Wednesday 17 August 2011

ဧရာဝတီကိုထာဝရရှင်သန်စေလိုသူများ ပြည်တွင်း ၈၈ ကျောင်းသားတွေ ဦးဆောင်တဲ့ မြစ်ဆုံကန်ပိန်း

မျိုးဆက်ဟောင်း သူရဲကောင်း မောင်စိန်ဝင်း(ပုတီးကုန်း)


ပြည်တွင်း ၈၈ ကျောင်းသားတွေ ဦးဆောင်တဲ့ မြစ်ဆုံကန်ပိန်း

မိခင် ဧရာဝတီမြစ်ကြီး ထာဝရရှင်သန်စေရေး အတွက်မြန်မာပြည်သူလူထု တစ်ရပ်လုံးက
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံသို့မေတ္တာရပ်ခံလွှာ

သို့
ဦးသိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
ရက်စွဲ ၁၆.၈.၂၀၁၁

အကြောင်းအရာ။ ။ ဧရာဝတီမြစ်ကြီး မတိမ်ကောမပပျောက်စေရေးနှင့် မြန်မာနိုင်ငံပြည်သူပြည်သားများ၏ အသက်အိုးအိမ် မပျက်စီးမဆုံးရှုံးစေရေးအတွက် မြစ်ဆုံရေကာတာ စီမံကိန်းကိုရပ်ဆိုင်းပေးပါရန်မေတ္တာရပ်ခံခြင်း။

၁။ တိမ်ကောစပြုနေသော ဧရာဝတီမြစ်ကြီး၏ လက်ရှိအနေအထားနှင့်အနာဂါတ် ကံကြမ္မာတို့နှင့် ပတ်သက်လျက် မြစ်ကြီး ကိုမှီခိုအားထား ရသောပြည်ထောင်စု အတွင်းရှိ တိုင်းရင်းသားပြည်သူပြည်သားများ အားလုံးမှာ စိုးရိမ် သောကဖြစ် ကြရပါသည်။

၂။ ဧရာဝတီမြစ်ကြီးသည် စည်းကမ်းမဲ့ သစ်ခုတ်မူ ရွှေတူးဖော်မူမြစ်လက်တက်များတွင် တည်ဆောက်ထားသောဆည် များကြောင့် ရေဝေ၊ရေလဲ၊သစ်တောများ ပျက်စီးကာရေစီးဝင်မူ လျော့နည်းလာခြင်း၊သောင်ထွန်းမူများ ဆိုးရွားစွာများ ပြားလာခြင်း၊ကမ်းပါးပြိုခြင်း၊ရေထုညစ်ငြမ်းခြင်းတို့ဖြင့်ပျက်စီးတိမ်ကောစ ပြုနေသည်မှာ တစ်နေ့တခြားသိသာထင်ရှား လာနေပါသည်။ ဧရာဝတီမြစ်ကြီးအားပျက်စီးမူ ဘေးမှကာကွယ်ထိမ်းသိမ်းမူ မပြုနိုင်သေးခင်မှာပင် ရေအားလျှပ်စစ် ထုတ်လုပ်ရေးအတွက် မြစ်ဆုံရေကာတာ စီမံကိန်းအား အကောင်အထည်ဖေါ် ဆောင်ရွက်နေခြင်းသည် ဧရာဝတီ မြစ်ကြီး၏ ထာဝရရှင်သန်စီးဆင်းနိုင်ရေးကိုလွန်စွာမှပင်အန္တရာယ်ပြု ခြိမ်းခြောက်လျက်ရှိသည်ဟု ရှုမြင်ခံစားရပါသည်။

၃။ မြစ်ဆုံရေကာတာစီမံကိန်းကြောင့် ရေကာတာတည်ဆောက်ရာနေရာ ဖြစ်သောကချင်ပြည်နယ် ဧရိယာအတွင်း သာမကမြစ်အကြေပိုင်း နှင့်ဧရာဝတီမြစ်ဝကျွှန်းပေါ်ဒေသ အထိမတွေးဝံ့သောဝမ်းနည်း ကြေကွဲဖွယ်ရာ ဖြစ်ရပ်များ ဖြစ်ပေါ်လာမည်ကို အထူးစိုး ရိမ်မိပါသည်၊ ပညာရှင်များက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အစိုးရထံတင်သွင်းသည့် စာမျက်နှာ ၉၄၀ ကျော်ပါ EIA အစီရင်ခံစာအရမြန်မာပြည်သူ လူထုတစ်ရပ်လုံး၏ အကျိုးကိုထိခိုက်စေနိုင်သဖြင့် စီမံကိန်းဝင်ဆည်ကြီး (၈) ခုတည်ဆောက်မည့် အစီအစဉ်ကို လက်မခံသင့်ကြောင်း အကြံပြုထားသည်ကို တွေ့ရပါသည်။

အဆိုပါအစီရင်ခံစာအရ စစ်ကိုင်း ပြတ်ရွေ့ကြောသည်လွန်စွာ နီးကပ်နေသောကြောင့်ငလျင်ဒဏ် ခံရပါက စက္ကန့် (၂၀) အတွင်းမြစ်ကြီးနားမြို့ ရေအောက်ရောက်သွားနိုင်ခြင်း၊ဇီဝမျိုးကွဲများပျောက်ကွယ်သွားနိုင်ခြင်း၊ ကချင်တိုင်း ရင်းသားတို့ယဉ်ကျေးမူများ ပျက်သုန်းသွားနိုင်ခြင်း၊ ဧရာဝတီကိုမှီတင်း နေထိုင်ကြသူအားလုံး၏ လူမူဘ၀၊စီးပွားရေး ဘ၀ပုံသဏ္ဍာန်များ ခက်ခဲပြောင်းလဲသွားနိုင်ခြင်း စသည့်နောက်ဆက်တွဲ ဆိုးကျိုးများမှာ ရေအားလျှပ်စစ်ထုတ်လုပ်ရေးမှရမည့်အကျိုးအမြတ်နှင့်မကာမိနိုင်သည့်အပြင် အနှိုင်းအဆမဲ့ နစ်နာဆုံးရှုံးမူများနှင့် သာကြုံတွေ့ရဖွယ်ရှိပါသည်။

သို့ဖြစ်ပါသောကြောင့်မြစ်ဆုံရေကာတာ စီမံကိန်းအပါအ၀င် မြစ်ချောင်းများဆည်မြောင်း တာတမံများဆိုင် ရာဆန်းစစ် သုတေသနပြုချက်များကို နိုင်ငံတကာမှကျွမ်းကျင်ပညာရှင်များ နှင့် စနစ်တကျသုံးသပ်ပေးပါရန်နှင့် ပြည် သူလူထုသို့ မှန်ကန်ပွင့်လင်းစွာထုတ်ဖော် အသိပေးပါရန် တင်ပြအပ်ပါသည်။ ဖော်ပြပါလုပ်ငန်းဆောင်တာများ ပြီးစီးကာအဖြေမထွက်ခင်အချိန်ထိလက်ရှိလုပ်ကိုင်နေသော မြစ်ဆုံရေကာတာစီမံကိန်းအား ရပ်ဆိုင်းထားပေးခြင်းဖြင့် ပြည်သူ ပြည်သားတို့၏ ပူပင်သောကရောက်နေသော နှလုံးစိတ်ဝမ်းကိုငြိမ်းချမ်း မှုပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။

ဧရာဝတီကိုထာဝရရှင်သန်စေလိုသူများ 
ဧရာဝတီလှိုင်းတံပိုးများ
မောင်လွမ်းဏီ

မြစ်ဆုံကို
ချစ်ရုံနဲ့
မလုံလောက်တော့ဘူးဟေ့။

အမေ့ရင်အုံ
မီးပုံမှာ ကင်နေပြီ။

အမေ့နှလုံးသား
ဝါးမျိုနေကြပြီ။

အမေ့သွေးသား
ဖောက်ကားရောင်းဝယ်နေကြပြီ။

အမေ့နို့ရည်ကြည်
ပြည်ပပို့မယ့် ထွက်ကုန်တဲ့။

အမေနဲ့ ဗေဒါ၊ အမေနဲ့ ၀မ်းစာ
အမေနဲ့ ရေဆန်၊ အမေနဲ့ လေထန်
အမေနဲ့ ကဗျာ၊ အမေနဲ့ အနုပညာ
အမေ့ရဲ့ချစ်ခြင်းမေတ္တာ
မိရိုးဖလာ ထုံးစဉ်လာလေ။

အမေ့သမိုင်း
ရာဇ၀င်အရိုင်းမခံဘူး။

အမေ့ကို
သွေး၊ တေး၊ ဓားလှံလေးမြားနဲ့
ရင်းနှီးရယူထားခဲ့တာ။

ကာကွယ်ကြ
ခုခံကြ၊ ပေးဆပ်ကြ
အမေ့ကျေးဇူး ဆပ်ဖူးကြ။

မဲခေါင်၊ ဗော်လဂါ
ဂင်္ဂါ၊ နိုင်း၊ ယန်စီ၊
နဒီမြစ်တွေ တွေ့လေတိုင်း။

အမေ့စစ်ကြောင်း
မြစ်ကြောင်းအတိုင်း
စစ်မောင်းသံချီ၊ နဒီလှိုင်းသစ်
ခေတ်ကို မြစ်က ပြဌာန်းမည်။

အမေ
ဧရာဝတီ
သွေးနှင်းဆီရဲ့ ညီညွတ်ရေး
ငြိမ်းချမ်းရေးကို လရောင်ဖြန်း
ရာစုသက်တမ်းရှည်စေအံ့ ...။ ။

မောင်လွမ်းဏီ
၁၅-၈-၂၀၁၁

No comments:

Post a Comment