Monday 9 January 2012







စ် တပ် ဘာ ကြောင့် သ မ္မ တ အ ေ ပၚ ေ ရာ က္ ေ န လဲ
Posted: 06 Jan 2012 09:08 PM PST


ဒိန်ဖန်ခူး ရေးသည်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အဖွဲ့ဟာ တိုင်းပြည်ရဲ့ တခြားလုံခြုံရေးရာကိစ္စတွေကို ဘယ်လိုဆုံးဖြတ်မယ် မသိရသေးပေမယ့် နိုင်ငံရေးအကျဉ်းသားကိစ္စမှာ တော်တော် အရေးပါလာတာ တွေ့ရပါတယ်။

သာမန်အားဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ကိစ္စ (power to grant amnesty) မှာသာ နိုင်ငံတော်သမ္မတဟာ ကာလုံအဖွဲ့ရဲ့ ထောက်ခံချက်နဲ့အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်တယ်လို့ အခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ) မှာ ဆိုထားတဲ့အတွက် ကာလုံရဲ့အခန်းကဏ္ဍဟာ ပုဒ်မ ၂၀၄ (ခ) နဲ့သာ အကျုံးဝင်တယ်လို့ နားလည်ထားကြပါတယ်။

ပုဒ်မ ၂၀၄ (က) ကတော့ သမ္မတဟာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခွင့်ရှိတယ်လို့ ဆိုထားပါတယ်။ ဆိုလိုတာက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်လိုကိစ္စမှာ ကာလုံထောက်ခံချက်မလိုဘဲ သမ္မတက လုပ်ပိုင်ခွင့်ရှိသလို ဖြစ်နေပါတယ်။

ကာလုံက သမ္မတအထက် ရောက်နေ


လက်တွေ့မှာ ၂၀၁၂ ခု ဇန်န၀ါရီ ၂ ရက်နေ့ ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ခေါင်းစဉ်သာ လွတ်ငြိမ်းချမ်းသာခွင့် အမည်တပ်ထားပေမယ့် ပြစ်ဒဏ်သက်သာအောင် လျှော့ပေါ့တာတွေ ဖြစ်နေလို့ ပုဒ်မ ၂၀၄ (က) နဲ့သာ အကျုံးဝင်တယ်လို့ ရှေ့နေအတော်များများက မှတ်ယူကြပါတယ်။

သတင်းစာမှာ အမိန့်အပြည့်အစုံ ထွက်လာတော့မှ ခေါင်းစဉ်က ပုဒ်မ ၂၀၄ (ခ) ဖြစ်နေပြီး အမိန့်စာသားက ပုဒ်မ ၂၀၄ (က) ဖြစ်နေတာ တွေ့ရပါတယ်။

ဒါကြောင့် ကာလုံအဖွဲ့ဟာ အခြေခံဥပဒေ ပုဒ်မ ၂၀၄ (က) (ခ) ၂ မျိုးလုံးကို စွက်ဖက်ကျင့်သုံးနေတဲ့အတွက် သမ္မတဦးသိန်းစိန်ထက် ပိုပြီး လက်စောင်းထက်နေတယ်လို့ ယူဆနိုင်ပါတယ်။

တည့်တည့်ပြောရရင် ကာလုံအဖွဲ့ဟာ သမ္မတဦးသိန်းစိန်အထက်မှာ ရှိနေတာ ထင်ရှားလာပါတယ်။ တနည်းပြောရရင် ကာလုံအဖွဲ့ဝင် ၁၁ ဦးမှာ စစ်ဗိုလ်က ၆ ဦး ပါနေတာမို့ ဦးသိန်းစိန်ရဲ့အထက်မှာ အခြခံဥပဒေအရ စစ်တပ်ရှိနေတယ်လို့ ပြောနိုင်ပါတယ်။

ကာလုံမှာ စစ်တပ်က ဘာကြောင့် ၆ မဲ အသာရနေလဲ

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ဦးမှာ စစ်တပ်က ဘယ်နှစ်ဦးပါသလဲ ပြန်ကြည့်ရင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၊ ဒု-ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီးစိုးဝင်း ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်း၊ ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးကိုကိုနဲ့ နယ်စပ်ရေးရာဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးသိန်းဌေး တို့ ၅ ဦးဟာ စစ်ယူနီဖောင်းဝတ် စစ်အရာရှိတွေ ဖြစ်ပါတယ်။

ဒါပေမယ့် ဒု-သမ္မတ သီဟသူရ ဦးတင်အောင်မြင်ဦးကလည်း ကြံ့ဖွံ့အမတ်တွေက တင်မြှောက်တဲ့ ဒု-သမ္မတမဟုတ်ဘဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ထိန်းချုပ်ထားတဲ့ ၂၅ ရာနှုန်း စစ်ဗိုလ်အုပ်စုက တင်မြှောက်တဲ့ ဒု-သမ္မတမို့ အဖွဲ့ဝင် ၁၁ ဦးမှာ စစ်တပ်က ၆ မဲ အသာစီး ရထားတဲ့သဘော ဖြစ်ပါတယ်။ တွက်ကြည့်ရင် ကာလုံရဲ့ ၅၅ % က စစ်တပ်က စစ်ဗိုလ်တွေသာ ဖြစ်နေပါတယ်။

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ သာ ဆက်ပြီး အတည်ဖြစ်နေမယ်ဆိုရင် နောင်လာမယ့် ဒုတိယ ၅ နှစ်သက်တမ်းလွှတ်တော်၊ တတိယ ၅ နှစ်သက်တမ်းလွှတ်တော် ... စတဲ့ လွှတ်တော်သက်တမ်း အသီးသီးမှာလည်း အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ဦးမှာ စစ်တပ်က အမြဲတမ်း ၆ မဲ အသာစီးရနေဦးမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ကျန်အဖွဲ့ဝင် ၅ ဦးမှာ ဒု-သမ္မတ စိုင်းမောက်ခမ်းကလွဲရင် ကျန်လေးဦးက အရပ်ဝတ်လဲထားတဲ့ စစ်ဗိုလ်လူထွက်တွေ ဖြစ်နေလို့ ဒီ ၅ ဦးစလုံးကို အရပ်သားလို့ ထားတွက်ကြတာ ဖြစ်ပါတယ်။ တနည်းပြောရရင် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ဦးမှာ သမ္မတက ဥက္ကဌလို့ ဆိုပေမယ့် လက်တွေ့မှာ စစ်တပ်က ၆ မဲ အသာစီး ရထားတဲ့အတွက် တကယ့်ဆုံးဖြတ်ခွင့်အာဏာက သမ္မတ ဦးသိန်းစိန်လက်မှာမရှိဘဲ ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် လက်ထဲမှာသာ ရှိပါတယ်။ ဒါကြောင့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ကာကွယ်ရေးဦးစီးချုပ် ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းလို့ နိုင်ငံတကာအဖွဲ့အစည်းတချို့က ယူဆတာ ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံရေးအကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့သဘောထား ဘာလဲ၊ သူ့သဘောနဲ့သူ ဆုံးဖြတ်နိုင်စွမ်းရှိသလား၊ နောက်ကွယ်မှာ ဦးသန်းရွှေရဲ့ သြဇာလွှမ်းမိုးမှု ရှိနိုင်သလားဆိုတဲ့ အချက်တွေလည်း စဉ်းစားစရာ ဖြစ်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်က အာဏာသိမ်းဖို့ လိုသလား

အထူးသဖြင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ အရေးပါမှုဟာ တိုင်းပြည်မှာ အရေးပေါ်အခြေအနေ ကြေညာတဲ့အပိုင်းမှာ ပိုပြီး ပေါ်လွင်လာပါတယ်။

အရေးပေါ် အခြေအနေတောင်မှ ၂ မျိုး ရှိပါတယ်။

ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ထိပါးစေမယ့် အရေးပေါ်အခြေအနေမျိုးဆိုရင် သမ္မတဦးသိန်းစိန်က အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ဦးလုံးနဲ့ ညှိနေစရာမလိုဘဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၊ ဒု-ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်းနဲ့ ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးကိုကို ၄ ဦးနဲ့ ညှိပြီး အရေးပေါ်အခြေအနေ ထုတ်ပြန်နိုင်တယ်လို့ အခြေခံဥပဒေမှာ ပြဌာန်းထားပါတယ်။

တနည်းပြောရရင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်းနဲ့ ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးကိုကို တို့ ၂ ဦးဟာ အရေးပေါ်အခြေအနေ ကြေညာနိုင်တဲ့ ၀န်ကြီးတွေမို့ ၀န်ကြီးအဖွဲ့မှာတောင် တခြားဝန်ကြီးတွေထက် အာဏာပိုကြီးမားတဲ့ ပြည်ထောင်စုဝန်ကြီးတွေ ဖြစ်နေတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

နောက် အရေးပေါ်အခြေအနေကတော့ ပြည်ထောင်စုပြိုကွဲမယ့် အန္တရာယ်၊ တိုင်းရင်းသားစည်းလုံးမှု ပြိုကွဲမယ့် အန္တရာယ်နဲ့ အချုပ်အခြာအာဏာ လက်လွှတ်ရမယ့် အခြေအနေမျိုးရောက်အောင် ဆူပူသောင်းကျန်းမှုတွေ ဖြစ်ပြီဆိုရင် သမ္မတဦးသိန်းစိန်က အချိန် ၁ နှစ်ကြာမယ့် အရေးပေါ်အခြေအနေ ကြေငြာပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကို အာဏာကြီး ၃ ရပ် လွှဲအပ်ပေးရမယ်လို့ အခြေခံဥပဒေနဲ့ ပြဌာန်းထားပါတယ်။ (အများထင်သလို ကာကွယ်ရေးဦးစီးချုပ်က အာဏာသိမ်းစရာမလိုဘဲ အခြေခံဥပဒေအရ သမ္မတက လွှဲပြောင်းအပ်နှင်းပေးမယ့် အာဏာကြီး ၃ ရပ်ကို လက်ခံယူဖို့ ထိုင်နေရုံသာ လိုပါတယ်)။ တနှစ်ပြည့်ပြီးလို့ နောက်ထပ် အချိန်တိုးပေးဖို့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က တောင်းခံလာရင် ၆ လ သက်တမ်း ၂ ကြိမ်ထိ သမ္မတဦးသိန်းစိန်က တိုးပေးရမှာဖြစ်ပါတယ်။

သဘောကတော့ တိုင်းပြည်မှာ အရေးပေါ်အခြေအနေ ဖြစ်လာရင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ၂ နှစ်ထိ အခြေခံဥပဒေအရ တရားဝင် အာဏာသိမ်းထားခွင့်ရှိအောင် အခြေခံဥပဒေနဲ့ ကျားကန်ပေးထားတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီတဖွဲ့လုံးကို ထိန်းချုပ်ထားတဲ့ပြင် တိုင်းပြည်အာဏာကို တရားဝင် ၂ နှစ် အာဏာသိမ်းခွင့်ရှိတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် အနေနဲ့ ဦးသန်းရွှေရဲ့ သြဇာက လွတ်အောင် ဦးနေ၀င်းအပေါ် ဦးသန်းရွှေ လုပ်ခဲ့သလို ဦးသန်းရွှေနဲ့ မိသားစုကို အကျယ်ချုပ်ချတဲ့ထိ အာဏာစက်ပြဖို့ ကြိုးစားမလား ဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

သမ္မတနဲ့ ကာလုံ
ဖွဲ့စည်းပုံအခြေခံဥပဒေသစ်မှာ သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့်ကို အပြန်အလှန် ထိန်းကျောင်းပေးထားတယ်လို့ နယ်သာလန်နိုင်ငံ အခြေစိုက် Transnational Institute (TNI) က ယူဆပါတယ်။ ဥပမာအားဖြင့် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချတော့မယ်ဆိုရင် သမ္မတဟာ ကာကွယ်ရေးဦးစီးချုပ် ထိန်းချုပ်ထားတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို တိုင်ပင်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် (တိုင်းပြည်ရဲ့ သတ်မှတ်နေရာတွေမှာ သတ်မှတ်ကာလအတွင်း) ကာကွယ်ရေးဦးစီးချုပ်ကို အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ ပေးထားမယ့် အရေးပေါ်အခြေအနေ ကြေညာမယ့် ဆုံးဖြတ်ချက်မျိုးဆိုရင်လည်း သမ္မတကသာ ဆုံးဖြတ်နိုင်ပါတယ်။

ခုလို အပြန်အလှန် ထိန်းကျောင်းပေးထားတဲ့အတွက် သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ် ၂ ဦးအနက် တဦးဦးက အာဏာကို အလွန်အကျွံ သုံးတာမျိုးမဖြစ်ဖို့အပြင် နောက်ထပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလို အာဏာရှင်မျိုး မပေါ်အောင် တားမြစ်ထားတဲ့သဘောလို့ TNI က ယုံကြည်ပါတယ်။ ဒါမှလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ ခြိမ်းခြောက်မှုကင်းပြီး စိတ်ချလက်ချ တပ်က အနားယူနိုင်မှာ ဖြစ်တယ်လို့ပါ TNI က ယူဆပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ကာကွယ်ရေးဦးစီးချုပ်က သမ္မထက်ပိုပြီး အာဏာကြီးနေတာကို နိုင်ငံရေးအကျဉ်းသားလွှတ်ရေးကိစ္စမှာ အထင်အရှား မြင်ရပါတယ်။

စစ်အစိုးရ အခြေခံဥပဒေကို ကြည့်ရင် အုပ်ချုပ်ရေးအာဏာကို သမ္မတ ခေါင်းဆောင်တဲ့ အစိုးရနဲ့ ကာကွယ်ရေးဦးစီးချုပ် ထိန်းချုပ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကြား ခွဲဝေထားပါတယ်။ ဥပဒေပြုရေးအာဏာကိုတော့ ရွေးကောက်ခံအမတ်တွေနဲ့ စစ်ဗိုလ်အမတ်တွေကြား ခွဲဝေထားပါတယ်။

ဒိန်ဖန်ခူး
(ခင်ရတနာ Faceboook)

Posted: 06 Jan 2012 08:41 PM PST

မြန်မာနိုင်ငံတော် သမတ ဦးသိန်းစိန်၊ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့ပြီးနောက် အမေရိကန် ဘီလျံနာသူဌေးကြီး ဂျော့ ဆိုရော့စ်က သူ၏ ပရဟိတလုပ်ငန်းများဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံအခြေစိုက် ရုံးခန်းဖွင့်လှစ်ရန် သဘောတူညီခဲ့သည်ဟု ပြောကြားကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်အရ သိရသည်။ ၂၀၁၁ ဒီဇင်ဘာ ၂၆ မှ ၂၀၁၂ ဇန်န၀ါရီ ၃ ရက်နေ့အထိ မြန်မာနိုင်ငံခရီးစဉ်မှ အပြန်တွင် ဆိုရော့စ်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ "တံခါးပိတ်ထားတဲ့ အခြေအနေကနေ ပွင့်လင်းတဲ့လူ့အဖွဲ့အစည်းတစ်ခုအဖြစ်ပြောင်းလဲနေတာပါ"ဟု သူကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ကျယ်ပြန့်စွာဆွေးနွေးခဲ့ကြောင်း ယင်းကပြောပါသေးသည်။ "ကျွန်တော်ရဲ့ ဖောင်ဒေးရှင်းဟာ ဒီမိုကရေစီအရေးတွေအတွက် နှစ်၂၀လောက်ပံ့ပိုး ပေးခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖြစ်တာကတော့ ခုမှ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပွင့်လင်းမှုနဲ့ပတ်သက်တဲ့ အရိပ်နိမိတ်တွေအတွက် ကျွန်တော် အင်မတန်မှကိုကြေနပ်အားရမိပါတယ်။ လောလောဆယ်မှာတော့ ထိပ်ပိုင်းရဲ့ စေတနာကောင်းတွေနဲ့ အောက်ခြေပိုင်းရဲ့ အခြေအနေတွေအကြားမှာ တော် တော်လေး ကွာဟမှုရှိနေပါသေးတယ်"ဟု ဂျော့ ဆိုရော့စ်ကပြောသည်။

popularmyanmar.com

Posted: 06 Jan 2012 08:23 PM PST


အခုပြောနေတဲ့ ကိစ္စက " ခင်ဗျား ဘယ်သူ့ကို ချစ်လဲ " ဆိုတဲ့ မေးခွန်းမဟုတ်ဘူး ခင်ဗျားဟာ ရက်စက်ကြမ်းကြုတ်၊ယုတ်မာသူတွေကိုကာကွယ်ခုခံမလား(ဒါမှမဟုတ်)ဒီမိုကရေစီနဲ့အပြစ်မဲ့ပြည်သူလူထုဘက် က ရပ်တည်မလား ဆိုတဲ့ ရွေးချယ်မှုဖြစ်တယ် ဒီ တပွဲမှာ ကိုယ့်ရဲ့သမိုင်းတန်ဘိုးကို ကိုယ့်ဘာသာ သတ်မှတ်ကြရပါလိမ့်မယ်။

အစုလိုက်အပြုံလိုက်လူသတ်ပွဲကြီးကို ကျူးလွန်ခဲ့သူတွေက " သူတို့ ကွပ်မျက်ခဲ့တဲ့ ကျောင်းသား (၁၅) ယောက်ဟာ အစိုးရသူလျှိုတွေဖြစ်ကြောင်း ခိုင်မာတဲ့အထောက်အထားတွေ ရှိပါတယ်" လို့ ဆိုခဲ့တယ်။ တကယ်တော့ သူတို့ပြောပြောနေတဲ့ ခိုင်လုံတဲ့အထောက်အထားဆိုတာ " မြောက်ပိုင်းစစ်ကြောရေးခွေ" လို့ လူသိများတဲ့ ဗွီဒီယို တိတ်ခွေလေးတခုထင်ပါရဲ့။ အဲ့ဒီ တိတ်ခွေလေးထဲမှာ နှိပ်စက်ညှင်းပမ်းခံရသူတွေရဲ့ ဖြောင့်ချက်တွေကို တမှုတ်တရ ရိုက်ကူးထားတယ်။ သူတို့ကသာ အဲ့ဒီတိတ်ခွေလေးကို ခိုင်လုံတဲ့အထောက်အထားအဖြစ်ယုံကြည်ပြီး ရည်ညွှန်းနေတာ။ ကျနော်ကတော့ အဲ့ဒီတိတ်ခွေဟာ ကိုယ့်ရှူးကိုယ်ပြန်ပတ်တဲ့ သက်သေ ( သို့မဟုတ်) ကိုယ့်လည်ပင်းကို ကိုယ့်ဘာသာပြန်ညှစ်မဲ့ ကြိုးကွင်းလို့ ပဲ မြင်မိတယ်။ အဲ့ဒီ တိတ်ခွေလေးကို သေသေချာချာ ကြည့်ခဲ့မိဘူးပါတယ်။ အဲ့ဒီတိတ်ခွေလေးကို ကြည့်ပြီး၊ " စစ်ကြောရေးကို ဦးဆောင်သူတွေကလဲကွာ ဒီလောက်တောင် ညံ့ရသလား၊ ဒီလောက်တောင် ဗဟုသုတ နည်းလှချည်းလား" လို့ တွေးနေမိတယ်။ တကယ်တော့ စစ်ကြောရေးကို ဦးဆောင်ခဲ့ကြသူတွေဟာ မန္တလေးလှုပ်ရှားမှု ကို ကောင်းကောင်းနားလည်ပုံမရပါဘူး။ သတ္တိရှိကြမယ်ဆိုရင်- အဲ့ဒီ တိတ်ခွေလေးကို ဖေ့ဘွတ်မှာတင်ပေးပြီး ပြည်သူအားလုံးကို ပြပေးပါလား။ မန္တလေးကျောင်းသားတွေအတွက်တော့ အထူးလက်ဆောင်တခုဖြစ်မှာပါ။ ကိုယ့်သူငယ်ချင်းတွေ ရီကြရမှာပါ။ ဒါပေမဲ့ သဲလွန်စတခုပေးပြီး အတိတ်ကို နည်းနည်းနိုးဆွထားချင်တယ်။ မန္တလေးကျောင်းသားတွေ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ ထောက်လှမ်းရေး (၁)၊ ထောက်လှမ်းရေး (၁၆) ၊ ဗိုလ်ကြီး မြင့်ဦး နဲ့ အမျိုးသားထောက်လှမ်းရေး ဗျူရို ဆိုတာတွေ ပါမယ်ဗျာ။ သူတို့ဘယ်လို လုပ်ထားသလဲ။ စောင့်ကြည့်ကြရအောင်ပါ။

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ (အပိုင်း-၄-) အဖြစ် နန်းအောင်ထွေးကြည် ရဲ့ အစီရင်ခံစာ ကို တင်ပြသွားမှာဖြစ်ပါတယ်။ ပထမပိုင်းမှာ- ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) စတင်တည်ထောင်ခြင်း နဲ့ အာဏာအလွဲသုံးစားလုပ်မှု၊ ခေါင်းဆောင်တွေရဲ့ အခွင့်ထူးခံလူတန်းစား တည်ဆောက်မှုတို့ကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို တင်ပြထားပါတယ်။

ခင်မင်လေးစားစွာဖြင့်

အောင်မိုးဝင်း

နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ

( က )

ကျောင်းသားတပ်မတော် ABSDF ( NB )ကို မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်ဒေသဖြစ်သည့် KIA ဗဟို ဌာနချုပ် ပါဂျောင်ဒေသ လိုင်စင်စခမ်း တရုတ်ပြည်နယ်စပ်တွင်တည်ထောင်ခဲ့သည်။ တရုတ်ပြည် ယွေနမ် ပြည်နယ် ရွှေလီမြို့မှ ကားလမ်းခရီးဖြင့် ကေအိုင်အေ ဗဟိုဌာနချုပ်သို့ အလွယ်တကူသွားရောက်နိုင်သည်။ ကျောင်းသားတပ်မတော်ကို ၁၉၈၈ ကာလတွင် ABSDF ( ကချင်ပြည်နယ် ) အနေဖြင့်စတင်ထူထောင်ခဲ့သည်။ ထိုစဉ်က ကိုကျော်ကျော်မှ ကချင်ပြည်နယ် ဥက္ကဌ အဖြစ်တာဝန်ယူခဲ့ပြီး စစ်ရေးတာဝန်ခံအဖြစ် မြင့်စိုး ခေါ် သံချောင်းနှင့် အတွင်းရေးမှုးအဖြစ် မိုးညှင်းမြို့နယ် နမ်းမားမှ နမ့်ဆော်လော ရွာနေ…မျိုးဝင်းတို့က တာဝန်ယူ ဦးစီးခဲ့ကြသည်။ ဗဟိုဦးစီးမှုးများအဖြစ် လွှမ်းမိုး နှင့် နေဒွန်းတို့မှတာဝန်ယူခဲ့ကြသည်။

၁၉၈၉ ခုနှစ် ဧပြီလတွင် မိမိနှင့်အတူ ရန်ကုန်မြို့မှ မခင်ချိုဦး ၊ ဌေးမြင့်ဝင်း ၊ အောင်ကျော်ဦး နှင့် သန်းထွန်းစိုး ခေါ် တိုက်ပိတ် ငါးဦးအဖွဲ့ အေဘီအက်စ်ဒီအက်ဖ် ( ကချင်ပြည်နယ် ) သို့ရောက်ရှိခဲ့ကြပြီး သန်းထွန်းစိုးမှအပ မိမိအပါဝင် လေးဦးမှာ ကျောင်းသားတပ်မတော် စစ်သင်တန်းအပတ်စဉ် ( ၃ ) သို့တက်ရောက်ခဲ့သည်။ သန်းထွန်းစိုးမှာ ရန်ကုန်မြို့သို့ စည်းရုံးရေး အင်အားစုဆောင်းရေးအတွက် အမှတ်စဉ် ( ၃ ) သင်တန်းမတက်ရောက်ခဲ့ပါ။

၁၉၈၉ ခုနှစ် နှစ်လည်ပိုင်းခန့်တွင် အမှတ်စဉ် ၁ မှ ကျောင်းသားရဲမေ ခင်မာအေး ( မြစ်ကြီးနား ) အမဖြစ်သူ မမူနဲ့အတူ ABSDF ( ကချင်ပြည်နယ် ) သို့ရောက်ရှိလာသော မြတ်ကို ဆိုသူအား စစ်အစိုးရ သူလျှို အဖြစ် စွပ်စွဲပြီး သတ်ဖြတ်ခဲ့သည်။ ထိုသတ်ဖြတ်မှု့ကို မျိုးဝင်းနှင့် သံချောင်းတို့မှ ဦးဆောင်ခဲ့သည်။ ထိုစဉ်အချိန်ကာလက ABSDF ( ကချင် ) ဥက္ကဌ ကိုကျော်ကျော်မှာ တာဝန်ဖြင့် မာနယ်ပလောရှိ ABSDF ( တောင်ပိုင်း ဗဟို ) သို့သွားရောက်နေချိန်ဖြစ်သည်။ ABSDF ( ကချင်ပြည်နယ် ) ဦးစီးမှုးများ နှင့် ဗဟိုကော်မတီဝင်များမှာလည်း တာဝန်အသီးသီးဖြင့် ရှေ့တန်းစခမ်းများသို့ရောက်ရှိနေချိန်ဖြစ်သည်။

(ခ)

ABSDF ( ကချင်ပြည်နယ် ) စစ်သင်တန်း အမှတ်စဉ် ( ၄ ) ကို ဗဟိုဌာနချုပ် ပါဂျိုဒေသ လိုင်စင်စခမ်းတွင်ဖွင့်လှစ်ခဲ့သည်။ သင်တန်းအမှတ်စဉ် ( ၅ )တွင် ရန်ကုန်နှင့် မန္တလေးမှ ကျောင်းသားအများအပြားပါဝင်လာခဲ့သည်။ သန်းထွန်းစိုး ခေါ် တိုက်ပိတ် နှင့်အတူ ရန်ကုန် ၊ ပဲခူးမှကျောင်းသားအချို့ပါလာပြီး သင်တန်းအမှတ်စဉ်( ၅ ) ကိုတက်ရောက်ခဲ့သည်။ ထိုအပတ်စဉ် ( ၅ ) သင်တန်းအချိန်ကာလတွင် တပ်တွင်းမကျေနပ်မှု့များ သင်တန်းသားများအတွင်း၌ဖြစ်ပွားခဲ့သည်။ အတွင်းရေးမှုးတာဝန်ယူထားသော မျိုးဝင်း ၏ ဒေသအစွဲနှင့် သဘောထားကျဉ်းမြောင်းမှု့ အတွေးအမြင် တဘက်သတ်ဆန်မှု့များအပေါ် အဓိကထားပြီး မကျေနပ်မှု့များ တိုက်ခိုက်မှု့များဖြစ်ပွားခဲ့သည်။ ထို အပတ်စဉ် ( ၅ ) နှင့် ( ၆ ) သင်တန်းသားများထဲတွင် နောင် ABSDF ( NB ) ဥက္ကဌ ဖြစ်လာမည့် အောင်နိုင် ( ယခု ရော်နယ်အောင်နိုင် ဟူသောအမည်ဖြင့် ယိုးဒယားနယ်စပ်နှင့် ချင်းမိုင်တွင် သတင်းထောက်လုပ်နေသူ ဘီဘီစီ မြန်မာပိုင်းအစီစဉ်မှ ၂၀၀၈ ခုနှစ်တွင် နှုတ်ထွက်စာတင်ခဲ့ရသူ )၊ ရဲလင်း၊ညီညီကျော် ( နောင်တွင် စစ်အစိုးရ၏သူလျှိုများအဖြစ် ဖမ်းဆီးခံရသူ ) တို့သည်..ABSDF ( NB ) ဗဟိုကော်မတီအဖြစ် ရွေးချယ်ခံရသူများပါဝင်ပါသည်။ အပတ်စဉ် ( ၅ ) သင်တန်း မဖွင့်မှီတွင် ABSDF ( ကချင်ပြည်နယ်ကို ) ABSDF ( ၇၀၁ ) တပ်ရင်းအဖြစ် သတ်မှတ်ခဲ့ပါသည်။

အပတ်စဉ် ( ၅ ) သင်တန်းကာလအတွင်းဖြစ်ပွားခဲ့သော တပ်တွင်းမကျေနပ်မှု့များကြောင့် ABSDF ( ၇၀၁ ) တပ်ရင်း နောက်တန်းရှိ ရဲဘော် ရဲမေများနှင့် အပတ်စဉ် ( ၅ ) ကျောင်းသား သင်တန်းသားများအား မျိုးဝင်းမှ မကျေလည်မှု့များ ဆွေးနွေးရန်အတွက် တပ်တွင်းခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးမှု့များပြုလုပ်ခဲ့သည်။

ကျောင်းသားအများအပြားမှ…..ဦးဆောင်တာဝန်ယူနေသော ကျောင်းသားခေါင်းဆောင်များနှင့် ရဲဘော်ရဲမေများအကြား ကွာဟမှု့များ၊ မျိုးဝင်း၏ တဘက်စွန်းရောက်သောစိတ်ဓါတ်များ၊ မျိုးဝင်း ၏ ဒေသစွဲ တယူသန်အတွေးအမြင်များ မတရားမှု့များကို ဝေဖန်ပြောဆိုခဲ့ကြသည်။ သို့သော်လည်း မျိုးဝင်းမှ " ငါတို့တော်လှန်ရေးလုပ်ဘို့တောထဲလာတာ ဒီမိုကရေစီအတွက် လာတာ ဖြစ်တယ် ဒီမိုကရေစီခံစားဘို့မဟုတ်ဘူး စစ်တပ်မှာ ဒီမိုကရေစီမရှိဘူး ရွေးကောက်ပွဲမရှိဘူး " ဟုပြောဆိုပြီး တင်ပြမှု့များနှင့် မေးခွန်းများကိုမေးကြားခြင်းကို ဖြေကြားခြင်းမရှိပဲ ပယ်ချခဲ့သည်။ ညှိနှိုင်းမှု့မရှိပဲ..တွေ့ဆုံဆွေးနွေးပွဲကိုရုတ်သိမ်းခဲ့သည်။ မကျေလည်မှု့များပိုမိုပြင်းထံခဲ့သည်။

မျိုးဝင်း မှ ထိုတွေ့ဆုံဆွေးနွေးပွဲတွင် သူ့အား ဝေဖန်တိုက်ခိုက်ခဲ့သူများအား အငြိုးကြီးစွာဖြင့် မှတ်သားထား သည်။ အကြောင်းမှာ သူ့အားဝေဖန်တိုက်ခိုက်ခဲ့သူများအားလုံးသည် ၁၉၉၁ ခုနှစ် သြဂုတ်လတွင် စတင်ဖမ်းဆီးခဲ့သည့် သမိုင်းဆိုးတွင်ခဲ့သည့် စစ်အစိုးရ သူလျှိုအဖြစ် အစုလိုက်အပြုံလိုက် ဖမ်းဆီးနှိပ်စက်၊ ခေါင်းဖြတ်သတ်ဖြတ်ခံခဲ့ကြသည်မှာ မိမိအပါဝင်ဖြစ်ပါသည်။

(ဂ)

အမှတ်စဉ် (၅) သင်တန်းပြီးဆုံးပြီး ABSDF ( ၇၀၁ ) တပ်ရင်းမှ ABSDF ( မြောက်ပိုင်း ဗဟို ) အဖြစ် ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်ပြောင်းလဲ ရေးအတွက် ညှိနှိုင်းရေးများပြုလုပ်ခဲ့သည်။ ဥက္ကဋ္ဌ နှင့် ဗဟိုကော်မတီဝင် အသစ်များပြန်လည်ဖွဲ့စည်းရေးအတွက် စည်းရုံးရေးများ ပြုလုပ်ခဲ့သည်။ ရန်ကုန်တိုင်း ကိုယ်စားလှယ်အဖြစ် သန်းထွန်းစိုး ကို စာရင်းပေးသွင်းခဲ့ကြသည်။ ကိုယ်စားလှယ်အသီးသီးမှာလည်း စည်းရုံးရေးအတွက် တာဝန်များနှင့် ရှေ့တန်းနယ်မြေများသို့ ထွက်ခွာခဲ့ကြသည်။ ယ္ခင်ရှေ့တန်းနယ်မြေမှာ ရှိနေသော ABSDF ( ကချင်ပြည်နယ်) ဦးစီးမှူး လွှမ်းမိုး မှာ နောက်တန်းဗဟို ( ၇၀၁) သို့ ပြန်လည်ရောက်ရှိလာသည်။ လွှမ်းမိုးနှင့် မျိုးဝင်း တို့ နှစ်ဦးကြားတွင် မကျေလည်မှုများ ရှိခဲ့သည်။ လွှမ်းမိုးမှ မျိုးဝင်းအား တပ်တွင်း ရံဘုံငွေ နှင့် ကျောက်စိမ်းရောင်းဝယ်မှုများတွင် မျိုးဝင်းမှ ကိုယ်ကျိုးသုံးကြောင်း စွဲချက်တင်ရန် ကြိုးပမ်းခဲ့သည်။

သို့သော် မျိုးဝင်းက သူ၏ ဒေသခံနယ်လူများ၏ နောက်ခံအင်အားတောင့်တင်းမှုကြောင့် မျိုးဝင်းနှင့် သံချောင်းတို့ ဦးဆောင်ပြီး၊ လွှမ်းမိုးအား ၁၉၉၀ မတ်လ ခန့်တွင် ဖမ်းဆီးပြီး စစ်အစိုးရ သူလျှိုအဖြစ် စွပ်စွဲခါ နှိပ်စက်ညှင်းပမ်းခဲ့သည်။ တချိန်တည်းမှာပင် ရန်ကုန်တိုင်းတာဝန်ခံ ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်မည့် သန်းထွန်းစိုး ကိုပါ ဖမ်းဆီးခဲ့သည်။ ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ဖို့ အကြပ်ကိုင်ခဲ့သည်။ သန်းထွန်းစိုးမှ နုတ်ထွက်ခဲ့သည်။ ရဲလင်း မှ ရန်ကုန်တိုင်းကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်ရန် သဘောတူခဲ့သည်။

လွှမ်းမိုးအား ဖမ်းဆီးပြီး ညှင်းပမ်းနှိပ်စက် စစ်ကြောရေးဝင်နေစဉ်ကာလအတွင်း မျိုးဝင်းမှ ရဲဘော်တဦးအား စေလွှတ်ပြီး မိမိအား စစ်ကြောရေးနေရာသို့ လာရန် အမိန့်ပေးခဲ့သည်။ မိမိမှာ ထိုအချိန်က လွှမ်းမိုး၏ ဦးစီးရုံးတွင် တာဝန်ယူနေခဲ့သူဖြစ်သည်။ လွှမ်းမိုးအား စစ်ကြောနေသောအခန်းထဲတွင် လွှမ်းမိုး၏ ရှေ့တွင်ပင် မျိုးဝင်းက မိမိ ၏ နားထင်ကို သေနတ်ဖြင့် တေ့ပြီး " လွှမ်းမိုး က မင်းကို ဘာတွေခိုင်းလဲ" ဟု မေးမြန်းခဲ့သည်။ အမှန်စင်စစ်မှာ ထိုအချိန်က မိမိအား ထောက်လှမ်းရေး သူလျှိုအဖြစ် စွပ်စွဲဖမ်းဆီးဖို့ အစီအစဉ်ရှိကြောင်း နောင်မှ သိခဲ့ရသည်။ သို့သော်လည်း ကံကောင်းစွာဖြင့် သံချောင်းမှ " မငယ် မင်းပြန်တော့" ဟု အမိန့်ပေးသဖြင့် အဆောင်သို့ပြန်ခဲ့သော်လည်း ဘာကြောင့် မိမိ ဦးခေါင်းအား သေနတ် ဖြင့်ချိန်ပြီး မေးမြန်းခဲ့ရခြင်းကို စဉ်းစားမိသည်။

ထိုအဖြစ်အပျက်ဖြစ်ပြီး ၃-၄ ရက်အကြာတွင် မျိုးဝင်းနှင့် သံချောင်း ဦးဆောင်ပြီး၊ လွှမ်းမိုးနှင့် သန်းထွန်းစိုး တို့အား လက်နောက် ပြန်ကြိုးတုပ်ပြီး တပ်ရင်း၏ ဗဟိုအလည်ဖြစ်သည့် စစ်ရေးလေ့ကျင့်ရေးကွင်းသို့ ခေါ်ဆောင်လာသည်။ ရဲဘော်၊ ရဲမေများ အားလုံးကိုလည်း လူစစ်၊ တန်းစီ ခိုင်းပြီး သတိဆွဲခိုင်းထားသည်။ ကွင်းလယ်ခေါင်တွင် ကျင်းတူးထားပြီး ထိုကျင်းထိပ်တွင် လွှမ်းမိုးနှင့် သန်းထွန်းစိုး တို့အား ကြိုးတုတ်လျှက်နှင့် ထိုင်ခိုင်းထားသည်။

မျိုးဝင်းနှင့် သံချောင်းတို့မှ လွှမ်းမိုးအား "ထောက်လှမ်းရေးသူလျှိုမဟုတ်လား" ဟု ကျယ်လောင်စွာ ဒေါသတကြီး မေးသည်။ လွှမ်းမိုးမှ " ကျနော် မဆလ မဖြစ်ပါရစေနဲ့ ဗကပ ( ဗမာပြည်ကွန်မြူနစ်ပါတီ) ပဲ ဖြစ်ပါရစေဗျာ" ဟု ဖြေကြားခဲ့သည်။ သံချောင်းမှ လွှမ်းမိုးအား သေနတ်ဖြင့် ချိန်ပြီး တန်းစီနေသော မိမိတို့ ကျောင်းသားရဲဘော် ရဲမေများ ရှေ့တွင် သွေးအေးစွာ ပစ်သတ်ခဲ့သည်။ လွှမ်းမိုး၏ အသက်ကင်းမဲ့သော ခန္ဓာကိုယ်ကြီးအား တိရ စ္ဆာန်တကောင်ကဲ့သို့ကန်ချပြီး မြေဖို့ကာ လူသတ်ပွဲကိုကြည့်နေခဲ့ရသော မိမိတို့အား၊ ထိုမြေပုံပေါ်တွင် စစ်ရေးပြလျှောက်ခိုင်း ဖို့ အမိန့်ပေးခဲ့သည်။ သန်းထွန်းစိုးအား ကြိုးတုပ်လျှက် နှင့် ပင် အချုပ်ခန်းသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။ ၁၉၉၀ ဧပြီလတွင် သန်းထွန်းစိုး အား အချုပ်မှ လွှတ်ပေးခဲ့သည်။

(ဃ)

လွှမ်းမိုးအား သတ်ဖြတ်ပြီး မကြာမီ၊ စစ်သင်တန်းအမှတ် (၅) သင်တန်းဆင်းခဲ့သူ ရန်ကုန်မှ "ကိုအောင်ကျော်" ဆိုသူကိုလည်း မသင်္ကာ မှု နှင့် မျိုးဝင်းနှင့် သံချောင်းမှ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးမှာ နှိပ်စက်ခဲ့သည်။ ထို စစ်ကြောရေး ဒဏ်ရာနှင့်ပင် ကိုအောင်ကျော်မှာ KIA ဆေးရုံတွင် ဆေးကုသမှု ခံရင်းနှင့် အသက်ဆုံးရှုံးခဲ့ရသည်။ များမကြာမီ ဖွဲ့စည်းအုပ်ချုပ်ပုံ ရွေးကောက်ပွဲအတွက် ရှေ့တန်းသို့ထွက်သွားသူများ၊ ဗဟိုနောက်တန်းသို့ ပြန်ရောက်ရှိလာခဲ့ကြသည်။ ရွေးကောက်ပွဲတွင် ABSDF ( မြန်မာပြည် မြောက်ပိုင်း ဥက္ကဋ္ဌအဖြစ် ကိုထွန်းအောင်ကျော် ( မန္တလေး)၊ အထွေအထွေအတွင်းအရေးမှူးအဖြစ် အောင်နိုင်( မန္တလေး) နှင့် စစ်ရေးတာဝန်ခံအဖြစ် သံချောင်းတို့ကို ပြန်လည်ရွေးချယ်ခဲ့သော်လည်း မျိုးဝင်းမှာ မဲမရပဲ ရှိနေခဲ့သည်။ သို့သော်လည်း ဗဟိုကော်မတီဝင်များ၏ ဆုံးဖြတ်ချက်အရ၊ မည်သူမျှ မဲပေးရွေးချယ်ခြင်းမရှိခဲ့သော မျိုးဝင်းအား ABSDF ( ကချင်) အနေဖြင့်ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သူတဦးအနေဖြင့် တွဲဘက်အတွင်းရေးမှူး (၁) နှင့် ဒု- စစ်ရေးတာဝန်ခံရာထူးကို ပေးခဲ့သည်။

ABSDF ( မြောက်ပိုင်း) အဖြစ်ဖွဲ့စည်းအပြီးတွင် ယိုးဒယားမြန်မာနယ်စပ်ရှိ မာနယ်ပလော စခန်းမှ ABSDF ဗဟို ဋ္ဌာနချုပ် ဥက္ကဋ္ဌ ကိုမိုးသီးဇွန်မှ အမှတ် ( ၅၀၁) တပ်ရင်းကို ABSDF ( မြောက်ပိုင်း) တွင်အင်အားဖြည့်ပူးပေါင်းဖို့ စေလွှတ်ခဲ့ပါသည်။ ရှမ်းပြည်နယ်မှ (၄၀၁) တပ်ရင်းတို့ရှိလာပြီး၊ ကျောင်းသားရဲဘော် ကိုယ်ပိုင်နံပါတ်မှာ ၅၀၀ ခန့်ရှိလာသည်။ ( အမှန်စင်စစ် လူအင်အားမှာ အကြောင်းအမျိုးမျိုးကြောင့် ၃၅၀ ခန့်သာ ရှိသည်)

၁၉၉၀ ခုနှစ် နှစ်လည်ပိုင်းလောက်တွင် နောက်တန်းတွင် ရှိနေသော ကျောင်းသားရဲဘော်ရဲမေများ တာဝန်ဖြင့် ရှေ့တန်းသို့ တဖွဲ့ပြီး တဖွဲ့ ပြန်လည်ထွက်ခွာခဲ့ကြသည်။ သန်းထွန်းစိုး မှာ ရှေ့တန်းတွင် စစ်အစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်အစိုးရ၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။ မိမိလည်း ရှေ့တန်း ဗန်းမော် ခရိုင်သို့ တာဝန်ဖြင့်ထွက်ခွာခဲ့ရသည်။ ထိုခရီးစဉ်တွင် စစ်ရေးတာဝန်ခံ သံချောင်းတယောက် တိုက်ပွဲတွင် ဒဏ်ရာပြင်းထန်စွာရပြီး ညာဘက် လက် ဆုံးရှုံးခဲ့ရသည်။ များမကြာမှီ မိမိတို့စစ်ကြောင်း ဗဟိုသို့ ပြန်လည်ရောက်ရှိခဲ့ပြီး၊ တာဝန်ပေးချက်အရ KIA မှ ဖွင့်လှစ်သော ဘဏ္ဍာရေးသင်တန်းသို့ တက်ရောက်ခဲ့ရသည်။ ရှေ့တန်းထွက် ကျောင်းသားရဲဘော် ရဲမေများ တဖွဲဖွဲ့ နှင့် ဗဟိုနောက်တန်းသို့ ပြန်လည်ရောက်ရှိလာသည်။ ထိုနှစ် ၁၉၉၁ ခုနှစ် ရှေ့တန်းမှ ပြန်လည်ရောက်ရှိလာသော ကျောင်းသားရဲဘော်ရဲမေများ ABSDF ( မြောက်ပိုင်း) ဗဟို ဋ္ဌာနချုပ် သို့ ပြန်လည်ရောက်ရှိခြင်းသည် ပြုပြင်မရတော့သည့် ကျောင်းသားတပ်မတော် ၏ ဆိုးသွမ်းသော သမိုင်းအမှားဖြစ်ရပ်ဆိုးများ ပေါ်ပေါက်ခဲ့ရသည့်နှစ် ဖြစ်စေခဲ့သည်။

ထို အချိန်မှာ တပ်တွင်းရှိ ကျောင်းသားရဲဘော်၊ ရဲမေများ ထမင်း နှင့် ဆားငပိ တို့သာ စားနေရချိန်တွင်၊ တပ်တွင်း ဦးဆောင်နေသော ကျောင်းသားခေါင်းဆောင်တာဝန်ယူထားသူများမှာ တလလျှင် တရုပ်ငွေ ယွမ် (၃၀) လခစားကြသည်။ လူကြီးများအတွက် အသေးသုံးစားစရိတ် ဆိုကာ အခွင့်ထူးခံစားကြသည်။ ကျောင်းသားခေါင်းဆောင်တိုင်းတွင် သူတို့၏ ဝေရာဝတ်စ ထမင်းချက်၊ အင်္ကျီလျှော်၊ထင်းခွေ၊ ကိုယ်ရေးကိုယ်တာခိုင်းစေရန်အတွက် တော်လှန်ရေးလုပ်ရန်လာသည့် ကျောင်းသားငယ်များအား အနားတွင်ထားပြီး ခိုင်းစားကြသည်။

နန်းအောင်ထွေးကြည် ရဲ့ အစီရင်ခံစာ ကို ဆက်လက်တင်ပြသွားပါမယ်။ ဒုတိယ ပိုင်းမှာ လူဖမ်းပွဲ စတင်ဖြစ်ပေါ်ခြင်းတွေကို အသေးစိတ်ဖတ်ရှုရမှာ ဖြစ်ပါတယ်။

( ဖက်ဆစ်အာဏာရူး စစ်ဘီလူးတို့လက်ချက်ဖြင့် ခေါင်းဖြတ် အသတ်ခံရသူ..ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်( ကျောက်တိုင်ကို လက်တင်ထားသူ )



Posted: 06 Jan 2012 07:51 AM PST

Photo-Messenger News Journal
(Reuters သတင်းဌာနမှ 6 January 2012 ရက်စွဲပါ Mary Petty ရေးသားသော Myanmar's Suu Kyi, UK's Hague in tune on sanctions ကို yangonchronicle ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟေ့ဂ် (Williams Hague) နှင့် မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့သည် သောကြာနေ့ (ယနေ့)တွင် ယခင်စစ်အစိုးရအပေါ် ချမှတ်ထားသော စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများ ရုတ်သိမ်းရေး အတွက် ဆွေးနွေးခဲ့ကြသည်။

အနောက်နိုင်ငံများအနေနှင့် လက်ရှိမြန်မာအရပ်သားအစိုးရ၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်များကို အကောင်းဘက်မှ ရှုမြင်လာကြ ပြီးနောက် အစိုးရနှင့် ပြန်လည်ဆက်သွယ်လာလျက် ရှိကြရာ ယခု နှစ်ရက်တာခရီးစဉ် အဖြစ် လာရောက်သော ဗြိတိန်ဝန်ကြီး မစ္စတာဟေ့ဂ်က စီးပွားရေး ဒဏ်ခတ်မှုများကို ဖြေလျှော့နိုင်မည့် အခြေအနေ (၄) ရပ်ကို ကြေညာခဲ့သည်။ ယင်း အချက်(၄) ချက်မှာ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ စစ်တပ်ကျူးလွန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို အဆုံးသတ်ခြင်း၊ တိုင်းရင်းသားပဋိပက္ခများ ဖြေရှင်းခြင်းနှင့် လွတ်လပ်တရားမျှတသော ကြားဖြတ် ရွေးကောက်ပွဲကျင်းပခြင်း တို့ ဖြစ်သည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း "နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးသင့်ပါပြီ။ နိုင်ငံတွင်းမှာဖြစ်နေတဲ့ တိုင်းရင်းသားပြဿနာတွေလည်း အဆုံးသတ်သင့်နေပါပြီ။ လွတ်လပ်ပြီး တရားမျှတတဲ့ ကြားဖြတ် ရွေးကောက်ပွဲကိုလည်း မြင်တွေ့ချင်ပါတယ်။" ဟု ဆိုသည်။

လက်ရှိအချိန်တွင် နိုင်ငံကြီးတော်တော်များများအနေဖြင့် မြန်မာအစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများကို အားပေး ထောက်ခံသောအားဖြင့် အစိုးရနှင့် ဆက်ဆံမှုများ ပြုလုပ်လာကြပြီး စီးပွားရေးလုပ်ငန်းများကလည်း တရုတ်၊ ထိုင်းနှင့် အိန္ဒိယ စသည့် အာရှနိုင်ငံများက အမြတ်ထုတ် စားသုံးပြီး ဖြစ်သည့် ကြွယ်ဝသော မြန်မာ့ သယံဇာတများအပေါ် ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားလျက်ရှိနေကြသည်။

၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲပြီးသည့်အချိန်ထိ ထိန်းသိမ်းခံနေခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည်လည်း လွှတ်တော်နိုင်ငံရေးတွင် ပါဝင်နိုင်ရန် လာမည့်ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။ မစ္စတာဟေ့ဂ်သည် မြို့တော်နေပြည်တော်တွင် အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်နှင့် လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးရန် တို့ကို တောင်းဆိုခဲ့သည်။

"အစိုးရကို ကျွန်တော်အသိပေးလိုတဲ့ အချက်ကတော့ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေကို ရုတ်သိမ်းစေချင်ရင် ဒီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ပြီးပြည့်စုံအောင် ဆောင်ရွက်ရမယ် ဆိုတာပါပဲ။ ခုဆို အစိုးရဟာ ရိုးသားတဲ့ ပြောင်းလဲမှုတွေ လုပ်နေပြီဆိုတာ ကျွန်တော်တို့ ယုံကြည်နေပါပြီ။ ဒီတော့ ဒီပြောင်းလဲမှုကို မြန်မြန်သာ ပြီးမြောက်အောင် လုပ်လိုက်ပါတော့။" ဟု ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးက နေပြည်တော်၌ သတင်းထောက်များကို ပြောကြားခဲ့သည်။ ဗြိတိန်နိုင်ငံသည် မြန်မာနိုင်ငံအား အကူအညီပေးမှုအများဆုံး နိုင်ငံဖြစ်သည်။

အဓိက Key ဒေါ်အောင်ဆန်းစုကြည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည်လည်း ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံသို့ အထင်ကရ ခရီးစဉ်အဖြစ် လာရောက် လည်ပတ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတတို့ကို တွေ့ဆုံဆွေးနွေးခဲ့သည်။ အဓိက ရည်ရွယ်ချက်မှာ ပြုပြင်ပြောင်းလဲမှုများကို အားပေးရန်နှင့် အကူအညီများ ပေးရန်တို့ ဖြစ်သည်။

********************************************************************

ဗြိတိန်ဝန်ကြီး၏ ခရီးစဉ်အတွင်း မြန်မာ့နိုင်ငံရေး သုံးသပ်ချက်

(BBC ၏ အရှေ့တောင်အာရှ correspondent ဖြစ်သူ Rachel Harvey ရေးသားသော Analysis on Williams Hague's Visit ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

ဝီလျံဟေ့ဂ်သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ပြီး အစိုးရ၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များကို အားပေး ထောက်ခံလျက် ရှိသော နိုင်ငံကြီးများမှ ရာထူးကြီးသံတမန်များစာရင်းတွင် နောက်ဆုံးပါဝင်လာသူဖြစ်သည်။

အနောက်ဥရောပနိုင်ငံများမှ တာဝန်ရှိသူများအနေဖြင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက် ရှိသော ကုန်သွယ်ရေးသမဂများ တရားဝင် ဖွဲ့စည်း ပေးလိုက်ခြင်း၊ မီဒီယာဆင်ဆာအချို့ ရုတ်သိမ်းပေးလိုက်ခြင်းနှင့် နိုင်ငံရေးအကျဉ်းသားအချို့အား အကန့်အသတ်ဖြင့် လွှတ်ပေးခြင်း စသည်တို့အပါအဝင် ပြုပြင်ပြောင်းလဲမှုများကို အားပေး ထောက်ခံလျက် ရှိသည်။

သို့ရာတွင် မြန်မာ့လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းများနှင့် သံတိုင်များနောက်တွင် နိုင်ငံရေး အကျဉ်းသားများစွာ ကျန်ရှိနေသေးခြင်း ဟူသည့် စိုးရိမ်ဖွယ်အကြောင်းအချက်များလည်း ရှိနေသေးသည်။

မြန်မာပြည်သူလူထုအနေဖြင့် စစ်မှန်သောလွတ်လပ်ခြင်းနှင့် ဒီမိုကရေစီ၏ အရသာကို ခံစားလိုပါလျှင် အဖက်ဖက်မှ ရရှိနိုင်သော အန္တရာယ် များနှင့် ကြုံတွေ့ရနိုင်သော်လည်း နှစ်ပေါင်းများစွာကြာအပြီး လက်ရှိအချိန်တွင်မူ ပထမဆုံးအကြိမ်အဖြစ် မျှော်လင့်ချက်ရောင်ခြည်များ သမ်းလျက် ရှိနေပေသည်။

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment