Wednesday 11 July 2012







ဒု သမ္မတအဖြစ် ဦးမြင့်ဆွေ ခန့်အပ်ခံရဖွယ် ရှိ

Posted: 10 Jul 2012 10:31 AM PDT

ဓာတ်ပုံ ASSOCIATED PRESS


ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ရဲ့ နေရာမှာ အစားထိုး ခန့်အပ်ဖို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ ကို အဆိုပြု ထားတယ်လို့ လွှတ်တော်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ ကျန်းမာရေးကြောင့် တာဝန်က အနားယူမယ်လို့ ပြီးခဲ့တဲ့တပတ် လွှတ်တော် အစည်းအဝေးပွဲတွေအတွင်း ကြေညာပြီးတဲ့နောက် ဒုတိယ သမ္မတသစ်အဖြစ် ရွေးချယ်ရာမှာ စစ်တပ် ကိုယ်စားလှယ်တွေက တချိန်က ထိပ်တန်း စစ် အရာရှိဟောင်း နှစ်ဦးဖြစ်တဲ့ ဦးမြင့်ဆွေ နဲ့ အခုအခါ ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဋ္ဌ တာဝန် ယူထားတဲ့ ဦးတင်အေး တို့ကို အဆိုပြုထားတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

တချိန်က မြန်မာစစ်အစိုးရရဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ နီးစပ် သူ ဖြစ်ပြီးတော့ စစ်ဘက်ဆိုင်ရာ လုံခြုံရေး အဆင့်မြင့် အရာရှိတဦးလည်း ဖြစ်တဲ့ အပြင် ရန်ကုန်တိုင်း စစ်တိုင်းမှူးအဖြစ် တာဝန်ယူဖူးသူဖြစ်တဲ့ ဦးမြင့်ဆွေ ကိုတော့ ဒုသမ္မတအဖြစ် ရွေးချယ်ဖို့ စစ်တပ် ကိုယ်စားလှယ်တွေ လိုလားနေပေမဲ့ တခြား စစ်တပ်နဲ့ မနီးစပ်တဲ့ အာဏာရပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ်တွေ ကြားမှာတော့ ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်အထိ တာဝန်ယူဖူးတဲ့ ဦးတင်အေး ကို လိုလားကြတယ်လို့လည်း ဆိုပါတယ်။

မြန်မာအစိုးရတွင်း အပြောင်းအလဲတွေ ပေါ်ပေါက်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အချိန်မှာပဲ မနေ့ တုန်းကတော့ ဒုတိယ၀န်ကြီး ၆ ယောက်ရဲ့ နေရာ ကိုလည်း သမ္မတ ဦးသိန်းစိန် ကလက်မှတ်ရေးထိုး အစားထိုး ခန့်အပ်ခဲ့တာလည်း  ဖြစ်ပါတယ်။
(VOA )


ဘယ်တော့မှ မမေ့ဘူး..ဒွေး အမှတ်တရ

Posted: 10 Jul 2012 10:09 AM PDT


VIDEO..dvb
တချိန်က ကိုသားကြီး RITကျောင်းသားဘ၀တုန်းက အိမ်ရှေ့မှာ ကျနော့်ဂီတာလေးနဲ့ အဲဒီအချိန်ခါတုန်းကအဆိုတော်ကိုရဲသွင် ရဲ့ သီချင်းဖြစ်တဲ့ စွန့်စားမယ် ကိုယ့်အချစ်ရေ လိုက်ရဲမလားဆိုတဲ့ သီချင်းကို ကိုသားကြီး သီဆိုနေပုံကို ကျနော် အခုထိ သတိရအမှတ်ရနေဆဲပါ...ဘယ်တော့မှ မမေ့ဘူး ..ဘယ်တော့မှ မမေ့ဘူး
ကိုသားကြီး ခေါ် ဒွေး ဆုံးတာ ဒီနေ့  ၅ နှစ် ပြည့်ပါပြီ...
သူ့ ကိုချစ်တဲ့ပရိသတ်တွေနဲ့  သူ့ ကိုလေးစားတဲ့ အနုပညာရှင်တွေကိုယ်စား ဘယ်တော့မှ မမေ့ဘူး ဆိုတာလေး မျှဝေပါရစေ ..
thanhtut


မန္တလေးမှာဖြစ်ပျက်နေတဲ့ တရားဥပဒေ စိုးမိုးရေးဆိုတာ...

Posted: 10 Jul 2012 09:27 AM PDT

မန္တလေးတွင် ဆိုင်ကယ်စီးသူများကို ဤသို့ တွေ့ရသည် (ဓာတ်ပုံ - Fu-min)

ဒီရက်ပိုင်း မန္တလေးမှာမော်တော်ပီကေတွေ အတော်အလုပ်ရှုပ်ကြပါတယ်။ ကားတွေဆိုလည်း ကားတွေမို့ .. ဆိုင်ကယ်တွေဆိုလည်း ဆိုင်ကယ်တွေမို့၊ ယာဉ်မောင်းလိုင်စင်၊ ဆိုင်ကယ်လိုင်စင်၊ ကားလိုင်စင်၊ ဘီးခွန် အကုန်စစ်ကြပါတယ်။ အဓိက လူသွားလူလာ များတဲ့နေရာတွေမှာ .. လျှပ်တပြက် ဖမ်းဖမ်းစစ်ပါတယ်။ ဘာပြောကောင်းမလဲ .. သောက်သောက်လဲပေါ့။

မော်တော်ပီကယ် တအုပ်တမကြီး ရှိတဲ့ထဲကို ဦးထုပ်မဆောင်းပဲ မောင်းဝင်တဲ့သူကလည်း မောင်းဝင်ပါတယ်။ အံ့ဩလို့ဖြင့် မဆုံးပေါင်။ ဒီကြားထဲ လမ်းပြောင်းပြန် မောင်းဝင်တဲ့သူကလည်း ဝင်ပါတယ်။ မဝင်ရဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေ၊ မကွေ့ရဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေလည်း ရှိတယ်။ မော်တော်ပီကယ်လည်း ရှိတယ်။ ပြီးမှ မောင်းပြေးဖို့ ကြိုးစားပါတယ်။ မကြုံဖူးပေါင် ဂုဏ်ထူးဆောင်ရယ်လို့ပဲ ပြောချင်ပါတော့တယ်။

ဆက်သွယ်ရေးနဲ့ ပြန်ကြားရေးကို ပေါင်းမယ်ဆိုတာကြောင့် ဂယက်တွေ ထကုန်သလို ဆက်သွယ်ရေးဝန်ကြီးဌာနက ကုမ္ပဏီတွေကို ကုန်ကျစရိတ်တွေ မရှင်းသေးတာကြောင့် ကုမ္ပဏီအများစုဟာ လက်ထဲမှာ ငွေနည်းနေကြပါပြီ။ ဒါ့အပြင် အခုအခါမှာ အင်တာနက်နဲ့ ဖုန်းလုပ်ငန်းကို ပြင်ပ ကုမ္ပဏီတစ်ခုကို လွှဲတော့မယ်လို့ သတင်းထွက်နေတာကြောင့် အကုန်လုံး မျက်ဖြူစိုက်နေကြပါတယ်။ ထူး သို့မဟုတ် နိုင်ငံခြား ကုမ္ပဏီတစ်ခုကို လွှဲမယ်လို့ အကြမ်းဖျဉ်းသိထားရပြီး ဝန်ထမ်းတွေထဲမှာ ကုမ္ပဏီက နှစ်သက်တဲ့သူတွေကို ကုမ္ပဏီလက်ထဲ လွှဲပေးမှာဖြစ်ပြီး ကုမ္ပဏီက မလိုချင်တဲ့သူတွေကိုတော့ အကုန်ဖြုတ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အကယ်၍ အဲဒီလိုသာ လွှဲဖြစ်ခဲ့ရင် ကျန်နေတဲ့ ကြွေးကျန်တွေကို ဘယ်သူက တာဝန်ယူဖြေရှင်းပေးမယ်ဆိုတာ မသိသေးပဲ ခုအခါမှာတော့ စာရင်းတွေ စစ်ဆေးနေဆဲလို့ သိရပါတယ်။ ၈ လပိုင်း ဒါမှမဟုတ် နောက်နှစ်ဆန်းပိုင်းမှာ လွှဲဖြစ်မယ်လို့လည်း သိရပါတယ်။

မန်းလေး ၆၂လမ်းဘက်မှာ ည ၁၀ နာရီလောက်ဆိုရင် ဆိုင်ကယ်နဲ့ အုပ်စုလိုက် ဝိုင်းတိုက်ပြီး ဝိုင်းရိုက်ကြတဲ့ အဖွဲ့တစ်ဖွဲ့ ပေါ်ပေါက်နေပါတယ်။ ညတိုင်းလိုလို ကံဆိုးသူ ရှာဖွေလေ့ရှိပြီး ရိုက်ပြီးသွားရင် လူမှားတယ်ဆိုပြီး ထားပစ်ခဲ့ကြပါတယ်။ တရားဥပဒေ စိုးမိုးရေးဆိုတာ ပါးစပ်ကသာ အမြှုပ်ထွက်အောင် အော်နေပြီး ကျေးလက်ဒေသ မပြောနဲ့ မြို့ပြမှာတောင် ဥပဒေမဲ့ ရမ်းကားသူတွေ သောင်းကျန်းနေပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုတာလည်း အခွံပဲရှိပါတယ်။Civil နဲ့ Military ကွာခြားချက်ကို ဒီနေရာမှာ ထင်ထင်ရှားရှား မြင်နေရပါတယ်။ Civil ဆိုတာ အထက်က အမိန့်လာမှ မဟုတ်ပဲ ကိုယ်လုပ်ရမယ့်တာဝန်ကို ကိုယ့်တာဝန်နဲ့ကိုယ် တာဝန်ယူစိတ်လေးနဲ့ ဆောင်ရွက်ရမှာပါ။ ဒါပေမယ် လက်ရှိ ရဲတပ်ဖွဲ့ကတော့ စစ်ထွက်တွေရယ်၊ စစ်တပ်ပုံစံ လေ့ကျင့်ပေးလိုက်တဲ့ ငမိုက်သားတွေရယ်ကြောင့် ပျက်စီးရှာပါပြီ။ အထက်က အမိန့်ပေးမှ ဖမ်းတတ်ဆီးတတ် ပစ်တတ်ခတ်တတ်ကြပြီး မဟုတ်ရင်တော့ မျက်စိမပါသလို နားမရှိသလို နေတတ်တဲ့ အကျင့်လေးတွေ ရကုန်ကြပါပြီ။

ရဲစခန်းထဲမှာ ကင်းလှည့်မယ့် ဇယားကို တစ်ခါသား ကံအားလျော်စွာ ကြည့်ခဲ့ဖူးပါတယ်။ စက်ဘီး ကင်းလှည့်အဖွဲ့တဲ့ ... ဆိုင်ကယ်တဝီဝီနဲ့ သောင်းကျန်းနေတဲ့ ဒုစရိုက်သမားများကို စက်ဘီးလေးတွေနဲ့ ရဲတွေက ဘယ်လို လိုက်ဖမ်းမလဲဆိုတာ .. ကျွန်တော်ဖြင့် မစဉ်းစားတတ်ပါ။ ရဲကင်းဆိုပြီး ချထားပေးတဲ့ တဲလေးက .. မီးကင်းလောက်တောင် မပြည့်စုံ ခပ်ချာချာရယ်ပါ။ မြို့တော်ဝန်များအနေနဲ့ ရလာတဲ့အခွန်အကောက်တွေနဲ့ ရန်ပုံငွေတွေကို ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ မြို့ပြတည်ဆောက်ရေး လုပ်ငန်းများ၊ မြို့ပြဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများ တည်ထောင်ရေးမှာ ပြန်လည်အသုံးပြုကြဖို့ တိုက်တွန်းချင်ပါတယ်။ မဆီမဆိုင် အစိုးရအဖွဲ့ကို လှူဒါန်းရအောင် အစိုးရမှာ သူ့ရဲ့ ပြည်ထောင်စုအစိုးရက ကောက်ခံတဲ့အခွန် သီးခြားစီ ရှိပါတယ်။ မီးသတ်တို့ ရဲတို့ အစိုးရကျောင်းတို့ဆိုတာ .. မြို့တော်ဝန်လက်အောက်မှာပဲ ရှိရမှာပါ။ ခုတော့ ဝန်ကြီးဌာနတွေ ဖွဲ့ပြီး မထိရောက်တဲ့ အလုပ်တွေ၊ ငွေကုန် လူပမ်း အကျိုးမရှိတဲ့ အလုပ်တွေပဲ လုပ်နေကြပါတယ်။

ရတနာပုံ ဈေးနဲ့ ဒိုင်းမွန်းပလာဇာကြီးမှာလည်း အလစ်သုတ်သမားတွေ၊ ခါးပိုက်နှိုက်တွေ သောင်းကျန်းနေကြပါတယ်။ လာပြီး ခိုးကြဝှက်ကြ ဘတ်ကြတဲ့သူတွေက ဈေးလာဝယ်တဲ့သူတွေထက်တောင် ခန့်ညားပါသေးတယ်။ ဟန်းဖုန်းလေးခါးချိတ်ပြီး ဟိုလိုလို ဒီလိုလိုနဲ့ လာဘတ်ကြတာပါ။ တရားဥပဒေဆိုတာ နိုင်ငံရေးသမားတွေ ဖမ်းဖို့ဆီးဖို့ ရေးဆွဲထားတာမဟုတ်ပဲ သူခိုး၊ ကြမ်းပိုး၊ လူလိမ်တွေကို ဖမ်းဖို့ ဆိုတာ သတိရကြပါဦးလို့ ....

Hollinaz (MMCP)


မြန်မာ့ခရီးသွားလုပ်ငန်း စန်းထလာမူကြောင့် ထိုင်းအတွက်အန္တရာယ်ရှိလာနိုင်

Posted: 10 Jul 2012 08:14 AM PDT

(Bangkok Post မှ 9 July 2012 ရက်စွဲပါ "Thai tourism at risk from Myanmar travel boom" သတင်းကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံ၏ မြန်ဆန်စွာကြီးထွားလာသော ခရီးသွားကာလသည် ဒေသတွင်း အဓိကဂိတ်ပေါက်ဖြစ်နေသော ထိုင်းနိုင်ငံ၏အနေအထားကို ထိခိုက်စေနိုင်ကြောင်း ထိုင်းခရီးသွားအေဂျင်စီများက ထိုင်းအစိုးရကို မနေ့ကသတိပေး ပြောကြားလိုက်သည်။

မြန်မာ့ဟိုတယ်ခရီးသွားဝန်ကြီးဦးဋ္ဌေးအောင်က မြန်မာနိုင်ငံသည် ရုတ်တရက်များပြားလာသော ခရီးသွားဧည့်သည်များကို နိုင်နင်းစွာ ဧည့်ခံ ကြိုဆိုရန်အတွက် ခရီးသွားလုပ်ငန်းအခြေခံအဆောက်အဦးများကို မြင့်တင်လျက်ရှိသည်ဟု မနေ့က ဆာဆင်ဘန်ကောက်ဖိုရမ်တွင် ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ မှတ်ချက်ပေးမူများ ထွက်ပေါ်လာခြင်းဖြစ်သည်။

မြန်မာခရီးသွားလုပ်ငန်းဝန်ကြီးက မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းသည် မွေးကင်းစအဆင့်သာရှိသေးကြောင်း ဝန်ခံသော်လည်း ခရီးသွား ဧည့်သည်အရေအတွက် မြန်ဆန်စွာ တိုးပွားလာနေကြောင်း ထောက်ပြပြောဆိုသည်။

ယခုနှစ် ပထမ ၆ လအတွင်း ရန်ကုန်နှင့် မန္တလေးလေဆိပ်များသို့ ဝင်ရောက်လာသော နိုင်ငံခြားသားခရီးသည် အရေအတွက်သည် မနစ်ကထက် ၅၀ ရာခိုင်နှုန်း ပိုများသည်ဟု ဦးဋ္ဌေးအောင်က ဆိုသည်။

မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲလာပြီးနောက်ပိုင်း အရှေ့တောင်အာရှ၏ ခရီးသွားလုပ်ငန်းအချက်အချာအဖြစ် သူ့ကိုယ်သူထူထောင်နိုင်ရန် အလားအလာကောင်းနေသည်ဟု ဈေးကွက်အကဲခတ်သမားများကလည်း ယုံကြည်နေကြသည်။

ဦးဋ္ဌေးအောင်က ဆက်လက်၍ "၎င်းရည်မှန်းချက် အောင်မြင်နိုင်ရေးအတွက် အခြေခံအဆောက်အဦး ဖွံ့ဖြိုးမူသည် သော့ချက်ဖြစ်ကြောင်း မြန်မာနိုင်ငံသည် နော်ဝေးအစိုးရ၏ ပံ့ပိုးကူညီမူဖြင့် ခရီးသွားလုပ်ငန်း master plan ကို ရေးဆွဲနေကြောင်း အစီအစဉ်များထဲတွင် လာမည့်နှစ် အနည်းငယ်အတွင်း ရန်ကုန်နှင့် ၁၅ ကီလိုမီတာအကွာတွင် နိုင်ငံတကာလေဆိပ်သစ်တစ်ခုတည်ဆောက်ရန်ရှိကြောင်း၊ မကြာမီကာလအတွင်း မြန်မာနိုင်ငံသို့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအခြေခံအဆောက်အဦးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့်သူများ စုပြုံရောက်ရှိလာမည်ဟု မျှော်လင့်ရကြောင်း၊ မြန်မာနိုင်ငံတွင် အရေအတွက်တိုးပွားလာသောတိုးရစ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံတကာဧည့်သည်များအတွက် ဟိုတယ်ခန်းများလုံလောက်မှု မရှိကြောင်း" ရှင်းလင်းပြောဆိုသည်။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအခြေခံအဆောက်အဦးများ ဖွံ့ဖြိုးမူမရှိခဲ့ရခြင်းမှာ နိုင်ငံရေးနှင့်လုံခြုံရေးပြဿနာများက အတားအဆီးဖြစ်ခဲ့သည့် အပြင် အနောက်အုပ်စုနိုင်ငံများက အရေးယူဒဏ်ခတ်ထားသောကြောင့်ဖြစ်သည်ဟု ဦးဋ္ဌေးအောင်က ပြောကြားသည်။ အစိုးရနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ စီမံခန့်ခွဲမူအလွဲများကိုမူ ဦးဋ္ဌေးအောင်က ဝန်ခံပြောကြားခြင်းမပြုပါ။

ကူးစက်ပြန့်ပွားနိုင်သော ရောဂါများနှင့် သဘာဝဘေးအန္တရာယ်များကလည်း Sanctions များ ပိတ်ဆို့ထားခြင်းကြောင့် နိုင်ငံခြားမှဟိုတယ် လုပ်ငန်း ရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ကြကြောင်း၊ သို့သော်လည်း လက်ရှိအာဏာရစိုးရက ပြုပြင်ပြောင်းလဲရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ စီးပွားရေးပြန်လည်ထူထောင်ရေးတို့ကို ဆက်တိုက်လုပ်ဆောင်သွားရန် ကတိပြုထားသောကြောင့် ခရီးသွားလုပ်ငန်းကဏ္ဍသည် ယခုအခါ ပြန်လည်ရှင်သန်လာတော့မည်ဖြစ်ကြောင်း" ဦးဋ္ဌေးအောင်က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် Shangri-la အုပ်စုက အခန်း၂၄၀ ဟိုတယ်တစ်ခုတည်ဆောက်နေပြီး Accor အုပ်စုနှင့် အိန္ဒိယ Oberoi တို့ကလည်း ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေသည်ဟု သိရှိရသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ဟိုတယ်နှင့် တည်းခိုခန်းပေါင်း ၂၅၀၀၀ ခန့်ရှိသည်ဟုဆိုသည်။

မြန်မာ့ဟိုတယ်ခရီးသွားဝန်ကြီး ဦးဋ္ဌေးအောင်က မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများအား ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်းများတွင် ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံပေးထားသော်လည်း မြေပိုင်ခွင့်မရှိဘဲ ၄၅ နှစ် မြေငှားစာချုပ်ဖြင့် လုပ်ဆောင်ရမည်ဖြစ်သည်ဟု ပြောကြားသည်။

နောက်ထပ်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းကမ်းသစ်များကိုလည်း စဉ်းစားကြံဆနေသည်ဟု ဦးဌေးအောင်က ဆိုသည်။ သမ္မတဦးသိန်းစိန်ကလည်း ပျမ်းမျှ GDP ၇.၇ ရာခိုင်နှုန်းနှင့် တစ်ဦးခြင်း GDP ၃ ဆတိုးစေရန်ရည်မှန်းကာ ၂၀၁၁-၂၀၁၂ ငါးနှစ်ကာလဖွံ့ဖြိုးရေးအစီအစဉ်ကို ခွင့်ပြုထားသည်ဟု သိရှိရသည်။

ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုမှတဆင့် အပြန်အလှန်အကျိုးရှိစေမည့် လက်တွေ့သဘောမဟာဗျုဟာကို ချမှတ်သင့်သည်ဟု ထိုင်း ခရီးသွားအေဂျင်စီများအသင်းအတွင်းရေးမူုးချုပ် ချာရွန်ဝါဂါနာနွန်က ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံ၏ လှေနံဓါးထစ် မပြောင်းလဲသောမူဝါဒများကြောင့် ဒေသတွင်းနိုင်ငံများထံ ခရီးသွားဧည့်သည်များ လက်လွတ်ဆုံးရှုံးရတော့မည့် အန္တရာယ်ရှိနေပြီဟု ချာရွန်ဝါဂါနာနွန်က သတိပေးပြောကြားသည်။
yangonchronicle


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment