von The Voice Weekly, Samstag, 20. August 2011 um 07:25


နေပြည်တော် သြဂုတ် ၂၀

မြန်မာအစိုးရ မြို့တော်သစ် နေပြည်တော်သို့ ယမန်နေ့က ရောက်ရှိလာသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ကျင်းပနေသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသားဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ ယနေ့ နံနက် ၉ နာရီက ရောက်ရှိလာခဲ့ရာ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်နေသည့် ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက ဝမ်းမြောက်ဝမ်းသာ လှိုက်လှဲစွာ ကြိုဆိုကြကြောင်း အစည်းအဝေး တက်ရောက်နေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေးအဖွဲ့ဝင် ဦးမြင်၊ စီးပွားရေးပညာရှင် ဒေါ်ရီရီမြင့်တို့နှင့်အတူ ယနေ့နံနက်က မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနသို့ ရောက်ရှိလာခဲ့ရာ ဝိုင်းအုံကြည့်ရှုနေကြသော လူပရိသတ် များပြားသည့်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရာရှိများက လုံခြုံရေးယူ၍ လမ်းရှင်းပေးခဲ့ရသည်ဟုလည်း ၎င်းထံမှ သိရသည်။

" အလုပ်ရုံဆွေးနွေးပွဲ တက်လာတဲ့သူတွေ ဒေါ်စုရောက်လာတော့ အံ့သြဝမ်းသာနေကြတယ်။ အစည်းအဝေးသဘာပတိ ကိုယ်တိုင်ထပြီး နှုတ်ဆက်တယ်" ဟု The Voice Weekly သို့ တိုက်ရိုက်သတင်းပေးပို့သည်။

ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပနေသည့် အလုပ်ရုံဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် အစည်းဝေးခန်းမ ရှေ့ဆုံးတန်းတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တစ်ဖက်တစ်ချက်စီ နေရာယူခဲ့ပြီး UMFCCI ဥက္ကဌ ဦးဝင်းအောင် ဖတ်ကြားသည့် ပုဂ္ဂလိက လုပ်ငန်းများ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ စာတမ်းနှင့် မြန်မာ့မီးရထား အထွေထွေမန်နေဂျာ ဦးကြည်အေး ဖတ်ကြားသည့် စာတမ်းတို့ကို နားထောင်ခဲ့ပြီး အစည်းအဝေးကို နံနက် ၁၀ နာရီ မိနစ် ၃၀ တွင် ခေတ္တရပ်နားစဉ် အစိုးရအဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီးသုံးဦးနှင့် သီးခြား ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း အစည်းအဝေး တက်ရောက်နေသူ စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးက ပြောကြားသည်။

ယင်းနောက် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ ထိပ်သီးစီးပွားရေး လုပ်ငန်းရှင်များဖြစ်သည့် ဦးဇော်ဇော်၊ UMFCCI ဥက္ကဌ ဦးဝင်းအောင်၊ ဒုတိယဥက္ကဌ ဦးလှမောင်ရွှေတို့နှင့် ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ကာ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအဖွဲ့ဝင်များ စီစဉ်ပေးသည့် ၅ဂ/ ၇၀၇၇ မော်တော်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် သတင်းစာဆရာကြီး ဦးဝင်းတင်က ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံမှုအပေါ် တွေ့ဆုံဆွေးနွေးရေး၏ ခြေလှမ်းအစ ဖြစ်သည်ဟု မှတ်ချက်ပေး ပြောကြားခဲ့ကြောင်း ပြည်ပအသံလွှင့် မီဒီယာများ၏ ထုတ်လွှင့်ချက်များအရ သိရှိရသည်။ နှစ်ပေါင်း ၂၃ နှစ်ကျော်ကြာ နိုင်ငံရေးမုန်တိုင်း ပြင်းထန်ခဲ့သော မြန်မာနိုင်ငံသည် ယခုအခါ၌ အစိုးရနှင့် အတိုက်အခံများကြား တွေ့ဆုံဆွေးနွေးမှုများကြောင့် မြန်မာ့နိုင်ငံရေးအတွက် ရလဒ်ကောင်းများ သယ်ဆောင်လာသည့် လေပြေလေညှင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံထုတ် ဟင်ဒူသတင်းစာကြီးက ဖော်ပြသည်

ဒေါ်စုရဲ့ နေပြည်တော်ခရီးစဉ် သူတို့ ဒီလိုမြင်ကြတယ်

2011-08-20
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရရဲ့ ဖိတ်ကြားချက်အရ နေပြည်တော်ကို ၂ ရက်ကြာ သွားရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်နဲ့ သြဂုတ်လ ၁၉ ရက်နေ့က တွေ့ဆုံခဲ့သလို စီးပွားရေး ဆွေးနွေးပွဲကိုလည်း ၂ဝ ရက်နေ့က ခေတ္တ တက်ရောက်ခဲ့ပါတယ်။
AFP
၂ဝ၁၁ ခုနှစ် သြဂုတ်လ ၂ဝ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအစိုးရ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးချုပ်သိန်းဌေး (ယာ) တို့ကို တွေ့ရစဉ်။ (Photo: AFP)
နိုင်ငံရေးသမား အများစုက အကောင်းမြင် ကြိုဆိုခဲ့ကြတဲ့ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး ပါဝင် ဖြတ်သန်းနေသူတွေရဲ့ ဝေဖန်ချက်တွေကို RFA က လက်လှမ်းမှီသရွေ့ စုဆောင်းခဲ့ပါတယ်။

NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးရဲ့ အမြင်ကို ဦးခင်မောင်စိုးက မေးမြန်းထားပါတယ်။
ဦးတင်ဦးရဲ့အမြင်။
အသံဖိုင်ယူရန်။

NLD ထိပ်ပိုင်း ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးဝင်းတင်ရဲ့ သဘောထားကိုတော့ ဦးနေရိန်ကျော်က ရယူခဲ့ပါတယ်။
ဦးဝင်းတင်ရဲ့သဘောထား။
အသံဖိုင်ယူရန်။

တခြား NLD ခေါင်းဆောင်တချို့ရဲ့ ရှုမြင်ပုံတွေကိုလည်း ဒေါ်ခင်ခင်အိက အခုလို တင်ပြထားပါတယ်။
NLD ခေါင်းဆောင်များ။
အသံဖိုင်ယူရန်။

လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်နဲ့ ဝါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းတို့ရဲ့ သုံးသပ်ချက်တွေအတွက် ဦးတင်အောင်ခိုင်က ဆက်သွယ်ခဲ့ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။