တပ်မတော်သားတွေရဲ့ စကားသံများ - အပိုင်း (၁)
ဆောင်းပါးရှင် - ဗိုလ်ရန်နောင်

အန်တီစု နေအိမ်အကျယ်ချုပ်က  လွတ်မြောက်လာပုံကို Media တွေကတဆင့်မြင်တွေ့ခွင့်ရချိန်မှာ တပ်တွင်း  မိသားစုများအကြား လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် လူအုပ်ကြီးမှ  အန်တီစုကို မကြောက်မရွံ့ထောက်ခံအားပေးစုရုံးနေတဲ့မြင်ကွင်းကြောင့်ဖြစ်ပါတယ်။တချိန်တည်းမှာပဲ အန်တီစုရဲ့ ပြည်သူ့စကားသံတွေ ကြားချင်ကြောင်း  ပြောတဲ့စကားနဲ့အတူ Media အတော်များများမှာလည်း ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲရဲ့  မသမာမှုတွေ၊ အကျင့်ပျက် ခြစားမှုတွေ၊ မတရား ဖိနှိပ်ခံရမှုတွေကို  ဖွင့်ချလာကြတာမြင်ရကြားရလာပါတယ်။ဒီလို အချိန်အခါမှာ ကျွန်တော်တို့လည်း  မိမိ လက်လှမ်းမှီသမျှသော မတရားမှုများကို တတ်နိုင်သလောက်  ဖော်ထုတ်ပေးသင့်တယ်လို့ ခံယူမိပါတယ်။
ဒါကြောင့် အန်တီစု ဖတ်စေဖို့  တပ်မတော်သားတွေရဲ့ ရင်တွင်းဖြစ် စကားများအား တင်ပြ ပေးလိုက်ပါတယ်။  အထက်အဖွဲ့အစည်းများက မကြာခဏ လက်မှတ်ထိုးခိုင်းနေတဲ့ မြန်မာနိုင်ငံ  လျှို့ဝှက်ချက် ဥပဒေဟာ ဥပဒေအထက်မှလုပ်ချင်ရာလုပ်နေသူများအတွက်အကာအကွယ်ပေးနေမှုကိုဖွင့်လှစ် ဖော်ပြပေးရမယ်လို့လည်း ခံယူမိပါတယ်။
တပ်မိသားစုတွေအဖို့ ၂ဝဝ၈  ဖွဲ့စည်းပုံတုန်းကလည်း မဲရုံမှာ ဓါတ်ပုံရိုက်ရုံလေးသာ နေပြခဲ့ရပြီး ၁ဝဝ%  ထောက်ခံသော မဲရုံအဖြစ် ပါရမီ ဖြည့်ပေးခဲ့ရသလို ၂ဝ၁ဝ ရွေးကောက်ပွဲမှာ  သင်တန်း တက်နေတာတွေ ပြင်ပတာဝန်တွေနဲ့ရောကာတပ်မိသားစုဝင်အတော်များများကို  ကြိုတင်မဲ လုပ်ရမယ်ဆိုပြီး တပ်မတော်စည်းရုံးရေးကော်မတီတာဝန်ခံအရာရှိခိုင်းတဲ့အတိုင်းကြံ့ဖွတ်သင်္ကေတခြင်္သေ့ဘေးမှာအမှန်ခြစ်ခဲ့ကြရပါတယ်။  လျှို့ဝှက်မဲပေးတာတွေ၊ ကြိုတင်မဲ စည်းကမ်းချက်တွေကို အသာထားပြီး တပစ ၄ဝဝ  မှာပါတဲ့ မိသားစု စာရင်းအတိုင်းတပ်ရေးဗိုလ်ကြီး၊ရုံးအုပ်၊တပ်ကြပ်ကြီးစာရေးနဲ့တာဝန်ကျစစ်သည်တစ်ဦးဦးတို့က ဆောင်ရွက်ပေးခဲ့ရပါတယ်။
တပ်မှာ မဲရုံက သီးခြားဖြစ်တဲ့အတွက်  ဘယ်သူကမှ လာမစစ်သလို၊ ဒီ တပစ ၄ဝဝ ကိုယ်ရေးမှတ်တမ်းပါ ဇနီး၊သားသမီးများမှာတချို့ကပြင်ပမဲရုံတွေမှာမဲစာရင်းပါနေသလိုတချို့သားသမီးတွေကအိမ်ထောင်ခွဲတွေပါ။ ဒါပေမယ့်လည်း ဒီအဖြစ်တွေ တကယ်ဖြစ်ခဲ့ပါတယ်။  မဲပေးတဲ့နေ့မှာတော့ အရာရှိ/စစ်သည် အများစုက အမှန်တကယ် လာစောင့်ပြီး  တန်းစီနေတဲ့အတွက် ၂ဝဝ၈ တုန်းကလို ဟန်ပြ ဓါတ်ပုံရိုက်ရုံ မလုပ်တော့ပဲ  မဲဝင်ပေးခိုင်းတဲ့ တပ်ရှိသလို၊ အတော်များများကို ကြိုတင်မဲ လုပ်ထားလို့  မဲမပေးခိုင်းတော့တဲ့ တပ်တွေလည်း ရှိပါတယ်။ လူရှိရက်နဲ့ မဲမပေးရလို့ အချို့  အရာရှိ/စစ်သည် မိသားစုတွေက ပွစိပွစိလုပ်ရာမှာ ထိုအုပ်စုများဟာ ခြင်္သေ့ကို  ထောက်ခံမှာ မဟုတ်သူမှန်း သိသာသွားပြီး လေတပ်စခန်းမှူးမှ Black List သတ်မှတ်  စောင့်ကြည့်ခြင်း ခံရပါတော့တယ်။ နောက်ဆုံးတော့ တကယ့်မဲပုံးတွေထဲမှာ ခြင်္သေ့  မဟုတ်တဲ့ အုပ်စုများရဲ့ အမှန်ခြစ်က များနေပေမဲ့ ကြိုတင်မဲများက ၈ဝ %  လောက်ရှိတာမို့ ခြင်္သေ့ကသာ အသာစီး ရသွားပါတယ်။
ဒါကလေတပ်စခန်းအတော်များများမှာတကယ်လက်တွေ့ဖြစ်သွားခဲ့တာတွေပါ။အခြားသောကြည်းတပ်လက်အောက်ခံ  တပ်ရင်း/တပ်ဖွဲ့တွေမှာလည်း အလားတူ ဖြစ်စဉ်တွေ ရှိဦးမှာပါ။ အစကတည်းက ၁၉၉ဝ  ရွေးကောက်ပွဲ ရလဒ်ကိုဘာကြောင့်အကောင်အထည်ဖော်မပေးပဲဘာလို ရွေးကောက်ပွဲ  ထပ်လုပ်ရတာလဲဆိုတဲ့ မေးခွန်းကို စစ်သည်မိသားစုတွေ ရင်ထဲက မေးနေကြတာပါ။  အပြင်မှာမေးရဲတဲ့သူတော့ မရှိပါဘူး။ မိသားစု စားဝတ်နေရေးကိုငဲ့ကွက်နေရပေမယ့်တပ်မိသားစုတွေအနေနဲ့လက်ရှိအခြေအနေတွေကိုစိတ်ပျက်နေကြပါပြီ။
ကိုယ့်တပ်ကိုတောင်ကောာင်းအောင်မလုပ်နိုင်ဘဲနိုင်ငံတော်ကြီးကိုအရမ်းချစ်ပြနေတဲ့ တပ်ချုပ်ကြီးနဲ့ လေချုပ်  အပါအဝင် စစ်အာဏာရှင်တွေကို စိတ်ကုန်နေကြပါပြီ။ စစ်သည် အပြောင်းအရွေ့ကို  မျှမျှတတ ဖြစ်ရအောင် သူကိုယ်တိုင် စီမံနေတယ်လို့ အသံကောင်းဟစ်ထားတဲ့  ကာကွယ်ရေးဦးစီးချုပ်(လေ) လေချုပ်ကြီးကတော့ အမှန်တကယ် အောက်ခြေက  အဖြစ်တွေကို မသိပါဘူး။ စစ်သည်တွေကို ၃ နှစ်(သို့) ၅နှစ် ပြည့်ရင်  တပ်ပြောင်းတင်နိုင်တယ်။ အထူး လိုအပ်ချက်အရ မဟုတ်ရင် ပြောင်းရွေ့ပေးရမယ်လို့  မူချထားပေမယ့် ဘယ်သူမှ မသွားချင်တဲ့ အဝေးတပ်တွေဖြစ်တဲ့ ဟုမ္မလင်း၊ မြိတ်၊  နမ့်စန် တို့လို တပ်တွေဆီကို တပ်မှူးများနဲ့ အဆင်မပြေသူများအား  အကြောင်းအမျိုးမျိုးပြ စေလွှတ်ထားပါတယ်။ အဲဒီ စစ်သည်ဟာ ၅နှစ် မက  ကြာနေတာတောင် အစားထိုးစရာမရှိလို့ ဆိုကာ ပြန်မဆင်းရတာတွေ၊ အထက်လူကြီးနှင့်  ပိုင်သူများဟာ ကနဦးနေရာချထားခံရကတည်းကစစ်သက်၂ဝကျော်သည့်တိုင်တပ်တစ်ခုထဲမှာပဲရာထူးအဆင့်ဆင့်တိုးပြီး ကျောက်ချ နေရတာတွေ ရှိနေပါတယ်။
ဦးစီးအရာရှိများကလည်း လေချုပ်ကို  အကြောင်းအမျိုးမျိုးပြ လိမ်ထားသလို အချို့ကိုလည်း လေချုပ်က သိရက်နဲ့ဟန်ပြ  အပြောင်းအရွေ့လုပ်၊ တချို့ကို ဆောင်ရွက်ပြပြီး တမင်သက်သက် ညစ်ထားတာတွေလည်း  ရှိပါတယ်။ စစ်သည်တွေ အနေနဲ့တော့ မနေနိုင်တော့တဲ့အဆုံး တချို့ဟာ လုပ်ငန်းမှာ  အားကိုးရရက်နဲ့ တပ်ပြေးတွေ ဖြစ်သွားရပါတော့တယ်။
အရာရှိတွေလည်း အလားတူပါဘဲ၊ လေသူရဲအငယ်တွေအနေနဲ့တော့ မောင်းတဲ့ လေယာဉ် အမျိုးအစားရှိလို့ တပ်မှာ  နေရတာမှန်ပေမယ့် ကျန်လေသူရဲ Senior တွေ၊ စက်မှုလက်မှု အရာရှိတွေကိုတော့  လူခင်ရင် မူပြင်တယ်ဆိုတဲ့စကားလိုပဲလေချုပ်သဘော၊စစ်ရုံးမှဦးစီးအရာရှိတွေသဘောအတိုင်းမူအမျိုးမျိုးချပြီး နေရာချထားမှု ပြုပါတယ်။  ဥပမာပေးရရင်လေချုပ်ရဲ့ကိုယ်ရံတော်ဗိုလ်မှူးထွန်းဝင်းကိုဒုဗိုလ်မှူးကြီးပေးတဲ့အခါမှာသူမောင်းနေကျလေ ယာဉ်အမျိုးအစားမရှိဘဲဝင်ငွေကောင်းတဲ့မင်္ဂလာဒုံ(ဒလခ) ရဲ့ အုပ်ချုပ်ရေးတပ်မှူးအဖြစ် ကြံဖန်နေရာပေးပြီး  အစဉ်အလာမရှိဘဲ ဝိုင်-၈ လေယာဉ် ကို မောင်းခွင့်ပေးခဲ့တာမျိုး ဖြစ်ပါတယ်။
အလားတူ လေချုပ် တပည့်ဖြစ်တဲ့ DSA - ၃၆ က  ချစ်ပိုင်အား လေယာဉ်ပျံသန်းမှု မပြုနိုင်သူများကိုသာ ခန့်တဲ့ လေယာဉ်ထုတ်လုပ်  ပြင်ဆင်ရေး ဌာနချုပ်က လေတပ် ပစ္စည်း ထောက်ပံ့မှု စီမံရေးတပ်မှာ တပ်မှူး  (ဒုမှူးကြီး) ပေးပြီး ဒလခမှာ MIG-29 မောင်းခွင့် ပေးထား တာတို့ ဖြစ်ပါတယ်။
စက်မှုလက်မှုအရာရှိတွေထဲမှာဆိုရင်လည်းကျောင်းဆင်းကတည်းကတပ်တစ်တပ်ထဲမှာပဲ နှစ်ပေါင်းများစွာ နေသူတွေရှိသလို၊  စစ်ရာထူးခန့်ချုပ်ရုံး အမိန့်အရရော လေတပ် အမိန့်အရပါ တပ်များစွာကို  လှည့်ပြောင်းနေရသူတွေလည်း ရှိပါတယ်။နေရာအပြောင်းအရွေ့အခြေအနေတွေမမျှတသလိုသင်တန်းရွေးချယ်စေလွှတ်မှုတွေ၊ အဆင့်တိုးမှုတွေမှာလည်း  အရာရှိတွေရော စစ်သည်တွေမှာပါ မညီမျှမှုတွေ၊ လက်တန်းဆောင်ရွက်မှုတွေ အများကြီး  ရှိနေပါတယ်။
ကြည်းတပ်လို တပ်အများကြီးမှာ  လွဲချော်မှုတွေ ရှိနိုင်လို့ နားလည်ပေးနိုင်ကြသော်လည်း လေတပ်လို  လူနည်းနည်းလေးမှာ ဒီလိုဖြစ်နေတာ ဘာကြောင့်ပါလဲ။ အရင်ကတော့  ကာကွယ်ရေးဦးစီးချုပ် (လေ) က လူတိုင်းကို သိတယ်၊ လေတပ်က ကျဉ်းကျဉ်းလေးလို့  ဆိုကြပါတယ်။ အခုတော့ ဒီဖြစ်စဉ်တွေဟာ လူတိုင်းကို သိနေလို့ ဖြစ်နေတာလား၊  ဒါမှမဟုတ် တပ်မတော်ရဲ့ အခြေအနေကိုက ဒီလို ဖြစ်နေတာလား ဆိုတာ  စဉ်းစားစရာဖြစ်လာပါပြီ။ ဒီလိုဖြစ်ရပ်တွေအတွက် ရင်ဖွင့်သံတွေကို  သက်ဆိုင်သူတွေထံ သိစေချင် ပါတယ်။ နိုင်ငံတော်သစ်မှာ အမှန်တရားတွေ၊  နည်းလမ်းတကျ ဖြစ်တည်မှုတွေသာ ရှိစေချင် ပါတယ်။ မလုပ်/ မရှုပ်/ မပြုတ်  သာပေါင်း ညာစားတွေကို မကောင်းမှုသည် ဆိတ်ကွယ်ရာ မရှိကြောင်း သိစေချင် ပါတယ်။  ဆက်လက် တင်ပြပါ ဦးမယ်။
  
 
 
No comments:
Post a Comment