Sunday 18 December 2011

ဖော်လံဖား - အပိုင်း ၅ [ သွန်းနေစိုး ]

by Thorn Nay Soe on Friday, December 16, 2011 at 1:54pm
နောင်သောအခါတွင် အောင်မောင်းဘ၀တလျှောက်၌ ဤဖြစ်ရပ်ကို မှတ်မှတ်ထင်ထင် ရှိနေမိလေတော့သည်။ သူ့အစွမ်းကို ပထမဆုံး အသုံးချရခြင်း။ အောင်မောင်း ဘယ်လိုလူဆိုသည်ကို ဒီဖြစ်ရပ်က သက်သေပြနေလေတော့၏။
အရင်ဆုံး သူ့ပထွေးကို အောင်မောင်းချဉ်းကပ်သည်။

`အဘ´
ပထွေးကား သေရည်ယစ်ကာ အိပ်ငိုက်နေလေ၏။ အတော်ကြီး အကြိမ်ကြိမ်ခေါ် လှုပ်နိုးမှသာ ရီဝေေ၀နှင့် ထလာ၏။

`ဟေ ဘာတုန်းကွ၊ မင်းကလည်း ရှုပ်လိုက်တာ´
`အဘ အကျိုးစီးပွားကို ထိခိုက်လာပြီဗျ´
`ဟေ ဘာတုန်း´
ဘာမှန်းသေချာမသိသေးသော်လည်း ထိုစကားတစ်ခွန်းနှင့်ပင် ပထွေးက ရုတ်ကနဲ ထရပ်၏။

`ကျနော်တို့ ကျောင်းက ဆရာမကလေ၊ အဘအရက်ပုန်းချက်ရောင်းနေတာကို ပိတ်ဖို့ လုပ်မယ်တဲ့´
`ဟ သူနဲ့ ဘာဆိုင်လို့တုန်းကွ´
`အင်းလေ မဆိုင်တာတွေ လျှောက်လုပ်လို့ သူ့ကို ငပွကြီး ခေါ်တာပေါ့´
`ကဲ သူက ငါ့ဆိုင်ကို ဘယ်လို ပိတ်မှာတဲ့တုန်း´
`သူက ကျောင်းအုပ်ကြီးကို တိုင်တယ်လေ၊ ကျောင်းအုပ်ကြီးက ဒီဒေသရဲ့ ရပ်မိရပ်ဖတွေထဲ ပါတယ်၊ အဲဒီတော့ ...´
 ထိုမျှ စကားသည်ပင် လုံလောက်သွားခဲ့ချေပြီ။ ပထွေးချက်ချင်း ရှူးရှူးရှားရှား ဖြစ်လာခဲ့လေ၏။

`ဘယ်မလဲ အဲဒီဆရာမ ငါသွားသတ်မယ်´
တွေ ဘာတွေ ဖြစ်လာ၏။ ပထွေးမှာ ဥာဏ်မရှိသူဆိုတော့ ထိုကဲ့သို့ပင် ဖျားယောင်းရ အင်မတန်လွယ်၏။

`ဟာ အဲဒီလောက်ကြီး လုပ်ဖို့ မလိုဘူးလေ? ဆရာကြီးကို အဘရဲ့ သဘောထားအမှန်ကို ပြရမှာပေါ့´
`ဟေ ငါ့သဘောထား အမှန် ဟုတ်လား၊ ငါက ဘယ်သူတေတေ ငတေမာရင်ပြီးရောပဲ လေ´
`ဟာ အဲဒီလိုကြီးတော့ ထုတ်ပြောလို့ ဖြစ်မလား၊ ကျနော်စီစဉ်ပါ့မယ် ကျနော့်တာဝန်ထားစမ်းပါ အဘရယ်´

ပထွေးက ပညာမတတ်သူဖြစ်၍ အောင်မောင်းပြောသမျှ နာခံရလေတော့သည်။
`ကဲ ဘယ်လိုလုပ်ရမလဲ ပြောစမ်းပါဦး´
`ကျောင်းအုပ်ကြီးကို ကျနော်တို့အိမ် ခေါ်လိုက်´
`ဗုဒ္ဓေါ! အကုန်မြင်ကုန်တော့မပေါ့´
`ဟာ မတွေ့သင့်တာတွေ မတွေ့ရအောင် ဖုံးထားကွယ်ထားပေါ့ အဘရယ်´
`ပြီးတော့ကော´
`လက်ဆောင်များများ အသင့်ဆောင်ထား´

ဒီလောက်ဆိုတော့ ပထွေးသဘောပေါက်ပေပြီ။ ဒါမျိုးက သူ အင်မတန်ကျွမ်းသော ကိစ္စမျိုးပေပဲ။
`ကောင်းပြီ၊ ကျောင်းအုပ်ကြီးတို့ တစ်မိသားစုလုံးကို ထမင်းစားဖိတ်လိုက်ကွာ၊ တို့အိမ်မှာ အကျဉ်းသဘော အလှူလုပ်လို့ လူရင်းတွေပဲ ဖိတ်တယ်ပြော´
`ဟာ ဒါဆို တခြားသူတွေပါ ဖိတ်နေရမှာပေါ့´
`မဖိတ်ဘူးလကွာ၊ ဆရာကြီးလာတော့ တခြားသူတွေ ပြန်ကုန်ပြီ ပြောလိုက်တာပေါ့၊ အစောကတည်းက လူရင်းတွေပဲ ဖိတ်တယ်ပြောထားတာပဲ၊ မင်းကလဲ ဝေးပါ့ကွာ´
`ဟာ အဘ လက်ဆောင်ပေးတာ သူ့ဆီ သွားပေးရင် ပိုမကောင်းဘူးလား´
`အင်း မသိပါဘူးကွာ၊ သူက ငါ့အိမ်ကိုလည်း ကြည့်ချင်နေမှာလေ၊ ဒီတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့´
`ဟာ ဟုတ်သားပဲ ပိုင်လိုက်လေ အဘရယ်´
၂ယောက်ပေါင်း၍ လောင်းကျော်ပေတော့မည်။
-----------------------------------------------------------------------------------------------------------------

သို့သော် ...
တကယ်တမ်းကျတော့ ဆရာကြီး မအား၍ ရောက်မလာနိုင်ပါ။

`ဦးကံသာရီ´ ဆိုသော လက်ထောက်တစ်ယောက်သာ ရောက်လာလေ၏။
အသားက မည်းမည်း၊ ထောင်ထောင်မောင်းမောင်း။ မျက်လုံးများက ဂနာမငြိမ်။
အသားအရောင်မှာ မည်းလိုက်သမှ မီးသွေးတုံးရှုံး၏။
အရပ်ကြီးက မိုးထိုးနေသော်လည်း ကြီးပေါကြီးနှင့် တူသည်။
မျက်လုံးတွေက စဉ်းလဲသော အရိပ်အယောင်ကို ဖော်ပြနေလေ၏။

သူက ရောက်သည်နှင့် အဘနှင့် စကားလက်ဆုံကျနေလေတော့သည်။
ဘာတွေ ဘယ်လိုပြောနေကြမှန်း အောင်မောင်းပင် မသိနိုင်တော့။
အဘက တိုးတိုး တိုးတိုး ကပ်ပြောသည်။
ဦးကံသာရီက တဟဲဟဲ ရယ်နေ၏။ ပြီးတော့ ခေါင်းတညိတ်ညိတ်နှင့်။
သူတို့အိမ်စရောက်ကတည်းက စားလိုက်တာဆိုတာ နင်းကန်။
ဘာဆို ဘာကိုမှ မကြည့်။
ဒီတော့ ဘာကိုမှလည်း တွေ့မသွား။
သေချာတာ တစ်ခုတော့ရှိသည်။ ပြန်သွားသည့်အခါ ဦးကံသာရီအိပ်ထဲ အတော်ဖောင်းကား ပါသွားခြင်းပင်တည်း။

အကျိုးသက်ရောက်မှုကား ချက်ချင်းသိသာပါသည်။
ဆရာကြီးက အတန်းပိုင်ဆရာမလေးကို ခေါ်ဆူသည်ဟု ကြားရ၏။

မျက်ရည်စွတ်သော မျက်နှာများဖြင့် ဆရာရုံးခန်းထဲမှ ပြန်လာသော ဆရာမလေးကို ကြည့်ရင်း အောင်မောင်းစိတ်ထဲ ကျလိကျလိဖြင့် ၀မ်းသာနေလိုက်သည်မှာ ပြောမပြတတ်အောင်ပင်။
`မှတ်ထားကွ၊ အောင်မောင်းတဲ့၊ အောင်မောင်းကို ဒါမျိုးလာစမ်းလို့ ဘာရမလဲ?´
သိသိသာသာကြီးတော့ ၀မ်းသာမှုကို မပြရဲ။ အရိုက်ခံရမှာလည်း စိုးသည်လေ။

ကျောင်းအုပ်ကြီး ရုံးခန်းသို့ အခေါ်ခံရတာက စုစုပေါင်း ၃ယောက်ဖြစ်သည်။
ဆရာမလေးရယ်၊ ဆရာ ဦးကံသာရီရယ်၊ အားကစားဆရာရယ်။
ထိုအထဲမှာ နှစ်ယောက်က အောင်မောင်းဘက်သို့ အပြတ်အသားပါ၏။
ဒီတော့ ဆရာမလေး ဘာများ တတ်နိုင်ပါဦးမည်နည်း။
ဆရာကြီးကလဲ ဟိုနှစ်ယောက်ဘက် လိုက်ရတော့သည်ပေါ့။

ဆရာမလေးက အောင်မောင်းကို တစ်ခွန်းတော့ ပြောခဲ့သည်။
`သားရေ မင်းအတွက် ဆရာမ ရင်လေးတယ်ကွာ၊ အားလုံးက ကျောင်းကို ဖွင့်ထားတဲ့ နှလုံးသားနဲ့လာကြတယ်။ သူတို့ရဲ့ အသိဥာဏ်နဲ့ နှလုံးသားကို ဖြည့်တင်းဖို့။ တစ်ချို့ ... အင်မတန်နည်းပါးလှစွာသော တစ်ချို့ကပေါ့လေ ... ကျောင်းကို ပိတ်ထားတဲ့ နှလုံးသားနဲ့လာတယ်၊ ကျောင်းတတ်တာ ဘာမှ ယူဖို့မဟုတ်ဘူး။ တကယ်တော့ လောကကကြီးကိုက သူတို့အတွက် အသတ်အပုတ်လေ့ကျင့်ရာ သတ်ကွင်းကြီးလိုမြင်နေတာ၊ အချိန်ကြာလာတာနဲ့အမျှ အသတ်အပုတ်မှာတော့ ကျင်လည်လာပါရဲ့၊ ဒါပေမဲ့ နှလုံးသားနဲ့ အသိဥာဏ်အဆင့်က တိုးမြင့်မလာဘူး။ ဘာပဲဖြစ်ဖြစ် သားဟာ ဆရာမဆီက အတန်းသား မဟုတ်လား။ ဒုတိယအမျိုးအစားမျိုးထဲ မပါနေပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်ကွယ်။ နှလုံးသားကို ဖွင့်လိုက်ပါ။ လောကကြီးဟာ တစ်ကိုယ်ရည်ကောင်းဖို့ချည်း မကြည့်တဲ့အခါ ဘာပဲဖြစ်ဖြစ် နေပျော်ပါတယ် သားရယ်၊ ဆရာမ သွားတော့မယ်´

နောက်သိပ်မကြာခင် ဆရာမလေး ကျောင်းပြောင်းသွား၏။  အောင်မောင်းလည်း ဘောလုံးပွဲတွင် ရှေ့တန်းတိုက်စစ်မှုးအဖြစ် ၀ံ့ကြွားစွာ ပါဝင်ခွင့်ရသည်။
သို့သော် ပွဲချိန်ပြည့်တော့ မဟုတ်။ ပွဲစပြီး မကြာခင် တစ်ဘက်အသင်းမှ ခြေစွာနေသူကို လူချကစားလို့ အထုတ်ခံလိုက်ရ၏။
ပွဲပြီးတော့ သူတို့အသင်းရှုံးသည်။
အောင်မောင်းလည်း မပျော်။
သူရဲကောင်းကြီးလည်း မဖြစ်။ သူ့ကြောင့် လူတစ်ယောက်လျော့လို့ ရှုံးရသည်ဆိုပြီး ၀ိုင်းဝန်းအပြစ်တင်ခြင်းသာ ခံရ၏။
မည်သို့ဆိုစေ ... အောင်မောင်းကား နောင်တ မရခဲ့ပါချေ။

ဥပဒေသ ၂။ ဖော်လံဖားဆိုသည်မှာ ဘယ်တော့မှ နှလုံးသားလည်း ပိုရင့်ကျက်မလာ၊ အသိဥာဏ်လည်း ပိုမြင့်တက်မလာ တတ်သူများဖြစ်သည်။

သွန်းနေစိုး Thorn Nay Soe

( Facebook မှကူးယူဖေါ်ပြပါသည်)


No comments:

Post a Comment