Sunday 11 December 2011

ဖော်လံဖား - အပိုင်း ၃ [ သွန်းနေစိုး ]

by Thorn Nay Soe on Wednesday, December 7, 2011 at 3:41pm
[ ၂ ]

အစားအသောက်နှင့် ပတ်သက်လာလျှင် အောင်မောင်း အကြိုက်ဆုံအရာ ၃မျိုးရှိသည်။
သာကူ၊ ဆိတ်ဖိုက်တင်းဘောဟင်း နှင့် ဖားကင်။

သာရာကူးတတ်လို့ပဲ သာကူကို ကြိုက်သလား မသိ။
ဆိတ်ဝှေးစေ့ဆိုသည်က နီးရာပေါင်သို့ ဘတ်ကနဲ ဘတ်ကနဲ ပြေးကပ်တတ်သော သဘောရှိသည်။ ထို့ကြောင့်လဲ အောင်မောင်းကြိုက်ခြင်းဖြစ်ပေမည်။
ဖာကင်တွေ အစားများလို့ပဲများ သူ ဖားတတ်နေသလား မသိ။

အောင်မောင်း၏ စာသင်ကျောင်းသားဘ၀တလျောက်သည် `ဖား´ မှတ်များဖြင့် အောင်လာရခြင်းဖြစ်လေသည်။
အတန်းပိုင်ဆရာမအတွက်ဆိုပြီး သဇင်ပန်းကလေးယူလာရတာနှင့် သနပ်ခါးတုံးကလေးယူလာရတာနှင့် စာမေးပွဲနီးလျှင်တစ်ကြိမ်၊ စာမေးပွဲပြီးလျှင်တစ်ကြိမ် အတန်းပိုင်ဆရာမအိမ်သို့ မှန်မှန် မပြတ်မကွက်သွားတတ်၏။
သူ့လက်ထဲမှာက ငွေရွှင်သည်လေ။ အရက်ပုန်းဆိုင်က လိုသလောက် ဘုံးလို့ ရနေတာကိုး။

အတန်းထဲမှာ စည်းကမ်းတစ်ခုခုများ ချိုးဖောက်လို့ကတော့ အောင်မောင်း မမြင်စေနှင့်ဟု အားလုံးက မှတ်ချက်ပြုထားကြ၏။
တစ်ခုခု ပြဿနာတက်လို့ ဆရာမကများ စစ်လိုက်ရင် အမြဲတမ်း ဖော်ကောင်မှာ အောင်မောင်း။
ဒီလိုဆိုလို့ အောင်မောင်းကများ သူများထက် စည်းကမ်းပိုသေ၀ပ်နေသလား မထင်ပါနှင့်။ သူ ချိုးဖောက်သည်များက ပို၍ များပါသည်။ သို့သော် သူ အမှားလုပ်တာမြင်လည်း တခြားသူတွေက မဖော်။
သူငယ်ချင်းချင်း ဖော်ကောင်လုပ်ရမှာထက် အရိုက်ခံရမှာက မြတ်သေးသည်ဟု တခြားသူတွေက ခံယူထားကြလေသည်။
အောင်မောင်းနှင့် ဆန့်ကျင်ဘက်ပေပေါ့။
ထို့ကြောင့် အောင်မောင်းကို အားလုံးက နာမည်ပေးထားကြသည်။  ပြည်သူ့မေတ္တာတုံးကြီး .... တဲ့။

အောင်မောင်းတစ်ယောက်ကတော့ဖြင့် ဘယ်သူက ဘယ်လိုပြောပြော မမူ။ သူ ခံယူထားတာက ရှင်းသည်၊ အတော့်ကို ပက်စက်သည်ဟုလည်း ပြောရလိမ့်မည် ထင်၏။
အတန်းထဲမှာ ဘယ်သူ အခွင့်အာဏာ အရှိဆုံးလဲ။ ထိုသူနှင့် တည့်အောင်ပေါင်းမည်။ ကျန်တဲ့အချင်းချင်းတွေအတွက် သူ့သဘောထားကတော့ ဘယ်သူသေသေ ငတေမာရင် ပြီးရော။

ထိုကဲ့သို့ အတန်းပိုင်ဆရာမနှင့် ပိုင်လှသော အောင်မောင်းအတွက် စွေ့စွေ့ခုန် မခံမရပ်နိုင်စရာ ပြဿနာတစ်ခုသည်လည်း တစ်နေ့တွင် ပေါ်ပေါက်လာခဲ့ပါလေတော့သည်။

မကြာခင် ကျင်းပတော့မည်ဖြစ်သော ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲအတွက် အားလုံးပင် အလုပ်ရှုပ်နေကြသည်။
ထိုအထဲတွင် အရှုပ်ဆုံး၊အလှုပ်ရှားဆုံးကတော့ အောင်မောင်း။
သူတို့ကျောင်းအသင်းမှာ အောင်မောင်းက ရှေ့တန်းတိုက်စစ်မှုးဖြစ်သည်လေ။
အောင်မောင်းလိုကောင် ရှေ့တန်းတိုက်စစ်မှုးဖြစ်နေလို့ မအံ့သြကြပါနှင့်။

သူအလွန်ကျွမ်းကျင်သော ဘောလုံးပညာ သုံးမျိုးရှိသည်။
လူချခြင်း၊ ခြေထိုးခံခြင်းနှင့် အိုင်တင်လုပ်တတ်ခြင်း။
လူချခြင်းနှင့် ခြေထိုးခံခြင်းကို အတူဟု ထင်ကြလိမ့်မည်။ မတူပါ။
တစ်ဘက်အသင်းမှ ဘာကောင်ခြေစွာနေသလဲ?
ကွင်းထဲဝင်လိုက်တာနှင့် အောင်မောင်းက မှတ်သားလိုက်၏။  ပြီးလျှင် ကျိုးလျှင်ကျိုး မကျိုးလဲ ကွင်းပြင်ထွက်သွားရအောင် ဆော်ထည့်လိုက်တတ်၏။
ခြေထိုးခံခြင်းကတော့ ယှဉ်ပြိုင်ကစားရင်း လုပ်တတ်သည့် လုပ်ရပ်ပေပေါ့။ သူခြေထိုးခံတာက တစ်ဘက်ကိုတင် မဟုတ်။ ကိုယ့်လူချင်း ဘောလုံးမပေးလျှင်လည်း ခြေထိုးခံကာ လုတတ်သည်။ ထိုမျှပြောင်မြောက်သော အောင်မောင်းပါပေ။
အိုင်တင်ကလဲ ဘာများသလဲ မမေးနှင့်။ တစ်ဘက်ဂိုးဧရိယာ အစပ်ရောက်ပြီဆိုတာနှင့် သူနဲ့ ဝေးဝေးနေဖို့သာ ပြင်ပေရော။
နည်းနည်းလေး မဆိုးစလောက် ထိတိုက်မိတာနဲ့ ၀ုန်းကနဲပစ်လှဲချပြီး လူးလိမ့်ရှုံ့မဲ့နေလေတော့သည်။ ဒါကို အင်မတန်ပါးနပ်စွာ လုပ်ပြတတ်ခြင်းဖြစ်ရာ သူ့အထာ မသိသော ဒိုင်လူကြီးများအနေနှင့် တစ်ဘက်အပေါ် အ၀ါတွေ၊ ပယ်နယ်တီတွေ မကြာခဏဆိုသလို မှားယွင်းပေးမိတတ်သည်ပေါ့။

သူ့ဘောလုံးသင်းနည်းပြကပင် အောင်မောင်းကို နိမိတ်ဖတ်ထားခဲ့၏။
`မင်းကြီးလာရင် သူများသတ်လို့သေရင် သေ၊ မသေလို့ကတော့
မင်းဟာ ဂျာနယ်သမား အတုရင်လဲဖြစ်လိမ့်မယ်။ ဘာလို့ဆို မင်းက လူချ ခြေထိုးသိပ်ကောင်းလို့၊
ဒါမှမဟုတ်ရင်လဲ မင်းက သရုပ်ဆောင်အတုရင်လဲ ဖြစ်လိမ့်မယ်။ ဘာလို့ဆို အိုင်တင်လုပ်တတ်လွန်းလို့´
`ဘာဖြစ်လို့ အတုတွေပဲ ဖြစ်ရတာလဲ ဆရာ´
ဟု အောင်မောင်းပြန်မေးတော့ ဆရာက ရှင်းပြ၏။
`ဂျာနယ်သမားအစစ်က သမာသမတ်ရှိတယ်လေ၊ မင်းစိတ်နဲ့မဖြစ်နိုင်ဘူး၊ သရုပ်ဆောင်အစစ်ကလဲ အနုပညာသမားစိတ်ရှိတော့ ဖော်လံဖားမလုပ်တတ်ဘူး၊
ဂျာနယ်သမား အတု၊ သရုပ်ဆောင်အတုတွေသာ မဟုတ်တာလုပ်တတ်တာ၊ ဒါပေမဲ့ မပူပါနဲ့ကွာ၊ အဲဒီလို
ဂျာနယ်သမားအတု သရုပ်ဆောင်အတု တွေလည်း ရှေ့တန်းရောက် ကြီးပွားတတ်ပါတယ်´

မည်သို့ဆိုစေ ယခုကျင်းပမည့် ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲတွင် သူတို့ကျောင်းအသင်း ကိုယ်စားပြုကာ အောင်မောင်း ပါဝင်ရမည်ကတော့ ဧကန်ပင်။
ထိုကဲ့သို့ ... သူကိုယ်တိုင်လဲ ယုံကြည်ထား၏။ အားလုံးကလည်း ထင်ထားသည်။
သူတို့ကျောင်းအသင်းနည်းပြဆရာကိုလည်း အောင်မောင်း ထိထိရောက်ရောက် ဖော်လံဖားထားပြီးပြီလေ။
ဘာလိုပါသေးသနည်း။

အောင်မောင်းကား လေလေးတချွန်ချွန်၊ ဒူးလေးတနှံ့နှံ့ နေ၏။
သူ့စိတ်ကူးထဲတွင် မြင်ယောင်နေမိသည်။ တစ်ဘက်အသင်းအား အပြတ်အသတ်နှိပ်ကွပ်လိုက်ပုံများ။
ကျောင်းဂုဏ်ဆောင် သူရဲကောင်းကြီးသဖွယ် သူ့အား ၀ိုင်းဝန်းချီးမွှန်းကြမည့် ပုံရိပ်များ။
ဖော်လံဖား အကျင့်မကောင်းသူပေမဲ့လဲ မဟာသူရဲကောင်းကြီးသဖွယ် အများမြင်ရှိတာတော့ သူက လိုချင်ပြန်သေးသည်။
ထိုသို့ အမြင်ခံရမည်ဟုလည်း မတန်မရာ ယူဆနေမိလေ၏။

သို့သော် ...
အောင်မောင်း၏ ယင်းအိပ်မက်အားလုံးကို ပျက်သုဉ်းစေမည့် ပြဿနာက
သူလုံးဝ ထင်မှတ်မထားသော ဒေါင့်တစ်ခုမှ ရောက်ရှိလာခြင်း ဖြစ်လေသည်။

[ဒီနေ့ နေသိပ်မကောင်းလို့မို့ ဒီအပိုင်းက စာနည်းသွားပါတယ် ခွင့်လွှတ်တော်မူကြပါ။ ကျနော်က ၀တ္ထုရေးရင် အင်မတန် ဇီဇာကြောင်လို့ လက်နှေးပါတယ်။ ဒါ့အပြင် ကျနော်က အခု ဂျာနယ်၂စောင်မှာ ၀င်ပါနေရပါတယ်။ အဲဒီတော့ ဂျာနယ် ကိစ္စတွေလဲ ရှိသေးတာမို့ အလုပ်လည်း များနေတာကြောင့်ပါ။ နောက်နေ့ကျမှ အားရပါးရဖတ်နိုင်ကြအောင်  ခပ်ရှည်ရှည် တင်ဆက်ပါ့မယ်။]

သွန်းနေစိုး Thorn Nay Soe

(  Facebook မှထပ်ဆင့်ကူးယူဖေါ်ပြပါသည်)

No comments:

Post a Comment