Monday 28 May 2012

ဆောင်းပါး အပိုင်း (၂)

 - လွတ်မြောက်နယ်မြေ ပုံပြင်(၂)--- မာတလိ (မဲဆောက်)
15, May, 2012

လွတ်မြောက်နယ်မြေ ပုံပြင် ရေးလိုက်မိလို့ မာတလိထံ လွတ်မြောက်နယ်မြေ မှာ အမှန်တကယ် လွတ်မြောက်နေတဲ့ သူတွေ အကြောင်း ဆက်လက်သိချင်တဲ့ လူတွေ ဆီကမေးမြန်းချက် အသစ်တွေရှိသလို ၊ သူတို့ ဘ၀ သာယာ နေတာကို ကြိမ်တို့ ရမလားဆိုပြီး မေတ္တာပို့ သံတွေ၊ ပြန်လည် ရိုက်ခတ်လာတာလဲ ရှိတယ်။

ပသို့ ရှိပလေ့စေ. သမိုင်းမှာ လူငယ်တွေ သင်ခန်းစာ ယူနိုင်ဖို့ အမွေ မချန်ရစ်ခဲ့တဲ့ သမိုင်းလူလိမ် တရားခံထဲ မာတလိ အပါ မခံပါ။
ကိုယ်တိုင် မခိုးသော်-မယုတ်မာသော် လည်း သိလျှက်နဲ့ ငြိမ်နေခြင်း၊ လက်ဝေခံ စားသောက်ခြင်းသည် မကောင်းမှုကို သွယ်ဝိုက်ကျူးလွန်ရာ မည်၏တဲ့။ ဥပဒေ စကားးနဲ့ပြောရရင် ထိန်ချန်မှု၊ အမှန်ဘက်မှ ရပ်တည်ရန် ပျက်ကွက်မှု ပေါ့။

မေမေစုလို့ ခေါ်တဲ့ ဒေါ်အောင်ဆန်း စုကြည်ကတောင် "အမှန်တရား ပြောရဲမှ ဒီမိုကရေစီ ရမယ်" လို့ ပြောတာ ရှိတယ်မို့လား။

- "အမေရိကတိုက်ရှိ လိပ်ပြာလေးတစ်ကောင်ရဲ့ တောင်ပံ ခတ်လိုက်တာဟာ အာဖရိက တိုက်မှာ မုန်တိုင်းကြီးတွေ အဖြစ်ပြာင်းလဲ သွားနိုင်တယ် "ဆိုတဲ့ စကား ကို ကြားဖူးကြမလား မသိ။
ကမ္ဘာကို မျက်စိဖွင့် နားဖွင့်ပြီး ကြည့်တတ်သူတွေ၊ ကမ္ဘာ့  နိုင်ငံရေး ရေစီးကြောင်းကို စီးမြော လိုက်ပါ လုပ်ဆောင်နေကြတဲ့ သူတွေကတော့ ဒါကို လက်ခံကြမှာ ဖြစ်တယ်ဆိုတာ မြေကြီး လက်ခတ်မလွဲ ဧကန် ဖြစ်မှာပါ။

အစ္စရေး- ပါလက်စတိုင်း အရှေ့ အလယ်ပိုင်းက စလိုက်တဲ့ တောင်ပံ ခတ်သံကြောင့် အမေရိကန်မှာ မိုးမျှော် တိုက်ညီနောင် မြေခ ၊လူရာချီ အသက်ပေးခဲ့ရတယ်။

အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အီရတ်၊ လစ်ဗျား၊ ဆီးရီးယား၊ အပါအ၀င် အာဖရိက တိုက်က နိုင်ငံ အချို့မှာပါ နိုင်ငံရေး မုန်တိုင်းတွေ အဆက်အပြတ် တိုက်ခတ်နေရှာတယ်။


မြန်မာပြည် ရှစ်လေးလုံး ရိုက်ခတ်လိုက်တာဟာ မြန်မာပြည်က စစ်အာဏာရှင် ပိုမို ထန်ခိုးထွား အင်အားကြီးလာစေတယ်။ အုပ်ချုပ်ရေး မှားယွင်းမှုကြောင့် တိုင်းပြည် အကြွေး ပိုပြီး များလာစေတယ်။

ပြည်ပကို မြန်မာ တိုင်းရင်းသားတွေ ဒုက္ခသည် အဖြစ်တမျိုး၊ လုပ်အားရောင်း ကျွန်ခံ အဖြစ် တဖုံ၊ လွတ်မြောက်နယ်မြေတည်ထောင်တဲ့ ပြည်ပြေး တနည်းနဲ့ ထွက်လာကြရတာ မျက်မြင်ပါပဲ။ ယိုးဒယား(ထိုင်း) မြန်မာ နယ်စပ်မှာ လက်ရှိ ဒုက္ခသည် စခန်း ၁၁ ခုမှာ မြန်မာ ပြည်သား ၃ သိန်းကျော် ရှိနေတယ်။ တရားဝင်ရော၊ တရားမ၀င်ရော မြန်မာ အလုပ်သမား ၂သန်း နီးပါးလဲ ထိုင်းနိုင်ငံထဲမှာ ရှိနေတယ်။
မလေးရှားမှာလဲ ဒုက္ခသည်အဖြစ်ရော အလုပ်သမားအဖြစ် တရားဝင်ရော၊ တရားမ၀င်ရော ရောက်နေတာ သိန်း ဂဏန်း နီးပါး ရှိနေတယ်။

- ဒုက္ခသည်တွေနဲ့ အလုပ်သမားတွေဘ၀ ကတော့ ကိုယ့်ထမင်းကိုယ်ရှာစား၊ ကိုယ်ဒုက္ခ ကိုယ်ရုန်းနေတာမို့ ဘယ်သူမှ ဒုက္ခ မပေးသလို ဘယ်သတင်းဌာန ကမှ လည်း အရေးတယူ သိပ်မရှိလှပါဘူး။

အဲဒီ မောင်ကံဆိုး မယ်ကံဆိုးတွေ အပေါ်က အမြတ်ရတာကတော့ အလုပ်သမား ကယ်ဆယ်ကူညီရေး အဖွဲ့ တွေနဲ့ လွတ်မြောက် နယ်မြေရောက် နို်င်ငံရေးသမား တဖြစ်လဲ၊ လူမှု ကယ်ဆယ်ရေး သူတော်စင်တွေပါပဲ။ သတင်းဌာနက လူတွေကလဲ အဲဒီလူတွေနဲ့ဆို သတင်းလဲရ၊ ထမင်းလဲဝ၊ နာမည်ကောင်း လက်မှတ်လဲရ အဆင်ကိုပြေလို့။

သတင်းဌာနတွေနဲ့ များ အဆင်ပြေရင် လူတစ်ယောက်ဟာ နေ့ခင်း ညချင်းအတွင်း ဘွဲ့တွေ၊ ဂုဏ်တွေ ရာထူးတွေ၊ ဖောချင်း တောချင်း ရနိုင်တယ်။
တချိန်က ပြည်ပရောက် ၉၀ အနိုင်ရ အမတ်တွေ ကို ရေလဲသုံးပြီး ရာထူးတွေ ပေးခဲ့တယ်။

လက်ရှိလဲပဲ အောင်ဒင်တို့၊ (ဖဒိုမန်းရှာ သမီး) ဇိုလာဖန်းတို့၊ တစ်ခါလွှင့် တခါ ၊ရာထူး မထပ်အောင် လူကြားကောင်းမယ့် အမည်လှလှ ဘွဲ့လှလှလေးတွေ ဘီဘီစီနဲ့ ဗွီအိုအေ တို့က ရှာကြံ ဂုဏ်တင် ပေးနေတာ ကြားရနိုင်တယ်။

ကုန်းဘောင်ခေတ် ၊ဘိုးတော်ဘုရားရဲ့ ပညာရှိကြီး ဦးပေါ်ဦးကို ပြေးသတိရမိတယ်။
လက်စွဲ အိမ်တော်ပါ အလုပ်အကြွေး ငမြတ်ထင်ကို "နင်လဲပဲ ရှိနေသေးရင် ၀န်ကြီး တပါးပေါ့ ငမြတ်ထင်"ဆိုတဲ့ မိဖုရားခေါင်ကြီး စကားနဲ့အညီ ၀န်ကြီး ၀တ်စုံဝတ်ပြီး ညီလာခံတက်လာတဲ့ အတွက် ဘိုးတော်ဘုရားက "ကြည့်ပြီးရှာကြံ ရာထူးပေးပါဦး" ဆိုတော့ ဦးပေါ်ဦးက "အက္ကဘတ် မြင်းဝန် " ဆိုပြီး ရာထူးပေးခဲ့သတဲ့။

အခုလဲ ဘီဘီစီတို့ ဗွီအိုအေတို့က လူတွေက ရိုဟင်ဂျာပြည်နယ် ပေါ်ပေါက်ရေး မူဆလင်ကမ္ဘာမှာ ဆွေးနွေးတဲ့ ဟန်ညောင်ရွှေ၊ ဇော်ဦး၊ တင်မောင်သန်း တို့ကို ငြိမ်းချမ်းရေး ဖော်ဆောင်သူအဖြစ် အရောင် တင်လိုတင်၊ မနေ့ တနေ့ ကမှ လူဖြစ်လာတဲ့ ဟာ၈ျီ ဝေနှင်းပွင့်သုန် တို့ကို အကျဉ်းသား လွတ်မြောက် ရေး လှုံ့ ဆော်သူ ၊ ငြိမ်းချမ်းရေး လိုလားသူ အဖြစ် အရောင်တင်နဲ့ နေရာလဲ ကျကြ ပါပေရဲ့။

နိုင်ငံရေး သမား အမည်ခံကနေ၊ သတင်းသမား အရေခွံလဲ ပြည်ပဒေါ်လာစား ပြည်တွင်း ၀င်ထွက်ခွင့်ရ လွတ်မြောက်နယ်မြေရောက် နှစ်ဖက်ခွအုပ် လူနပ် လူလည် လူပါး တွေပါပဲ။




ကလေးစစ်သား ပပျောက်ရေးတို့၊ ဂန်ဒူးများ အခွင့်အရေး ရရှိရေးတို့၊ အလုပ်သမား ကယ်ဆယ်ရေးဘန်းပြ သူတော်စင်တွေကတော့ ထိုင်းပုလိပ် (တောမော) လည်း မကြောက်ရ၊ ထိုင်း- လ၀က လည်း မကြောက် ရနဲ့ လွတ်မြောက်နယ်မြေမှာ တကယ့်ကို လွတ်မြောက် နေကြတာပါ။
လွတ်မြာက်အောင် လုပ်နိုင်တဲ့ ပညာတွေ သူတို့မှာလည်း ရှိကြတယ်။

အဲဒီ ပညာရပ်တွေက
၁။ မိမိတို့ ဇနီး၊ သားမီးများကို တတိယနိုင်ငံများသို့ အခြေချ ပို့ဆောင်၍ ဖြစ်စေ၊ ငွေပေးပြီး ဖြစ်စေ ပတ်စပို့ ၂-ခု၊ ၃-ခု ကိုင်ထားကြခြင်း။

၂။ လုံခြုံရေး ခိုင်အောင် ထိုင်းနိုင်ငံသူများအား လက်ထပ်ကြခြင်း။

၃။ ဘွတ်ဘက်ရွှတ်ရှက် ပြောတတ်အောင်လုပ်ပြီး ဥရောပနဲ့ အမေရိက နိုင်ငံသူများအား လက်ထပ်ကြခြင်း။

၎။ ပြဿနာ တခု တက်လာလျှင် ဒီမိုကရေစီ ထောက်ပန့် ကြေးငွေ သုံး၍ ပုံအော လာဘ်ထိုးကြခြင်း။

ဆိုတဲ့ နည်းတွေပေါ့။

ဒါတွေက အထောက်အထားမဲ့ ၀ါးလုံးချေးသုတ်၊ လေဖမ်း ၀ရမ်းချီ ပြောနေတာ မဟုတ်ပါဘူး။
မဲဆောက်မှာ နိုင်ငံရေး လူလည်ကြီးတစ်စု ထိုင်းမကြီး တယောက်ကို ၀ိုင်းပိုးကြခဲ့တယ်။
အဲဒီအထဲမှ နိုင်ငံရေး သုခမိန်လိုလို၊ အယ်ဒီတာချုပ်လိုလို လူကြီးက မောင်ကံထူးအဖြစ် အောင်ပွဲ ခံနိုင်ခဲ့ဆိုပဲ။
နောက်တော့ ထိုင်းမကြီးနဲ့ ဘာပြဿနာ တက်ကြတယ်မသိ၊ ခွါပြဲ တပ်လံကြတဲ့ အချိန်မှာ ထိုင်းမကြီးက ဘာလှို့ဝှက်ချက်ကို ကိုင်လိုက်တယ်မသိ၊ လူမသိ သူမသိ စာရင်းဖျောင်ထားတဲ့ ငွေ (ထိုင်းရွှေ ၄၀ သားဖိုး)ခန့်  ပေးလိုက်ရတယ်ဆိုပဲ။

နောက်တော့ ပေးလိုက်ရတဲ့ ငွေကြေးတွေအတွက် နှမြောတာလား၊ ထိုင်းမကြီးအတွက် လွမ်းဆွတ် ခံစားရတာ မဆိုနိုင်၊ တနှစ်ကျော်ကျော် ကြောင်တောင်တောင်နဲ့ လူတွေ ရှောင်နေသတဲ့။

ဟို--ဗဟုအဖွဲ့က မြန်မာပြည်ထဲ ပြန်ဝင်ပြီး လေလှိုင်းမှာ ဆွေးနွေးချက် တင်ပြတဲ့ လူလဲ နိုင်ငံခြား ပညာတော်သင်ရာက မဲဆောက်ကို ပြန်လာတော့ ပညာလံစုံ၊ ကြင်ရာလဲစုံ ဆိုသလို နိုင်ငံခြားသူ လူအဖြူ ကို လက်ဆွဲပီး ပြန်လာ ခဲ့တယ်လေ။

ပြည်ချစ်မြစ်ကြီး အမည်ခံ သတင်းဌာနက အယ်ဒီတာ ချုပ်ကတော့ ထိုင်းမကို တရားဝင်ကို ယူပြီး အိမ်ကြီး ရခိုင်နဲ့ ၊
စားရင် အသားကလေးနဲ့၊ သွားရင် ကားလေးနဲ့၊ အိပ်ရင် ထိုင်းမယား လေးနဲ့ လုံခြုံရေး အပါအ၀င် အရာရာ ဖူလုံလို့။

NLD-LA လွတ်မြောက်နယ်မြေ ဘဏ္ဍာရေးမှူး ရဲ့ သား ပတ်စပို့ အတုနဲ့ နိုင်ခံခြားကို ထွက်တယ်။
ဘန်ကောက်လေဆိပ်မှာ မိတယ်။ ပြဿနာ တက်တယ်။

ထိုင်း လ၀က တွေက အခြေအနေ သဘောပေါက်တယ်။ ညှီတယ်-ဖန်တယ်။
ဘတ်ငွေ ၂သန်း လောက် ရေလောင်း လိုက်ရတယ်။ အိုကေမှာ စိုပြေပြီး လူ မဲဆောက် ဘေးမသီရန်မခဘဲ ပြန်ရောက်လာခဲ့တယ်။
ကဲ - လောင်းလိုက်တဲ့ ဘတ် ၂ သန်းကျော် ဘယ်ထဲက ထုတ်သုံးလိုက်သလဲ။
NLD-LA လွတ်မြောက်နယ်မြေ ဘဏ္ဍာရေးမှူး လဲ တတိယနိုင်ငံ ရောက်ပြီးမှ လွန်ခဲ့တဲ့ ၆ လ ၀န်းကျင်လောက်က ကွယ်လွန်သွားရှာပါပြီ။


လွတ်မြောက်နယ်မြေက လူတွေ ဟာကွက်တွေပဲ ထောက်ပြပြီး မြန်မာ ပြည်အကျိုးအတွက် သူတို့ လုပ်ခဲ့တာထဲက ကောင်းကွက် ရှိတာ ထုတ်ပြနိုင်သလား လို့မေးရင် ထုတ်ပြဖို့ အကွက်တွေလဲ ရှိပါတယ်။

အခုမြန်မာ အစိုးရ လက်ရှိ အသုံးပြုနေတဲ့ သုံးရောင်ချယ်နဲ့ ကြယ်ဖြူ အလံတော်ဟာ ဒေါက်တာစိန်ဝင်းတို့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အတူ ထိုင်းမြန်မာ နယ်စပ်မှာ သဘောတူ ရေးဆွဲ သတ်မှတ်ခဲ့တဲ့ အလံတော်ပါ။

ဘယ်လိုလုပ်ပြီး လက်ရှိ အစိုးရသစ် အလံတော် ဖြစ်သွားရတယ် ဆိုတာတော့ ကာယကံရှင်တွေပဲ သိနိုင်မယ်လေ။

လေလှိုင်းနဲ့ အကွက်ချ အမည်ပေးထားတဲ့ "တက်ကြွသူ နိုင်ငံရေး သမား" လို့ အမည်တပ်ထားတဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး အတိုက်အခံ တော်လှန်ရေးသမား လွတ်မြောက်နယ်မြေရောက် သူတွေက၊ ကိုယ့်ကိုယ်ကို ဘာဖြစ်နေမှန်းလဲမသိ၊ အကျိုးရှိတာ လုပ်မိသလား၊ အကျိုးမဲ့တာ လုပ်မိနေသလား၊ ကိုယ်စီးတဲ့မြင်း အထီးမှန်း အမမှန်း ပြန်လည် သုံးသပ်ရမှန်း မသိဘဲ၊ ဒေါ်အောင်ဆန်း စုကြည်ကို ဘာမလုပ်သင့်ဘူး၊ ဘာလုပ်ရင်မှားမယ်တဲ့။



ပြီးတော့ ကိုယ်နဲ့ အယူအဆ မတူတဲ့ နိုင်ငံရေး အဖွဲ့ တွေနဲ့ စစ်အစိုးရ စစ်ဗိုလ် အာဏာရူးကို နိုင်ငံရေး နလပိန်းတုံးလို့ ပြောဆိုကြတာ ၂၃ -နှစ်ကြာ ရိုးအီ နေအောင် ကြားခဲ့ရတယ်။

ခေတ်ဟောင်းကို ဖက်တွယ်ထားပြီးသမိုင်း လှည်းဘီးကို နောက်ပြန် လွမ်းနေမယ်ဆိုရင် မြန်မာပြည် ဘာဖြစ်မယ်ဆိုတာ စစ်တပ်က လူတွေ သိတယ်။ အခု ဦးသိန်းစိန် လေသံပြောင်းလာတာ ကြားရ ဖတ်လိုက်ရတယ်။
အဒီသတင်းကတော့--
http://www.thithtoolwin.com/2012/05/blog-post_6721.html
တိုးတက်လိုသည့်အမြင်မရှိသည့် ရှေးရိုးစွဲများ ခေတ်နောက်ပြန်ဆွဲလိုသူများကို ချန်ထားခဲ့မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ၏ မေလ ၁၁ ရက်နေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။ ယင်း အစည်းအဝေးသို့ ပြည်ထောင်စု ၀န်ကြီးများ၊ ပြည်နယ်နှင့် တိုင်းများမှ ၀န်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသ ဥက္ကဋ္ဌများ တက်ရောက်ခဲ့သည်။

မြန်မာ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးမှ နှုတ်ထွက်ကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခြင်း၊ ပြုပြင်ပြောင်းလဲရေး အတွက် အဟန့်အတား ဖြစ်စေသော ပြည်ထောင်စု ၀န်ကြီးများကို နေရာပြောင်းရွေ့ချထားမည်ဟု သတင်းထွက်ပေါ်နေသည့် အချိန်တွင် ထိုသို့ ပြောကြား လိုက်ခြင်း ဖြစ်သည်။

"အဆင်းရဲဆုံး LCD နိုင်ငံဘ၀ကနေ ရုန်းထွက်နိုင်ဖို့အတွက် တခုတည်းသော နည်းလမ်းဟာ ဥပဒေနဲ့ အညီ အလုပ်လုပ်ကြဖို့ ဖြစ်ပါတယ်။ ယခု ကောင်းမွန်တဲ့ မူတွေချပေးပြီး ဖြစ်ပါတယ်။ မူတွေ ကောင်းသော်လည်း လူတွေ မကောင်းရင် မအောင်မြင်နိုင်ပါဘူး"ဟု သမ္မတကြီးက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး များကို ပိုမိုထိရောက်စွာ ပြုပြင်ပြောင်းလဲ ကြိုးပမ်းဆောင်ရွက်ရေး ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ပြောဆိုခဲ့သည်။


။။။။။။။။။။။။။။။။။။။။။။။။။။။။။။



ဒီအချိန်မှာပဲ ဘီဘီစီ-၁၃။၅။၁၂၊နံနက်ပိုင်း ၊ ဗွီအိုအေ(၁၄။၅။၁၂) နံနက်ပိုင်း၊လေလှိုင်းမှာတော့ ဗဟုအဖွဲ့ က
အောင်သူငြိမ်း- ခင်ဥမ္မာ (ဒေါက်တာ နိုင်အောင်ဇနီး)၊ ချင်းလူငယ် ဆလိုင်းယောအောင် တို့က မြန်မာပြည်မှာ အပြောင်းအလဲတွေ ဖြစ်နေတယ်လို့ ပြောနေကြပေမယ့် မိမိတို့ မြန်မာပြည်ပြန်ရင် အာမခံချက် မရှိနိုင်ကြောင်း၊ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် ဆိုတာ ထုတ်ပြန်ချက် မရှိကြောင်း၊ ပုံစံ စာရွက်တွေ အဖိုးအဖွား သမိုင်းကစပြီး ၀န်ခံချက်တွေ ကိုယ်ရေး ရာဇ၀င်တွေ ဖြည့်ရကြောင်း။ အိမ်ပြန်ဖို့ စဉ်းစားနေကြရကြောင်း ထုတ်ပြောပါတယ်။

တချိန်တုန်းက စစ်အစိုးရကို နားရင်းရိုက်မယ်၊ နားအုံတီးမယ်၊ ကြိုးစင် တင်မယ်၊ အပြုတ်တိုက်မယ်ဆိုတဲ့ လူတွေက ဆိုခဲစေ၊ မြဲစေ ဆိုတဲ့ စိတ် မထားနိုင်ကြတော့ပဲ သေရဲတာ အလံနီ၊ တိုက်ရဲတာ အလံနီ၊ လက်နက် ချရဲတာ အလံနီ ဆိုတဲ့ စကားနောက် လိုက်ဖို့ ပြင်နေတာ မြင်ရတယ်။

စိတ်ချရလောက်တဲ့ အချိန်နဲ့ မှန်ကန်တဲ့ ဒီမိုကရေစီ အစိုးရ မပေါ်ပေါက် မချင်း၊ ဘယ်သူနဲ့မှ မဆွေးနွေး၊ မြန်မာပြည် မပြန် ဆိုတဲ့ ရဲရဲတောက် စကား မကြားရပဲ ဖြစ်နေတယ်။

အခုဆိုရင် သတင်းဌာန ကလူတွေ၊ လက်နက်ကိုင်တွေ၊ လက်နက်မကိုင် အဖွဲ့ထောင် သမားတွေ ၊ မီးရထားဝန်ကြီး အောင်မင်းနဲ့မှ စကား မပြောရရင် ခေတ်မမှီသလို ထင်နေသလားမသိ၊ လူတိုင်းနီးပါး ယိုးဒယားမြေမှာ စကားတွေ ပြောပြီး ကုန်ကြပြီ။ ရှစ်လေးလုံး သူရဲကောင်းကြီး ဆိုသူတောင် အမေရိကန်ကလာပြီး ဘန်ကောက်မှာ ပြောဆိုတွေ့ ဆုံလိုက်သေး ဆိုပဲနော့။

နိုင်ငံရေး ဗရုတ်ဗရက်မှာ စားဝါးနေရတဲ့ သူတွေ၊ အုပ်ချုပ်ရေးမှာ နေရာရ ခွင်ကျ နေသူ(ဗိုလ်ခုတ်၊ ဗိုလ်အုပ်၊ ဗိုလ်ချုပ်)တွေနဲ့ အမြီးစားဖက် ခေါင်းစားဖက် လုပ်ခွင့်ရဖို့ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက် လို့ ခံယူချင်နေ ကြလေသလား မှတ်ရတယ်။

မင်းကိုနိုင်၊ ကိုကိုကြီးတို့ အဖွဲ့တွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်သား အနိုင်ရ အမတ်တွေ နိုင်ငံတကာက ခေါင်းဆောင်တွေနဲ့ တိုင်းပြည်ရှေ့ရေး ဆွေးနွေးပြီး လက်တွဲ လက်ဆွဲ နှုတ်ဆက်ကြတာကို "နေညို့ ရင်-လေပျို့  တတ်တဲ့" ဘီယာသမား။ အရက်သမားချင်း လက်ဆွဲနှုတ်ဆက် နေတဲ့ အာလူး တွေက အရှက်မရှိ (ခွေးလှေး ခုန်လို့- ဖုန်မထ)၊ လှောင်ပြောင် သရော်နေတာ မြင်လာရတော့ ရှေးခေတ် ကိုယ်ကျိုးစွန့် နိုင်ငံရေး သမားကြီးတွေကို ပိုမို လေးစားမိလာတယ်။


ရှေးဟောင်း ပစ္စည်းများကြာလေလေ၊ အဖိုးတန်လေလေ၊ ဆိုတာ မြန်မာ့ ပြည်ပ နိုင်ငံရေး သမားတို့ကို ကြည့်ပြီး ပိုမိုသဘော ပေါက်လာတယ်။



--ပရိုပိုဇယ် မမျှော်ကိုးပဲ ပြည်ပထွက် အကူအညီရှာခဲ့ကြ သော ရဲဘော်သုံးကျိပ်နှင့် (ယိုးဒယား) ထိုင်းနိုင်ငံမှာ ဗမာ့ တပ်မတော် ထူထောင်စဉ် ပါခဲ့ကြသော မြန်မာ့ မျိုးချစ် စစ်သည်တွေ၊
--လစာ ဗလာနတ္တိ၊ ဒုက္ခ မျိုးစုံ ရင်ဝယ် ပိုက်ရင်း တိုင်းပြည်အတွက် အသက်ပေး၊ ဘ၀ပေး သွားကြတဲ့ အင်္ဂလိပ်နယ်ချဲ့၊ ဖက်ဆစ်ဂျပန်နယ်ချဲ့ ကို လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့ကြသူ- သူရဲကောင်းတွေ၊
--အလယ်ရိုးမ မြယာပင်တောမှာ ၊အရှေ့ မြောက်နယ်မြေမှာ ယုံကြည်ချက်ကိုတွယ်ဖက်ရင်း အသက်ပေးသွားသူတွေ
--တရုတ်နယ်စပ်မှာ သားသမီးတွေနဲ့အတူ ယုံကြည်ချက်ကို ရင်ဝယ်ပိုက်ထားဆဲ ဗိုလ်ချုပ်ကျော်ဇော၊ ရဲဘော်ဖိုးသံချောင်းတို့ ခိုင်မာတဲ့ စိတ်ဓါတ်တွေ

ခု လူတွေနဲ့ များ--အော် ကွာချင်တိုင်းများ ကွာပ။
အတုယူတတ်သူများ အတုနိုင်ကြပါစေ။
ရှက်တတ်သူများ ရှက်တတ်ကြပါစေ။

အထောက်တော် --မာတလိ (မဲဆောက်)
ဒီမိုကရေစီ ထွန်းကားရန် ငြိမ်းချမ်းစွာ ရုန်းကန်လွတ်မြောက်ရေး လုပ်ငန်းစဉ်များ အမြန်ဆုံး အောင်မြင်ကြပါစေ။

(ဟစ်တိုင် blog   မှကူးယူဖေါ်ပြပါသည်)

No comments:

Post a Comment