ဖော်လံဖား - အပိုင်း ၂ [ သွန်းနေစိုး ]

by Thorn Nay Soe on Tuesday, December 6, 2011 at 11:31am
[နောက်ထပ်အမှာစကားတိုလေးတစ်ခု ပါးပါရစေ။
ဖော်လံဖားဝတ္ထုပထမပိုင်းကို တင်ပြီးသောအခါ ဟိုလူ့အကြောင်းရေးတာလား၊ ဒီလူ့ကိုပြောတာလား စသဖြင့် ပြောဆိုမေးမြန်းကြပါသည်။
ကြိုက်ရာလူကို ထင်နိုင်ပါသည်။ ထိုကဲ့သို့ လွတ်လပ်စွာ ယူဆပိုင်ခွင့်ရှိခြင်းသည်ပင်လျှင် အနုပညာတစ်ခု၏ တန်ဘိုးဖြစ်ပေလိမ့်မည်။
ကျနော့်အနေနှင့်တော့ ဘယ်သူတစ်ဦးတစ်ယောက်တည်းကိုမျှ သီးသန့်မရည်ရွယ်ပါ။ ဘာကြောင့်နည်း?
ကျနော်ကား ဖော်လံဖားများကို စက်ဆုတ်သူ အထင်သေးသူ တစ်ယောက်ဖြစ်ပါသည်။ လူတစ်ဦးတစ်ယောက်တည်းကိုတော့ဖြင့် မရည်ရွယ်နေတော့ပါ။
ကျနော်ရည်ရွယ်သည်မှာ အကျင့်ပျက်ခြစားခြင်းများဖြစ်ပေါ်လာစေသော ဖော်လံဖားမှုကို တိုက်ဖျက်လိုခြင်းမှာ ဤ၀တ္ထု၏ရည်ရွယ်ရင်း ဖြစ်ပါသည်။

ယခု ဤအမှာစာနှင့်အတူ အပိုင်း ၂ တင်လိုက်ပါ၏။ ဤအပိုင်းကို ဖော်လံဖား၏ အတိတ်သမိုင်းဟုလည်း ခေါင်းစဉ်ခွဲ ထိုးထားခဲ့ပါသည်။
အမှန်တိုင်းပြောရပါလျှင် ဤအပိုင်းရေးရသည်မှာ ရေးလို့ကောင်းသလောက် မရေးလည်းမရေးချင်အောင် ဖြစ်ရပါသည်။
ကျနော်ကား အတိတ်ကို မြေမလှန်လိုသူ ဖြစ်ပါ၏။ သို့သော် အတိတ်ဆိုသည်ကား အကောင်းဆုံးသင်ခန်းစာဖြစ်ပါချေ၏။ အတိတ်အား ဖျောက်ကွယ်ချန်ထား၍ မရပါ။
ထို့ကြောင့် ကျနော့်ဝတ္ထုတွင်လည်း ကျနော့်ဇာတ်ကောင်၏ အတိတ်သမိုင်းကို ရေးပြရပါ၏။
ဤနောက်ခံကို ပြည့်စုံစွာ ပုံဖော်လေမှ ပစ္စုပ္ပန်၏ ဖော်လံဖားအကြောင်းကို ရုပ်လုံးကြွအောင် တည်ဆောက်၍ ရပါမည်။
မည်သို့ဆိုစေ။ ဖော်လံဖား၏ အတိတ်ဇာတ်ကြောင်းအား လွန်ခဲ့သော နှစ်၆၀လောက်မှ ဇာတ်လမ်းပိုင်းတစ်ခုအား ပြန်ပြောပြနေသည့်သဖွယ် မှတ်ယူခံစားကြပါကုန်။]

--------------------------------------------------------------------------------------------------

[ဖော်လံဖား၏ အတိတ်သမိုင်း]

[ ၁ ]
အနှီ သကောင့်သား ဖော်လံဖားကြီး၏ အတ္ထုပ္ပတ္တိမဟာတွင် အထူးခြားဆုံးသော ဖြစ်ရပ်တစ်ခုက စတင်ရမည်ဆိုလျှင် ရန်ပွဲတစ်ပွဲအကြောင်းက စပြောရပေမည်။
သူ့အမေနှင့် သူ့ပထွေး၏ ရန်ပွဲ။
ခါတိုင်းလဲ ထိုနှစ်ယောက်ဆိုသည်က တကျက်ကျက်တော့ ဖြစ်နေကျပင်။

ပထွေး၏ အကျင့်က အင်မတန်ဗိုလ်ကျ နှိပ်စက်တတ်သည်။ စိတ်မထင်လျှင် လက်ပါ ပါတတ်၏။
သူ့အမေကိုလည်း နှိပ်စက်သလို သူတို့ သားသမီးတွေကိုလည်း နှိပ်စက်တတ်ချေ၏။
တစ်ခါတစ်လေဖြစ်ရတာက အမေက သူတို့ဘက်က ကာကွယ်ပေးရင်းနဲ့ဖြစ်ရတာ။
ဖော်လံဖားကြီးကတော့ ဘာတွေ ဘယ်လိုဖြစ်ဖြစ် နေသာသပ လေညာက ပါပဲ။
သူ့မျက်စိရှေ့တည့်တည့်မှာ မအေကို ပထွေးရိုက်နေတာ မြင်လည်း အသွားမပျက် အစားမပျက်။
ကိုယ့်မအေ ဒူးနဲ မျက်ရည်သုတ်နေရလဲ သူကား ပခုံးလေးတောင် တစ်ချက်မတွန့်ဘူးဆိုသော လူစားမျိုးဖြစ်သည်။

အပြင်လူတွေမေးလာလျှင် ပြောလိုက်ချေသေး၏။
`အခုလဲ တို့အိမ်တွင်းရေး သာယာနေသားပဲ၊ ငါတို့ အိမ်တွင်းရေးကို ဘယ်သူမှ ၀င်ပါစရာမလိုဘူး´
ထိုစကားက သူ့ပထွေး ပြောနေကျဖြစ်သည်။ ဖော်လံဖားကြီးကလည်း ထိုအတိုင်း တစ်ထပ်တည်းလိုက်၏။

ပြောရဦးမည်။ ဖော်လံဖားကြီး၏ နာမည်မှာ အောင်မောင်းဖြစ်၏။
တကယ်က အောင်စည်အောင်မောင်းဆိုသော သဘော၊ အင်မတန်ကောင်းသော အတိတ်နိမိတ်ပါ။
ဒါပေမဲ့ ဂုဏ်သိက္ခာမရှိသော သူ့အသွင်နှင် ဖြဲစပ်စပ် သူ့မျက်နှာထားအား မြင်ရသည်မှာ ထိုသို အတိတ်နိမိတ်ကောင်းပေါ်မလား။
`အောင်´ ဆိုသော အသံမှာ ခွေးတစ်ကောင်အား ဘေးပိတ်ကန်လိုက်လို့ ထွက်ပေါ်လာသော အသံလို ဖြစ်နေ၏။
တစ်ချို့ခွေးတွေက `အိုင်´ ကနဲ အော်ကြသော်လည်း တစ်ချို့ခွေးတွေကတော့ `အောင်´ ကနဲ အော်သံလိုလိုထွက်သည်လေ။
မောင်း ဆိုသည်ကလည်း မောင်းချသလို အဓိပ္ပါယ်ဖြစ်နေပြန်၏။
ထို့ကြောင့် ဖော်လံဖားတစ်ဖြစ်လဲ ထို အောင်မောင်းအား တွေ့ရသည်မှာ ...
`ပလူးကြပြေးကျို့ခါခါ ခွေးသို့ပမာ´ ဟူသော အချုပ်တန်းဆရာဖေ၏ တေးထပ်တစ်ပုဒ်မှာစာပိုဒ်ကို သက်ရှိထင်ရှားပြသနေသည့်ပမာ ခံစားရလေ၏။။

တစ်ရက်မှာတော့ သူ့အမေနှင့် ပထွေး အကြီးအကျယ်ရန်ဖြစ်ကြ၏။
ခါတိုင်းရန်ဖြစ်သည်များထက် ပိုကြီးသာ ရန်ပွဲတစ်ခုပါ။
အကြောင်းက သူ့အစ်မကို ပထွေးက ထိကပါးရိကပါး လုပ်လာသော ကိစ္စ။
သူတို့မောင်နှမတွေက ပထွေးနှင်မွေးတာ တစ်ယောက်မှမပါ။
သူတို့ ငယ်စဉ်မှာပင် ဖအေရင်းက သူများသတ်လို့ ဆုံးသွား၏။ ထိုစဉ် မအေကြီး အားငယ်နေခိုက် ပထွေးက သူတို့အမေကို သိမ်းပိုက်လိုက်၏။

ထိုတစ်နေ့ ရန်ပွဲဖြစ်တော့ ခါတိုင်းထက် ပိုကြီးမားတာတော့ အောင်မောင်းသိသည်။
သည်တော့ ချောင်တချောင်မှာကပ်ပြီး အခြေအနေ စောင့်ကြည့်နေ၏။
မအေကြီးဘက်က ပါပေးရန်တော့ မဟုတ်။ အခြေအနေစောင့်ကြည့်နေခြင်းသာ။
သူ့ပထွေးက သူ့ထက် အင်အား များစွာ သာလွန်၏။ ဒီတော့ ၀င်ပါလျှင်သူသာ နာပေမည်။
အုပ်နံရံကို ခေါင်းနှင့် ၀င်မတိုက်ဟု သူအမြဲကျွေးကျော်လေ့ရှိ၏။

ရန်ပွဲက တစ်စစ ပိုဆိုးလာသည်။
`နင်မနေချင် ငါ့အိမ်ပေါ်က ဆင်းသွား´
ယင်းစကားမှာ ပထွေးပြောနေကျဖြစ်ပါသည်။ တကယ်က ပထွေးအိမ်မဟုတ်။ သို့သော် ယခုအခါ မောင်ပိုင်စီးထားချေပြီ။
`ဆင်းတယ်၊ ဆင်းတယ် ဟိုဘက်လွန်အောင်တောင် ဆင်းလိုက်သေးတယ်၊ ရှင့်လိုလူမျိုးနဲ့ အတူမနေချင်တာကြာပြီ၊ အော့နှလုံးနာလွန်းလို့´
မအေကြီးက ထဘီကို တင်းတင်းပြင်ဝတ်သည်။ သူ့အစ်မကို တစ်ချက်လှမ်းကြည့်လိုက်၏။
အကြီးအကျယ်ပြဿနာတွေ တက်နေကတည်းက သူ့အစ်မက အထုတ်အပိုး အသင့်ပြင်ထားချေပြီ။
ပြောသာပြောတာ အမေကြီးစိတ်တော့ မကောင်း။ သူတို့ သွေးနှင့်ချွေးနှင့်တည်ဆောက်ခဲ့သော အိမ်ကလေးပေကိုး။
အိမ်ကို ကြေကွဲဆို့နင့်စွာ ဝှေ့ကြည့်လိုက်မိ၏။ ပြီးတော့ မျက်ရည်စများကို သိမ်းသည်။
မျက်နှာထားကို တင်းလိုက်၏။ မျက်နှာကို မော့လိုက်သည်။
`အို ဘာပဲဖြစ်ဖြစ်လေ၊ အဆိုးဆုံးထက် ဆိုးစရာတော့ ဘာမှ မရှိပါဘူးဟယ်´
ဟု ကိုယ့်ဘာသာ တစ်ယောက်တည်း ရေရွတ်လိုက်၏။
ပြီးတော့ အောင်မောင်းနား လျှောက်လာကာ လက်ကို အသာအယာလာ၍ တွဲလေသည်။

`လာ သားလေး၊ တို့တွေ သွားစို့´
ထိုစဉ်မှာပင် ...
အောင်မောင်းက ဘယ်လိုမှ ထင်မှတ်မထားသော အပြုအမူတစ်ခုကို ပြုလုပ်လိုက်လေသည်။
မအေကြီးလက်မှ ရုတ်တရက် ရုန်းထွက်လိုက်ခြင်းပင်။
မျက်လုံးကြီးပြူးကာ သူ့အမေ အံ့အားသင့်သွား၏။
`ဘာ ... လဲ ... ဟင်´
စကားသံသည်ပင် ပီပီသသ ထွက်မလာ။ တံတွေးနင်နေသလို တစ်ဆို့ဆို့ ထစ်ထစ်ငေါ့ငေါ့ဖြစ်သွားလေ၏။
အောင်မောင်းက မအေ့ကို တစ်ချက်မှ လှည့်မကြည့်။ ပထွေးအား အကူညီတောင်းသလို တစ်ချက်လှမ်းကြည့်လိုက်ချေ၏။ ပြီးမှ ပြောချလိုက်သည်။
`ကျနော် မလိုက်ချင်ဘူး အမေ´
`ဟင်´
`ဟုတ်တယ်၊ ကျနော် မလိုက်ချင်ဘူးပြောတာ၊ အမေနဲ့လိုက်ရင် ဘာနဲ့ သွားစားမလဲ၊ ဘယ်မှာ သွားနေမလဲ´
`သားလေးရယ် တို့က မိသားစုအရင်းတွေပဲ အေးအတူ ပူအမျှပေါ့´
ထိုစဉ်မှာပင် ပထွေးက အထက်စီး လေသံဖြင့် ၀င်ပြောလေတော့သည်။
`အေး ဒါပဲပေါ့၊ အောင်မောင်းကမှ အမှန်ကို မြင်သေးတယ်၊ Reality ကို ကြည့်ရမယ်နော်၊ အရှိတရားကို နားလည်ရမယ်၊ အရှိကို အရှိအတိုင်း မမြင်တာ လူမိုက်ပဲ´
ထိုစကားသည် ပထွေးက အောင်မောင်းအစ်မကို ရည်စူးပြောလိုက်ခြင်းလည်း ဖြစ်ပါသည်။ ကောင်မကလေးက ရွှေရင်သိမ်းသစ်အရွယ် ဆူဆူဖြိုးဖြိုး။ ပထွေးသွားရေယိုနေသည်မှာ ကြာပြီ။

ထိုလေသံထွက်လာသည်နှင့်ပင် အောင်မောင်းက ...
`ကျနော်တော့ အဘနဲ့ပဲ နေခဲ့တော့မယ်´
ပြောလိုက်သည်မှ ရင်ကိုမော့ ခေါင်းကိုချီလို့။ မအေ ကျွေးလို့မွေးလို့ ဒီအရွယ်ရောက်လာသည်မှ မထောက်။
တကယ်တော့ အောင်မောင်းက ငို့ဘ သမားပင်တည်း။
သူ့အမေရော အစ်မရော
`ဟင်´ ကနဲအသံ ပြိုင်တူ ထွက်လာလေ၏။

ပထွေးက စိတ်တွက် တွက်ကြည့်နေမိသည်။
ဟိုကောင်မလေးကတော့ဖြင့် နေခဲ့မည့်ပုံမပေါ်။  အောင်မောင်းကတော့ သူ့ဘက်ပါနေပြီ။
ဘယ်လိုလဲ အောင်မောင်းကို ဆက်ထားမလား? မဆိုးလှဟုတော့ သူထင်ပါသည်။

ပထွေးက အရက်ပုန်းဆိုင် ဖွင့်ထားသည်။ ဒီနယ်တစ်ဝိုက်မှာ သူ့ဆိုင်က နာမည်ကြီးပဲ။
ပစ္စည်းသန့်သည်။ ကောင်းသည်။ တခြားမှာ အဖမ်းအဆီးတွေများနေချိန် သူက ကိုယ့်အိမ်တွင်းမှာ လွတ်လွတ်လပ်လပ် ချက်ထားသည်ကိုး။
အောင်မောင်းက ထို အရက်ပုန်းချက်သောအလုပ်မှာ အတော်ကို အားကိုးရ၏။ မျက်နှာလွှဲလို့ ရနေပြီ။
ဒီတော့ဒီကောင်လေးကို မသတီလှသော်လည်း အနားခေါ်ထားရင် အသုံးချလို့ ရပေမည်။

`မင်းတို့ သားအမိချင်းညှိကြနော် ကျုပ်က ဘာမှ မပြောလိုဘူး၊ ကျုပ်ဆီ ၀င်လာသူကို ရင်ဖွင့်လက်ကမ်းကြိုနေမှာပဲ´
ခပ်တည်တည်နှင့် မဟာဂရုဏာရှင်ကြီးသဖွယ် လုပ်ပြလိုက်၏။
အမေလုပ်သူ မျက်ရည်ဝဲသွားသည်။ အောင်မောင်းကိုကြည့်ကာ မချိတင်ကဲ ဆို၏။
`သားလေးရယ်၊ ဘယ်လိုပြောလိုက်တာတုန်း၊  မိသားစုချင်း သွေးကွဲတော့မလို့လား သားရယ်´
`ဟာ အမေတို့ကလဲ အဘလည်း မိသားစုပဲလေ၊ အမေပဲ ပြောဘူးတယ်၊ မွေးအဖေမဟုတ်ပေမဲ့ ကျွေးအဖေဆို ကျေးဇူးရှိတယ်ဆို´
ဒါမျိုးကျတော့ ဒင်းက စကားတတ်သည်။ သူ့အမေ ဘာဆက်ပြောရမည် မသိတော့။ ချက်ချင်းမျက်ရည်များ စီးကျလာလေ၏။
အစ်မကတော့ မျက်နှာထားတင်းကနဲ ဖြစ်သွားသည်။
`လာပါ အမေရာ စကားဆက် မပြောနေနဲ့တော့၊ ဒီလိုကောင်မျိုး သူ့ထိုက်နဲ့သူ့ကံ နေခဲ့ပေစေ´
သူ့အစ်မက အမေ့ကို အတင်းဆွဲခေါ်၏။ အမေက ရုန်းထွက်ကာ အောင်မောင်းကို ခေါ်မည့်ဟန်ပြုသည်။
အောင်မောင်းက ခပ်လှမ်းလှမ်းသို့ ရုတ်ကနဲ ဇိုးဇိုးဇတ်ဇတ် ထွက်သွားလိုက်၏။
သူ့အမေ ခေါ်ယူချင်သော်လည်း လက်လှမ်းမမီတော့။

ထိုသို့ ရုန်းရင်းဆန်ခတ်မှာ -
အချိန်အတော်ကြာပါသည်။
အမေက အောင်မောင်းကိုခေါ်။
အစ်မက အမေ့ကိုခေါ်။
အောင်မောင်းကလဲ မရရအောင်ရှောင်နှင့်
နောက်ဆုံး ... မတတ်သာတော့သည့်အဆုံး ... အမေ မောသွားလေတော့သည်။
သူ့သားအရင်းကိုက ပြတ်သားနေမှကိုး၊ ဘယ်လို တတ်နိုင်ပါတော့မည်နည်း
မျက်ရည်စွတ်သော မျက်လုံးများနှင့်သာ အာလျမပြတ်နိုင်စွာ ကြည့်ကွက်ကြည့်ကွက်လုပ်ရင်း အစ်မဆွဲခေါ်ရာနောက် နှေးကွေးလေးလံစွာ ပါသွားရလေတော့သည်။
အမေသည် သားမိုက်အား မထားချင်ပါပဲလျက် ဖဲ့ရစ်ချန်ထားခဲ့ရလေပြီ။

တစ်လှမ်းချင်း နှေးကွေးစွာ ကျောခိုင်းလျှောက်၍သွား၏။
သားလေးများ သတိတရားပြန်ဝင်လေမလား?
မှားပါပြီ အမေရယ်ဟု အမေ့ရင်ခွင့် ပြေးဝင်လေမလား?
မျှော်လင့်ချက်ဖြင့် လေးလံစွာ လျှောက်သွားခဲ့ခြင်းဖြစ်ပါသည်။
သို့သော် နောက်ဆုံးအချိန်ထိ အောင်မောင်းက အမှန်ကို မမြင်လေခဲ့။

သူ့အမေ မြင်ကွင်းထဲကပျောက်လေမှ အောင်မောင်းက သက်ပြင်းကြီးကို ချလိုက်၏။
`တော်ပါသေးရဲ့ နို့မို့ဆို သူတို့နဲအတူ ဒုက္ခဆင်းရဲထဲ လိုက်ရတော့မလို့´
ထိုမျှသာ ပြော၏။ အမေ့ရင်ကို ခြေစုံကန်ခြင်းအတွက် နည်းနည်းလေးမျှ စိတ်မကောင်းဖြစ်ပုံမပေါ်။
ခဏနေတော့ လေကလေးများပင် ချွန်လိုက်ချေသေး၏။
အနားမှာ အခြေအနေကို အကဲခတ်စောင့်ကြည့်နေသော ပထွေးအား မျက်နှာချိုသွေးကာ သွားဖြီးတစ်ချက်ပြုံးပြလိုက်သည်။
`မင်း ဘယ်လိုမှ မနေဘူးလား၊ အောင်မောင်း´
`မနေပါဘူးဗျာ၊ ကျနော်က အဘရဲ့ သဘောထားအမှန်ကို သိနေမှကိုး´

ယင်းသည်ပင်လျှင် နိဒါန်း၏ အဆုံးသတ်ဖြစ်ပါချေ၏။ အောင်မောင်း ပထွေးနှင့်အတူ ဆက်လက်နေထိုင်သွားစေခဲ့ပုံ အကျဉ်းလည်း ဖြစ်ပါ၏။
ကြာတော့ ကြာခဲ့ပါလေပြီ။

ဥပဒေသ ၁။ ဖော်လံဖားဆိုသည်မှာ အမေကျော် ပထွေးတော် လွမ်းသူများဖြစ်လေသည်။

သွန်းနေစိုး Thorn Nay Soe
(  Facebook  မှထပ်ဆင့်ကူးယူဖေါ်ပြပါသည်)