Friday 13 April 2012

သတိထားရမည့် နိုင်ငံများ။

လေထဲတွင် ပျောက်သွားတဲ့ မြောက်ကိုရီးယား ဒုံးကျည်
နိုင်ငံတကာ သတိပေးမှုတွေကြားထဲက အာကာသထဲကို လွှတ်တင်ဖြစ်အောင် ပစ်လွှတ်လိုက်တဲ့ မြောက်ကိုရီးယား ဒုံးကျည် အွန်ဟ ၃ (Unha 3) ဟာ ပစ်လွှတ်ပြီး မကြာခင်မှာပဲ ပျက်စီးသွားတယ်လို့ အမေရိကန်နဲ့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူများက ပြောကြပါတယ်။ မြောက်ကိုရီးယား အာဏာပိုင်များက တာဝေးပစ် ဒုံးကျည် ပစ်လွှတ်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်အီစွန်းရဲ့ နှစ် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် မြောက်ကိုရီးယားက အာကာသထဲကို ဂြိုဟ်တု လွှတ်တင်မယ့်အကြောင်း၊ ထို ဂြိုဟ်တုဟာ ရာသီဥတု လေ့လာရေးအတွက် ဖြစ်ကြောင်း ပြောကြားပေမယ့် အမေရိကန်တို့ကတော့ ဒါဟာ တာဝေးပစ် ဒုံးကျည် စမ်းသပ်တာဖြစ်ကြောင်း ကနဦးကတည်းက ပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားတို့ဟာ ၁၉၉၈ ခုနှစ်မှ စတင်ကာ တာဝေးပစ် ဒုံးကျည် စမ်းသပ်မှုကို သုံးကြိမ် ပြုလုပ်ခဲ့ပြီး သုံးကြိမ်စလုံး မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။ ဒုတိယအကြိမ် စမ်းသပ်တုန်းကလည်း ဆက်သွယ်ရေး ဂြိုဟ်တု လွှတ်တင်မယ်လို့ ပြောခဲ့ပြီး အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားဘက်က ကြေငြာခဲ့ပေမယ့် စောင့်ကြည့်လေလာသူများကတော့ မအောင်မမြင်ဖြစ်ခဲ့တယ်လို့ ဆိုကြပါတယ်။ အခုတခေါက် ဒုံးကျည် ပစ်လွှတ်မှုကို ၂၀၁၂ ဧပြီ ၁၃ ရက်နေ့ ဒေသစံတော်ချိန် မနက် ၇ နာရီ ၃၉ မနစ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ ပစ်လွှတ်ပြီး တမိနစ်ကျော်အတွင်း ကမ္ဘာ့လေထုထဲက ထွက်မသွားမီ ပျက်စီးသွားကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြကြပါတယ်။ တကယ်လို့ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်နဲ့ ပတ်သက်တဲ့ အစိတ်အပိုင်းတွေ ဂျပန်ပိုင်နက်ထဲကို ကျရောက်လာမယ်ဆိုရင် ဒုံးခွင်းဒုံးတွေနဲ့ တန်ပြန် ပစ်ခတ်မှာ ဖြစ်ကြောင်း ဂျပန်တို့က ကြိုတင်ကြေငြာခဲ့သလို ဒုံးခွင်းဒုံးစနစ်တွေကိုလည်း အသင့် ပြင်ထားခဲ့ကြပါတယ်။ မြောက်ကိုရီးယားတို့ ဒုတိယအကြိမ် တာဝေးပစ် ဒုံးကျည် ပစ်လွှတ်စဉ်ကလည်း ဂျပန်အစိုးရက ထိုသို့ သတိပေးကာ ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ မြောက်ကိုရီးယားတို့ ဒုံးကျည်ပစ်လွှတ်ခဲ့မှုနဲ့ ပတ်သက်ပြီး ကမ္ဘာ့ကုလသမဂ္ဂတွင် ၂၀၁၂ ဧပြီ ၁၃ ရက် (သောကြာနေ) ၌ ဆွေးနွေးရန် ပြင်ဆင်လျက် ရှိပါတယ်။ မြောက်ကိုရီးယားတို့ တာဝေးပစ် ဒုံးကျည် ပစ်လွှတ်ခြင်းဟာ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ဖောက်ဖျက်ခြင်း ဖြစ်တဲ့အတွက် ပိုမို တင်းကြပ်တဲ့ ပိတ်ဆို့မှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း၊ မြောက်ကိုရီးယားပြည်သူများအား စားနပ်ရိက္ခာ အကူအညီ ပေးမှုကို ဖြတ်တောက်သွားမှာ ဖြစ်ကြောင်း အမေရိကန်အာဏာပိုင်တွေက ယခင်နေ့များကတည်းက ကြေငြာခဲ့ပါတယ်။ မြောက်ကိုရီးယားတို့ ဒုံးကျည် ပစ်လွှတ်ပြီးနောက် တောင်ကိုရီးယား အစိုးရအဖွဲ့က အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့သလို ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ရဲ့ အစိတ်အပိုင်းတွေ ပျက်ကျနိုင်တဲ့ တောင်ကိုရီးယား ရေပိုင်နက်အတွင်း ရှာဖွေမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ မြောက်ကိုရီးယား ဒုံးကျည် ပစ်လွှတ်မှုနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဂျေ ကာနေ (Jay Carney) က ဒုံးကျည် ပစ်လွှတ်ရန် ကြိုးစားမှု မအောင်မမြင် ဖြစ်ခဲ့သော်လည်း မြောက်ကိုရီးယားရဲ့ ရန်စတဲ့ အပြုအမူဟာ ဒေသဆိုင်ရာ လုံခြုံရေးကို ရန်ပြုနေကြောင်း၊ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သလို လောလောဆယ် သူတို့ကိုယ်တိုင် ပေးထားတဲ့ ဂတိက၀တ်တွေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ထုတ်ဖော် ပြေကြားခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ကာ နျူးကလီးယားလက်နက် ထုတ်လုပ်ရန် ကြိုးပမ်းခြင်း၊ တာဝေးပစ် ဒုံးကျည်များ ပစ်လွှတ်စမ်းသပ်ခြင်းများ ပြုလုပ်ကာ ဒေသဆိုင်ရာ လုံခြုံရေးကို ရန်ပြုနေတယ်လို့ အများက ယူဆကြပါတယ်။ ၁၉၅၀ လွန် နှစ်များတွင် ကိုရီးယားကျွန်းဆွယ် တောင်ဘက်နဲ့ မြောက်ဘက်တို့ စစ် ဖြစ်ပွားခဲ့ကြပြီး အနောက်နိုင်ငံများအနေနဲ့ တောင်ကိုရီးယားဘက်က ကူညီ တိုက်ခိုက် ပေးကြသလို မြောက်ကိုရီးယားကိုတော့ ရုရှားနဲ့ တရုပ်တို့က ကျားကန်ပေးခဲ့ကြပါတယ်။ အခုနှစ်ပိုင်းများမှာတော့ မြောက်ကိုရီးယားနဲ့ အရင်းနှီးဆုံး ဆက်ဆံရေးရှိတဲ့နိုင်ငံဟာ တရုပ်နိုင်ငံဖြစ်ပြီး မြောက်ကိုရီးယား ကွန်မြူနစ်ခေါင်းဆောင်များကို တရုပ် ကွန်မြူနစ်ခေါင်းဆောင်များက အားပေး ထောက်ခံနေတယ်လို့ နိုင်ငံတကာက ရှုမြင်ကြပါတယ်။ ကိုးကား http://news.yahoo.com/blogs/upshot/north-korea-launches-long-range-missile-232147093.html
သတင်း - မြောက်ကိုရီးယား တာဝေးပစ် ဒုံးကျည် - Apr 12 2012 11:39 PM EST
(  Burma Today    မှကူးယူဖေါ်ပြပါသည်)

No comments:

Post a Comment