Sunday 11 December 2011

ဖော်လံဖား - အပိုင်း ၄ [ သွန်းနေစိုး ]

by Thorn Nay Soe on Thursday, December 8, 2011 at 7:05pm
အစကတော့ ... ဘောလုံးအသင်းဝတ်စုံတွေ သွားကြည့်ဖို့ ကျောင်းအုပ်ကြီး ရုံးခန်းသို့ သူထွက်လာခြင်းဖြစ်လေသည်။ ဒီနေ့ ရုံးခန်းဝယ် ... ဘောလုံးပွဲနေ့မှာ သူတို့ဝတ်ဆင်ဖို့ ၀တ်စုံသစ်တွေ ရောက်သည်ဆိုကြ၏။ ထိုသတင်းသည် တစ်ကျောင်းလုံး၌ ချက်ချင်းလှုပ်လှုပ်ရှားရှားဖြစ်သွားလေသည်။

အထူးသဖြင့် ဘောလုံးအသင်းသားများတွက် အလှုပ်ခတ်ဆုံးသတင်းပေပေါ့။ သူတို့အတွက်တော့ ထိုသတင်းမှာ ဖိုင်ဘာရေအောက်ဆက်ကြောင်းလမ်း အကြိမ်တစ်သောင်းမြောက် ပျက်ပြန်ပဟေ့ဆိုသော သတင်းထက်သာ၏။ ပိုက်ဆံအရမ်းချမ်းသာပြီးသူများအား သနားညှာတာသောအားဖြင့် ကားတွေ ဖုန်းတွေ ထပ်ချပေးမည်ဆိုသော သတင်းထက်လည်း သာ၏။ တကယ့် မိမိနှင့်တိုက်ရိုက်ပတ်သက်ပြီး ဖြစ်တောင့်ဖြစ်ခဲလှသော သတင်းပေကိုး။

ထိုသတင်းကြားတော့ အောင်မောင်းလည်း လှုပ်လှုပ်ရှားရှားဖြစ်သွားမိသည်။ သူလည်း ဘယ်လို ၀တ်စုံဆိုတာ သိချင်သည်လေ။

ဒီတော့ သူအကြံအဖန်လုပ်၏။ ဆရာကြီးရုံးခန်းကို ဘယ်လို သွားရကောင်းမလဲ? ဆရာကြီးကိုတော့ သူကြောက်ရသည်။ မျက်နှာကြောတင်းသည်။ လာဘ်ထိုးလို့လည်း သိပ်မရ။ သူထိုးနိုင်တဲ့လာဘ်လောက်ကတော့ ဆင့်ပါးစပ်နှမ်းပက်သလောက်သာ ရှိလိမ့်မည်။ ဒီတော့ ဘာလုပ်ရကောင်းမလဲ?

ဆရာကြီး မရှိချိန်သွားမည်။ ထိုရုံးခန်းမှာက စာရေးမတစ်ယောက်ထိုင်၏။ ထိုစာရေးမနဲ့တော့ သူ အိုကေသည်။ အသုတ်လေးတစ်ပွဲလောက် ၀ယ်ကျွေးလိုက်တောင် မျက်နှာက ပြုံးချိုနေမယ့် ဟာပဲ။

နေ့လည် မုန့်စားဆင်းချိန်မှာ ရုတ်ကနဲ သူ ထွက်လာခဲ့လိုက်၏။
ဒီချိန်ဆို ဆရာကြီးက ကျောင်းဝင်းထဲရှိ သူ့အိမ်လေးသို့ ထမင်းစားပြန်တတ်သည်ကို သူသိပြီးသား။ ဆရာကြီး ရုံးခန်းနားရောက်တော့ သူ့ရင်တွေ အခုန်မြန်လာမိ၏။ ဘောလုံးဝတ်စုံက ဘယ်လိုလေးများ ဖြစ်နေမလဲ? အခွင့်သာရင်တော့ စာရေးမကို ပတ်ချွဲနပ်ချွဲလုပ်ပြီး ခဏလောက် အစမ်းသဘော ၀တ်ကြည့်ရပေမည်။ ပြီးမှ တခြားသူတွေကို ပြန်ကြွားရမည်။

ဘာမဟုတ်တာလေးကိုပင် အချင်းချင်းကြွားဝါကာ ဘူဘူချင်း တစ်လုံး ပိုရှူပြလိုသည်မှာ ဖော်လံဖားအောင်မောင်း၏ အရိုးစွဲနေသော အကျင့်ဖြစ်ပါသည်။

ဆရာကြီး ရုံးခန်းနားသို့ တစ်လှမ်းချင်း တိုးကပ်လာခဲ့လိုက်သည်။ လူရိပ်လူချေကိုလည်း ကြည့်ရသေး၏။

မုန့်စားဆင်းချိန်မို့ ကျောင်းဝင်းတစ်ခုလုံးအနှံ့ ကျောင်းသား ကျောင်းသူများ ပျားပန်းခတ် သွားလာနေကြသည်။ သို့သော် ဘယ်သူကမှ ကျောင်းအုပ်ကြီးရုံးခန်းနားသို့ ယောင်လို့မှ မသီ။ ကျောင်းအုပ်ကြီးဆိုသည်က တစ်ကျောင်းလုံးကြောက်ကြသူပေကိုး။ ယင်းသည်ပင် အောင်မောင်းအတွက် အကွက်ဖြစ်၏။ သေချာအောင် ဟိုဒီဝှေ့ကြည့်ကာ စစ်လိုက်သေးသည်။ အိုကေ လူလစ်ပြီ။ ၀င်မယ်။
သို့သော် ... အထဲဝင်လိုက်ဖို့ အလှည့်မှာပင် ... ရုတ်တရက်ကြားလိုက်ရသော အသံတစ်ခုက သူ့ခြေလှမ်းများအား တုံ့ကနဲရပ်တန့်သွားစေခဲ့ပါလေ၏။

`အဲဒီတော့ ဘယ်လိုလုပ်ကြမတုန်း´
အသံက အောင်လည်းအောင်သည်။ ပြတ်လည်း ပြတ်သားသည်။ သူတရေးနိုးတောင် မေ့လိမ့်မည်မဟုတ်။ ဆရာကြီး၏ အသံ။
ဟာ ဆရာကြီးရှိနေတာပဲ။ ဆရာကြီးကလဲ ဒီချိန်ကြီးရှိနေရတယ်လို့။ တော်ပြီ ပြန်မယ်၊ နောက်နေ့မှ လာတော့မယ်။ တကယ်က အောင်မောင်းနောက်ပြန်လှည့်မလို့ ဖြစ်ပါသည်။ သို့သော် ဆက်ကြားလိုက်ရသော စကားသံတို့မှာ သူ့ဆုံးဖြတ်ချက်ကို ပြောင်းလဲဖြစ်ခဲ့လေ၏။

`ဒါကတော့ ဆရာကြီးသဘောပါရှင့်၊ ဆရာကြီးပဲ သင့်တော်သလို ဆုံးဖြတ်ပါ၊ ကျမကတော့ ဒီ အောင်မောင်းဆိုတဲ့ ကောင်လေးနဲ့ပတ်သက်ပြီး သိသင့်တယ် ထင်လို့ ပြောပြတာပါ´
`ဆရာမက ဒီအကြောင်းတွေ အားကစားဆရာကို မပြောပြဘူးလား´
`ပြောပါတယ်ရှင့် အားကစားဆရာက ဘာလို့လဲ မသိဘူး။ ကျမပြောတာ လက်မခံဘူးဖြစ်နေတယ်။

ဘယ်လက်ခံလိမ့်မလဲ? အားကစားဆရာကို စားပိုးနင့်လောက်အောင် သူခွံ့ထားသည်ကိုး။ သူ့အကြောင်းပြောနေကြခြင်းဆိုတာတော့ ဒက်ကနဲ သူသဘောပေါက်လိုက်သည်။ အကောင်းပြောနေတာ မဟုတ်မှန်းလည်း ရိပ်မိ၏။ ထို့ကြောင့် ဆက်ပြီး နားထောင်နေလိုက်သည်။

`အဲဒီကောင်လေးက ဆရာမပြောသလိုဆို တော်တော့်ကို ဆိုးတာပဲနော်´
`ကျမကတော့လေ ကိုယ့်အတန်းထဲက ခလေးဆိုတော့ အဲဒီလိုတော့ မပြောချင်ပါဘူး။ ဒါပေမဲ့ သူ့စိတ်ဓာတ်နဲ့တော့ ဘောလုံးအသင်းနဲ့ မကိုက်တာ အမှန်ပဲမို့ပါ´
`ကျနော် နားလည်ပါတယ်။ ဒီပုံအတိုင်းဆို ဒီကလေးက Team Work မရှိတဲ့သဘောပဲ။ အဖွဲ့အစည်းအတွက် ဘာမှ အကျိုးမပြုဘူး´
`သူက ဘောလုံးကစားတာလေးတော့ မဆိုးပါဘူး´
`အဲဒါက အရေးမပါတော့ဘူး ဆရာမ၊ အသင်းအဖွဲ့နဲ့လုပ်တဲ့အခါ တစ်ကိုယ်ကောင်းစိတ်ကို ဖျောက်ရမယ်၊ ကျနော်တို့ စဉ်းစားရမှာက အသင်းကောင်းအောင် လုပ်မှာလား တစ်ဦးတစ်ယောက်ကောင်းအောင် လုပ်မှာလားဆိုတာပဲ၊ အုပ်စုလိုက်အမြင်နဲ့ ကြည့်ရမယ်၊ အဖွဲ့ကောင်းဖို့ဆို တစ်ယောက်တည်းကို ငဲ့နေလို့ မရဘူး၊ သူ့ဘာသာ မိုးပျံလောက်အောင် တော်နေနေ၊ အုပ်စုနဲ့လုပ်တဲ့အခါ အုပ်စုလိုက်အောင်မြင်ဖို့ပဲ စဉ်းစားရတော့မှာ၊၊ အများညီတဲ့နောက် လိုက်ရမယ်ပေါ့ဗျာ၊ နို့မို့ဆို အဖွဲ့နဲ့လုပ်ပါလျက် ငါတကော ကောနေရင်တော့ တော်လေ ပိုမလိုလားအပ်လေပဲ´
`ဒါဆို သူ့ကို ... ဘောလုံးအသင်းမှာ ....´
`ထည့်ကစားခိုင်းလို့ မဖြစ်တော့ဘူး ဆရာမ၊ ကျနော် အားကစားဆရာကို ပြောလိုက်ပါ့မယ်´

အောင်မောင်းစိတ်ထဲ ထောင်းကနဲဖြစ်သွားမိသည်။
အရင်ဆုံး ဒေါသဖြစ်မိသည်က ဆရာကြီး။ ပိုဒေါသထွက်မိသည်က ဆရာမ။
တောက်၊ ငါပေးခဲ့တဲ ပါတိတ်တွေ သဇင်ပန်းတွေ မျက်နှာမှ မထောက်၊ လုပ်ရက်တယ်၊ ဒင်း အတို့ထောင်သွားလုပ်လို့ ငါ ဘောလုံးအသင်းက ပြုတ်ရတော့မယ်၊ နေနှင့်ဦးပေါ့ကွာ၊ အောင်မောင်းတဲ့၊ အကြောင်းသိစေရမဟေ့။

သွန်းနေစိုး Thorn Nay Soe


( Facebook  ထပ်ဆင့်ဖေါ်ပြပါသည်)

No comments:

Post a Comment