မြန်မာပြည်သူ၏ ဆန္ဒကို လက်မှတ်ထိုး ထုတ်ဖော်ခြင်း
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ ဧပြီ ၂၄၊ ၂၀၁၁
နှစ်ဆန်းတရက်နေ့က   စတင်ပြီးတော့ မြန်မာပြည်တွင်းက ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေး   လိုလားသူ လူငယ်တွေ ကွန်ယက်တွေကနေပြီး Signature Campaign ဆိုတဲ့   လက်မှတ်ထိုး လှုပ်ရှားမှုတခုကို စတင်လိုက်တယ်။ 
     အဲသည်  လှုပ်ရှားမှုမှာ  ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အင်န်အယ်ဒီပါတီက  ခေါင်းဆောင်တွေ၊ ပါတီဝင်တွေ၊  လူငယ်တွေကလည်း အတူတကွ လက်မှတ်ထိုးပြီး  အားပေးထောက်ခံမှုတွေ ပြသကြတာကို  တွေ့ရပါတယ်။ နိုင်ငံတော်သမ္မတကြီးကို  လိပ်မူပြီးတော့ အများပြည်သူလူထုရဲ့  သဘောထားဆန္ဒတွေ ထုတ်ဖော်ပြသတဲ့  လှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့ ပြည်တွင်းသာမက  ပြည်ပကလည်း ပူးပေါင်း  ပါဝင်နိုင်ကြဖို့ ဖိတ်ခေါ်တယ်၊ ကြိုဆိုတယ် ဆိုတဲ့  အသံတွေလည်း  ကြားသိလာရပါတယ်။ အဲသည်လှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့  မြန်မာပြည်ရဲ့  အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နဲ့  တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာ  ဖြစ်ပါတယ်။
ပထမမေးချင်တာက   ဒီပြည်သူဆန္ဒ̔ကို လက်မှတ်ထိုးထုတ်ဖော်တဲ့ လှုပ်ရှားမှုက  အင်န်အယ်ဒီဆန္ဒကို  ထုတ်ဖော်တာလား၊ ဘယ်သူ့ဆန္ဒကို ထုတ်ဖော်တာလဲ။  အင်န်အယ်ဒီကနေ လုပ်တဲ့  လှုပ်ရှားမှုလား။
 အင်န်အယ်ဒီကနေ   လုပ်တဲ့ လှုပ်ရှားမှု မဟုတ်ပါဘူး။ အများပြည်သူတွေထဲက ဒီမိုကရေစီနဲ့   ငြိမ်းချမ်းရေးကို လိုလားတဲ့သူတွေကနေပြီးတော့ လက်မှတ်ထိုးပြီး   တောင်းဆိုတဲ့ လှုပ်ရှားမှုပဲ။ ဒါကို ကျနော်တို့ကလည်း ပြည်သူတွေသဘောထားနဲ့   အတူတူ ရှိတယ်။ ထောက်ခံ အားပေးပါတယ် ဆိုပြီးတော့ ၀ိုင်းပြီး   လက်မှတ်ထိုးကြတယ်။ ကူညီမှုတွေ ၀ိုင်းဝန်း ဆောင်ရွက်မှုတွေ လုပ်ကြမယ်။   ဒီသဘောပါပဲ။ အဲသည်ထဲမှာ လူငယ်တွေပါတယ်။ လူငယ်တွေရဲ့ ဒီမိုကရေစီကွန်ယက်တွေ   ပါတယ်။ အနုပညာရှင်တွေ၊ စာနယ်ဇင်းသမားတွေ၊ နိုင်ငံရေးသမားတွေ၊ ၈၈   မျိုးဆက်တွေကော လူကြီး လူငယ် မျိုးဆက်တွေ အားလုံးရဲ့ ဆန္̔ဒသဘောထားကို   ထုတ်ဖော်ပြသကြတဲ့ သဘောပဲလို့ မြင်ပါတယ်။
သမ္မတကြီး   ဦးသိန်းစိန်ကို လိပ်မူပြီးတော့ပေါ့လေ … အခုလက်ရှိ အစိုးရသစ်ကို   ပြည်သူလူထုကနေပြီးတော့ အများဆန္ဒအဖြစ် တောင်းဆိုတဲ့ အချက်တွေက ဘာတွေလဲ   ဆရာ။ အချက် ဘယ် နှချက်လောက် ရှိသလဲ။
 ကျနော်   တွေ့ရှိရသလောက်ကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့   တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ကို တိုက်တွန်းထားတယ်။ အဲသည်အတွက်   အဓိကအချက်တွေအဖြစ် နံပါတ် ၁ က နိုင်ငံရေးအကျဉ်းသားတွေအားလုံး   ချွင်းခြက်မရှိ လွှတ်ပေးဖို့၊ နံပါတ် ၂ က ပြည်ပရောက်နေတဲ့   မြန်မာဒုက္ခသည်မိသားစုတွေ၊ အဖွဲ့အစည်းတွေ လုံခြုံအေးချမ်းစွာ   ပြန်လာနိုင်ဖို့၊ နံပါတ် ၃ ကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့   စစ်တိုက်နေတာတွေ ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်ဖို့   ဒါတွေကို မြန်မာပြည်သူလူထု တရပ်လုံးရဲ့ ဆန္ဒဖြစ်ပါတယ်။ လက်ရှိ   သမ္မတကြီးကနေပြီး ဖော်ဆောင်ပေးပါလို့ ပန်ကြားထားတဲ့ မေတ္တာရပ်ခံတဲ့   စာဖြစ်ပါတယ်။
အဲသည် လက်မှတ်ထိုး ဆန္ဒထုတ်ဖော်တဲ့ လှုပ်ရှားမှုကို မြန်မာပြည်တွင်းမှာ ဘယ်လိုမျိုး ဆောင်ရွက်ကြမယ် ထင်သလဲ။ လူငယ်တွေ   ကွန်ယက်တွေရဲ့ ချိတ်ဆက် လှုပ်ရှားမှုတွေ ဖြစ်လာမယ် ထင်ပါတယ်။   ရန်ကုန်မြို့လိုမျိုး၊ အင်န်အယ်ဒီ ရုံးဌာနလိုမျိုးမှာတင်   လက်မှတ်ထိုးတာ မဟုတ်တော့ဘဲနဲ့ မြို့တွေ နယ်တွေမှာ ပြည်သူလူထုဆီက   လက်မှတ်တွေ ကောက်ယူ စုဆောင်းကြတာတွေ၊ စုပေါင်းပြီး တင်ပြကြတာတွေ   ဖြစ်လာမယ်လို့ မျှော်လင့်မိပါတယ်။ အခမ်းအနားတွေ ပွဲလမ်းတွေနဲ့   လက်မှတ်ထိုးကြတာမျိုးထက် တအိမ်တက် ဆင်း နီးစပ်ရာ မိတ်ဆွေ၊   အသိုင်းအ၀ိုင်းတွေ၊ ကွန်ယက်တွေနဲ့ လက်မှတ်ထိုး စုဆောင်းကြမယ်လို့   ထင်တယ်။ အခု လက်ရှိ တိုက်တွန်းတဲ့ စာမှာလည်း လက်မှတ်ထိုးဖို့ စာရွက်တွေ   နောက်မှာ တွဲပါတယ်လို့ ဆိုတယ်။ ဒါဟာ များများ တက်တက်ကြွကြွ  ပါဝင်ကြဖို့  ထုတ်ဖော်ကြဖို့ လိုတယ် ဆိုတာကိုလည်း ပြည်သူတွေက  သဘောပေါက် ကြမှာပါ။  ကျနော်တို့ကလည်း အားပေးပါတယ်။ တိုက်တွန်းပါတယ်  ခင်ဗျ။
မြန်မာပြည်အနှံ့မှာ   အခုလို သတင်းကြားလို့ ၀ိုင်းဝန်းပြီး လက်တွဲပြီး လုပ်လာကြလို့   ရှိရင် လက်မှတ်တွေကို ဘယ်လိုမျိုး စုကြမလဲ။ ဘယ်လိုမျိုး ပို့ပေးလို့   ရမလဲ ဆရာ။ ဒါက အများပြည်သူတွေရဲ့ တယောက်တလက် လှုပ်ရှားမှုတွေ ဆိုတော့   ဘယ်လိုမျိုး လက်ဆင့်ကမ်းကြရမှာလဲ ဆရာ။
 ဒီကိစ္စကတော့   ကျနော်တို့တွေဆီက ရေဒီယိုအင်တာဗျူးတွေမှာလည်း ပြောထားတယ် ပြောပါတယ်။   ကျနော်တို့တွေက အားပေးတယ်။ ပြည်သူလူထုရဲ့ သဘောထားကို ထောက်ခံတယ်၊   လိုက်နာပါတယ်။ လက်မှတ်ထိုးပြီး စုဆောင်းရသမျှကို သမ္မတကြီးဆီကို   ပို့နိုင်သလိုပဲ အင်န်အယ်ဒီရုံးကိုလည်း အသိပေး အကြောင်းကြားထားလို့   ရတယ်။ ဒါဆိုရင် ဘယ်လောက်အတိုင်းအတာအထိ ပြည်သူဆန္ဒ ထုတ်ဖော်မှု   ရှိတယ်ဆိုတာကို အများပြည်သူတွေကိုယ်တိုင်လည်း သိကြမယ်။   ကျနော်တို့တွေဆီမှာလည်း လက်ဆုပ်လက်ကိုင် ရှိနေမယ်။ ဒါမျိုး   ဖြစ်လာမယ်လို့ ထင်ပါတယ်။
ပြည်ပက   မြန်မာပြည်ဒီမိုကရေစီရေးကို လိုလားသူ မြန်မာများ၊ အဖွဲ့အစည်းတွေ၊   မိသားစုတွေ ကိုယ်တိုင်ကလည်း ပါဝင်ကြမယ် ဆိုရင် ဘယ်လိုမျိုး   လုပ်ကြလိမ့်မယ် ထင်သလဲ။
 အဲသည်စာရဲ့   အဓိကအချက် ၄ ချက်ကို အများက သဘောတူကြတယ်၊ ဒါကို လက်မှတ်ထိုးပြီး   အတည်ပြုပေးကြတယ်။ မြန်မာပြည်ပရောက်နေတဲ့ တိုင်းရင်းသားတွေ၊   မြန်မာမိသားစုတွေကလည်း သည်လိုပဲ ရှိကြလိမ့်မယ် ထင်ပါတယ်။ အဲသည်အတွက်   မိမိတို့ ရောက်ရှိနေရာ နိုင်ငံ၊ မြို့ရွာတွေကနေ ၀ိုင်းဝန်းပြီးတော့   စုပေါင်းလက်မှတ်ထိုးကြတဲ့ အစီအစဉ်တွေ လုပ်နိုင်ကြမယ်။ လက်မှတ်တွေ   လက်ဆင့်ကမ်း စုဆောင်းကြမယ်။ မြန်မာသံရုံးတွေကိုလည်း ပို့ပေးနိုင်သလို   ကျနော်တို့ မြန်မာပြည်တွင်းက ကွယ်ယက်တွေဆီ ပေးနိုင်တယ်၊   အင်န်အယ်ဒီရုံးကိုလည်း အကြောင်းကြားနိုင်တယ် ထင်ပါတယ်။ ပြည်ပရောက်နေတဲ့   မြန်မာနိုင်ငံသားတွေ၊ ဒုက္ခသည်တွေအနေနဲ့ မိမိတိုင်းပြည်ကို   လုံခြုံအေးချမ်းစွာ ပြန်လာနိုင်ဖို့ကလည်း အများပြည်သူတွေရဲ့   သဘောထားဖြစ်တယ်ဆိုတာကလည်း တချက် အပါအ၀င် ဖြစ်တယ်လေ။
ကောင်းပါပြီ။   မြန်မာပြည်ရဲ့ နိုင်ငံရေးပြသနာတွေ၊ အကြပ်အတည်းတွေကို ငြိမ်းချမ်းစွာ   တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ဆိုတာ မြန်မာပြည်သူလူထုတရပ်လုံးရဲ့   ဆန္ဒဖြစ်တယ်ဆိုတာကတော့ အရင်တုန်းကတည်းကလည်း အတိုက်အခံနိုင်ငံရေး   အစုအဖွဲ့တွေ၊ အတိုက်အခံခေါင်းဆောင်တွေ၊ ၈၈ မျူိုးဆက်တွေ၊ ရဟန်းသံဃာတွေ   အားလုံးက တောင်းဆိုခဲ့ကြတယ်လေ။ အကြိမ်ကြိမ် ထုတ်ဖော်ခဲ့ကြတာ ဖြစ်တယ်။   ပြောရရင် ယခင်စစ်အုပ်စုရဲ့ အစိုးရအဆက်ဆက်ပဲ ဆိုပါတော့ ဆရာရယ်။ အခု   တက်လာတဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအနိုင်ရ ကြံ့ဖွံ့အစိုးရလက်ထက်မှာကော   အခုလိုမျိုး တောင်းဆိုတာ၊ ဆန္ဒထုတ်ဖော်တာကို သူတို့တတွေက   လစ်လျူရှုထားတာ၊ ပစ်ပယ်ထားမြဲ ဖြစ်ဦးမယ် ဆိုရင် ဘယ်လို ဖြစ်လာမယ် ထင်သလဲ။
 ဒါကတော့   အခုတက်လာတဲ့ အစိုးရအသစ်ဆိုတဲ့ဆီမှာ တိုင်းသူပြည်သားတွေ အားလုံးရဲ့   အများဆန္ဒ̔သဘောထားကို ဘယ်လောက်တောင် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှာလဲ   ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ထုတ်ဖော်တာ ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်က   သန့်ရှင်းတဲ့အစိုးရ ကောင်းမွန်တဲ့ အစိုးရဖြစ်အောင် ကြိုးစားမယ်လို့   ပြောထားတယ်။ ပြောတဲ့အတိုင်းပဲ ပြည်သူတွေကလည်း ဖြစ်ပေါ်အောင်လို့   ဒီအချက်တွေကို ဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ခံတယ်။ ဒါကို သူတို့က   ဘယ်လိုမျိုး တုန့်ပြန်သလဲဆိုတဲ့ အဖြေမှာ အခု အစိုးရသည်   ဘယ်လိုအစိုးရလည်း ဆိုတာ ထင်ရှားမှာ ဖြစ်တယ်။ 
ဒါကတော့   လွှတ်တော်ထဲမှာလည်း အချို့သော ရွေးကောက်ပွဲအနိုင်ရ   လူနည်းစုနိုင်ငံရေးပါတီ အမတ်တွေကိုယ်တိုင်ကလည်း ထုတ်ဖော်ပြောဆိုခဲ့တာ   ရှိတယ် မဟုတ်လား ဆရာ။ လွတ်ငြိမ်းချမ်းသာခွင့်တို့၊   အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို အဆိုတင်တာတွေ ဘာတွေ ရှိတယ်လေ ဆရာ။   အဲသည်မှာကတည်းက အာဏာရကြံ့ဖွံ့လွှတ်တော်က ငြင်းပယ်တာတွေ လက်မခံတာတွေ   လုပ်ခဲ့ပြီးပြီပဲ ဆရာ။
 ဟုတိပါတယ်။   ဒါက သူတို့ရဲ့ လွှတ်တော်တွင်းမှာ တင်သွင်းတဲ့ အဆိုတွေ သဘောထားတွေ   ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့လွှတ်တော်ဆိုတာက ပြည်သူလူထုတရပ်လုံးက   တိုက်ရိုက်ရွေးချယ်ပြီး ဒီမိုကရေစီနည်းကျ ဖွဲ့စည်းထားတဲ့   လွှတ်တော်မဟုတ်ဘူး။ အဲသည်လို လွှတ်တော်မှာ မဲဆန္ဒ̔နယ်အချို့က တင်ပြတဲ့   အချက်တွေကို သူတို့တတွေက ပယ်ချတယ်ဆိုတာက လွှတ်တော်တခုရဲ့   ဒီမိုကရေစီနည်းနဲ့ ကျင့်ဝတ် ကျင့်ထုံးနဲ့ အလေ့အကျင့် မရှိတဲ့သဘော၊   ဂရုမစိုက်တဲ့ သဘောဖြစ်တယ်ဆိုတာ ထင်ရှားပြီး ဖြစ်ပါတယ်။
 အခု   လူငယ်ကွန်ယက်တွေနဲ့ ဒီမိုကရေစီလိုလားသူတွေက တောင်းဆို တင်ပြတာကတော့   ပြည်သူလူထုတွေဆီက တိုက်ရိုက်လာတဲ့ ဆန္̔ဒသဘောထားဖြစ်တယ်။   အရွေးခံရသူတွေကော၊ အရွေးမခံရသူတွေကော၊ လွှတ်တော် အကန့်အသတ်တခုတည်း မဟုတ်ဘဲ   မြန်မာပြည်သူတွေ ရပ်နည်း ရပ်ဝေးက သဘောထားကို အဆိုတင်သွင်းတာ ဖြစ်တယ်။   အဆိုကိုလည်း အစိုးရတရပ်ရဲ့ အကြီးအကဲဆီကို တိုက်ရိုက် တင်သွင်းတာ   ဖြစ်တယ်။ ပြည်သူလူထု တရပ်လုံးရဲ့ သဘောဆန္ဒကို လိုက်နာတဲ့ အစိုးရလား   ဆိုတာကို အခုတက်လာတဲ့ အစိုးရအသစ်က ထုတ်ဖော်ပြသရတော့မှာ ဖြစ်တယ်။   ဒီလိုမျိုး ကျနော်က ပြောချင်ပါတယ်။
နောက်မေးခွန်းတခုကတော့   အရင်တုန်းကလည်း လက်မှတ်ထိုးလှုပ်ရှားမှုတွေ လုပ်နေကြပဲ။ အခုလည်း   လုပ်လာကြပြန်ပြီလို့ ပြောလာတဲ့ အပေါ်မှာကော ဆရာက ဘယ်လို ပြန်ပြောမလဲ။
 အချိန်အခါနဲ့   အနေအထားတွေကို ကျနော်တို့က ထည့်သွင်း စဉ်းစားစေချင်ပါတယ်။   အခုအချိန်မှာက သူတို့စစ်အုပ်စုက အစိုးရအသစ်တရပ် ပေါ်ထွက်လာတဲ့   အချိန်ဖြစ်တယ်။ သူတို့ အစိုးရသစ်ကလည်း ပြည်သူတွေအတွက်   ကောင်းမွန်သန့်ရှင်းတဲ့ အစိုးရဖြစ်အောင်လုပ်မယ်လို့ ကတိက၀တ်တွေ   ပေးနေတယ်။ ပြည်သူလူထုအားလုံးက ဒီအချိန်မှာ အများသဘောဆန္ဒကို တညီတညွတ်တည်း   တသဘောတည်း ထုတ်ဖော်ပြသဖို့ လိုတယ်လို့ မြင်ပါတယ်။ 
 အဲသည်လို   အနေအထားမှာ ကျနော်တို့ ဒီမိုကရေစီရေး ငြိမ်းချမ်းရေးကို   ဦးတည်ဆောင်ရွက်နေတဲ့ နိုင်ငံရေးအင်အားစုတွေ ရှိနေတယ်၊ ကွန်ယက်တွေ   ရှိလာတယ်။ လူငယ်မျိုးဆက်သစ်တွေ၊ မျိုးဆက်ဟောင်းတွေ ရှိတယ်။ 
ပြောရရင်   ယခင် ၂၀၀၆ ခုနှစ်တုန်းက ၈၈ မျိုးဆက်တွေ၊ အင်န်အယ်ဒီလူငယ်တွေ   လက်မှတ်ထိုး တောင်းဆိုခဲ့ချိန်မှာ အကျယ်ချူပ်ကျနေသူ၊ အကျဉ်းကျနေသူ   ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ စသည်ဖြင့် နိုင်ငံရေးခေါင်းဆောင်တွေက   အခု ပြန်လည် လွတ်မြောက်လာချိန်လည်း ဖြစ်တယ်။ သူတို့တတွေကိုယ်တိုင်က   ပြည်သူတွေရဲ့ လက်မှတ်ထိုး ဆန္ဒထုတ်ဖော်မှုကို တလေးတစားနဲ့ ထောက်ခံ   အားပေးဆောင်ရွက်မှုတွေ လုပ်နေပြီ ဖြစ်တယ်။ 
 ဒေါ်အောင်ဆန်းစုကြည်   ပြောခဲ့သလိုပေါ့ကွာ အစိုးရကိုချည်းပဲ သူဟာနဲ့သူ ဖြစ်လာမှာပဲလို့   မျှော်နေလို့ မဖြစ်ဘူး။ ပြည်သူတွေကိုယ်တိုင်ကလည်း ကို်ယ်လိုချင်တာ   ကိုယ်ဖြစ်တာကို ထုတ်ဖော် ပြောဆိုရမယ်။ ဆောင်ရွက်ကြရမယ်။ ဒီလိုမျိုး   ခုချိန်မှာ ထူးခြားမှုတွေ နိုးကြားမှုတွေ ရှိလာပါတယ် လို့ ပြောချင်ပါတယ်။
ကျေးဇူးတင်ပါတယ် ဆရာ။
(မှတ်ချက် - လက်မှတ်ထိုး ဆန္ဒထုတ်ဖော်ရန် ပန်ကြားစာကို အင်န်အယ်ဒီ ၀က်ဆိုက်မှာ အခုလို တွေ့နိုင်ပါတယ်။ http://burmese.nldburma.org/campaign/2011-04-18-16-33-58/285-2011-04-18-16-03-10.html )
 

 
 
No comments:
Post a Comment