Sunday 11 December 2011

ဖော်လံဖား - အပိုင်း ၁ [ သွန်းနေစိုး ]

by Thorn Nay Soe on Monday, December 5, 2011 at 4:22pm
[ နိဒါန်း ]

သူ့ကို ဘာစီးပွားရေးလုပ်သလဲ မေးလျှင် သူ့မှာပြစရာများစွာ ရှိပါသည်။ သို့သော် ယင်းတို့အားလုံးမှာ အပေါ်ယံမျှသာ။
တကယ်ငွေဝင်သော စီးပွားရေးလုပ်ငန်းမဟုတ်။
လူတွေမသိသော စီးပွားရေးကြီးတစ်ခု သူ့မှာ ရှိနေ၏။
တကယ့်ငွေဝင်လမ်းမှာလည်း ထိုစီးပွားရေးမှသာ ဖြစ်၏။
အင်မတန်ထူးဆန်းသော စီးပွားရေး။
ထိုစီးပွားရေးအား `ဖား´ စီးပွားရေး ဟုခေါ်၏။
ထူးဆန်းသွားပါသလား။
ဖားတွေကို အရောင်းအ၀ယ်လုပ်နေခြင်းတော့ မဟုတ်ပါ။
သို့သော် ဖားအရောင်းအ၀ယ်လုပ်နေသူကပင် သူနှင့် အနှိုင်းခံရလျှင် အော့နှလုံးနာလွန်းလို့ လက်မထိုးပဲ ဝေါ့ကနဲ ထိုးအန်မိလိမ့်မည်ဖြစ်သည်။
သူ့ဖားက သက်ရှိသတ္တ၀ါမဟုတ်။ တင်စားပြောဆိုခြင်းဟု ဆိုရမည်လား။
နာမည်အပြည့်အစုံပြောရလျှင် ဖော်လံဖားစီးပွားရေးဟု ခေါ်ရလိမ့်မည် ထင်၏။
ဘကြောင့်တုန်း။ သူ့နာမည်ကိုက ဖော်လံဖားဟု ခေါ်ပါသည်။

အဲဒီ ဖော်လံဖားဆိုသော စကားကို သတင်းစာဆရာကြီးတစ်ယောက်က တီထွင်ခဲ့ကြောင်း မှတ်သားရဘူးသည်။
ကျနော့်စိတ်ထင် သူ့ကိုများ ကြိုမြင်ပြီး တီထွင်ပေးခဲ့သလား ထင်မိပါသည်။
ဖော် - လံ - ဖား။ ထိုစကားများသည် သုံးလုံးထဲနှင့် အင်အားရှိလှသည်။
ထိုစကားနှင့် နှိုင်းစရာ တခြားစကားလုံး ရှာလို့ မတွေ့ခဲ့။
သာပေါင်းညာစား .... ဒါကကျတော့ ပြောချင်သည့်အဓိပ္ပါယ် မတိကျဘူး ဖြစ်နေခဲ့သည်။
သာကူး .... ဒါကျတော့လဲ ပျော့သည်။
သာရာစီး .... ဒါလဲ လိုရင်းအဓိပ္ပါယ် အတိအကျမရောက်။
ဆဲရေးသည်လည်း မဟုတ်ပါဘဲနှင့် တကယ်နင့်ကနဲ ထိသွားအောင် ထိုစကားသုံးလုံးကသာ စွမ်းဆောင်နိုင်ခဲ့ပါ၏။
ဖော် - လံ - ဖား။
အဆီနှင့် ၀င်းနေသော သူ့မျက်နှာ ပြုံးဖြဲဖြဲကြီးက အသက်မပါသော အပြုံးကို ချိတ်ဆွဲထားကာ အခွင့်အရေးတစ်ခုခု ပေးစွမ်းနိုင်သူအား ခေါင်းလျိုးရိုကျိုးပြစဉ်တိုင်း၌ မြင်ရသူရင်ထဲ ထိုစကားတစ်ခွန်းပေါ်လာမြဲဖြစ်ပါသည်။

ဖော်လံဖား။ သူ့မှာ ဘာအရည်အချင်းမျှ မရှိ။ ဖော်လံဖားတတ်ခြင်းတစ်ခုသာ ရှိ၏။
ဖော်လံဖား။ သူ့မှာ ဘာခံယူချက်မှ မရှိ။ ကိုယ်ကျိုးသီးသန့်လိုအပ်ချက်အတွက် ဖော်လံဖားတတ်ခြင်းသာ ရှိ၏။
ဖော်လံဖား။ သူ့မှာ ဘာမာနမျှ မရှိ။ သာရာဘက်သို့ တမုဟုတ်ချင်းပြေးကူးကာ ဖော်လံဖားခြင်းကိုသာ လုပ်တတ်သည်။
သို့သော် ဘယ်သူ ဘာပြောချင်ကြသနည်း။ သူကား ချမ်းသာသည်။
သူများတကာ တစ်သက်လုံးကုန်းရုန်းလုပ်မှ အနိုင်နိုင်ရှာရသော ပိုက်ဆံကို သူက တစ်လလောက်နှင့် သုံးဖြုန်းပစ်နိုင်၏။
ဒီ့အတွက် သူ့ဘက်က ပြန်ပေးရသည်ကဖြင့် တစ်ခုတည်း။
ဖော်လံဖား ခြင်းမျှသာဖြစ်၏။

အခွင့်အရေးသာ ရမယ်ဆိုလို့ကတော့ ...
နေပူကြီးမှာ ဂေါက်အိတ်ကြီးလိုက်ထမ်းပေးရမလား? ရသည်။
လေယာဉ်ကအဆင်း ဘာမှမလေးသော အိတ်ကို ရုပ်ဆင်းပျက်လောက်အောင် အတင်းလုကိုင်ပေးရမလား? ရသည်။
ထီးတော်မိုးရ မိုးရ။ သူရာရေတော် ဆက်ရ ဆက်ရ။ နောက်ဆုံး တိတ်တိတ်ကလေးဖြင့်
`ဆရာ ဟိုမှာ အသစ်ကလေးတွေ ရောက်သတဲ့´
ဆိုတာမျိုး အကျိုးတော်လည်း ဆောင်တတ်ချေသေး၏။

ဘယ်သူ့ကို တွေ့လိုက်သည်ဖြစ်စေ၊ ဆရာခေါ်ဖို့ သူဝန်မလေး။ အဘခေါ်ဖို့ ၀န်မလေး။
သြော် မေ့သွားလို့။ သူ့ကို အခွင့်အရေးပေးနိုင်သူများကိုသာ ဆရာ (သို့) အဘ ဟု ခေါ်ပါသည်။
သူ့ဆီကများ အကူညီတစ်ခုခု မမျှော်လင့်လေနှင့်။ ကိုယ့်ထက် မိုးထိုးလောက်အောင် အသက်ကြီးနေပေ့စေဦး။ ငါနှင့် ကိုင်ကာ တုတ်ချင်တုတ်တတ်၏။
အထက်ဖားအောက်ဖိ လူစားမျိုးပင်တည်း။
သူ့လက်အောက်သာ ရောက်လို့ကတော့ ငရဲပြည်က ယမမင်းသည်ပင် သူ့လောက် သဘောထား မဆိုးဟု ထင်သွားလောက်ပေသည်။

ဒီလောက်ဆိုလျှင်ဖြင့် သူ့အကြောင်း အကြမ်းဖျဉ်းတော့ ခန့်မှန်းနိုင်လောက်ပေပြီ။
ဘယ်လိုလဲ? ချစ်ကြသည်လား?
ဟုတ်ကဲ့ ခင်ဗျားတို့ မချစ်လည်း ဘာမှ မဖြစ်ပါ။ သူကလည်း ခင်ဗျားတို့ကို မချစ်ပါ။
ခင်ဗျားတို့ကိုမှ မဟုတ်၊ ဘယ်သူ့မှကို သူမချစ်။ သူချစ်တာ သဝေထိုး င ၀ဆွဲ ဟု စာလုံးပေါင်းသော အရာတစ်ခုသာ ရှိ၏။
ထိုအရာကိုလွယ်လင့်တကူပေးနိုင်မည့် အခွင့်အရေးကို သူမျှော်သည်။ ထိုသို့ အခွင့်အရေး ပေးနိုင်မည် (ထင်သောသူ) ကို မျက်နှာချိုသွေးသည်။ ပြေးကပ်သည်။
ထိုလူမျိုးကဖြင့် ရင်ဝကို ဆောင့်ကန်ဆောင့်ကန် သူက ပြုံးနေမှာပဲ။
ဒီအတွက် သူ့ကို ဝေဖန်မည်လား? ကိုယ်ယုံကြည်ရာကို မှန်တယ်ဆိုရင် ဘယ်သူတားတား လုပ်မှာဘဲဟုပင် အသံကောင်းဟစ်လိုက်လေဦးမည်။ သူယုံကြည်သည်က ဘာလဲ?
ပိုက်ဆံ ဖြစ်ပါသည်။
အခွင့်အလမ်း ဖြစ်ပါသည်။
တစ်ကိုယ်ရေ ကောင်းစားရေး ဖြစ်ပါသည်။
သူ့မှာ ဘက်မရှိ။ ခွန်အားအပြည့်ဆုံးဘက်မှနေမည်ဟု သူကျူးရင့်လေ့ရှိသည်။
ယခုက စ၍ သူ့အကြောင်းလျို့ဝှက်ချက်များအား ပြောပြပါတော့မည်။ နှာခေါင်းရှုံ့၊ နှုတ်ခမ်းရွှဲ့၊ မျက်နှာမဲ့ကာ နားဆင်တော် မူကြပါကုန်။

သွန်းနေစိုး Thorn Nay Soe
( Facebook  မှကူးယူဖေါ်ပြပါသည်)

No comments:

Post a Comment