Tuesday 13 December 2011


သုံးသပ်ခြင်း (မောင်မောင်ဝမ်း )
Posted: 11 Dec 2011 11:21 PM PST

Myanmar Protest Law Myanmar lower house speaker Thura Shwe Mann speaks to journalists
the second regular session at Hluttaw Building in Naypyitaw, Myanmar, Friday, Nov. 25, 2011.
Parliament approved Thursday a law guaranteeing the right to protest, one of a series of reforms
under the new elected government. (AP Photo/Khin Maung Win) AP

ဦးရွှေမန်းပြောသွားတဲ့ အချက်ထဲမှာ ရှင်းရှင်းလင်းလင်းနားလည်မိတာကတော့(အကျဉ်းသားထဲကမှ အားလုံးပါဝင်
နိုင်ဖို့အတွက် နိုင်ငံ့အရေးနဲ့ပတ်သက် လို့ စိတ်ဝင်စားပြီးတော့ လုပ်မယ့် ပုဂ္ဂိုလ်မျိုးကိုတော့ အထူးဦးစားပေး
စဉ်းစားရေးအတွက် ဆောင်ရွက်ပါ မယ်လို့ပြောခဲ့တာရှိပါတယ်။ )

ဖော်ပြပါ စကားရပ်အရဆိုလျှင်…ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျာ ၊ ကိုကိုကြီး ၊ ကိုဌေးကြွယ် အပါဝင် ၈၈မျိုးဆက်
ကျောင်းသားတွေ၊ရွှေဝါရောင်မှာဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေ၊နောက်တခါ..အခြားအကြောင်းအမျိုးမျိုးနဲ့နိုင်ငံရေး
လုပ်ဆောင်မှု့ကြောင့်ဖမ်းထားသူတွေအတွက်ကတော့ရှင်းတယ်လို့မြင်တယ်….ဘာလို့လည်းဆိုတော့…သူတို့က.
.နဂိုစလှုတ်ရှားကထဲကနိုင်ငံရေးနဲ့ပတ်သက်ပြီး..စိတ်ဝင်စားလို့လုပ်လာခဲ့ကြသူတွေ….အမြဲ လည်းစိတ်ဝင်စားနေဦးမှာပဲ
…..သို့သော်တဘက်မှာ…လူထုနဲ့…နိုင်ငံတကာမသိနိုင်တဲ့ လုပ်ရပ်မျိုးတွေဖြစ်တဲ့….အခုအကျဉ်းကျနေတဲ့
…နိုင်ငံရေးအကျဉ်းသားတွေဆီကိုသွားရောက်ပြီး….လက်ရှိအစိုးရဆန့်ကျင်ရေးမလုပ်ပါဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံကို
အနှောက်အယှက်မပြုပါဘူး…နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ တည်ငြိမ်ရေးကို ပျက်ပြားအောင်မလုပ်ပါဘူး…
ဆိုတဲ့ခံဝန်ကတိတွေကိုတောင်းဆိုတာမျိုး….လက်မှတ်ရေးထိုးခိုင်းတာမျိုးတွေလုပ်ဦးမယ်ဆိုရင်တော့…
…နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဆိုတဲ့…ကြွေးကြော်တောင်းဆိုမှု့တွေက…ဆက်လက်ရှင်သန်နေဦးမှာပါပဲ…
…အခုလို လုပ်ရပ်မျိုးတွေ လုပ်ခဲ့မယ်ဆိုရင်လည်း….တော်တော်များများက လုပ်ဆောင်ကြမှာ မဟုတ်သလို…
..ဦးရွှေမန်း ဟီလာရီ ကလင်တန်လာတုန်းက နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးမှာပါဆိုတဲ့..ကတိဟာ…
မဖျက်ပဲနဲ့..ပျက်သွားပါလိမ့်မယ်…..

စကားကုန်ကုန်ပြောရရင်…ကျနော်တို့ အကျဉ်းထောင်အတွင်းက လွတ်မြောက်ခဲ့တုန်းက…စစ်အစိုးရဟာ
နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပါမယ်လို့ ကတိပေးလွှတ်ခဲ့တာမဟုတ်ပါဘူး…..ဒါ့ကြောင့် အဲဒီအချိန်တုန်းက
လွှတ်ပေးခဲ့တဲ့သူတွေကိုပြစ်မှု့ဆိုင်ရာ…ဥပဒေပုဒ်မ(၄၀၁)နဲ့လွှတ်ပေးခဲ့ပါတယ်…..ပြစ်မှု့ဆိုင်ရာ ဥပဒေ ပုဒ်မ ( ၄၀၁ )
ဆိုတာ…ကျန်ရှိပြစ်ဒဏ်များကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ်သတ်မှတ်ထားခြင်းပါ……( ၁၀ နှစ်ကျတဲ့သူတွေက…

လေးနှစ်နေပြီးသားဆို…ခြောက်နှစ်ကျန်တယ်....တကယ်လို့ ပြင်ပမှာ…သူတို့ကဆန့်ကျင်ရေးလုပ်မယ်ဆို…
.ကျန်တဲ့ပြစ်မှု့ခနထားဦး..ကျန်ရှိပြစ်ဒဏ်နဲ့တင်…ထောင်ထဲဆွဲထဲ့ထားလို့ရတယ်ဆိုတဲ့သဘော……ဒါပေမဲ့
…နိုင်ငံရေး မလုပ်တော့ပါဘူးတို့…ဘာတို့ဆိုတဲ့..အညံ့ခံခံ ဒူးထောက်ခိုင်းတဲ့ ခံဝန်ကတိတွေကိုတော့ ဘယ်သူမှလည်း
မထိုးခဲ့ရသလို…ဘယ်သူကိုမှလည်း အထိုးခိုင်းတယ်လို့မကြားပါ……အထက်ဖော်ပြပါပုဒ်မနဲ့လွှတ်လိုက်တယ်ဆိုတာ
ကိုတော့ပြောပြီး…အဓိပ္ပါယ်ကိုပါ….ရွတ်ပြဘူးပါတယ်……ကျနော်တို့အားလုံးလည်း နားလည် သဘောပေါက်ပါတယ်…
.သို့သော် တလောက နောက်ဆုံး လွှတ်လိုက်တဲ့ အသုတ်မှာတုန်းကတော့..လုံးလုံးလွှတ်လိုက်သလိုလိုနဲ့…ထောင်ထွက်
ဝရမ်းပေါ် မှာ ပုဒ်မ ( ၄၀၁ ) နဲ့ လွှတ်လိုက်တယ်ဆိုတာရေးသားဖော်ပြထားကြောင်း တချို့လွတ်မြောက်လာသူတွေ
ကတဆင့်သိရှိရပါတယ်……ကျနော်ဆိုလိုတာက…အခုလွှတ်ပေးမဲ့သူများသည်….အစိုးရအဖွဲ့ဝင်လူကြီးများကိုယ်တိုင်က…
ကတိက၀တ်များပေးပြီး…လွှတ်ပေးတာဖြစ်တဲ့အတွက်…ရိုးသားဘို့တော့လိုပါလိမ့်မည်…မည်သည့်နှောင်ကြိုးများမှ
ချည်နှောင်ခြင်းမရှိပဲ…အကြွင်းမဲ့လွှတ်ပေးဘို့လိုပါလိမ့်မည်….သို့မဟုတ်ဘူးဆိုရင်…အခုလွှတ်ပေးပြီး…
နောက်တပတ်လောက်မှာပဲ…ကျန်ရှိပြစ်ဒဏ်နဲ့ ထောင်ထဲထပ်သွင်းဦးမယ်ဆိုရင်တော့…..ကျနော် တင်ပြခဲ့သလိုပဲ…
..နိုင်ငံရေးအကျဉ်းသားလွှတ်ပေးဆိုတဲ့..တောင်းဆိုမှု့တွေက ညံနေဦးမှာပါပဲ……။

ဦးရွှေမန်းပြောသွားတဲ့အထဲမှာနားမလည်တာလား…နားမလည်ဟန်ဆောင်တာလားဆိုတာ…တခုမေးချင်ပါတယ်…
…ဒါဘာလည်းဆိုတော့…နိုင်ငံရေးအကျဉ်းသားလို့ပဲပြောပြော…ယုံကြည်ချက်အကျဉ်းသားလို့ပဲဆိုဆို…
.ကျနော်သဘောပေါက်သလောက် အဓိပ္ပါယ်ဖွင့်ဆိုရရင်….မြန်မာနိုင်ငံက..အာဏာရှင်နဲ့ စစ်အာဏာရှင်တွေ
သက်တမ်းတလျှောက်မှာ…ခင်ဗျားတို့ကို မကျေနပ်လို့ ( မကြိုက်လို့၊မနှစ်သက်လို့၊ အလိုမရှိလို့ ) နည်းပေါင်းစုံနဲ့ဆန့်ကျင်
ကြသူတွေ…အဲဒီလိုဆန့်ကျင်ခြင်းကြောင့်..သူတို့ကို နည်းပေါင်းစုံနဲ့ ပြစ်မှု့ဆိုင်ရာ ဥပဒေပုဒ်မ အမျိုးမျိုးတပ်ထောင်
ချထားသူများ….( သို့မဟုတ် ) ထိန်းသိမ်းထားသူများ ကိုဆိုလိုပါတယ်…….

ဒီနေရာမှာ…အများပြည်သူလူထုနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်း မသိနိုင်လောက်ဘူးထင်တဲ့ အချက်ရှိနေပါတယ်…
ဒါဘာလည်းဆိုတော့…စစ်အစိုးရသက်တမ်းတလျှောက်လုံးမှာ…နိုင်ငံရေးလှုတ်ရှားမှု့ကြောင့်ဖမ်း
ဆီးအရေးယူခံရသူဘယ်သူမဆို….ရာဇ၀တ်ပြစ်မှု့များနဲ့သာပြစ်ဒဏ်စီရင်ဆုံးဖြတ်ပါတယ်….နိုင်ငံရေးမှု့ဆိုတာ
သတ်မှတ်ထားခြင်းမရှိပါဘူး…….သို့သော်…သက်ဆိုင်ရာ..နယ်မြေခံအာဏာပိုင်များ၊ထောက်လှမ်းရေးများ၊အစိုးရအနေဲ့…
ဘယ်သူ့ကို ဘာ့ကြောင့် ထောင်ချတယ်ဆိုတာ…အသေးစိတ်အစီရင်ခံစာ ၊ မှတ်တမ်း ရှိပါတယ်…… ( ဆိုလိုတာက…
သူတို့်ကို ဆန့်ကျင်လို့ ခင်ဗျားကို အမြင်ကပ်ပြီး…ရာဇ၀တ် ပုဒ်မတတ်ပြီး ထောင်ချပစ်လိုက်တာလား……ဒီအမှု့ကတော့…
.သူ့ဖာသာသူ…ရာဇ၀တ်ပြစ်မှု့ကိုကျူးလွန်လို့ အပြစ်ပေးခံရတာလားဆိုတာ…..မှတ်တမ်းတွေရှိပါတယ်…..။ ) သာဓက
အနည်းငယ်ပြောပြပါမယ်…….

ကျနော့်မြို့က…၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် … ဦးခင်ကျော်ဟန်…
.သူ့ကိုထောင်ချတုန်းက…ရာဇ၀တ်ပြစ်မှု့ကြီးနဲ့ လုပ်ကြံထောင်ချတယ်…..အဲဒီ့ပြစ်မှု့နဲ့သူနဲ့ဘယ်လိုမှမပတ်သက်ဘူးဆိုတာ.
.ဒေသတခုလုံးမှာရှိတဲ့လူထုအကုန်သိတယ်…
.ကျနော့်ကိုလည်း….၁၉၉၀မှာထောင်စချတော့….တရားမ၀င်လက်နှက်ကိုင်ဆောင်မှု့နဲ့ချတယ်….. ဒါပေမဲ့…
ကျနော်တို့ထောင်ထဲရောက်တဲ့အခါပုဒ်မ၅(ည)လိုပဲ….တိုက်ပိတ်ထားခံခဲ့ရတာပါ…..ရဲဘက်မထဲ့ခဲ့ပါဘူး….သူတို့မှာ
မှတ်တမ်းအစစ်အမှန်တွေရှိပါတယ်….ဘယ်လို ရာဇ၀တ်မှု့ကြီးတွေနဲ့ပဲ ပြစ်ဒဏ် ချထားပါစေ …ဘယ်လိုကြောင့်ထောင်
ချလိုက်တယ်ဆိုတာ…အထောက်အထားတွေရှိပါတယ်….. ဦးရွှေမန်းတို့ ရွေးချယ်နိုင်ပါတယ်…ရာဇ၀တ်မှု့ကိုသူ
တို့အကြောင်းနဲ့သူတို့ကျူးလွန်ခဲ့ကြသူများနဲ့…ခွဲခြာ်းနိုင်ပါတယ်..မသိချင်ရောင်ဆောင် ရောတော့မချပါနဲ့ဗျာ……

သို့သော် ကျွှန်တော့် အတွေ့အကြုံအရ….ပြောပြချင်တာလေးတခုတော့ရှိတယ်….( မကြိုက် မနှစ်သက်သောသူများလည်း
ကလော်တုတ်နိုင်ပါတယ် )……. ဒီလိုပါ…ကျနော်အကျဉ်းထောင်အတွင်းမှာရှိနေတော့….တချို့သောပါတီဝင်တွေ
…နိုင်ငံရေးလှုတ်ရှားမှု့တွေမှာပါဝင်ခဲ့ဘူး
သူတွေထောင်ကျလာတာရှိတယ်….တကယ်က..သူတို့ကိုယ်ရေးကိုယ်တာလုပ်ဆောင်ချက်တွေကြောင့်ထောင်ကျ ကြတာ…
.( ဥပမာ…ချဲမှု့၊ မူးယစ်ဆေးဝါးမှု့၊လောင်းကစားမှု့၊ ကျန်တာတွေရောပေါ့ ) အမှန်ကချဲမှု့ဆို…သူ့ဖာသာသူတကယ်
ချဲရောင်းလုပ်ကိုင်နေလို့အဖမ်းခံရပြီး….ထောင်ကျလာတာ…
မူးယစ်ဆေးဝါးမူ့၊မိန်းမမှု့…တကယ်ကျူးလွန်လို့ဖြစ်ကြတာ….နိုင်ငံရေးလုပ်လို့အမြင်ကတ်ပြီးချလိုက်တာမဟုတ်…
.စုံစမ်းလိုက်ရင်ပေါ်တယ်….(ပါတီဝင်ဖြစ်တာ…နိုင်ငံရေးလှုတ်ရှားမှု့မှာပါဝင်ပတ်သက်တာက..တခြား)….ဒါပေမဲ့
…ထောင်ထဲရောက်တော့…သူတို့က…နိုင်ငံရေးကြောင့် လုပ်ကြံပြီး..ထောင်အချခံလိုက်ရတာဆို.လုပ်ပါလေရော….
.(အဲဒီ လိုလုပ်တဲ့သူတွေရှိ လို့ စာရင်းတွေက ရှုတ်ကုန်တာ…ကိုယ့်ကိုယ်ရေးကိုယ်တာကြောင့်ဖြစ်တာတော့
ကိုယ့်ဖာသာကိုယ်ခံပေါ့ ) လူအခွင့်ရေးလှုတ်ရှားမှု့အဖွဲ့တွေက စလို့…အတိုက်အခံအဖွဲ့အသီးသီးထံ သတင်းတွေရောက်အောင်ပို့ကြတယ်…….……..တကယ်က…ကျနော်အထက်မှာတင်ပြခဲ့သလိုပဲ…
.တကယ်နိုင်ငံရေးလုပ်လို့…လှုတ်ရှားလို့..ဘယ်လိုပဲ..ပြစ်မှု့ဆိုင်ရာ ဥပဒေ ပုဒ်မ တတ်နေပါစေ…သူတို့ဆီမှာ
မှတ်တမ်းအပြည့်ရှိပါတယ်….နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပါဆိုတာ…ဒီလိုလူတွေကို ဆိုလိုတာပါ………
…အစိုးရခွဲခြားနိုင်လောက်အောင် အထောက်အထားတွေရှိပါတယ်……..သူ့ဖာသာသူ ပါတီဝင်ပဲပြောပြော၊ကျောင်းသားပဲပြောပြော…သူ့ပြသနာကြောင့်သူ့ဖာသာသူထောင်ကျတာ….အစိုးရလူကြီးမင်းများ…
ခင်ဗျားတို့သိပါတယ်…..ခွဲခြားနိုင်ပါတယ်…..မြို့နယ်အသီးသီးမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက စလို့ ကျောင်းသား၊အလုပ်သမား၊ ရဟန်း သံဃာ တွေ ပြည်သူတွေကို စုံစမ်းလိုက်ရင် သိပါတယ်……..။

ဦးရွှေမန်းပြောခဲ့တဲ့စကားကို အနှစ်ပြန်ချုပ်ပါ့မယ်………..

(ဘယ်သူ့ကို လွှတ်ပေးစေချင် တာလဲ။ ဘာကြောင့် လွှတ်ပေးချင် တာလဲ အကြောင်းအရာဖော်ပြပြီး ပြောပါလို့ဒီလိုပြောခဲ့တာရှိပါတယ်။)….ဒါဦးရွှေမန်း…စကားဘယ်သူ့ကိုလွှတ်ပေးစေချင်တာလည်း…
…….ကျနော် အထက်မှာဖော်ပြခဲ့သလိုပဲ……

….မြန်မာနိုင်ငံက..အာဏာရှင်နဲ့ စစ်အာဏာရှင်တွေ သက်တမ်းတလျှောက်မှာ…ခင်ဗျားတို့ကို မကျေနပ်လို့ ( မကြိုက်လို့၊မနှစ်သက်လို့၊ အလိုမရှိလို့ ) နည်းပေါင်းစုံနဲ့ဆန့်ကျင်ကြသူတွေ…အဲဒီလိုဆန့်ကျင်ခြင်းကြောင့်..သူတို့ကို နည်းပေါင်းစုံနဲ့ ပြစ်မှု့ဆိုင်ရာ ဥပဒေပုဒ်မ အမျိုးမျိုးတပ်ထောင်ချထားသူများ….( သို့မဟုတ် ) ထိန်းသိမ်းထားသူများ ကိုဆိုလိုပါတယ်…….

ဘာ့ကြောင့်လွှတ်ပေးစေချင်တာလည်း………….

သူတို့လည်း တိုင်းပြည်ကိုချစ်မြတ်နိုးသူများဖြစ်တယ်……သူတို့ဟာ ကိုယ်ရေးကိုယ်တာ ကိုယ်ကျိုးအကြိုးစီးပွားကြောင့်….ထောင်ကျခဲ့ကြတာမဟုတ်ဘူး…..သူတို့မှာ တိုင်းပြည်အတွက် တထောင့်တနေရာကနေ လုပ်ပေးနိုင်တဲ့…စွမ်းရည်တွေရှိကြတယ်…..ယခုအချိန်မှာ သူတို့ကို လွှတ်ပေးလိုက်ခြင်းအတွက်….အဆိုးထက်…အကောင်းဘက်ကို ပိုများတယ်…….ဦးရွှေမန်းတို့ ကသာ ကတိတည်တည်…တိုင်းပြည်အတွက် လုပ်ဆောင်ပေးရမဲ့ ကိစ္စများကို လုပ်ဆောင်ပေးကြည့်စမ်းပါ…ဘယ်သူမှ အားအားရားရား…မဆူပူဘူး…မထကြွဘူး….ခင်ဗျားတို့မှာ မှတ်တမ်းအစစ်အမှန်တွေရှိပါတယ်….



အဲ…..ပါတီဝင်ပဲပြောပြော…ကျောင်းသားပဲဆိုဆို…သူတို့ ကိုယ်ရေးကိုယ်တာကြောင့် ပြစ်ဒဏ်စီရင် ထောင်ကျနေသူများကိုတော့…ခင်ဗျားတို့သဘော…လွှတ်ချင်လွှတ်…မလွှတ်ချင်နေ……..

ခင်ဗျားတို့ မှာရွှေးချယ်နိုင်တဲ့….မှတ်တမ်းအစစ်တွေရှိတယ်ဆိုတာ…သိပါတယ်ဗျာ…။
သာမာန် ရာဇ၀တ်သားတွေကို နိုင်ငံရေးအကျဉ်းသားတွေဆို…..ရောတုတ်ပြီးတော့…မလုံးလိုက်ပါနဲ့။ စောင့်ကြည့်နေသူများကလည်း ခံရပါများနေလို့…မချဉ်တော့ပါဘူး နော…..။ တကယ်လွှတ်ပေးမယ်ဆိုရင်တော့…ပြောသလိုလုပ်တတ်တဲ့…သူရ ဦးရွှေမန်းဆိုတာ…သမိုင်းတွင်နေမှာမလွဲပါ။


( မောင်မောင်ဝမ်း )



Posted: 11 Dec 2011 03:43 PM PST
လက်မဲကြီးတစ်စုံ

ဒီကနေ့ နိုင်ငံစီးပွားရေးကို ကိုင်လှုပ်နိုင်တဲ့ လက်မဲကြီး တစ်စုံရှိပါတယ်။

လက်မဲကြီး တစ်ဖက်က နောက်ကွယ်က စစ်အာဏာရှင်တွေ လိုင်စင်ကိုဗန်းပြပြီး ထူထောင်ပေးခဲ့တဲ့ စီပွားရေးလုပ်ငန်းရှင်တွေရဲ့လက်ထဲက ပိုက်ဆံပုံကြီးပါ။

စားအုံးဆီသွင်းခွင့် ဒီဇယ်သွင်းခွင့် ကားသွင်းခွင့် တယ်လီဖုန်းပေးခွင့် ဆန်အတ်စပို့ ပဲအိတ်စပို့ စတဲ့ အခြားနိုင်ငံတွေမှာ လူတိုင်းအလွယ်တကူရနိုင်တဲ့ အခွင်းအရေးတွေကို လက်ဝါးကြီးအုပ် မတန်တဆဈေးတွေ ဖြစ်အောင်လုပ်ပြီး ရထားတဲ့ ပိုက်ဆံပုံကြီးပါ။

ကျွန်းသစ် ရေနံ သဘာဝဓါတ်ငွေ့ ကျောက်မျက်ရတနာ ရွှေ နဲ့ ငါးဖမ်းခွင့်စတဲ့ ဘိုးဘွားအမွေအနှစ်တွေကို မောင်ပိုင်စီး တဖြဲနှစ်ဖြဲလုပ် နိုင်ငံခြားက ပထွေးတွေဆီ အတင်းလက်သိပ်ထိုးရောင်းပြီး ရထားတဲ့ ပိုက်ဆံပုံကြီးပါ။

နောက်ထပ်လက်မဲကြီးတစ်ဖက်ကတော့ အရင်စစ်အာဏာရှင်ဟောင်းတွေရဲ့ လက်ထဲက စာရင်းမရှိ အင်းမရှိ ဗဟိုဘဏ်ကနေ ရိုက်ထုတ်ထားတဲ့ ပိုက်ဆံပုံကြီးပါ။

(ဦးသန်းရွှေတစ်ဦးတည်းပိုင်တာကိုက မနဲပါဘူးတဲ့။ ငါးထောင်တန်တွေကို ရထားအစီးလိုက်တင်ပြီး ရထားတွဲအရှည်ကြီးနဲ့ လှိုင်ခေါင်းထဲမှာ သိမ်းထားတယ်လို့ သိရပါတယ်။)

အဲဒိပိုက်ဆံတွေ ဒီအတိုင်းထုတ်သုံးလိုက်ရင် ငွေကြေးဖောင်းပွမှုလည်းဖြစ်မယ် ငွေတန်ဖိုးလည်း ကျသွား မယ်လေ။

ဒီတော့ ငွေတန်ဖိုးလည်းငြိမ်ရမယ် ငွေကြေးဖောင်းပွမှုလည်းမဖြစ်ရအောင် လှည့်ကွက်တွေထုတ်လာရတယ်။

အလွယ်ဆုံးနည်းကတော့ ပြည်သူတွေလက်ထဲက ငွေတွေကို တစ်ဖက်လှည့် သိမ်းတဲ့နည်းပါပဲ။

ခုပဲကြည့်လေ ကားပါမစ်ဖိုးကိုက ငွေကျပ် သိန်းတစ်ရာလောက်ရှိတယ်တဲ့။ နိုင်ငံတကာက ပညာရှင်တွေကို မေးကြည့်ကြပါ၊ လူတိုင်းလိုအပ်တဲ့ သာမန်အိမ်သုံးလူစီးကားတွေကို (ပြည်တွင်းမှာမထုတ်နိုင်လို့) ပြည်ပကမှာတဲ့အခါ သွင်းခလိုင်စင်ကြေးချည်းပဲ ဒေါ်လာတစ်သောင်းနှစ်ထောင် (သိန်းတစ်ရာ)လောက်ပေးနေရမယ်ဆိုရင် အဲဒီတိုင်းပြည် တိုးတက်ပါ့မလား။ ကဲ ကားအစီး တစ်သိန်း သွင်းမယ်ဆိုပါတော့၊ ကားတစ်စီး သွင်ခွင့်ပါမစ်က ကျပ် တစ်ကုဋေဆိုတော့ ကားတစ်သိန်းဆို ကျပ်ကုဋေပေါင်းတစ်သိန်းပေါ့။

ဟန်းဖုန်းတွေလည်း ဒီလိုပဲလေ။ အရင်ဈေး ဆယ့်ငါးသိန်း၊ အခုငါးသိန်းတဲ့၊ နိုင်ငံတကာမှာ တစ်ဒေါ်လာကျော်ကျော်နဲ့ ရနေတဲ့ ဟန်းဖုန်းဆင်းကတ်ကို ငါးသိန်း (ဒေါ်လာ၆၂၅) နဲ့ဖုန်းအလုံးရေ သန်း၃၀ ရောင်းမယ်တဲ့။ ဗမာကျပ်ငွေ ကုဋေပေါင်း တစ်သန်းငါးသိန်းကိုပြည်သူတွေအိတ်ကပ်ထဲက ဆွဲထုတ်မယ်ပေါ့။ ဒါတွေပဲလား မဟုတ်ပါဘူး ဒီ့ပြင်လူမသိ သူမသိ ဗုန်းလိုက်တာတွေ၊ ဗုန်းဖို့လုပ်နေတဲ့အစီအစဉ်တွေ မနဲပါဘူး။

ဒီအစီအစဉ်တွေ ကိုကြည့်ရင် အဲဒီလက်မဲကြီးတစ်ဖက်ထဲမှာ ရှိနေတဲ့ ဗမာငွေတွေ ဘယ်လောက်များ သလဲဆိုတာ အာလုံးစဉ်းစားမိမှာပါ။

အဲဒီလက်မဲကြီးတွေထဲက ဗမာငွေတွေက ဟိုနေရာဈေးကောင်းမယ်ဆိုကြိုဝယ်လိုက်၊ ဒီပစ္စည်းရှားတော့မယ်ဆိုလှောင်ထားလိုက် နဲ့ ဗမာ့စီးပွားရေးလောကထဲ ၀င်ဝင်ပြီးချယ်လှယ်နေတာ ဘယ်တော့များမှ ဒီဗမာနိုင်ငံ စီပွားတိုးတက်တော့မှာလဲ၊ ဘယ်တော့များမှဒီဗမာပြည်ရဲ့ လူငယ်လေးတွေ အနာဂတ် အလင်းရောင် ဖြစ်လာမှာလဲ။

လက်ရှိသမ္မတလုပ်နေတဲ့ ဦးသိန်းစိန်ကလည်း လူပါးတစ်ယောက်ပါ။ သူ့အဓိက တာဝန်က အာဏာရှင် ဦးသန်းရွှေ မိသားစု ဘေးမသီရန်မခ ဖို့ပါ။ နိုင်ငံ့ကောင်းစားရေးလုပ်ချင်ယောင်ဆောင်ပြီး အာဏာရှင်ကို နောက်ဆုံးထွက်သက်အထိ ကာကွယ်သွားမယ့် အာဏာရှင်ရဲ့သစ္စာခံ (တိုင်းပြည်ရဲ့ သစ္စာဖောက်လောက်ကောင်) အုပ်စုပါ။

သူတို့က စစ်တပ်ထဲကယူနီဖောင်းလဲလာတဲ့ စစ်ဗိုလ်တွေနိုင်ငံတော်နဲ့ နိုင်ငံသားတို့အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အသင့်ရှိပါသည် ဆိုတဲ့ စစ်သားတိုင်း ဆိုရတဲ့ အဓိဌာန်ကို ဆိုခဲ့ဘူးတာ ဟုတ်မဟုတ်မသိပါဘူး။ အခုလက်ရှိမှာ သမ္မတ တစ်ယောက်အနေနဲ့

တိုင်းပြည်ကောင်းဖို့ဆိုရင် ဘယ်နေရာက ဘယ်အလုပ်ကိုပဲဖြစ်ဖြစ် အရိုးကြေကြေ အရည်ခန်းခန်း အနစ်နာခံလုပ်မယ်ဆိုပြီး အစိုးရတစ်ဖွဲ့လုံးရဲ့ ရှေ့မှာ စံပြဖြစ်အောင် လုပ်နေတာလား၊ ကောင်းတဲ့အစိုးရ သန့်ရှင်းတဲ့အစိုးရဖြစ်အောင် ကြိုးစားပါ့မယ်ပြောပြီး

ဝတ်ကျေတန်းကျေ ဟန်ပြသတ်သတ် လုပ်ပြနေတာလား၊ မေးခွန်းထုတ်ဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်။

(အဲဒီတုန်းကလည်း ပြည်တွင်းမှာရှိတဲ့ လော်ဘီမီဒီယာတွေက ဒီလို ကောင်းတဲ့အစိုးရ သန့်ရှင်းတဲ့အစိုးရ ဆိုတဲ့စကားလုံးကိုပဲ အာဇာနည်တစ်ယောက်ရဲ့ နှုတ်ထွက်စားတစ်ခွန်းလို ချီးမွမ်းခန်းတွေ ဖွင်ခဲ့တာ ပြန်ကြည့်ရင် သိနိုင်ပါတယ်။)

ကဲ ပြောတာလည်းများသွားပြီ၊ ပညာရှင်အပေါင်းတို့၊ ခင်ဗျားတို့ရဲ့ နောက်ကျောက လက်မဲကြီးတစ်စုံကို ဘာဆက်လုပ်ကြမှာလဲ၊ စဉ်းစားပေးကြပါအုံး၊ သိပ်နောက်မကျခင်ပေါ့။
Eimmet Mahotpar Facebook

Posted: 11 Dec 2011 06:06 AM PST
အောင်မောင်း (yangonchronicle)

စာရေးသူသည် ဒေါ်အောင်ဆန်းစုကြည်ကို လူအရရော မူအရပါ လှိုက်လှိုက်လှဲလှဲ ထောက်ခံသူဖြစ်ပြီး ပုဂ္ဂလသဘောတစ်ခုတည်း ဖြင့်ဆိုပါက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် မြင်တွေ့လိုပါသည်။ သို့ရာတွင် ယခု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သော ပြဌာန်းချက်များအရနှင့် စာရေးသူတို့နိုင်ငံ၏ သမိုင်းကြောင်းများအရ လူထုခေါင်းဆောင်သည် သမ္မတ၊ ဒုသမ္မတနှင့် ပြည်ထောင်စုဝန်ကြီး ဖြစ်ရန် အခြေအနေမရှိကြောင်း တွေ့ရှိရသဖြင့် ထိုတွေ့ရှိချက်များကို အများပြည်သူအနေဖြင့် စောကြောနိုင်ရန် တင်ပြလိုခြင်းသာဖြစ်ပါသည်။ ပုဂ္ဂိုလ်စွဲ၊ မူဝါဒစွဲမပါဘဲ ဖြစ်ပေါ်နေသည့် အခြေအနေများပေါ်တွင်သာ စဉ်းစားသုံးသပ်ထားခြင်းဖြစ်ပြီး လူထုခေါင်းဆောင်ကို မလိုလားသည့် စိတ်အခံလုံးဝမရှိပါ ကြောင်း ဦးစွာ နိဒါန်းပျိုးရခြင်းဖြစ်ပါသည်။

NLD ရွေးကောက်ပွဲဝင်မည်ဟု ဆုံးဖြတ်လိုက်သည့်အချိန်မှစ၍ ပြည်သူလူထုအနေဖြင့် ၎င်းတို့ချစ်ခင်လေးစားသော လူထုခေါင်းဆောင်ကို နိုင်ငံ့ ခေါင်းဆောင်အဖြစ် မြင်တွေ့ရတော့မည်ဟု ဝမ်းသာအားရမျှော်လင့်ခဲ့ကြသည်။ အမှန်တကယ်တွင်လည်း ပြည်သူအတွက် နှစ်ပေါင်းများစွာ အနစ်နာခံ ပေးဆပ်ခဲ့သူ၊ ကမ္ဘာ့အဆင့်မှီ အရည်အချင်းကိုလည်း ပိုင်ဆိုင်ထားသူ၊ နိုင်ငံတကာ အတွေ့အကြုံများစွာ ကြွယ်ဝသူ၊ နိုဗယ်ဆုရှင်လည်းဖြစ်သူ သူမ အနေဖြင့် နိုင်ငံကို အကောင်းဆုံးဦးဆောင်၍ ပြည်သူ့မျက်နှာတစ်ခုတည်းကိုသာ ကြည့်မည့် ခေါင်းဆောင် ကောင်းတစ်ဦးဖြစ်လာမည် ဆိုသည်မှာလည်း ငြင်းဆို၍ရသော အချက်မဟုတ်ပေ။ သို့ရာတွင် အထက်ကဆိုခဲ့သလို နိုင်ငံ၏သမိုင်းကြောင်းနှင့် လက်ရှိအခြေအနေများက လူထုခေါင်းဆောင် အစိုးရ အဖွဲ့ဝင်ဖြစ်ရေးကို ကြီးမားစွာ ဟန့်တားလျက်ရှိနေပါသည်။

ပထမ အချက်ဖြစ်သော သမ္မတနှင့် ဒုတိယသမ္မတနေရာများအတွက် လူထုခေါင်းဆောင် ရယူနိုင်ခြင်းမရှိသည့် အချက်များအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၃) နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ၊ ပုဒ်မ ၅၉၊ ပုဒ်မခွဲ (ဃ) နှင့် (စ) တို့တွင် အောက်ပါ အတိုင်းပြဋ္ဌာန်း ထားသည်။

(ဃ) နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ၊ စစ်ရေး စသည့်အမြင်များရှိရမည်။

(စ) မိမိ ကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း တိုင်းတစ်ပါး၏ နိုင်ငံသော်လည်းကောင်း ခံစားရသော အခွင့်အရေးနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ။

အထက်ပါ နှစ်ချက်သည် လူထုခေါင်းဆောင် သမ္မတနှင့် ဒုတိယသမ္မတ ဖြစ်နိုင်ရေးအတွက် ဟန့်တားနေသည့် အချက်နှစ်ချက် ဖြစ်သည်။ ယေဘုယျအားဖြင့် သမ္မတဖြစ်ရန်အတွက် လွှတ်တော်အမတ်ဖြစ်ရန် မလိုပါ။ မြန်မာနိုင်ငံသည် သမ္မတကို တိုက်ရိုက်ရွေးချယ်သည့် စနစ်မဟုတ်ဘဲ လွှတ်တော်မှ ရွေးချယ်သည့်စနစ်ဖြစ်သောကြောင့်သာ လွှတ်တော်အမတ်များကို သမ္မတလောင်းအဖြစ် စာရင်းတင်သွင်းခြင်း ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၃) နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ၊ ပုဒ်မ ၅၉ ၊ ပုဒ်မခွဲ (ဆ)တွင်

"လွှတ်တော် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော် သမ္မတအတွက် သီးခြားသတ်မှတ် ထားသော အရည်အချင်းများနှင့်လည်း ပြည့်စုံရမည်"

ဟူ၍သာ ဖော်ပြထားရှိသည်ဖြစ်ရာ အကယ်၍ လွှတ်တော်ကိုယ်စား လှယ်များအထဲမှ နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတ နေရာများအတွက် သင့်တော်သည့် ပုဂ္ဂိုလ်မရှိခဲ့လျှင် ပြည်ထောင်စု လွှတ်တော်သည် အရပ်သားထဲမှ သမ္မတအရည်အချင်းနှင့် ပြည့်စုံသူကို ခန့်အပ်ရွေးချယ်ပိုင်ခွင့် ရှိနေသောကြောင့်ဖြစ်သည်။

ထို့ကြောင့် လူထုခေါင်းဆောင်အနေဖြင့် ရွေးကောက်ပွဲဝင်ခြင်းမပြုလျှင်ပင် သမ္မတနှင့် ဒုတိယသမ္မတ နေရာများအတွက် ကမ်း လှမ်းခံရနိုင်သည့် အခြေအနေရှိပါသည်။ ပြည်ထောင်စုဝန်ကြီးကိုလည်း သမ္မတကသာတိုက်ရိုက်ခန့်အပ်သည်ဖြစ်ရာ အဆိုပါ ရာထူးအတွက်လည်း လွှတ်တော် ကိုယ်စားလှယ်ဖြစ်ရန် မလိုအပ်ချေ။ သို့သော် အဟန့်အတားဖြစ်နေသည်မှာ အထက်တွင်ဖော်ပြခဲ့သော ပုဒ်မ ၅၉၊ ပုဒ်မခွဲ (ဃ)နှင့်(စ)ဖြစ်သည်။ ပုဒ်မခွဲ (ဃ)တွင် စစ်ရေးအမြင်ရှိရမည်ဟူသည့်အချက်သည် တပ်မတော်တွင် အမှုထမ်းခဲ့သူများကိုသာ သမ္မတအဖြစ်ခန့်အပ်နိုင်လိမ့်မည်ဟု လွဲမှားစွာ ယူဆ နေကြခြင်း ဖြစ်ပါသည်။ သာမန်အရပ်သား ပညာရှင်တစ်ဦးသည် စစ်ရေးစစ်ရာနှင့်ပတ်သတ်သော ကျမ်းတစ်စောင်ပြုစုနိုင်ပြီး မဟာဘွဲ့၊ ပါရဂူဘွဲ့များ ရရှိပါကလည်း စစ်ရေးအမြင်ရှိသူဟု သတ်မှတ်နိုင်သည်ဖြစ်ရာ ပုဒ်မ(ဃ)သည် လူထု ခေါင်းဆောင် သမ္မတ၊ ဒုတိယ သမ္မတ ဖြစ်ရန်အတွက် ကြီးမားသော အဟန့်အတား မဟုတ်သေးဟုသာ ဆိုရပေလိမ့်မည်။

အဓိက ဟန့်တားချက်မှာ ပုဒ်မ ၅၉၊ ပုဒ်မခွဲ(စ)ဖြစ်သည်။ လက်ရှိအခြေအနေတွင် လူထုခေါင်းဆောင်၏ ခင်ပွန်းဖြစ်သူ ဒေါက်တာ မိုက်ကယ်အဲရစ် ကွယ်လွန်သွားပြီဖြစ်၍ လင်ခန်းမယားခန်းပြတ်စဲသွားပြီဟု စောဒကတက်နိုင်လျှင်ပင် သူမ၏သားနှစ်ဦးသည် အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိသျှ နိုင်ငံသားများ ဖြစ်နေပါသေးသည်။ ယင်းနိုင်ငံများ၏ နိုင်ငံသားများဖြစ်သလို ယင်းနိုင်ငံသားများ ရသင့်ရထိုက် သော အခွင့်အရေးများကို ခံစားရရှိနေကြ သူများလည်း ဖြစ်ပါသည်။ ထို့ကြောင့် ပုဒ်မခွဲ(စ)လုံးမှာ ကြီးမားသော အဟန့်အတားဟု ဆိုရခြင်း ဖြစ်ပါသည်။ အများစုက လူထုခေါင်းဆောင်အနေဖြင့် နိုင်ငံခြားရေးနှင့် ပတ်သတ်သော တာဝန်တစ်ခုယူသင့်သည်ဟု ယူဆချက်များ အပေါ် တွင်လည်း နိုင်ငံခြားရေးဝန်ကြီးမှာ ပြည်ထောင်စုဝန်ကြီးဖြစ်ပါသည်။ ပြည်ထောင်စုဝန်ကြီးဖြစ်ရန် ပုဒ်မ ၂၃၂၊ ပုဒ်မခွဲ(က ၁၊၂၊၃၊၄)တို့တွင် ဖော်ပြထားပါသည်။ ယင်းတို့အထဲမှ နံပါတ် ၃တွင် " ပုဒ်မ ၁၂၁တွင်ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေသော ပြဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ" ဟု ဖော်ပြထား သည်။ ပုဒ်မ ၁၂၁ကို ဆက်လက်လေ့လာလျှင် ပုဒ်မ ၁၂၁ ပုဒ်မခွဲ

(စ) နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း၊ ခံစားရသော အခွင့် အရေးများ သို့မဟုတ် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ

(ဆ) နိုင်ငံခြား တိုင်းပြည်တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေး အဖွဲ့အစည်း (သို့မဟုတ်) အခြားအဖွဲ့အစည်းများမှ ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း စသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သော နည်းလမ်းဖြင့် ဖြစ်စေ အထောက်အပံ့ရယူ သုံးစွဲသူ သို့မဟုတ် ယင်းအထောက်အပံ့ရယူ သုံးစွဲနိုင်သည့် အဖွဲ့အစည်းဝင်ဖြစ်သူ

ထို့ကြောင့် ပုဒ်မခွဲ (စ) အရ လူထုခေါင်းဆောင်အနေဖြင့် ပြည်ထောင်စုဝန်ကြီးဆိုရာထက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေသောအချက်နှင့်ပင် ညိစွန်းနေသေးသည်ဟု ဆိုရမည် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူမ၏ သားနှစ်ဦး သည် တိုင်းတစ်ပါးအစိုးရ၏ နိုင်ငံသားအခွင့်အရေးများကို ခံစားနေရဆဲဖြစ်ပြီး ထိုသို့သော ခံစားခွင့်များကို မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွှဲပြောင်းပေးအပ်ပိုင်ခွင့် ရှိနေသော ကြောင့်ဖြစ်သည်။ ပုဒ်မခွဲ(ဆ) ကို မူ NLD သည် ပြည်ပ အထောက် အပံ့ ရယူသည်၊ မယူသည်ဆိုသည်မှာ စာရေးသူ အနေဖြင့် မသိရှိပါ။ ထို့ကြောင့် (ဆ)ကို ထည့်သွင်းတွက်ချက်ရန် မလိုဟုသာ ယူဆပါသည်။

သမ္မတကြီးနှင့် လူထုခေါင်းဆောင်အကြားတွင် မည်သို့သော သဘောတူညီချက်များ ရှိခဲ့ကြောင်း မသိနိုင်စေကာမူ ဒေါ်အောင်ဆန်း စုကြည် ရွေးကောက်ပွဲဝင်မည့်သတင်းကို သမ္မတကြီးက ကြိုဆိုကြောင်းပြောကြားခဲ့သည်ဖြစ်ရာ လူထုခေါင်းဆောင်အနေဖြင့် ရွေးကောက်ပွဲဝင်ရန် အခက်အခဲ မရှိဟု ယူဆရဖွယ်ရှိပါသည်။ သို့သော် ဒုသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးဖြစ်ရန်မှာမူ အထက်ဖော်ပြပါ အချက်များက ညိစွန်းနေပါသေးသည်။

လူထုခေါင်းဆောင် သမ္မတ၊ ဒုသမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီးကဲ့သို့သော တာဝန်ကြီးများကိုရယူစေလိုသည်မှာ ပြည်သူတို့၏ လိုလားတောင့်တ ချက်ဖြစ်ပါသည်။ လူထုခေါင်းဆောင် အစိုးရအဖွဲ့ဝင်ဖြစ်ရေးအတွက် ဖွဲ့စည်းပုံပါ အချက်အလက်များကို ပြင်နိုင်ဖွယ်၊ အဓိပ္ပါယ် ထပ်မံဖွင့်ဆိုနိုင်ဖွယ် ရှိပါသည်။ ဥပမာ ခင်ပွန်း၊ ဇနီးဖြစ်သူသည် နိုင်ငံခြားသားပင် ဖြစ်စေကာမူ ကွယ်လွန်သွားပြီဆိုပါက လင်ခန်းမယားခန်းပြတ်စဲသည်ဟု မှတ်ယူရမည်၊ သားသမီးများသည် တိုင်းတပါး၏ ကျေးဇူးသစ္စာကို စောင့်သိရသော နိုင်ငံခြားသားဖြစ်စေကာမူ ထို သားသမီးကို သားသမီးအဖြစ်မှ စွန့်လွှတ်ကြောင်း ကြေညာပြီးလျှင်၊ ထိုသားသမီးမှ ရရှိနေသော အထောက်အပံကိုလည်း မယူတော့လျှင် အဆိုပါကန့်သတ်ချက် ပျက်ပြယ်သည်ဟူသည့် အချက်မျိုး ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေးဥပဒေများလည်း ယခင်ကထက် ဖြေလျော့လာပြီဖြစ်သလို လူထုခေါင်းဆောင်၏သားများ အမျိုးသားလွတ်လပ်ရေးခေါင်းဆောင်ကြီး၏ မြေးများသည် မြန်မာနိုင်ငံသားအဖြစ်ခံယူနိုင်ရန် လျှောက်ထားနိုင်မည့် အလားအလာလည်း ရှိကောင်းရှိနိုင် ပါသည်။ ဆိုရလျှင် လူထုခေါင်းဆောင် အစိုးရအဖွဲ့အတွင်း ပါဝင်လာနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို အများညီ ပြင်ဆင်နိုင်ကြပါသည်။

သို့ရာတွင် ထိုသို့ လူထုခေါင်းဆောင်၏ မျက်နှာကိုကြည့်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လိုက်လျှင် အနာဂတ်တွင် မြန်မာနိုင်ငံ၏ ခေါင်းဆောင်ကို ရွေးချယ်ရာ၌ ပြဿနာများစွာ ရှိလာပါလိမ့်မည်။ အနီးကပ်ဆုံး ဥပမာပေးရလျှင် မြန်မာနိုင်ငံတွင် မျိုးဆက်ပေါင်းများစွာ နေထိုင်လာကြ သော တရုတ်နှင့် အိန္ဒိယနွယ်ဖွားများအနေဖြင့် သမ္မတဖြစ်ရန်မှာ ဥပဒေကခွင့်ပြုသော်လည်း လူထု၏ စိတ်ဓာတ်ရေးရာ အခြေအနေများက ခွင့်ပြုနိုင်ဖွယ် မရှိပါ။ သို့ဖြစ်စေကာမူ မြန်မာနိုင်ငံသို့ ဝင်ရောက်နေထိုင်သည်မှာ မကြာသေးသည့်အပြင် တရုတ်နှင့် အိန္ဒိယနိုင်ငံများ၌ ဆွေမျိုးသားချင်းများလည်း ရှိနေသေးသော မြန်မာပြည်ပေါက် တရုတ်နှင့် အိန္ဒိယနွယ်ဖွားများအနေဖြင့် ငွေကြေးအင်အားတတ်နိုင်ပြီး ပါတီများတည်ထောင်ကာ လွှတ်တော်ကို စိုးမိုး၍ တနေ့နေ့ တချိန်ချိန်တွင် မြန်မာနိုင်ငံ၏ သမ္မတရာထူးကို ရယူသွားလျှင်ဆိုသည့် အခြေအနေကို စဉ်းစားကြရန်လိုပါသည်။ ထိုအချိန်တွင် လူထု ခေါင်းဆောင်လည်း ရှိတော့မည်မဟုတ်သလို ဖွဲ့စည်းပုံကိုလည်း ယခင်ကအတိုင်း ပြန်လည်သတ်မှတ်ရန်လည်း ရှုပ်ထွေးနိုင်မည့် အခြေအနေပင် ဖြစ်သည်။ ထို့ကြောင့် လူထုခေါင်းဆောင် သမ္မတ၊ ဒုသမ္မတ၊ ဝန်ကြီးဖြစ်ရေးသည် ဖြစ်သင့်ဖြစ်ထိုက်သော်လည်း အနာဂတ်တွင် ဖြစ်ပေါ်လာမည့် အကျိုး ဆက်များကို ကြည့်ရန်လိုပါသည်။ အထူးသဖြင့် အိန္ဒိယနှင့် တရုတ်သွေးနှောများအတွက် နိုင်ငံ၏အထွဋ်အထိပ်ရာထူးကို ရယူရန် လမ်းပွင့်သွား ပေလိမ့်မည်။

စာရေးသူအနေဖြင့် လူထုခေါင်းဆောင်ကို မထီမဲ့မြင် ပြုလုပ်ခြင်းမဟုတ်သလို ပုဂ္ဂလခံစားချက်အရဆိုလျှင် နိုင်ငံ၏ အထွဋ်အထိပ် ရာထူးအတွက် ထိုက်တန်ကြောင်း ခြွင်းချက်မရှိ လက်ခံပြီးဖြစ်ပါသည်။ သို့သော် လက်တွေ့ကျသည့် ရှုထောင့်များကိုသာ စဉ်းစားကြည့်ခြင်း ဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံတွင်မှ မဟုတ်ဘဲ ၁၉၄၇ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ၌ပင်လျှင် နိုင်ငံခြားသားနှင့် လက်ထပ်ထားသူ၊ တိုင်းတပါး၏ ကျေးဇူးကို ခံစားရယူနိုင်သူများကို နိုင်ငံ့ခေါင်းဆောင် ရာထူးရယူရန် အမျိုးသား ရေးအမြင်ဖြင့် ပိတ်ပင်ထား သည်ကို တွေ့ရပါသည်။

နိဂုံးချုပ်ဆိုချင်သည်မှာ လူထုခေါင်းဆောင်အနေဖြင့် ရာထူးရယူသည်ဖြစ်စေ၊ မရယူသည်ဖြစ်စေ NLD ပါတီ ဆက်လက်ရပ်တည် သည်ဖြစ်စေ၊ မရပ်တည်သည်ဖြစ်စေ ပြည်သူလူထု၏ ရင်ထဲတွင် အထွဋ်အထိပ်နှင့် အကြီးမြတ်ဆုံး ပုဂ္ဂိုလ်အဖြစ် မည်သူကမျှ လာ၍ ဖျက်မရ အောင် စွဲထင်နေသည်မှာ သေချာပါသည်။ နိုင်ငံအတွက် တာဝန်ကျေပွန်သည်ဟု ဆိုရာတွင်လည်း ပုခုံးပေါ်၌ ကြယ်ပွင့်တွေ ရှိရန်မလိုအပ် သလို စာရွက်ပေါ်တွင် ရိုက်နှိပ်ထားသော အသိအမှတ်ပြုလွှာများလည်း မလိုအပ်ပါ။ အိန္ဒိယနိုင်ငံမှ ဆိုနီယာဂန္ဒီသည် အီတလီသူစစ်စစ် ဖြစ်စေကာမူ အိန္ဒိယပြည်သူတို့၏ အသည်းနှလုံးဖြစ်ပါသည်။ သို့သော် သူမသည် ပါတီဥက္ကဋ္ဌ ရာထူးနေရာသာ ရယူထားပြီး နိုင်ငံ့ခေါင်းဆောင်ရာထူးအတွက် အိန္ဒိယလူမျိုးများကိုသာ တင်ပေးခဲ့ပါသည်။ သမ္မတသည် သက်တမ်းဆယ်နှစ်သာရှိ ပြီး အမျိုးသားခေါင်းဆောင်ဆိုသည်မှာ လူထုရင်ထဲတွင် ထာဝရရှိနေမည်ဖြစ်ပါသည်။ ထို့ကြောင့် လူထုခေါင်းဆောင်အနေဖြင့် အကြောင်းကြောင်းကြောင့် အစိုးရအဖွဲ့ဝင် မဖြစ်ခဲ့လျှင်ပင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ နိုင်ငံ့ရတနာတစ်ပါး ဖြစ်နေမည်မှာလည်း သေချာနေသည်ဖြစ်ရာ လူထုခေါင်းဆောင် အစိုးရအဖွဲ့ဝင်ဖြစ်ရေးအတွက် ဟန့်တားချက်များနှင့် ယင်းဟန့်တားချက်များကို ပယ်ဖျက်ခြင်းဖြင့် ဖြစ်ပေါ်လာနိုင်မည့် အကျိုးဆက် များကို စဉ်းစားဆုံးဖြတ်၍ နိုင်ငံရေးအရ ရွေးချယ်မှုပြုရန်မှာ အမျိုးသားရေး တာဝန်ကြီးတစ်ရပ်ပင် ဖြစ်နေပါလိမ့်မည်။

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment