Wednesday 11 April 2012





မြေကြီးကို (ကလိ)ထိုးရုံမျှနှင့် စိုက်နိုင်သောသစ်ပင်များ.. (ဆရာအော်ပီကျယ်၏ " ကူ၍တွန်းပေးပါ " ဟူသောစာပေဟောပြောပွဲ)

Posted: 10 Apr 2012 11:44 AM PDT

မြေကြီးကို (ကလိ)ထိုးရုံမျှနှင့် စိုက်နိုင်သောသစ်ပင်များ

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လစဉ်လတိုင်း ကျင်းပလျှက်ရှိသော မြန်မာစာပေဟောပြောပွဲတစ်ရပ်အား ၂၀၁၂ ခုနှစ်၊ ဧပြီလ ၈ ရက်၊ (တနင်္ဂနွေနေ့) နေ့လည် (၁း၀၀)နာရီ အချိန်တွင် ၁၃/က ဗိုလ်မှူးဗထူးလမ်း၊ ၄၂ရပ်ကွက် မြောက်ဒဂုံမြို့နယ်တွင် ကျင်းပခဲ့ပါသည်။ ဒဿမအကြိမ်မြောက် မြန်မာစာပေဟောပြောပွဲတွင် ဆရာအော်ပီကျယ် သည် " ကူ၍တွန်းပေးပါ " ဟူသောခေါင်းစဉ် ဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ စာပေချစ်မြတ်နိုးကြသော လူငယ် လူရွယ်များ အတွက် ဟောပြောသွားခဲ့ပါသည်။
" ဇွန်ပန်းရုံအနီး …
လှည်းဘီး…နွံ ထဲကျွံနေသည်
လေးလွန်း၍ … မတွန်းနိုင်ဘူးလား
ပြိုင်တူတွန်း၍… ရွှေ့နိုင်သည်။ "
ဟူသောကဗျာအား ရွတ်ဆို၍ ကျွန်ပ်တို့မြန်မာနိုင်ငံတော်သည် ရေ၊ မြေ၊ သယံဇာတ ပေါကြွယ်ဝ ပါသောကြောင့် ဇွန်ပန်းကဲ့သို့ မွှေးကြိုင်၍နေပါသဖြင့် လူငယ်လူရွယ်များတို့သည် ဇွန်ပန်း ရနံ့အားခံစား၍ နေနေကြသည်ကို တွေ့နေမြင်နေရသဖြင့် ထိုကဲ့သို့မနေကြဘဲ နွံ့နစ်နေသော လှည်းဘီးအား ပြိုင်တူ တွန်း၍ ရွှေ့နိုင်ကြောင်း၊ အခြားပြည်ပနိုင်ငံများဖြစ်သော စင်္ကာပူနိုင်ငံ၊ ဒူဘိုင်း(UAE)နိုင်ငံ၊ တောင်ကိုရီးယား နိုင်ငံ တို့သည် အပင်စိုက်ရာတွင် ရေများလည်း အပင်သေ၊ ရေနည်းလည်း အပင်သေ သဖြင့်ခက်ခဲစွာ ပညာရှင်များနှင့် ဂရုတစိုက် စိုက်ပျိုး၍ စိုပြေလှပမှုကို ရယူနေရကြောင်း၊ မြန်မာနိုင်ငံသည် သစ်ပင်၊ ပန်းပင်စိုက်ရာတွင် မြေကြီးအား (ကလိ) ထိုး၍ စိုက်ရုံမျှလောက်နှင့် အပင် ပေါက်နိုင်ကြောင်း ဟာသဥာဏ်နှောကာ ပြောကြား သွားခဲ့ပါသည်။
ဆက်လက်၍ မိမိတို့ နေထိုင်ရာ မြန်မာနိုင်ငံ၏ မြေကြီးအောက်ခြေတွင် သယံဇာတများသည် ထုထည်၊ ကုဗ မည်မျှရှိသည် မည်မျှထွက်သည်ကို လူငယ်လူရွယ်များ မသိရှိကြဘဲ အိမ်နီးချင်းနိုင်ငံများက သိရှိကြ၍ တန်ဖိုးနည်း ပေးဝယ်ခြင်းအားခံရပြီး တိုင်းပြည်မည်မျှနစ်နာသွားသည်ကို မသိကြကြောင်း၊ ထိုကဲ့သို့နွံ့ထဲနစ်နေသည်ကို မြန်မာ လူငယ်လူရွယ်များသည် မသိကြကြောင်း၊ ထိုသို့သိရန် နည်းပညာ၊ ဗဟုသုတ၊ ပညာ၊ လူမှုဆက်ဆံရေး သိဖို့လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ တိမ်ကောခဲ့သောမြစ်များနှင့် မြစ်တစ်စင်းသေရင် ရေစုတ်စက် တစ်သိန်းလောက်နှင့် လည်း ပြန်စုတ်၍မရနိုင်ကြောင်း၊ ယနေ့ခေတ်သည် ဒီမိုကနေစီခေတ်ဖြစ်သဖြင့် လူငယ်လူရွယ်များသည် သိအောင်လုပ်သင့်ကြောင်း၊ ထို့ကြောင့်မြစ်များ မတိမ်ကောစေရန် လူငယ်လူရွယ်များအား မိမိတို့၏ မိခင်မြန်မာပြည်ကြီးအား နွံ့ထဲသို့မနစ်မြုပ်စေရန် နှလုံးသားနှင့်မစဉ်းစားဘဲ ဦးနှောက်ဖြင့်စဉ်းစားကာ "ကူ၍တွန်းပေးပါ" ဟူ၍ ခေါင်းစဉ်ဖြင့် မျှဝေ ဟောပြောသွားခဲ့ပါသည်။
နာရေးကူညီမှု အသင်းရှိ သင်းသား/သူ လူငယ်လူရွယ်များအား နာရေးကူညီမှုလုပ်ရာတွင် ယုံကြည်မှု(Trust)၊ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှု၊ အုပ်ချုပ်တတ်မှု တို့သည်အရေးကြီးကြောင်း နာရေးမှ မဟုတ်ဘဲ မည်သည့်အသင်း အဖွဲ့တွင်မဆို ၄င်းအရာများ မရှိပါဘဲနှင့် ပါဝင်လာပါက မအောင်မြင် မပေါက်ရောက်နိုင်ကြောင်း ပြောကြားသွား ခဲ့ပါသည်။ မည်သည့်ခေါင်းဆောင်မှ မြတ်စွာဘုရားလောက် ခွင့်လွှတ်မှု၊ သည်းခံမှု အပြည့်မရှိနိုင်ကြောင်း၊ ကိုယ်ကိုယ် တိုင်တောင် မှန်ကြည့်ပြီး ကဲ့ရဲ့ကာ အမြင်ကတ်နေကြောင်း၊ ထို့ကြောင့် ဖြည့်ဆည်း၍ နားလည်ပေးကြကာ ခရီးဆက် သင့်ကြောင်းကို ဝေမျှသွားခဲ့ပါသည်။ ခေါင်းဆောင်က တစ်၊ နှစ်၊သုံး… "တွန်း" ဟုဆိုရာတွင် တွန်းတဲ့သူ နည်းပါတယ် ထို့ကြောင့် ညီညွတ်ဖို့လိုပါကြောင်း၊ မြန်မာများသည် သနားကြင်နာတတ်သည်၊ သို့သော် ညီညွတ်ဖို့ရန် လိုအပ်ပါသည်။ ဒီမိုကရေစီ အကြောင်းသိအောင် ကြိုးစားကြပါရန်လည်း တိုက်တွန်းသွားခဲ့ပါသည်။
"ကျွန်းတုံးတစ်တုံးကို တွန်းရာတွင် ခိုတဲ့သူပါရင် လေးပါတယ် ၊ တစ်ပြိုင်နက်တည်း မတွန်းရင်လေးပါတယ်၊ ဦးနှောက် အသိဥာဏ်မရှိရင် လေးပါတယ်" ဒါ့ကြောင့် ကူ၍တွန်းပေးကြပါဟု ဆရာအော်ပီကျယ်မှ သတိပေးပြောကြား သွားခဲ့ပါသည်။

ထို့ကြောင့် ဆရာအော်ပီကျယ်၏ " ကူ၍တွန်းပေးပါ " ဟူသောစာပေဟောပြောပွဲသည် ကျွန်တော်တို့ နာရေး ကူညီမှုအသင်း(ရန်ကုန်) အသင်းသား/သူများ၊ မျိုးဆက်သစ်လူမှုရေး ခေါင်းဆောင်များအတွက် တန်ဖိုးမဖြတ် နိုင်သော အတွေးအခေါ်များ၊ အသိဥာဏ်များ တိုးပွားလာစေကာ ရှေ့ဆက်လျှောက်ရမည့် အနာဂါတ် ဒီမိုကရေစီ နိုင်ငံတော်ကြီးအတွက် များစွာ အထောက်အပံ့ ကောင်းများ ရရှိစေကာ ပြည်သူပြည်သား အားလုံး စည်းလုံး ညီညွတ် စွာဖြင့် သယံဇာတပေါကြွယ်ဝသော ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးအား ကာကွယ်၊ စောင့်ရှောက်၊ ထိန်းသိမ်း ကြရန် အရေးကြီးပါကြောင်း သိရှိလိုက်ရပါတော့သည်။

နာရေးကူညီမှုအသင်း (ရန်ကုန်)

ရွှေညဝါဆရာတော်ကြီး တရားဓမ္မများ ဟောကြားရန် ထိုင်းနိုင်ငံသို့ ရောက်ရှိ..

Posted: 10 Apr 2012 10:36 AM PDT

ရွှေညဝါ ဆရာတော်ကြီး ထိုင်းနိုင်ငံသို့ တရားဓမ္မများ ဟောကြားရန် ရောက်ရှိ..
၂၀၁၁ စက်တင်ဘာလက မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ပြီးခဲ့တဲ့  သြဝါဒတရား ချီးမြှင့်ခဲ့သည် ဆိုသော အကြောင်းပြချက်ဖြင့် ယခုနှစ် ဖေဖော်ဝါရီလက ကြည့်မြင်တိုင်... သာဓုပရိယတ္တိ စာသင်တိုက်မှ ထွက်ခွာသွားရန် မတရားဖယ်ရှားခြင်း ခံခဲ့ရတဲ့ ရွှေညဝါဆရာတော်ကြီးဟာ ဧပြီလ ၁၀ရက်နေ့က ထိုင်းနိုင်ငံသို့ တရားဓမ္မများ ဟောကြားရန် ရောက်ရှိနေပြီဖြစ်ပါတယ်..။
မနက်ဖြန်မှာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား တရားဓမ္မများ ဟောကြားချီးမြှင့်မှာ ဖြစ်ပါတယ်..။

သာသနာကို ခုတုံးလုပ်တဲ့ ခေတ်နောက်ပြန်ဆွဲ အာဏာရှင်လူတစုရဲ့ မတရား စွပ်စွဲချက်နဲ့ မတရားအမိန့်ချမှတ် ခဲ့မှုအပေါ်မှာ ငြိမ်းချမ်းရေးကို လိုလားတဲ့ ဆရာတော်ဟာ ကျောင်းတိုက်မှ ထွက်ခွာပေးခဲ့ပြီး မှော်ဘီမြို့မှာ ပြောင်းရွှေ့သီတင်းသုံး နေထိုင်ခဲ့ပါတယ်..။ သာသနာ့အရေးနဲ့ လူမှုရေး လုပ်ငန်းတွေကို လုပ်ကိုင်ရင်း မိမိရဲ့ တိုင်းသူပြည်သားတွေအတွက် မိမိကိုယ်ကိုယ် အမြဲပေးဆပ်နေတဲ့ ဆရာတော်ဟာ ပတ္တမြားမှန် နွံ့မနစ်ဆိုတဲ့ စကားအတိုင်း ဆရာတော်ကို လေးစားကြည်ညိုသူတွေ ယခင်ကထက်ကို ပိုမိုများပြားနေပါတယ်..။

လက်ရှိ မှော်ဘီမှိ(၅) ဧကရှိတဲ့ ဆရာတော်အား လှူဒါန်းထားတဲ့ မြေကွက်မှာတော့ ဗုဒ္ဓတက္ကသိုလ် ပြန်လည် ဆောက်လုပ်ပြီး ပြည်နယ်နဲ့တိုင်း အသီးသီးမှ စာသင်သား သံဃာတော်များအား ပြန်လည်လက်ခံဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်..။ သာသနာ အကျိုး၊ အများအကျိုး ကြိုးပမ်းဆောင်ရွက်နေတဲ့ ဆရာတော်ကြီးရဲ့ သာသနာ့အကျိုးအတွက် တတ်နိုင်သလောက် ဝိုင်းဝန်းပါဝင် လှူဒါန်းကြဖို့ ဒီမိုဝေယံမှ တိုက်တွန်း နှိုးဆော်ပါရစေ ခင်ဗျာ...

ရွှေညဝါဆရာတော်ကြီးအား ဆက်သွယ်ရန်ဖုန်း

မြန်မာပြည် ဆက်သွယ်ရန်ဖုန်း... ၀၉၈၆၂၁၃၃၂
ထိုင်းနိုင်ငံ ဆက်သွယ်ရန်ဖုန်း ၆၆ + ၉၀၀၁၃၇၁၇၉

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဘဘဦးတင်ဦး တက်ရောက် ဖွင့်လှစ်ပေးခဲ့တဲ့ BG သွေးအကူအညီပေးရေး အဖွဲ့ရဲ့ သင်တန်းများ ဖွင့်လှစ်ပွဲ အခမ်းအနား..

Posted: 10 Apr 2012 07:58 AM PDT

9.3.2012 တနင်္လာနေ့ နံနက် 11း00က တောင်ဒဂုံမြို့ -19 ရပ်ကွက် ၊ မြရည်နန္ဒာလမ်း၊ NLD-BG ၏ ပထမအကြိမ်း ဆံပင်ညှပ်သင်တန်းနှင့် တတိယအကြိမ် စက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယကကြီး ဦးတင်ဦးနှင့် NLD-BG တာဝန်ခံ ကိုညီညီတို့ စတင်ဖွင့်လှစ်ခဲ့ပြီး ဘဘတင်ဦးမှ လူငယ်များအတွက် ပညာရေးကွန်ယက်၊ နိုင်ငံရေးကွန်ယက်၊ လူမှုရေး ကွန်ယက်များအကြောင်း မိနစ်သုံးဆယ်အကြာ ပြောကြားသွားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ NLD-BG ကွန်ယက်များဖြစ်ကြသော မြောက်ဥက္ကလာ NLD -BG_ အင်းစိန် NLD -BG ၊ တိုက်ကြီး NLD -BG၊ လူငယ် တစ်ရာခန့် တက်ရောက်အားပေးခဲ့ကြပြီး အဖွဲ့ချုပ်နာယကကြီး ဘဘတင်ဦး၏ မိန့်ခွန်း သြ၀ါဒများကို နာခံယူခဲ့ကြပါသည်။ ထို့နောက် ဘဘတင်ဦးမှ 2012ကြားဖြတ် ရွေးကောက်ပွဲတွင် အောင်နိုင်ရေး သီချင်းများအား ဖြစ်မြောက်အောင် ကြိုးစားအားထုတ်ခဲ့ကြသော တေးရေးဆရာ ကိုသားဖေထင်နှင့် တီးဝိုင်းဆရာ ကိုဝင်းကျော်၊ NLD-BG လူငယ်များဖြစ်ကြသော အဆိုတော်များအား လက်ဆွဲနှုတ်ဆက်ပြီး လူငယ်များအား အားပေး ၀မ်းမြောက်စကားများ ပြောကြားခဲ့ပါတယ်။ ထို့နောက် ဆင်အကများဖြင့် NLD -BG အောင်နိုင်ရေး သီချင်းများဖြင့် ဖျော်ဖြေခဲ့ကြပြီး နေ့လည်123း0 တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ကြွရောက် လာကြသော ဧည့်ပရိသတ်များအားလည်း NLD -BG မှ မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ ခေါက်ဆွဲကြော်၊ ထမင်းများဖြင့် ဧည့်ခံပြီး ညနေပိုင်း 3း00 တွင် NLD -BG တွင် ကွန်ပျူတာ သင်တန်းကျောင်းသား ကျောင်းသူများ၊ ယဉ်ကျေးလိမ္မာ ကျောင်းသား၊ ကျောင်းသူများ၊ စက်ချုပ်သင်တန်း ကျောင်းသူများ၊ လမ်းပေါ်ရောက် အမှိုက်ကောက် ကလေးငယ်များ၊ NLD -BG တာဝန်ခံ ဆရာ ဆရာမတို့ NLD -BG ကျောင်းရှေ့တွင် NLD -BG အတာသင်္ကြန် အကြိုရေများပက်ဖျန်းကာ ညနေပိုင်း 6း00 အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါတယ်..။
မေမေ့သား -ညီငယ် လင်းဆက် ပေးပို့ပါသည်..
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment