Friday 11 November 2011

အမေရိကန် ဘတ်စကက်ဘောသမားဂျွန်ဆင် အိတ်ခ်ျအိုင်ဗွီပိုးရှိသည်မှာ နှစ် ၂၀ ပြည့်ပြီဖြစ်သော်လည်း ကျန်းမာစွာ ဆက်လက်ရှင်သန်နိုင်ခြင်းကြောင့် အိတ်ခ်ျအိုင်ဗွီ/အေ့ဒ်စ် ဝေဒနာရှင်များအတွက် အားတက်ဖွယ်ဖြစ်လာ

အမေရိကန်နာမည်ကျော် ဘတ်စကက်ဘောသမား မက်ဂျစ်ဂျွန်ဆင်သည် အိတ်ခ်ျအိုင်ဗွီပိုးရှိသည်မှာ နှစ် ၂၀ ပြည့်ခဲ့ပြီဖြစ်သော်လည်း ကျန်းမာစွာ ဆက်လက်ရှင်သန်နိုင်ခြင်း အထိမ်းအမှတ်အဖြစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် လော့စ်အင်ဂျလိစ်ရှိ စတေပယ်လ်စင်တာခန်းမဆောင်တွင် အခမ်းအနား ကျင်းပခဲ့သည်။
အမေရိကန် အင်န်ဘီအေ ဘတ်စကတ်ဘောသမိုင်းတွင် သုံးကြိမ်တိတိ တန်ဖိုးအရှိဆုံး ကစားသမားဆု ရရှိခဲ့ဖူးသူ ဂျွန်ဆင်၏ ပိုးရှိလျက် ဆက်လက်ရှင်သန်နိုင်မှုမှာ အိတ်ခ်ျ အိုင်ဗွီ/အေ့ဒ်စ် ဝေဒနာရှင်များအတွက် အားတက်ဖွယ်ဖြစ်ကြောင်း အမေရိကန်မီဒီယာများက ချီးကျူးဖော်ပြခဲ့ကြသည်။ အိတ်ခ်ျအိုင်ဗွီ/ အေ့ဒ်စ်တိုက်ဖျက်ရေးနှင့် ကူးစက်မခံရရေးအတွက် သတိပြုရန်ဦးဆောင် လှုံ့ဆော်သူတစ်ဦးဖြစ်ခဲ့ပြီး မက်ဂျစ်ဂျွန်ဆင် ဖောင်ဒေးရှင်းကို ထူထောင်ခဲ့သည်။ ယခုအသက် ၅၂ နှစ်ရှိပြီဖြစ်သော ဂျွန်ဆင်၏ အထိမ်းအမှတ်အခမ်းအနားတွင် သူ့မိတ်ဆွေများက ဖောင်ဒေးရှင်းအတွက် ရန်ပုံငွေ ဒေါ်လာတစ်သန်းထပ်မံထည့်ဝင် ပေးခဲ့သည်။
လော့စ်အင်ဂျလိစ်လိတ်ကာစ် အသင်းသားဟောင်း ဂျွန်ဆင်က ''ဒီနေ့ သိထားသလိုသာ အဲဒီတုန်းကသိခဲ့မယ်ဆိုရင် ကျွန်တော်ဘတ်စကက် ဘောဆက်ကစားဖြစ်ဦးမှာပါ။ အနားယူဖြစ်မယ်တောင် မထင်ပါဘူး''ဟု ကစားသမားဘ၀ စွန့်လွှတ်ခဲ့မှုနှင့် ပတ်သက်ပြီး ပြန်ပြောင်းပြောသွားခဲ့သည်။ ယင်းဆုံးဖြတ်ချက်အတွက် နောင်တမရကြောင်း၊ ယခုအချိန်တွင် ပျော်ရွှင်နေသလို လုပ်သင့်သည်တို့ကို လုပ်ခွင့်ရခြင်းအတွက် မှန်ကန်သည့် ဆုံးဖြတ်ချက်ဖြစ်သည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။
ဂျွန်ဆင်၏ဆရာဝန်များ အဆိုအရ သူသည် နေ့စဉ်လေ့ကျင့်ခန်းလုပ်မှု၊စနစ်တကျ စားသုံးမှု၊ဆေးဝါး ကုထုံးများဖြင့် ကျန်းမာစွာ ဆက်လက်ရှင်သန်နိုင်ခဲ့သည်ဟု ဆိုသည်။
'' ကျွန်တော် မကြာခဏ ပြောလေ့ရှိပါတယ်။ ကျွန်တော့်အဖြစ်က ကောင်းလည်း ကောင်း၊ ဆိုးလည်း ဆိုးပါ။ ကောင်းတာက ကျွန်တော်ကျန်းမာတယ်၊ သွားနိုင်လာနိုင်တယ်၊ ဒါနဲ့ပတ်သက်ပြီး လူတွေသတိပြုမိအောင် လှုံ့ဆော်နိုင်တယ်။ဆိုးတာက လူတွေက ကျွန်တော်ကောင်းနေတာကြည့်ပြီး အိတ်ခ်ျအိုင်ဗွီ/အေ့ဒ်စ်ကို အထင်သေးမှာကိုပဲ။ လူတွေက အခုဆိုရင် သူတို့ ဒီဗိုင်းရပ်စ် ရှိလည်း အေးဆေးပဲလို့ ထင်ကြမယ်။ ဒါပေမဲ့ နှစ်စဉ်သန်းနဲ့ချီပြီး သေနေတာကိုတော့ သတိပြုရမယ်'' ဟု ဂျွန်ဆင်က ပြောကြားခဲ့သည်။
Ref: AFP,Los Angeles Times
http://www.first-11.com/index.php?option=com_content&view=article&id=10902:2011-11-09-10-24-38&catid=76:miscellanous&Itemid=145 Eleven ရဲ့ ဒီ link မှာပါပါတယ်...........

No comments:

Post a Comment