Monday 14 November 2011

Daw Aung San Suu Kyi Press Conference (November 14, 2011)

Daw Aung San Suu Kyi Press Conference (November 14, 2011)

November 14, 2011


ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သော မိန့်ခွန်း အပြည့်အစုံ





ကျွန်မတို့ သတင်းစာ ရှင်းလင်းပွဲ လုပ်ရတဲ့ အကြောင်းရင်းကတော့ ဒီတစ်နှစ်အတွင်းမှာ ဘာတွေ လုပ်ခဲ့တယ် ဆိုတာ မေးချင်မြန်းချင်တဲ့ မီဒီယာအုပ်စုတွေက အများကြီးဆိုတော့ တစ်ယောက်ချင်း တစ်ယောက်ချင်း တွေ့ပြီး ဆွေးနွေးတာက အခက်အခဲ ရှိလို့ အားလုံး စုပြီးတော့ သတင်းစာရှင်းလင်းပွဲ တစ်ခုလုပ်တာ ဖြစ်ပါတယ်။

အဲတော့ ကျွန်မတို့ အနေနဲ့ ဒီသတင်းစာရှင်းလင်းပွဲမှာ စဉ်းစားရမှာက ဒီနှစ်အတွင်းကို ကျွန်မတို့ ဘာတွေ ဖြစ်မြောက်ခဲ့လဲ ဆိုတာကို အဓိကထားပြီးတော့ သိချင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီတော့ ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေး အဖွဲ့အစည်း ဆိုတော့ နိုင်ငံရေးကိုတော့ ပထမ ဦးစားပေး ပြီးတော့ ပြောချင်ပါတယ်။ ကျွန်မတို့ နိုင်ငံရေးနဲ့ ပတ်သက်လို့ စပြီိး တည်ထောင်စဉ် ကာလတည်းက အကြမ်းမဖက်တဲ့ လမ်းစဉ်နဲ့ ဒီမိုကရေစီ ရရှိရေးကို ဖြစ်မြောက်ဖို့ လုပ်မယ်ဆိုပြီးတော့ ကျွန်မတို့ မူချခဲ့တာပါ။ ဒီအတိုင်းပဲ ကျွန်မတို့ဟာ အနှစ်နှစ်ဆယ်လုံး ဒီလမ်းကို လျှောက်ခဲ့ပါတယ်။ အခုနှစ်မှာ ဆိုရင် ထူးထူးခြားခြား နိုင်ငံရေးဖြစ်စဉ် အနေနဲ့ ပြောရမယ်ဆိုရင် ကျွန်မနဲ့ သမ္မတကြီး ဦးသိန်းစိန်၊ ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံကြတဲ့ ရလဒ်အရ အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။ အများ အခုဆိုရင် စိတ်ဝင်စား နေတာက NLD ဟာ ပြန်ပြီးတော့ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်မလား မတင်ဘူးလား၊ နောက်ပြီးတော့ ကြားဖြတ် ရွေးကောက်ပွဲ တွေမှာ ဝင်မလား မဝင်ဘူးလား ဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်လို့ လွှတ်တော်က အပြောင်းအလဲ တစ်ခုလုပ်ပြီးတော့ သမ္မတကြီး ကလည်း လက်မှတ်ထိုး ပြီးပြီ ဆိုတော့ ၁၈ ရက်နေ့ကျရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုအစည်းအဝေး ခေါ်ပြီးတော့ ဆုံးဖြတ်ချက် ချမှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ အခု သတင်းစာရှင်းလင်းပွဲမှာ မှတ်ပုံတင်ရေး၊ မတင်ရေး ကိစ္စတွေကို မမေးပါနဲ့။ ကျွန်မက ၁၈ ရက်နေ့အထိ စောင့်ပါလို့ပဲ ပြောမှာပါပဲ။ အဲဒါမေးရင် မေးရကျိုး နပ်မယ် မထင်လို့ မမေးပါနဲ့။

တခြား နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာတော့ နိုင်ငံရေး အကျဉ်းသား။ ဒီနှစ် အတွင်းမှာ နိုင်ငံရေးအကျဉ်းသား အချို့လွတ်လာတာ ရှိပါတယ်။ ဒါပေမဲ့ အကျဉ်းထောင်တွေမှာ ကျန်ရှိနေ သေးတဲ့ နိုင်ငံရေးသမားတွေ ရှိသေးတယ် ဆိုတာလဲ အများ သိပြီးသား ဖြစ်ပါတယ်။ ဒီနေ့တောင်မှ ထပ်ပြီးတော့ လွှတ်မယ် ဆိုတာကို ကျွန်မတို့ ကြားနေရပါတယ်။ အခုထိတော့ တိတိကျကျ ကျွန်မတို့ ဘာမှ မသိရသေးပါဘူး။ အခုထိတော့ ဒါ လွှတ်တော့မယ် လွှတ်တော့မယ်လို့ ပြောတာကိုပဲ ကျွန်မတို့ ကြားနေရတာ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးဟာ ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ သာမက ဒီမိုကရေစီ လိုလားတဲ့သူ အားလုံးရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။

နောက်တစ်ခု ကတော့ ကျွန်မတို့ နိုင်ငံမှာ အခု အားလုံးအတွက် စိတ်ပူစရာ စိတ်မအေးစရာ ဖြစ်နေတာက ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စပါပဲ။ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဆိုလို့ရှိရင် တိုက်ခိုက်မှုတွေ ဖြစ်နေတာဟာ ကျွန်မတို့ နိုင်ငံအတွက် အင်မတန်မှ စိုးရိမ်ဖွယ်ရာ ဝမ်းနည်းစရာ ကိစ္စ ဖြစ်ပါတယ်။ ကျွန်မ ဂျူလိုင်လ တုန်းကဆိုရင် သမ္မတကြီး ဦးသိန်းစိန်နဲ့ တိုင်းရင်းသား အဖွဲ့အစည်း အချို့ကို အိတ်ဖွင့်စာ ပေးပြီးတော့ ဒီတစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လုပ်ဖို့ နောက်ပြီးတော့ အေးအေး ချမ်းချမ်းနဲ့ ပြဿနာတွေ ဖြေရှင်းဖို့ ကျွန်မ တိုက်တွန်းခဲ့ပါတယ်။ ကျွန်မ အနေနဲ့ ဘယ်နေရာက ဖြစ်ဖြစ် ကူညီနိုင်ရင်လည်း ကူညီပါမယ်လို့ ကျွန်မ ပြောပါရစေ။ အခုလည်း ဒီအတိုင်းပါပဲ။ ကျွန်မ တစ်ယောက်တည်း အနေနဲ့ သော်လည်းကောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ သော်လည်းကောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တစ်နည်း တစ်နေရာက နေပြီးတော့ ကူညီနိုင်မယ် ဆိုလို့ရှိရင် ကျွန်မတို့က နေပြီး ဝင်ရောက် ပါဝင် ကူညီဖို့ အဆင်သင့် ဖြစ်ပါတယ် ဆိုတာ ကျွန်မ ထပ်မံပြီးတော့ ပြောချင်ပါတယ်။

ကျွန်မတို့ နိုင်ငံမှာ အခုနှစ်အတွင်း အဖြစ်အပျက်တွေ အပေါ်မှာ အခြေခံပြီး အင်မတန်မှ အရေးကြီးတဲ့ ကိစ္စတစ်ခုလို့ ကျွန်မ မြင်တာကတော့ ဥပဒေစိုးမိုးရေး ကိစ္စပါ။ လူ့အခွင့်အရေးနဲ့ ပတ်သတ်ပြီးတော့ပဲ ဖြစ်ဖြစ် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ပဲ ဖြစ်ဖြစ် ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သတ်လို့ပဲ ဖြစ်ဖြစ် စီးပွားရေး၊ လူမှုရေး တိုးတက်မှုနဲ့ ပတ်သတ်လို့ပဲ ဖြစ်ဖြစ် ဥပဒေစိုးမိုးရေး မရှိလို့ကတော့ ကျွန်မတို့ဟာ သိပ်ပြီးတော့ လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရေးအကျဥ်းသား ဆိုတာကလည်း ဥပဒေစိုးမိုးတဲ့ နိုင်ငံတွေမှာ ရှိလေ့ရှိထ မရှိပါဘူး။ နောက် စီးပွားရေးနဲ့ ပတ်သက်လို့လည်း ရင်းနှီးမြှုပ်နှံမှုတွေ တကယ်ပဲ လာစေချင်တယ် ဆိုလို့ရှိရင် ဒီမှာလည်း ကျွန်မတို့က ဥပဒေစိုးမိုးရေး လိုပါတယ်။ လာပြီးတော့ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားမဲ့သူ တွေက ­­ဒီနိုင်ငံမှာ ဥပဒေစိုးမိုးမှု ရှိ၊ မရ­­­­­­­ှိ ဆိုတာကို သေသေချာချာ ကြည့်ပြီးမှ သူတို့ ရင်းနှီးသင့်တယ်၊ မရင်းနှီးသင့်ဘူး ဆိုတာကို သေသေချာချာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ကျွန်မတို့ နိုင်ငံ တိုးတက်ရေး အတွက် လူတွေဟာ စိတ်လုံခြုံဖို့ ဆိုရင် ဥပဒေစိုးမိုးရေး ဆိုတာ ရှိရမယ်။ ဥပဒေ စိုးမိုးရေးက ဘာပေါ်မှာ မူတည်လဲ ဆိုတော့ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင် ရှိရမယ်။ တရားရေး မဏ္ဍိုင်ဟာ လွတ်လပ်ရမယ်။ သန့်ရှင်းရမယ်။ ဒီလို သန့်ရှင်းပြီးတော့ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင် မရှိလို့ကတော့ ကျွန်မတို့ နိုင်ငံမှာ ဥပဒေစိုးမိုးရေးက မရှိနိုင်ပါဘူး။ ဒါဟာ နိုင်ငံတစ်နိုင်ငံအတွက် အင်မတန်မှ အရေးကြီးတဲ့ ကိစ္စလို့ ကျွန်မ မြင်ပါတယ်။ ဒီဟာဟာ ဒီမိုကရေစီ အတွက် မရှိမဖြစ် ရှိရမဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒီမိုကရေစီအတွက် အဆောက်အအုံတွေ ခိုင်မာဖို့ဆိုတာ လွတ်လပ်ပြီး သန့်ရှင်းတဲ့ တရားရေး မဏ္ဍိုင်ဟာ အဓိကပါပဲ။ အဲဒီတော့ အဲဒီဟာအတွက် ကျွန်မတို့ဟာ ဆက်ပြီးတော့ ကြိုးစားသွားပါ့မယ် ဆိုတာလေး ကျွန်မ ပြောချင်ပါတယ်။

ကျွန်မတို့ အရင်နှစ်က ကျွန်မ ဒီလိုနေ့မှာပေါ့ ၁၄ ရက်နေ့မှာ ရုံးရှေ့မှာပြည်သူနဲ့ စကားပြောတဲ့ အခါမှာ ကျွန်မတို့ ဒီမိုကရေစီ ကွန်ယက်တစ်ခု ဖွဲ့စည်းဖို့ ပြောခဲ့ပါတယ်။ ဒီကွန်ယက် လာတော့ ကျွန်မတို့ အားရလောက်အောင် လုပ်နိုင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ အထူးသဖြင့် ပညာရေးဘက်မှာ ဆိုလို့ရှိရင် ကျွန်မတို့ တော်တော် အောင်အောင်မြင်မြင် ရှိ ပါတယ်။ တခြား ကျန်းမာရေး၊ လူမှုရေး လူသားချင်း စာနာတဲ့ နေရာတွေမှာလဲ ကျွန်မတို့ တော်တော် အောင်အောင်မြင်မြင် ရှိပါတယ်။

နောက်ပြီးတော့ ခုတစ်ခေါက် ဥပဒေနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် ရှေ့နေကွန်ယက် တွေကိုလည်း ဖွဲ့နိုင်ခဲ့ ပါတယ်။ ဒါဟာ ကျွန်မတို့ ဥပဒေစိုးမိုးရေး အတွက် အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ဒီလို တိုးတက်မှုတွေ ရှိပေမဲ့ လုံလောက်သလား ဆိုတော့ ကျွန်မအနေနဲ့ လုံလောက်တယ် ဆိုတဲ့ စကားလုံးကို မသုံးချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုံလောက်ပြီ ကျေနပ်လောက်ပြီ ဆိုတဲ့ အဓိပ္ပါယ်က ထပ်ပြီးတော့ လုပ်ဖို့ မလိုတော့ဘူး ဆိုတဲ့ အဓိပ္ပါယ်လေး နည်းနည်း ရောက်လို့ ဖြစ်ပါတယ်။ ကျွန်မတို့ ထပ်ပြီး လုပ်စရာတွေ အများကြီး ရှိပါသေးတယ်။ ဒါပေမဲ့လည်း တစ်ဖက်ကလည်း ဒီလို အပြုသဘော ဆောင်တဲ့ အမြင်နဲ့ မြင်ဖို့ လိုပါတယ်။ တိုးတက်ဖို့ ဆိုတာက အမြင်တွေကိုလည်း ပြောင်းလဲသင့်တဲ့ အချိန်မှာ ပြောင်းလဲရမယ်။

ကျွန်မတို့ဟာ ယုံကြည်ချက်ပေါ်မှာ အခြေခံ ပြီးတော့ စွန့်စားသင့်တဲ့ အချိန်မှာလည်း စွန့်စားရမယ်။ အဲဒီလို လုပ်မှသာလျှင် ကျွန်မတို့ လိုချင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းကြီးက ပွင့်သွားမှာပါ။ ဒီတော့ မပွင့်သေးဘူးလား လို့ တစ်ချို့က ပြောမယ်။ ဒီလို ကျွန်မ ပြောခြင်းအားဖြင့် ဒီိမိုကရေစီ လမ်းကြီးက မပွင့်သေးဘူးလား လို့ ပြောတာလား ဆိုရင် ဒီလမ်းဟာ ပွင့်ပြီလို့ အားလုံးကနေ လက်ခံနိုင်တဲ့ အခြေအနေတော့ မရောက်သေးပါဘူး လို့ ကျွန်မ ပြောပါရစေ။ အဲတော့ ဒီအခြေအနေ ရောက်ဖို့ဟာ ကျွန်မတို့ အားလုံး ကြိုးစားဖို့ လိုပါတယ်။

သတင်း၊ဓာတ်ပုံ ..The Voice Weekly

တရားရေးမဏ္ဍိုင် သန့်ရှင်းမှု မရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြော

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။         ။ လက်ရှိ မြန်မာနိုင်ငံ၏ တရားစီရင်ရေး မဏ္ဍိုင်သည် လွတ်လပ်သန့်ရှင်းမှု မရှိသေးဟု ဆိုရမည် ဖြစ်ကြောင်း တနင်္လာနေ့မွန်းလွဲပိုင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သည့်  သတင်းစာ ရှင်းလင်းပွဲတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်မှု တနှစ်တာကာလအတွင်း ဖြစ်စဉ်များအပေါ် ရှင်းလင်းသည့် သတင်းစာ ရှင်းလင်းပွဲ၌ တရားစီရင်ရေး မဏ္ဍိုင် လွတ်လပ်သန့်ရှင်းမှု ရှိ၊ မရှိ သတင်းထောက်တဦးက မေးမြန်းခဲ့ရာ နိုင်ငံရေး အကျဉ်းသားများ ရှိနေခြင်းကြောင့် သန့်ရှင်းသည့် တရားရေးမဏ္ဍိုင် မရှိဟု ဆိုရမည်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် အခုအများသိနေတဲ့ ကိစ္စ၊ နိုင်ငံရေးအကျဉ်းသားတွေ အကျဉ်းထောင်ထဲ
ရောက်သွားတာ လွတ်လပ်ပြီး၊ တရားမျှတပြီး၊ သန့်ရှင်းတဲ့ တရားရေးမဏ္ဍိုင် မရှိလို့ပါပဲ။” ဟု သူက ပြောသည်။
nldnewex1
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များ၏ အမေးကို ဖြေကြားနေစဉ် (ဓါတ်ပုံ မဇ္ဈိမ)

ဥပဒေစိုးမိုးရေးအတွက် လွတ်လပ်၊ သန့်ရှင်းသည့် တရားစီရင်ရေးမဏ္ဍိုင် ရှိရေးသည် တိုင်းပြည်အတွက် အရေးကြီး
ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပြီး တရားဥပဒေ စိုးမိုးမှုရှိသည့် နိုင်ငံများတွင် နိုင်ငံရေးအကျဉ်းသား မရှိကြောင်း၊ စီးပွားရေးအရ ရင်းနှီးမြှုတ်နှံမှုများ ဖိတ်ခေါ်လိုပါက တရားဥပဒေ စိုးမိုးရေး ရှိအောင် ဦးစွာ လုပ်ဆောင် ရမည် ဖြစ်ကြောင်း ပြောဆိုသည်။

“ကျမတို့နိုင်ငံမှာ အခုနှစ်အတွင်း အဖြစ်အပျက်တွေပေါ်မှ အခြေခံပီး အင်မတန်မှ အရေးကြီးတယ်လို့ မြင်တာက ဥပဒေ စိုးမိုးရေး ကိစ္စ။ လူ့အခွင့်အရေး ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးအကျဉ်းသား ကိစ္စပဲ ဖြစ်ဖြစ်၊ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ၊ စီးပွားရေး၊ လူမှုရေး တိုးတက်မှုနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ် ဥပဒေ စိုးမိုးရေး မရှိရင် စိတ်ချနိုင်မှာ မဟုတ်ပါဘူး။ နိုင်ငံရေးအကျဉ်းသား ဆိုတာ ဥပဒေ စိုးမိုးမှု ရှိတဲ့နိုင်ငံတွေမှာ မရှိပါဘူး။”

နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်အောင် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေးသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သာမက ဒီမိုကရေစီ လိုလားသူ အားလုံး၏ ရည်မှန်းချက် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆို၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က
နောက်ဆုံး ကောက်ယူထားသည့် စာရင်းများအရ နိုင်ငံရေး အကျဉ်းသား ၅၉၁ ယောက် ရှိကြောင်း ပြောဆို သွားသည်။

“တချို့စာရင်းတွေမှာ ၂၀၀၀ လောက်ရှိတယ်။ အဲ့ဒီအပြင်က ရတဲ့ စာရင်းတွေကို ကျမတို့ တတ်နိုင်သလောက် လိုက်ပီး စုံစမ်းတော့ စာရင်းတွေထဲမှာပါတဲ့ အကျဉ်းသားတချို့ဟာ လွတ်သွားတာ ကြာပြီဆိုတာ တွေ့ရပါတယ်။ ကျမတို့ အားလုံးတော့ တိတိကျကျ မစုံစမ်း နိုင်သေးပါဘူး။ ကျမတို့ ၅၉၁ ယောက်လို့ သတ်မှတ်ထားတာ
သေသေချာချာ အကျဉ်းထောင်တွေထဲမှာ ရှိသေးတယ်တဲ့ လူတွေ ဖြစ်ပါတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
nldnewex4
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ အပြီး မြင်တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)

သမ္မတ ဦးသိန်းစိန်သည် နိုင်ငံတိုးတက်မှုကို လိုလားသူဟု သူမအနေဖြင့် ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုပြီး ၁၉၉ဝ ရွေးကောက်ပွဲ ရလာဒ်ကို အသိအမှတ်ပြုကြောင်း အမျိုးသား လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်၏ ပြောဆိုမှုအပေါ် အပြုသဘောဆောင်သည့် ပြောဆိုမှုဟု သူမက ဆိုသည်။

“ကျမတို့ ၁၉၉ဝ ရွေးကောက်ပွဲရဲ့ တရားဝင်မှု တရားမဝင်မှုကို ဘားမား ဂေဇက်ထဲမှာ ထည့်ပြီးသားဆိုတော့
မေးခွန်းထုတ်စရာ မရှိပါဘူး။ အခုလွှတ်တော်ဥက္ကဌက ဒီလို ၁၉၉၀ ရွေးကောက်ပွဲမှာ NLD နိုင်ခဲ့တယ်ဆိုတာ အသိအမှတ်ပြုတယ် ဆိုတာ ကောင်းပါတယ်။ ဒါ နိုင်ငံရေး လှုပ်ရှားမှုမှာ အားလုံး ပိုပြီးတော့ ပါဝင်လာအောင် ဦးတည်ပြောတယ်ဆိုတာလဲ ထင်ရှားပါတယ်။ သမိုင်းမှာ ဝင်တာပဲ ရှိပါတယ် ထားခဲ့တယ်ဆိုတာ မရှိပါဘူး။
ကျမတို့ ၁၉၉၀ ရွေးကောက်ပွဲမှာ နိုင်ခဲ့တယ်ဆိုတာ သမိုင်းဝင်ခဲ့တာပါပဲ။” ဟု သတင်းစာ ရှင်းလင်းပွဲတွင်
ပြောဆိုခဲ့သည်။

တိုင်းရင်းသား အရေးကိစ္စများနှင့် ပတ်သက်၍ ကချင်ပြည်နယ်တွင်း ဖြစ်ပေါ်နေသည့် တိုက်ပွဲများအပေါ် လွန်စွာ စိုးရိမ်မိကြောင်း၊ တိုင်းရင်းသားအရေး ပြေလည်မှု ရရှိနိုင်ရန် ရိုးသားပွင့်လင်းပြီး အမြင်ချင်း ဖလှယ်နိုင်မည့် တွေ့ဆုံ
ဆွေးနွေးမှုမျိုး လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ကျမတို့ နိုင်ငံမှာ အခု အားလုံးအတွက် စိတ်ပူစရာ စိတ်မအေးစရာ ဖြစ်နေတာက ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စပါပဲ။ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဆိုလို့ရှိရင် တိုက်ခိုက်မှုတွေ ဖြစ်နေတာဟာ ကျမတို့ နိုင်ငံအတွက် အင်မတန်မှ စိုးရိမ်ဖွယ်ရာ ဝမ်းနည်းစရာ ကိစ္စ ဖြစ်ပါတယ်။” ဟု သူက ပြောသည်။

တနှစ်တာအတွင်း တိုးတက်မှုများ ရှိသော်လည်း လုံလောက်ပြီ၊ ကျေနပ်ပြီဟု မဆိုနိုင်ကြောင်းနှင့် တိုးတက်မှု ရှိမရှိဆိုသည်ကို ကဏ္ဍအလိုက် ခွဲခြား ကြည့်ရှုရန်လိုကြောင်း ပြောဆိုပြီး သတင်းမီဒီယာလောက ဖွံဖြိုးလာမှုနှင့် သတင်းထောက် အရေအတွက် များပြားလာမှုအပေါ် ဥပမာ ပေးသွားသေးသည်။

“တိုးတက်မှုတွေအကြောင်းပြောရင် အားလုံးခြုံပြောမယ့် အစား တခုချင်း တခုချင်း ကြည့်စေချင်တယ်။ ဥပမာ- တချို့က ပြောကြတယ် ဖန်ခွက်က တဝက်လိုနေလား၊ တဝက်တောင် ရှိတယ်ပြောမလား၊ တဝက်ပဲ ရှိတယ်
ပြောမလားပေါ့။ ကျမတို့က တဝက်ရှိတာတွေ တဝက်မရှိတာတွေထက် တိတိကျကျ ဘာရှိတယ် ဘာမရှိဘူးပဲ ကြည့်စေချင်ပါတယ်။”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ပြောကြားသွားခဲ့သော သတင်းစာ ရှင်းလင်းပွဲသို့ ပြည်တွင်း၊ ပြည်ပသတင်းဌာနများအပြင် နိုင်ငံခြား သတင်းဌာနများမှ နိုင်ငံခြားသား သတင်းထောက်များ ၁၀၀ ကျော် လာရောက် သတင်းယူခဲ့သည်။

ထိုစဉ်တွင် ရန်ကုန်မြို့ ဆိပ်ကမ်းသာမြို့နယ်တွင် တက်ကြွလှုပ်ရှားသူ လူငယ် Togetherness Education Network က “ ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ နိုင်ငံရေး” ဆိုသော စကားဝိုင်းတခု ပြုလုပ်ခဲ့ကြောင်း အဖွဲ့ဝင် တဦးဖြစ်သူ ကိုသားသားက ပြောသည်။

အသက် ၁၇ နှစ်နှင့် ၂၃ နှစ်ရှိ တက္ကသိုလ် ကျောင်းသား/ ကျောင်းသူများ အပါအဝင် လူငယ် ၃၀ ကျော် တက်
ရောက်ခဲ့ပြီး ဆွေးနွေးမှုတွင် အန်အယ်ဒီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်သင့်၊ မတင်သင့်နှင့် ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေးတို့လည်း ပါဝင်ခဲ့သည်။

အပြောင်းအလဲ တခုဖြစ်စေနိုင်သော အန်အယ်ဒီ မှတ်ပုံတင်သင့်၊ မတင်သင့်နှင့် ပတ်သက်ပြီး နိုဝင်ဘာ ၁၈ ရက်
နေ့တွင် ပါတီဌာနချုပ်တွင် ဗဟိုအစည်းအဝေးခေါ်ကာ ဆုံးဖြတ်မှာ ဖြစ်သည်။

No comments:

Post a Comment