Tuesday 3 April 2012







Posted: 02 Apr 2012 09:05 AM PDT

နေပြည်တော်၊ ဧပြီ ၂၊ ၂၀၁၂ (YPI)
ချစ်ဦးမောင်ရေးသားသည်။

နိုင်ငံရေးကို ဘယ်တုန်းကမှ စိတ်မ၀င်စားခဲ့တဲ့ ဆိုင်ကယ်ကယ်ရီသမား ကိုဌေးဟာ ယမန့်နေ့က ကျင်းပပြီးစီးသွားတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို မဲပေးခဲ့တယ်လို့ဆိုပါတယ်။

တစ်ချိန်က လယ်သမားတစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့တဲ့ အသက် ၄၀ အရွယ် ကိုဌေး ဟာ သူ့မြို့နယ်ဖြစ်တဲ့ ဇမ္ဗူသီရိမြို့နယ်မှာ ကြံ့ဖွံ့ပါတီကို မဲမပေးဘဲ NLD ကို ရွေးပြီး မဲထည့်ခဲ့ရတာကတော့ "NLD က ကျနော်တို့တွေရဲ့ ရပိုင်ခွင့်တွေကို ကာကွယ်စောင့်ရှောက်ပေးမယ်၊ ဆုံးရှုံးသွားတာတွေကို ပြန်ရအောင် လုပ်ပေးမယ်ဆိုတာ ယုံကြည်လို့ပါ" လို့ သူက ပြောပြတယ်။

ကိုဌေးပြောတဲ့ ရပိုင်ခွင့်ဆိုတဲ့အထဲမှာ သူဆုံးရှုံးခဲ့ရတဲ့ လယ်ဧက ၅ ဧကအတွက် လျော်ကြေးငွေ ရရှိရေး လည်း ပါဝင်ပါတယ်။ ကိုဌေးနဲ့ သူ့ရွာထဲက လယ်သမား ၇၀ ကျော်တို့ဟာ လွန်ခဲ့တဲ့ သုံးနှစ်လောက်က သူတို့ရဲ့ လယ်ယာမြေတွေကို အသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ လယ်သမား အယောက် ၃၀ လောက်က လျော်ကြေးရကြပြီဖြစ်ပေမယ့် ကိုဌေးအပါအ၀င် ရွာသား ၄၀ ကျော်မှာ အခုထိ လျော်ကြေးငွေ မရကြသေးဘူးလို့ ကိုဌေးက ပြောပြပါတယ်။

မြန်မာနိုင်ငံ အနှံ့အပြားမှာ မကြာခဏ ကြားရတတ်တဲ့ လယ်ယာမြေအသိမ်းခံရတဲ့ ပြဿနာမျိုးတွေကို အစိုးရရုံးစိုက်ရာ မြို့တော်နေပြည်တော်တခွင်မှာလည်း သွားလေရာ စကားစပ်မိတိုင်း ကြားကြားနေရပါတယ်။

နေပြည်တော်က သီရိလေးမြို့နယ်လို့ ဆိုနိုင်တဲ့ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ ပုပ္ဗသီရိနဲ့ ဥတ္တရသီရိ လေးမြို့နယ်တို့မှာ ရှိတဲ့ ဒေသခံအများစုမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ရင်ဖွင့်စရာတွေ အပုံအပင်ရှိနေကြပါတယ်။

၂၀၀၆ မှာ လယ်ယာပိုင်ဆိုင်ခဲ့သူတချို့ ခြောက်နှစ်အကြာ ၂၀၁၂ မှာ လယ်မဲ့ယာမဲ့ဖြစ်ပြီး တချို့ ဆိုင်ကယ် ကယ်ရီဆွဲသူဆွဲ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ တတ်ကျွမ်းသည့် အလုပ်လုပ်သူလုပ်နဲ့ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တွေဟာလည်း ပြောင်းလဲသွားခဲ့ရပြီဖြစ်ပါတယ်။

ဘိုးစဉ်ဘောင်ဆက် လယ်ယာလုပ်ကိုင် စားသောက်လာခဲ့တဲ့ ဒေသခံတွေမှာ နေပြည်တော် တည်ဆောက်ရေး စီမံကိန်း စတင်ကတည်းက သူတို့ရဲ့ လယ်ယာမြေများစွာကို ဆုံးရှုံးခဲ့ကြရပြီးဖြစ်ပါတယ်။ ရှေ့လျှောက်လည်း ဆက်လက် ဆုံးရှုံးရဦးမှာကို ဒေသခံရွာသားတွေက စိုးရိမ်နေကြပါတယ်။

"နေပြည်တော်ကြီးဖြစ်လာတာကိုက မြေယာဥပဒေနဲ့ လွတ်ကင်းတာ မဟုတ်ဘူး" လို့ NLD အဖွဲ့ဝင် တရား လွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။

နေပြည်တော် စတည်တုန်းကတော့ စစ်အစိုးရက မြန်မာပြည်အလယ်ပိုင်းမှာ မြေလွတ်မြေရိုင်းတွေကို ခုတ်ထွင် ရှင်းလင်းပြီး မြို့တော်သစ်ကို တည်နေတာလို့ပဲ အများစုက ထင်မှတ်ခဲ့ကြပါတယ်။

သို့သော် "နောက်ပိုင်း မီဒီယာတွေက ဖော်ထုတ်ကြတော့မှ ဓားမဦးချ လုပ်ကိုင် စားသောက်နေတဲ့ ဒေသခံတွေကို ဖယ်ရှားပြီး (နေပြည်တော်ကို) တည်တယ်ဆိုတာ သိလာရတာ" လို့ နေပြည်တော်မှာရှိတဲ့ NLD အောင်နိုင်ရေး အဖွဲ့ဝင်တွေကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ လာရောက်ပို့ချ သင်တန်းပေးခဲ့တဲ့ NLD အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့် ပြောပြပါတယ်။

နေပြည်တော် စီမံကိန်းအတွက် မိမိတို့ ရပ်ရွာက ဖယ်ရှားပေးလိုက်ကြရတဲ့၊ မိမိတို့ လယ်ယာတွေကို စွန့်လွှတ်လိုက်ရတဲ့ ဒေသခံတွေမှာ ထိုက်သင့်တဲ့ ငွေကြေးပမာဏ မရရှိသူ အမြောက်အများရှိသလို ကိုဌေးတို့လို အခုထိလျော်ကြေး တစ်စုံတစ်ရာ မရသေးတဲ့ သူတွေလည်း ဒုနဲ့ဒေးပါပဲ။

လွှတ်တော်ကိုယ်စားလှယ်တွေဆီက ဒေသခံတွေ မျှော်လင့်တာက သူတို့တတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ မြေယာအခက်အခဲ၊ လယ်ယာလုပ်ငန်းကို ဖြောင့်ဖြောင့်တန်းတန်းလုပ်စားခွင့် ဆုံးရှုံးတဲ့ သူတို့အခက်အခဲတွေကို ဖြေရှင်းပေးဖို့လည်း ပါဝင်တယ် ဒေသခံတွေက ပြောကြပါတယ်။

သီရိလေးမြို့နယ်မှာ NLD ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများ ကလည်း ဒေသခံတွေနဲ့ သူတို့တွေ့တဲ့အခါမှာ လယ်ယာတွေ အသိမ်းခံရတဲ့ ပြဿနာတွေ၊ လျော်ကြေးငွေ ထိုက်ထိုက် တန်တန်မရတဲ့ ပြဿနာတွေ၊ တချို့ ဘာလျော်ကြေးမှ မရတဲ့ ပြဿနာတွေကို ဒေသခံတွေ ဆီကကြား ကြရတယ်လို့ ဆိုပါတယ်။

ဒါကြောင့်လည်း လွှတ်တော်ထဲရောက်တဲ့အခါ ဒီအရေးဟာ ဦးစားပေး ကိုင်တွယ်ဖြေရှင်းရမယ့် အရေးဖြစ်နေ တယ်လို့ သူတို့တွေက ပြောကြပါတယ်။

ဒကိဏသီရိမြို့နယ်မှာ ကြံ့ဖွံ့အမတ်လောင်း ဦးမောင်ရှိန်ကို မဲအရေအတွက် သုံးထောင်ကျော် အသာစီးနဲ့ အနိုင်ရရှိသွားတဲ့ NLD လွှတ်တော်အမတ် ဦးနိုင်ငံလင်းကဆိုရင် "ဒက္ခိဏသီရိမဲဆန္ဒနယ်မှာ NLD အမတ်အနိုင်ရရှိ သတင်းက ကိုနိုင်ငံလင်းပြောတဲ့ လယ်ယာကိစ္စ၊ တောင်သူလယ်သမားတွေနဲ့ ဆိုင်တဲ့ဥပဒေပြင်မယ်ဆိုတဲ့ဟာကို ထည့်ပေးပါရန်" လို့ သူကြိမ်းသေပေါက် အနိုင်ရရှိသွား ပြီဆိုတာ သိပြီးတဲ့လျင်သိပြီးချင်း အဲဒီမြို့နယ်က ရွေးကောက်ပွဲကော်မရှင် ရုံးရှေ့မှာ YPI ကို ပြောသွားခဲ့ပါတယ်။

သို့ပေမဲ့ အဆိုပါပြသနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာတော့ NLD လွှတ်တော်ကိုယ်စားလှယ်တွေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ တောင်သူလယ်သမားတွေအတွက် ဥပဒေတွေ အဆိုပြုရာမှာ ကော၊ အသက်သွင်းရာမှာပါ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ကြုံတွေ့ကြရမှာဖြစ်ပါတယ်။

NLD အနေနဲ့ ဒေသခံတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အောက်ခြေမှာဖြစ်ပျက်နေတာတွေကို စာရင်းပြုစုပြီး လွှတ်တော်အထဲက ပြောရေးဆိုခွင့်ရှိသူတွေ ဆွေးနွေးလို့ရအောင် တင်ပြပေးသွားမှာဖြစ်တယ်လို့ NLD တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ဆိုပါတယ်။

လွယ်လွယ်ကူကူ ဖြေရှင်းလို့ ရတာတွေရှိသလို မရတာတွေလည်းရှိလိမ့်မယ်လို့ ဒေါ်စန်းစန်းမြင့်က မှန်းဆထားပါတယ်။

"နှေးတော့ နှေးနိုင်တယ်။ ဒါပေမဲ့ တဖြည်းဖြည်းတော့ ဖြစ်လာနိုင်တယ်။ နောင် မတရားသိမ်းပိုက်နေတာတွေ ရပ်သွားလိမ့်မယ်" လို့လည်း ဒေါ်စန်းစန်းမြင့်က ဆိုပါတယ်။

ဘယ်လိုပဲ လွှတ်တော်ထဲမှာ အဟန့်အတားတွေနဲ့ ကြုံနေရ ကြုံနေရ NLD က လွှတ်တော်ထဲကနေ ဒေသခံတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အစွမ်းကုန် ကိုင်တွယ်ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ချက် ဒီရေတက်နေသူတွေ အများအပြားရှိနေသလို ဥတရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်က ကိုဆန်းဝင်းတို့လို အဲဒီအချက်ပေါ်မှာ သံသယရှိနေသူတွေလည်း အများအပြားရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD အမတ်တွေ လွှတ်တော်ထဲရောက်သွားပေမဲ့ အောက်ခြေက လူတွေအတွက် သိပ်ပြီး မျှော်လင့်စရာမရှိမှာကို သူကိုယ်တိုင် လယ်ယာမြေ အသိမ်းခံခဲ့ရဖူးတဲ့ ကိုဆန်းဝင်းက တွေးပူတယ်လို့ဆိုပါတယ်။

ဘာလို့ အဲသလို တွေးပူနေရတာလဲဆိုတော့ "အထက်က ဘယ်လိုပဲ ကြပ်မတ်၊ ကြပ်မတ်၊ အထက်က ဘယ်လိုပဲ မူဝါဒ ကောင်းတာတွေ ချမှတ်၊ ချမှတ် အောက်ခြေက မလိုက်နာ၊ မနာခံရင် အလကားပဲလေ။ ဖြစ်ချင်တိုင်း ဆက်ဖြစ်ဦးနေဦးမှာပဲ" လို့ ကိုဆန်းဝင်းက သူ့အနေနဲ့ ပူပင်ရတဲ့အကြောင်းကို ပြောပြတယ်။

အထက်က ချမှတ်လိုက်တဲ့ မူဝါဒတွေကို အောက်ခြေမှာ အကောင်အထည်ဖော်မှုအားနဲ့အတွက် ဘယ်လိုအခြေအနေမျိုး ကြုံရနိုင်သလဲဆိုတော့ ကိုဆန်းဝင်းက သူမှန်းဆထားတာလေးကို အခုလိုပဲ ရိုးရိုးရှင်းရှင်းနဲ့ ပြောပြခဲ့ပါတယ်။

"အောက်ခြေမှာ အကောင်အထည် လိုက်မဖော်လို့ကတော့ ကျနော်တို့ ဘ၀က ကျီးလန့်စာစားဟာ ကျီးလန့်စာစားပဲ။ တုံးအောက်က ဖားဟာ တုံးအောက်က ဖားပဲ ဆက်ဖြစ်နေဦးမှာပဲဗျ"။ ။


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment