Saturday 17 May 2014

The Facebook post on Rodney King I shared yesterday

အမေရိကန် သမ္မတက မြန်မာနိုင်ငံမှာ လူနည်းစုတွေပေါ် ဖိနှိပ်မှုတွေ ရှိနေရင် ဖွံ့ဖြိုးတိုးတက်မှုတွေ မရှိနိုင်ဘူးလို့ ပြောဆိုပြီး ရက်အနည်းငယ် အကြာမှာ အမေရိကန်ပြည်ထောင်စုမှာ အဆိုးဝါးဆုံး၊ အသေအပျောက်၊ ပျက်စီးဆုံးရှုံးမှု အများဆုံး LA အဓိကရုဏ်းတွေရဲ့ ၂၂ နှစ်မြောက် နှစ်ပတ်လည်နေ့နဲ့ ကြုံရပါတယ်။ ဒီဖြစ်ရပ်ဆိုးရဲ့ အဓိက အကြောင်းတရားကတော့ ရော့ဒ်နေကင်းဆိုတဲ့ အာဖရိကနွယ်ဖွား အမေရိကန်ကို LAPD က လူဖြူအမေရိကန် ရဲများက လူမဆန်စွာ ရိုက်နှက်ကန်ကျောက် ဖမ်းဆီးခဲ့ခြင်းအပေါ် ရဲများမှာ အပြစ်မရှိလို့ တရားရုံးက ဆုံးဖြတ်ပြီး တရားသေလွှတ်ပေးလိုက်တဲ့အတွက် ဖြစ်ပါတယ်။ LA က အာဖရီက အနွယ်ဖွား အမေရိကန်တွေဟာ တရားမျှတမှု ကင်းမဲ့တဲ့ ဖမ်းဆီးမှုနဲ့ တရားစီရင်မှု စနစ်တွေကြောင့် ဒေါသပေါက်ကွဲပြီး အကြမ်းဖက်၊ သတ်ဖြတ်၊ မီးရှို့မှုတွေကြောင့် လူ ၅၃ ဦးသေဆုံးခဲ့ပြီး ၂၀၀၀ ကျော် ဒဏ်ရာရကာ ဒေါ်လာ တစ်ဘီလီယံဖိုးလောက် ပျက်စီးခဲ့တယ် ဆိုပါတယ်။
အဲဒီကာလမှာ တက္ကသိုလ်ကျောင်းသားသာ ရှိသေးတဲ့ ကျွန်တော်ဟာ ဆိုးဝါးလှတဲ့ အဲဒီဖြစ်ရပ်တွေနဲ့ ရိုက်နှက်မှု ဗီဒီယိုမှတ်တမ်းကို ရုပ်သံသတင်းတွေကတစ်ဆင့် ကြည့်ခဲ့ရသလို တိုင်းမ်မဂ္ဂဇင်းမှာလည်း မျက်နှာပြည့်ဓာတ်ပုံတွေနဲ့ သတင်းရေးသားချက်တွေကို စိတ်မကောင်းခြင်းကြီးစွာနဲ့ ဖတ်ခဲ့ရပါတယ်။ ကမ္ဘာပျက်သလို အခြေအနေကို ရဲများ မထိန်းသိမ်းနိုင်တော့အတွက် စစ်တပ်က ၀င်ရောက် ထိန်းသိမ်းခဲ့ရပါတယ်။ မိမိအပေါ် ကျူးးလွန်သူတွေကို ခွင့်လွှတ်ဖို့နဲ့ အားလုံးပြန်လည် သင့်မြတ်ကြဖို့ မေတ္တာရပ်ခံခဲ့တဲ့ ရော့ဒ်နေကင်းကိုလည်း အရမ်းလေးစားမိပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် LAPD တစ်ခုလုံးကို အောက်ခြေသိမ်း ပြောင်းလဲခဲ့ရပါတယ်။ ဒီမိုကရေစီ သက်တမ်း နှစ် ၂၀၀ ကျော်ရှိတဲ့၊ အင်စတီကျူးရှင်းများ အားကောင်းတဲ့ ရှေ့ဆောင်လမ်းပြ နိုင်ငံကြီးမှာ လူဖြူများက အသားအရောင်ရှိသူ လူနည်းစုတွေကို လွန်ခဲ့တဲ့ မျိုးဆက်တစ်ဆက်စာ ကာလအထိ တိရိစ္ဆာန်တွေလို သဘောထားခဲ့ကြတယ်ဆိုတာ ဒီဖြစ်ရပ်က သက်သေခံနေပါတယ်။ အပျော်တမ်းရိုက်ကူးသူရဲ့ ဗီဒီယိုမှတ်တမ်းသာ မကယ်လိုက်နိုင်ရင် ဒီနေ့အချိန်ထိ ဒီလို ခွဲခြားဆက်ဆံမှုတွေ ဆက်ရှိနေမယ်၊ မရှိနေဘူး ဘယ်သူမှ မပြောနိုင်ပါ။
ဒါတောင်မှ နောက်ဆယ်နှစ်ကျော်အကြာ ၂၀၀၅ မှာ ဟာရီကိန်း ကက်ထရီနာ နယူးအော်လင်းကို ၀င်ရောက်တိုက်ခတ်ချိန်မှာ ကယ်ဆယ်မှုတွေ နှောင့်နှေးခဲ့ရခြင်းကို အသားအရောင်ကိစ္စကြောင့်လို့ ဝေဖန်စွပ်စွဲမှုတွေ အများအပြား ရှိခဲ့ပါတယ်။ ဒီကာလတွေ အတွင်းမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးစစ်ပွဲ နောက်ဆက်တွဲရလဒ်အဖြစ် လူနည်းစုဘာသာခြားတွေအပေါ် ခွဲခြားဆက်ဆံမှုများစွာ ရှိခဲ့သလို မကြာသေးခင် ရက်ပိုင်းက ကင်းဆပ်စီးတီးက ဂျူးးလူမျိုးတွေရဲ့ စုပေါင်းရိပ်သာက ပစ်ခတ်မှုမှာ ဂျူးးမုန်းတီးရေးသမား လူဖြူအစွန်းရောက်ဝါဒီတွေရဲ့ အန္တရာယ် ပြန်လည်ပေါ်ထွက်လာပါတယ်။ ဘာရယ်မဟုတ်ပါဘူး။ သမ္မတရဲ့ မှတ်ချက်နဲ့ ရော့ဒ်နေကင်း နှစ်ပတ်လည် သတင်းတွေနဲ့ ဆက်စပ်ပြီး နှစ် ၂၀၀ ကျော် ဒီမိုကရေစီ သက်တမ်းရှိတဲ့ နိုင်ငံအကြောင်း ဆက်စပ်တွေးကြည့်မိတာပါ။ ဘယ်လိုလုပ်ရင် သူ့လိုဖြစ်လာနိုင်မလဲ အကြံဉာဏ်လေး ဘာလေး ရအောင်နဲ့ သူ့အမှားတွေကနေ ဘာသင်ခန်းစာတွေ ယူနိုင်မလဲလို့ပါ။
22 years ago today, four Los Angeles police officers filmed beating Rodney King were acquitted of assault and use of excessive force, sparking the deadly Los Angeles riots. (Photo: Getty)








--
http://www.burmaburo.blogspot.com

No comments:

Post a Comment