Monday 7 May 2012

မလေးရှားတွင် ရွှေဂက်(စ်) စီမံကိန်း ရပ်တန့်ရေး တတိယ အကြိမ်မြောက် ဆန္ဒပြတောင်းဆို

Font size: Decrease font Enlarge font
ခိုင်မောင်ဦး (မလေး)
--------------------
ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖေါ် လုပ်ဆောင်နေသော ရွှေဂတ်စ် စီမံကိန်း ရပ်တန့်ရေး အတွက် တတိယ အကြိမ်မြောက် ဆန္ဒပြတောင်းဆိုမှု တစ်ခုကို ယနေ့ (ဧပြီလ ၂၆ ရက်) နေ့တွင် မလေးရှား နိုင်ငံတွင် ပြုလုပ်ခဲ့သည်။


Arakanese-in-Malaysia-protest-against-shwe-gas
ဆန္ဒပြပွဲသို့ ရခိုင်အမျိုးသား ၃၅၀ ခန့်က ပူးပေါင်း ပါဝင်ခဲ့ကြပြီး ပိုစတာများ ကိုင်ဆောင်၍ ကြွေးကြော်သံများ ကြွေးကြော်ကာ ကွာလာလမ်ပူရှိ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြ တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

" အခုလက်ရှိ ဒီစီမံကိန်းကြောင့် ဒေသခံပြည်သူတွေ တော်တော် ဒုက္ခရောက်နေကြတယ်။ လယ်မြေ သိမ်း ပိုက်ခံရတာ၊ ရပ်ရွာတွေ ပြောင်းရွေ့ခံရတာ၊ ဒေသခံပြည်သူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ရတာ၊ သဘာဝသစ်တောတွေ ပြုန်းတီးရတာ၊ ရခိုင်ပြည်ရှိ သန္တာကျောက်တန်းတွေကို ဖောက်ခွဲတာ၊ ဖြစ်ပျက်နေတာတွေ အများကြီးဘဲ။ ဒီလို ဖြစ်ပျက်နေတာတွေကို လက်ပိုက် မကြည့်နိုင်တဲ့ အတွက် ခုလို ဆန္ဒပြရတာ ဖြစ်ပါတယ်" ဟု ဦးဆောင်သူများထဲမှ တစ်ဦး ဖြစ်သူ ကိုသာထွန်းအောင်က ပြောသည်။

ကိုသာထွန်းအောင်သည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်- ပြည်ပ (မလေးရှားဌာနခွဲ) မှ ဥက္ကဌလည်း ဖြစ်သည်။ သူက ရွှေဂတ်စ် စီမံကိန်းကြောင့် ပြည်သူများ နစ်နာနေရပုံကိုလည်း ယခုကဲ့သို့ နိရဉ္စရာသို့  ဆက်ပြောသည်။

" မိဘတွေမှာ လယ်တွေ မရှိတော့တဲ့ အတွက် အလုပ် လက်မဲ့ ဖြစ်သွားကြတယ်။ ဒီတော့ ကလေးတွေ စာမသင်နိုင်ဘဲ ဖြစ်သွားကြတယ်။ ဒေသခံ မိခလေးတွေ အများအပြားလည်း ရောက်ရှိလာတဲ့ နိုင်ငံခြားသားတွေနဲ့ စီမံကိန်းက လူတွေဆီမှာ လိင် ပိုင်းဆိုင်ရာနဲ့ ပက်သက်လို့ စော်ကားခံနေရတယ်။ အဲဒါကြောင့် ဒီစီမံကိန်းကို ကျွန်တော်တို့က အလိုမရှိဘူး။ အမြန်ဆုံးရပ်တန့်ဖို့ လိုလားပါတယ်။"

Arakanese-in-Malaysia-protest-against-shwe-gas
ဆန္ဒပြပွဲကို ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ( မလေးရှား ဌာနခွဲ)၊ ရခိုင် ဒုက္ခသည်များ ကူညီ ထောက်ပံ့ရေး ကော်မီတီ (ARRC)၊ မလေးရှား ရခိုင်အဖွဲ့ အစည်း(MAO)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ- မ လေးဌာနခွဲ)တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြရာတွင် ပါဝင်သော ကျောင်းဆရာမ တဦးကလည်း သူမ၏ ဆန္ဒကို ယခုလို ပြောသည်။

" သမီးတို့ ရခိုင်ပြည်ကထွက်တဲ့ ဂတ်စ်ကို ရခိုင်ပြည်သူတွေ တစ်ခုမှ သုံးစွဲပိုင်ခွင့် မရဘူး။ လယ်မြေ တွေဆုံးရှုံ ခံနေရတယ်။ မိန်းခလေးတွေလည်း အတင်းဓမ္မ လိင်ပိုင်းဆိုင်ရာ ပြုကျင့်တာကို ခံနေရတယ်။ ဒီစီမံကိန်းက ရတဲ့ တစ်ချို့ တစ်ဝက်ကိုတောင်မှ သမီးတို့ ရခိုင်ပြည်သူတွေ သုံးစွဲခွင့် မရဘူး။ ဒီထဲက အကျိုးအမြတ်ကို ရချင်တယ်။ ပြည်သူတွေ အကျိုးခံစားခွင့် ရချင်တယ်။ အေးဒါ ကြောင့် သမီးတို့ သူတို့ လုပ်ရပ်တွေကြည့်ပြီး ၀မ်းနည်းရတယ်။ ဒါတွေ မရတဲ့ အတွက် သမီးတို့ ဆန္ဒပြဖို့လာရတာ ဖြစ်ပါ တယ်" ဟု ဆန္ဒပြပွဲတွင် ပါဝင် ရခြင်းနှင့် ပတ်သက်ပြီး သူမက ပြောကြားသည်။

ရွှေဂတ်စ်စီမံကိန်း လုံးဝရပ်တန့်ပေးရေး အတွက် လက်မှတ် ရေးထိုး တောင်းဆိုထားသည့် စာတစောင်ကိုလည်း မြန်မာ သံရုံး ကမှ တဆင့် သမ္မတ ဦးသိန်းစိန်ထံ ပေးပို့သွားမည်ဟု ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (မလေး ဌာနခွဲ) ကော်မတီဝင် ကိုခိုင်စောရဲသူမှလည်း နိရဉ္စရာသို့  ပြောသည်။

" ကျွန်တော်တို့ ရခိုင်ပြည်မှာ ကိုရီးယားနိုင်ငံက KMDC ကုမ္ပဏီနဲ့  စင်ကာပူနိုင်ငံ Brilliant Oil Corporation Pte တို့ ပူးပေါင်းပြီး လုပ်နေတယ်။ တရုတ်နိုင်ငံ CNPC ကုမ္ပဏီနဲ့ အိန္ဒိယမှ ESSAR ကုမ္ပဏီတို့က ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ရှာဖွေရေး လုပ်ငန်းတွေ လုပ်နေတယ်။ အဲဒါတွေကို လုံးလုံး ရပ်တန့်ပေးဖို့ တောင်းဆို ဆန္ဒပြ တယ်။ နောက်ပြီးတော့ တရုတ်သံအမက်ဆီကို စာတစ်စောင် ပေးပို့ခဲ့ပြီး ဒီစီမံကိန်းကို လုံးဝ (လုံးဝ) ရပ်တန့် ပေးဖို့ တောင်းဆိုထားတဲ့ ပြည်သူ လက်မှတ်ပေါင်း ၁၀၀၀ ကျော် ပါဝင်တဲ့ စာတစ်စောင်ကိုလည်း မြန်မာ သံရုံး ကနေတဆင့် သမ္မတ ဦးသိန်စိန်ဆီကို ပေးပို့ သွားမှာ ဖြစ်ပါတယ်။"

ဆန္ဒပြပွဲတွင် "Our Gas" "Our Future" "Stop Shaw Gas" "Stop Pipelines" တီရှပ် အကျီ်များကို ဆင်တူ ၀တ်ဆင်ထားကာ Stop the Shwe Gas Project, Get out Daewoo and CNPC Companies စသော ဆိုင်း ဘုတ်များ ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

မလေးရှားနိုင်ငံတွင် ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်း ရပ်တန့်ရန် အတွက် ၂၀၁၁ ခုနှစ် နှစ်ဦးပိုင်းက တစ်ကြိမ်နှင့် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က တကြိမ်ဆန္ဒပြတောင်းဆိုခဲ့ကြသည်ဟု သိရသည်။

ယခု ဆန္ဒပြတောင်းဆိုမှုကို မလေးရှား စံတော်ချိန် နံနက် ၁၁ နာရီမှ စတင်ပြီး ၁၁ နာရီခွဲအချိန်တွင် အောင်မြင် စွာ ပြီးဆုံးခဲ့သည်။


(နိရဉ္စရာ သတင်းဌါနမှကူးယူဖေါ်ပြပါသည်)

No comments:

Post a Comment