Thursday 12 January 2012


ဒီအချိန်ဟာ အရေးကြီးဆုံး အချိန်ဖြစ်တယ်။ [သွန်းနေစိုး]

အားးလုံး အငိုက်မိသွားတယ်လို့ပဲ ပြောရမလား။
ဒီတစ်ခေါက် လွတ်ငြိမ်းချမ်းသာခွင့် ကြော်ငြာမှာကို ဘယ်သူမှ ကြိုမသိလိုက်ကြဘူး။
ဘယ်သူမှ ဆိုတဲ့နေရာမှာ မီဒီယာတွေရော၊ နိုင်ငံရေးသမားတွေရောပဲ။
ထစ်ကနဲဆို ကောလဟလကအစ ပွလေ့ ဖွလေ့ရှိတဲ့ အွန်လိုင်းမှာတောင်မှ သိုးသိုးသန့်သန့်သတင်းမပြန့်
နိုင်ငံပိုင် သတင်းဌာနရဲ့ ထုတ်လွှင့်သွားချက်ကိုပဲ အားလုံး တစ်ညီတစ်ညွတ်တည်း ကိုးကားဖော်ပြကြရတယ်။

ဒီသတင်းကြားကြားချင်း ကျနော် ၀မ်းသာသွားမိတယ်။
နောက်တော့ အပြန်ပြန်အလှန်လှန် သုံးသပ်တယ်။
ဘာလို့ ရုတ်တရက် အငိုက်ဖမ်းပြီး ကြော်ငြာတာလဲ?
ကျနော်တွေးမိသလောက် ဖြစ်နိုင်ချေတွေ ဟောဒီလို ထွက်လာတယ်။

က) တာဝန်ရှိသူများအတွင်း အချေအတင် ဆွေးနွေးရပြီး အခုမှ အောင်မြင်သွားလို့လား။
ခ) နိုင်ငံခြား တိုင်းပြည်တစ်ခုခု (သို့) အဖွဲ့အစည်းတစ်ရပ်ရပ် (သို့) လူပုဂ္ဂိုလ်တစ်ဦးဦး (သို့) အင်အားစု တစ်ခုခုနဲ့
အပေးအယူကိစ္စ အခုမှ အောင်မြင်သွားလို့လား။
ဂ) ဗေဒင်ကိန်းခန်းကြောင့်လား
ဃ) တောင်းဆိုမှုအသံ အပြင်းအထန်အကျယ်လောင်ဆုံးဖြစ်တဲ့အချိန်မှာ လွှတ်မပေးပဲ စိတ်ပျက်သလို ဖြစ်ကုန်ကြချိန်မှ လွှတ်ပေးလိုက်ခြင်းလား။
င) ကြိုပြီး ကြော်ငြာထားရင် ဟိုလူလွှတ်ပါဦး ဒီလူလွှတ်ပါဦးတွေ ဈေးဆစ်ကြမှာစိုးလို့လား။

ဒါ့အပြင် အများကြီးတွေးစရာတွေ ပေါ်လာပါတယ်။
အပွင့်လင်းဆုံး ၀န်ခံရရင် ခုလို နိုင်ငံရေးအကျဉ်းသားတွေကို အစုလိုက်အပြုံလိုက် လွှတ်လိုက်တဲ့အတွက် လက်ရှိအစိုးရအဖို့
နိုင်ငံရေးသိက္ခာ ပိုတက်သွားတာတော့ အမှန်ပါဘဲ။

ဒီတော့ စဉ်းစားစရာရှိတာက အစက အဲဒီလို နိုင်ငံရေးသိက္ခာတက်ဖို့ကို ၀ှက်ဖဲအနေနဲ့ကိုင်ထားပြီး ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်မှုတွေ ပြင်းထန်ချိန်မှ
လွှတ်ပေးလိုက်မလို့လား။ ဒါဆို အဲဒီက အရှိန်နဲ့ ကြားဖြတ်ရွေးကောက်ပွဲများ အများကြီး အားသာသွားပြီလေ။
ခုကျတော့ ထပ်ပြီး ဆိုင်းထားရင် မကောင်းတော့လို့ ခုလို နည်းနည်းစောပြီး လွှတ်ပေးလိုက်တာလား။

ဒီအချိန်မှာ ကျနော် အစိုးရိမ်ဆုံးကတော့ အဓိက ကျတဲ့သူတွေ ပါမလာမှာကိုပါပဲ။
ဒါကြောင့်လဲ ဒီအချိန်ဟာ အရေးကြီးဆုံး အချိန်ဖြစ်တယ် ... လို့ ကျနော် ခေါင်းစဉ်တပ်လိုက်တာပါ။

ကျနော်တို့အနေနဲ့
၁ - ခုလိုလွှတ်ပေးတဲ့အပေါ် အင်မတန်ဝမ်းမြောက်ဝမ်းသာ ကြိုဆိုတယ်။
၂ - ခုလိုလွှတ်ပေးတဲ့အတွက် အစိုးရအနေနဲ့လည်း (ကျနော်တို့) ပြည်သူတွေဆီက ယုံကြည်ကိုးစားမှုကို ရရှိသွားတယ်။
၃ - ဒါပေမဲ့ ကျနော်တို့ လိုလားတဲ့ ထိတ်တန်းခေါင်းဆောင်တွေ လွတ်မြောက်လာမှသာ
တကယ်စစ်မှန်ပြည့်ဝတဲ့ လွတ်ငြိမ်းချမ်းသာမှုအဖြစ် ကြည်ဖြူကျေနပ်မှာဖြစ်တယ်။
... စတာတွေကို
အသံချင်းထပ်နေအောင်
ဆူညံကျယ်လောင်နေအောင်
ထပ်လကြမ်းမန်းဖြစ်နေလောက်အောင်
ဖော်ထုတ်သင့်ကြတယ်လို့ ထင်ပါတယ်။

အွန်လိုင်းပေါ်မှာဖြစ်ပေမဲ့လဲ ဒါဟာ ပြည်သူ့အသံပါပဲ။
တစ်ယောက်ကစ တစ်ရာဆိုသလို ကျနော်တို့ အွန်လိုင်းပေါ်က အသံတွေဟာ
ပြည်သူကြားကို ပျံ့နှံ့သွားပါလိမ့်မယ်။
ဒါဆို နဂိုက အဓိကခေါင်းဆောင်တွေကို လွှတ်ပေးဖို့ အစီစဉ်မှာ မပါရင်တောင်
ထည့်သွင်းဖို့ စဉ်းစားပေးလာလိမ့်မယ်လို့ ထင်ပါတယ်။

ကျနော့်တစ်ဦးတည်းအနေနဲ့ ပြောရရင်တော့ မင်းကိုနိုင်ကို ဒေါ်စုပြီးရင်
အရေးကြီးဆုံး ဒုတိယအစုအဖွဲ့ခေါင်းဆောင်အဖြစ် မှတ်ယူထားပါတယ်။
မင်းကိုနိုင်ကို လွတ်စေ့ချင်တာဟာ တတိယအင်အားစုတစ်ခုအနေနဲ့ ရပ်တည်သွားနိုင်လိမ့်မယ်။
အစိုးရအဖွဲ့ဝင်မဟုတ်ပဲ အမြဲ ပြည်သူ့အသံသီးသန့် ထင်ဟပ်နေမဲ့ အရပ်သားအင်အားစု ခေါင်းဆောင်အဖြစ်
တည်ရှိသွားလိမ့်မယ်လို့ ယုံကြည်တဲ့အတွက် ဖြစ်ပါတယ်။

သွန်းနေစိုး Thorn Nay Soe
(facebook မှကူးယူဖေါ်ပြပါသည်)

No comments:

Post a Comment