U Win Tin – မှတ်ပုံတင်မရှိတဲ့ ပါတီ – အင်န်အယ်ဒီ
မှတ်ပုံတင်မရှိတဲ့ ပါတီ – အင်န်အယ်ဒီ
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ အောက်တိုဘာ ၂၊ ၂၀၁၁
ပြီးခဲ့တဲ့  စနေနေ့က ဆရာဦးဝင်းတင်နဲ့ တွေ့ဆုံခဲ့စဉ်မှာ လက်ရှိမြန်မာပြည်အတွင်း  လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ အကြောင်းအရာတွေကို အဓိကထားမေးဖြစ်ပါတယ်။  တတိယအကြိမ်မြောက်တွေ့ဆုံခဲ့ကြတဲ့ ဒေါ်စုနဲ့ ဦးအောင်ကြည်တို့  သတင်းစာရှင်းလင်းပွဲမှာ အင်န်အယ်ဒီပါတီနဲ့ လက်ရှိအစိုးရတို့  ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးတာတွေ၊ သမ္မတကြီး ဦးသိန်းစိန်က  ဧရာဝတီမြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်တဲ့အကြောင်းနဲ့  ပြည်သူ့ဆန္ဒထုတ်ဖော်နေတဲ့ လှုပ်ရှားမှုတွေရဲ့ ရှေ့အလားအလာတွေအကြောင်းကို  သဘောထားမေးမြန်းခဲ့ပါတယ်။
လက်ရှိမှာ  အင်န်အယ်ဒီက အစိုးရယခင်ကပြောနေတဲ့ ဖျက်သိမ်းခြင်းခံထားရသော  အင်န်အယ်ဒီဆိုတဲ့ အသုံးအနှုံးကနေ မှတ်ပုံမတင်ထားသော ပါတီအဖြစ် ပြောင်းလဲပြီး  သုံးစွဲလာတယ်။ လက်ရှိအာဏာပိုင်တွေ ဆိုလိုတာက ၁၉၉၀ ရွေးကောက်ပွဲမှာ  မှတ်ပုံတင်ထားခဲ့ပြီးတာထက် ၂၀၁၀ ရွေးကောက်ပွဲဥပဒေ မှာ  မှတ်ပုံမတင်တဲ့သဘောဆိုပြီး ရည်ရွယ်ပြီး ပြောလာတယ်။ အဲသည်လိုမျိုး  အသုံးအနှုံးကို ဆရာဘယ်လို သဘောထားသလဲ။
ကျနော့်သဘောထားကို  မပြောခင် လက်ရှိ ကျနော်တို့ပတ်ဝန်းကျင်မှာ အမျိုးမျိုးအဖုံဖုံပြောနေတဲ့  သဘောထားတွေကို ပြောပြချင်တယ်။ အင်န်အယ်ဒီက ၂၀၁၀
ရွေးကောက်ပွဲဥပဒေမှာ မှတ်ပုံမတင်ခဲ့ဘူး။ အခု ၂၀၁၁ မှာ ရွေးကောက်ပွဲဥပဒေ တမျိုးတဖုံဖြစ်လာမှာမို့လို့ အင်န်အယ်ဒီပါတီက မှတ်ပုံတင်ချင် တင်လာနိုင်တယ်လို့ ပြောလာတာတွေ ရှိနေတယ်။ ကျနော်ကိုယ်ပိုင်သဘောထားကို ပြောရမှာကတော့ အဲသည်တုံးက ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို လက်မခံနိုင်ဘူးဆိုပြီး ကျနော်ကိုယ်တိုင်ဦးဆောင်ပြီးတော့ အင်န်အယ်ဒီပါတီကို မှတ်ပုံမတင်ခဲ့ဘူး။ အဲသည့်အတွက် သူတို့က အင်န်အယ်ဒီပါတီက ဖျက်သိမ်းပြီးဖြစ်သော ပါတီဆိုပြီး ပြောဆို သုံးစွဲလာခဲ့ကြတယ်။ အခုကျတော့ မှတ်ပုံမတင်သေးတဲ့ ပါတီဆိုပြီး သုံးစွဲလာတော့ အများအမြင်မှာ မှတ်ပုံတင်တော့မလိုလို ဖြစ်လာတယ်။ ဒါက လိုရာကို ဆွဲပြောနေသလိုဖြစ်လာတယ်။ ဒီတော့ အင်န်အယ်ဒီက မှတ်ပုံတင်မယ့် အလားအလာရှိတယ်လို့ ပြောလာကြတယ်။

အင်န်အယ်ဒီပါတီဆိုတာက  နိုင်ငံရေးပါတီတခုဖြစ်တော့ ပါတီကိုမှတ်ပုံတင်တာတို့၊  နိုင်ငံရေးလုပ်ငန်းတွေ လုပ်ကိုင်တာတို့၊ ရွေးကောက်ပွဲဝင်တာတို့ စတဲ့  နိုင်ငံရေးလုပ်ငန်းသွင်ပြင် လက္ခဏာတွေကို သွေဖီပြီး အမြဲတန်း နေလို့  ရပါ့မလား ဆရာ။ ဒါတွေကို သူနဲ့ မသက်ဆိုင်ဘူးဆိုပြီး နေနေလို့ ရပါ့မလား။ 
ဒီမိုကရေစီစနစ်ကို  သက်ဝင်ယုံကြည်တဲ့ နိုင်ငံရေးပါတီတခုဟာ ရွေးကောက်ပွဲဝင်ရမှာပေါ့။  ဒီမိုကရေစီပါတီတရပ်ဟာ မှတ်ပုံတင်ရမှာပေါ့။ ဒီမိုကရေစီနည်းကျ  နိုင်ငံရေးလုပ်မယ်ဆိုမှတော့ မြေအောက်သွားမယ့်အဖွဲ့လည်းမဟုတ်ဘူး၊  လက်နက်ကိုင်ပြီး အာဏာသိမ်းတဲ့ ပါတီလည်း မဟုတ်ဘူး။ ဒါကြောင့် ကျနော်တို့ဟာ  အရင်ကတည်းက ဘယ်လိုပြောခဲ့သလဲဆိုတော့ ကျနော်တို့ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ  မှတ်ပုံတင်ခဲ့တဲ့၊ ရွေးကောက်ပွဲဝင်ခဲ့တဲ့ တရားဝင်ပါတီတရပ်အဖြစ်  ဆက်လက်ရပ်တည်နေတာဖြစ်တယ်။ ဒီသဘောထားကို ကျနော်တို့က ကိုင်စွဲထားခဲ့တာ  ဖြစ်တယ်။ အခုအချိန်မှာ ပါတီက ရှိနေတယ်။ မှတ်ပုံတင်ထားသည်ဖြစ်စေ မဖြစ်စေ  ရှိနေတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း အင်န်အယ်ဒီပါတီနဲ့  အတူရပ်တည်ပြီး ရှိနေတယ်။ သူကိုယ်တိုင်ကလည်း မှတ်ပုံတင်ရေးကိစ္စကို  စီအီးစီနဲ့ တိုင်ပင်ပြီးမှပဲ ပြောလို့ရမယ်လို့ ပြောခဲ့တယ်။ သူတဦးတည်း  သူ့သဘောတခုတည်း ဆောင်ရွက်တာမျိုး မရှိဘူးဆိုတာ မြင်နိုင်ပါတယ်။
ဆရာတို့ဘက်က မှတ်ပုံတင်တာ၊ ရွေးကောက်ပွဲဝင်တာ မ၀င်တာ စတာတွေကို အချိန်အတိုင်းအတာ ဘယ်လောက်အထိ ပေးထားသလဲ။
  ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားသလိုပေါ့။  ကျနော်တို့က ရွေးကောက်ပွဲ ဆိုတာကို ငြင်းနေတာ မဟုတ်ဘူး။  ဒီမိုကရေစီပါတီရဲ့ ဖြစ်စဉ်ထဲမှာ ရွေးကောက်ပွဲဝင်တယ်ဆိုတာက ပါဝင်နေတာပဲ။  သို့သော် ရွေးကောက်ပွဲဆိုတာမှာ ဘယ်လိုစည်းမျဉ်း စည်းကမ်းတွေ  ချမှတ်ထားသလဲ၊ ဘယ်လို သတ်မှတ်ထားတွေကို ရှိနေသလဲ။ ဒါတွေနဲ့ သက်ဆိုင်တယ်။  ဘာာပဲပြောပြော ကျနော်တို့ကတော့ သည် ၂၀၁၁ ခုနှစ်အတွင်းမှာပဲ ဒါတွေကို  အဖြေပေါ်အောင် လုပ်ရလိမ့်မယ်လို့ပြောချင်တယ်။ ပါတီ မှတ်ပုံတင်မလား၊  မတင်ဘူးလား။ ရွေးကောက်ပွဲ ၀င်မလား၊ မ၀င်သေးဘူးလား ဆိုတာတွေကို  ကျနော်တို့က ဒီ ၂၀၁၁ ခုနှစ်အတွင်းမှာပဲ အဖြေထုတ်ရမယ်၊ အဖြေပေးရမယ်လို့  ကျနော်ကတော့ ပြောချင်တယ်။ 
အဲသည်တော့ ဆရာ့ပတ်ဝန်းကျင်မှာ အဲသည်အပေါ်မှာ ဘယ်လို သဘောထားတွေ ဖြစ်နေကြသလဲ ဆရာ။
  တချို့ကတော့ ၂၀၁၁ ခုနှစ်ထဲမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ  အင်န်အယ်ဒီပါတီက မှတ်ပုံတင်ပြီး ၀င်မယ်ဆိုရင် အမတ်ဦးရေကလည်း ၄၉   ယောက်လောက်ပဲ ရှိတယ်။
သူတို့သတ်မှတ်ထားချက်တွေအရ နယ်စွန် နယ်ဖြားက ကို်ယ်စားလှယ်တွေကို ထုတ်ပြီး ကြည့်လိုက်ရင် အမတ်ဦးရေကလည်း နည်းနည်းပဲ ရှိတယ်။ အဲသည်လို ရွေးကောက်ပွဲဝင်မယ့်အစား အင်န်အယ်ဒီပါတီက သင့်တင့်လျောက်ပတ်တဲ့ အနေအထားရှိလို့ မှတ်ပုံတင်မယ်ဆိုရင်လည်း မှတ်ပုံတင်ပြီးတော့ တရားဝင်ပါတီအဖြစ် လှုပ်ရှားနေမယ်။ အခု လွှတ်တော်သက်တမ်းကုန်ဆုံးသွားတဲ့အထိ ပါတီက မှတ်ပုံတင်ထားတဲ့ ပါတီအဖြစ် ရပ်တည်သွားပြီးတော့ နိုင်ငံရေးလှုပ်ရှားမှုတွေ၊ စည်းရုံးလှုံဆော်မှုတွေ
လုပ်သွားမယ်။ ခိုင်ခိုင်မာမာ ဖြစ်လာမယ်။ ဒီလိုမျိုး တွက်ချက်တဲ့သူတွေက တွက်တယ်။

ဒါဆိုရင်   ၂၀၀၈ အခြေခံဥပဒေကို ကျောထောက်နောက်ခံပြုထားတဲ့ ၂၀၁၀  ရွေးကောက်ပွဲဥပဒေကြီးကို ဆရာတို့က ဘယ်လိုမျိုး ရင်ဆိုင်မှာလဲ။  အဲဒါကိုကော တချို့တွေက ဘယ်လို
သုံးသပ်ပြောဆိုတာမျိုး ရှိသလဲ။
သုံးသပ်ပြောဆိုတာမျိုး ရှိသလဲ။
  အဲဒါကြောင့် တချို့ကလည်း ဘာပြောသလဲဆိုတော့ … ဘာပဲဖြစ်ဖြစ်  မှတ်ပုံတင်ပြီးတော့ ရှိနေတဲ့ ရွေးကောက်ပွဲကို ၀င်၊ လွှတ်တော်ထဲအထိ သွား၊  ပါတီရဲ့ စိတ်ကောင်း စေတနာကောင်းတွေကို ပြသရာရောက်တယ်။ လက်ရှိ  စစ်တပိုင်းအစိုးရနဲ့ တိုင်းပြည်အမှန်တကယ်အကျိုးရှိတဲ့ ကိစ္စတွေကို  ပူးပေါင်း ဆောင်ရွက်လို့ ရတယ်။ အချိန်စောင့်နေစရာ မလိုဘူးလို့  ပြောတာမျိုးတွေလည်း ရှိတယ်။ ဒီမိုကရေစီဖက်ကို အားသန်တဲ့  ဦးသိန်းစိန်အစိုးရအင်အားတွေနဲ့ ပိုပြီး လက်တွဲဆောင်ရွက်မှုတွေ  ဖော်ဆောင်လာနိုင်မယ်လို့ တချို့က ပြောလာတယ်။ ဥပမာ အခုပဲ  မြစ်ဆုံဆည်လိုဟာမျိုးကို ရပ်စဲပစ်လိုက်နိုင်တယ်။ အဲသည်ကနေတဆင့်  နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ တိုင်းရင်းသားဒေသတွေ  ငြိမ်းချမ်းရေး၊ ပြည်တွင်းမှာရှိတဲ့ လယ်သမားတွေ၊ အလုပ်သမားတွေရဲ့  အခွင့်အရေးတွေ တိုးမြှင့်ရေး၊ ရရှိရေးတွေကို မြင့်တက်  ဆောင်ရွက်လာနိုင်တယ်လို့ ယူဆတဲ့သူတွေကလည်း ရှိလာတယ်။ 
        ဒါပေမယ့် ကျနော်တို့ဖက်က ပြောစရာရှိတာက ၂၀၀၈ အခြေခံဥပဒေကြီးက  ကန့်လန့်ကြီးခံနေတယ်။ ၂၀၁၀ ရွေးကောက်ပွဲဥပဒေဆိုတာကလည်း ကျနော်တို့အပေါ်မှာ  တင်းတင်းမာမာ လုပ်ထားတာတွေ ရှိတယ်။ အဲသည် ဥပဒေတွေက အဲသည်လိုမျိုး  မဟုတ်ခဲ့ရင် ကျနော်တို့ပါတီအနေနဲ့က မှတ်ပုံတင်တဲ့ကိစ္စက ဖြစ်နိုင်တယ်။   အရင်ဆုံး မှတ်ပုံတင်တဲ့နေရာမှာ ၂၀၁၀ ရွေးကောက်ပွဲဥပဒေက အချက်အလက်တွေ  ပျော့ပျော့ပြောင်းပြောင်းလုပ်လိုက်ရင် ဥပမာ – ၂၀၀၈ အခြေခံဥပဒေကို  သစ္စာခံရမယ်တို့၊ အဲသည်တုန်းက အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်စုနဲ့တကွ  နိုင်ငံရေးအကျဉ်းသားတွေကို ပါတီကနေ ပစ်ပယ်ရမယ်တို့၊ ၉၀  ရွေးကောက်ပွဲရလဒ်ကို စွန့်လွှတ်ရမယ်တို့ ဆိုတာတွေကြောင့် ကျနော်တို့က
မှတ်ပုံမတင်ခဲ့တာ ဖြစ်တယ်။
မှတ်ပုံမတင်ခဲ့တာ ဖြစ်တယ်။
ဒါဆိုရင်  ပါတီမှတ်ပုံတင်တာ၊ ရွေးကောက်ပွဲဝင်တာနဲ့ လွှတ်တော်ထဲဝင်ရောက်တာတွေအတွက်  အဆင့်ဆင့်တိုင်းမှာ အခြေအနေတွေ အပြင်အဆင်တွေ လိုအပ်တယ်၊ လုပ်ရမယ်လို့  ဆရာက ပြောချင်တာပေါ့။
  ဟုတ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို သိပ်ပြီးတော့ တင်းတင်းမာမာကိုင်တွယ်တာ  မရှိဘူးဆိုရင် မှတ်ပုံတင်တယ်ဆိုတာက လွယ်လွယ်ကူကူ ဖြစ်လာနိုင်တယ်။  သို့သော် ရွေးကောက်ပွဲဝင်ခြင်းဆိုတာမှာကျတော့ အချက်တခုအနေနဲ့  လွှတ်တော်ထဲမှာ အခြေခံဥပဒေကို ပြင်နိုင်တာ မရှိဘူး၊ ဖယ်ရှားနိုင်တာလည်း  မရှိဘူး၊ စစ်လက္ခဏာဆောင်တဲ့ လွှတ်တော်ကြီးဖြစ်နေတယ် ဆိုရင်တော့  လွှတ်တော်ထဲဝင်ဖို့ ရွေးကောက်ပွဲဝင်ရေးဟာ အများကြီး  အဟန့်အတားဖြစ်နိုင်ပါသေးတယ်။
ဟိုတုန်းက  မဖြစ်သေးတဲ့ လွှတ်တော်နဲ့ အခုပေါ်လာတဲ့ လွှတ်တော်က အခင်းအကျင်းမှာကော  ဘယ်လိုမျိုး မြင်တွေ့ရပြီလဲဆရာ။ ခုနင်က သမ္မတကြီး ဦးသိန်းစိန်အစိုးရရဲ့  လက်ရှိ အနေအထားကို ပြန်စဉ်းစားမယ်ဆိုရင်ကော။
  အစိုးရဖက်က ဘယ်လောက် အခုလက်ရှိမှာ ဘယ်လောက်လိုလားသလဲဆိုတာနဲ့  ကြည့်ရမှာ ဖြစ်တယ်။ အခု သမ္မတကြီးဦးသိန်းစိန်ပြောသွားတာ တခုရှိတယ်။  အခြေခံဥပဒေတွေလည်း
ပြင်သင့်ပြင်ရမှာပဲလို့ ပြောသွားတာရှိတယ်။ အဲသလိုဆိုရင် အခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်ထဲမှာ ဘယ်လိုဆောင်ရွက်နိုင်မလဲဆိုတာလည်း မူတည်တာပေါ့။ အဲသည်အတွက် နောက် ၅ နှစ်လုံးလုံး ၁၅ နှစ်လုံးလုံး စောင့်ဆိုင်းနေစရာမလိုဘဲ အခုကတည်းက လွှတ်တော်တွင်းမှာ ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်လာနိုင်မယ်ဆိုရင် ဒီမိုကရေစီလက္ခဏာတွေက စစ်လက္ခဏာတွေကို ကျော်လွှားပြီး ဘယ်လောက် ဖော်ဆောင်လာနိုင်လဲဆိုတာကို ကြည့်ကြရမှာဖြစ်တယ်။

အခုအချိန်မှာ  အင်န်အယ်ဒီကို မှတ်ပုံတင်ဖို့  တော်တော်လိုလိုလားလားရှိနေတယ်ဆိုတာကို မြင်တွေ့နေရတယ် မဟုတ်လားဆရာ။  ဒေါ်စုနဲ့ ၀န်ကြီးဦးအောင်ကြည်တွေ့ဆုံပွဲမှာ ဒါကို အစိုးရဖက်က  ရင်းရင်းနှီးနှီး လိုလိုလားလား ပြောတဲ့ပုံကို တွေ့နေရတယ် မဟုတ်လားဆရာ။
  အဲလို ပြောလို့ရမယ်ဆိုရင် အဲသလို ချောချောမွေ့မွေ့  ဖြစ်လာနိုင်မယ်ဆိုရင် မြန်မာနိုင်ငံရေးမှာ အပြောင်းအလဲတွေ  ဖြစ်လာမယ်လို့ ယူဆလို့ရတယ်။ ဘာပဲပြောပြော အင်န်အယ်ဒီပါတီဟာ လက်ရှိမှာ  အင်အားအကြီးဆုံးပါတီ၊ ပြည်သူရဲ့ ယုံကြည်ကိုးစားခြင်း  ခံထားရဆဲဖြစ်တယ်ဆိုတာကလည်း ၉၀ ရွေးကောက်ပွဲရလဒ်တွေကို  ပိုင်စိုးထားတဲ့ပါတီ
ဖြစ်တယ်။ အဲသည်လိုပါတီကို ဥပဒေပြင်ပမှာ မှတ်ပုံမတင်ဘဲ ရပ်တည်နေရတယ်ဆိုတာကလည်း မကောင်းတဲ့ အလားအလာပဲ။ နောက်တချက်ကလည်း ဒီပါတီဟာ ဥပဒေအတွင်းကို
ရောက်သွားမယ်ဆိုရင် တိုင်းပြည်အကျိုး၊ ဒီမိုကရေစီအကျိုး၊ တိုင်းပြည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတွေကို အများကြီး ဆောင်ရွက်သွားနိုင်မယ်လို့ ပြောနိုင်တယ်။

ထို့အတူ  သမ္မတကြီးဦးသိန်းစိန်ပြောသလို အခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက်  လွှတ်တော်တွင်းမှာလည်း ဆောင်ရွက်လာမယ်၊ ဒီမိုကရေစီလက္ခဏာတွေ  ဖော်ဆောင်လာမယ်ဆိုရင် ချောမွေ့လာမယ် ဆိုရင် အင်န်အယ်ဒီပါတီကိုယ်တိုင်  လွှတ်တော်ထဲကို ၀င်သာအောင် ၀င်လွယ်အောင် ဆောင်ရွက်ပေးမယ်ဆိုရင်လည်း  တိုင်းပြည်ရဲ့ ဒီမိုကရေစီရေး အပြောင်းအလဲ မျှော်လင့်ချက်တွေလည်း  မြန်မြန်ဆန်ဆန် ချောချောမွေ့မွေ့ ဖြစ်စေလိမ့်မယ်။ 
အဲဒါဆိုရင်ဖြင့်  အင်န်အယ်ဒီပါတီရဲ့ ရည်မှန်းချက်တွေဖြစ်တဲ့  ဒီမိုကရေစီလူ့ဘောင်ဖော်ဆောင်ရေး၊ ဒီမိုကရေစီနည်းကျ အစိုးရစနစ်များ  ပေါ်ထွန်းရေးတို့ကို ဆောင်ရွက်လာနိုင်လိမ့်မယ်လို့ ပြောချင်ပါတယ်။
ဟုတ်ကဲ့ပါဆရာ။  နောက်ဆက်ပြီး မေးချင်တာကတော့ အပြောင်းအလဲတွေ တကယ်ဖြစ်နေပြီလားဆိုတာကို   လက်တွေ့အကျိုးသက်ရောက်မှုတွေနဲ့ တိုင်းတာကြည့်ပြီး ပြောနိုင်သလား
ဆိုတာဖြစ်ပါတယ်။ (ဆက်လက်ဖော်ပြပါမည်)။
ဆိုတာဖြစ်ပါတယ်။ (ဆက်လက်ဖော်ပြပါမည်)။
 
No comments:
Post a Comment