Sunday 11 December 2011

သုံးပွင့်ဆိုင်မဟာဗျူဟာနဲ့ ဟီလာရီကလင်တန် ခရီးစဉ်

ဆောင်းပါး

 - သုံးပွင့်ဆိုင်မဟာဗျူဟာနဲ့ ဟီလာရီကလင်တန် ခရီးစဉ်
-မက်စင်ဂျာ
-11-12-2011

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံကို ရောက်ခဲ့ပါပြီ။ အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးမှာ လက်ဖျား ခါလောက်တဲ့ အောင်မြင်မှုလည်းဖြစ်၊ ဆယ်စုနှစ် နှစ်ခုလောက် အထီးကျန်နေခဲ့ တဲ့ အရှေ့တောင်အာရှနိုင်ငံတစ်ခုက နိုင်ငံတစ်နိုင်ငံဟာ နိုင်ငံတကာ အသိုင်းအ၀န်းကို ပြန်ဝင်တော့မယ်ဆိုတဲ့ လက္ခဏာတွေကို ခရီးစဉ်က အထင်အရှားပြနေပါတယ်။

၂၀၁၀ မြန်မာ့ရွေးကောက်ပွဲက အပြစ်အနာအဆာတွေ ရှိနေနိုင်တယ်။ ဒါပေမဲ့ ယခင်က မကြုံဖူးကြတဲ့ မူဝါဒ အပြောင်းအလဲတွေနဲ့ စမ်းသပ် လုပ်ဆောင်မှုအသစ်တွေဆီကို ဦးတည်သွားခဲ့တာပါပဲလို့ အနောက်တိုင်း မီဒီယာလောကမှာ လက်ခံထားကြပါတယ်။
လွတ်လပ်ပွင့်လင်းမှုနဲ့ ဒီမိုကရေစီတန်ဖိုးတွေကိုဆီ ဦးတည်ပြီး ရဲရင့်တဲ့ လှုပ်ရှားမှုတွေအတွက် မြန်မာသမ္မတသစ် ဦးသိန်းစိန်ကို “မြန်မာ့ ဂေါ်ဘာချော့” လို့တောင် သမုတ်ကြပါတယ်။
ဒီမိုကရေစီရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမှုတွေပြုလုပ်၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတချို့ကို ပြန်လွှတ် ပေး၊ မီဒီယာအပေါ် ချုပ်ကိုင်မှုတွေကို ဖြေလျှော့ပေးတာတွေကို လုပ်ဆောင်ပေးထားပါတယ်။
“နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေကို တိုက်တွန်းအားပေးဖို့” မြန်မာနိုင်ငံကို သွား ရောက်လည်ပတ်ဖို့ အချိန်တန်ပါပြီလို့ ကလင်တန်ကလည်း ပြောထားပါတယ်။




ဒါပေမဲ့ ဟီလာရီကလင်တန်ရဲ့ ခရီးစဉ်ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပေါ် စမ်းသပ်လုပ်ဆောင်မှုတွေ နဲ့ အများကြီး သက်ဆိုင်နေသလို၊ မြန်မာနိုင်ငံက တရုတ်နိုင်ငံနဲ့ မြောက်ကိုရီးယားနိုင်ငံတို့အပေါ် ထားရှိတဲ့ ဆက်ဆံ ရေးတွေနဲ့လည်း အများကြီးသက်ဆိုင်နေပါတယ်။

အနောက်တိုင်း လေ့လာသူတွေပြောတာကို အမှန်လို့ယူဆရမယ်ဆိုရင် မြန်မာနိုင်ငံမှာ မကြာသေးခင်က ဖြစ်ထွန်းတိုးတက်မှုတွေက ပြုပြင် ပြောင်းလဲမှုတွေကို လိုလားတဲ့ သဘောထားပျော့ပျောင်းသူတွေနဲ့ တပ်မတော်ကို ထိန်းချုပ်ထားတဲ့ သဘောထားတင်းမာသူတွေကြား အာဏာ လွန်ဆွဲပွဲကို ရောင်ပြန်ဟပ်နေတယ်လို့ ဆိုရမှာပါ။

ဒါပေမဲ့ မြေကြီးပေါ်က အမှန်တရားက အလှည့်အပတ်အကွေ့အကောက်လေးတွေ အများကြီးနဲ့ပါ။

၁၉၉၈ သြဂုတ်လနဲ့ စက်တင်ဘာလမှာ လတ်တလောအာရှသမိုင်းမှာ အကြီးမားဆုံးနဲ့ အကျယ်ပြန့်ဆုံး ဒီမို ကရေစီအရေး တောင်းဆို လှုပ်ရှားမှုတွေကို မြန်မာနိုင်ငံက ကြုံတွေ့ခဲ့ရတယ်။
မြို့တိုင်း၊ ရွာတိုင်းနီးပါးမှာ ဒီမိုကရေစီ တောင်းဆိုတဲ့ ဆန္ဒပြမှုပွဲတွေနဲ့ သပိတ်မှောက်မှုတွေကို ဆင်နွှဲခဲ့ကြတယ်။
၁၉၆၂ တိုင်းပြည်ကို အာဏာ သိမ်းပြီး တင်းတင်းကျပ်ကျပ်အုပ်ချုပ်၊ ဒီမိုကရေစီ ဖွဲ့စည်းပုံကို ဖျက်သိမ်းခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် ဆန္ဒပြကြတာပါ။

အဲဒီအချိန်မှာ တိုင်းပြည်ရဲ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ကိုရောက်နေတော့ (သူမက အဲဒီအချိန်က အင်္ဂလန်မှာ နေထိုင်ပါတယ်) ပြည်သူတွေက သူမကို ခေါင်းဆောင်တင်မြှောက်ခဲ့လို့ ဒီမိုကရေစီလှုပ်ရှားမှုရဲ့ အဓိက ခေါင်းဆောင်အဖြစ် ပေါ်ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရက ပြုတ်ကျမသွားဘဲ နောက်ကွယ်ကို ငုပ်လျှိုးသွားပါတယ်။

၁၉၈၈ စက်တင်ဘာလ ၁၈ ရက်နေ့မှာတော့ စစ်တပ်က ရှေ့ပြန်ထွက်လာပြီး ဒီမိုကရေစီလှုပ်ရှားမှုကြောင့် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေတဲ့ အစိုးရကို အင်အားဖြည့်ပေးပါတယ်။ ရလဒ်ကတော့ ဆိုးကျိုးတွေပါပဲ။ အကျဉ်းထောင်တွေမှာ အသက်အရွယ်ပေါင်းစုံ၊ လူတန်းစားပေါင်းစုံ လူတွေနဲ့ ပြည့်လျှံသွားပါတယ်။


အမေရိကန်ဦးဆောင်တဲ့ အနောက်တိုင်းနိုင်ငံတွေက မတရားမှု့တွေကိုထုံးစံအတိုင်း ဝေဖန်ရှုံ့ချပါတယ်။
အရေးယူပိတ်ဆို့မှုတွေကို နောက်ပိုင်းမှာ ဆက်လက်ချမှတ်ပါတယ်။ ဒါပေမဲ့ ချမှတ်တဲ့ အရေးယူပိတ်ဆို့မှုတွေက တင်းတင်း ကျပ်ကျပ် မရှိလှသလို၊ နိုင်ငံခြားကုန်သွယ်ရေးဘက်မှာလည်း ထိရောက်မှုသိပ်မရှိလှပေမယ့် မြန်မာနိုင်ငံက နိုင်ငံတကာအသိုင်းအ၀န်းမှာ အပယ်ခံဘ၀ ရောက်သွားပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေရဲ့ ငွေကြေးအကူအညီတွေကို အပြည့်အ၀မရတော့ပါ။

မြန်မာနိုင်ငံရဲ့ ချမ်းသာကြွယ်ဝတဲ့ သစ်တောတွေ၊ တွင်းထွက်ပစ္စည်းတွေ၊ သဘာဝဓာတ်ငွေ့နဲ့ ရေအားလျှပ်စစ်ထုတ်ယူနိုင်တဲ့ အလားအလာ တွေကို မျက်စိကျနေတဲ့ တရုတ်နိုင်ငံက အခြေအနေကို အပြည့်အ၀ အမြတ်ထုတ်အသုံးချပါတယ်။
တရုတ်အစိုးရရဲ့ တရားဝင်ပြောရေးဆိုခွင့်ရသူ အဖြစ် တရားဝင်သတ်မှတ်ခံထားရတဲ့ ဘေဂျင်းရီဗျူး (Beijing Refview) စာစောင် ၁၉၈၅ စက်တင်ဘာလထုတ်မှာ ဒီသဘောထားတွေကို အတိ အလင်း ထုတ်ပြန်ထားပါတယ်။ စာစောင်ထဲမှာ ဆက်သွယ်ရေးဝန်ကြီးဟောင်း ပန်းကွီက “အနောက်မြောက်ဘက်သို့ ၀င်ပေါက် သို့မဟုတ် ကျွမ်းကျင်သူတစ်ယောက်ရဲ့အမြင်” ဆိုတဲ့ ဆောင်းပါးကို ရေးပါတယ်။

ဆောင်းပါးထဲမှာ တောင်ပိုင်းကုန်းတွင်းပိတ်ပြည်နယ်တွေ စီချွမ်နဲ့ ယူနန်တို့အတွက် မြန်မာနဲ့ အိန္ဒိယကိုဖြတ်ပြီး ကုန်သွယ်ရေးထွက် ပေါက်ရဖို့ ဖြစ်နိုင်ချေတွေကို ထင်ထင်ရှားရှားဖော်ပြထားပါတယ်။

မြောက်ပိုင်းနဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့ မြစ်ကြီးနားနဲ့ လားရှိုး မီးရထား လမ်းဆုံမြို့တွေရယ်၊ ဧရာဝတီမြစ်ရယ်ကို တရုတ်ပို့ကုန်တွေအတွက် ဖြစ်နိုင်ချေရှိ တဲ့ လမ်းကြောင်းတွေအဖြစ် ဖော်ပြထားပါတယ်။ မြန်မာပြည်အတွက် တရုတ်နိုင်ငံက ထားရှိတဲ့ စိတ်ကူးစီမံချက်တွေနဲ့ စီးပွားရေး အရ အရေးပါမှုတွေကို ပထမဆုံး ဖွင့်ချလိုက်တာပါ။

အဲဒီအချိန်မတိုင်ခင်ကတော့ မြန်မာပြည်ကွန်မြူနစ်ပါတီနဲ့ တခြားလက်နက်အဖွဲ့တွေကို တရုတ်နိုင်ငံက အားပေးထောက်ခံထားပါတယ်။
ဒါပေမဲ့ ၁၉၇၆ မှာ မော်စီတုန်းကွယ်လွန်၊ တိန်ရှောင့်ဖိန်အာဏာရလာပြီးနောက်မှာ ဘေဂျင်းရဲ့ နိုင်ငံခြားရေးပေါ်လစီက တော်လှန်ရေး လှုပ်ရှားမှု တွေကို ထောက်ပံ့တာကနေ ဒေသတွင်းကုန်သွယ်ရေးဆီ ပြောင်းရွှေ့သွားတယ်။

မြန်မာနိုင်ငံအပေါ်ကို ထားရှိတဲ့ တရုတ်အာဏာပိုင်တွေရဲ့ သဘောထားကို ကြေငြာတာ ဒါ ပထမဆုံးအကြိမ်ပါ။




မြန်မာနဲ့တရုတ်တို့အကြား ပထမဆုံးရယူတဲ့ ကုန်သွယ်ရေးသဘောတူညီချက်ကို လူထုအုံကြွမှုတွေ အရှိန် မြင့်တက်မလာခင် ၁၉၈၈ သြဂုတ် လမှာ ချုပ်ဆိုခဲ့ပါတယ်။
လူထုလှုပ်ရှားမှုကို ချေမှုန်း၊ စီးပွားရေး ပိတ်ဆို့မှုတွေကို ချမှတ်ပြီးနောက်မှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံထဲကိုဝင်လာပြီး အရေးအကြီးဆုံး ကုန်သွယ် ဖက် မြန်မြန်ဆန်ဆန်ဖြစ် လာပါတယ်။

ခေတ်နောက်ကျနေတဲ့ အခြေခံအဆောက်အအုံတွေကို တိုးတက်ကောင်းမွန်အောင် လုပ်ပေးပြီး စစ်လက်နက် ပစ္စည်းအမြောက် အမြားကို တန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေကို တရုတ်နိုင်ငံက ပေးအပ်ခဲ့တယ်။

အန္ဒိယသမုဒ္ဒရာအတွင်းက ရေတပ်အဆောက်အအုံတွေကို အဆင့်မြင့်တင်ပေးခဲ့တယ်။
တရုတ်ပစ္စည်းတွေ အသုံးပြုပြီး မြန်မာစစ်တပ်က ထောက်လှမ်းရရှိလာတဲ့ ရေနံတင်ပို့မှု ပင်လယ်လမ်းကြောင်းတွေ အကြောင်း အချက် အလက် တွေကို တရုတ်ကို အပြန်အလှန်အနေနဲ ပြန်လည်ပေးအပ်တယ်။

ဒေသတွင်းမဟာဗျူဟာ ဟန်ချက်ညီနေမှုက တရုတ်နိုင်ငံအကြိုက် အနေအထားရောက်အောင် တိမ်းစောင်းသွားတယ်။


သဘာဝအရင်းအမြစ်ကစားပွဲ အစစ်ကို နောက်ပိုင်းကျမှ အချီကြီးနွှဲတယ်။
ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတစ်ခုတည်ဆောက်မယ့် အစီအစဉ်ကို တရုတ်နိုင်ငံရဲ့ အမျိုးသား ဖွံ့ဖြိုး တိုးတက်မှုနဲ့ ပြုပြင်ပြောင်းလဲမှု ကော်မရှင်က ၂၀၀၇ ဧပြီလမှာ သဘောတူခွင့်ပြုခဲ့တယ်။

ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန် ရေနံပိုက်လိုင်းနဲ့ ဒေါ်လာ ၁ ဒသမ ၀၄ ဘီလီယတန်တို့ကို သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ဖို့ နှစ်နိုင်ငံက ၂၀၀၈ ခုနှစ် နိုဝင်ဘာလမှာ သဘောတူခဲ့တယ်။ သဘာဝဓာတ်ငွေ့ပိုက်လိုင်း တစ်ခုကို တည်ဆောက်ဖို့ သဘောတူညီချက်ကို နှစ်နိုင်ငံက ၂၀၀၉ ခုနှစ် မတ်လမှာ ရေးထိုးပြီး ရေနံစိမ်းပိုက်လိုင်းတစ်ခုကို တည်ဆောက်ဖို့ သဘောတူညီချက်ကို သြဂုတ်လမှာ ရေးထိုးခဲ့တယ်။

တည်ဆောက်ရေး လုပ်ငန်းတွေ စတင်တဲ့ အခမ်းအနားကို မြန်မာနိုင်ငံအနောက်ဘက် ကမ်းခြေဘက်က မေဒေးကျွန်းပေါ်မှာ ၂၀၀၉ အောက်တိုဘာ လ ၃၁ မှာ ကျင်းပခဲ့တယ်။

ဘင်္ဂလားပင်လယ်အော်ထဲကနေ ယူနန်ပြည်နယ်ထဲက ကူမင်းမြို့ကိုသွားတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ရေနံပိုက်လိုင်းတစ်ခုနဲ့ အားဖြည့်ပေး လိမ့်မယ်။




ဒီရေနံပိုက်လိုင်းကြောင့် အရှေ့အလယ်ပိုင်းဒေသက ရေနံပို့ကုန်တွေကို သယ်ဆောင်လာမယ့် တရုတ်ကုန်တင်သင်္ဘောတွေက ရေလမ်းကြော ကြပ်နေတဲ့ မလက္ကာရေလက်ကြားကို ရှောင်ကွင်းနိုင်ပါမယ်။

ရေအားလျှပ်စစ်စီမံကိန်းတွေ၊ မီးရထားလမ်းနဲ့ မော်တော်ကားလမ်းတည်ဆောက်ရေးတွေနဲ့ သတင်းဆက်သွယ်ရေး နည်းပညာဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံ အတိုးမဲ့ချေးငွေတွေ မြန်မာနိုင်ငံကိုပေးဖို့ တရုတ်က မနှစ်က စက်တင်ဘာလမှာ သဘော တူခဲ့တယ်။

နိုင်ငံခြားက လေ့လာသူတွေ ပြောကြာသလို အနောက်တိုင်း စီးပွားရေး ပိတ်ဆို့မှုတွေက မြန်မာ့ စီးပွားရေးနဲ့ မဟာဗျူဟာ အားထုတ်ကြိုး ပမ်းမှုတွေကို တရုတ်လက်ထဲ ပြေးဝင်သွားစေတယ်ဆိုတာတော့ မဟုတ်ပါဘူး။

ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ချထားတဲ့ အစီအစဉ်တွေကို အနောက်တိုင်း စီးပွားရေးပိတ်ဆို့မှုတွေကြောင့် တရုတ်က ပိုလွယ်လွယ်ကူကူ အကောင်အထည်ဖော်လို့ ရသွားတယ်။

ဒီလိုအခြေအနေတွေကြောင့်ပဲ မြန်မာအပေါ်ထားတဲ့ ပေါ်လစီတွေကို အနောက်တိုင်းက ပြန်လည်သုံးသပ်ရပါတော့တယ်။
တစ်ချိန်တည်းမှာပဲ တရုတ်အပေါ်ကို တဖြည်းဖြည်းတိုးပြီး မှီခိုလာရတာကြောင့် မြန်မာစစ်ဖက်ထိပ်ပိုင်းမှာ စိုးရိမ်မှုတွေတိုးပွား လာကြတယ်။

အမေရိကန်ရဲ့ မဟာဗျူဟာ စိုးရိမ်ပူပန်မှုတွေကို လုံခြုံရေးကျွမ်းကျင်သူနဲ့ စီအိုင်အေအဖွဲ့က လေ့လာသူ မာဗင်အော့ (Marvin Ott) က ၁၉၉၇ ဇွန်လထုတ် Los Angeles Times သတင်းစာထဲမှာ ရေးသားဖော်ပြခဲ့တယ်။

“မြန်မာနိုင်ငံအတွင်းက မတရားပြုမူမှုတွေကို ၀ါရှင်တန်က ဆက်လက်ပြီး ဝေဖန်ထောက်ပြသင့်တယ်။
အဲဒီလိုလုပ်နိုင်ဖို့ အနေအထားလည်းရှိတယ်။ ဒါပေမဲ့ အမျိုးသားရေးနဲ့ တခြားအကျိုးစီးပွားတွေကိုလည်း အမေရိကန်က ဖော်ဆောင်ရဦးမယ်။
တခြားရွေးချယ်စရာနည်းလမ်းတွေကို အလေးအနက်ထားစဉ်းစားဖို့ အချိန်တန်ပါပြီ” လို့ မာဗင်အော့ Marvin Ott ရေးသားခဲ့တယ်။

ဒီအချိုးအကွေ့က လွယ်လွယ်နဲ့တော့ ဖြစ်လာတာမဟုတ်ပါ။ မဟာဗျူဟာာ ပူးပေါင်းဆောင်ရွက်မှုကို မြန်မာနဲ့ မြောက်ကိုရီးယားတို့က တည်ဆောက်ပြီးသွားပြီဆိုတဲ့ သတင်း ၂၀၀၀ ပြည့်နှစ်တွေ အစောပိုင်းမှာ ထွက်ပေါ်လာတော့ အမေရိကန်က လန့်ဖျန့်သွားတယ်။

ဥမင်လိုဏ်ဖောက်တဲ့ နည်းပညာ၊ လက်နက်ကြီး နည်းပညာတွေနဲ့ ရေဒါနဲ့လေကြောင်းရန်ကာကွယ်ရေးတွေ နည်းပညာကို မြောက်ကိုရီးယားက မြန်မာကို ပေးအပ်တယ်။

ဒုံးပျံနဲ့ နျူကလီးယားနည်းပညာတွေကိုတောင် ပေးအပ်တယ်လို့ အနောက်တိုင်းနဲ့ အာရှထောက်လှမ်းရေးအဖွဲ့တွေက စွပ်စွဲကြတယ်။
လမ်းကြောင်းဟောင်းတွေကို ပြောင်းပြီး မြန်မာအစိုးရခေါင်းဆောင်ပိုင်းနဲ့ ဆက်ဆံဖို့ အချိန်တန်တဲ့ အခြေကိုဆိုက်လာပါတယ်။

သူတို့က အာဏာကို ဘယ်နည်းနဲ့ရရ ချုပ်ကိုင်ထားဖို့ သံဓိဌာန်ချထားပုံပေါ်တယ်။

မြန်မာနိုင်ငံမှာ ၂ဝ၁ဝ တုန်းက ကျင်းပတဲ့ ရွေးကောက်ပွဲတွေက အမေရိကန်အတွက်တော့ အလွန်လိုအပ်နေတဲ့ အခွင့်အလမ်းတစ်ခု ပါပဲ။

စစ်တပ်က မဟုတ်ပဲ ဖွဲ့စည်းပုံအခြေခံတစ်ခုနဲ့ အုပ်ချုပ်တယ်ဆိုတဲ့ ''အပြ'' တစ်ခုရှိတဲ့ နိုင်ငံတစ်ခု မြန်မာကဖြစ်လာတယ်။

အနောက်တိုင်းမှာ ဝင်ဆန့်ပြီးမိတ်ဆွေအပေါင်းအသင်းတိုးပွားစေမယ့် စည်းရုံးဆွဲဆောင်မှုတွေ မြန်မာဗိုလ်ချုပ်တွေ စတင်လုပ်ဆောင်စေဖို့ အကောင်းဆုံးအချိန်ဖြစ်သလို၊ ဆက်ဆံရေးပြန်လည်အလွမ်းသင့် ဖြစ်စဉ်ကို စတင်ဖို့နဲ့ တရုတ်ရဲ့ပွေ့ဖက်မှုနဲ့မြောက်ကိုရီယားရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး မှာ နေရထိုင်ရကျပ်ဖြစ်နေတဲ့ မြန်မာကို ပြန်လည်ဆွဲထုတ်ဖို့ အမေရိကန်နဲ့ အနောက်တိုင်း နိုင်ငံတွေအတွက် အကောင်းဆုံး အချိန်အခါပါပဲ။

မြန်မာပြည်ကို ခရီးမဆက်ခင် တောင်ကိုရီးယားကို ဟီလာရီကလင်တန်ဝင်ရောက်လည်ပတ်တာကတော့ တိုက်ဆိုင်မှုလို့ ပြောလို့မရ သလောက်ပါပဲ။

မြောက်ကိုရီးယားနဲ့ဖော်ဆောင်ထားတဲ့ အနီးကပ်စစ်ဖက်ဆက်ဆံရေးတွေကနေ မြန်မာကို ပြန်လည်ဆွဲထုတ်ဖို့ တောင်ကိုရီးယာကို အမေရိကန်က တာဝန်ပေးချင်နေတာကို လုံခြုံရေး အသိုင်းအဝန်းမှာ သိနေကြတာ တစ်နှစ်ကျော်ပါပြီ။မြောကိကိုရီးယားထက် ပိုချမ်းသာကြွယ်ဝတဲ့ တောင်ကိုရီး ယားက မြန်မာနိုင်ငံကို အသုံးဝင်တဲ့အကူအညီတွေ ပိုမိုပေးအပ်နိုင်မယ်လို့ ဆိုကြပါတယ်။





တစ်ချိန်တည်းမှာပဲ အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်တဲ့ မြန်မာစစ်ဘက်အရာရှိတွေက တရုတ်ပြည်အပေါ် အလွန်အကျွံ မှီခိုနေရမှုနဲ့ နိုင်ငံမြောက်ပိုင်းကို တရုတ်လူမျိုးတွေ မထိန်းနိုင်မသိမ်းနိုင် ၀င်ရောက်လာမှုကို မကျေမနပ် ဖြစ်လာကြတယ်။

တရုတ်ကိုထိုးနှက်ချက်က ၂၀၀၄ အောက်တိုဘာလမှာ စတင်ဝင်ရောက်လာတယ်။
ဝန်ကြီးချုပ်လည်းဖြစ်၊ ထောက်လှမ်းရေး ဗိုလ်ချုပ်လည်းဖြစ်တဲ့ ဦးခင်ညွှန့်ကို ရာထူးကနေ ဖယ်ရှားလိုက်တယ်။
မြန်မာပြည်က သူတို့လူ ဖယ်ထုတ်ခံလိုက်ရပြီဆိုတာကို တရုတ်က အစပိုင်းမှာ မယုံကြည်နိုင်ဘူး။

နှစ်နိုင်ငံ ဆက်ဆံရေးမှာ အဓိကသော့ချက်ပုဂ္ဂိုလ်တစ်ယောက်ကို မြန်မာပပြည်က ဗိုလ်ချုပ်တွေ ဘယ်လိုများ အတင့်ရဲပြီး ဆန့်ကျင်ဘက် လုပ်ရဲတာပါလိမ့်လို့ မေးခွန်းတွေ ထုတ်ကြတယ်။

ဒါပေမဲ့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး အဖုအထစ်မရှိအောင် နှစ်နိုင်ငံဆက်ဆံရေးတွေ့ ပုံမှန်အနေအထား အတိုင်း ပြန်ရောက်သွားအောင် နှစ်နိုင်ငံက လုပ်နိုင်ခဲ့ကြတယ်။ အဲဒီနောက် ၂၀၀၉ ခုနှစ်မှာ မြန်မာစစ်တပ်တွေ ကိုးကန့်ဒေသကို ၀င်ရောက်လာခဲ့တော့ တရုတ်လူမျိုးနဲ့ ဒေသခံ ဒုက္ခသည် ၃၀၀၀၀ လောက်က နယ်စပ်ကိုဖြတ်ကျော်ပြီး တရုတ်နိုင်ငံထဲကို ပြန်ပြေးဝင်ခဲ့ရတယ်။

ဒါပေမဲ့ မြန်မာဘက်က သဘောထားအမှန်ကို တရုတ်က ဒီနှစ် စက်တင်ဘာလ ၃၀ အထိ မရိပ်စားနိုင်ခဲ့ဘူး။ မြန်မာပြည်မြောက်ဖျားပိုင်းမှာ တရုတ်ရဲ့ ကမကထပြုမှုနဲ့ တည်ဆောက်နေတဲ့ ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံတန် ရေအားလျှပ်စစ်စီမံကိန်းကို ရပ်နားလိုက်ပြီလို့ သမ္မတ ဦးသိန်းစိန်က ကြေညာလိုက်တယ်။

ဆည်ကြောင့် စင်ကာပူနိုင်ငံထက်ကြီးတဲ့ ဧရိယာကို ရေလွှမ်းမိုးထားလိမ့်မယ်။
ဒါပေမဲ့ ၉၀ ရာခိုင်နှုန်းသော လျှပ်စစ်ကို တရုတ်ပြည်ကို တင်ပို့လိမ့်မယ်။
စာချုပ်ကို ချိုးဖောက်တဲ့အတွက် မြန်မာအစိုးရကို ဥပဒေအကြောင်းအရ အရေးယူဖို့ တရုတ်က ခြိမ်းခြောက်ထားပြီ။

ဒါကလည်း တရုတ်က နောက်ဆုံးအနေနဲ့ လုပ်မိလုပ်ရာ လုပ်ရတာပါပဲ။
တရုတ်-မြန်မာ ဆက်ဆံရေးက အရင်လို ဘယ်တော့မှ ပြန်မဖြစ်တော့ဘူးဆိုတာ ရှင်းနေပါပြီ။

တရုတ်နဲ့ ပတ်သက်ပြီးထားတဲ့ ရပ်တည်ချက်ကို ခိုင်မာစေဖို့အတွက် မြန်မာက အာဆီယံအဖွဲ့ထဲက မိတ်ဆွေနိုင်ငံတွေဆီကို ဦးလှည့်ထားပြီ။
၎င်းဟာ ၂၀၁၄ ခုနှစ်မှာ အဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူရမှာပါ။

မြန်မာစစ်သေနာပတိအဖြစ် ခန့်အပ်ခံရတဲ့ ဗိုလ်ချုပ်မင်းအောင်လှိုင်က သူ့ရဲ့ ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် နိုဝင်ဘာလလယ်မှာ တရုတ်ကို မသွားတဲ့ တရုတ်ရဲ့ရန်သူ ဗီယက်နမ်ကို သွားတဲ့အခါ မြန်မာရဲ့ရပ်တည်ချက်က ပိုပြီးသိသာ ထင်ရှားလာပါတယ်။

မြောက်ပိုင်းက ပိုအင်အားတောင့်တဲ့ အိမ်နီးချင်းကို စိုးရိမ်ရတဲ့နေရာမှာ မြန်မာနဲ့ဗီယက်နမ်တို့က တူပါတယ်။
ဒါကြောင့်မို့ ဗိုလ်ချုပ်မင်းအောင်လှိုင်က ဗီယက်နမ် အိမ်ရှင်တွေနဲ့ ပြောဆို ဆွေးနွေးစရာတွေ အများကြီး ရှိတာက သဘာဝ ကျပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံအတွင်းက မဟာဗျူဟာ အပြောင်းအလဲက နေ့ချင်းညချင်းဖြစ်လာတော့ မဟုတ်ပါဘူး။
ဗိုလ်ချုပ်ခင်ညွှန့်ကို ရာထူးကဖယ်ရှားတဲ့အချိန်မှာပဲ စစ်တက္ကသိုလ်က သုတေသန အရာရှိ ဗိုလ်မှူးချုပ် အောင်ကျော်လှက အရေးကြီးတဲ့ စာတမ်းတစ်စောင်ကို ပြုစုခဲ့တယ်။

“မြန်မာ-အမေရိကန် ဆက်ဆံရေးကို လေ့လာချက်” လို့ ခေါင်းစဉ်တပ်ထားတဲ့ စာမျက်နှာ ၃၇၆ ရှိ ထိပ်တန်းလျှို့ဝှက်စာတမ်းမှာ ၀ါရှင်တန်နဲ့ ဆက်ဆံရေးတွေကို တိုးတက် ကောင်းမွန် အောင်လုပ်ဖို့နဲ့ ဘေဂျင်းအပေါ် မှီခိုနေရမှုကို လျော့နည်း အောင်လုပ်ဖို့ ဖော်ဆောင်နေတဲ့ မူဝါဒတွေကို မီးမောင်းထိုးပြခဲ့တယ်။

ယခင် စစ်အစိုးရဟောင်းထက်စာရင် နိုင်ငံတကာ အသိုင်းအ၀န်းက ပိုလက်ခံနိုင်မယ့် အစိုးရကို ဖန်တီးတည်ထောင်ခြင်းက မူဝါဒသစ်တွေကို စစ်ဘက်က ဖော်ဆောင်ရာမှာနဲ့ အဆိုပါ မူဝါဒသစ်တွေကို နိုင်ငံတကာအသိုင်းအ၀န်းက အလေးအနက် ထားလာအောင် လုပ်ရာမှာ ပိုလွယ်ကူ စေပါတယ်။




ရလဒ်ကတော့ အမေရိကန်နဲ့ ဆက်ဆံရေးတွေဟာ ဗိုလ်ချုပ်အောင်ကျော်လှ ၂၀၀၄ မှာ အကြံပြုထားတဲ့ လမ်းကြောင်းတွေအတိုင်း တစ်ကယ်ကို တိုးတက်ကောင်းမွန်နေတာပါပဲ။


လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အရေးကို လူတွေရှေ့ကြားကောင်းအောင် ပြောကြား နေတုန်းမှာ တရုတ်-မြန်မာ ဆက်ဆံရေးနဲ့ မြောက်ကိုရီးယား - မြန်မာဆက်ဆံရေက နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ရဲ့ အစီအစဉ်မှာ ထိပ်ကရှိနေမယ်ဆိုတာ သံသယဖြစ်စရာမလိုပါ။

နိုဝင်ဘာလမှာ သြစတေးလျနိုင်ငံ ကင်ဘာရာ Canberra ကို အလည်အပတ်သွားတုန်း အမေရိကန်သမ္မတ အိုဘားမားက “အာရှ- ပစိဖိတ်ဒေသ တစ်ခုလုံးအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ကတိက၀တ်ကို ပိုပြီးအလေးအနက်ထား လုပ်ဆောင် နေပါပြီဆိုတာ ကျွန်တော့်ရဲ့ခရီးစဉ်က ပိုပြီးထင်ရှားစေမျာပါ။

အမေရိကန်ပြည်ထောင်စုဆိုတာ ပစိဖိတ်အင်အားကြီးနိုင်ငံတစ်နိုင်ငံပါ။ ဒီနေရာမှာ ကျွန်တော်တို့ ဆက်နေဦးမှာပါ” လို့ အိုဘားမားက အတိအလင်းပြောခဲ့တယ်။

ဒါပေမဲ့ “ကျွန်တော်တို့ တရုတ်ကို ကြောက်တယ်လို့ ပြောနေကြတာတွေက မှားပါတယ်။
တရုတ်ကိုဘေးဖယ်ထားဖို့ နည်းလမ်းတွေကို ကြိုးစားရှာဖွေနေတယ်လို့ ပြောတာတွေက မှားပါတယ်” လို့ သူက အလျင်အမြန်ဖြည့်စွက် ပြောခဲ့တယ်။

ပြည်သူတွေရဲ့ဆန္ဒကို အလေးအနက်ထားလို့ မြောက်ပိုင်းမှာ ဆည်တည်ဆောက်မယ့် စီမံကိန်းကို ရပ်နားထားလိုက်ပြီဆိုတဲ့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ရဲ့ အာမခံစကားက ယုံကြည်ချင်စရာ ကောင်းစရာသလို အမေရိကန်သမ္မတ အိုဘားမားရဲ့ ကြေညာ ချက်ကလည်း ယုံကြည် ချင်စရာကောင်းပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာဆိုတဲ့ ရန်ဖက် နိုင်ငံဟောင်းနှစ်ခုက အရှေ့တောင်အာရှမှာဖြစ်ပေါ်နေတဲ့ အာဏာနဲ့ သြဇာလွှမ်းမိုးမှု အတွက် ကြိုးပမ်းကြတဲ့ အားပြိုင်ပွဲမှာ ပါဝင်တဲ့ “ဘက်” ချင်းတူမိလျက်သား ဖြစ်နေနိုင်ပါတယ်။

တရုတ်နဲ့မြန်မာတို့ကြား ဆက်ဆံရေးမှာ ပဋိပက္ခတွေနဲ့ ရန်လိုမုန်းတီးမှုတွေ အနာဂတ်မှာဖြစ်ပေါ်လာနိုင်တာကို သေချာပေါက်မျှော်မှန်း ထားလို့ ရပါတယ်။

ဝေဖန်ရှုံ့ချပြီး ၀ိုင်းပယ်ထားရမယ့်နိုင်ငံလို့ မြန်မာနိုင်ငံကို အမေရိကန်နဲ့ အနောက်တိုင်းက ဆက်လက်ရှုမြင်ကြမှာ မဟုတ်တော့ပါဘူး။

ဘာပဲဖြစ်ဖြစ်ပါ။ အဖုအထစ်မရှိတဲ့ ဆက်ဆံရေးကိုတော့ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာတို့ကြားမှာ မျှော်မှန်းထားလို့ မရပါ။
ဆယ်စုနှစ်တွေနဲ့ချီ ထိပ်တိုက်တွေ့မှုတွေနဲ့ နှစ်ဖက်သံသယတွေက ရှိနေဆဲပါ။
လူ့အခွင့်အရေး၊ ဒီိမိုကရေစီအရေးတွေနဲ့ ပတ်သက်ပြီး အခိုင်အမာရပ်တည်ဖို့ ၀ါရှင်တန်မှာရှိတဲ့ အားကောင်းတဲ့ဖိအားကြောင့် မြန်မာ အုပ်ချုပ်သူတွေ လုပ်ရကိုင်ရ ခက်ဦးမှာပါ။ အလုံးစုံချုပ်ကိုင်မှုကို လက်လွှတ်ပေးလိုက်ဖို့ဆိုတာ သူတို့အတွက် အဆင်မပြေ၊ စိတ်ဆန္ဒမရှိဖြစ် နေဆဲပါ။

နောက်ဆုံးအနေနဲ့ပြောရရင် တရုတ်နိုင်ငံဆိုတာ ရှိနေဆဲပါ။ လက်မခံချင်လို့မရပါ။
မကြာခင်အချိန်အတွင်းမှာ မြောက်ပိုင်းအိမ်နီးချင်းနိုင်ငံကို မှီခိုနေရမှုတွေ လျော့ပါးသက်သာသွားလို့ မြန်မာနိုင်ငံက ကျေနပ်မှာပါ။
ဒါပေမဲ့ ဆယ်စုနှစ်တွေနဲ့ချီ တည်ဆောက်ထားတဲ့ ဆက်ဆံရေးတွေနဲ့ တကယ့်လက်တွေ့လုပ်ဆောင်နေတဲ့ စီမံကိန်းတွေကလည်း တန်းလန်းကြီး တွေဖြစ်နေတာမို့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးက အပြီးမသတ်နိုင်သေးပါဘူး။


Ref: Foreign Policy မှ သင့်လျော်သလို ပြန်ဆိုသည်။

မူရင်း---- by မက်စင်ဂျာ ဂျာနယ် on Wednesday, 7 December 2011 at 08:20
ဖော်ဝပ်မေးလ်မှ ရရှိပါသည်။

---------------------------------------------

No comments:

Post a Comment