Tuesday 20 May 2014


ထိုင်းမှာ စစ်တပ်က မာရှယ်လော ကြေညာ

20 May 2014 09:36(+0630) (လွန်ခဲ့သော 8 နာရီ ခန့်က)

Facebook "Like"-Dummy
 ထိုင်းနိုင်ငံမှာ စစ်တပ်က မာရှယ်လော ကြေညာ လိုက်ပါတယ်။ အစိုးရ နဲ့ အတိုက်အခံ တို့ အကြား၊ အချိန် အတန်ကြာ၊ တင်းမာမှု တွေ တိုးမြင့် လာခဲ့အပြီး မှာ အခုလို စစ်တပ်က စစ်အုပ်ချူပ်ရေး ကြေညာ လိုက်တာ ဖြစ်ပါ တယ်။

ဒီအမိန့် ကို အကောင်အထည် ဖော်ဖို့အတွက် ပိုမို ကျယ်ပြန့်တဲ့ လုပ်ပိုင်ခွင့် အာဏာတွေ၊ မိမိတို့ဘာသာ ရယူလိုက်တယ် လို့ ဆိုပါတယ်။

ဒါပေမယ့် စစ်အုပ်ချူပ်ရေး ကြေညာ လိုက်တာဟာ စစ်အာဏာ သိမ်းတာ မဟုတ်ဘူး လို့လည်း ဆိုပါတယ်။

လူမှုကွန်ယက် စာမျက်နှာတွေ အထက်မှာ တော့၊ ရုပ်မြင်သံကြား ဌာနတွေ ကို စစ်သားတွေ ဝင်ရောက် ထိန်းချူပ်နေကြတယ် ဆိုပြီး၊ ရေးသားနေတာ တွေ့နေရပါတယ်။

ထိုင်း စစ်ဦးစီးချူပ် အနေနဲ့ ထုတ်ပြန်ချက် တစ်ရပ် ပြုလုပ်လာမယ်လို့ မျှော်လင့်ရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ထိုင်းစစ်တပ်က မာရှယ်လော ထုတ်ပြန်

    ပြည်သူ့သစ္စာဖောက် ၄၃၆ ဂရက်ဖီတီ ဆန္ဒထုတ်ဖော်မှု ရန်ကုန်၌ဖြစ်ပွား


Post 17 May 2014
By မိုးမြင့်ကျော် (မြစ်မခ)

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးရန် "ပြည်သူ့သစ္စာဖောက် ၄၃၆" လိုဂို စာတန်းပါ ဂရက်ဖီတီရေးဆွဲ ဆန္ဒထုတ်ဖော်မှုကို ရန်ကုန်မြို့နယ်နေရာ အနှံအပြားမေလ ၁၆ ရက်နေ့ည ၁၀နာရီ ၀န်းကျင်က ပုဒ်မ ၄၃၆ ကိုပြင်ဆင်ရန် လိုလားသည့် လူငယ်တစ်စုက ပြုလုပ်ခဲ့သည်။
အဆိုပါ ပုဒ်မ ၄၃၆ ကိုပြင်ဆင်ရန် လိုလားသည့် လူငယ် ၁၅ ဦးဝန်ကျင်ခန့်က ကြည့်မြင့်တိုင်၊ စမ်းချောင်း၊ အလုံ၊ လမ်းမတော်၊ လသာ၊ ကျောက်တံတား၊ ဗဟန်း၊ ကမာရွတ်၊ လှိုင်နှင့် အင်းစိန်ပန်းခြံတို့တွင် ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးရန် တောင်းဆို သည့် အနေဖြင့် ဂရက်ဖီတီရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

"ကျွန်တော်တို့ အခုလိုလုပ်တာကို မင်းမဲ့စရိုက်ဆန်ဆန် လုပ်နေတယ်ဟု မယူဆစေချင်ဘူး။ ပြည်သူတွေဟာ နိုင်ငံရေးမှာ သူတို့ တက်နိုင်တဲ့နေရာကနေ ပူးပေါင်းပါဝင်မယ်။ ပြည်သူတွေ တတ်နိုင်သလောက် လုပ်နိုင်ခွင့် လုပ်နိုင်စွမ်းရှိတာကို သက်သေ ပြချင်တဲ့အတွက် ဒါကိုလုပ်ဆောင်တာပါ။" ဟု အဆိုပါ အဖွဲ့ကိုဦးဆောင်သူ တစ်ဦးကပြောသည်။
မြန်မာနိုင်ငံသားတစ်ယောက်အနေနှင့် ပုဒ်မ ၄၃၆ သည် တိုင်းပြည်၏ဂုဏ်သိက္ခာထိခိုက်စေနိုင်သည်ဟု ယူဆ ပြီး ပြည်သူ့ အတွက် အကျိုးမရှိသည့်ပုဒ်မဖြစ်သည့်အတွက် "ပြည်သူ့သစ္စာဖောက် ၄၃၆" ဟု ရေးဆွဲရခြင်းဖြစ်ကြောင်း သိရသည်။
"၄၃၆ ပြင်ဆင်ဖို့အတွက်ကို မိမိရဲ့ကျရာအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နေတဲ့သူတွေကို ဒီနေရာကနေ ကျေးဇူးတင်ပါတယ်။ ကြိုလဲကြိုဆိုပါတယ်။" ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်က ဂရက်ဖီတီရေးဆွဲ ဆန္ဒထုတ်ဖော်သူများကို မှတ်ချက်ပေးပြောဆိုခဲ့သည်။
ထို့အပြင် မေလ ၁၇ ရက်နေ့မနက် ၈ နာရီခွဲအချိန်ကလည်း ပုဒ်မ ၄၃၆ အားပြင်ဆင်ရန် လူထုဟောပြောပွဲကို ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်အားကစားကွင်းတွင် ပြုလုပ်ခဲ့ပြီး ပြည်သူများအနေဖြင့် အခြေခံဥပဒေပြင်ဆင်နိုင်ရန် ၀ိုင်းဝန်းကူညီပေးစေလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
"အခုလွှတ်တော်အတွင်းက ပြုပြင်ပြောင်းလဲရေးကို ၀ိုင်ဝန်းပြီးတော့ ကျမတို့ကို ကူညီပေးစေချင်တယ်၊ ထောက်ခံပေး စေချင် တယ်။ ဒီကမ္ဘာတည်သရွေ့ရှိနေရမည့် ဒီနိုင်ငံကို သိက္ခာရှိရှိနဲ့ပဲ တည်စေချင်တယ်။ မတ်လ ၂၆ ရက် နေ့က သမ္မတကြီး ဦးသိန်းစိန်ပြောသွားတာကို လေ့လာကြည့်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက်ပြီး တည် စေချင်တဲ့ သဘောတရား တွေပါတယ်လို့ ကျမကတော့မြင်တယ်" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
၂၀၀၈ အခြေခံဥပဒေသည် တချိန်က အဏာရှိသူများ ပြည်သူလူထုလိုက်နာရန်အတွက်သာ ရေးဆွဲခဲ့သည့် အခြေခံဥပဒေဖြစ်ပြီး အစိုးရလိုက်နာရန် ရေးဆွဲရမည့် အခြေခံဥပဒေကို ရေဆွဲရန်ကြိုးပမ်းမည်ဖြစ်ကြောင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောဆိုခဲ့သည်။
"ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ တကယ်တော့ တချိန်က အဏာရှိတဲ့သူတွေက ပြည်သူလူထုလိုက်နာဖို့အတွက် တဖက်သက် ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေဖြစ်တယ်။ အခုကျွန်တော်တို့လုပ်ရမှာက အစိုးရလိုက်နာဖို့အတွက် ရေးဆွဲရမဲ့ အခြေခံဥပဒေ ဖြစ်တယ်။" ဟု တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ပါ ပုဒ်မ ၄၃၆ သည် အခြေခံဥပဒေ၏ အဓိကပုဒ်မများအား ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန်သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ မဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်က ဆန္ဒမဲဖြင့် ပြင်ဆင်ရမည်ဟု ပြဌာန်းထားသည်။

အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် NLD နှင့် ၈၈ နေပြည်တော်တွင် လူထုဆန္ဒ ကောက်ယူမည်

20 May 2014 11:43(+0630) (လွန်ခဲ့သော 6 နာရီ ခန့်က)

Facebook "Like"-Dummy
ရန်ကုန်၊ မေ ၁၉

အစိုးရရုံးများ အခြေစိုက်ရာ နေပြည်တော်ကောင်စီ နယ်မြေတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ဟောပြောပွဲနှင့် လူထုဆန္ဒ ကောက်ယူပွဲတစ်ရပ် ပြုလုပ်မည် ဖြစ်ကြောင်း NLD ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အခန်း (၁၂) ပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ကျောင်းသားများ တက်ရောက် ဟောပြောမည် ဖြစ်ကြောင်း၊ အဆိုပါပုဒ်မ ပြင်ဆင်ရေးအတွက် လူထုဆန္ဒ လက်မှတ်များ ကောက်ယူမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
"ဒီလ ၂၇ ရက်နေ့လို့ ရွေးထားပါတယ်။ နှစ်ဖက် သေချာမယ့် အချိန် ထုတ်ပြန်ပေးပါမယ်" ဟု ၎င်းကဆိုသည်။

အဆိုပါ နေပြည်တော်ကောင်စီ နယ်မြေတွင် ပြုလုပ်မည့် ဟောပြောပွဲနှင့် ပတ်သက်ပြီး မသိရှိသေးကြောင်း ၈၈ မျိုးဆက် ကျောင်းသား ဦးမြအေးက ပြောကြားသည်။

NLD ပါတီနှင့် ၈၈ မျိုးဆက် ကျောင်းသားများသည် မေလ ပထမပတ်အတွင်း အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ပူးတွဲ ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ပြီး မေလ ၁၇ ရက်နှင့် ၁၈ ရက်များတွင် ရန်ကုန်နှင့် မန္တလေးမြို့များ၌ ဆက်တိုက် ဟောပြောမှုများ ပြုလုပ်ခဲ့သည်။

ထို့အပြင် မေလ ၂၂ ရက်နေ့တွင် မွန်ပြည်နယ် ဘီးလင်းမြို့တွင်လည်း အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲ ပြုလုပ်မည် ဖြစ်ပြီး နိုင်ငံအနှံ့တွင် ဟောပြောပွဲများကို ဆက်တိုက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရသည်။

အခြေခံဥပဒေကို ပြင်ဆင်ပါက ပြင်ဆင်ခြင်း အခန်း (၁၂) အတိုင်း ပြင်ဆင်ရန်နှင့် နိုင်ငံတော် အချုပ်အခြာ အဏာကို မထိခိုက်ဘဲ ဥပဒေဘောင် အတွင်းမှ ပြင်ဆင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားထားသည်။

သို့သော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အခြေခံဥပဒေကို ဆက်လက် တည်ရှိစေလိုသော သဘောထားရှိကြောင်း မေလ ၁၇ ရက်နေ့တွင် ပြုလုပ်သော အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲတွင် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန် ပြောကြားထားသည်။

The Voice Weekly

တာဝန်မှရပ်စဲခံရသည့်ကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် အမြန်ဆုံးတွေ့ဆုံ ဖြေရှင်းမည်ဟု ကိုဆန်နီဆို


Post 15 May 2014
By ၀င့်သဉ္ဇာကျော် (မြစ်မခ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံသတင်းမှတ်တမ်း တာဝန်ယူရသူ ကိုဆန်နီကို အကြောင်းပြချက်မရှိဘဲ တာဝန်မှရပ်စဲလိုက်ခြင်းနှင့်ပတ်သက်၍ ၄င်းက ဒေါ်အောင်ဆန်းစုကြည်နှင့် အမြန်ဆုံးတွေ့ဆုံ ဖြေရှင်းမည်ဖြစ်သည်ဟု သိရှိရသည်။
၁၉၉၀ခုနှစ် ရွေးကောက်ပွဲစည်းရုံးရေးဆင်းစဉ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံသတင်းမှတ်တမ်း တာဝန်ယူရပြီး လိုအပ်လျှင်လုံခြုံရေးတာဝန်ကိုပါ ထမ်းဆောင်ရသူတစ်ဦးဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံအတွင်း လုံခြုံ ရေး တာဝန်ခံဦးဝင်းထိန်က မေလ(၁၂)ရက် နေ့လည် ၁နာရီခွဲအချိန်တွင် အကြောင်းပြချက်တစ်စုံတစ်ခုမှမပြောဘဲ ကိုဆန်နီကိုတာဝန်မှရပ်စဲသည့်ကိစ္စအပေါ် ကိုဆန်နီမှ တုံ့ပြန်ပြောကြားလိုက်ခြင်းဖြစ်သည်။
 "အန်တီ အမှန်အတိုင်းသိအောင် ကျွန်တော်ကြိုးစားနေပါတယ်။လူကြီးတစ်ယောက်အနေနဲ့ ပြဿနာတစ်စုံတစ်ရာ အကျိုးအကြောင်းရှိခဲ့ရင်တောင် သူမေးရမယ် မြန်းရမယ်။ တစ်စုံတစ်ရာမေးမြန်းခြင်းမရှိ ၊ တစ်ဖက်သားစကားပြောတဲ့ ဟာကို တစ်ဖက်သတ် အမှားအမှန်မချင့်ချိန်ဘဲ ဆုံးဖြတ်ပြီးလုပ်လိုက်တာဟာ မလုပ်သင့်တဲ့အရာ လုပ်လိုက်တာပဲ။ " ဟုကိုဆန်နီက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံမှတ်တမ်းရိုက်ကူးသူ ကိုဆန်နီကို တာဝန်မှရပ်စဲကြောင်းနှင့် ၄င်းအား အလုပ်ဖြုတ် ရသည့်အကြောင်းအရင်းနှင့်ပတ်သက်၍ မေးမြန်းလိုပါက ဖြေဆိုမည်ဟု ဦးဝင်းထိန်၏အမည်နှင့် ဖုန်းနံပတ်အား ဖော်ပြထားသည်ကို လူမှုကွန်ယက် ဖေ့ဘုတ်စာမျက်နှာ၌တွေ့မြင်ရ၍ မေးမြန်းခဲ့ရာ ယခုကဲ့သို့ ဖြေကြားခဲ့သည်။
"မမေးနဲ့အဲ့ဒါကျွန်တော်တင်တဲ့ဟာ မဟုတ်ဘူး။ သူများတွေလေရှည်ပြီးလုပ်ထားတာ ကျွန်တော်နဲ့မဆိုင်ဘူး။ ကျွန်တော်သူ့ကို အလုပ်ထုတ်လိုက်တာဟုတ်တယ်။ဘာကြောင့်ထုတ်တယ်ဆိုတာ ဒါကြောင့် မမေးနဲ့လို့ ပြောတာပေါ့။ " ဟုဦးဝင်းထိန်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ဘေး၌ တာဝန်ထမ်းဆောင်နေသူအချို့မှာ ချုပ်ချယ်လို သူများ၊ ဂုဏ်ဖော်လိုသူ များလည်းရှိနေခြင်းကြောင့် တာဝန်မှရပ်စဲခံရသူကိုဆန်နီအနေဖြင့် အလုပ်လုပ်ရာ၌ အခက်အခဲအချို့ရှိနေသည်ဟု ဆိုသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဆောင်ရွက်နေပြီး ဒီချုပ်ပါတီဝင်အချို့မှာလည်း ကိုဆန်နီသည် ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်နေသူမဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်အတွက် အုတ်တစ်ချပ် သဲတစ်ပွင့်အနေဖြင့် တာဝန်ထမ်းဆောင်နေသည်မှာ နှစ် ၂၀ကျော်ခဲ့ပြီဖြစ်သောကြောင့်မည်သည့်အကြောင်းကြောင့် ကိုဆန်နီကို တာဝန်မှ ရပ်စဲသည်ကို သိရှိလိုကြသည်ဟုဒီချုပ်ပါတီဝင်များအကြား ပြောဆိုနေကြသည်။




--
http://www.burmaburo.blogspot.com

No comments:

Post a Comment