Saturday 10 December 2011

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခြင်း အနှစ်(၂၀)ပြည့်ဂုဏ်ပြုပွဲ အခမ်းအနား (ဓာတ်ပုံ)
Posted: 10 Dec 2011 02:14 AM PST
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခြင်း အနှစ်(၂၀)ပြည့်ဂုဏ်ပြုပွဲ အခမ်းအနား
 (ဓာတ်ပုံ) ဒီမိုဝေယံ..
Posted: 09 Dec 2011 10:18 AM PST
C P ကြက် သို့မဟုတ် လွတ်လပ်ခြင်းကို မနှစ်မြို့သူ
(ကဗျာ ဆရာနေရဲနီ)

C P ကြက်ဆိုတာ
အသားစားဘို့ သီးသန့်မွေးတဲ့ အသားစားကြက်လေ။
သူတို့ရဲ့ ဘ၀ဟာ
ဥဖောက်စက်ကစပြီး ထက်ရှတဲ့ ဓားသွားပေါ်မှာ နိဂုံးချုပ်တယ်။
မွန်းကြပ်တဲ့ ကြက်ခြံနဲ့ မှုန်ပြပြ အလင်းရောင်ဟာ
သူတို့ရဲ့ ကမ္ဘာပေါ့။
နွေးထွေးတဲ့ မိခင်ရဲ့ကိုယ်ငွေ့နဲ့
ကတော်ကတော် ကတက်ကတက်ဆိုတဲ့
သားခေါ်သံနဲ့ အစာခွံ့သံတွေဟာ
C P တွေအတွက်တော့ ရာဇ၀င်ထဲက ဒဏ္ဍာရီတစ်ပုဒ်ပါဘဲ။
အစာစားတဲ့အခါ တစ်ကောင်နဲ့ တစ်ကောင်
လုယက်ထိုးဆိတ် ကုတ်ခြစ်ကြလွန်းလို့
C P မှန်သမျှ ခြေဖျားအတောင်ဖျား နှုတ်သီးဖျားတွေ အဖြတ်ခံထားရတယ်။
အချင်းချင်း တခြံထဲနေတာတောင်
တစ်ကောင်နဲ့  တစ်ကောင် မသင်္ကာတဲ့အကြည့်နဲ့ အနားကပ်လာသူ မှန်သမျှရန်သူလို သဘောထားတတ်ကြပြီး
ကြီးနိုင်ငယ်ညှင်း အတ္တသမားတွေ ကြီိးစိုးကြတယ်။
အောက်အီးအီးအွတ်ဆိုတဲ့
သန်းခေါင်ကြက် သန်းလွဲကြက် အာရုဏ်ကြက် လင်းကြက် အစရှိတဲ့
ကမ္ဘာမြေကို အကျိုးပြုတဲ့ ကြက်တွန်သံဟာ
C P တွေလောကမှာမရှိဘူး။
အတောင်တဖျပ်ဖျပ်ခတ်ရင်း ပြိုင်ဘက်ကိုစိန်ခေါ်တဲ့
ကြိုးဝိုင်းထဲက အလံလုပွဲဆိုတာ ဘယ်သောခါမှ မရှိခဲ့ပေမဲ့
အစာလုရင်း သတ်ပုတ်ကြတဲ့ ရန်ပွဲကတော့ နေ့စဉ်နဲ့အမျှပါဘဲ။

နုတော့ တပွက်ဆူ
ရင့်တော့ ပြုတ်မနူး
မနုမရင့် ဖွံ့ထွားတဲ့အရွယ်မှာ C P မှန်သမျှ
ဟင်းအိုးထဲ ရောက်ကြရတယ်။
ကြက်အရှင်သားကိုမှ လတ်လတ်ဆတ်ဆတ် ကြိုက်တဲ့သူတွေအတွက်
C P တွေကိုဈေးမှာ ချရောင်းတဲ့အခါ
တစ်ထွာသာသာမြင့်ပြီး လေးပေပတ်လည် ခြံလေးအတွင်းမှာ
C P အကောင်၅၀လောက်ကို ဒီအတိုင်းလွှတ်ထားတယ်။

ငှက်မျိုးနွယ်ဝင် ကြက်တွေအတွက်
တစ်ထွာသာသာ အမြင့်ဟာခုန်ထွက်ဘို့ အတွက်မပြောပလောက်ပေမဲ့
C P ကြက်တွေဟာ
ခုန်လွှားတယ်ဆိုတာမသိခဲ့လေတော့
ခုန်ထွက်ဘို့ မစဉ်းစားခဲ့ကြဘူး။
အမိုးမရှိတဲ့အခိုက် ပျံထွက်ရင် လွတ်မြောက်နိုင်ပေမဲ့
ပျံသန်းခြင်းသင်္ခန်းစာကိုဘယ်သောအခါမှမသင်ကြားခဲ့ရလေတော့
ပျံသန်းတယ်ဆိုတာဘာမှန်းမသိခဲ့ကြဘူး။
ပြေးလွှားတတ်ရင်လွတ်လပ်နိုင်ပေမဲ့
အသားတိုးဘို့ကြွေးတဲ့ အဆီအဆိမ့်တွေကိုဘဲ
နေ့စဉ်စားလာရတော့ ပြေးထွက်ဘို့ ဆိုတာလည်း မဖြစ်နိုင်ပြန်ဘူး။
လွတ်လပ်တဲ့ ကောင်းကင်
သန့်စင်တဲ့ လေထု
အပြောကျယ်တဲ့လောကပတ်ဝန်းကျင်
လွတ်မြောက်မှုရဲ့ အရသာ ဒါတွေအားလုံးဟာ
C P တွေအတွက် တစိမ်းပြင်ပြင် ဖြစ်နေလေတော့
ထားရာနေ ကျွေးတာစား အသတ်ခံ ရမယ့်အချိန်ကို စောင့်နေရတဲ့ဘ၀မှာ
တစ်ကောင်ကောင်ကများ လွတ်လပ်ခြင်းအတွက် ရုန်းထွက်ဘို့ ကြိုးစားမယ်ဆိုရင်တောင်
မိုးးခါးရေ မသောက်နိုင်သူအဖြစ်  သတ်မှတ်ခံရပြီး
ရန်သူအဖြစ် ထိုးဆိတ်ခြင်းကို ခံကြရတယ်။

ဝယ်သူညွှန်ပြရာကို ဆတ်ကနဲ ဆွဲယူလိုက်တဲ့အချိန်မှာ
ကျန်ခဲ့တဲ့ C P တွေအတွက်
အနေချောင် အစားချောင်ပြီ အမှတ်နဲ့ ပျော်နေကြတုန်း
သိပ်မကြာပါဘူး တစ်ခြံလုံး ပြောင်တော့တာပါဘဲ။

ကြက်မှာလည်းC P ကြက်ရှိသလို
လူမှာလည်း C P လူရှိတယ်။

ဟီလာရီကလင်တန် မြန်မာပြည်လာတော့
ရာထူးဆိုတဲ့ ခြံထဲမှာ နေသားကျပြီး
လွတ်လပ်ခြင်းဆိုတာဘယ်လို ဟာမှန်းမသိတဲ့
ထားရာနေ ကျွေးတာစား ပေးတာယူ ပြန်မပြောဝံ့တဲ့
ဗျူရိုကရက်လောကသား
ညွှန်ချုပ်ရာထူးနဲ့ C P လူတစ်ယောက်က
နိုင်ငံပိုင် သတင်းစာကနေ အချိန်ကိုက်ကြော်ငြာတစ်ခုကို
ခနဲ့သလို ရွဲ့သလိုလှောင်သလို ပြောင်သလို
သတိပေးစကားလို မချိတင်ကဲ စကားလို
အမည်ဖေါ်ပြလို့ မရတဲ့သုတေသန တစ်ခုအတွက်
၈၈ ကာလက ဆရာဝန်တစ်ယောက်
လက်ကမ်းဖြန့်ဝေခဲ့တဲ့ စာစောင်လေးကို
မိတ္တူရှိရင်တောင်ထိုက်တန်တဲ့ဆု ချီးမြှင့်ပါ့မယ်အကြောင်း
အဲဒီစာစောင်အမည်ကတော့
မီးဟုန်းဟုန်း တောက်တော့မည့် မြန်မာပြည် တဲ့။

လွတ်မြောက်ခြင်းကို အလိုမရှိတဲ့ C P ကြက်လို လူတွေကို သတိထားဘို့အတွက်
စေတနာနဲ့ရေးလိုက်ရပါသည်။

နေရဲနီ
ပြည်တွင်းမှ ကဗျာရှင် ဆရာနေရဲနီရဲ့ ကဗျာများ ပြန်ဖတ်လိုလျှင် Label မှ နေရဲနီကဗျာများအား နှိပ်၍ပြန်လည် ဖတ်ရှုနိုင်ပါသည်..။

(CP ကြက်နဲ့ ဥစားကြက်အကြောင်း ဗဟုသုတအဖြစ် ဖတ်ရှုလိုလျှင် ဒီမှာသွားရောက် ဖတ်ရှုနိုင်ပါသည်။ (Click)
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment