“လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေအစီအစဉ်"
ဧပြီ ၂၂၊ ၂၀၁၁ အာရ်အက်ဖ်အေ အစီအစဉ်
ယခုရက်ပိုင်းအတွင်းက  ဒီမိုကရေစီလိုလားသူများ အနေနဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကို  ပန်ကြားလွှာရေးသားရာမှာ ပြည်ပရောက် မြန်မာ  နိုင်ငံသူ နိုင်ငံသားတွေ  အထူးသဖြင့် ဒုက္ခသည်တွေ မိမိတို့ နေရပ်ကို လုံခြုံအေးချမ်းစွာ  ပြန်လာစေနိုင်မယ့် အခြေနေတွေ ဖြစ်ပေါ်လာရေးကို ဆောင်ရွက်ပေးဖို့ တောင်းဆို  ထားပါတယ်ဘုရား။ ဒီပန်ကြားလွှာကို ပြည်သူတွေ ဝိုင်းဝန်း  ထောက်ခံလက်မှတ်ထိုးရေး လှုပ်ရှားမှုမှာ NLD က တက်တက်ကြွကြွ  ပါဝင်နေပါတယ်ဘုရား။ တပည့်တော်မ ကိုယ်တိုင်လည်း လက်မှတ်ထိုး ပြီးပါပြီဘုရား။  ဒါက တော့ အနာဂတ်အတွက်ပါ။ ယခု လောလောဆယ်မှာတော့ တပည့်တော်မတို့ ဒီမိုကရေစီ  ကွန်ယက်ထဲမှာ နိုင်ငံခြားရောက် မြန်မာတွေ ပါဝင်ပြီး ဒုက္ခသည်တွေကို  တတ်အားသရွေ့ ကူညီဖို့ရာ ဆောင်ရွက်နေပါ တယ်ဘုရား။
  မေးသူ။           ။မအေပရယ်မိုး (အမေရိကန်ပြည်ထောင်စု)
မေးခွန်း။          ။အန်တီစုရှင့် သမီးက အမေရိကန်ပြည်ထောင်စု မယ်ဒလင်း တက္ကသိုလ်မှာ  ကျောင်းတတ်နေ တဲ့ ကျောင်းသူတဦးဖြစ်ပါတယ်ရှင်။ သမီးနာမည်က အေပရယ်မိုးပါ။  လာမယ့် မြန်မာသက္ကရာဇ် ၁၃၇၃-ခုနှစ်မှာ ကမ္ဘာတ၀ှမ်းမှာ ဘယ်လိုပြောင်းလဲမှုတွေ  ဖြစ်ပေါ်လာမလဲလို့ ထင်ပါသလဲ။ မြန်မာပြည်မှာရော ဘာတွေဖြစ် လာနိုင်မလဲ။  အန်တီစုတို့  NLD ကရော  ဘာတွေ လုပ်မှာလဲ။ မြန်မာပြည်သူတွေအတွက် အန်တီစုရဲ့  နှစ်သစ် အမှာစကားလေးလည်း ကြားချင်ပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ် အန်တီ။
ဖြေ။               ။သမီးမေခွန်းတွေထဲမှာ အန်တီ တကယ်ဖြေနိုင်တာကတော့ အန်တီတို့ NLD က  ဘာလုပ်မှာ လဲဆိုတာနဲ့ ပြည်သူတွေအတွက် ဘာဖြစ်စေချင်သလဲ ဆိုတာပါပဲ။  ကမ္ဘာကြီးမှာဘာတွေဖြစ်မယ်ဆိုတာကို တော့ သိနိုင်တဲ့အစွမ်း  အန်တီ့မှာမရှိပါဘူး။ NLD ကတော့ နိုင်ငံရဲ့ အနာဂတ်ကို အကျိုးဖြစ်စေမယ့်  ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးလုပ်ငန်းတွေနဲ့ ပြည်သူတွေကို အကျိုးဖြစ်စေမယ့်  လူမှုရေးလုပ်ငန်းတွေကို ဆက်လက်ပြီး လုပ်သွား မှာပါ။ ပြည်သူတွေအတွက်  ဘာဖြစ်စေချင်တယ်ဆိုတာတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့  ကိုယ်လိုချင်တဲ့ နိုင်ငံမျိုးဖြစ်အောင် လုပ်ယှုမယ်ဆိုတဲ့ ခိုင်မာတဲ့စိတ်တွေ  အခြေခံပြီး ဒီနှစ်သစ်ခရီးကို  လှမ်းသွားစေချင်ပါတယ်။ နှစ်သစ်မှာ  မြန်မာနိုင်ငံသူ နိုင်ငံသားတွေ စိတ်ဓာတ်အပြည့်အ၀နဲ့  ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်း မေတ္တာပို့လိုက်ပါတယ်။
မေးသူ။           ။ဘုန်းတော်ကြီး လင်ရောင်တန် (ကိုရီးယား)ကို  ကိုးရီးယား NLD အဖွဲ့ဝင်       ကိုဇော်မိုးအောင်က ဘာသာပြန်ပေးသည်။
မေးခွန်း။          ။ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်ကို နှစ်ရှည်လများ ခံရပြီးတဲ့နောက်  နိုင်ငံခြား သားတဦးက လုံခြုံရေးတွေများစွာ ချထားတဲ့ကြားထဲကနေပြီးတော့  ဒေါ်အောင်ဆန်းစုကြည် နေအိမ်ထဲကို ၀င် ရောက်ခဲ့ပါတယ်။ အဲဒီ ကိစ္စနဲ့  ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမှုပေါင်းစုံကို ထပ်ဆင့်  ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  ဘယ်လို ဆင်ခြင်မိပါသ လဲခင်ဗျာ။ ရှေ့လျှောက် မြန်မာ့ဒီမိုကရေစီအရေးကို  ဆောင်ရွက်မယ်ဆိုရင် ကျန်းမာရေးက အလွန်တရာမှ အရေးကြီးပါတယ်။ လက်ရှိ  ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအခြေအနေ ဘယ်လိုရှိပါသလဲခင်ဗျာ။
ဖြေ။               ။လုံခြုံရေး အထပ်ထပ်ကြားကနေ လူတယောက်က  ဖောက်ထိုးဝင်လာတော့ နည်းနည်းတော့  အံ့ဩသွားတယ်လို့ပဲ ဖြေပါရစေဘုရား။ ဘယ်သူ့ကိုမှ ထိခိုက်စေချင်တဲ့ ဆန္ဒလည်း  မရှိလို့ အဆိုးဘက်ကြည့်ပြီး မစဉ်းစားတာပဲ ကောင်းတယ်လို့ ယူဆပါတယ်ဘုရား။  တပည့်တော်မ ကျန်းမာရေးလဲကောင်းပါတယ်။ အခုလို ဂရုတစိုက်နဲ့ မေးတဲ့အတွက်  ကျေးဇူးကြီးလှပါတယ်ဘုရား။
မေးသူ။           ။ကိုထွန်းဝင်း (တောင်ကိုးရီးယား)
မေးခွန်း။          ။အန်တီစုခင်ဗျာ။ ကျွန်တော် မေးခွန်းတခု မေးချင်ပါတယ်။ မြန်မာပြည်မှာ  အစိုးရလည်း ပြောင်းလဲသွားပြီးပြီိ။ အခုတက်လာတဲ့ သမ္မတဦးသိန်းစိန်တို့  အဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးမှု ဖြစ်အောင် အန်တီစုတို့ အနေနဲ့ ဘယ်လို  ကြိုးပမ်းမှုများ ရှိနေလဲဆိုတာ ပြောပြလို့ရရင် ပြောပြ နိုင်ပါသလားခင်ဗျာ။
ဖြေ။               ။အန်တီတို့ တွေဆုံဆွေးနွေးရေးအတွက် စပြီးပြောတာ လုပ်တာနဲ့ အများပြည်သူ  သိအောင်လို့ သတင်းထုတ်ပြန်ပါမယ်။ အခုအချိန်မှာတော့ ဘာမှမပြောသေးတာကို  နားလည် သီးခံပေးစေချင်ပါတယ်။
မေးသူ။           ။မစိုးစန္ဒာ (အိန္ဒိယ)
မေးခွန်း။          ။အန်တီစု မင်္ဂလာပါရှင်။ ကျမ မစိုးစန္ဒာပါ။ နယူးဒေလီကပါ။ အိန္ဒိယကို  ရွှေဝါရောင်တော်လှန် ရေးနဲ့ ရောက်ရှိခဲ့ပါတယ်။ ကျမ သိချင်တာက NLD အဖွဲ့  အနေနဲ့  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင် ခဲ့ပြီးတော့  ရွေးကောက်ပွဲကို ကျောခိုင်းခဲ့ပါတယ်။ နောက်တခါ ၂၀၁၀ မှာလည်း  ရွေးကောက်ပွဲကို ကျောခိုင်းခဲ့ပါ တယ်။ ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ  ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကြိုတင်မဲကြောင့် နိုင်လာခဲ့တဲ့ အစိုးရသစ် ကို  အန်တီစုနဲ့ NLD အဖွဲ့ အနေနဲ့ ကန့်ကွက်မယ်လို့ ကျမတို့ဘက်က ထင်ခဲ့ပါတယ်။  ဒါပေမယ့် အန်တီစုအနေနဲ့ “အစိုးရ အသစ်ကို အရှိကို အရှိတိုင်းလက်ခံပါတယ်”လို့  RFA နဲ့ အမေးအဖြေအစီစဉ်မှာ ကြားခဲ့ရပါတယ်။ အဲဒါ ကို ကျမတို့ နားမလည်လို့  အန်တီစုတို့ရဲ့ အစိုးရသစ်ကို “အရှိကို အရှိတိုင်း လက်ခံပါတယ်” ဆိုတဲ့  ဟာလေးကို တချက်ခြင်းပဲ ရှင်းလင်းပြောကြားပေးစေလိုပါတယ်အန်တီစုရယ်။ အရမ်း  ကျေးဇူးတင်ပါတယ်။  အန်တီစုနဲ့တကွ NLD အဖွဲ့သားများ ကျန်းမာချမ်းသာစေရန်  ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။
အဖြေ။        ။အန်တီတို့ NLD က   အနှစ်၂၀ ကျော် န.၀.တ ၊ န.အ.ဖ နဲ့ နိုင်ငံ့ အကျိုးအတွက်  ဆွေးနွေးပွဲတွေ လုပ်ဖို့ တစိုက်မတ်မတ် တောင်းဆိုခဲ့ပါတယ်။ ဒီအတိုင်းပဲ အခု  အစိုးရ အဖွဲ့တခု ရှိနေတာကို မရှိချင်ယောင် မဆောင်ပဲနဲ့ အဲဒီ  အစိုးရအဖွဲ့နဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ရှေးရှုတဲ့  တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်ရေးကိုပဲ ဦးတည်သွားမှာဖြစ်ပါတယ်
န.၀.တ၊  န.အ.ဖ ရှိတုန်းက ကန့်ကွက်သင့်တဲ့ လုပ်ဆောင်ချက်တွေကို NLD က အစဉ်တစိုက်  ကန့်ကွက်ခဲ့သလို အခုလည်း ကန့်ကွက်သင့်တာတွေကို ဆက်ပြီး ကန့်ကွက်သွားမှာပါ။
မေးသူ။           ။ကိုကိုလတ် (ဂျပန်)
မေးခွန်း။          ။ကျနော် ကိုကိုလတ်ပါ။ ဂျပန်နိုင်ငံကပါ။ ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းလေး  မေးပါရစေ ခင်ဗျာ။ အိုင်ဗရီကို့စ်နိုင်ငံမှာ ရွေးကောက်ပွဲအနိုင်ရတဲ့  သမ္မတကို အာဏာလွှဲ မပေးတဲ့အတွက် သမ္မတဟောင်း ကို ဖယ်ရှားဖို့ ကုလသမဂ္ဂတပ်တွေကို  စေလွှတ်ခဲ့ပါတယ်။ ကျနော်တို့ ဗမာပြည်မှာ ၁၉၉၀-ခုနှစ် ရွေးကောက်ပွဲ တုန်းက  ဒေါ်အောင်ဆန်းစုတို့ရဲ့ NLD က  အနိုင်ရခဲ့ပေမယ့် စစ်အစိုးရကို  ဖယ်ရှားပေးဖို့အတွက် ကုလသမဂ္ဂ တပ်တွေ စေလွှတ်ခဲ့တာလည်း မတွေ့ရပါဘူး။ ဒီဟာနဲ့  ပတ်သက်ပြီးတော့ ကုလသမဂ္ဂတပ်တွေ ဗမာပြည်ကို မရောက်လာတာက ကျနော်တို့  အတိုက်အခံတွေက ထိထိရောက်ရောက် မတောင်းဆိုခဲ့ကြလို့လား? ဒါမှမဟုတ်  ကုလသမဂ္ဂအဖွဲ့ထဲမှာ ဘက်လိုက်မှုတွေ ရှိနေလို့လား? ဒီဟာနဲ့ ပတ်သက်ပြီးတော့  ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်ကို ပြောပြပေးပါခင်ဗျာ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ဖြေ။               ။NLD ရွေးကောက်ပွဲနိုင်တဲ့ အချိန်တုန်းက ကျွန်မက အကျယ်ချုပ်ကျဆဲ  ဖြစ်ပါတယ်။ သိခဲ့ရတာကတော့ တဘက်နဲ့တဘက် ဆွေးနွေးမှုဖြစ်ရေးကို မျှော်ကိုးပြီး  NLD က အဆင်ပြေအောင် ကြိုးစားပြီး စောင့်ခဲ့ပါတယ်။အခု  အိုင်ဗရီကို့စ်နိုင်ငံမှာ ပြည်တွင်းစစ်သဘောမျိုးလောက်ကို ဖြစ်ပြီး  နိုင်ငံကော ပြည်သူတွေပါ အတော်နာပြီးမှ ပြင်သစ်တပ်တွေရဲ့ အကူအညီနဲ့  ရွေးကောက်ပွဲမှာ ရှုံးတဲ့ သမ္မတဟောင်းကို ဖြုတ်ချနိုင်တဲ့ သတင်းကို  ကြားရပါပြီ။ တကယ်ပဲ ကျမတို့ နိုင်ငံမှာ ဒီလို သွေးချောင်းစီးပြီး  နိုင်ငံသားတွေအချင်းချင်း ကုစားလို့ ခက်မယ့် စိတ်ဝမ်းကွဲမှု ဒဏ်ရာတွေ  ဖြစ်စေမယ့်နည်းနဲ့ ကျမတို့တတွေဟာ အစိုးရအပြောင်းအလွဲ လိုချင်ကြတာ လား  ဆိုတာကိုတော့ စဉ်းစားစရာပါ။ အများပြည်သူတွေ လိုချင်တဲ့ အပြောင်းအလဲတွေကို   ပြည်သူတွေ အနည်းဆုံး အထိနာစေမယ့် နည်းတွေရှာပြီး လုပ်ဆောင်ရပါလိမ့်မယ်လို့  ထင်ပါတယ်။
မေးသူ။           ။နိုင်ဖေသိန်းဇာ (သြစတေးရီးယား)
မေးခွန်း။          ။ဒေါ်အောင်ဆန်းစုကြည် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၍ ချမ်းသာပါစေလို့ ပထမဦးစွာ  ဆု တောင်းပါတယ်။ ကျနော့်နာမည်က နိုင်ဖေသိန်းဇာ ဖြစ်ပါတယ်။  မွန်ပြည်သစ်ပါတီရဲ့ နိုင်ငံခြားရေးဌာန တာဝန်ခံ တဦးလည်းဖြစ်ခဲ့ဖူးပါတယ်။  ကျနော် မေးမြန်းမယ့် မေးခွန်းကတော့  တိုင်းရင်းသား စာပေတွေ ပပျောက်ရင်  တိုင်းရင်းသား လူမျိုးတို့လည်း ပပျောက်မယ်။ ပျူ ကန် ယန်း သက်  လူမျိုးတို့လို တနေ့မဟုတ် တနေ့ ပျောက် ကွယ်သွားကြမယ်ဆိုတာ လူတိုင်း အသိ  ဖြစ်တယ်။ တိုင်းရင်းသားတို့မှာ သူတို့ရဲ့ အိုင်ဒင်တီတီ ထိန်းသိမ်း  သွားနိုင်တဲ့ အခွင့်အရေး အပြည့်အဝရှိသင့်တယ်။ တိုင်းရင်းသား စာပေ  စကားတွေကိုလည်း အားပေးရမယ်လို့ မြင်တယ်။ ဒါကြောင့် သက်ဆိုင်ရာ ပြည်နယ်မှာ  တိုင်းရင်းသား ဘာသာ စာပေကို မြန်မာစာနဲ့အတူ အစိုးရ စာသင်ကျောင်းတို့မှာ  ပူးတွဲ သင်ကြားခွင့် ရှိရမယ်လို့ ကျနော် မြင်တယ်။ ယခု စစ်အစိုးရမှာ အဲဒီလို  မှန်ကန်တဲ့ ပညာရေး မူဝါဒတရပ် လုံးဝ မရှိတာကို တွေ့ရတယ်။ ဒါနဲ့ ပတ်သက်ပြီး  ဒေါ်စုတို့ NLD ပါတီအနေနဲ့ ဘယ်လို ပညာရေးမူဝါဒ သဘောထားအမြင် ရှိသလဲဆိုတာကို  သိပါရစေချင်ဗျား။ ကျေးဇူးတင်ပါတယ်။
ဖြေ။               ။ကျမတို့ NLD က တိုင်းရင်းသားအရေး မူဝါဒအရကော ပညာရေးမူဝါဒအရကော တိုင်းရင်း  သား စာပေ ဘာသာ စကားတွေကို ရှင်သန်ဖွံ့ဖြိုးအောင် အားပေးရမယ်လို့  သဘောထားပါတယ်။ တိုင်းရင်းသား ဒေသတွေမှာ တတ်နိုင်သလောက် တိုင်းရင်းသား  ဘာသာစကားတွေကို သင်ကြားပေးတာလည်း သင့်တော် မယ်လို့ ယုံကြည်ပါတယ်။  ကျမကိုယ်တိုင်က မြန်မာဘာသာစကားအပြင် အခြား တိုင်းရင်းသာ ဘာသာစကား တခုမှ  မတတ်တာကို ဝမ်းနည်း မကျေနပ်မိ ဖြစ်ပါတယ်။ အခုလို အချိန်မှာ မွန်ဘာသာစကားနဲ့  နှစ်သစ်ကူး မင်္ဂလာပါလို့ ပြောနိုင်ရင် ဘယ်လောက်ကောင်းမလဲနော်။
မေးသူ။           ။အရှင်ဣန္ဒောဘာသ (နို့ဖိုးစခန်း၊ ထိုင်း)
မေးခွန်း။          ဦးဇင်းက ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအပြီးမှာ နို့ဖိုးဒုက္ခသည်စခန်းကို  ရောက်ရှိလာသူပါ။ ဒုက္ခသည်စခန်းတွေမှာ မြန်မာနိုင်ငံသားပေါင်း  တသိန်းခွဲလောက်ရှိတယ်။  အချို့သူ တွေဆိုရင် ဒုက္ခသည်စခန်း ထဲမှာ  နေထိုင်လာခဲ့တာ နှစ်ပေါင်းနှစ်ဆယ်နီးပါး ရှိနေခဲ့ပါပြီ။ ဒုက္ခသည်စခန်းထဲမှာ  နေထိုင်ရင်း ဆက်လက် ပေါက်ဖွားလာတဲ့ မျိုးဆက်သစ် ကလေးတွေလည်း  အများကြီးရှိကြပါတယ်။ အချို့ကြတော့ UN အစီအစဉ်နဲ့ တတိယနိုင်ငံကို ထွက်ခွာ  နေထိုင်ခွင့် ရသွားကြပေမယ့်လည်း အများအားဖြင့်ကတော့ ဒုက္ခသည်စခန်းထဲမှာ  ဆက်လက်ပြီး နေထိုင် နေရဆဲပဲ။ အဲဒီလူတွေရဲ့ အနာဂတ်ဟာ ပျောက်ဆုံးနေပြီး  ဘဝအာမခံချက် မရှိကြတဲ့ အတွက် ရှင်လျက်နဲ့ သေနေကြတဲ့ သူတွေလို့ ပြောရင်လည်း  ပြောလို့ရပါတယ်။ အခုဆိုရင်  UN  က ထောက်ပံ့ တဲ့ ရိက္ခာကလည်း လုံလောက်မှု  မရှိ။ ဒုက္ခသည်စခန်းရဲ့အပြင်ဘက်ကို ထွက်ပြီး အလုပ်လုပ်ခွင့်လည်း မရှိ။  တတိယနိုင်ငံကို ထွက်ခွာခွင့် ရဖို့ကလည်း မသေချာ။ ကိုယ့်ရဲ့အမိမြေကို  ပြန်ဖို့ကလည်း နိုင်ငံရေးအခြေနေက လည်း ဒကာမကြီး သိတဲ့အတိုင်းပဲ တည်ငြိမ်မှုက  မရှိပြန်တော့ ဒုက္ခသည်စခန်းတွင်းမှာပဲ ကိုယ်ဆင်းရဲ စိတ်ဆင်း ရဲနဲ့ ဆက်လက်  နေထိုင်နေကြရတယ်။ ဒါကြောင့် ဒီဒုက္ခသည်တွေ အားလုံးကို ဒကာမကြီးအနေနဲ့  ကူညီနိုင်မယ့် နည်းလမ်းများ ရှိရင်ဖြင့် ကူညီပေးစေချင်လို့ ဒုက္ခသည်တွေ  အားလုံးရဲ့ ကိုယ်စား ဦးဇင်းက တောင်းဆို လိုက်ရ တာပါ။ ဒကာမကြီးလည်း  ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် တိုင်းကျိုး ပြည်ကျိုးများကို ဆထက်တပိုး  ဆက်လက်သည်းပိုးဆောင်ရွက်နိုင်ပါစေလို့ ဦးဇင်း ဆုတောင်းလိုက်ပါတယ်။
ဖြေ။               ။အရှင်ဘုရားနည်းတူ တပည့်တော်မတို့လည်း ပြည်ပမှာ ဒုက္ခသည်တွေ အဖြစ်နဲ့  တကယ့်ကို ဒုက္ခကြီးစွာ ခံစားနေရတဲ့ တပည့်တော်မတို့ရဲ့ ပြည်သူပြည်သားတွေအတွက်  အင်မတန်ကိုမှ စိုးရိမ်ပူပန်ရပါ တယ်ဘုရား။ ယခုရက်ပိုင်းအတွင်းက  ဒီမိုကရေစီလိုလားသူများ အနေနဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကို  ပန်ကြားလွှာရေးသားရာမှာ ပြည်ပရောက် မြန်မာ  နိုင်ငံသူ နိုင်ငံသားတွေ  အထူးသဖြင့် ဒုက္ခသည်တွေ မိမိတို့ နေရပ်ကို လုံခြုံအေးချမ်းစွာ  ပြန်လာစေနိုင်မယ့် အခြေနေတွေ ဖြစ်ပေါ်လာရေးကို ဆောင်ရွက်ပေးဖို့ တောင်းဆို  ထားပါတယ်ဘုရား။ ဒီပန်ကြားလွှာကို ပြည်သူတွေ ဝိုင်းဝန်း  ထောက်ခံလက်မှတ်ထိုးရေး လှုပ်ရှားမှုမှာ NLD က တက်တက်ကြွကြွ  ပါဝင်နေပါတယ်ဘုရား။ တပည့်တော်မ ကိုယ်တိုင်လည်း လက်မှတ်ထိုး ပြီးပါပြီဘုရား။  ဒါက တော့ အနာဂတ်အတွက်ပါ။ ယခု လောလောဆယ်မှာတော့ တပည့်တော်မတို့ ဒီမိုကရေစီ  ကွန်ယက်ထဲမှာ နိုင်ငံခြားရောက် မြန်မာတွေ ပါဝင်ပြီး ဒုက္ခသည်တွေကို  တတ်အားသရွေ့ ကူညီဖို့ရာ ဆောင်ရွက်နေပါ တယ်ဘုရား။ ထို့အပြင် အလှူရှင်  နိုင်ငံတွေကိုလည်း ပိုမို ကူညီထောက်ပံ့ဖို့ တောင်းဆိုခဲ့ပြီး ဖြစ်သလို  ဆက်  လက်ပြီးလည်း တောင်းဆိုပါဦးမယ် ဘုရား။ ထို့အပြင်  ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအဖွဲ့ရုံးနဲ့ အမြန်ဆုံး ဆက်သွယ်ပြီး  အရှင်ဘုရားမိန့်ထားတဲ့ အချက်အလက်တွေ အပါအဝင် ဒုက္ခသည်တွေ ကိစ္စကို  ဆွေးနွေးပါမယ် ဘုရား။
 (ABMA ၀ိုင်းတော်သားများက စာဖိုင်ဖြည်ပါသည်)
ဧပြီ (၂၂) ရက်နေ့ အစီအစဉ်
 

 
 
No comments:
Post a Comment