Wednesday, 23 November 2011

တွံတေးမှ ကျုရှင်ဆရာဦးအောင်ဖေ တစ်ကိုယ်တော် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့

တွံတေးမှ ကျုရှင်ဆရာဦးအောင်ဖေ တစ်ကိုယ်တော် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့

Posted: 22 Nov 2011 10:12 PM PST


၉၁ နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့မှာ ရန်ကုန်တိုင်း တွံတေးမြို့ နယ်က ကျုရှင်ဆရာဦးအောင်ဖေ တစ်ကိုယ်တော် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။တစ်ကိုယ်တော် ဆန္ဒပြခဲ့သူ ဆရာဦးအောင်ဖေကို ဘားမားဗီဂျေမှ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး - တွံတေးမြို့နယ်မှာ ဆန္ဒပြတာတွေဖြစ်တယ်လို့ကြားတယ်ခင်ဗျ ဆရာပြောပြပေးပါ။

ဖြေ - ဟုတ်ကဲ့ပါ။ ဒီနေ့မနက်ရှစ်နာရီမှာ ကျနော်ရဲ့ဆန္ဒကို ကျနော်ထုတ်ဖော်တာပါ။ ဒီလိုထုတ်ဖော်တာက ဘယ်လိုလဲဆိုရင် ကျနော့်ရဲ့ နှစ်ပေတစ်ပေခွဲခန့် စာရွက်ပေါ်မှာ စစ်မှန်သော တွေ့ဆုံဆွေးနွေးခြင်းကသာ စစ်မှန်သောဒီမိုကရေစီကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ ဆိုတဲ့ စာတန်းကို ဆော့ပင်နဲ့ ရေးတယ်။ ကျနော်ရဲ့ ရှပ်အင်္ကျီအဖြူကျောကုန်းမှာလဲ အဲဒီစာတန်းမျိုး ရေးတယ်။ ပြီးတော့တခါ အဲဒီစာတန်းမျိုးကို စာရွက်ရေ ၂၀၀ နဲ့ရေးပြီးတော့ အဲဒီစာရွက်တွေကို လက္ဘရည်ဆိုင်တွေ၊ ဈေးအပါအ၀င် ပြည်သူပြည်သားတွေကို လိုက်ဝေတယ်။ ရပ်ကွက်တော်တော်များများ ပတ်တဲ့အခါ တစ်နာရီကျော်ကျော်ကြာသွားပါတယ်။

မေး - အခုလိုဆန္ဒပြတဲ့ရည်ရွယ်ချက်လေးပြောပြပေးပါ။

ဖြေ - ဟုတ်ကဲ့ပါခင်ဗျ ဒီလိုပါ ကျနော်တို့တွေက ကျနော်အရင်ကတည်းက ကျနော့်ဆန္ဒတွေကို လွတ်လပ်စွာထုတ်ဖော်ဖူးပါတယ်။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျဉ်းချုပ်ကျနေတုန်း ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးကိုရော အကျဉ်းသားများလွတ်မြောက်ရေးများအပါအ၀င် ပေါ့နော် ။ အဓိက ဒေါ်စုနဲ့ ဒီတည်ဆဲအစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ကို ကျနော်အများကြီးတောင်းဆိုဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့အခါမှာလဲ ဒီတွေ့ဆုံဆွေးနွေးရေးဖြစ်တဲ့အခါမှာ တမျိုးပေါ့နော် အတိုင်းအတာတစ်ခုထိ ၀မ်းသာပါတယ်။ ဒါပေမယ့် စောင့်ကြည့်နေရတဲ့ အခြေအနေတော့ ရှိတာပေါ့။ ဘာကြောင့်လဲဆိုတော့ တည်ဆဲအစိုးရက ဒေါ်အောင်ဆန်းစုကြည်က ရိုးသားတယ် ပွင့်လင်းတယ် ပြည်သူ့ဘက်ကနေပြီးတော့ ရပ်တည်တယ်။ ဒါပေမယ့် တည်ဆဲအစိုးရက စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးခြင်းမျိုး ကို မလုပ်ဘူးလို့ ကျနော်ယူဆတယ်။ ဒါကြောင့်မို့လို့လဲ အခုချိန်ထိကို ကျနော်တို့ဘက်ကိုထင်သာမြင်သာ ရှိတဲ့ ပွင့်လင်းမှုကြီးက သိပ်မရှိသေးဘဲနဲ့ သူတို့ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ တစ်ဖက်စောင်းနင်း လုပ်ထားတဲ့ ဥပဒေအရ ရေးဆွဲထားတဲ့ကျနော်တို့ ဒီရွေးကောက်ပွဲဝင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ မှတ်ပုံတင်ဖို့အဆင့်ထိ ရောက်သွားတာ ဆိုရင် ဒီတည်ဆဲအစိုးရအနေနဲ့စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေး ရေး မလုပ်လိုတာလို့ ကျနော်သုံးသပ်တယ်။ အဲဒီလိုသုံးသပ်လို့ကျနော့်ဆန္ဒကို ကျနော်ထုတ်ဖော် တာပါ။ အဲဒါတော်တော်စိတ်မကောင်းစရာ ဖြစ်ပါတယ်။ အဖွဲ့ချုပ်နေနဲ့လဲ အခုလိုမျိုးပေါ့နော် ပြည်သူ့ရဲ့ အကုန်လုံးပေါ့နော် ကိုးဆယ်ခုနှစ် ရွေးကောက် ပွဲကနေ ပြည်သူတွေက တောက်လျှောက်ကြီးပေါ့နော် ထောက်ခံလာခဲ့ကြတယ်။ အကုန်လုံး အဖွဲ့ချုပ်နဲ့ အတူပဲ ပေါ့နော် ကျနော်တို့ရပ်တည်ခဲ့ကြတယ်။ ထောင်ကျတဲ့သူကလည်းကျတယ်။ သေဆုံးတဲ့သူလဲရှိတယ်။ ပြည်ပရောက်တဲ့သူလဲ ရှိတယ်ပေါ့နော်။ အဲဒီအတောအတွင်းမှာ အဖွဲ့ချုပ်က ဖြစ်သွားခဲ့တာ အများကြီးကျနော်လဲစိတ်မကောင်းဖြစ်တယ်။ ကျနော်လဲထပ်တူထပ်မျှစိတ်မကောင်းဖြစ်တယ်။ ဒါကြောင့်မို့လို့လဲ ဒီနေ့ကျနော်ဆန္ဒပြတဲ့အခါမှာလဲ စစ်မှန်တဲ့ ဒေါ်စုကတော့ဒီလိုပေါ့နော် ပါတီလိုင်းနဲ့ လူထုလိုင်းရှိမယ်။ ဒေါ်စုကတစ်ဖက်မှာ ပါတီခေါင်းဆောင်ဖြစ်သလို တစ်ဖက်မှာလဲ ကျနော်တို့ အင်မတန် လေးစားရတဲ့ လူထုခေါင်းဆောင်ပါ။ အဲဒီတော့ ကျနော် ဒီပါတီကနေပြီးတော့ အခုလိုမျိုးဝင်ပြီးသွားတဲ့ ကျနော်တို့လွှတ်တော်ပေါ့နော် ဒီလွှတ်တော်ကနေပြီးတော့ဘာမှမလုပ်နိုင်ဘူးလို့ ယုံကြည်မှုမရှိဘူး၊ အဲဒီတော့ တွေ့ဆုံဆွေးနွေးရေး ကသာလျင် စစ်မှန်တဲ့ဒီမိုကရေစီရေးကိုဖော်ဆောင်နိုင်မယ်ဖြစ်တယ်ဆိုတာ ကျနော်ယုံကြည်တယ်။ တွေ့ဆုံဆွေးနွေးရေးတောင်မှပဲ စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးခြင်းမျိုးနဲ့ ဆွေးနွေးမှသာ လျှင် ရနိုင်မယ်လို့ကျနော်ထင်တယ်၊ အဲဒါကြောင့် ကျနော့်ရဲ့ကဆန္ဒကိုထုတ်ဖော်ပြသရခြင်းဖြစ်ပါတယ်။


မေး - ဘာကြောင့်မို့လို့ ဒီနေ့မှ ရွေးပြီးတော့ ဆန္ဒပြတာလဲခင်ဗျ

ဖြေ - ဟုတ်ကဲ့ ဒီနေ့ကတော့ အမျိုးသားနေ့အထိမ်းအမှတ်ပေါ့ခင်ဗျ။ အမျိုးသားနေ့အထိမ်းအမှတ်လေးနဲ့မို့လို့ ကျနော်ရွေးလိုက်တာပါပဲ။ အမျိုးသားနေ့နဲ့လဲ သွားတိုက်ဆိုင်တယ်။ လွန်ခဲ့တဲ့ တစ်နေ့ကပေါ့ တစ်ရက်ကျော်လောက်လဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလဲ အဲဒါမျိုးဆုံးဖြတ်သွားတာနဲ့လဲ တိုက်ဆိုင်တယ်၊ နောက် ဒီအမျိုးသားနေ့ကို အမှတ်တရ ဖြစ်စေချင်တာ လဲပါတယ် ။ ဒါကြောင့်ဒီနေ့မှာ ကျနော်လုပ်လိုက်တာဖြစ်ပါတယ်။ အနောက်မှာတော့ ထုံးစံအတိုင်း ရဲတို့ အက်စ်ပီတို့ပါတယ် နောက်ကနေ ဓါတ်ပုံလိုက်ရိုက်တာတို့တော့ရှိတယ်၊ မော်တော်ဆိုင်ကယ်နဲ့လိုက် ကြတယ်၊ နှောက်ယှက်ခြင်းတော့မရှိပါဘူး၊ဓါတ်ပုံရိုက်တာပဲရှိတယ်။

မေး - အခုအခြေနေကရော ဘယ်လိုမျိုးရှိလဲ

ဖြေ - အခုလဲ အေးဆေးပါပဲ ဘာမှတော့မရှိပါဘူး။


မေး - ဆရာ့အနေနဲ့ ဒီတစ်ခါဆန္ဒပြတာနဲ့ဆို ဘယ်နှခါမြောက်လဲခင်ဗျ

ဖြေ - ကျနော်အကြိမ်မနဲတော့ဘူးဗျ။ ကျနော်ထင်တယ်။ အကြိမ်သုံးဆယ်ထက်မနဲရှိမယ်။ တစ်ကိုယ်ရေ ဆန္ဒပြတာတော်တော်များတယ်ခင်ဗျ။

မေး - ဆရာ့အနေနဲ့ ဖြည့်စွက်ြပီးပြောပေးချင်တာ ရှိရင်ပြောပေးပါခင်ဗျာ

ဖြေ - ကျနော် ပြောစရာရှိတာကတော့ဗျာ အခုတည်ဆဲအစိုးရကို ပြောချင်တယ်ခင်ဗျ။ တည်ဆဲအစိုးရအနေနဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ဆွေးနွေးတဲ့အခါမှာ အမှန်တကယ် သူတို့ရဲ့ဖွဲ့စည်းပုံအခြေဥပဒေထဲပါသွားအောင် မဆွေးနွေးဘဲနဲ့ အမှန်တကယ်မျိုး ပြည်သူ ကလိုလားနေတဲ့ ပြည်သူ့ရဲ့ကိုယ်စားလှယ်ဖြစ်တဲ့ ပြည်သူ့ခေါင်းဆောင်ကို တကယ်တမ်း တန်းတူညီတူ တန်ဖိုးထားပြီးတော့ အသေအချာ ဆွေးနွေးစေချင်တယ်။ အခုလိုမျိုး တစ်ဖက်စောင်းနင်းဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေါ်ပေါက်လာတဲ့ တစ်ဖက်စောင်းနင်း ရွေးကောက်ပွဲကြီးထဲကို ထည့်ပြီး အန်အယ်ဒီကို ဘာမှလုပ်လို့ မရအောင် လုပ်တာမျိုးကို ကျနော်တို့မကြိုက်ဘူး။ တစ်ကယ်တမ်းပဲ စစ်မှန်တဲ့ဒီမိုကရေစီကို လွှတ်တော်ထဲ မှာ မဖန်တီးနိုင်ဘူးလို့ ကျနော်အပါအ၀င် တော်တော်များများကလဲ ယုံကြည်ကြတယ်။ ပြင်ပမှာပဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပွင့်လင်းတဲ့တွေ့ဆုံဆွေးနွေးရေးကို လုပ်စေချင်တယ် ဒီထက်ပိုပြီးတော့ မှန်မှန်ကန်ကန်လေးပေါ့ဗျာ။

By ဇာဏီ (Burma VJ Media Network)


ဘာကြောင့်ဟယ်လာရီကလင်တန်ကို တခန်းတနားနဲ့ အထူးပြု ဂုဏ်ပြုကြိုဆိုဖို့လိုသလည်း????

Posted: 22 Nov 2011 09:20 PM PST


(၁)အမေရိကန်နိုင်ငံကဒီလိုအရေးကြီးတဲ့ရာထူးမျိုးကိုင်ထားသူမျိုးနစ်ပေါင်းငါးဆယ်အတွင်းမှာမြန်မာပြည်သို့ ပထမဦးဆုံးလာလည်ခြင်း ဖြစ်သည်။

(၂) မြန်မာနိုင်ငံတွင်း ဒီမိုကရေစီရေး လူ့အခွင့်အရေးတို့ ပိုမိုတိုးတက်ဖြစ်ပေါ်လာမှုကိုအားကောင်းလာစေ မည့် လက်ခဏာ တွန်းအားဖြစ်သည်၊

(၃)ဒေါ်အောင်ဆန်းစုကြည်နှင့်ဒီမိုကရေစီရေးလှုပ်ရှားမှုဘက်ကကမ္ဘာ့စူပါဝါကလူသိထင်ရှားရပ်တည်ပြခြင်းဖြစ်ပြီး ဦးသိန်းစိန်အစိုးရ၏ပြောင်းလဲမှုများအား ကြိုဆိုခြင်းဖြစ်သလို ပြောင်းလဲမှုအား အားဖြစ်စေခြင်း ဖြစ်ပေါ်စေမည်ဖြစ်သည်။

(၄)ကမ္ဘာ့စူပါပါဝါနှင့် မြန်မာနိုင်ငံတို့ ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်ရန် တရားဝင်မဟာမိတ်ပြုခြင်း ဖြစ်သည်။

(၅) မြန်မာပြည်တွင် ဒီမိုကရေစီတိုးတက်ပြောင်းလဲဖြစ်ပေါ်ရေး ခရီးစဉ်နှင့် နိုင်ငံရေးတိုးတက် ပြောင်းလဲရေးတွင် အမေရိကန်မှနိုင်ငံရေးစီးပွားရေးလူမှုရေးအရမည်သို့အကူအညီပေးဆောင်ရွက်နိုင်မည်ကို လာရောက်လေ့လာ သည့်ခရီးစဉ်တခုလည်းဖြစ်သည်.၊

(၆)တရုတ်နိုင်ငံအင်အားကြီးလာမှုနှင့်အတူ နိုင်ငံသေးသေးများမှ လုံခြုံရေးဆိုင်ရာအရ အကူအညီ လိုအပ်လာသည့်အခါပေးနိုင်ရန်.. အမေရိကန်တို့ ဒေသတွင်း နိုင်ငံရေး စစ်ရေး အာဏာချိန်ခွင် လျှာညီမျှနိုင် ရန် ကြိုးပန်းလုပ်ဆောင်မှုရည်မှန်းချက်လည်းထိုခရီးစဉ်တွင်ပါဝင်သည်.။

(၇) မြန်မာစစ်အစိုးရနှင့် တရုတ်အစိုးရတို့နစ်ပေါင်းများစွာ နီးစပ်စွာဆက်ဆံလုပ်ဆောင် မှုနှင့်ပတ်သက်ပြီး ပါဝါမညီမမျှဖြစ်နေမှုရလာဒ်အပေါ်. အမေရိကန်မှလိုအပ်သော အင်အားချိန်ခွင်လျှာ ထိန်းညီပေးရန် (.မြန်မာအစိုးရမှ ကမ်းလှမ်းပုံရသည်) ရည်ရွယ်ချက်လည်းပါသည်။

(၈)တရုတ်အစိုးရသည် မြန်မာနိုင်ငံမှ သတ္တုများ သစ်တောများ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းများ စသည် တို့ကို ထိန်းချုပ်ချယ်လှယ် အုပ်စိုးနိုင်ရန် မြန်မာစစ်အစိုးရအားငွေဘီလီယံနှင့်ချီပုံပေး ကာ နိုင်ငံရေးအရ စစ်ရေးအရ ပံ့ပိုးခဲ့သည်.။ အပြန်အလှန်အကျိုးအမြတ်အားဖြင့် ထိုင်းနိုင်ငံပြီးလျှင် တရုတ်သည် မြန်မာနိုင်ငံ.၏ ဒုတိယအကြီးဆုံးသော ကုန်သွယ်မှူနိုင်ငံဖြစ်လာသည်.။ သို့သော် တဘက်သပ်ချည်နှောင်မှုပေါ်လစီများ ကိုယ်ကြိုးကြည့်ဝါဒသက်သက်ဖြင့် လက်လွတ်စပါယ် မတရားလုပ်မှုများ ကြောင့် မြန်မာ ပြည်သူတို့မှ တရုတ်အစိုးရအား အမျက်ထွက်ခဲ့ကြသည်။ (ဥပမာ-ဧရာဝတီမြစ်ဆုံတွင် ဘယ်သူသေသေ ငတေမာပြီးရော သဘောဖြင့် ရေကာတာဆောက်ခြင်းကိစ္စ ) .

ဟေလာရီကလင်တန်ကို ထိုသို့အထူးပြုဂုဏ်ပြုကြိုဆိုခြင်းသည် တရုတ်နိုင်ငံမှ မြန်မာပြည်တွင်း ကြီးစိုးချယ်လှယ်မှု ကို တားဆီးမှုတခုသဘောဆောင်သည်.. သက်ရောက်သည်။

(၉)ချုပ်လျှင်.ဟေလာရီကလင်တန် ၏ယခုခရီးစဉ်သည်.. ဦးသိန်းစိန်အစိုးရမှ တရုတ်မှကြီးစိုးချယ်လှယ်လာမှု အပေါ် ပြင်ဆင် ဟန့်တားမှုတခုပြီး...အမေရိကန်အစိုးရမှ ဒေါ်အောင်ဆန်းစုကြည်အားထောက်ခံခြင်း.. ဦးသိန်းစိန်အစိုးရ၏ပြောင်းလဲမှုများကို ကြိုဆိုထောက်ခံခြင်းအပြင် တိုးတက်ဖြစ်ပေါ်မှုများ မြန်မြန်ဆက်လက် ပြောင်းလဲဖြစ်ပေါ်စေရန် အတွက် အကောင်းဖက်ကိုဖေါ်ဆောင်ပေးသည့် တွန်းအားတခုလည်းဖြစ်သည်.

(၁၀) ဟေလာရီကလင်တန်၏ယခုခရီးစဉ်သည် မြန်မာနှင့် ယခုကဲသို့ ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံးသော အနောက်ကမ္ဘာနိုင်ငံများကိုဦးဆောင်သည့်အမေရိကန်နိုင်ငံတို့၏ သမိုင်းတွင်မည့် ချစ်ကြည်ရေး နိုင်ငံရေး ခရီးစဉ် တခုလည်းဖြစ်သည်။

* ထို့ကြောင့် ထိုခရီးစဉ်ကို လုံးဝထောက်ခံကြိုဆိုရန်လိုအပ်ပြီး ထိုသိုလုပ်ဆောင်ခြင်းအားဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ငြိမ်းချမ်းရေး တို့ကိုလိုလားကြောင်းပြသရာရောက်သည်။

* ကျေးဇူးပြုပြီး ပြန်လည်ဖြန့်ဖြူးပေးကြပါရန်...ကျေးဇူးတင်ပါသည်။

နေဦး(FACEOOK)


ယုဒသာန် ပညာရေးကွန်ယက် ပွဲမှအဆိုတော် ကိုဆောင်းဦးလှိုင်ရဲ့ကိုယ်တိုင်ရေးသီဆိုသော ကျွန်တော်တို့တိုင်းပြည်ရဲ့အမေအတွက် ( အမေ ) သီချင်း (၂၁-၁၁-၂၀၁၁ )

Posted: 22 Nov 2011 07:48 PM PST


Ah Bayah Facebook


ဗိုင်းရပ်နဲ့တူသောစစ်အာဏာရှင်စံနစ်ဆိုး

Posted: 22 Nov 2011 06:59 PM PST


ကိုကိုဦး(ရှစ်ဆယ့်ရှစ်)
နိုဝင်ဘာလ(၂၁)ရက်နေ့
(ယနေ့ကွန်ပြုတာကိုအများအပြားသုံးစွဲနေကြသော လူငယ်အများအပြားအား ကွန်ပြုတာဖြစ် ဥပမာပေး ပြောဆိုရန် အကြံပေါ်လာ၍ရေးဖြစ်သည်)
စစ်အာဏာရှင်အမြစ်တွယ်နေသ၍ဒီမိုကရေစီလှုံခြုံမှုမရှိနိုင်

အီဂျစ်၏လူထုလှုပ်ရှားမှုမှာ ပြည်သူနဲ့ပူးပေါင်းပြီး အာဏာရှင်မူဘာရက်ကို ဖြုတ်ချခဲ့သော စစ်တပ်ကပဲ ယခုအခါလူထုကိုရက်ရက်စက်စက်ပြန်လည်နှိပ်ကွပ်နေပြန်ပြီ၊ အင်မတန်မှတရား ကျစရာကောင်းသလို အလွန်တရာကိုမှအလေးထားရမဲ့သင်ခန်းစာကိုလည်းရလိုက်ပါသည်၊ အီဂျစ်စစ်တပ်ကနေပြီး ဖွဲ့စည်းအုပ်ချုပ် ပုံကို သူတို့အလိုကျ ရေးဆွဲပေးရန်(Guideline)ပေး လမ်းညွန်ရာကနေပြီး လူထုမကျေနပ်မှု တွေ ချက်ချင်း ပေါက်ဖွါး လာရတာဖြစ်တယ်၊ ဒီကိစ္စမျိုး က ကျနော်တို့မြန်မာစစ်အာဏာရှင်တွေဆီအတုယူသလား လို့ တောင်ထင်ရပါတယ်၊ တပ်မတော်ရဲ့ဘတ်ဂျက်(budget)ကိစ္စတွေကို ပြည်သူတွေသိစရာ မလိုဟုဆိုပြီး စစ်တပ်က တောင်းဆိုလာတာဖြစ်တယ်၊ လူထုကစစ်တပ်ကိုမယုံတော့ဘူး၊ အာဏာကို မသိမသာ ခိုးကြောင်ခိုးဝှက်သိမ်းတဲ့သဘောမျိုးလိုဖြစ်နေတယ်၊ ဒါကြောင့်လမ်းမပေါ်ထပ်မံတက်လာပြီး ဆန္ဒ ပြကြတော့တာပေါ့၊ ဒါတောင်မှမြန်မာစစ်တပ်လို့ တမတ်သားပါလီမန်တောင်းတာ မဟုတ် သေးဘူး၊

ပိုပြီးအခွင့်အရေးလိုချင်တဲ့စရိုက်

ပြန်ပြီးဆန်းစစ်ကြည့်တော့ စစ်တပ်ကလူတွေဟာငါတို့ဟာစစ်သားတွေဖြစ်လို့သာမန်လူ တွေထက်ပိုပြီး အနစ်နာခံရတယ်ဆိုပြီး ပိုပြီးအခွင့်အရေးလိုချင်တဲ့စရိုက်ကိုပြလာတယ်၊ လက်နက်ကိုင်ထားပြီးမှသာမန် လူထုတွေအပေါ်မှာအမြဲတန်းနေချင်လာတယ်၊ နိုင်ငံသားတိုင်း တန်းတူအခွင့်အရေးရှိရမယ်ဆိုတာကို မျက်ကွယ်ပြုလာကြတယ်၊ ဒါတွေအားလုံးဟာ အာဏာရှင်လမ်းကြောင်းကိုပြန်ဦးတည်နေတဲ့သဘောပါပဲ၊

အာဏာရှင်ဗိုင်းရပ်များ

ဒီနေရာမှာကျနော်ကွန်ပြုတာအပျက်နဲ့နိုင်ငံရေးသဘောသဘာဝကိုနှိုင်းယှဉ်ကြည့်မိတယ်၊Hard drive က ဗိုင်းရပ် တွေမိ၊ spywareတွေမိလို့ လုံးဝသုံးလို့မရတော့ပြန်ပြင်ဖို့ကြိုးစားတဲ့ နေရာမှာ အဆင့်အမျိုးမျိုးရှိတယ်၊ တစ်ချို့ကဗိုင်းရပ်နှင့်ပိုင်ဝဲယားတွေကို Norton;AVG အစရှိတဲ့ Anti Virus, Anti Spyware တွေနဲ့ ရှင်းထုတ်လိုက်နိုင်ရင် ကွန်ပြုတာပြန်ကောင်းသွား လိမ့်မယ်လို့ထင်ကြတယ်၊ တကယ်တော့သူတို့ဟာ software တွေဝယ်လို့ပိုက်ဆံသာကုန်သွားတယ်၊ သူတို့ထင်သလိုကွန်ပြုတာက ပြန်ကောင်းမလာဘူး၊ ဘာဖြစ်သလည်းဆိုတော့အဲဒီဗိုင်းရပ်နှင့် Trojan တွေဟာ ကွန်ပြုတာရဲ့ နေရာ အနှံ့အပြား မှာ ပုန်းအောင်းနေကြပြီး စက်ပြန်ဖွင့်တိုင်းမှာ regenerate လုပ်ပြီး ပြန်ပေါ်လာ လို့ပဲ၊ ဗိုင်းရပ်ပိုးတွေဟာ ကွန်ပြုရဲ့အသက်သွေးကြောဖြစ် တဲ့ Registery ကိုထိမ်းချုပ်ထားရုံမျှမက မိမိရဲ့ အင်တာနက် Browser ကိုပါ Hijack လုပ်ထား တာမို့ နာရီပိုင်းအတွင်းမှာပဲ အရင်လိုပဲပြန်ဖြစ်လာတယ်၊ အင်တာနက်တက်ရင်သူတို့ကဒမြတိုက်သလို သူတို့Softwareတွေကို အတင်းဝင်ခိုင်းတော့တာပဲ၊

ဒီလိုနဲ့ဒုတိယအဆင့်အနေနှင့် Hard Drive ကို Format လုပ်ပြီးပြန်သုံးဘို့ကြိုးစားကြမှာ အမှန်ပါပဲ၊ သာမန်ခပ်ပျော့ပျော့ဗိုင်းရပ်တွေဆိုရင်တော့ Operation System ကိုပြန်ထည့် နိုင်ခဲ့ရင် ကွန်ပြုတာ ပြန်ကောင်ပြီးသုံးလို့ရပေမဲ့ partition ထဲအထိတွယ်ကပ်နေတဲ့ဗိုင်းရပ်ဆို ရင်တော့ Operation System ကိုထည့်တဲ့အခါမှာမအောင်မမြင်ဖြစ်ပြီးသုံးလို့မရနိုင်ဘူး၊ တကယ်ဆိုရင် အဲဒီလို partition ထဲအထိ တွယ်နေတဲ့ ဗိုင်းရပ်တွေကြတော့ partition ကို delete လုပ်နိုင်မှ hard drive ပြန်သုံးလို့ရနိုင်တယ်၊

NLD's Manual Delete Method က အချိန်တွေကလည်းအများကြီးယူရလိမ့်မယ်

အခုကျနော်မြန်မာပြည်ရဲ့အနေအထားကတော့ စစ်အာဏာရှင်စနစ်ဟာ အဲဒီလို partition ထဲအထိ တွယ်နေတဲ့ဗိုင်းရပ်တွေလိုဖြစ်နေတော့ partition ကို delete လုပ်သလို စစ်အာဏာ ရှင်စနစ်ကို လုံးဝပပျောက်သွားအောင်လုပ်နိုင်မှ ဒီမိုကရေစီနိုင်ငံကိုစိတ်ချလက်ချတည်ဆောက် လို့ရမယ်၊ အခုလောလောဆယ် မှာ တော့ NLD ကနေပြီး Anti Virus, Anti Spyware တွေနဲ့တောင် သန်းရွှေ၊ သိန်းစိန်ဗိုင်းရပ်တွေကို မရှင်းလင်းပဲ သမရိုးကျနည်းဖြစ်တဲ့တစ်ခုချင်းကိုရှာဖွေပြီးသန့်စင်တဲ့နည်း နဲ့ Manual Delete လုပ်ဖို့အတွက် လွတ်တော်ထဲကိုဝင်တော့မယ်၊

ဒီနေရာမှာနှိုင်းယှဉ်ပြစရာကတော့ hard drive မှာ ဖိုင်တွေကထောင်သောင်းမကရှိနေတာမို့
အားလုံးကိုရှာဖွေတွေ့ရှိရန်မလွယ်သူသလို မိမိရဲ့ system files တွေကိုမှားပြီးဖျက်မိသွားရင် ပြသနာတွေအများကြီးရှိနေတယ်၊ အချိန်တွေကလည်းအများကြီးယူရလိမ့်မယ်၊တစ်ချို့အင်မတန်ကိုခေါင်းမာတဲ့ ဗိုင်းရပ်မျိုးဆိုရင် delete တောင်လုပ်လို့မရဘူး၊ system ထဲမှာတွယ်ကပ် နေကြတယ်၊ အောင်သောင်း၊ ကျော်ဆန်းတို့လို့ဗိုင်းရပ်မျိုးတွေဖြစ်မှာပေါ့၊ တကယ့် တကယ်ကို မလွယ်တဲ့ကိစ္စပဲဆိုတာ လုပ်ဘူးတဲ့ လူတိုင်းသိမှာပါ၊

Tripartite သုံးပွင့်ဆိုင်ဆွေးနွေးအဖြေရှာဆိုတာ Hard Drive ကို Format လုပ်တာနဲ့အသွင်
တူတယ်၊ ပြေလည်သွားနိုင်သော်လည်းပဲ ရေရှည်မှာအာမခံချက်မရှိနိုင်ဘူး။ စစ်တပ်ကိုreformမလုပ်ပဲနဲ့တော့ စစ်တပ်ကအချိန်မရွေးဒုက္ခပေးနိုင်တယ်ဆိုတာ အခုလောလောဆယ်အီဂျစ်ကိုကြည့်လို့ရတယ်၊ ထိုင်းမှဆိုရင်လည်းစစ်တပ်ကအချိန်မရွေးအာဏာသိမ်းလို့ရတဲ့ အနေအထားမှာရှိတယ်၊

လူထုတိုက်ပွဲ(သို့) partition delete


Partition ကို delete လုပ်ပြီး system အသစ်နဲ့သွားချင်လိုကတော့ စစ်တပ်ကိုမုချမသွေ reform လုပ်ရမှာဖြစ်တယ်၊ အဲဒီအဆင့်ကိုသွားဖို့ရာကတော့အမြန်ဆုံးအပြောင်းအလဲကိုလုပ်နိုင်တဲ့နိုင်ငံရေးဝန်းကျင်ကို ရမှဖြစ်နိုင်တယ်၊ အဲဒါကတော့ လူထုတိုက်ပွဲပဲဖြစ်တယ်၊အာဏာရှင်နိုင်ငံအားလုံးရဲ့အပြောင်းအလဲတွေကို ပြန်စမ်းစစ်ကြည့်မယ်ဆိုရင်လူထုတိုက်ပွဲနဲ့အစပြုပြီးမှအထွေထွေပူးပေါင်းပါဝင်လာမှု(စစ်တပ်အပါအ၀င်)ကနေ နောက်ဆုံးမှာအောင်ပွဲကိုရခဲ့တာကိုတော့ မိမိတို့အားလုံးမြင်နေရကြားနေရပြီးဖြစ်ပါတယ်၊

သင်ဘာလုပ်မှာလဲ


အခုသင့်ကွန်ပြုတာ(နိုင်ငံတော်)ဗိုင်းရပ်လည်းမိ၊ Browser(ဖွဲ့စည်းပုံအခြေခံဥပဒေ)ကိုလည်း Hijack အလုပ်ခံထားရနေပြီ၊ သင်တို့ဘယ်လိုပြင်ချင်ကြသလဲ၊ ပွင့်ပွင့်လင်းလင်းပြောကြပါဗျာ၊

---------------
မိမိ၏ဆောင်းပါးတိုမျှသာလျှင်ဖြစ်ပြီး ယနေ့ကွန်ပြုတာကိုအများအပြားသုံးစွဲနေကြသော လူငယ်အများအပြားအား ကွန်ပြုတာဖြစ်ဥပမာပေးပြောဆိုရန် အကြံပေါ်လာ၍ရေးဖြစ်သည်၊


ဂီတသမား ကိုဝင်းမော် အကျဉ်းကျအနုပညာဖန်တီးရှင်ဆု( Freedom to Create Imprisoned Artist Prize) ရရှိ

Posted: 22 Nov 2011 07:45 AM PST


ကျောက်ဖြူထောင်တွင် ထောင်ဒဏ်၁၇နှစ်ကျခံနေရသည့် တေးရေးနှင့် ဂီတာတီးသူ ကိုဝင်းမော်ကို အကျဉ်းကျအနုပညာဖန်တီးရှင်ဆု (Imprisoned Artist Prize) ကို FREEDOM TO CREATE အဖွဲ့ က တောင်အာဖရိကနိုင်ငံ ကိတ်တောင်းမြို့ တွင် နိုဝင်ဘာလ ၁၉ရက်နေ့ ချီးမြှင့်ခဲ့ သည်။ ကိုဝင်းမော်ကို ၂၀၀၇ ရွေဝါရောင်လှုပ်ရှားမှုအပြီး နိုဝင်ဘာလအတွင်း စစ်ထောက်လှမ်းရေးအဖွဲ့ (စရဖ) မှ ဖမ်းဆီးခဲ့ပြီး အီလက်ထရောနစ်ဆက်သွယ်မှုဥပဒေ၊တရားမ၀င်နယ်စပ်ဖြတ်ကျော်မှု စသည့် ဆွဲချက် များဖြင့် ထောင်ဒဏ်နှစ်ရှည် ထောင်ဒဏ် ချမှတ် ခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ်က အလားတူ ဆုရရှိခဲ့ဖူးသော လူရွင်တော် ကိုဇာဂနာ ကလည်း ကိုဝင်းမော်အတွက် ဗွီဒီယို အမှာစကားပေးပို့ ခဲ့ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်း ဗွီဒီယို အမှာစကားပေးပို့ ခဲ့သည်။

အခုလို ကိုဝင်းမော်ဆုရရှိ သည်ကို သိရှိရသည့် အတွက် ၀မ်းသာစရာ ဖြစ်သော်လည်း၊အနုပညာရှင်ကိုယ်တိုင်မှာ ထောင်ထဲတွင်ရှိနေ သဖြင့် ၀မ်းနည်းစရာဖြစ်ရကြောင်း၊ သာမန်လူများမတွေ့ မမြင်နိုင်သည့် ရှုထောင့်မှ နေပြီး အနုပညာရှင်များမှာ ကမ္ဘာကြီးကို ပိုမိုလှပစေရန် ဖန်တီးနေခြင်းဖြစ်ကြောင်း၊ ယုံကြည်ချက်၊ အတွေးအခေါ်တို့ ကြောင့် လူများကို ထောင်သွင်းအကျဉ်းချ သည့်အလုပ်မှာ ကျဉ်းမြောင်းသည့် အလုပ်ဖြစ်ကြောင်း၊ ကိုဝင်းမော်နဲ့ လည်းလူချင်းသိရှိပြီး အနုပညာအပေါ်ထားသည့် သူ့ ယုံကြည်ချက်ကို နှစ်သက်ကြောင်း၊ ယခုလို ကာလတွင် ဆုချီးမြင့်ပေးသည့် Freedom to create အဖွဲ့ ကို ကိုဝင်းမော် ကိုယ်တိုင် လာရောက်ပြီး ကျေးဇူးတင်စကားပြောနိုင်မည့် အချိန်ကာလမှာ မဝေးတော့ပြီဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က အမှာစကားထဲတွင် ထည့်ပြောသွားသည်။

Aung San Suu Kyi congratulates the 2011 Freedom to Create Imprisoned Artist Prize winner Win Maw


ကိုဇာဂနာ ကလည်း သူဆုရစဉ်က ခံစားမှုဖြင့် နှိုင်းယှဉ်ပြီး ကိုဝင်းမော် ဆုရရှိသည့် အတွက်ဝမ်းမြောက် ကြောင်း၊ ကိုဝင်းမော်မှာ ရွေဝါရောင်တော်လှန်ရေးအတွင်း ဒီဗွီဘီ သို့ သတင်းပေးပို့ မှုဖြင့် အကျဉ်းချခံနေရ သော်လည်း ထောင်တွင်းတွင် အနုပညာများဆက်လက်ဖန်တီးနိုင်နေဆဲဖြစ်ကြောင်း၊သူ မကြာခင် လက်မြောက်လာပြီး အနုပညာများကိုလွတ်လပ်စွာဖန်တီးသွားနိုင်ရန် မျှော်လင့်ပါကြောင်း ပြောခဲ့သည်။

ရွေသံစဉ်တေးဂီတအဖွဲ့ ထူထောင်သူ၊တေးရေးနှင့်လိဒ်ဂစ်တာတီးသူ ကိုဝင်းမော်မှာ အနုပညာသမား အဖြစ်သာ မက ရွေဝါရောင်သံဃာလှုပ်ရှားမှု တွင်လည်း ပြည်သူကြားမှ သတင်းသမားတယောက်အနေ ဖြင့် ဗီဒီယိုရုပ်ပုံများ ကို တက်ကြွလှုပ်ရှားသူများဖြင့် ပူးပေါင်းပြီး မီဒီယာသို့ ဖြန့် ဝေ နိုင်ခဲ့သဖြင့် ၂၀၀၇ စက်တင်ဘာ လှုပ်ရှားမှုကို ကမ္ဘာက ပိုမို သိရှိခဲ့ရခြင်းဖြစ်သည်။ ကိုဝင်းမော် ၏ ခံယူချက် နှင့် ဘ၀ တစိတ် တပိုင်းကို အော်စကာဆုပေးပွဲ နောက်ဆုံးအဆင့်သို့ ရောက်ခဲ့သည့် ဘားမားဗွီဂျေ မှတ်တမ်းရှပ်ရှင် ထဲတွင် တစိတ်တဒေသ ဖော်ကျူးထားသည်။

ဆုပေးပွဲကို ကိုဝင်းမော်နှင့် အတူလက်တွဲလုပ်ကိုင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်ကြီးက တက်ရောက်လက်ခံ ယူခဲ့ပြီး ကိုဝင်းမော်အား စစ်အစိုးရမှ ၂၀၀၇ စက်တင်ဘာလှုပ်ရှားမှု အတွင်း သတင်းများ ပေးပို့ ရာတွင်အဓိက ကြိုးကိုင်အဖြစ် စွပ်စွဲ ပြီး နှိပ်စက်ညှင်းပန်းခဲ့ကြောင်း၊ကိုဝင်းမော် မှာ ယုံကြည်ချက်အတိုင်း လုပ်နေသူသာ ဖြစ်ကြောင်း၊ယခုကဲ့သို့ ဆုရရှိခြင်းဖြင့် ကလေးများနှင့် အိမ်ထောင်တာဝန် ကို ထမ်းနေရသူ ဇနီးသည်အတွက် တဖက်တလမ်း အထောက်အကူဖြစ် မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခု ၂၀၁၁ ခုနှစ် ဆုပေးပွဲတွင် မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာ စင်သီယာ မောင်ကိုလည်း Freedom to create leadership ဆု ကို ချီးမြင့်ခဲ့သည်။

FREEDOM TO CREATE ဆုသည် လူမူရေးအပြောင်းအလဲ၊ နိုင်ငံရေး အ ပြောင်းအလဲဖြစ် အောင် ကြိုးစားနေသည့် ကမ္ဘာအနှံ့ ကအနုပညာသမားများ၊လူမှုရေးလုပ်ဆောင်သူ များ အား ပေးအပ် ချီးမြှင့်သည့် ဆုဖြစ်သည်။

http://www.freedomtocreate.com/win-maw

Burma VJ Media Network


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment