုကြီး နာကြောတစ်ထောင် စိမ့်သွားအောင် ပြောရော့ပေါ့ဗျာ။ စစ်နိုင်ငံရေး၊ အာဏာနိုင်ငံရေး၊ ပါတီနိုင်ငံရေး၊ ငါဆရာနိုင်ငံရေး၊ ခွေးချီလာတောင် ကောက်မဝါးတော့ပါဘူးဗျို့” လို့ ပြတ်ပြတ်သားသားကြီး ပြောလိုက်ရောပေါ့ဗျာ”

အဲဂလိုစကားကြားရလို့ လံကဓောလောကဓံသား ကျုပ်တို့ လန်ငရုပြဲ လူးငရဲပြန်တွေ အူတက်လို့ လူသက်ပါ ပျောက်ချင်ပျောက်ပါစေဗျာ။ ကြားချင်ရိုး အမှန်ပါ။

ပျော်စေပြက်စေပါဗျာ။ ဗိုလ်ချုပ်ကြီးတို့လို ပုဂ္ဂိုလ်တွေ အဲဂလို သစ္စာစကားဆိုသံ၊ ဖိန်းသံကြားတော့ တကယ်ဝမ်းသာတာပါ။

ဗိုလ်ချုပ်ကြီးလို ချုပ်ကြီးတွေ၊ မှူးကြီးတွေ၊ ချုပ်မှူးကြီးတွေဆီက အဲဂလိုသစ္စာစကားတွေကို ကျုပ်တို့ပြည်သူတွေက ကြားချင်နေတာဗျ။ အဲဂလို စကားမျိုးတွေကို ဦးပုညရေးခဲ့သလို မေတ္တာသုတ် တစ်ပုဒ်လုံး ပုဒ်မပါကျုံးပြီး ဝုန်းလိုက် ဖြုန်းလိုက်ကြစမ်းပါဗျာ။

ဗမာလူမျိုးအချင်းချင်းတွေပဲဗျာ။ ရှင်းရှင်းနဲ့ ဘွင်းဘွင်းပေါ့။ ဒီလိုများ မပြောချင်ဘူးလား။

“ကဲ... ကဲ ကိုယ့်ပြည်သူတို့ လွန်တာရှိ ဝန္ဒာမိပေါ့ဗျာ။ ဗဲရီးဆောရီးတောကြီးမြိုင်လယ်ပါပဲ။ ခွင့်လွှတ်ပေတော့ဗျို့။ နောင်များတော့ ရှောင်ရှားပေါ့ကွယ်။ စစ်နိုင်ငံရေး၊ အာဏာနိုင်ငံရေးအတွေးနဲ့တောင် မပြစ်မှား၊ အားလုံးယုံစားကြစေချင်တယ်” ဘာညာပေါ့ဗျာ။

အဲဂလိုစကားမျိုးကို ဟိုအာဏာရှင်ပဂေးကြီးတွေ၊ ပဂေလေးတွေ၊ပဂေးပိစိကွေးတွေ၊ ပဂေးချာတိတ်တွေ အားလုံးအားလုံး စကားကြွေးမချန်ဘဲ ဖွင့်အန်ပြောကြစေချင်သပေါ့ဗျာ။

ဟိုတစ်လောက် အဲဒီပဂေးကြီးတွေရဲ့ အိမ်တော်ပါပဂေးလေးပြောတဲ့စကား ကြားယောင်နေပါသေးတယ်။

သူ့အပြောက အဲဒီအာဏာပဂေးပါဝါဆွေးကြီးတွေခမျာ ချစ်သူဝိုင်းဝိုင်းလည်နေ ဆိုပါလား။ ချစ်သူ၊ ခင်သူ၊ ကြည်ဖြူသူ၊ ဆည်းကပ်သူ၊ ကိုးကွယ်သူတွေ အသင်္ချေအနန္တ ဆိုပါလား။ ဗမာအစ ကျောက်ဆည်က ဆိုတာ မှန်စရာရှိတယ်။ ဗမာဂါရဝ ပုဂံကဆိုတာလည်း မှန်စရာရှိတယ်။ ဒီခေတ်အထိ ဗမာတွေ ကျောက်ဆည်နတ်ဆိုး ကိုးကွယ်တုန်းပေကိုး။ ပုဂံအရည်းဆိုး ဆည်းကပ်တုန်းပေကိုး။

ကျုပ်ကတော့ ယုံသွားပြီ။ ဒီအဆိုတွေ မှန်နိုင်တယ်။ တခြားမကြည့်နဲ့ဗျာ။ ဒီနေ့အထိ ကျုပ်တို့နိုင်ငံ ဘယ်သူတွေ စိုးမိုးအုပ်ချုပ် မင်းလုပ်စံမြန်း နေကြသလဲ။ အာဏာရှင်ခေတ်အိမ်ရှေ့ရာဇာ သေနာပတိ ဝန်ကြီး၊ ဝန်ငယ်တွေ စိုးစံနေတာ မဟုတ်လား။ ကျုပ်တို့ ကြည်ဖြူလေးစား ဘုရားငယ်တစ်ပါးလို တဟားဟား တဟီးဟီး ဘာကြီးညာကြီး လုပ်နေတဲ့ အကြီးအချုပ်ပုဂ္ဂိုလ်ကြီးက စစ်အာဏာပဂေးခေတ်က မင်းလုပ်စိုးအုပ်ဝန်တစ်ဆူ ချုပ်ခဲ့သူမဟုတ်လား။

ကျုပ်တို့ ဗမာတွေ ကမ္ဘာနဲ့မတူတစ်မူထူးကာ အဲဒါပဲဗျ။ လစ်ဗျားလို နိုင်ငံမှာ အာဏာရှင် ကဒါဖီခေတ် ဝန်ကြီး၊ ဝန်ငယ်တွေကို ဒီမိုကရေစီ အပြောင်းအလဲခေတ်အစိုးရတွေမှာ အနားတောင်သီခွင့်မပေးဘူးဗျ။ ရာထူးရာခံနဲ့ စိုးစံမင်းမူခွင့်ပေးဖို့ဆိုတာ ဝေလာဝေး။

ကျုပ်ကတော့ ဗမာနည်းပဲ ကြိုက်သဗျာ။ ဟေ့ကမ္ဘာ့ကောင်တွေ ဗာလချောင် လာမလုပ်ကြနဲ့။ တို့ကတော့ တို့နည်းနဲ့ တို့ပဲ။ ဒီမိုး ဒီလေ ဒီလူတွေနဲ့ ဒီမင်း ဒီစိုး ဒီဟိုဒင်းနဲ့ဆိုတာပဲ ကြိုက်တယ်ကွာ။ ဂုဏ်ယူတယ်ကွာ။ ဘာဖြစ်သေးလဲ။ ဟဲ ဟဲ ဟဲ ။ ဟေ့ တို့ခေတ်သစ်ရွှေနိုင်ငံမှာ ထီးရိုးနန်းရိုးမဟုတ်တဲ့ ငါ့တပါး မင်းခွေးချေးတွေ မပေါ်ဘူးကွ။ ဘေးတော်အစဉ် ဘိုးတော်အဆက် မင်းအာဏာ အာဏာမင်းတွေပဲ စိုးစံတော်မူသကွာ။

ကျုပ်လာစမ်းလို့ကတော့ ဒီအတိုင်း ဘွင်းဘွင်းပြောပစ်လိုက်မှာပေါ့။ ဘာရမလဲကွယ်။

ကျုပ်တို့ ‘ကမ္ဘာမှာလည်း အာဏာရှင် တို့လည်းအာဏာရှင်’ ဆိုတဲ့ နိုင်ငံရေးသံစဉ်သီချင်းနဲ့ ကြီးပြင်းလာခဲ့တဲ့ လူမျိုးမဟုတ်လား။ ဟား... ဟား.... ဟား။ ။

ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ ။ အတွဲ (၂)၊ အမှတ် (၁၉)

Friday, 12 April 2013

ကောင်းလွန်းလို့ ကူးယူဖေါ်ပြပါသည်။


Guiness World Records ကမ္ဘာ့ဂင်းနစ်ဆုပေးရေးအဖွဲ့သို့ ဓမ္မ၀ီရအရှင်၏ အကြံပြုစာ (သရော်စာဆောင်းပါး)


ကမ္ဘာ့ဂစ်နစ်စံချန်ဆု ရွေးချယ်ရေး မှ တာဝန်ရှိသူဒကာ/မအပေါင်းတို့၊ ဒကာကြီးတို့ (Guiness World Records) အဖွဲ့ဟာ ကမ္ဘာပေါ်ရှိ အထူးခြားဆုံး၊အံ့သြစရာအကောင်းဆုံး အရာများကို ရွေးချယ်ကာ ဆုပေးလေ့ရှိကြောင်းသိရှိရပါသည်။ဒကာကြီးတို့အဖွဲ့မှ ပေးအပ်သောဆုကို ဦးဇင်းတို့မြန်မာနိုင်ငံမှ မင်းကွန်းဆရာတော်ဘုရားကြီးဟာ ပိဋကတ်သုံးပုံ၊ပါဠိတော်၊အဋ္ဌာကထာဋီကာ စသောမြောက်များစွာသော ကျမ်းစာတို့ကို အလွတ်အာဂုံပြန်ဆိုနိုင်သဖြင့် ကမ္ဘာ့ဂင်းနစ်စံချိန် ဆုတံဆိပ်ကြီးကို အလှုခံရရှိဖူးပါသည်။
ယခုအချိန်မှာ ဦးဇင်းတို့၏ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးတွင် ကမ္ဘာ့တခုတည်းသော အထူးခြားဆုံး၊အံ့သြစရာအကောင်းဆုံး အရာများမှာ မြောက်များစွာရှိနေပါသည်။ထိုအရာတို့ကို ဒကာကြီးတို့ ဂင်းနစ်စံချိန်ဆုရွေးချယ်ရေးအဖွဲ့မှ၊မြည်မာနိုင်ငံသို့ လာရောက်လေ့လာကာ ကမ္ဘာ့ဂင်းနစ်စံချိန်ဆုအား ပေးအပ်ချီးမြှင့်နိုင်ပါရန် အသိပေးမေတ္တာရပ်ခံအပ်ပါသည်။
အထူးခြားဆုံး၊အံ့သြစရာအကောင်းဆုံးများဖြစ်ပြီး ကမ္ဘာပေါ်တွင်မရှိသေးပဲ ဦးဇင်းတို့၏ မြန်မာပြည်တွင်သာရှိသောကြောင့် Guiness World Records ဆုပေသင့်သော အချက်အလက်များမှာ အောက်ဖော်ပြပါစာရင်းအတိုင်းဖြစ်ပါသည်။ ဒကာကြီးတို့ဆုရွေးချယ်ရေးအဖွဲ့မှ လေ့လာကာ ဆုများကိုပေးအပ်ကြပါကုန်လော့။
ကမ္ဘာ့ဂင်းနစ်မှတ်တမ်းဝင်ဆုရသင့်သော မြန်မာပြည်၏ ကမ္ဘာ့ပထမဆုံးသော အရာများမှာ
=================================================
၁။ မြန်မာနိုင်ငံသည် မိမိနိုင်ငံ၊အမျိုးဘာသာ၊သာသနာကို ချစ်မြတ်နိုး၍ အကြမ်းမဖက်ကာကွယ်စောင့်ရှောက်ကြသော မျိုးချစ်သံဃာတော်များ၊လူပုဂ္ဂိုလ်တို့အား ရန်သူအလိုကျ ဖမ်းဆီးထောင်ချသော ကမ္ဘာ့နိုင်ငံများတွင် တခုတည်းသော နိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်ငံကို ဂင်းနစ်မှတ်တမ်းဆုကိုပေးသင့်ပါသည်....။
၂။ စော်ကားရန်စသောရန်သူများကို အပြစ်မပြောပဲ အဖွဲ့အချင်းချင်းအပြစ်ပုံချ ဇာတ်တူသားစား၍ သူခိုးဓါရိုးကမ်း လုပ်တတ်သော ကမ္ဘာ့နိုင်ငံများတွင် တခုတည်းသော နိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်ငံကို ဂင်းနစ်မှတ်တမ်းဆုကိုပေးသင့်ပါသည်....။
၃။ နိုင်ငံရေးလုပ်သည်ဟုဆိုကာ `လူမျိုးသည် အရေးမကြီး´ဟုဆိုပြန်ပြီး သူတို့လုပ်သောနိုင်ငံရေးသည် ကိုယ်လူမျိုးအတွက်မဟုတ်လျှင် တခြားမည်သည့်လူမျိုးအတွက်လုပ်နေသည်ကို စဉ်းစားမရနိုင်လောက်သည့်အထိ အစွမ်းထက်မြက်သော နိုင်ငံရေးသမားများ ရှိသော ကမ္ဘာ့နိုင်ငံများတွင် တခုတည်းသော နိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်ငံကို ဂင်းနစ်မှတ်တမ်း ဆုကိုပေးသင့်ပါသည်....။
၃။ ရှေ့ဘိုးစဉ်ဘောင်ဆက် မြန်မာစာနှင့် မြန်မာ့စကားမှာပါ ပြောဆိုသုံးစွဲလာခဲ့ကြသော `ကုလား´ဆိုသော အသုံးအနှုန်းကို မသုံးစွဲရ သုံးစွဲသူသည် မိဘ၊ဆရာသမားများက မဆုံးမသူများဖြစ်သည်ဟု ဆိုသော(ဒီလိုဆို တရုပ်ကို တရုပ်လို့မခေါ်ပဲ ချိုင်းနားလို့ခေါ်၍ ပြင်သစ်ကိုပြင်သစ်ဟုမခေါ်ဆိုရပဲ ဖရန့်ဟု လည်းကောင်း ခွေးကို ခွေးဟုမခေါ်ပဲ `ဟောင်ကောင်´ဟု ခေါ်ရမလိုဖြစ်သော) ကမ္ဘာ့နိုင်ငံများတွင် တခုတည်းသော နိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်ငံကို ဂင်းနစ်မှတ်တမ်းဆုကိုပေးသင့်ပါသည်....။
၎။ မိမိပြည်သူ၊ပြည်သားများအား တိုင်းတပါးသားလူရန်းကားများမှ ပြည်တွင်းနှင့် ပြည်ပတွင် လူမှုရေး၊စီးပွားရေး၊အိမ်ထောင်ရေးများတွင် လူ့အခွင့်အရေး ပြောင်ပြောင်တင်းတင်းချိုးဖောက်အနိုင်ကျင့်နေချိန်တွင် နှာစေးနေတတ်ပြီး၊မိမိပြည်သူ၊ပြည်သားများအားသာလျှင်အပြစ်ပုံချ ကြေညာချက်အမျိုးမျိုးထုတ်ကြသော နိုင်ငံရေးအမည်ခံ ဘာညာသာရကာ အာပလာ နိုင်ငံရေးသမားများရှိသော တခုတည်းသော နိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်ငံကို ဂင်းနစ်မှတ်တမ်း ဆုကိုပေးသင့်ပါသည်....။
၅။ မိမိတို့အဆင်ပြေ နှုတ်ခမ်းဆီစိုရန်အတွက် ကမ္ဘာ့အလည်တွင် မိမိတိုင်းပြည်ကို ရစရာမရှိအောင် သိက္ခာချ ပြောဆိုကြသော အမျိုးသားသစ္စာဖောက်လောက်ကောင် `မိုးသီးဇွန်၊ချိုတူးဇော်နှင့်........အပေါင်အပါများ မွေးထုတ်ရာဖြစ်သော တခုတည်းသော နိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်ငံကို ဂင်းနစ်မှတ်တမ်းဆုကိုပေးသင့်ပါသည်....။
၆။ ကိုယ့်ပြည်သူကျ လက်သံပြောင်၊ ရန်သူကိုကျ လက်ရှောင်တတ်သော အဖွဲ့အစည်းများ ရှိသောကြောင့် တခုတည်းသော နိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်ငံကို ဂင်းနစ်မှတ်တမ်း ဆုကိုပေးသင့်ပါသည်....။
၇။ မိမိနိုင်ငံတူပြည်သူ(ညီိအကို)အချင်းချင်းကျ ရန်လိုဒေါသ၊မာန်မာနများပြီး၊ရန်သူအပေါ်တွင် ဘုရားအလောင်းတော်ထက်ပင် မေတ္တာကြီးမား ကရုဏာထားသရောင်ဖြင့် မြွေပွေးခါးပိုက်ပိုက် `ပျော့ညံ့ခြင်းနှင့် သီးခံခြင်းမကွဲသော တလွဲဆံပင်ကောင်းကြသော သူများရှိသောတခုတည်းသော နိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်ငံကို ဂင်းနစ်မှတ်တမ်းဆုကိုပေးသင့်ပါသည်....။
၈။ ရန်သူက အယောင်ဆောင် ကုလားဖန်ထိုးကာ အိမ်ကြက်အချင်းချင်းအိုးမဲသုတ်ပြီး ရန်တိုက်ခွပ်ခိုင်းကာ အမောဖောက်အားနည်းချိနှက်မ နှစ်ကောင်လုံးကို အိုးခင်းထဲမှာချက်စားခံရမည်ကို ပညာဉာဏ်ဖြင့် လေ့လာသိမြင်ခြင်းမရှိပဲ ရန်သူလေသံနောက် သံယောင်လိုက်တတ်ကြသော အလွန် နလွန်းတဲ့သူတွေရှိသော တခုတည်းသော နိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်ငံကို ဂင်းနစ်မှတ်တမ်း ဆုကိုပေးသင့်ပါသည်....။
၉။ နိုင်ငံသားမှတ်ပုံတင်ကဒ် မရှိကြသော တိုင်းတစ်ပါးနိုင်ငံခြားသားတို့ကို ရွေးကောက်ပွဲတွင် တရားဝင်မဲထည့်ခွင့်ပေးထားသော တခုတည်းသော နိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်ငံကို ဂင်းနစ်မှတ်တမ်းဆုကိုပေးသင့်ပါသည်....။
၁၀။ မိမိနိုင်ငံအမျိုးဘာသာ၊သာသနာတော် ထွန်းကားပြန့်ပွားရေးရန်လုပ်ဆောင်သူများအတွက် အခက်အခဲ အတားအဆီးတွေများသလောက်၊ လိမ်ညာသူ၊လုပ်စားများအတွက် အလွန်လွယ်ကူသော တခုတည်းသော နိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်ငံကို ဂင်းနစ်မှတ်တမ်း ဆုကိုပေးသင့်ပါသည်....။
အထက်ဖော်ပြပါ အံ့သြဖွယ်ရာများ များစွာရှိသော မြန်မာနိုင်ငံတော်ကို ဒကာကြီးတို့ Guiness World Awards ဆုရွေးချယ်ရေးအဖွဲ့အနေဖြင့် လေ့လာကာ ဂင်းနစ်မှတ်တမ်းစံချိန်ဆုများကို ပေးနိုင်ပါရန် စာရေးသာအကြောင်းကြားအပ်ပါသည်။
======================
ဓမ္မ၀ီရ အရှင်တေဇနိယ
ကိုလံဘို၊သီရိလင်္ကာ
Website;www.ashintejaniya.com

Wednesday, 5 October 2011

မြန်မာထောက်လှန်းရေး ရယ်



ကမ္ဘာ့အတော်ဆုံး ထောက်လှမ်းရေးအဖွဲ့ရွေးတယ်... ဆန်ကာတင် သုးံဖွဲ့ ကျန်တယ်။
CIA ရယ်... FBIရယ်... မြန်မာစစ်ထောက်လှမ်းရေးရယ်...

ဒိုင်အဖွဲ့က သူတို့ကို ဗိုလ်လုပွဲအနေနဲ့ တစ်ခု
စမ်းသပ်လိုက်တယ်၊တောအုပ်တစ်ခုထဲ ယုန်တစ်ကောင် ထည့်လိုက်တယ်။ အဲဒီယုန်ကို
သုံးဖွဲ့စလုံးက လိုက်ရှာရတယ်။

ပထမဆုံး CIA ၀င်သွားတယ်။
သူတို့က သူတို့ရဲ့နည်းတွေအတိုင်း လုပ်တယ်။တိရိစ္ဆာန် သတင်းပေးတွေကို
နေရာအနှံ့ ချထားတယ်။သစ်ပင်တွေကိုလည်း စပိုင် လုပ်ခိုင်းတယ်။ဒါပေမယ့်
လုံးဝ မတွေ့ဘူး။ ရှုံးတယ်။

အထူးစုံစမ်း ထောက်လှမ်းမှု ၃ လ အကြာမှာ ထွက်လာတဲ့ CIA ရဲ့ အစီရင်ခံစာမှာ
"ဒီတောထဲမှာ ယုန် လုံးဝ မရှိဘူး" လို့ ရေးထားတယ်။

FBI ၀င်သွားတယ်...

သူကတော့ သူလုပ်နေကျအတိုင်း မြေလှန်ရှာတယ်။ ၂ ပတ်လောက်ရှာတယ်။မတွေ့ဘူး။
မတွေ့တဲ့ အဆုံးမှာ တောကို မီးရှို့ပစ်ခဲ့တယ်။

နောက်ဆုံးကျတော့ မြန်မာစစ်ထောက်လှမ်းရေးက ကော့ပက်ကော့ပက်နဲ့ဝင်သွားတာပေါ့။
သိပ်မကြာပါဘူး။မိလာတယ်။
ဒါပေမယ့် ယုန်တော့မဟုတ်ဘူး။ဝက်ဝံတစ်ကောင်။
ဝက်ဝံက လမ်းတစ်လျှောက်လုံး ဘာအော်လာတယ်မှတ်လဲ...

အမလေးဗျ... ကြောက်ပါပြီဗျ... ကျနော် ယုန်ပါခင်ဗျ... မနှိပ်စက်ပါနဲ့တော့..
ကြောက်ပါပီ.. ကျနော် ယုန်အစစ်ပါခင်ဗျ...တဲ့....

Thursday, 15 September 2011

ဧရာဝတီကိုချစ်တာရောဂါဆိုပဲ..မှတ်တောင်ထားရအုန်းမယ်


ကျွန်တော် မောင်အောင်ထက် တစ်ယောက် အတော်ညံ့ဖျင်းတာ ခုမှပဲ ကိုယ့်ကိုကိုယ်.သိရပါတယ်..
ဟုတ်တာပေါ့..ဧရာဝတီရောဂါ ဖြစ်နေတာ မသိခဲ့ဘူးဗျာ..
ရောဂါဆိုတာကို မကောင်းတာလို့ အများလက်ခံထားတာမို့လားဗျာ..။
ခုတော့ ဧရာဝတီကို ချစ်ခင်မြတ်နိုးမိတာ..ရောဂါဆိုပဲ..။ မှတ်တောင်ထားရအုန်းမယ်..။
ထောက်ပြပြုပြင်ပေးတဲ့သူကြီးကို..ကျေးဇူးတင်လိုက်တာပါဗျာ..။

အော်..သူတို့လိုပညာရှိများကြတော့ တော်လိုက်တာ..အစစအရာရာ အကုန်တတ်သိနားလည်လိုက်ကြတာ..
ဒါကြောင့်လည်း ဒိလိုနေရာရကြတာပေါ့နော်..။

ကျွန်တော် တကယ်ပဲ မှားမိပါတယ်..မြစ်ဆုံကြီး ဘာဖြစ်မယ် ညာဖြစ်မယ်နဲ့ သူများပြောတိုင်း
အောင်ထက်လည်းယုံတာပေါ့လေ..ကိုယ်က ပါမွားလေးပဲ..။
ခုမှ..တတ်သိနားလည်..ပညာရှိကြီးပြောပြမှ..ရင်ထဲပေါ့သွားပါတယ်..။
ဟုတ်ကဲ့ပါ..အရင်က..အောင်ထက်လည်း.."ဧရာဝတီကို ကယ်တင်ကြ." .ဘာညာ ရော်ရမ်းရေးမိပါတယ်..
ခုတော့..နောင်တတွေ ရလိုက်တာ..။ မှားလေခြင်းပေါ့..။

သူပြောတာလေ..ဘီးလူးချောင်းကြီး..လောပီတကြောင့် အနှစ်ငါးဆယ်..ဘာမှမဖြစ်ပါတဲ့..
ဟုတ်တာပါ့လေ..ကိုယ်သေပြီးနောက်..ဖြစ်လည်း..ကိုယ့်မြေးမြစ်ခံရတာပဲ..ကိုယ်ခံရတာမှ မဟုတ်တာ..
ပူစရာလားဗျာ..။

မေခ..မလိခမြစ်ဆုံအလှတဲ့..ပြောပြောနေကြ..ဘာဖြစ်လည်းဗျာ..ပျက်ပါစေ..
အလှကြည့်နေလို့ ထမင်းဝတာမှမဟုတ်တာ..
တိုက်တွေကားတွေတိုးလာတာလည်းမဟုတ်..ပြည်သူတွေအတွက်ပါ။
ရေလွမ်းဧရိယာ..ဧက သိန်းချီသွားဘာဖြစ်လည်းဗျာ..ငါးရှာစားလို့တောင်ရသေး..တောင်ယာလုပ်ရတာမှ
ပင်ပန်းသေးတယ်..။ကချင် လူထု သက်သာတာပေါ့နော်..။

သူပြောပြမှ..သိလိုက်ရသေးတယ်ဗျာ..လျှပ်စစ်ဆိုတာကြီးကလည်း..
" ဆီကိုရေချိုး..ဆေးရိုးမီးလှုံ..စပါးတောင်လိုပုံ.." ဆိုတဲ့ ရှေးသီချင်းလေးလိုပါပဲ..
သုံးလို့မကုန်..အလျှံပယ်ပဲလေ.." လျှပ်စစ်မီးဖြင့်..နိုင်ငံတော်ကြီး..လျှံလျှံငြီးအံ့.."
လောလောဆယ်တော့ တစ်နေရာလေးပေါ့နော်..ခဏတော့သီးခံရမှာပါ..။
မြင်ယောင်ပါသေးတယ်..လျှပ်စစ်ကပေါ..လုပ်ငန်းတွေက အားကြီးကောင်းလာ..ပစ္စည်းတွေ..ဒင်းကြမ်းထုတ်..
ဈေးတွေကကျ..အောင်ထက်တို့လို.ဆင်းရဲသားတွေ ဖေါခြင်းသောခြင်းဝယ်သုံးနိုင်..
အမလေးပြောရင်းတောင်..ပျော်လိုက်တာ..။
( ရှင်မရေ..မင်းအိပ်ရင်ဖယောင်းတိုင်နဲ့..မီးခြစ် စာပွဲပေါ်တင်ထားပေးပါ…..ဤကားစကားချပ်)

အသေချာတွေးကြည့်လေ..မြစ်ဆုံစီမံကိန်းကြီးချမှတ်ခဲ့တဲ့ ပညာရှိကြီးတွေရဲ့
အမြှော်မြင် တရားကြီးမားပုံကို လေးစားလေပါပဲ..။
စီမံကိန်းကြီးက တအားကြီးတော့..တရုပ်ပညာရှင်တွေ..ကားအစီးလိုက် အစီးလိုက်လှိမ့်ဝင်လာကြ..
တရုပ်ထီး..တရုပ်မတွေ..အစုံပါလာကြ..
အောင်ထက်တို့လို..လူကဲကြီးတွေက..တရုပ်မလေးတွေနဲ့ရကြ..
တရုပ်ထီးကြီးတွေက..တရုပ်ပြည်က..မိန်းမအပြင်..မြန်မာမလေးတွေကိုယူ..
ဆွေမျိုးပေါက်ဖေါ်..မဟာစီမံကိန်းကြီး..မိုက်သဗျာ..
ဒါလဲ..ဂလိုဘယ်လိုက်ဇေးရှင်းပေါ့..ကမ္ဘာကြီးက..ပြားသွားပြီလေ..

အဲ..ကြံဖန်ထောက်ခံနေတာ..ဘာကျန်သေးလဲဆိုတော့..
အော်..မြစ်ဆုံကြောင့်..ဧရာဝတီရေစီးရေလာ မကောင်းတာလား..
ဒါကလဲဗျာ..သူခမြာ..အရှိန်အဟုန်နဲ့စီးနေရရှာတာ..နှစ်ပေါင်း..သန်းနဲ့ချီရှိနေပါပြီ..မောရှာမှာပေါ့..
နားပါစေ..မြစ်ဝကျွန်းပေါ်မှာ..salt water ၀င်လာတော့ရော..ဘာဖြစ်လည်း..ဆားချက်ကြ..
Export လုပ်..စီးပွားရေး အခွင့်လန်းကို..ဖမ်းဆုပ်ကြ..ဒါပဲပေါ့..အကောင်းမြင်လိုက်စမ်းပါဗျာ..

ဧရာဝတီ သေမှာစိုးတာလား..ကြံကြံဖန်ဖန်ဗျာ..အသက်မှမရှိတာ..ဘယ်လိုသေမှာလဲ..
မသကာ..သောင်တွေထွန်း..မြစ်ကြောင်းကြပ်တာလောက်ပေါ့..သင်္ဘောမသွားနိုင်ရင်..မီးရထားဝန်ကြီးက
ရထားလမ်းတွေဖေါက်လိမ့်မယ်..
အော်..သတိရတုန်းလေး..သူလည်း ရခိုင်နဲ့ တရုပ်ဖေါက်အုန်းမတဲ့..မြန်မာပြည်ကြီး အမြတ်အသာစီးရအောင်
သူကြံနေပါသတဲ့..(ကိုမြတ်ခိုင်ရဲ့..လျှပ်တစ်ပျက်မှာ..ဖတ်ရတာနော်..)
ခုထဲကပြောထားပါရစေ ကိုယ်ဥာဏ်လေးတစ်ထွာတစ်မိုက်နဲ့..
အများပြည်သူအတွက် ဖေါက်မဲ့ ရထားလမ်းကြီး ဖေါက်ဖြစ်ရင်..ဆူဆူပူပူ မလုပ်ကြနဲ့နော်..
ကိုယ့်ဖက်က..အသာစီးရအောင် လုပ်ပေးမှာ..
( ဒါလည်း..စကားချပ်)

အောင်ထက်တော့လေ..မြစ်ဆုံစီမံကိန်းကြီး အကောင်ထည်ပေါ်မဲ့ရက်ကို..
တွေးတွေးဝမ်းသာနေပါရဲ့..
ခုထဲက..အထုပ်ပိုးပြင်ထားပါတယ်..အဲဒီစီမံကိန်းရဲ့..အလုပ်ကိုင်အခွင့်လန်းမှာ
တစ်နေရာလောက်လေးရမလားလို့..ကိုယ်လည်းလည်လာပြီ..အခွင့်လန်းကိုဖမ်းဆုပ်လိုက်မှာ..
မသကာ..ဂိတ်မှူးနေရာလေး..ဆီဂိုထောင်စောင့်လေးဘာလေးပေါ့..
ကျွန်တော်တို့မြို့နယ်မှာ..ဆည်ကြီးဆောက်တာ..ဂိတ်မှူးတို့..ဆီဂိုဒေါင်စောင့်တို့..မိုက်တယ်ဗျာ..
လူကြီးသားသမီးတွေ..နေရာမဦးပါစေနဲ့ပဲ..ဆုတောင်းနေရပါတယ်ဗျာ..

Monday, 11 July 2011

ကြောက်မွှေးပါ ဇာဂနာ နဲ့ နှုတ် - ၃



*ကြောက်မွှေးပါ ဇာဂနာ နဲ့ နှုတ် - ၃*

*ပန်းချီ ထိန်လင်း*

*စက်တင်ဘာ ၃၀၊ ၂၀၀၉***

*"တို့ ပြည်ထောင်စု အလံတော်သည်၊*

*ဗိုလ်ချုပ်ဈေးက ၀ယ်လာပြီ၊ *

*ပြည်သူ အပေါင်းတို့ ငြိုငြင်သည်။*
*ပြေးလု၊ (ေ -ွး) ဥ မှတ်ပါသည်။"* **

 မြပုဏ္ဏမာ အဖွဲ့ ရယ်လို့ အောင်မြင် ကျော်ကြားလာပြီးနောက် ၁၉၈၈ ခု ဇန်န၀ါရီလ
ပုသိမ်မြို့မှာ ပြည်ထောင်စု အလံတော် ကြိုဆိုပွဲ စင်ပေါ်ကနေ လူရွှင်တော် အရိုင်းက
ရာဇ၀တ်အိုးကို တုတ်နဲ့ ထိုးချလိုက်သဗျ။ သိကြတဲ့အတိုင်း အဲဒီခေတ်က
"ပြည်ထောင်စုနေ့" ဆိုတာကြီးက ကျိုက္ကဆံကွင်းထဲမှာ ၀န်ကြီးဌာန ပြခန်းတွေ၊
ပြည်နယ်နဲ့ ပြခန်းတွေနဲ့ အကြီးအကျယ် လုပ်ပြီး ဗိုလ်နေ၀င်းက နိုင်ငံရေး
မျက်လှည့်ပြပွဲကြီး လုပ်တာကိုး။ ဇန်န၀ါရီလလောက်ကတည်းက စပြီး အဲဒီ
ပြည်ထောင်စုအလံ ဆိုတဲ့ဟာက အိုလံပစ် မီးရှူးတိုင် လှည့်သလို
ပြည်နယ်နဲ့တိုင်းတွေကို လှည့်တာကိုး။ အလံ ညအိပ်တဲ့ မြို့ကြီးတွေမှာလည်း
ပွဲကြီးတွေခံပြီး နေ့စဉ် သတင်းစာ မျက်နှာဖုံးတွေမှာက ဒါပဲ ပုံကြီးတွေချဲ့ပြီး
ဖေါ်ပြနေတာ။

 အဲဒီလို အချိန်မျိုးမှာမှ ခုလိုလုပ်ချလိုက်တော့ ပွဲက မဆူခံနိုင်ရိုးလား။
ပြဿနာ မတက်ခံနိုင်ရိုးလား။

 အချိန်က ၁၉၈၈ ဇန်န၀ါရီလ။ နေရာက ပုသိမ်မြို့။

 အလံက အဲဒီနှစ်က ပထမဆုံး ရန်ကုန်ကလာပြီး ပုသိမ်မှာ ညအိပ်မှာ။ အဲဒီတော့
ဧရာဝတီတိုင်း တိုင်းကောင်စီက ဦးစီးပြီးလုပ်တဲ့ အလံတော် ကြိုဆိုပွဲကြီးမှာ
အဲဒီအချိန်က နာမည်ကြီးနေတဲ့ NEW WAVE တေးဂီတအဖွဲ့နဲ့ ဇာဂနာရဲ့ မြပုဏ္ဏမာ
အဖွဲ့ကို ပူးတွဲတင်ဆက်ဘို့ စီစဉ်ခဲ့သဗျ။ ပထမည မှာပဲ နာမည်ကျော် ကိုအရိုင်းက
အဲလိုလုပ်ချလိုက်ပါသတဲ့။ သူ့မူရင်းသီချင်း စာသားက ...

 "တို့ပြည်ထောင်စုအလံတော်သည်၊

တလူလူ လွင့်လို့ချီလာပြီ၊

ပြည်သူအပေါင်းတို့ပျော်ရွှင်သည်၊

မနှေးယခု အလေးပြုကြပါမည်" ….ပါ။

အဲဒီသီချင်းကလည်း နေ့စဉ် ရေဒီယိုနဲ့ ရုပ်မြင်သံကြားမှာ မကြားချင်မှ
အဆုံးဖြစ်နေတာ။ အဲဒီသီချင်းကို အဲလိုလုပ်ချလိုက်ပြီးတော့ ပဏာမ ပရိက စကား
ပြောကြတော့လည်း ...

 "ကဲ ... အလံတော်ကြိုတာ လွယ်လွယ်လေး၊ ဒယ်အိုးကြီးကြီးထဲ ရေထည့်ပြီး
မီးနဲ့တိုက်ပြီး အလံကိုထည့် ကျိုလိုက်ယုံပဲ" ... ဆိုပြီး လုပ်သကိုး။

 ဘယ်နေလိမ့်မလဲဗျာ။ တိုင်းထောက်လှမ်းရေးက ခေါ်ပြီး ကောင်းကောင်းသတိပေး
ခြိမ်းခြောက်တော့တာပေါ့။ အဲဒါနဲ့ နောက်နေ့ညလည်း ရောက်ရော ပရိတ်သတ်ကလည်း
မနေ့ကအရှိန်နဲ့ ပြသနာတက်ထားတာလည်း သိတော့ ဘာတွေထပ်ပြက်မလည်း စောင့်နေချိန်မှာ
အငြိမ့်လည်း ထွက်ရော လူရွှင်တော်တွေ အကုန်လုံး ပါးစပ်တွေကို ပလပ်စတာတွေ ပိတ်ပြီး
တက်လာကြသတဲ့။ ပွဲကို ဆူပွက်သွားတော့တာကိုး။

အဲဒီ ဂယက်က ဘယ်ထိ ရိုက်သလည်းဆိုတော့ တိုင်းထောက်လှမ်းရေးက ဇာဂနာနဲ့
အငြိမ့်တစ်ဖွဲ့လုံးကို တိုင်းတရားရုံးမှာ နိုင်ငံတော် အစိုးရကို
အကြည်ညိုပျက်စေမှုနဲ့ တရားစွဲပါသတဲ့။ အံ့သြစရာ ကောင်းတာကတော့ တိုင်းတရားသူကြီး
လုပ်တဲ့လူက ... "လူရွှင်တော်တွေပဲ ဒီလောက်တော့ ပြက်မှာပေါ့" .... ဆိုပြီး အမှုကို
ပလပ်လိုက်ပါသတဲ့။

 အဲဒီတော့ မဆလခေတ်ရဲ့ တရားစီရင်ရေးက အထိုက်အလျောက်တော့ လွတ်လပ်မှု
ရှိသေးတယ်ပြောရပါမယ်။ အဲလို ထောက်လှမ်းရေးကို ပြန်လှန်ရဲတယ် ဆိုတဲ့ သတ္တိက
နည်းမှတ်လို့ဗျာ။ လွန်ခဲ့တဲ့ တစ်လလောက်က ကိုဂေါ်ကြီး (ဂေါ်ဇီလာ)နဲ့ အွန်လိုင်းမှာ
တွေ့ရင်း စပ်မိရာက အဲဒီတုန်းကအကြောင်း ပြန်မေးတော့ သူက တရားသူကြီး နာမည်ကိုပါ
ပြောလိုက်ပါသေးတယ်။ ဒီလိုနဲ့ ထောင်နန်းစံရမဲ့ဘေးက ဝေးပြီး ရန်ကုန်ကို
ပြန်လာနိုင်ခဲ့ ပါသတဲ့။ အဲဒါကို ကိုရွှေထောက်လှမ်းရေးက မကျေနပ်နိုင်သေးပဲ
ရန်ကုန်တရားရုံးချူပ်ထိ လိုက်လာပြီး အမှုတွဲတင် တရားစွဲပါတယ်။

 အဲဒီအချိန်က ရန်ကုန်မှာ နိုင်ငံတော်ကောင်စီဝင် တွေကို ဖြေဖျော်ပွဲ တစ်ခု
မြပုဏ္ဏမာအဖွဲ့ကို ကခိုင်းတော့ ကိုသူရက လောလောဆယ် တရားစွဲခံနေရတဲ့ အကြောင်းကို
နိုင်ငံတော် ကောင်စီဝင်တွေထဲက တစ်ယောက်ကို ပြောပြရာက ဗိုလ်ချုပ်နေ၀င်းပါ
သိသွားပါသတဲ့။ အဲဒီမှာတင် အဲဒီအချိန်က စေတလုံးပိုင်ရှင် သွားလေသူ ဗိုလ်နေ၀င်းက
"လူရွှင်တော်တွေပဲကွာ၊ ဒီလောက်တော့ပြက်ပါစေ" ... လို့ စကားတစ်ခွန်းထွက်လာ
ပြီးနောက်မှာ တရားစွဲတဲ့ ကိစ္စလည်း ရပ်တန်းက ရပ်သွားပါတော့သတဲ့။ ခုတော့
ဗိုလ်နေ၀င်းကိုတောင် ပြန် ချီးကျူးရတော့မလို ဖြစ်နေပါတယ်။

အဲဒီတုန်းက ကျွန်တော်က မိုးနတ်သူဇာ အငြိမ့်အဖွဲ့နဲ့ မကွေးတိုင်း ပေါက်မြို့ကို
ရောက်နေပါတယ်။ ပုသိမ်မြို့ကနေ ဆက်ထွက်လာမဲ့ ပြည်ထောင်စုအလံက ပုသိမ်-မုံရွာ
ကားလမ်းအတိုင်း တက်လာပြီး ပေါက်မှာ တစ်ညအိပ်မှာမို့ ပေါက်မြို့နယ် ကောင်စီက
မိုးနတ်သူဇာအဖွဲ့နဲ့ အတူ နိုင်ငံကျော် အဆိုတော် မာမာအေးကို အလံတော်
ကြိုဆိုရေးကွင်းထဲမှာ ငှါးထားပါတယ်။

 အန်တီ မာမာအေးက သူ့ရဲ့ သားတပည့်လည်း ဖြစ်တဲ့ စန္ဒရားမျိုးခင် (မစ္ဇျိမလှိုင်း)
နဲ့ အတူ အငြိမ့်မထွက်ခင် သီဆိုပါတယ်။ အဲဒီတော့ ပုသိမ်ကနေ အလံနဲ့ပါလာတဲ့
လုံခြုံရေးအဖွဲ့က ပေါက်မြို့ရောက်တဲ့အခါမှာတော့ မြို့နယ်ကောင်စီကို
ခေါ်ကြပ်ပါတော့တယ်။ အင်မတန်မှ ကြောက်တတ်တဲ့ မိုးနတ်သူဇာ ခေါင်းဆောင် သီတာဝင်း၊
လူရွှင်တော် ကိုချစ်စရာ နဲ့တက်တူ တို့က ကျွန်တော်တို့ကို မျက်စိပျက်
မျက်နှာပျက်နဲ့ ခေါ်ပြီး ဇာဂနာတို့ကို အရေးယူထားကြောင်း ခုသူတို့ကို
နိုင်ငံရေးပြက်လုံးတွေ မပါစေရပါဘူးလို့ အာမခံ လက်မှတ်ထိုး ခဲ့ရကြောင်း။
အဖွဲ့သားတွေ ဒုက္ခ ရောက်စေမဲ့ ပြက်လုံးတွေ မလုပ်ဘို့ သတိပေးပါတယ်။

 ကျွန်တော့် အမြင်အရ မိုးနတ်သူဇာ လူရွှင်တော်တွေက သတိမပေးလည်း
အဲဒါမျိုးတွေပြောဘို့ ပြက်ဘို့ ဆန္ဒကို မရှိပါဘူး။ ကျွန်တော် အနေနဲ့တော့
ပြောင်မြောက်လှတဲ့ မြပုဏ္ဏမာအဖွဲ့ရဲ့ လုပ်ရပ်ကို ကြိတ်ပြီး သဘောကျ
ထောက်ခံနေရပါတယ်။

 ဒီလိုနဲ့ ကကြတဲ့အခါ နတ်ဝင်သည် လုပ်ကြတဲ့ ပြက်လုံးခွင်မှာ ...

 "ငါ့ကို မရိုမသေ မလုပ်နဲ့ နင့်ဦးလေး ငွေစက္ကူ ခွန်နှစ်ဆယ်ငါးကျပ်တန်တွေ
တရားမ၀င် ဖြစ်ကုန်တာ ဘယ်သူလုပ်တယ် ထင်သလဲ" ...

 လို့ မေးတဲ့အခါမှာ တက်တူ နဲ့ကိုချစ်စရာတို့က ..

 "အဲဒါ အမေလုပ်တာလား"

 လို့မေးထောက်ပေးရမဲ့ နေရာမှာ ထောက်မပေးတော့ပဲ ပြက်လုံးအသွားကို
ပိတ်ထားကြတာမို့ နောက်ဆုံး ကိုယ့်ဖါသာပဲ ....

 "အဲဒါ .. ပုံ/စိန်လွင် လုပ်တာဟေ့"

 ဆိုပြီး ဇွတ်ပြက်ချလိုက်ပါတော့တယ်။ ပွဲလည်းပြီးရော သီတာဝင်း နဲ့
ကိုချစ်စရာတို့က ခေါ်ယူကြိမ်းမောင်း ပါတော့တယ်။ ခေါ်ယူကြိမ်းမောင်းတယ် ဆိုတာထက်
မြည်တွန် တောက်တီးတယ်ဆို ပိုမှန်ပါလိမ့်မယ်။

ဗိုလ်နေ၀င်းက လူရွှင်တော်ပဲ ဒီလောက်တော့ ပြက်ကြမှာပေါ့လို့ ပြောကြားပြီး
အမှုကိစ္စ ပြီးသွားတဲ့နောက် ကျိုက္ကဆံကွင်းထဲမှာ ပြည်ထောင်စုပွဲအတွက် မြပုဏ္ဏမာ
အဖွဲ့တင်ဆက်တဲ့ အခါမှာတော့ ဇာဂနာက ပြည်ထောင်စုပြခန်းတွေ ၀န်ကြီးဌာနပြခန်း
တွေအားလုံးကို အဲဒီနှစ်က ၀ါးတွေနဲ့ဆောက်ထားတာတွေကို လက်ညိုးထိုးပြီး၊

 "သမ၀ါယမ ၀န်ကြီးဌာနလည်း ၀ါးပဲ၊"

"စက်မှူဝန်ကြီးလည်းဝါးပဲ၊"

"အားလုံးဝါးတွေချည်းပါလား" ဆိုပြီး

 ပြက်ချတဲ့ အခါမှာတော့ ကျိုက္ကဆံကွင်းထဲမှာ ၀က်ဝက်ကွဲပါတော့တယ်။

 အဲဒီနောက်တော့ သူ့ရဲ့နာမည်ကျော်

 "ဟိုကောင်စီလည်း မကောင်းဘူး၊"

"ဒီကောင်စီလည်း မကောင်းဘူး"

 ဆိုပြီး အုတ်ခဲစီတဲ့ ကျန်တဲ့ လူရွှင်တော်တွေကို အပြစ်တင်တဲ့ပုံနဲ့
နိုင်ငံတော်ကောင်စီကိုပါ ပြက်လုံးနဲ့ ဆော်ပါတော့တယ်။ ဒါကြောင့် မဆလခေတ်က
ကြပ်တယ်ဆိုပေမဲ့ အတိုင်းအတာတစ်ခုထိတော့ လွတ်လပ်မှု ရှိသေးတယ်လို့
ပြောကြတာဖြစ်သဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ၁၉၉၀ နောက်ပိုင်းကစပြီး ဇာဂနာကို
အငြိမ့်စင်ပေါ်မှာ လူထုနဲ့တိုက်ရိုက် ထိတွေ့ဖျော်ဖြေပွဲတွေကို ပိတ်ထားခဲ့တာဟာ
ဒီနေ့အထိ ဖြစ်လို့ပါ ခင်ဗျ။

ဒီလိုနဲ့ ၁၉၈၈ မတ်လ ကိုဘုန်းမော်ကျဆုံးရာကနေ ပင်မတက္ကသိုလ်ထဲမှာ ချီတက်ဆန္ဒပြတဲ့
ကိစ္စနဲ့ ကျောင်းထုတ်ခံရတဲ့ ကျောင်းသားစာရင်းမှာ ကျွန်တော် နာမည် ပါလာပါတယ်။

 မိုးနတ်သူဇာ သီတာဝင်းရဲ့ စေလွှတ်မှုနဲ့ ကိုချစ်စရာနဲ့ ကိုတက်တူတို့
ရောက်လာပါတယ်။ ပထမတော့ မန္တလေးက မြို့မအဖွဲ့ ရန်ကုန်ဆင်းလာတာကို ငှါးဘို့
ဆိုပြီး လူပြက်တောင်ရှည်တွေကို မလိမ့်တပတ်နဲ့ လာယူသွားပါတယ်။
နောက်သေသေချာချာမေးကြည့်တော့မှ၊ လောလောဆယ် အဖွဲ့ရဲ့ ရှေ့ရေးအတွက် ကျွန်တော့်ကို
အဖွဲ့က ယာယီ ထုတ်ထားမယ်လို့ ပြောလာပါတယ်။ ကျွန်တော်လည်း ကျောင်းထုတ်ခံထားရလို့
ညစ်နေရတဲ့ အထဲမှာ လာ အရာပေါ်နေတာမို့ အော်ဖြစ်မှဖြစ်ရလေလို့ပဲ စိတ်ထဲကနေ
ပြောမိပါတော့တယ်။

အမှန်တော့ အဲဒီအချိန်က ကျောင်းထဲမှာ ဇွန်လအရေးအခင်းက ကိုမိုးသီးဇွန်တို့
ဦးဆောင်မှုနဲ့ "စ"နေပြီမို့ အငြိမ့်ကိစ္စလည်း ခေါင်းထဲမရှိတော့ပါဘူး။

 တစ်သက်မှာ တစ်ခါဆိုသလို ကြုံနေရတဲ့ ကျောင်းသားလှုပ်ရှားမှုကြီးထဲ ဘယ်လို
ဘယ်လောက် ပါဝင်သင့်သလဲ ဆိုတာပဲ ကိုယ့်ဖါသာကိုယ် ဇယားဆွဲနေခဲ့ရတာမို့
မအားလှပါဘူး။ ကြောက်ကလည်း ကြောက်သေးသကိုးဗျ။ အဲဒီလိုနဲ့ ကျွန်တော်နဲ့
မိုးနတ်သူဇာကြားက ဆက်ဆံရေးဟာလည်း တသက်စာအတွက်၊ နိဂုံးချုပ်သွားပါတော့တယ်။

 ဇွန်လအရေးအခင်းအပြီး ကျောင်းတွေ ပိတ်လိုက်တာမို့ ကျွန်တော်လည်း ဇာတိမြေကို
ပြန်ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ သမိုင်းဝင် ရှစ်လေးလုံး အရေးတော်ပုံကြီး
ပေါ်ပေါက်လာချိန်မှာတော့ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်၊ မဲဇလီကုန်း၊
အင်္ဂါပူမြို့နယ်နဲ့ ဟင်္သာတမြို့နယ်တို့မှာ ကျောင်းသားခေါင်းဆောင် တွေထဲက
တစ်ဦးအဖြစ် ပါဝင် ကပြခဲ့ရပါတယ်။

အဲဒီကာလ ရန်ကုန်က ရောက်လာတဲ့ အရေးတော်ပုံကာလ သတင်းစာတွေထဲမှာတော့
ကိုသူရတစ်ယောက် စာပေ အနုပညာရှင်များ သမဂ္ဂရဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့
ပါဝင်ဆောင်ရွက်နေတဲ့ ဓါတ်ပုံတွေကို တွေ့ရပါတော့တယ်။ နောက်ဆုံးတွေ့ရတဲ့ ဓါတ်ပုံ
မှာတော့ မင်းသား ကိုဇင်ဝိုင်းနဲ့အတူ ဆေးရုံကြီးရှေ့မှာ ထိုင်ပြီး အစာငတ်ခံ
ဆန္ဒပြနေတာ တွေ့ခဲ့ရသဗျ။

စက်တင်ဘာ ၁၈ရက် နောက်မှာတော့ အားလုံးရဲ့ ဘ၀တွေဟာ ကြိုးပြတ်ပြီး ကြမ်းပြင်ပေါ်ကို
ကျသွားတဲ့ ပုတီးစေ့တွေလို အရပ်မျက်နှာအသီးသီးမှာ ပုံစံမျိုးစုံ
ပြန့်ကျဲလို့သွားပါတော့တယ်။ အဲဒီထဲက ပုတီးစေ့တစ်စေ့ ဖြစ်တဲ့ ကျွန်တော်ဟာ
လက်နက်ကိုင် တော်လှန်ရေးနဲ့ စစ်အစိုးရကို ဖယ်ရှားပြီးမှ ဒီမိုကရေစီ
နိုင်ငံသစ်ကို တည်ဆောက်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ကို ပိုက်ပြီး ၁၉၈၈ ခုနှစ်
ဒီဇင်ဘာလမှာ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ထဲက "လေခွန်းတောင်" စခန်းကို
ရောက်သွားခဲ့ပါတော့တယ်။

တော်လှန်ရေးအတွက် အိန္ဒိယ အစိုးရကတော့ အပြည့်အ၀ အကူအညီတွေပေး လိမ့်မယ်ဆိုတဲ့
အိမ်မက်ကြီးနဲ့ သွားလိုက်တာ တကယ်တမ်းမှာတော့ ဒုက္ခသည် စခန်းထဲမှာ ဘယ်မှထွက်မရ
အစားအသောက်က ဆင်းရဲ အဆိုးဆုံးကတော့ သတင်းတွေ ပြတ်လတ်တာပါပဲ။ လူနှစ်ရာ
နီးနီးမှာမှ ရေဒီယိုလေး တစ်လုံးပဲ ရှိတာမို့ အဲဒါလေးကို
စုပြီးဝိုင်းနားထောင်ရပါသဗျ။ ရွှေပေါ်မြတင် ထားရပါတယ်။

 ကိုသူရကိုတော့ ၁၉၈၈ အောက်တိုဘာ ၂ရက်၊ ဘားလမ်းထဲက စပယ်ဦးပုံနှိပ်တိုက်မှာ
သရုပ်ဆောင် ဇင်ဝိုင်း၊ ဇာတ်မင်းသား မိုးဝင်း၊ ညီဝင်းစိန်၊
ဒါရိုက်တာအောင်မြင့်မြတ်၊ ဦးတင်စိုးတို့နဲ့ အတူ ဖမ်းသွားတာသိခဲ့ရသဗျ။ အဲဒီ
အချိန်က သူတို့ကို ဘယ်လိုနှိပ်စက်ခဲ့တယ် ဆိုတာတွေရယ် ထောင်ထဲမှာ ၁၉၈၉ မတ်လ ကုန်
အထိ ကာလ ဘယ်လိုကြုံတွေ့ရတယ်ဆိုတာတွေကို နောက်ပိုင်းမှာ ကျွန်တော်လည်း တောထဲက
ပြန်ရောက်ပြီး သူနဲ့အတူ တော်တော်လေးနေဖြစ်တဲ့ အချိန်တွေမှာ ကြုံရင် ကြုံသလို
သူပြန်ပြောလေ့ ရှိပါတယ်။

 ၂၀၀၅ ကျွန်တော် ထောင်ပြန်လွတ်ပြီး နောက်မှာ ကျွန်တော့် ပထမအိမ်ထောင်
ပျက်သွားတာမို့ နေစရာပျောက်နေချိန်မှာ သူ့အိမ်မှာပဲ နေဖြစ်ခဲ့ပါတယ်။
တစ်ညမှာတော့ သူက ဗလာစာအုပ် လေး (၃)အုပ်ထုတ်ပြပါတယ်။ အဲဒါကတော့ သူပထမဆုံးအကြိမ်
ထောင်က လွတ်လွတ်ချင်း ထောင်ထဲမှာနေ့စဉ် ကြုံတွေ့ခဲ့ရပုံတွေကို အသေးစိတ်
မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။

"ဇာဂနာ ဒိုင်ယာရီ"

 သူ့ရဲ့ဒိုင်ယာရီထဲက ရှေ့ပိုင်းစာမျက်နှာ အနည်းငယ်ကို ၂၀၀၇ နောက်ပိုင်း
အင်တာနက် စာမျက်နှာတစ်ချို့မှာ ဖေါ်ပြလာတာ တွေ့ရပါတယ်။ အထူးသဖြင့်
မိုးမခစာမျက်နှာနဲ့ ကိုသူရရဲ့ ကိုယ်ပိုင်ဘလော့ခ် မှာပါ။ ဒါပေမဲ့
တခန်းနှစ်ခန်းပဲ ဖေါ်ပြပြီး ရပ်ထားတာ တွေ့ရပါတယ်။ ဖြစ်နိုင်တာကတော့
ဒီဒိုင်ယာရီမှာ သူကြုံခဲ့သမျှကို သူ့ဟာသဓါတ်ခံ နိုင်ငံရေးခံယူချက်အခံနဲ့
အားမနာတမ်းရေးထားတာမို့ ဒီထဲမှာပါနေတဲ့ သူတစ်ချို့ကို ဒုက္ခပေးမှာစိုးတာရယ်၊
သူပွင့်ပွင့် လင်းလင်း ရေးလွန်းလို့ တခြားလူတွေကို အားနာပြီး ဆက်မဖေါ်ပြပဲ
ထားခဲ့တယ်လို့ပဲ နားလည်မိပါတယ်။

 ဒါကြောင့် ဒီဒိုင်ယာရီဟာ မြန်မာစာဖတ်ပရိတ်သတ်အကြားမှာ သိပ်မသိကြတာပါ။ ဒါပေမဲ့
နိုင်ငံတကာမှာ လွတ်လပ်စွာ ရေးသားဖေါ်ထုတ်ခွင့်အတွက် ဆောင်ရွက်နေကြတဲ့
အဖွဲ့အစည်းတွေ ပုဂ္ဂိုလ်တွေ အကြားမှာတော့ ဒီဒိုင်ယာရီဟာ တော်တော်ကို
လူပြောသူပြော များလှပါတယ်။ အဲဒီအဖွဲ့တွေက ထုတ်တဲ့ စာစောင်တွေမှာ ဘာသာပြန်ပြီး
အထူးဂုဏ်ပြု ဖေါ်ပြထားကြတာ တွေ့ရပါတယ်။ ခုတော့ သူအထဲရောက်နေတာကို
အခွင့်ကောင်းယူပြီး တစ်ချို့ကို မနေနိုင် မထိုင်နိုင် နည်းနည်းဖေါက်သည်ချရ
ကောင်းမလား စဉ်းစားမိသဗျ။

 အဲဒီ ဒိုင်ယာရီမှာ ထူးထူး ခြားခြား ပေါ်လွင်ထင်ရှားတာကတော့ ဇာဂနာရဲ့ ထီမထင်တဲ့
စိတ်ဓါတ်နဲ့ ဟာသ ဥာဏ်ပါ။ ပြောရရင် အဲဒီအချိန်က အာဏာ သိမ်းခါစ ဖြစ်တာမို့
စစ်ဦးဘီလူး ဆိုသလို တော်တော်ပဲ ကြမ်းကြမ်း တမ်းတမ်း စစ်ဆေးပါတယ်။ ဒီတော့
ကိုရွှေဇာဂနာ အပါအ၀င် ရဲဘော်အနုပညာသည်တွေမှာ တော်တော်လေး နှိပ်စက်ခံရပါတယ်။

 မော်တော်ဆိုင်ကယ်စီးခိုင်းတဲ့ အတွေ့အကြုံတွေကို ရေးတော့မယ်ဆိုတော့
အဲဒီအခန်းကို "မော်တော်ဆိုင်ကယ် လှလှလေးတွေ" လို့ ခေါင်းစဉ်တပ်ပါတယ်။
ပြီးတော့မှ ဘယ်လို မသက်မသာ ခံခဲ့ရတယ်ဆိုတာ ရေးပြပါတယ်။ ၀ိုင်းပြီး
ဆွမ်းကြီးလောင်းကြတော့လည်း ၀ိုင်းဆော်နေတဲ့ကြားက တခြားလူတွေကို ဘယ်လို ဆော်တယ်
ဆိုတာကိုပါ စပ်စုထားပါသေးတယ်။ လူတွေမှာ စရိုက် အမျိုးမျိုး ရှိကြပါတယ်။

ဒီထဲမှာ ဇာတ်မင်းသားကြီး ဦးညီဝင်းစိန် ခမျာလည်း ဆော်ခံထိတဲ့ ဘေးက
ပြေးမလွတ်ခဲ့ပါဘူး။ ဒီလို ဆော်တဲ့အခါ နာလွန်းတော့ ညည်းညူမိတာ
လူတိုင်းရဲ့သဘာဝပါ။ ဒါပေမဲ့ နောက်ပိုင်း ဇာတ်တော်တွေမှာ နှိပ်စက်ခံရတဲ့အခန်း
(အပူတိုက်)ကတဲ့ အခါ ငိုချင်းတွေနဲ့ နာမည်ကြီးလှတဲ့ မင်းသားကြီးဆိုတော့ လေသံက
နောက်ပိုင်းကဇာတ်ဆန်ဆန် ညည်းမိပါလိမ့်မယ်။ အဲဒါကို ဒီလောက်အထုအထောင်း ခံနေရတဲ့
ကြားက သတိထားမိအောင်ထားမိပြီး ထည့်ရေးထားတာ ဖတ်ရတိုင်း စိတ်မကောင်းတဲ့ ကြားက
မပြုံးပဲ မနေနိုင် ဖြစ်ရပါတယ်။

 ကိုရွှေထောက်လှမ်းရေးတို့ ထုံးစံအတိုင်း စိတ်ကြိုက်ထုနှက်လို့ ပြီးပြီလား
ဆိုမှဖြင့် သိချင်သမျှကို အပျော့ဆွဲလေးနဲ့ မှတ်တမ်းယူမဲ့ ပုဂ္ဂိုလ်က
စီးကရက်ဗူးလေးနဲ့ မျက်နှာပိုးလေးသပ် ရောက်လာ တတ်တာ သဘာဝပါ။ ကိုသူရတို့ အမှုမှာ
တာဝန်ယူပြီး မေးမြန်းခဲ့သူကတော့ ဗိုလ်မှူးစန်းပွင့်ပါတဲ့ခင်ဗျ။ အနှီပုဂ္ဂိုလ်က
အဲဒီအချိန်က ဗိုလ်မှူးအဆင့်ပဲ ရှိပါသေးတယ်။ ပြီးတော့မှ
အရှင်မွေးနေ့ချင်းကြီးဆိုသလို ဗိုလ်ခင်ညွန့်ရဲ့ လက်ရုန်းကြီးတစ်ဆူဖြစ်လာပြီး
နောက်ပိုင်းမှာတော့ ဗိုလ်ခင်ညွန့်ကို နှိပ်ကွပ်ခန်းမှာ ထောင်နန်းစံသွားရ
ရှာပါတယ်။

 ဒီနေရာမှာ ဖေါက်သည်ချချင်တာက သူ့ကို ဦးဆောင်ပြီး နှိပ်စက်မေးမြန်းခဲ့
ဗိုလ်စန်းပွင့် တစ်ယောက် ထောင်နန်းစံ ရပြီဆိုတဲ့ အခါမှာတော့ ထုံးစံအတိုင်း
သတင်းမေးရဲတဲ့ လူတောင် မရှိချိန်မှာ သူ့အကျဉ်းသားဖြစ်ခဲ့ဘူးခဲ့တဲ့ ဇာဂနာက
မိသားစုကိုသွား ရဲရဲတွေ့ပြီး အားပေးကူညီပေးခဲ့ ဘူးတယ် ဆိုတဲ့ သမိုင်းတစ်ကွေ့
ပါပဲခင်ဗျား။

 တလောက လန်ဒန်မှာ မှတ်တမ်းရုပ်ရှင် သမားတစ်ယောက်က စက်တင်ဘာ အရေးတော်ပုံ
မတိုင်ခင်လေးမှာ ရန်ကုန်သွားပြီး ကိုသူရကို မှတ်တမ်းတင်ရိုက်လာတဲ့
ဗီဒီယိုရုပ်ရှင်ကားတိုလေးပြလို့ ကြည့်ခဲ့ရသဗျ။ အဲဒီရုပ်ရှင်ထဲမှာ ..

 "ကျွန်တော်မူကတော့ ရန်သူဟာ ကျွန်တော့် မိတ်ဆွေ ဖြစ်လာရမယ်" လို့ ပြောခဲ့ပါတယ်။


 အဲဒါလေးကို ကြည့်နေရင်းကနေ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်မယ်ဆိုတာ အပြောမဟုတ်
လက်တွေ့လည်း လုပ်ခဲ့တဲ့လူပဲ။ ခုလည်း ကြိုးစားနေဆဲပဲလို့ တွေးနေမိပါကြောင်း။

 ရှေ့ဆက်ရေးပါဦးမယ်။

ပန်းချီထိန်လင်း

*(ကောင်းကင်အင်တာနက်မဂ္ဂဇင်း စာမျက်နှာကနေ ကူးယူဖော်ပြပါတယ်)*



Saturday, 16 April 2011

၂၀၁၁ သင်္ကြန်စာတော်ကြီး

-



-

ဝေဒကဝိ အခါပေး မင်္ဂလာဆြာတေ၏ ၂၀၁၁ သင်္ကြန်စာတော်ကြီး

Posted by Admin at 6:25 PM Labels: ,
ရန်ကုန်သားတာတေ| ဧပြီ ၁၂၊ ၂၀၁၁

သုဝဏ္ဏ၊ သာကေတ၊ မြောက်ဥက္ကလာ၊ ဒေါပုံ၊ နေပြည်တော်။ တောင်ဒဂုံ၊ ယုဇန၊ ပျဉ်းမနား၊ မင်္ဂလာဒုံ၊ လယ်ဝေး၊တောင်ဥက္ကလာ စပယ်ယာတို့ သံကုန်ကာ လူသာခေါ်ရင်း ဓိပ္ပာယ်လင်းသော် မျက်နှာသနပ်ခါး ပေါင်သေးချောင်းစီး လွှတ်တော်ကြီးသည် ပြီးပြီဆို၍ ပုတ်သင်ညိုအပေါင်း အိမ်ပြန်ညောင်း၏။ နဖူးပြောင်သူ မင်းလုပ်မူ၍ မထူးဇာတ်ခင်း တိုင်းပြည်တွင်း၌ မွဲသူဆက်မွဲ၊ ခိုးသူဆက်ခိုး၍ နေမြဲအတိုင်း ရှိခြေ၏။

၁၃၇၂ ခုနှစ် နှောင်းတန်ခူးလဆန်း ၁၁ ရက်၊ ခရစ်နှစ် ၂၀၁၁ ခု ဧပြီလ ၁၄ ရက်၊ ကြာသပတေးနေ့ မြန်မာစံတော်ချိန် ၃ နာရီ၊ ၄၀ မိနစ်၊ ၄၉ စက္ကန့်တွင် ဘာနုရာဇာမည်သော တနင်္ဂနွေ ဂြိုဟ်မင်းသည် ရွှေအဆင်းနှင့်တူသော အဝတ်ကို ဖိုးချစ်ဇာတ်ထဲမှ ငှားဝတ်၍ မြင်းစီးမည် အကြံနှင့် မြင်းလိုက်ဝယ်ရာ မြင်းများရှင်လောင်းလှည့်နေသဖြင့် မအားလပ်သောကြောင့် မြင်းနှင့် ဆင်ဆင်တူသည့် လားကိုစီးကာ ရေသန့်ဘူးကို ပိုက်၍ အနောက်မှသည် အရှေ့မြောက်ထောင့်သို့ ဝင်၏။

မြန်မာပြည် အမည်ရှိသော ဗြဟ္မာမင်း၏ ဦးခေါင်းကို အစိမ်းရောင်ဝမ်းဆက် ဝတ်ထားသူတဦးက ကိုင်၍ဝသောကြောင့် တကြောင်း၊ အင်တာနေရှင်နယ်က ဝိုင်းသမသည်ကို တခြားတယောက် ခံပါစေဟူသော စေတနာစိတ်နှင့်လည်းကောင်း ထိပ်အလွန်ပြောင်သည့် အစိမ်းရောင်၊ အနီရောင်၊ ခရမ်းရောင်တို့ဖြင့် ရောသမမွှေအဆင်းရှိ ချိတ်ထဘီဝတ်ထားသူ တဦးကို လွှဲပြောင်း ပေးလိုက်၏။

ထို့ကြောင့် နိုင်ငံတကာ၌ မိုးရွာချိန်တွင် မိုးရေများ မိုးပေါ်က ကျအံ့၊ မြန်မာနိုင်ငံ၌ "အေးချမ်းသာယာရေး ကောင်စီ" မှ "အုပ်ချုပ်ရေးမှူးရုံး" ဟူ၍ ပြောင်းသွားသဖြင့် ဆိုင်းဘုတ်ရေးသူနှင့် တံဆိပ်တုံးလုပ်သူများ ဝင်ငွေကောင်းအံ့။ နိုင်ငံတကာ ခရီးသွားများ လေယာဉ်စီးရအံ့။ နွား၊ ဝက်၊ ဆိတ် အစရှိသည့် ခြေလေးချောင်း သတ္တဝါများ ဟင်းအိုးထဲ ရောက်လတံ့။ လူ့ဘုံလောကတွင် ပညာရှိသုခမိန်တို့ အလုပ်လက်မဲ့ ဖြစ်သောကြောင့် လေချည်းသာ ပေါနေသဖြင့် လက်ဘက်ရည်ဆိုင်တို့ လူစည်အံ့။ ဘုံဆိုင်တွင် အရက်ရောင်းအံ့။ ပြည်သူတို့ နှစ်လုံးထီ၊ သုံးလုံးထီနှင့် ဘောလုံး လောင်းကစား များများလုပ်ကြအံ့။ စနေနံနှင့် ပတ်သက်သော အရပ်ဒေသသို့ မသွားလိုသူများ စိတ်ညစ်ညစ်နှင့် သွားကြရအံ့။ စပါးမှ ဆန်ဖြစ်အံ့။ (ဤကား ဆြာတေ၏ မဟာသင်္ကြန်ကျ အဟောတည်း)


သင်္ကြန်အကျနေ့သည် ကြာသပတေးနေ့ ဖြစ်သောကြောင့် ကြာသပတေး သားသမီးတို့သည် သင်္ကြန်အကြတ်နေ့ ဖြစ်သော သောကြာနေ့၌ အလွန်ရေရှားသော အရပ်သို့သွား၍ "ရေ ရေ ရေရေရေ သောက်ဖို့ သုံးဖို့ရေ" ဆိုသည့် ကဗျာကို ၃ ကြိမ် ရွတ်ဆိုကာ ရေရအောင်ရှာ၍ နေပူထဲတွင် ဦးခေါင်းဆေးမင်္ဂလာ ပြုကာ ကြာသပတေးနံဖြစ်သည့် ပါရာစီတမော့ တလုံးကို ရေမပါဘဲ မြိုကြကုန်လော့။

တနင်္ဂနွေ သားသမီးတို့သည် - ဤနှစ်တွင် ပျော်စရာတွေ့လျင် ရယ်၍၊ ဝမ်းနည်စရာ တွေ့ပါက စိတ်သောက ရောက်အံ့။ တနင်္ဂနွေနံဖြင့်စသည့် အရက် ထုတ်လုပ် ရောင်းချသူများ "အရက်" ဆိုသော အမည်မပါအောင် ကြော်ငြာရိုက်ကူးရသဖြင့် အလုပ်ရှုပ်ကြအံ့။ အိမ်ထောင်ရှင် ယောက်ျားများ အိမ်စရိတ်မရှာနိုင်သဖြင့် အိမ်ရှင်မနှင့် အချင်းများမည်။ အိမ်ငှားများ နှစ်ချုပ်စေ့လျင် အိမ်ပြောင်းရမည်။ အချစ်ရေးတွင် အီးရော အီးရောဖြင့် အီလည်လည် ဖြစ်နေမည်။ အင်တာနက်ဆိုင် လုပ်ငန်း လုပ်သူတို့ အာဏာပိုင်များ၏ အကျပ်ခံရမည်။ အင်တာနက်လိုင်းများ နှေးမြဲနှေးမည်။ ကိုယ်ဝန်သည်များ ကိုယ်ဝန်ရှိစတွင် အန်နိုင်သည်။ သတိထားပါ။ ယတြာမှာ တနင်္ဂနွေနေ့တွင် အုန်းပင်ပေါ်တက်၍ အုန်းလက်ကို ခုတ်ပြီး "အေး" အမည်ပါသူတဦးအား အိမ်ထဲတွင် အင့်ခနဲ အသံထွက်အောင် ထုပါ။

တနင်္လာ သားသမီးတို့သည် - အရပ်ပုသောသူဖြစ်ပါက ဤနှစ်တွင် ပြန်ကြားရေးဝန်ကြီးတာဝန် ထမ်းဆောင်ရကိန်းရှိသည်။ ၎င်း၏အရပ်မှာ ခွေးပစ်သည့် တုတ်လောက်သာ ဖြစ်ပါက တနင်္လာနံဖြစ်သော ဂျာနယ်ထုတ်ဝေသူများနှင့် အကျိုးပေးမည်။ ခေါင်းညိတ်တော်သူများ ၃ သိန်းယူ၍ အိမ်ပြန်ရကိန်းကြုံသည်။ နေပြည်တော်တဝိုက် ကွမ်းစားခွင့် မရှိသဖြင့် ကွမ်းယာသည် များ နေပြည်တော်တွင် အလုပ်ဖြစ်ကိန်းမမြင်။ ခါးပိုက်နှိုက်များ ကားပေါ်တွင် ပိုအဆင်ပြေမည်။ အချစ်ရေးတွင် မိမိချစ်သူက အဖြေပေးခါနီး၌ ခလုပ်တိုက်ကိန်း ရှိသည်။ အိမ်ရှင်မများ ကြက်သွန်လှီးချိန် ချော်လှီးမိတတ်သည်။ သတိထားပါ။ အိမ်ထောင်ရှင်များ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ခက်ခဲမည်။ ခက်ခဲသဖြင့် ချဲထီထိုးပါက ထပ်မွဲမည်။ ယတြာမှာ တနင်္လာနေ့တွင် ခွေးတကောင်ကို ကင်းတဲတတဲတွင် ကြိုးဖြင့် ခိုင်ခိုင်ချည်၍ ခင်ဝမ်းသီချင်း တပုဒ်ကို သီဆိုရင်း ခုနစ်ခါ ခုန်ပါ။

အင်္ဂါသားသမီးတို့သည် - အစိမ်းရောင် နှစ်ခြိုက်သူများ ဤနှစ်၌ စီးပွားရေးလုပ်ပါက စုံးစုံးမြုပ်ကိန်းကြုံမည် ဖြစ်သောကြောင့် စိတ်ရောဂါရနိုင်သည်။ ဆင်ဖြူတော်မီပြီး ကြံစုပ်ချင်သူများ ကြံပင်စိုက်ပြီး ဆင်ဖြူမွေးရန် ခြံဝန်းကျယ်ကျယ် လိုအပ်လိမ့်မည်။ ဆိတ်သားရောင်းသူများ ဓားကိုင်ရမည်။ ညာတတ်သူများ အလုပ်ဖြစ်မည်။ ထမင်းကို ဇွန်းဖြင့်စားသူများ သတိထားပါ။ ဇွန်းပါ မြိုချမိတတ်သည်။ အချစ်ရေးတွင် ဇွဲကောင်းသူများ ဆက်လက် ဇွဲကောင်းရကိန်းမြင်သည်။ အိမ်ထောင်ရှင်များ ဈေးဖိုးပိုကုန် သဖြင့် ဇက်ကျောတက်ရောဂါ ရတတ်သည်။ ယတြာမှာ အင်္ဂါနေ့တွင် ဇော်ဂျီကဲ့သို့ ဝတ်ပြီး ဇီးကွက်တကောင်ကို ဖမ်း၍ ဈေးတွင် ခြင်္သေ့တံဆိပ်ပါသော အင်္ကျီဝတ်ထားသည့် စိတ်ရောဂါသည် တဦးနှင့် ဆွေးနွေးပွဲ ကျင်းပပါ။

ဗုဒ္ဓဟူးသားသမီးတို့သည် - ယခုနှစ်တွင် ရေကျောက်ပေါက်ကိန်း မြင်သည်။ ရွှေ အမည် ပါသူများ ရှိုက်ကြီးတငင် ငိုရမည်။ လျှပ်စစ်မီး အန္တရာယ်သတိထားပါ။ ဝါယာရှော့ကြောင့် မီးလောင်လျင် ထွက်မပြေးဘဲ သတင်းစာထဲတွင် ပြောထားသည့်အတိုင်း နေရာတွင်ပင် ရပ်နေပါ။ ရှိန်းတိန်းတိန်း ဖိန်းတိန်းတိန်း ဖြစ်လာပါက အရက်ကို ရေမရောဘဲ သောက်လျင် မူးတတ်သည်။ စိတ်မပူပါနှင့်၊ အရက်ရှိန်ပြေသွားပါက အမူးပြေမည်။ ရှက်တတ်သူများ ရှောင်လင်သိုင်း ကစားရတတ်သည်။ ရေနှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းများ အောင်မြင်မည်။ ဥပမာ - နွားနို့ရောင်းသူ၊ အရက်ပုန်းရောင်းသူ၊ ရေခဲရည်သည်။ အချစ်ရေးတွင် ရေရေရာရာ မရှိဘဲ ယောင်တောင်တောင် ဖြစ်နေတတ်သည်။ အိမ်ထောင်ရှင်များ ရန်များသည်။ ယတြာမှာ လသာသော ဗုဒ္ဓဟူးနေ့ညတွင် ရေဝေးသို့သွား၍ ရေခဲတုံးဖင်ခုထိုင်ကာ "ရဲတွေလာပြီ၊ ရဲတွေလာပြီ" ဟု ၉၉ ခါ တိတိ အော်ပါ။

ကြာသပတေးသားသမီးတို့သည် - မီးဖြင့်စသော အလုပ်ရတတ်သည်။ ဥပမာ - မီးနေစောင့်။ မမျော်လင့်ဘဲ ကာကွယ်ရေး ဦးစီးချုပ်ဖြစ်ပြီး သတင်းစာမျက်နှာဖုံးတွင် ဓာတ်ပုံပါကိန်းရှိသည်။ စီးပွားရေး လုပ်လိုသူများ မှားယွင်းတတ်သဖြင့် ယခုနှစ်တွင် ဘာမှ မလုပ်သင့်။ ဗိုက်ကြီးသည်များ လစေ့လျင် ကလေးမွေးကိန်းရှိသည်။ ပိုက်ဆံ အထွက်မြန်သလောက် အဝင်နှေးတတ်သည်။ မြန်မြန်ဝင်လိုပါက ပိုက်ဆံကျဲသော အလှူများသို့ များများသွားပါ။ အချစ်ရေးတွင် မေးထူးခေါ်ပြော အဆင့်က မတက်ဘဲ ဖြစ်နေမည်။ အိမ်ရှင်မများ မီးခဏခဏ ပျက်၍ မီးသွေးမီး မွှေးရသောကြောင့် မောကိန်းမြင်သည်။ ဈေးသွားသည့် အခါ သတိထားပါ။ ဈေးနှုန်းများ ကြားလျင် မိုက်ခနဲ ဖြစ်တတ်သည်။ မူးလျင် မမောင်းနှင့် မောင်းလျင်မမူးနှင့်ဆိုသော ဆောင်ပုဒ်ကို လက်ကိုင်ထားပါ။ မူးပြီးမောင်းသူများ ဘဲဥများ၏ ဖမ်းခြင်းကို ခံရတတ်သည်။ ယတြာမှာ ကြာသပတေးနေ့တွင် မိုက်ကရိုဖုန်းတလုံးကို မာန်ပါပါကိုင်ပြီး "မီးဘေးရှောင်၍ မလောင်ခင် တားကြပါ" ဆိုသော သီချင်းကို အရှေ့ ခုနစ်အိမ်၊ အနောက်ခုနစ်အိမ် ကြားအောင် အော်၍ မောလာသည်အထိ ဆိုပါ။

သောကြာသားသမီးတို့သည် - ယခုနှစ်တွင် ထိပ်ပြောင်သူများ သမ္မတ ဖြစ်ကိန်းရှိသည်။ သို့သော်လည်း ဘဝင်မမြင့်ပါနှင့်၊ အနောက်ကွယ်က ချုပ်ကိုင်သူ သောကြာနံတဦး ရှိနေသည်ကို သတိပြုပါ။ သန်းသည် သိန်းထက်များသည်ကို မမေ့ပါနှင့်။ သိုက်နန်းရှင် ဘိုးဘိုးကြီးများနေထိုင်ရာ ဒေသတွင် နှလုံးဂဏန်း လာတောင်းသူများဖြင့် စည်ကားသိုက်မြိုက်မည်။ အချစ်ရေးတွင် သေတပန် သက်တဆုံး သစ္စာထားသော်လည်း သောကများမည်။ သန်းဝေတတ်သူများ အလုပ်ခွင်တွင် မသန်းမိပါစေနှင့်၊ အလုပ်ရှင်က ဟိန်းဟောက် လိမ့်မည်။ သဲဖြင့် အလုပ်လုပ်သူများ အလုပ်ဖြစ်မည့် ကာလဖြစ်သည်။ ဥပမာ - ဆောက်လုပ်ရေးကန်ထရိုက်။ သေသောသူများကို ကျော်သူ ကူညီလိမ့်မည်။ အိမ်ထောင်ရှင် အမျိုးသမီးများ ဈေးက ပြန်လာလျင် ဟောဟဲ ဟောဟဲ ဟု ပါးစပ်က မြည်လိမ့်မည် ဖြစ်သော်လည်း စိတ်မပူပါနှင့် ရေတခွက်သောက်လိုက်လျင် ပျောက်သွားလိမ့်မည်။ ယတြာမှာ သောကြာနေ့တွင် သိမ်ကြီးဈေးသို့သွား၍ သုံးပိဿာလေးသော သံချောင်းတချောင်းကို သယ်ကာ လေးဖြူ၏ "သံယောဇဉ်" သီချင်းကို ဟေမာနေဝင်း စတိုင်ဖြင့် သီဆိုပါ။

စနေသားသမီးတို့သည် - နာမည် ၈ လုံးမှည့်ထားပါက ပုဆိုးနှင့်ခေါင်းပေါင်းဝတ်ကာ တောင့်တောင့်ကြီး ရပ်၍ တည့်တည့် ကြည့် နေရတတ်သည်။ ပုဆိုး မဝတ်တတ်သဖြင့် တခါတရံ အခက်ကြုံရမည် ဖြစ်သော်လည်း စိတ်မပူပါနှင့်၊ ခါးပတ်ပတ်ထားပါ။ ထမင်းစားရင်း မကြာခဏ သီးတတ်သည်။ မသီးလိုသူများ ထမင်းမစားဘဲ ရေသောက် ဗိုက်မှောက်နေပါ။ ငွေကုန် သက်သာမည်။ ထဘီဝတ်သည့် အမျိုးသားများ ကောင်းစားသော နှစ်ဖြစ်သည်။ ပို၍ ကောင်းစားလိုပါက ဖြတ်ဖောက်ချုပ် လုပ်လိုက်ပါ။ အချစ်ရေးတွင် ထိန်းထိန်းသိမ်းသိမ်း မပြောဆိုတတ်သဖြင့် ထိပ်ထု ခံရတတ်သည်။ အိမ်ထောင်သည် အမျိုးသားများ နာရီမပတ်ပါက အချိန်မှန် အိမ်ပြန်မရောက်သောကြောင့် အိမ်ရှင်မနှင့် အချင်းများမည်။ ယတြာမှာ စနေနေ့ညနေ တိမ်တောက်ချိန်တွင် တောက်တဲ့တကောင်ကို တည့်တည့် စိုက်ကြည့်ရင်း တွံတေးသိန်းတန်သီချင်းတပုဒ်ကို အိမ်နီးချင်းများက တော်ပါပြီဟု မပြောမချင်း သီဆိုပါ။

အတာဆန်းထူး နှစ်ဟောင်းကြူး၍ တန်ခူးလသည် နှစ်အမည်ကား ၂၀၁၁ တည်း။ နှစ်ကို သုံးစောင့်၏။ လ ကို မီးပျက်ညတိုင်း စောင့်၏။ ရက်ကို နှလုံးထီထိုးသူများ စောင့်၏။ မြေကို ဇေကမ္ဘာကုမ္ပဏီ၊ ယုဇနကုမ္ပဏီတို့ သိမ်းရန် စောင့်၏။ ရေကို ရန်ကုန် တိုက်ခန်းနေသူများ စောင့်၏။ မိုးကို ရေမရသူများ စောင့်၏။ တောကို ချင်းမိုင်ရုက္ခစိုး စောင့်၏။ လူတို့၏ အဓိပတိကား သူခိုး၊ တိရစ္ဆာန်တို့၏ အဓိပတိကား ခြင်္သေ့၊ ငှက်တို့၏ အဓိပတိကား နေပြည်တော် ဆာဖာရီနေ ပင်ဂွင်း၊ ဝါးတို့၏ အဓိပတိကား ငါးမျှားတံ၊ မြက်တို့၏ အဓိပတိကား နွား။ မိုးတွင်းတွင် မိုးရွာပါက မိုးရေရအံ့၊ တခါတရံ မိုးခြိမ်းပြီး လေတိုက်အံ့။ စပါးစိုက်သော သူများ ဝမ်းစာစပါးမချန်နိုင်ဘဲ အစိုးရကို ရောင်းရလတံ့၊ မြေပေါ်ဖြစ်သမျှ သစ်ပင်များ အရွက်ကြွေအံ့၊ ကဆုန်လ မိုးသံကြားအံ့၊ မိုးရွာလျင် ဖားအော်လတံ့။ မိုးရေထွက်ချိုးသော ကလေးများနှာချေအံ့၊ ရေအိုင်များတွင် ဆင်းကစား သူများ ဝဲပေါက်လတံ့။ သီတင်းကျွတ်လျင် မိုးကုန်အံ့။ မင်္ဂလာဆောင်များ ကျင်းပအံ့။ ဤနှစ် ဖွားသူများ နာမည်ရှည်ရှည် ဆန်းဆန်း ပေးပါက ခေါ်ရခက်ပြီး နာမည်ပြောင်ပေးခံရအံ့။ ဤကား ဆြာတေ၏ အတာစက္ခု အလိုတည်း။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံရေးသားထားခြင်း မဟုတ်ပါ။