Thursday 17 January 2013

ကချင်ပြည်နယ်ကိုကာကွယ်ကြပါ။


Posted: 16 Jan 2013 08:18 AM PST

ကချင်ပြည်နယ် ကေအိုင်အိုဗဟိုဌာနချုပ် အပြင်စည်းဘက်က တပ်မဟာ ၅ လက်အောက်ခံ ကေအိုင်အေ ရှေ့တန်းမှာ မနေ့ကရော ဒီကနေ့မှာပါ တိုက်ပွဲတွေ အရှိန်မြင့်နေပြီး အစိုးရတပ်ဘက်က မြေပြင်ကရော လေကြောင်းကနေပါ တိုက်ခိုက်နေတယ်လို့ ကေအိုင်အေ ပြောခွင့်ရ ဦးလနန်က ပြောပါတယ်။

"ကာကွယ်ရေးဦးစီးချုပ်ရဲ့ ညွှန်ကြားမှုအောက်မှာ ကြည်းတပ်ရယ် လေတပ်ရယ် ပေါင်းပြီး စစ်ဆင်ရေးလုပ်နေကြတယ်။ ဗုံးကြဲတယ်၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်တယ်။ ၃၀ မမ မရှင်းဂန်းနဲ့ ပစ်တာမျိုး လုပ်တယ်။ ခါရာဘွန်မှာ မနက်ကလည်း တိုက်ပွဲပြင်းတယ်။ ခုနက ၂ နာရီမှာ ၁ ကြိမ်။ ၂ နာရီခွဲမှာ ၁ ကြိမ် လေယာဉ်နဲ့ ဗုံးလာကြဲနေတယ်။ အခုလည်း ပစ်ခတ်နေတုန်းပဲ။"

ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ဘက်ကလည်း လေယာဉ်တွေကို တောင်ကုန်းပေါ်ကနေ ပစ်ခတ် ကာကွယ်တာရှိသလို မြေပြင်မှာလည်း ကတုတ်ကျင်းတွေထဲကနေ ခုခံပြန်တိုက်တာတွေ လုပ်နေတယ်လို့ ဦးလနန်က ဆက်ပြောပါတယ်။

ဇန်န၀ါရီ ၁၃ ရက်နေ့ကတော့ လိုင်ဇာအပြင်ဘက်က ခါယာရွာနဲ့ အောင်သာကျေးရွာတွေကို အစိုးရတပ်ဘက်က မီးရှို့ဖျက်ဆီးခဲ့တယ်၊လူမနေတဲ့အိမ်ပေါင်း၆၀ ကျော်မီးလောင်ခဲ့ပြီးအဲဒီကရွာသားတွေကတော့ ပြီးခဲ့တဲ့နှစ်ကတည်းက ရှောင်တိမ်းခဲ့ပြီး ဖြစ်တယ်လို့ ကေအိုင်အေဘက်က ပြောပါတယ်။

ကေအိုင်အေဌာနချုပ်လိုင်ဇာအနီး တိုက်ပွဲတွေပြင်းထန်နေသလို ဖားကန့်မြို့နယ် လုံးခင်း ဘက်မှာလည်း မနေ့ ညနဲ့ ဒီနေ့မှာပါ ပစ်ခတ်သံတွေ ကြားရတဲ့အတွက် ဒီမနက်က ရွာသားတွေ ရာနဲ့ချီပြီး နောက်ထပ် စစ်ရှောင်လာတယ်လို့ လုံးခင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်စိုးက ပြောပါတယ်။

"ပြီးခဲ့တဲ့ ၃ မိနစ်ကျော်ကျော်လောက်ကပဲ ရဟတ်ယာဉ် ၁ စင်း ၀ဲပျံနေပါတယ်။ ဝေ့၀ိုက်ပြီးတော့ ၁၀ မိနစ်ကျော်ကျော်လောက်ရှိမယ်။ ပျံပြီး ပြန်ထွက်သွားတယ်။ ကံဆီးဒေသက စစ်ရှောင်ဒုက္ခသည် ရာနဲ့ချီပြီး လုံးခင်းဘက်ဆင်းလာတယ်။ သူတို့ပြောပြချက်အရ တပ်မတော်စစ်ကြောင်းတွေက ကန်ဆီးနဲ့ ၄ မိုင်ကျော်လောက်ကို ရောက်လာပြီးတော့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံတွေ ကြားရတယ်တဲ့။ တပ်မတော်စစ်ကြောင်းတွေ တအားနီးကပ်လာတော့ သူတို့မနေရဲတော့လို့ ပြီးခဲ့တဲ့ ၂ နာရီဝန်းကျင်လောက်ကပဲ စစ်ရှောင်ဒုက္ခသည်အများကြီး ဆင်းလာကြတာ။"

ခု ၁ ပတ်အတွင်း လုံးခင်းဒေသထဲ ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ကုဋေမော်၊ မားဆာ၊ ကထန်၊ ဆန်ခါ၊ မဆွတ်ယန်၊ ဆိုင်လာရွာသစ်နဲ့ ကံဆီး စတဲ့ရွာက ရွာသားပေါင်း ၁ ထောင်ကျော်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၃ ရက်နေ့ကတည်းက လုံးခင်းရွာကြီးဆီ ခေတ္တတိမ်းရှောင်လာတဲ့အတွက် ယာယီကယ်ဆယ်ရေးစခန်း ၈ ခု၊ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံနဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေမှာ ဖွင့်လှစ်လက်ခံထားရတယ်လို့ ဦးတင်စိုးက ပြောပါတယ်။

ကချင်ဒေသမှာ စစ်ပွဲတွေ နှစ်ဘက်စလုံးကရပ်ပြီး တွေ့ဆုံဆွေးနွေးဖို့ အီးယူ အပါအ၀င် ပြည်တွင်းနဲ့ ပြည်ပက အဖွဲ့အစည်းတွေက တောင်းဆိုနေတာပါ။

တိုက်ပွဲတွေ အဆုံးသတ်ဖို့ ကေအိုင်အေအနေနဲ့ နိုင်ငံရေးဆွေးနွေးဖို့ အမြဲ အသင့်ရှိပေမယ့်လည်း အစိုးရတပ်က ထိုးစစ်ဆင်နေသရွေ့တော့ ဆွေးနွေးပွဲလုပ်ဖို့ အခက်အခဲရှိကြောင်း၊ အစိုးရတပ်ဘက်က ကေအိုင်အိုထိန်းချုပ်နယ်မြေထဲ ၀င်ရောက်ဖြည့်တင်းထားတဲ့ တပ်မတွေနဲ့ လေတပ်တွေ အရင်ဆုတ်ခွာပေးပြီး တိုက်ပွဲအရှိန် လျှော့လိုက်မယ်ဆိုရင် ဆွေးနွေးပွဲပြုလုပ်နိုင်မယ်လို့ ကေအိုင်အေက ပြောပါတယ်။

( DVB )
Posted: 16 Jan 2013 08:00 AM PST

(15 Jan 2013 ရက်စွဲပါ The Straits Times မှ Nirmal Ghosh ရေးသားသော Anti-China Sentiment a challenge for an increasingly open Myanmar ကိုဘာသာပြန်ပါသည်)

အဓိက အင်အားကြီးနိုင်ငံများဖြစ်သော အမေရိကန်၊ဂျပန်နှင့် အိန္ဒိယ တို့သည် ယခုမှ တံခါးဖွင့်လာသော မြန်မာနိုင်ငံသို့ နေရာတစ်နေရာရရန် ဝင်ရောက်လာကြရာ မြန်မာနိုင်ငံတွင်နေရာယူထားသော တရုတ်၏ စီးပွါးရေးနှင့် မဟာဗျူဟာအရ ခြေကုတ်ယူထားမှုမှာ လျော့ကျလာနေသည်ဟု သုံးသပ်သူများက ပြောပါသည်။

မြန်မာနိုင်ငံ၏ အခြေခံလူတန်းစားများကြားတွင် တရုတ်ဆန့်ကျင်ရေး စိတ်ဓါတ်များ ထွက်ပေါ်နေရာ Beijing သည် ထိုထက်ပို၍လက်လွှတ်ရဖွယ်ရှိပါသည်။

ထိုအချက်သည် နေပြည်တော်ရှိ အစိုးရအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာပါသည်။ ၎င်း၏ နိုင်ငံခြားရေးမူဝါဒတွင် အလယ်အလတ်ကို အခြေခံရေး လုပ်ဆောင်ရမည်ဖြစ်ပြီး တချိန်ထဲတွင် ကြီးထွားလာနေသည့် တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်ကိုလည်း ရပ်ဆိုင်းသွားအောင် လုပ်ရမည်ဖြစ်ပါသည်။ တရုတ်သည် မြန်မာနိုင်ငံ၏အကြီးဆုံး ရင်းနှီးမျြုပ်နှံသူဖြစ်ပြီး ဒုတိယအကြီးဆုံးကုန်သွယ်ဖက် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် စီးပွါးရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်လာခြင်းကြောင့် အမေရိကန်သည်နှစ်စဉ်ပြုလုပ်သောရွှေမြွေဟောက် (Cobra Gold) စစ်ရေးလေ့ကျင့်မှုသို့ မြန်မာစစ်အရာရှိများ ကို လေ့လာသူအဖြစ် တက်ရောက်ရန် အဆိုပြုထားပါသည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုမှာ အာရှ-ပစိဖိတ် ဒေသတွင် ကာလကြာရှည်က ပြုလုပ်သော အကြီးဆုံး လေ့ကျင့်မှုဖြစ်ပါသည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုသို့ ထောင်ပေါင်းများစွာသော အမေရိကန်နှင့်ထိုင်းစစ်တပ်မှ ပုဂ္ဂိုလ်များအပြင် စင်္ကာပူအပါအဝင် အခြားအာရှ နိုင်ငံများမှလည်း ပါဝင်ကြပါသည်။

အမေရိကန်စစ်တပ်သည် ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံတွင်ပျောက်ဆုံးသွားသော လေယာဉ် ဝန်ထမ်းနှင့် ခရီးသည် (၁၂၀၀) ခန့်အားရှာဖွေရေး မကြာမီစတင်တော့မည် ဖြစ်ပါသည်။

သမ္မတဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ်က တရုတ်တို့လုပ်ဆောင်နေသော မြစ်ဆုံရေလှောင်တမံကို လူထုဆန္ဒအရ ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ရာ မြန်မာလူထု၏ ချီးကျူးမှုကို ရရှိခဲ့ပါသည်။

သို့သော် မကြာသေးမီက မြန်မာစစ်တပ်နှင့် တရုတ်ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေသော ကြေးနီကိစ္စအငြင်းပွားမှု တွင် မြန်မာဝန်ကြီးတစ်ဦး၏ မဆင်မခြင်ပြောဆိုမှုသည် တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်ကို လောင်စာပင့်ပေးလိုက်သကဲ့သို့ ရှိပါသည်။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် ဒေသခံများသည်၎င်းတို့ဖယ်ပေးကြရသော မြေများကိစ္စရပိုင်ခွင့်ပိုမိုတောင်းဆိုနေကြပြီး သမိုင်းဝင်ဘုန်းကြီးကျောင်းတစ်ခု ရွှေ့ပြောင်းမှုမပြုရေး တောင်းဆိုနေကြပါသည်။

သမ္မတရုံးဝန်ကြီး ဦးအောင်မင်းသည် အဆိုပါလုပ်ငန်းဒေသသို့ သွားရောက်စဉ်တွင် မြန်မာနိုင်ငံသည် တရုတ်ကိုစိတ်ဆိုးအောင် မပြုလုပ်နိုင်ကြောင်း ၁၉၈၀ ခုနှစ်များက ကွန်မြူနစ်ပါတီသူပုန်ထမှုတွင် Beijing ကကူညီခဲ့မှုများကို ပြန်ပြောင်းပြောပြခဲ့ပါသည်။

သူ၏မှတ်ချက်စကားများကို အများက ပျက်ရယ်ပြုခဲ့ကြပါသည်။ မီဒီယာများတွင် မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များ တရုတ်ကို ကြောက်ရပုံ ကာတွန်းများရေးဆွဲဖော်ပြခဲ့ကြပါသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာ (၂၉) ရက်နေ့က ကြေးနီစီမံကိန်းတွင် ဆန္ဒပြသူများကို နှိမ်နင်းရာတွင် အချို့ကို မီးလောင်မှုများ ဖြစ်စေခဲ့ပါသည်။ မြန်မာနိုင်ငံသည် ကောလဟာလများအားကောင်းသည်နှင့်အညီ အသုံးပြုသော မျက်ရည်ယိုဗုံး သို့မဟုတ် မီးခိုးဗုံးများသည် တရုတ်နိုင်ငံတွင် ပြုလုပ်သည်ဟု ဆိုကြပါသည်။

ထို့ကြောင့် သမိုင်းကြောင်းအရ တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်အခံရှိပြီးသော မြန်မာနိုင်ငံတွင် ယခု လစ်ဘရယ် ဖြစ်လာသော ပတ်ဝန်းကျင်အခြေအနေသစ်၌ တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်ပြန်လည်ပေါ်ပေါက် လာရပါသည်။

"မြန်မာနိုင်ငံတွင် တရုတ်၏နေရာဖယ်ပေးနေရမှုမှာ စိုးရိမ်ဖွယ်အခြေအနေဟု ဆိုရမည် ဖြစ်ပါသည်။ ထိုကိစ္စမှာ သိမ်မွေ့ပြီးအထိမခံသော ကိစ္စဖြစ်ပါသည်။ စစ်အစိုးရ၏မှတ်တမ်းတွင်သာ တရုတ်အတွက် မှတ်တမ်းကောင်းများ ရှိပြီး မြန်မာပြည်သူများ၏ စိတ်ထဲတွင် မရှိဆိုသည်ကို သတိမူစေလိုသည်။" ဟု ရန်ကုန်အခြေစိုက်နိုင်ငံရေး သုံးသပ်သူတစ်ဦး၏ အီးမေးလ်တွင်ဖော်ပြထားပါသည်။

တရုတ်က စိုးရိမ်ပူပန်နေသည်ဆိုသည်မှာလည်း အံ့သြဖွယ်မဟုတ်ပေ။ ယခုလတွင် ယူနန်နှင့် Xiamen တက္ကသိုလ်များမှ အုပ်စုတစ်ခုသည် ရန်ကုန်နှင့် နေပြည်တော် သို့သွားရောက်၍ Beijing ၏ နိုင်ငံခြားထောက်ပံ ကူညီမှုနှင့် မြန်မာပြည်သူများ အပေါ် နိုင်ငံတကာ တာဝန်ယူမှုများအကြောင်း ဆွေးနွေးခဲ့ပါသည်။

ယခုလတွင် တရုတ်ကွန်မြူနစ်ပါတီပိုင် Global Times ၌ စာရေးသူ Yu Jincui ကမှတ်ချက်ပြုထားရာတွင် "အချို့သုံးသပ်သူ များ က တရုတ်၏နောက်ဖေးသည် မီးလောင်နေသည်ဟု ဆိုပါသည်။ မြန်မာနိုင်ငံတွင် တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်များ တဖြည်းဖြည်း ပုံပေါ်လာနေပါသည်။" ဟုဆိုပါသည်။

ရန်ကုန်မှ သုံးသပ်သူတစ်ဦးကသဘောတူပြီး ရေးသားထားရာတွင် "တရုတ်ဆန့်ကျင်ရေးစိတ်မှာ ဖြစ်ပေါ်နေပြီ ဖြစ်ကြောင်းကျွန်တော်ပြောလိုသည် အများစုမှာ လူထုအခြေပြု အဖွဲ့အစည်းများနှင့် အခြေခံ လူတန်းစားလှုပ်ရှားမှုများမှ စတင်ဖြစ်ပေါ်ပါသည်။" ဟု ဖော်ပြထားပါသည်။

မြန်မာနိုင်ငံ၏ အစိုးရသတင်းအရင်းအမြစ်များက လက်ပံတောင်းတောင်စီမံကိန်းတွင် အခြေအနေများပိုမိုဆိုးရွားစေရန် တရုတ်ဆန့်ကျင်ရေး စိတ်ဓါတ်များ မြှောက်ပင့်ပေးသူများမှာ ကွန်မြူနစ်များဟု အပြစ်ဖို့ခဲ့ကြပါသည်။ ရဲများသည် ၎င်းတို့လှည့်စားမှုခံရသည်ဟု သိရှိသည်ဟု ဆိုပါသည်။

ယခင် စစ်အစိုးရလက်ထပ်က တရုတ်ရင်းနှီးမြှုပ်နှံသူများ၏ တစ်ဖက်သတ်အသာစီး ယူထားသော သဘောတူညီချက်များ၏ ရှုတ်ထွေးလာမှုများ အတွက် လက်ပံတောင်းတောင်စီမံကိန်းသည် နမူနာကောင်း တစ်ခု ဖြစ်ပါသည်။

ရန်ကုန်အခြေစိုက်သုံးသပ်သူက သတိပေးရာတွင် "မြန်မာကွန်မြူနစ်များသည် တရုတ်ဆန့်ကျင်သူများ ဖြစ်သည်။ ပြည်တွင်းတွင် ပေါက်ဖွါးလာသော ကွန်မြူနစ်များ၏ မြေအောက်လှုပ်ရှားမှုများ ပြန်ပေါ်လာသည့် သဘောရှိပါသည်။ လယ်သမားများပိုမို ဆင်းရဲလာပြီး အလုပ်သမားများ၏ ဆန္ဒပြမှုများ မှိုလိုပေါက်လာခြင်း သည် ကောင်းသောအလားအလာမဟုတ်" ဟု ဆိုထားပါသည်။

သို့သော် မြန်မာနိုင်ငံတွင် တရုတ်၏ခြေကုတ်ရယူထားမှုများမှာ အရေးပါနေဆဲဖြစ်ပါသည်။ ပြီးခဲ့သည့် စက်တင်ဘာလက ထုတ်ပြန်သော ကုလသမဂ္ဂအစီရင်ခံစာတွင် မြန်မာနိုင်ငံတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုသည် ယခုနှစ်များအတွင်း သိသာစွာတိုးတက်လာကြောင်း အမြင့်ဆုံးသို့ရောက်ရှိပြီး ၂၀၁၁ ခုနှစ်တွင် ဝင်ရောက်သော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၃၄.၅% ရှိသည်ဟု ဖော်ပြထားပါသည်။

တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံနှင့် ကြီးမားစွာရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတို့ ရှိနေခြင်းကြောင့် ပထဝီနိုင်ငံရေးနှင့် စီးပွားရေးအရ အပြန်အလှန်ရှိသော ဆက်ဆံရေးကို ထိခိုက်ဖွယ်မရှိကြောင်း Global Times မှ အဆိုပါ ဆောင်းပါးတွင် နိဂုံးချုပ်ထားပါသည်။

စင်္ကာပူ၏ Institue of Southeast Asian Studies မှ အကြီးတန်းဖဲလိုး Dr.Ian Storey နှင့် အင်တာဗျူးတွင် "မြန်မာနိုင်ငံမှာ တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်က အရင်ကတည်းကရှိနေပြီးသားပါ။ အခု အစိုးရက မီဒီယာတွေအပေါ်ထိန်းချုပ်ထားမှုဖြေလျှော့ပေးလိုက်လို့ ဒီကိစ္စကပိုပြီး မြင်သာထင်သာရှိလာတာပါ" ဟု ပြောကြားခဲ့ပါသည်။

မြန်မာအစိုးရသည်လည်း ထိန်းမနိုင်သိမ်းမရအရေးဖြစ်ခဲ့ပါက တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်ကို အကြောင်းပြနိုင်ရန် ဆက်လက်ထိန်းသိမ်း ထားလိုပါသည်။

သို့သော် ဆောင်းပါးတွင် သတိဖြင့်ရေးသားထားပါသည်။ တရုတ်နှင့် နယ်စပ် ကချင်ပြည်နယ်တွင် ဖြစ်သော စစ်ပွဲများသည်ရှုပ်ထွေးမှုကို ပိုမိုဖြစ်စေမည် ဖြစ်သောကြောင့် ဖြစ်ပါသည်။ ထိုစစ်ပွဲကြောင့် လူပေါင်း တစ်သိန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ကြရပါသည်။ ဒီဇင်ဘာ ၃၀ ရက်နေ့က ကေအိုင်အေ ဒေသများကို မြန်မာနိုင်ငံမှ ဂျက်တိုက်လေယာဉ်များဖြင့် တိုက်ခိုက်ရာ ဗုံးသုံးလုံးသည် တရုတ်နယ်ထဲသို့ကျရောက်ခဲ့ပါသည်။

"မြန်မာနိုင်ငံတွင် ဒီမိုကရေစီကို မြှင့်တင်ပေးရန် စိတ်အားထက်သန်နေသော အနောက်နိုင်ငံများသည် မြန်မာနှင့် နယ်စပ်ခြင်း ထိစပ်နေခြင်းမရှိသောကြောင့် မြန်မာနိုင်ငံတွင်း ပြဿနာဖြစ်နေခြင်း၏ အကျိုးဆက်များကို ၎င်းတို့ပူပန်ရန် မလိုအပ်ပေ" ဟု Yu ကရေးသားထားပါသည်။

"သို့သော် အဆိုပါ ပြဿနာများကို သေချာစွာကိုင်တွယ်နိုင်ပါက မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများသည် ထိရောက်လာလိမ့်မည် ဖြစ်သည်" ဟု ၎င်းကရေးသားထားပါသည်။

Yangon chronicle
Posted: 16 Jan 2013 07:50 AM PST

ရန်ကုန်မြို့မှ မိုင် ၈၀၀ ကျော်ဝေးကွာသည့် ကချင်ပြည်နယ်၊လိုင်ဇာ သို့ ငြိမ်းချမ်းရေး အလံတော်ကို လမ်းလျှောက်သယ်ဆောင်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့မှ ကိုရန်နိုင်ဦးက ပြောကြားသည်။

"ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေတယ်။ မငြိမ်းချမ်းဘူး။ ကျွန်တော်တို့က ငြိမ်းချမ်းရေး ရလိုတဲ့အတွက် အခုလို
လမ်းလျှောက်ပြီး အလံတော်သယ်ဆောင်ဖို့ကို စိတ်ကူးဖြစ်ခဲ့တာပါ" ဟု ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့
ဝင်များက ပြောကြားသည်။

ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့တွင် အမာခံ ၁၀ ဦးပါဝင်ကြောင်း၊ လမ်းလျှောက်မည့် ခရီးစဉ်မှာ မိမိတို့အတွက် အလွန်ကြမ်းတမ်း
မည်ဖြစ်ကြောင်း၊ မည်သည့်အခက်အခဲ၊ အတားအစီးများရှိရှိရှေ့ဆက်နိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ မိမိတို့နှင့် ပူးပေါင်းလိုက်ပါလိုသူများကို ဖိတ်ခေါ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လာမည့် ၂၁ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမ ရှေ့မှ ခရီးစဉ်ကို စတင်ထွက်ခွာမည်ဟု ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့မှ ကိုဇင်ကိုကိုက ပြောကြားသည်။

"ဒီခရီးစဉ်အတွက် ကျွန်တော်တို့ ခွင့်ပြုချက်တင်ထားတာမျိုးတော့မရှိပါဘူး။ ဒါပေမယ့် သိသင့်သိထိုက်တဲ့ ရုံးတွေကိုတော့
ကျွန်တော်တို့ စာပို့ထားတာရှိပါတယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ခရီးစဉ်မထွက်ခွာမီ ၂၀ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင်ရွှေတိဂုံဘုရားတွင်ရှိသော သခင်ကိုယ်တော်မှိုင်း၏ အုပ်ဂူတွင်
သွားရောက် ဆုတောင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

"ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အပင်ပန်းခံလုပ်ဆောင်ခဲ့တယ်။ အဲဒါကြောင့် ဆုတောင်းပွဲလုပ်ဖို့ စီစဉ်ဖြစ်သွားတာပါ။ ရွှေတံဂုံဘုရားမှာ အောင်မြေလည်းနင်းဖို့ရှိပါတယ်"ဟု ကိုရန်နိုင်ဦးက ပြောကြားသည်။

ရန်ကုန်၊ ပဲခူး၊ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ မြစ်ကြီးနား စသည့် လမ်းကြောင်းအတိုင်း သွားရောက်မည်ဖြစ်ပြီး အခက်အခဲ အတားအစီးမရှိ ခရီးဆက်နိုင်မည်ဆိုပါက ခရီးစဉ်မှာ ကြာမြင့်ချိန် ၄၅ ရက်ခန့် ခန့်မှန်းထားကြောင်း သိရသည်။

ဟိန်းသူ
The Myanmar age
Posted: 16 Jan 2013 07:33 AM PST





၂၄ နှစ်ကြာမှ မြန်မာနိုင်ငံသို့ ပြန်လာခွင့်ရသော ဦးလေးဖြစ်သူ ဆလိုင်းယောအောင် (ABSDF) ကို ကွယ်လွန်သူ ဦးကျော်ဇောလင်း
ထီလင်း NLD ရွေးကောက်ခံ အမတ် ၏ ကဗျည်းကျောက်စာ နှင့် အတူဖခင် ဦး ဇော်ဇော်မင်း (88) နှင့် မျိုးဆက်သစ် ဒီငြိမ်းလင်း တို့အဖိုးဖြစ်သူ အုတ်ဂူရှေ့တွင်

Photo..via ဒီငြိမ်းလင်း FB
You are subscribed to email updates from Dawnmanhon( ဒေါင်းမာန်ဟုန်)
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

No comments:

Post a Comment