Monday 28 May 2012

အင်မတန်မှန်ကန်လှသောဆောင်းပါးမို့ ထပ်ဆင့်ဖေါ်ပြလိုက်ပါသည်။

ဆောင်းပါး

 - လွတ်မြောက်နယ်မြေ ပုံပြင်--- မာတလိ (မဲဆောက်)
10,May, 2012

မြန်မာ့ နိုင်ငံရေးဟာ နိုင်ငံရေး ကျွမ်းကျင်သူတွေက နောက်ပြန်လှည့်နိုင်တယ်လို့ ခန့် မှန်းပြောဆိုနေကြပေမယ့် မြန်မာနိုင်ငံသား (ဆင်းရဲသား ပြည်သူများ) တွေက တော့ အကောင်းဘက်ကို မျှော်လင့်နေကြတာ မြင်နိုင်သည်။

နိုင်ငံရေး ဗရုတ်ဗရက်မှာ စားဝါးနေရတဲ့ သူတွေ၊ အုပ်ချုပ်ရေးမှာ နေရာရ ခွင်ကျ နေသူ(ဗိုလ်ခုတ်၊ ဗိုလ်အုပ်၊ ဗိုလ်ချုပ်)တွေနဲ့ အမြီးစားဖက် ခေါင်းစားဖက် လိုင်စင်ရ အနားပြာ စားဖားတွေ( ဦးခင်ရွှေ၊ ဇော်ဇော်၊ တေဇ- စသူများ)ကတော့ ကြံ့ဖွံ့ နဲ့ စစ်တပ်ကို မြှောက်ပေးပြီး အာဏာရှင်တပိုင်း၊ စီးပွါးရေး လက်ဝါးကြီးအုပ် အရင်းရှင် တပိုင်းနဲ့ အင်ဒိုနီးရှားလို သွားစေချင် ဖြစ်စေချင်တဲ့ သူတွေလဲ မြင်နေရသည်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ၀င်သွားပြီ ဆိုတော့ အပြောင်းအလဲ အတွက် အားတက်နေကြသူတွေ ရှိသလို၊ လူနည်းစုနဲ့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူးဆိုတဲ့ အားပျက် ပြောဆိုသံတွေလည်း ထွက်နေပါသည်။

ဘာပဲ ပြောပြော ၊ မြန်မာပြည်မှာ ပြည်သူတွေ၊ သတင်းသမားတွေ၊ စီးပွါးရေးသမားတွေ အရင်ကထက်စာရင် လုပ်ကိုင်ခွင့် ပြောခွင့် ပိုမို ချောင်လာတာ တွေ့ ရသည်။

အရင်က ထိပ်သီးပိုင်တွေသာ လုပ်ခွင့်ရနေတဲ့ ကားတင်သွင်းခွင့်တွေ၊ နိုင်ငံခြားထွက် ပညာသင်ခွင့်တွေ၊ ပြည်ပမှာ အလုပ်လုပ်ခွင့်၊ဈေးဝယ်-လည်ပတ်ခွင်တွေ့ ပိုမို လုပ်ခွင့်ရလာတာ မြင်ရသည်။



အရင်က ထိုင်းဘက်ကူးရင် အစိုးရက မတရားအသင်းနဲ့ ဆက်သလား၊ တရားမ၀င်နယ်မြေ ကျော်သလားဆိုတာတွေနဲ့ ဖမ်းချင်သလို ဖမ်း၊ တပ်ချင်သလို ဥပဒေပုဒ်မ တွေ တပ် ၊ အမှုဆင် ထောင်ချတာတွေ ခံနေကြရတဲ့ သူတွေဟာ ခုချိန်မှာ နိုင်ငံရေး ပွင့်လင်းလာတော့ ကလေးနဲ့ တမူးဖြစ်စေ၊ မူဆယ်နဲ့ ရွှေလီ ဖြစ်စေ၊ မြ၀တီနဲ့ မဲဆောက် ဖြစ်စေ၊ ရေအိုးနဲ့ ရေမှုတ်လို ၀င်လွယ်ထွက်လွယ်၊ ကူးလူး ရောင်းဝယ်နေကြတာ ၊ အလည်အပတ် လုပ်ခွင့်ရလာတာ မြင်ရသည်။


တလောက မဲဆောက်ဘက်သို့ ဈေးဝယ် လာသော မိတ်ဆွေ တစ်ဦးနှင့် ဆုံဖြစ်သည်။ မတွေ့ သည်မှာ ၂၀- နှစ်ခန့် ကျော်ပြီ ဖြစ်သည်။ မိတ်ဆွေ၏ သားကလေး(အသက် ၂၀ ၀န်းကျင်ခန့်)မှာ ထိုင်းဘက်ရောက်မှ ပြည်ပ မြန်မာတို့၏ အင်တာနက် စာမျက်နှာများ ဖတ်ရ၍ ပျော်မဆုံး ဖြစ်ကြောင်း ပြောပြီး ထူးဆန်းသော အမေးတခု မေးလာသည်။
မေးခွန်းက လွတ်မြောက်နယ်မြေ ဆိုသော အသုံးနှင့် ပတ်သက်၍ ဖြစ်သည်။

လွတ်မြောက်နယ်မြေ ဆိုတာ ဘာကိုခေါ်တာလဲတဲ့။ (မာတလိ) ပြုံးမိသည်။ ဘာကြောင့် အဲလိုမေးရတာလဲဟု မေးလိုက်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဆိုတဲ့ အသုံး ဒီဘက် ကျမှ ကြားရလို့ပါ။
ပြီးတော့ ဒီဘက်ရောက်နေတဲ့ လူတွေက ပြောကြတယ်၊
ဒါ လွတ်မြောက်နယ်မြေ၊ ဘာမှ မကြောက်နဲ့တဲ့။
မြန်မာ အစိုးရကို မကြောက်ရပေမယ့် ထိုင်းရဲက မှတ်ပုံတင်မရှိတဲ့ မြန်မာတွေ ဖမ်းလိုဖမ်း၊ တခါတလေ မှတ်ပုံတင် ရှိရက်နဲ့တောင် ညစ်ပြီး မှတ်ပုံတင်သိမ်း၊ ဖမ်းချင်တဲ့ အချိန် ဖမ်းနေတာ မြင်နေရတယ်။ ထိုင်းရဲကို ကြောက်နေရမှတော့ ဘယ်လိုလုပ်ပြီး လွတ်မြောက်နယ်မြေ ဖြစ်မှာလဲဟင်တဲ့ -


(အသက် ၂၀ ၀န်းကျင်ခန့်) လူငယ်ကမေးသည်။ လွတ်မြောက်နယ်မြေ ဖြစ်လာပုံ ဘယ်က အစ ဆိုတာလဲ သိချင်ကြောင်း ထပ်မံရင်ဖွင့်သည်။



--- လွတ်မြောက်နယ်မြေ နှင့် ပတ်သက်၍ အနီးစပ်ဆုံး အဖြေပေးနိုင်သည့် အင်အယ်လ်ဒီ-လွတ်မြောက်နယ်မြေ-မဲဆောက် ရုံးသို့ ပို့ဆောင်ပြီး ဦးမြင့်သိန်း၊ ဦးသန်းထွဋ် တို့ထံ အမေးခိုင်းလျှင် ကောင်းမည်လော။

အခြားသော အင်အယ်လ်ဒီ-လွတ်မြောက်နယ်မြေများဖြစ်သည့် တောင်ကိုးရီယား၊ ဂျပန်၊ သြစတေလျ နယ်မြေတွင် လှုပ်ရှားနေသော ဦးဝင်းခက်နှင့် နောက်လိုက်များထံသို့ ၎င်း၊ ၉၀ အနိုင်ရ အမတ်များစုဝေးသည့် ဒေါ်စန်းစန်း၊ မောင်မောင်အေး၊ သိန်းဦးတို့နှင့် ဖုန်းထိုး ရလျှင်ကောင်းမည်လော၊

အမေရိကန်ရှိ အောင်စောဦး၊ ဒေါက်တာ သောင်းထွန်း၊ ဦးဘိုလှတင့် ၊ကိုစိုးချိန် တို့ထံ ဖုန်း ထိုး ပေးရလျှင် ကောင်းမည်လော၊

ဥရောပရောက် မြန်မာများ အဖွဲ့(FBE) တည်ထောင်သူများဖြစ်သည့် ဂျာမဏီမှ ဦးနွယ်အောင်၊ ဘီဘီစီမှ ဒေါ်နီတာ(ခေါ်) ဒေါ်ရင်ရင်မေ တို့နှင့် မေးမြန်းရန် အကြံပြုသော် ကောင်းမည်လော။

ဒီဗွီဘီ ဦးဆောင် ညွှန်ကြားရေးမှူးနှင့် ယူရိုဘားမား တာဝန်ခံ ဦးဟန်ညောင်ရွှေ (မြန်မာ သမ္မတကြီး စစ်ရွှေသိုက်သား) နှင့် စားဖက်ဝါးဖက်များထံ မေးမြန်းရန် အကြံပေးလျှင် ကောင်းမည်လော။

မဲဆောက်မှ အောင်နိုင်ဦးတို့ ဗဟု အဖွဲ့ ထံ ဆက်သွယ်ပေး ရလျှင်ကောင်းမည်လော၊

ယခင် ကျောင်းသား တပ်မတော် (ABSDF) ဥက္ကဌ ၊ လက်မရွံ့  ဒေါက်တာ နိုင်အောင်တို့ (FDB) မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစုအဖွဲ့ နှင့် ဆက်သွယ် ပေးလျှင် အဖြေမှန် ရနိုင်မည်လော၊

တပည့်တပန်းများ၍ စကားပြောလျှင် မာန်အပြည့်-ဟန်အပြည့် အထောက်အထား စုံလင်စွာနှင့် ပြောတတ်သည့် မောင်မိုးသီးဇွန် နှင့် ဆက်သွယ် မေးမြန်း ချေသော် ပိုမိုသင့် မြတ်ပေမည်လော။

လူ့ ဘောင်သစ်မှ အောင်သူငြိမ်းတို့ အုပ်စုဆိုလျှင် လွတ်မြောက် နယ်မြေ ကိစ္စ အဖြေမှန် ရနိုင်မည်လော၊

ထိုင်းအခြေစိုက် ဗကသ မောင်မင်းနိုင်တို့ထံ အဖွဲ့ထံ ကွန်တက်ချိတ်ရလျှင် သင့်မည်လော၊

လေလှိုင်းတွင် စစ်ရေး၊ နိုင်ငံရေး ကျွမ်းကျင် အမည်ခံထားသည့် ထိုင်းနိုင်ငံမှ ဦးဌေးအောင် တံသို့ လမ်းညွှန်ပေးရလျှင် သင့်မည်လော။

နိုင်ငံရေး အကျဉ်းသားတွေကို နိုင်ငံတကာ မှရသည့် အကူငွေများဖြင့် ထပ်ဆင့် ကူညီနေပါသည်ဆိုသော မောင်တိတ်နိုင်၊ မောင်ဘိုကြည်တို့ဆိုလျှင် ရှင်းပြနိုင်မည်လော။

ပြည်တွင်း အင်အယ်လ်ဒီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လပ်စွာ အပုတ်ချ တိုက်ခိုက်နေသူ ၊ ထိုစာမျိုး ၀မ်းသာအားရ ဖော်ပြလေ့ရှိသူ ၊ မဲဆောက်မှ နာမည်ကျော် လင့်ကာ ဒေါက်တာလွဏ်းဆွေထံ လွတ်မြောက်နယ်မြေ ကိစ္စ ရှင်းလင်းလျှင် ပိုမိုသင့်မည်လော။

မြောက်ပိုင်း အေဘီမှာ လွတ်လပ်စွာ ရက်ရက်စက်စက် သတ်ဖြတ်မှု ဖြစ်စဉ်က ဥပဒေနှင့် ညီပါသည်ဟု လူသတ်ပါမစ် ထောက်ခံ ထုတ်ပေးခဲ့သာ မဲဆောက်မှ -ပြောင်း၍ ဆွီဒင်အခြေစိုက် ရှေ့ နေကြီး ကိုအောင်ထူးတို့ ဥပဒေ အဖွဲ့နှင့် ဆက်သွယ်ပေးရလျှင်ကောင်းမည်လော။

နော်ဝေနိုင်ငံ ရှိ အင်အယ်လ်ဒီ-အယ်လ်အေ ခေါင်းဆောင်များ ဖြစ်သည့် ဦးကျော်သွင် ၊ ဦးဘိုသောင်း၊ မောင်သစ္စာ၊ နိုင်ဇော်ဝင်းတို့ထံ ဖုန်း ထိုးရလျှင် ကောင်းမည်လော၊

အင်္ဂလန်နိုင်ငံရှိ ဒေါက်တာ ၀င်းနိုင်တို့ထံ ဖုန်း ထိုးပေးရလျှင် ကောင်းမည်လော လွတ်မြောက်နယ်မြေ အကြောင်း လိုရင်း တိုရှင်း အဓိပ္ပါယ် ဖော်ပေးနိုင်မည့်သူအား ရှာဖွေ ပေးနိုင်ရန် ဦးနှောက်ကို အလုပ်ပေးနေမိသည်။


ပထမဆုံး လွတ်မြောက်နယ်မြေ- အစကိုရှင်းမှ ဖြစ်ချေမည် ဖြစ်၍ လွတ်မြောက် နယ်မြ ဆိုသည်မှာ လွတ်လပ်ရေး ရပြီးစ အလယ် ရိုးမမှာ သခင်သန်းထွန်းတို့ အုပ်စု- မြရာပင် စခန်း တည်ထောင်သည်မှ အစချီ၍ ၁၉၈၀ ၀န်းကျင်က ဗကပ (ဗမာပြည် ကွန်မြူနစ်ပါတီ) တို့ အရှေ့ မြောက်နယ်မြေ တရုတ်မြန်မာနယ်စပ်မှာ တရုတ် အကူအညီဖြင့် ကိုယ်ပိုင်နယ်မြေ ထူထောင်ကာ အာဏာရှင် ဦးနေ၀င်း၏ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရကို ဆယ်စုနှစ်နှင့် ချီ၍ ဆန့်ကျင်တော်လှန် နေနိုင်ခဲ့ကြောင်း၊ ထိုကာလတွင် ဗကပတို့ လွတ်မြာက်နယ်မြေ ဟု စတင်သုံးခဲ့ကြောင်း နိဒါန်း ချီပျိုးကာ ရှင်းတော့ မည်ကြံစီမိသည်။



ထို့နောက် ၁၉၈၈ လူထု အရေးတော်ပုံကြီး ဖြစ်ပြီးကျောင်းသားတွေ လူငယ်တွေ သိန်းချီ ပြီး ထိုင်းဘက်၊ အိန္ဒိယဘက်၊ တရုတ်နယ်စပ် (ကချင်) တောခိုကြကြောင်း၊ ထိုသူတွေထဲက တချို့က လက်နက်ကိုင် တော်လှန်ရေးလုပ်ကြ၊ တချို့က နိုင်ငံခြားတွေနဲ့ ဆက်ပြီး အဖွဲ့ထောင် နိုင်ငံရေး လုပ်ကြရင်း လွတ်မြောက်နယ်မြေ- ဆိုတဲ့ အသုံး ဆက်လက် ပေါ်လာတယ်။ အဲဒီအထဲကမှ အင်အယ်လ်ဒီ-လွတ်မြောက်နယ်မြေ- ဆိုတာကတော့ အင်အား အကြီးဆုံးနဲ့ အကျယ်ပြန့် ဆုံး အဖွဲ့ ဖြစ်တယ်။

ထူးခြားတာက ၂၀၀၅ -နှစ်ဦးပိုင်းက ဘီဘီစီ မေးမြန်းခန်းမှာ အင်အယ်လ်ဒီ- လွတ်မြောက်နယ်မြေ-နှင့် ပတ်သက်၍ မေးမြန်းရာမှာတော့ ပြည်တွင်း အင်အယ်လ်ဒီ ပြောခွင့်ရှိသူက ဦးလွင် ဘယ် အင်အယ်လ်ဒီ -အယ်လ်အေနဲ့- မှ ကွန်တက်လဲ မရှိ ၊ အသိအမှတ်လဲ မပြု၊ အင်အယ်လ်ဒီ-ဆိုတာ ပြည်တွင်းမှာ အဖမ်းခံ၊ ထောင်အကျခံ၊ အနှိပ်စက်ခံ ပြီး တိုက်ပွဲ ၀င်နေတာပဲရှိတယ် လို့ ပြန်ဖြေခဲ့ ဖူးတယ်။


အင်အယ်လ်ဒီ-လွတ်မြောက်နယ်မြေ-မဲဆောက်မှာတော့ ထူးထူးခြားခြား မှတ်တမ်းတင်ရမယ့် လွတ်မြောက်နယ်မြေက သမိုင်းတင်ရမယ့် လွတ်လွတ်လပ်လပ် ဇာတ်လမ်းတွေ ရှိခဲ့ ဖူးတယ်။

လွတ်မြောက်နယ်မြေမှာ အထင်ရှားဆုံး ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကတော့ မြောက်ပိုင်း အေဘီမှာ တောခို ကျောင်းသား အချင်ချင်း အုပ်စုလိုက်ချီ လွတ်လွတ် လပ်လပ်ကြီး သတ်ဖြတ်မှု ဖြစ်ခဲ့တာပါ။
ဒီအကြောင်းပြည်တွင်းမှာ အမှတ်တရ အခန်းအနား တွေတောင် ရန်ကုန် -မန္တလေးမှာ ကျင်းပနေကြပါပြီ။

တခြား ထူးခြားချက်တွေထဲက တချို့ကို ထုတ်ပြရရင် ၁၉၉၀ အနိုင်ရ အမတ်မယ် (ဆိပ်ကမ်း) ဒေါ်စန်းစန်း က အင်အယ်လ်ဒီ-အယ်လ်အေ (မဲဆောက်) မှာ စည်းဝေးပွဲတွေ၊ အင်အား တိုးမြှင့် ဆောင်ရွက်မှုတွေ လုပ်ကြတယ်။ လွတ်မြောက်နယ်မြေ ဆိုတဲ့ အတိုင်း လွတ်လပ်သလား မမေးနဲ့ ၊ဒေါ်စန်းစန်းကို အရက်ပုလင်းနဲ့ ပေါက်လို့ စာပွဲအောက် ၀င်ပုန်းရတဲ့ အထိဖြစ်ခဲ့တယ်။

ဒေါ်စန်းစန်းက အင်အယ်လ်ဒီ-လွတ်မြောက်နယ်မြေ အဖွဲ့ အတွက် ပြည်ပက အကူအညီရငွေ စာရင်း စစ်တယ်။ အရင်တာဝန်ခံ ဦးဝင်းခက် ကလဲ အတိ အကျ ပြန်မရှင်းနိုင်ဖြစ်တယ်။ စာရင်းနဲ့ စာရွက်စာတမ်းနဲ့ အတိအကျ လွှဲပြောင်းလက်ခံ မလုပ်ခဲ့ကြတော့ ငွေစာရင်း ကွာဟ မှုတွေ ဖြစ်တယ်။

အဲဒီကွာဟမှုကို ကာမိဖို့ ဦးဝင်းခက်က အင်အယ်လ်ဒီ လူငယ် အဖွဲ့ အသုံးစာရင်း လျှော့ဖို့ လုပ်တယ်။
အကျိုးဆက်အဖြစ် အင်အယ်လ်ဒီ လူငယ် မောင်ကြည်လှိုင်( ယခု နော်ဝေတွင် ဒုက္ခသည် အဖြစ်ရောက်နေသူက) ဒေါ်စန်းစန်းနေတဲ့ အိမ်ကို(ထိုစဉ်က ဒေါ်စန်းစန်းသည် FTUB ဦးမောင်မောင် တပည့် သိန်းဝင်းနေသည့် အိမ်မှာနေသည်) ခဲနဲ့  သွားထုတယ်။
ဒေါ်စန်းစန်း က တဆင့်တိုးပြီး ပြည်တွင်းက သူ့ တူမတော်စပ်တဲ့ ကောင်မလေးကို ခေါ်ထုတ်တယ်။
စာရင်း စပ်ဖို့ ဆက်ကြံတော့ နာရီမဆိုင်း အဲဒီညဦးပိုင်းမှာ လူငယ်တစ်စုက သတ်ဖို့ လိုက်ရှာတော့ သေပြေးရှင်ပြေး ပုန်းကြ၊ ၀ှက်ကြရတဲ့ အဆင့်တွေ ဖြစ်ခဲ့ကြ ပြန်တယ်။
ခုတော့ သေပြေးရှင်ပြေး ပုန်းရ သူလေးလည်း တတိယ နိုင်ငံမှာ အခြေချခွင့် ရရှိနေရှာ ပါပြီ။

အိန္ဒိယ ဘက်တွင်လည်း ဒေါက်တာ တင့်ဆွေတို့ အုပ်စု ရူပီးငွေ သန်းချီ၍ ပြည်မှ ရရှိသော ရံပုံငွေ ခွဲဝေ သုံးစွဲမှု အရှုပ်တော်ပုံ အင်တာနက် စာမျက်နှာများတွင် ပလူပျံအောင် ထွက်ပေါ်ခဲ့သေးသည်။

အင်အယ်လ်ဒီ- လွတ်မြောက်နယ်မြေ- ဥရောပ ဘက်မှာတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ ဦးဟန်ညောင်ရွှေက အင်အယ်လ်ဒီ ရွေးကောက်ပွဲ ၀င်မယ်ထင်ပြီး ဥရောပနိုင်ငံတွေက အလှူငွေ အကူငွေတွေ လိုက်လံ ကောက်ခံတယ်။ ရလဲ ရခဲ့တယ်။ အဲဒီငွေတွေကို ဆိုင်ရာ ဆိုင်ရာတွေကို ဝေပေးတယ်။ရတဲ့ အဖွဲ့တွေက ခွဲဝေ သုံးကြတယ်။ နောက်တော့ ဒေါ်စုက ၂၀၁၀ရွေးကောက်ပွဲကို သပိတ်မှောက်တယ်။ မ၀င်ဘူးလဲ ဆိုရော ငွေလက်ခံတဲ့ ဦးဟန်ညောင်ဝေက၂၀၁၀ေ ရွးကောက်ပွဲ ထောက်ခံကြောင်း ကြေငြာချက်ထုတ်တယ်။ ရဲရဲနီတွေက ၂၀၁၀ ကို သပိတ် မှောက်တယ်။ နောင်တော့ ပရိုပိုဇယ်ရတဲ့ငွေ၊ အဝေမတည့် ဖြစ်ကြပြီး ဘီဘီစီမှာ ထုတ်ဖော်ကြ၊ ဖွင့်ချကြတဲ့ အသံတွေ လေလှိုင်းပေါ် တက်တဲ့ အထိ ဖုံးမနိုင်ဖိမရ ဖြစ်ခဲ့ကြတယ်။


ဒီကြားထဲ နော်ဝေ နိုင်ငံရောက် ဒီဗွီဘီ နဲ့ ဘားမား ဘီဂျေ အုပ်စုက မျိုးမင်းနိုင်၊ အေးချမ်းနိုင်၊ ခင်မောင်ဝင်းတို့ သူခိုးတာ လွန်တယ်၊ ငါလုပ်တာ မှန်တယ်ဆိုတဲ့ ငွေကြေး အရှုပ်တော် ပုံကလဲ လွတ်မြောက်နယ်မြေမှာ ပလူပျံပြီး မြင်မကောင်း ကြားမကောင်းအောင် ဖြစ်လိုက်သေးတယ်။

မလေးရှားဘက်- ဂျပန် ဘက်မှာ ဆိုရင်လဲ အင်အယ်လ်ဒီ- လွတ်မြောက်နယ်မြေ- ဆိုတဲ့ လူတွေက ခုန်ချချင်တဲ့ လူတွေ ။- ယူအင် ဒုက္ခသည် လျှေက်ချင်တဲ့ လူတွေကို ထောက်ခံ စာတစ်ခါရေး ဘယ်လောက်နဲ့ ၊ ရံပုံငွေ ရှာကြတာတွေ၊ ရံပုံငွေ တွေ ဘယ်လိုသုံးသလဲ၊ ပြည်တွင်း ဘယ်လို ထောက်ပန့် ကူညီသလဲ မေးလို့ ရန်ရှာခံရတာတွေ အသံပေါင်းစုံ ထွက်ခဲ့တယ်။



လွတ်မြောက် နယ်မြေနဲ့ ပတ်သက်ပြီး ရှင်းပြရရင် ပြောမဆုံးပေါင် တောသုံးတောင် ဇာတ်လမ်းတွေက တစ်ထောင့် တစ်ည ပုံပြင်သဖွယ် ကြားရသူအပေါင်း အံ့သြ ကုန်နိုင်ဖွယ်တွေ ပြည့်နှက်နေတယ်။

၁၉၉၀ ကနေ ၁၀၁၂ အထိ အင်အယ်လ်ဒီ- လွတ်မြောက်နယ်မြေ- လို့ အော်ဟစ်ခဲ့တဲ့ လူတွေ ၂၀၁၂ မှ အသစ်ပြန်လည် ဖွဲ့စည်းလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ လုပ်တဲ့ အင်အယ်လ်ဒီ ပါတီ အသစ်မှာ ဘယ်သူတွေများ လက်ရှိ နိုင်ငံတွေက ရရှိနေတဲ့ အခွင့်အရေးတွေ စွန့်လွှတ်ပြီး မြန်မာပြည်သား ပတ်စပို့ -တရားဝင် ဆက်လက်ကိုင်စွဲရင်း ပါတီဝင်အဖြစ် ပြန်လျှောက်ကြ ပါလိမ့်။

၁၉၉၀ တုန်းက ပါတီဝင် ဖြစ်ခဲ့သည်နှင့်ပင် ရာသက်ပန် အင်အယ်လ်ဒီ ပါတီဝင်အဖြစ် ခံယူကိုင်စွဲလျှက် အင်အယ်လ်ဒီ- လွတ်မြောက် နယ်မြေ- ဟု ဆက်လက် အော်ဟစ် နေကြဦးမည်လော။ ဆက်လက် အော်လျှင်ကော လူကြားကောင်းပါ ဦးမည်လော။

၂၀၁၂ ပြန်လည်ဖွဲ့ သည့် ပါတီအသစ်တွင် ပြန်လည် လျှောက်လွှာ မတင်ပဲနှင့် အင်အယ်လ်ဒီ- လွတ်မြောက်နယ်မြေ- ဟု အော်နေသူများကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လို သဘောထား မှာပါလိမ့်၊ သူအသိအမှတ် ပြုသည်ဖြစ်စေ၊ မပြုသည် ဖြစ်စေ အခွက်ပြောင်ပြောင်နှင့်ပင် အင်အယ်လ်ဒီ- လွတ်မြောက်နယ်မြေ- ဟု အော်ကြဦးမည်လော။


မြန်မာပြည် ဒီမိုကရေစီရှိရေးနှင့် ပြည်သူတို့ လူမှုရေး၊ စီးပွါးရေး ဖိနှိပ်ခြင်းမှ လွတ်မြောက်ရန်၊ စစ်မှန်သည့် လွတ်မြောက်နယ်မြေ ထူထောင်သူများသည် ပြည်တွင်းတွင် ရှိသလော၊ ပြည်ပတွင်ရှိသလော။ ဒေါ်အောင်ဆန်းစုကြည်၊ ကိုကိုကြီး မင်းကိုနိုင် တို့အဖွဲ့သည် တိုင်း ပြည်လွတ်မြောက်ရန် အမှန် အနစ်နာခံကြ သူများလော၊ ပြည်ပရောက် လွတ်မြောက်နယ်မြေဟု အော်ဟစ်ကြသူများက တိုင်းပြည် လွတ်မြောက်ရန် အမှန် အနစ်နာခံကြသူများလော၊

သူများ တိုင်းပြည်တွင် ရဲအားငွေပေး၍ အဆင်ပြေအောင်နေထိုင် ရသူများ၊ ဒုက္ခသည်အဖြစ်ခံယူ၍ နေရသူများသည် ထိုနိုင်ငံများတွင် အင်အယ်လ်ဒီ- လွတ်မြောက်နယ်မြေ- ဟုအော်လျှင် ကြားရသူများမှ လက်ခံပါမည်လော၊ သဘာဝကျ ပါမည်လော၊ ထို နိုင်ငံနေ အစိုးရနှင့် နိုင်ငံသားတို့မှ မိမိတို့ နိုင်ငံအတွင်း ၀င်လာသူ ပြည်ပ နိုင်ငံသားတို့မှ အင်အယ်လ်ဒီ- လွတ်မြောက်နယ်မြေ- ထူထောင်သည်ကို အမှန်အတိုင်း သိရှိပါမူ လက်ခံ ပါမည်လော။

ဒီမိုကရေစီ ရံပုံငွေကို ရနိုင်သမျှ နိုင်ငံမှ တောင်းချင်သလိုတောင်း၊ ပြည်တွင်း အင်လိုင်း လုပ်ရပါသည်ဟု ဆိုကာ ရေဆာဘီယာသောက်ပြီး စာရင်းမရှိ သုံးချင် သလိုသုံး၊ စာရင်း စစ်မည့်သူကို ကျွန်းပင်ကြီးအောက် ပို့ရန် လုပ်ကြ၊ ထင်ရာစိုင်း နိုင်ငံရေးကို လွတ်မြောက် နယ်မြေ ဟု ဆိုလိုချင်ပြန်သလော။

ပသို့ပင်ဖြစ်ကြပါစေ- အမှားမြင်လျှင် အမှန်ပြင် ဆိုသကဲ့သို့ လွန်ခဲ့ ကျွန်ခဲ့ မှားခဲ့ သည်များကို ၀န်ခံ၍
တိုင်းပြည်အတွက် မကြာမီ ပြည်ပခရီးစဉ် ထွက်လာမည့် ဒေါ်အောင်ဆန်းစုကြည်အား အပေါင်း လက္ခဏာ ဆောင်သည့် စိတ်များဖြင့် ရှေ့ အနာဂါတ်မှာ ပူးပေါင်း လုပ်ဆောင်ကြမည်လော။

မျက်နှာပြောင်တိုက်ကာ အရင်းရှင် အမေရိကန် လိုလားတဲ့ အမျိုးသမီးပဲ၊ သူလုပ်လို့ ငါတို့စားခွက် ပျောက်ရတာဟု တွက်ဆကာ ကန့်လန့် တိုက်ကြ ဦးမည်လော၊ ငွေရောင်ပိတ်ကားပေါ် မည်သို့ ပေါ်လာမည်ကို ခန့်မှန်း၍ စိတ်လှုပ်ရှားဖွယ် ဖြစ်သည်။

အဲဒါတွေကို နောင်လာ နောက်သားတွေ သင်ခန်းစာ ယူဖွယ် ၊ ဆောင်ရန် ရှောင်ရန် ဖြစ်ဖွယ်တွေကို အယဉ်ကျေးဆုံး ဖြစ်အောင် ဘယ်လို စီပြီး ရှင်းပြရပ။

ခက်ကပြီ။ ရှက်ဖွယ် အလီလီကို အနာ၈တ်မှာ နားဆင်ဖွယ်ဖြစ်ဖို့ ဦးနှောက်ကို မိနစ်မလပ် လက်မလည်အောင် ကြံစီ စဉ်းစားရင်း ဦးခေါင်းထက်ရှိ ဆံစတို့ပင် ဘိုးဘိုးအောင် ၀လုံးရေးတဲ့ တန်ခိုးလို အဆတိုး ဖြူထွက်မည့်အရေးတွေး မိရင်းဖြင့်။။--

အော် နာမည်လှသလောက် ရှုပ်ထွေးလိုက်ပါတဲ့ -လွတ်မြောက် နယ်မြေ ။- လွတ်မြောက် နယ်မြေ

စာဖတ်သူများ စိတ်ဝင်စားပါက NLD-LA- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက် နယ်မြေ အင်တာနက် ၀က်ဘ်ဆိုက် စာမျက်နှာအချို့

NLD-LA (English) ဖြင့် ၀က်ဘ်ဆိုက်
NLD-LA (ယူကေ) ၀က်ဘ်ဆိုက်
NLD-LA (သြစတေလျ) ၀က်ဘ်ဆိုက်
NLD-LA (အမေရိကန်) ၀က်ဘ်ဆိုက်
NLD-LA (အင်ဒိုနီးရှား) ၀က်ဘ်ဆိုက်
NLD-LA (ထိုင်းနိုင်ငံ) ၀က်ဘ်ဆိုက်
NLD-LA (ကိုရီးယား) ၀က်ဘ်ဆိုက်
အထောက်တော် --မာတလိ (မဲဆောက်)
ဒီမိုကရေစီ ထွန်းကားရန် ငြိမ်းချမ်းစွာ ရုန်းကန်လွတ်မြောက်ရေး လုပ်ငန်းစဉ်များ အမြန်ဆုံး အောင်မြင်ကြပါစေ။

ဓါတ်ပုံများကို ယာဟိုးဆာ့ခ်ျမှ ကူးယူဖော်ပြပါသည်။ (ဟစ်တိုင်)

-------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန့် ပြန် ဆောင်းပါး ရေးသား ပေးပို့  လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။ ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို့  သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက်ပေးပို့ နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ၀ိုင်းတော်သားမျာ့း 
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittaing.org
www.hittai.org
www.hittai.net

No comments:

Post a Comment