Thursday 12 July 2012


အသွင် ကူးပြောင်းရေးအတွက် မျှော်လင့်ချက်

Posted: 12 Jul 2012 12:08 AM PDT

မြန်မာ့နိုင်ငံရေး တွေးတောသူတို့က ၂၀၁၅ ကို စိုးရိမ်ကြသည်။ ၂၀၁၅ တွင် ဖြစ်ပေါ်နိုင်သည့် အနေအထားများကို မလွဲမသွေ စဉ်းစားလာကြရမည့် ၂၀၁၃၊ ၂၀၁၄ လောက်မှာပင် ၂၀၁၅ ၏ အလားအလာကို အကြောင်းပြုကာ ဒီမိုကရေစီ အကူးအပြောင်း လမ်းကြောင်း၌ ခလုတ်ကန်သင်းတွေ ပေါ်လာနိုင်သည်ဟု ချင့်တွက် ပူပန်ကြခြင်း ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အကြီးအကျယ် အနိုင်ရခဲ့ပြီး၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ပါတီက လစ်လပ်နေရာအားလုံးနီးပါး ရရှိသွားခဲ့သည်ကို ကြည့်ကာ ၂၀၁၅ တွင် အင်အားစုချင်း ထိပ်တိုက် ရင်ဆိုင် မိနိုင်သည့် အန္တရာယ်ရှိသည်ဟု အများပင် ရှုမြင်ကြသည်။

သည်တွင်၊အသွင်ကူးပြောင်းဆဲ တိုင်းပြည်တို့၌ ဒီမိုကရေစီ ခိုင်ခိုင်မာမာ ဖြစ်မဖြစ် အကဲဖြတ်သည့် အခြင်းအရာတစ်ရပ်ကို ဖော်ပြလိုသည်။ ယင်းက အာဏာ အလွဲအပြောင်း ကိစ္စဖြစ်သည်။ ရွေးကောက်ပွဲတွင် ရှုံးနိမ့်သည့် အာဏာ လက်ရှိတို့က အနိုင်ရလာသူတို့အား ဣနြေ္ဒမပျက် အာဏာ လွှဲပြောင်းပေးသော ဖြစ်စဉ်များ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မျှ အပြန်အလှန် ဖြစ်ပေါ်ခဲ့ပြီဆိုလျှင် အဲသည် တိုင်းပြည်၌ ဒီမိုကရေစီ အခြေခိုင်ပြီ၊ ဒီမိုကရေစီ ဓလေ့များ အသားကျပြီ မှတ်ယူကြလေ့ ရှိသည်။

စဉ်းစားကြသူတို့က အကယ်၍ ၂၀၁၅ တွင် လွှဲပြောင်းရမည့် အနေအထားမျိုး ပေါ်ပေါက်ခဲ့သော် ဒီမိုကရေစီဓလေ့ ပြည့်ဝစွာ ကျင့်သုံးနိုင်ကြမည်လား၊ သို့တည်း မဟုတ် မကြာခင်ကမှ စတင်ခဲ့သည့် နိုင်ငံရေး ပြိုင်ပွဲစည်းကမ်းများ ပျောက်ပျက်သွား မည်လား တွေးတောစိုးရိမ်ကြခြင်း ဖြစ်သည်။

မြန်မာ့ ဒီမိုကရေစီ အကူးအပြောင်း ကိစ္စကို ပညာရှင် မျက်စိဖြင့် ကြည့်သည့် နိုင်ငံရေး သဘောတရားဆရာ လယ်ရီဒိုင်းမွန်းက ၂၀၁၅ တွင် အကျပ်အတည်း ရှိနိုင်သည်ဟု ရှုမြင်ပြီး၊ ယင်းအကျပ်အတည်းကို ကျော်လွှားနိုင်ရန်အတွက် အင်အားစုကြီးများအကြား နိုင်ငံရေး သဘောတူညီချက် (political pact) တစ်ခု ရရှိဖို့ လိုသည်ဟု သုံးသပ်သည်။ နိုင်ငံရေး ပြိုင်ပွဲမှ ထွက်ပေါ်လာနိုင်သည့် မသေချာသော ရလဒ်အတွက် စိုးရိမ်ပူပန်ခြင်း၊ ရလဒ်ထွက်လာပြီးမှ လက်မခံနိုင်ဟု ငြင်းဆန်ခြင်း စသည့် ပြဿနာများကို တားဆီးနိုင်ရန်အတွက် အင်အားကြီးအုပ်စု အားလုံး လက်ခံနိုင်သည့် ရလဒ်တစ်ခုကို ကြိုတင် ညှိနှိုင်း သတ်မှတ်ပြီး၊ ယင်းအတိုင်း အဖြေထွက်အောင် ကစားခြင်းမျိုး ဖြစ်သည်။

သည်သဘောအရ သူ တင်ပြသည့် နည်းလမ်းတစ်ရပ်က ရွေးကောက်ပွဲစနစ်ကို ပြုပြင်ဖို့ ဖြစ်သည်။

ယခု ကျင့်သုံးနေသည့် မဲများသူ အနိုင်ယူ (First-past-the post) စနစ် [မဲ အများဆုံးရသူက တစ်မဲတည်းပဲ သာသည်ဖြစ်စေ အနိုင်ရ၍၊ တစ်မဲနှင့် ကပ်ရှုံးလျှင်လည်း လုံးဝ အရှုံး ဖြစ်သည့်စနစ်] အစား၊ အချိုးကျ ကိုယ်စားပြုသော (proportional representation) စနစ် [ပါတီအသီးသီးတို့က မဲဆန္ဒနယ်မြေအားလုံး၌ မိမိတို့ ရရှိသည့် စုစုပေါင်း မဲအရေအတွက်ပေါ် မူတည်၍ လွှတ်တော် ကိုယ်စားလှယ် ဦးရေကို အချိုးကျရရှိသည့်စနစ်] ကျင့်သုံးမည်ဆိုလျှင် တစ်ပါတီတည်းက အပြတ် အသတ် အနိုင်ရ၍ တစ်ဖက်သူတို့ စိုးရိမ် ပူပန်လောက်အောင် ကြီးစိုးလွှမ်းမိုးသွားသည့် အနေအထားမျိုး ဖြစ်ပေါ်နိုင်မည် မဟုတ်ဟု ဆိုသည်။

သူက မဲများသူ အနိုင်ယူစနစ်နှင့် အချိုးကျစနစ်တို့ကို ပေါင်းစပ် အသုံးပြုနိုင် ကြောင်းလည်း အကြံပြုသည်။

သည်တွင် ဖြစ်စေချင်သော ရေတို ရလဒ်တစ်ခုကို မျှော်မှန်းကာ ရွေးကောက်ပွဲစနစ်ကို ပြင်ဆင်ခြင်းသည် သင့်မသင့်ကို လည်းကောင်း၊ ယင်းစနစ်မျိုးမှ မည်သို့သော မလိုလားအပ်သည့် ရလဒ်များ ပေါ်ထွက်လာနိုင်သေးသည်ကို လည်းကောင်း စဉ်းစားဖို့ လိုပါလိမ့်မည်။

ထို့ပြင် အင်အားစုကြီးများမှ ဦးဆောင်သူတို့ ညှိနှိုင်းကာ နိုင်ငံရေး လမ်းကြောင်းကို သတ်မှတ် ပြဋ္ဌာန်းကြမည်ဆိုလျှင် အများပြည်သူကို လျစ်လျူရှုရာ ရောက်သဖြင့် ဒီမိုကရေစီ သဘောမပြည့်ဝဟု ဆိုစရာလည်း ရှိပါသည်။ ဒီမိုကရေစီ ဆိုသည်က လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများသည် အယူအဆမျိုးစုံ ရှိသူတို့ ၀င်ရောက် ယှဉ်ပြိုင်ကြလျက် ပြည်သူတို့က မိမိတို့ နှစ်သက်သူ၊ မိမိတို့နှင့် သဘောထားချင်း တူညီသူတို့ကို ရွေးချယ်ပေးရခြင်းဖြစ်ရာ ရလဒ်သည် ပြည်သူ့ ဆန္ဒပေါ်တွင် မူတည်သည်။ အဲဒါကြောင့်လည်း ဒီမိုကရေစီ (လူထု-အုပ်စိုးမှု) စနစ် သို့မဟုတ် ပြည်သူ့ကိုယ်စားလှယ်များ အုပ်စိုးသော စနစ်ဟု ခေါ်ကြခြင်း ဖြစ်သည်။ ရလဒ်ကို ကြိုတင် ညှိနှိုင်းရယူကြမည်ဆိုလျှင် ဒီမိုကရေစီနှင့် ကွာဟသွားလိမ့်မည်။

သို့သော် သည်ကနေ့သည် ဒီမိုကရေစီသို့ ဦးတည် ကူးပြောင်းနေဆဲ ကာလသာဖြစ်ရာ ပွင့်လင်းမြင်သာမှု မရှိတာ၊ အများပြည်သူ ပါဝင်ဆွေးနွေးခွင့် မရှိရုံမက သိခွင့်ပင် မရှိတာ စသည့် ဒီမိုကရေစီ မပြည့်ဝမှုတွေက ဟိုမှာ သည်မှာ ရှိနေဦးမည်သာ ဖြစ်သည်။

တစ်ဖက်တွင် နယ်ပယ်စုံမှ နိုင်ငံရေး ဦးဆောင်သူများအကြား ဆက်ဆံမှု တိုးတက်လာခြင်းကမူ ပြည်သူတို့အတွက် ၀မ်းမြောက်စရာဟု ဆိုချင်သည်။

မကြာမီက သတင်းဓာတ်ပုံတစ်ခုတွင် ၈၈ မျိုးဆက် ခေါင်းဆောင်များနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ လည်ကတုံး ရှပ်အင်္ကျီဖြူ ကိုယ်စီ ဆင်မြန်းလျက် ညီရင်းအစ်ကိုများပမာ တစ်သားတည်း ဆင်တူစွာ တွေ့မြင် ရသည့်အခါ အံ့သြ၀မ်းသာမိရသည်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်တို့ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံရှေ့တွင် အတူတွဲရပ်ကြသည့် ရှုခင်းကို မြင်တွေ့ကြ ရပြီးနောက်၊ NLD ပါတီ ရွေးကောက်ပွဲဝင်လာခြင်း၊ ဒေါ်အောင်ဆန်း စုကြည်အား လွှတ်တော်က ကြိုဆိုခြင်းများ ဆက်လက် ဖြစ်ပေါ်ခဲ့သည်ကို ထောက်ရှုကာ ၈၈ တို့ကိုလည်း နိုင်ငံရေးပြိုင်ပွဲသို့ စတင် လက်ကမ်း ကြိုဆိုလိုက်ခြင်း ဖြစ်သည်ဟု ရှုမြင်မိသည်။

တစ်ဖက်တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတို့တွင် ဆက်လက် ဆောင်ရွက်ဆဲ အဆင့်မှာပင် ရှိနေသေးသော်လည်း ငြိမ်းချမ်းရေး ကိစ္စကို တောက်လျှောက် တာဝန်ယူ ဆောင်ရွက်လာခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်အရ နောက် အစိုးရလက်သို့ လွှဲပြောင်းပေးရမည့် ၂၀၁၅ မတိုင်မီ တိုင်းရင်းသားပေါင်းစုံ၊ နိုင်ငံရေးပါတီစုံ ပါဝင်သည့် အစည်းအဝေးကြီးတစ်ရပ် ကျင်းပပြီး အနာဂတ်အရေး ဆွေးနွေးနိုင်ရန် ရည်ရွယ် ကြိုးပမ်းလျက် ရှိကြောင်း ကြားသိရရာ ဗဟိုနှင့် ဒေသ အသီးသီးရှိ နိုင်ငံရေး ဦးဆောင်သူများအကြားတွင်လည်း ဆက်သွယ်မှု၊ ဆွေးနွေးမှု၊ ညှိနှိုင်း အဖြေရှာမှုများ တိုးတက်လျက် ရှိသည်ဟု ဆိုနိုင်သည်။

ပြန်ချုပ်သော် အနာဂတ် မြန်မာ့နိုင်ငံရေး အထူးသဖြင့် ၂၀၁၅ အရေးနှင့် စပ်လျဉ်း၍ စိုးရိမ်မကင်းမှုများရှိသည့်တိုင် နိုင်ငံရေးတွင် သက်ဆိုင်ရာ အစိတ်အပိုင်း အသီးသီးမှ ဦးဆောင် ဖန်တီးနိုင်စွမ်းရှိသူတို့အကြား အင်အားသုံး ပြိုင်ဆိုင်မှုများထက် ညှိနှိုင်း အဖြေရှာသည့် ဘက်သို့ ရွေ့လျားလာနေသည်ဖြစ်ရာ ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်စဉ်အတွက် မျှော်လင့်ချက်များ တိုးတက်လျက် ရှိသည်ဟု ဆိုချင်ပါသည်။

၆ ဇူလိုင် ၂၀၁၂

(ဇူလိုင် ၁၂/၂၀၁၂၊ အတွဲ ၂၊ အမှတ် ၁၀၂၊ ပြည်သူ့ခေတ် အယ်ဒီတာအာဘော်)


ပူးပေါင်းကြ...၊ ညီညွတ်ကြ...၊ လက်ချင်းချိတ်ကာ ခိုင်မာသော သန္နိဋ္ဌာန်များ ချကြ... ။ ရေးသူ-(ဆူးငှက်)

Posted: 11 Jul 2012 11:55 PM PDT

Design ..KO MYO
လာမယ့် ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက့်မယ့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွေကိုတော့ ဒီနှစ်မှာ အရင်နှစ်တွေထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနိုင်မယ်လို့ထင်တယ်။ ဘာလို့လဲဆိုတော့ အစိုးရကိုယ်တိုင်ခေတ်ပြောင်းနေပြီ စနစ်ပြောင်းနေပြီလို့ ပြောနေတာကိုး...။ သမ္မတကြီးရုံးခန်းမှာလည်း ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကြီးချိတ်ဆွဲထား...၊ လွှတ်တော်ဥက္ကဌကြီးတွေကလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်တွေအပေါ် ဂုဏ်ယူကြောင်း တစ်ဖွဖွပြောနေကြလို့ပါပဲ။ နောက်တစ်ချက်က... အရင်က နာမည်မကြားချင်လောက်အောင် သဘောထားကွဲခဲ့တဲ့ ဗိုလ်ချုပ်သမီး၊ လူထုခေါင်းဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း နားလည်မှုတွေ အထိုက်အလျောက်ရယူပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်နှိုက်ကလည်း ရွှေးကောက်ပွဲဝင်၊ အပြတ်အသတ်အနိုင်ရပြီး လက်ရှိလွှတ်တော်မှာကို တက်ရောက်လို့ နှစ်ဦးနှစ်ဖက် လက်ခြင်းချိတ်လို့ တိုင်းကျိုးပြည်ပြုဆောင်ရွက်နေပြီမဟုတ်ပါလား...။

ဒါကြောင့်... တိုင်းပြည်လွတ်လပ်ရေးအတွက် ကိုယ်ကျိုးမဖက် အသက်ပေးဆပ်ခဲ့ကြတဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုယ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ကို ဒီနှစ်မှာဖြင့် အမျိုးသားရင်ကြားစေ့ စည်းလုံးခြင်း၊ တိုင်းရင်းသားအချင်းချင်း ပဋိပက္ခတွေရှောင်ကွင်းပြီး ငြိမ်းချမ်းခြင်း ပေါင်းစည်းမှုတွေနဲ့ အမျိုးသားလွတ်လပ်ရေး ခိုင်မာရေး သန္နိဋ္ဌာန်တွေနဲ့ အဓိပ္ပာယ်ရှိရှိ ကျင်းပနိုင်မယ်လို့ မျှော်လင့်တာပါပဲဗျာ...။

လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ့်လေးဝန်းကျင်ကဆိုရင် အခုလို ဇူလိုင်လဆန်းတာနဲ့ သတင်းစာတွေရဲ့ မျက်နှာဖုံးမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဆိုအမိန့်တွေ၊ မိန့်ခွန်းတွေကို ဓာတ်ပုံတွေနဲ့တကွ နေ့စဉ်ရက်ဆက် ထည့်သွင်းပြီး ဇူလိုင် ၁၉ ရက်မှာ ကျရောက်မယ့် အာဇာနည်နေ့ကို အမှတ်တရ အလေးပြုခဲ့ကြပါတယ်။ ပြီးတော့ ကျောင်းတွေမှာလည်း အာဇာနည်ခေါင်းဆောင်ကြီများရဲ့ ကိုယ်ကျိုးစွန့်မှု မဟာစိတ်ဓာတ်ကို ကျောင်းသားလူငယ်တွေ "သိရှိ"၊ "နားလည်"၊ "ဂုဏ်ယူ"၊ "အတုသင်"၊ "လိုက်နာ"၊ "ဆောင်ရွက်" ပြီး အနာဂတ် နိုင်ငံတော်ရဲ့ အမျိုးကောင်း သားသမီးများဖြစ်ပေါ်ရေးအတွက် ဟောပြောပွဲတွေ စာစီစာကုံးပြိုင်ပွဲတွေ၊ နံရံကပ်စာစောင်တွေနဲ့ ကျင်းပပေးခဲ့ကြပါတယ်။

ကျွန်တော် အဋ္ဌမတန်းကျောင်းသားဘ၀ (၁၉၇၂)၀န်းကျင်က ကျွန်တော် ပညာသင်ကြားတဲ့ ပွဲကုန်း အမှတ်(၂၁) အ.ထ.က မှာ အာဇာနည်နေ့အကြို ဟောပြောပွဲကို ကျင်းပခဲ့ပါတယ်။ ဒီဟောပြောပွဲမှာ ထုံးစံအတိုင်း သက်ဆိုင်ရာ ပါတီယူနစ်က ကေဒါတွေလာပြီး ဟောပြောကြတယ်။ အသင့်ပါလာတဲ့ စာရွက်ဖတ်ကာ ဟောပြောမှု အစီအစဉ်အပြီး...၊ ကျောင်းသားကြီးတစ်ယောက်က "အာဇာနည်" ဆိုတဲ့ စကားလုံးရဲ့ နောက်ကွယ်က အဓိပ္ပာယ်နက်ရှိုင်းမှုကို ထပြီး အမှတ်မထင်မေးမြန်းလိုက်ပါတယ်။ ဒီမှာပဲ တာဝန်အရလာရောက်ဟောပြောတဲ့ ကေဒါခမျာ ကြောင်အမ်းအမ်း ဖြစ်နေချိန်...၊ အလယ်တန်းပြဆရာတစ်ဦးက ကျောင်းအုပ်ဆရာမကြီးကို ခွင့်တောင်းပြီး "ဒီမေးခွန်းကိုဖြေပါရစေ..." လို့ဆိုပါတယ်။ ဆရာမကြီးက ခွင့်ပြုတဲ့အခါ... အလယ်တန်းပြဆရာက ရဲဝံ့စွာနဲ့ပဲ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှာန်းဘ၀မှ တိုင်းတစ်ပါးရဲ့ လက်နက်အာဏာနဲ့ မတရား ကျွန်ပြုမှုအပေါ် ဆန့်ကျင်တော်လှန်မှုများမှ အစချီကာ လူငယ်တက္ကသိုလ်ကျောင်းသားများရဲ့ သမဂ္ဂများကတဆင့် နိုင်ငံရေးအသိနိုးကြားလာမှု၊ နိုင်ငံရေးလောကထဲ ခြေစုံပစ်ဝင်ရောက်မှု၊ တိုင်းပြည်လွတ်လပ်ရေးအတွက် ကျောင်းသားခေါင်းဆောင်၊ ကျောင်းသားသမဂ္ဂဥက္ကဌ ကိုအောင်ဆန်းမှသည် ဒို့ဗမာ အစည်းအရုံး၊ နိုင်ငံရေးသမား သခင်အောင်ဆန်း...၊ ထိုမှ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်တေဇ၊ ထို့နောက် ဗမာ့ လွတ်လပ်ရေးတပ်မတော်၊ ဗမာ့ကာကွယ်ရေး တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း စသည်ဖြင့် စွန်လွှတ်အနစ်နာခံ ရဲဝံ့စွာနဲ့ အသက်စွန့်လွှတ်ရသည်အထိ တိုင်းပြည်လွတ်လပ်ရေးကို မဆုတ်မနစ် ဆောင်ရွက်ခဲ့ပုံတွေကို အချက်ကျကျ၊ ပိုင်ပိုင်နိုင်နိုင်၊ ဝေေ၀ဆာဆာ...၊ အာပေါင်အာရင်းသန်သန်နဲ့ တ၀ါးဝါး ပွဲကျသည့်နေရာ ကျ...၊ အံကြိတ် လက်သီးဆုတ်သည့်နေရာ လက်သီးကျစ်ကျစ်ပါအောင် ဆုတ်...၊ ဒေါသမျက်ရည်လည်သည့်အခါ လည်...၊ ၀မ်းနည်းမျက်ရည်ဝိုင်းသည့်အခါ ၀ိုင်း... မျှ ဟောပြောသွားပါတော့တယ်။ ကျွန်တော်တစ်ဦးတည်းခံစားချက်နဲ့ ပြောရရင် ဒီဟောပြောမှုကို နာကြားပြီးကတည်းက ကျွန်တော်သမိုင်းတွေ သိချင်လာတယ်။ ဆရာ့လို ပြောချင်လာတယ်။ ဒါကြောင့် စာအုပ်တွေ စပြီး ဖတ်ရှု့လေ့လာဖြစ်လာတယ်လို့ ဆိုရပါမယ်။ အဲဒီ ဟောပြောတဲ့ အလယ်တန်းပြဆရာက ကျောင်းမှာ အင်္ဂလိပ်စာကိုလည်း ပိုင်နိုင်စွာသင်ကြားနိုင်တယ်။ သမိုင်းဘာသာရပ်ကိုလည်း ကျောင်းသားတွေ စာကျက်စရာမလိုအောင် အချက်ကျကျသင်ကြားနိုင်ပါတယ်။ ဆရာ ဦးညီညီ လို့ ခေါ်ပါတယ်။ ဆရာက သမိုင်းသင်ရင်လည်း "မင်းတို့ ၀ရမ်းပြေး ဘိုးသိန်း ဇာတ်ကားကြည့်ဖူးသလား၊ ဒီဇာတ်ကားထဲမှာ ရွှေတိဂုံ အလယ်ပစ္စယံက ဗိုယ်ချုပ်အောင်ဆန်းရဲ့ အစည်းအဝေးကျင်းပပုံပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း စကားပြောစင်ပေါ် အသားမည်းမည်းနဲ့ ငုတ်တုတ်လေးထိုင်နေတဲ့ကောင်လေးက ငါပဲ" ဟု ဂုဏ်ယူဝင့်ကြွားစွာပြောလေ့ရှိတယ်။ ဆရာ့အစ်ကို ဦးကိုကို ဆိုတာကလည်း မန္တလေးတက္ကသိုလ်က နာမည်ကျော်တစ်ဆရာဦးပါပဲ။

ကောင်းပါပြီ...။ ဆိုလိုတာက အဲဒီအချိန်အဲဒီကာလက အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ကျောင်းသားလူငယ်တွေကို အသိပညာတွေပေးခဲ့တယ်။ အာဇာနည်စိတ်ဓာတ်တွေကို သွင်းပေးခဲ့တယ်။ ဆရာတွေကိုယ်နှိုက်က ကျယ်ပြန့်တဲ့ဘောင်အတွင်းက လွတ်လပ်စွာပြောဟောခဲ့ကြတယ်။

အာဇာနည်နေ့နီးပြီးဆိုရင် နေအိမ်ကနေ ကျောင်းကို အသွားအပြန်တိုင်းသွားနေကျ မိကျောင်းတံတားအတိုင်း မသွားပြန်တော့ဘူး၊ အိမ်တော်ရာဘုရားဝင်းထဲကပဲ ဖြတ်တယ်။ ဟုတ်ပါတယ်။ အိမ်တော်ရာဘုရား ရာဟုထောင့်မှာရှိတဲ့ နာမည်ကျော် ၁၄ ခန်း ဇရပ်ကြီးထဲမှာ အာဇာနည်နေ့ အခမ်းအနားကျင်းပဖို့ ပြင်ဆင်နေတာကို ရင်တခုန်ခုန်ကြည့်ချင်လို့ပါပဲ။ ၁၄ ခန်း ဇရပ်ကြီးရဲ့ အနောက်ဖက်ခြမ်းမှာ နီညိုရောင် ကတ္တီပါကားကြီး အလယ် အမြင့်ဆုံးနေရာမှာ ဗိုလ်ချုပ်အောင်ဆန်းပုံချိတ်တယ်။ ဗိုလ်ချုပ်ပုံရဲ့ဘေးတစ်ဖက်တစ်ချက် အနည်းငယ် နိမ့်တဲ့နေရာတွေမှာ ကျန် အာဇာနည်ကြီးများ ပုံတွေချိတ်တယ်။ အဲဒီလိုပုံကြီးတွေချိတ်ရင် ကျောင်းသွားဖော် သူငယ်ချင်းတွေနဲ့...၊ "အဲဒီပုံက မိုင်းပွန်စော်ဘွားကြီးကွ၊ အဲဒီပုံက ဆရာကြီး ဦးရာဇတ် ကွ၊ ဒီပုံက ဦးဘ၀င်းကွ၊ ဟိုပုံက မန်းဘခိုင်ကွ..." စသည်ဖြင့် အချင်းချင်း ငြင်းခုန် ပြောဆိုကြရတာ ဂုဏ်ယူစရာပါ။ အတွင်းဝန် ဦးအုန်းမောင်၊ သက်တော်စောင့် ကိုထွေးအထိ ပြောနိုင်ကြပါတယ်။ ပြီးရင် ဇရပ်ထောင့်က သစ်သားကုတင်ကြီးပေါ်ထိုင်ရင်း ဗိုလ်ချုပ်တို့ရဲ့ လွတ်လပ်ရေးကြိုးပမ်းခဲ့ကြပုံ စွန့်စားခန်းတွေကို ကလေးပီပီအားတက်သရောပြောကြ...၊ ဗိုလ်ချုပ်တို့ ကျဆုံးခဲ့ရပုံတွေကိုလည်း မျက်ရည်စမ်းစမ်းနဲ့ ပြောကြရတာ မမေ့နိုင်အောင်ပါပဲ။ နောက်တစ်ခါ သူငယ်ချင်းတွေနဲ့ပြန်ဆုံရင် အချက်အလက်အသစ်တွေ ထပ်ပြောနိုင်အောင် လူကြီးတွေဆီက မေးကြမြန်းကြပါသေးတယ်။

အာဇာနည်နေ့ မနက်မှာတော့ ကျောင်းတွေမှာစုပြီး အိမ်တော်ရာ ၁၄ ခန်း ဇရပ်ဆီ လွမ်းသူ့ပန်းခွေတွေ၊ ကျောင်းနာမည်ဆိုင်းဘုတ်တွေ၊ တိုင်တစ်ဝက်ပဲ လွှင့်ထူထားတဲ့ နိုင်ငံတော်အလံတွေနဲ့ ချီတက်ကြရတယ်။ အလားတူ စက်ရုံ အလုပ်ရုံတွေ...၊ ရပ်ကွက်သူ ရပ်ကွက်သားတွေ...၊ ရုံးဌာနတွေက လွမ်းသူ့ပန်းခွေတွေ ဆိုင်းဘုတ်တွေနဲ့ ချီတက်လာကြတယ်။ ၁၄ ခန်း ဇရပ်ကြီးအနောက်ဖက်ထိပ်မှာ မီးသတ်ကားတစ်စီးရပ်ထားတယ်။ အနားမှာ ဂျစ်ကားတစ်စင်းပေါ် အသံချဲ့စက်တင်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေကို ဖွင့်လှစ်ထားတယ်။ သိန်းသောင်းချီတဲ့ လူထုပရိတ်သတ်ကြီး ပေမယ့် အတိတ်ကို သတိရပြီး ၀မ်းနည်းပူဆွေးမှုတွေကြောင့် ငြိမ်သက်တိတ်ဆိတ်နေကြလေရဲ့...။ ဒါကြောင့် ရှင်းလင်းပြတ်သားတဲ့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အသံကို ဘုရားပုရိဝုဏ်တစ်ခုလုံးဆီက ကြားနေကြရတယ်။ အခမ်းအနားပြင်ဆင်ထားတဲ့ ကတ္တီပါကားကြီးနဲ့ အာဇာနည်ကြီးများ ဓာတ်ပုံတွေရှေ့မှာ လွမ်းသူ့ပန်းခွေတွေ ပန်းခြင်းတွေများသထက်များလာပြီး...၊ ၀ါဆိုပန်း၊ မေမြို့ပန်း၊ နှင်းဆီပန်း၊ စံပယ်ပန်း...၊ ဇွန်ပန်းရနံ့တွေကလည်းသင်းလို့...၊ ၁၄ ခန်းဇရပ်ကြီးထဲသာမက၊ ဘုရားရင်ပြင်တစ်ခုလုံး ဆိုင်းဘုတ်တွေ အလံတွေနဲ့အတူ လူထုပရိတ်သတ်ကြီးက ငြိမ်သက်စွာနဲ့ ခပ်ရို့ရို့ထိုင်ကြရင်း ဗိုလ်ချုပ်မိန့်ခွန်းကို နာခံနေကြတယ်။ ကျဆုံးချိန် ၁၀ နာရီ ၃၇ မိနစ်ရောက်တော့ ၁၄ ခန်း ဇရပ်ထောင့်မှာရပ်ထားတဲ့ မီးသတ်ကားဥသြဆွဲလိုက်တာနဲ့ တစ်မြို့လုံးမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေ၊ ဘူတာကြီး မီးရထားစက်ခေါင်းရုံနဲ့ မြစ်ဆိပ်က သင်္ဘောတွေကပါမကျန် ဥသြတွေဆွဲ အချက်ပေးလိုက်တော့ လူထုပရိတ်သတ်အားလုံးက မတ်တတ်ရပ်၊ ငြိမ်သက်၊ ဦးညွှတ်အလေးပြုကြတယ်။ အမျှဝေကြတယ်။ ဒီအချိန်မှာ အားလုံးဟာ လက်သီးကို ကျစ်ကျစ်ပါဆုတ်၊ အံကြိတ်ပြီး၊ "တို့ နိုင်ငံ၊ တို့ အချုပ် အခြာအာဏာ၊ တို့ လူမျိုး၊ တို့အမျိုးသား၊ တို့ ပြည်ထောင်စုကို ဗိုလ်ချုပ်တို့လို အသက်ပေးပြီး ကာကွယ်ကြမယ်။ နိုင်ငံတော် အဓွန့်ရှည်ပါစေ" လို့ သန္နိဋ္ဌာန်ချကြသူချည်းပါပဲ။ ဒါဟာ မြင့်မြတ်တဲ့စိတ်ဓာတ်ကို လူကြီး၊ လူလတ်၊ လူငယ်အထိ ထိရောက်တဲ့အမွေပေးခြင်း အစဉ်အလာပါပဲ။ သံမဏိမျိုးဆက် အမွေလို့ ပြောရမှာပါပဲ။


ဒါကြောင့် တိုင်းပြည်အတွက် ဒီလို မြင့်မြတ်တဲ့စိတ်ဓာတ် အရေးတကြီး(အရေးတကြီး)လိုအပ်နေတဲ့ အချိန်အခါမှာ အာဇာနည်နေ့တွေကို ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေကလို "စတိမျှ" ကျင်းပခြင်းမျိုးမဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၊ ၄၀ ၀န်းကျင်ကလို အဓိပ္ပာယ်ရှိစွာ ကျယ်ကျယ်ပြန့်ပြန့်ကျင်းပဖို့ လိုတာပေါ့။


မန္တလေး တမ္ပ၀တီက နှစ်ပေါင်းများစွာ မြုတ်ကွယ်ခံထားရတဲ့ မန္တလေး ၁၃၀၀ ပြည့် အရေးတော်ပုံ အာဇာနည် ၁၇ ဦး ဗိမာန်ကိုလည်း အာဇာနည်နေ့အမီ ထိန်းသိမ်းထားတဲ့ အာဏာပိုင်များက မြို့လူထုနဲ့ ပူးပေါင်းပြီး လုံးဝဖွင့်လှစ်ပေးပါ။ ပြုပြင်ပေးပါ။ အိမ်တော်ရာက သမိုင်းဝင် ၁၄ ခန်း ဇရပ်ကြီးမှာ အာဇာနည်နေ့ အခမ်းအနားကို အဓိပ္ပာယ်ရှိစွာ ကျင်းပကြကာ တမ္ပ၀တီက အာဇာနည်ဗိမာန်မှာ လွမ်းသူ့ပန်းခွေများချပြီး ငြိမ်းချမ်းညီညွတ် လွတ်လပ်သော ဒီမိုကရေစီ သမ္မတနိုင်ငံကြီးပေါ်ပေါက် အဓွန့်ရှည်ရေး တည်တံ့ရေးအတွက် လက်ချင်းချိတ်ဆက် သံန္နိဋ္ဌာန်ပြုကြစေချင်ကြောင်းပါဗျာ...။

ဆူးငှက်


ဘော်ဆိုင်းတွင် သတ္တုတူးဖော်ရေးလုပ်ငန်း ဖြစ်သော ကောင်းသောအင်အားကြယ်ကုမဏီ ကြီးစိုးနေမူ့ ကွင်းဆင်းတင်ပြချက်

Posted: 11 Jul 2012 10:36 AM PDT

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုကို ဂျပန်နည်းပညာက အထောက်အကူပြုလိမ့်မည်ပာု မြန်မာဝန်ကြီးပြောကြား

Posted: 11 Jul 2012 09:58 AM PDT

(The Japan Times မှ 11 Jan 2012 ရက်စွဲပါ "Myanmar aninister view Japanese tech hopes it will help nation develop"သတင်းကို ဘာသာပြန်ဆိုသည်)

တိုကျိုမြို့ အသေးစားစက်ရုံတစ်ခုသို့လာရောက်လည်ပတ်သော မြန်မာစီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်က ၎င်းအနေနှင့် ဂျပန်နိုင်ငံ၏ နည်းပညာကို နှစ်သက်ချီးကျူးကြောင်းနှင့် ယင်းကဲ့သို့သော လုပ်ငန်းငယ်များသည် မြန်မာ့စီးပွားရေးဖွံ့ဖြိုးအောင်မောင်းနှင်ရာတွင် အထောက်အကူ ပြုနိုင်ကြောင်း ပြောဆိုလိုက်သည်။

" ကျွန်တော်တို့ကို ဂျပန်နည်းပညာနဲ့ လုပ်နည်းကိုင်နည်းတွေ သင်ကြားပေးဖို့အခွင့်အလမ်းကို ခင်ဗျားတို့ ရယူဖမ်းဆုပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"ပာု ဦးဝင်းမြင့်က တိုကျိုမြို့စက်ရုံငယ်များတည်ရှိရာ အိုတာရပ်ကွက်ရှိ ခွဲစိတ်လေ့ကျင့်သင်တန်းသုံးပစ္စည်းများထုတ်လုပ်သော EMB Crop သို့ တနလာင်္နေ့တွင် လာရောက်လည်ပတ်ပြီးနောက် သတင်းထောက်များအား ပြောကြားခြင်းဖြစ်သည်။

အင်္ဂါနေ့တွင် တိုကျိုမြို့နှင့် ကြာသပတေးနေ့တွင် အိုဆာကာတို့၌ စီးပွားရေးဆွေးနွေးပွဲများတက်ရောက်ရန် ဂျပန်နိုင်ငံသို့ရောက်ရှိလာသော ဝန်ကြီးဦးဝင်းမြင့်နှင့်အတူ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ၂၅ ဦးလိုက်ပါလာသည်ပာု သိရသည်။

၂၀၀၆ ခုနှစ်တွင် ပတ်ယွန်ကွမ်က ချေးငွေဖြင့်စတင်ထူထောင်ခဲ့သော EBM Corp သည် အိုတာရပ်ကွက်၌ အခြားစက်ရုံငယ် ၄၅ ခုအကြားရှိ အဆောက်အဦးတစ်ခုတွင် တည်ရှိသည်။ ပတ်ယွန်ကွမ်က ၎င်း၏ စက်ရုံထုတ် ဆေးပစ္စည်းကိရိယာများကို ဂျပန်နိုင်ငံရှိ ဆေးရုံပေါင်း ၁၀၀ ခန့်တွင် အသုံးပြုနေကြပြီး၊ အမေရိကန်၊ တရုတ်နှင့် ဂျာမဏီကဲ့သို့ နိုင်ငံများသို့လည်း တင်ပို့ရောင်းချနေသည်ပာု ပြောကြားသည်။

"ဒီလိုနေရာ ကျဉ်းကျဉ်းလေးမှာ ငွေအရင်းအနှီးနည်းနည်းနဲ့ ဒီလိုထုတ်လုပ်ရေးလုပ်ငန်းတွေ လည်ပတ်နေတာကို ကျွန်တော်အထင်ကြီး လေးစားမိပါတယ်။ ဒီလိုတိုက်ခန်းပုံစံစက်ရုံမျိုးပာာ မြေကွက်တန်ဖိုးဈေးကြီးတဲ့ မြန်မာနိုင်ငံအတွင်း အသုံးတည့်ပါတယ်။ အလားတူစနစ်ပုံစံမျိုး ထူထောင်ရာမှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို တခြားဝန်ကြီးဌာနတွေနဲ့ ဆွေးနွေးနိုင်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်"ပာု ဦးဝင်းမြင့်က ဆိုသည်။

ထို့ပြင် ဦးဝင်းမြင့်က "ပစ္စည်းအစိတ်အပိုင်းထုတ်လုပ်တဲ့ အလတ်စား၊ အသေးစားကုမ္ပဏီတွေက ကုမ္ပဏီကြီးတွေရဲ့ ထုတ်လုပ်မှုကို အထောက်အကူပေးနေတယ်ဆိုတာကိုသိရတာ အလွန်အသုံးဝင်ပါတယ်"ပာု ဆက်လက်ပြောကြားသည်။

အထက်ပါစက်ရုံသို့ ဦးဝင်းမြင့်ရောက်ရှိစဉ်အတွင်း ပတ်ယွန်ကွမ်၏ညွှန်ပြမှုဖြင့် နှလုံးခွဲစိတ်မှု(heart bypass surgery) လေ့ကျင့်ရာတွင်အသုံးပြုသော Simulator ကို လက်တွေ့ကိုင်တွယ်ခွင့်ရရှိခဲ့သည်။

ပတ်ယွန်ကွမ်က "၎င်းကဲ့သို့ စက်ရုံငယ်များ၏ အားသာချက်မှာ ခွဲစိတ်ဆရာဝန်များ၏ လိုအပ်ချက်နှင့်ကိုက်ညီသော ကိရိယာကို လျင်မြန်စွာ ထုတ်လုပ်ပေးနိုင်ခြင်းပင်ဖြစ်ပြီး၊ မြန်မာတို့နှင့် ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ပါသည်"ပာု ပြောကြားသည်။

ဦးဝင်းမြင့်သည် အဆိုပါ စက်ရုံခရီးစဉ်အပြီးတွင် ဂျပန်နိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ တာဒါရှီကာမူရာနှင့် ဆက်လက်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် ဂျပန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုကို အားပေးရန်အတွက် ဂျပန်ကုန်သည်ကြီးများအသင်း၏ အကူအညီကို တောင်းခံခဲ့သည်ပာု သိရသည်။

"မြန်မာနိုင်ငံသည် အခွန်နှုန်းထား၊ နိုင်ငံခြားငွေလဲနှုန်း၊ အစိုးရစည်းမျဉ်း၊ စည်းကမ်းများ စသော ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ နယ်ပယ်များကို တိုးတက်အောင်ကြိုးပမ်းလျက်ရှိပြီး လယ်ယာကဏ္ဍပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကိုလည်း စတင်လည်ပတ်ဆောင်ရွက်နေသည်"ပာု ဦးဝင်းမြင့်က အိုကာမူရာအား ပြောကြားသည်။

အိုကာမူရာကလည်း မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုအရှိန်ရလာလိမ့်မည်ပာုမျှော်လင့်ကြောင်းနှင့် ဂျပန်အသေးစားနှင့် အလတ်စားကုမ္ပဏီများ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံကြအောင် ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

စက်တင်ဘာလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့စေလွှတ်မည်ပာု ဂျပန်ကုန်သည်ကြီးများအသင်းက ထုတ်ပြန် ကြေညာထားသည်။
yangonchronicle


ဒေါ်အောင်ဆန်းစုကြည်၏ ကျော်ကြားမှုသည် မျိုးဆက်သစ်ခေါင်းဆောင်များ ပေါ်ထွက်မှုကို အပာန့်အတားဖြစ်

Posted: 11 Jul 2012 09:55 AM PDT

(The News မှ 11 July 2012 ရက်စွဲပါ "Suu Kyi's fame risks eclipsing new Myanmar stars"သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

ဒေါ်အောင်ဆန်းစုကြည်၏ စံထားဖွယ်ရာကျော်ကြားမှုသည် မြန်မာဒီမိုကရေစီအရေးကို ကမ္ဘာကအာရုံစိုက်လာစေခဲ့သော်လည်း သူမ၏ သူရဲကောင်းစတားတစ်ဦးသဖွယ် ထင်ရှားမှုက မျိုးဆက်သစ်ခေါင်းဆောင်သစ်များ ထွက်ပေါ်လာရေးကို အပာန့်အတားဖြစ်နေသည်ပာု နိုင်ငံရေးအကဲခတ် အချို့က ပြောကြားလိုက်သည်။

နှစ်ပေါင်း ၂၀ ကျော်စစ်အုပ်ချုပ်ရေး၏ သေနတ်ပြောင်းအာဏာထိန်းချုပ်မှုကို အံတုရင်ဆိုင်ခဲ့သော မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု၏ စံတင်လောက်သောခေါင်းဆောင်တစ်ဦးအဖြစ် ထွက်ပေါ်လာသော ဒေါ်အောင်ဆန်းစုကြည်သည် သတင်းမွှေးသော နိုင်ငံရေးအကျဉ်းသားများဘဝမှ လွှတ်တော်အမတ်ဘဝသို့ အပြီးသတ်ထုံကူးမှုအဖြစ် တနင်္လာနေ့က လွှတ်တော်အစည်းအဝေးသို့ သမိုင်းဝင်တက်ရောက်ခဲ့ပြီဖြစ်သည်။

လက်ရှိ ပြုပြင်ပြောင်းလဲမှုများအောင်မြင်၍ ၂၀၁၅ ရွေးကောက်ပွဲတွင် သူမ၏ပါတီမျှော်လင့်ထားသလို သူမအနေဖြင့်သမ္မတတာဝန်ကို လက်ခံရန် ဆန္ဒရှိသည်ပာု အသက် ၆၇ နှစ်အရွယ် လူထုခေါင်းဆောင်က ထုတ်ဖော်ပြောကြားသည်။

သို့သော်လည်း လေဒီ၏ခြေရာကိုနင်းနိုင်မည့်သူကို ပြည်တွင်း၊ ပြည်ပမှ နိုင်ငံရေးအကဲခတ်သူများက ယခင်ကပင် ရှာဖွေနေခဲ့ကြသည်။ သူမ အကျယ်ချုပ်ထိန်းသိမ်းခံနေရစဉ် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကာလတွင်း အစားထိုးရွေးစရာ နိုင်ငံရေးသမားများကိုရှာဖွေရန် အနောက်အုပ်စုနိုင်ငံများက အလွန်အမင်း စိတ်ဝင်စားခဲ့ကြသည်ပာု ပောာင်ကောင်တက္ကသိုလ်မှ မြန်မာ့ရေးရာကျွမ်းကျင်သူ ရေနော့အီဂရက်တူးက ပြောကြားသည်။

နှစ်နှစ်ကြာသွားတဲ့အချိန်မှာ အနေအထားကဒုံရင်းပါပဲ။ အတိုက်အခံ ဒီမိုကရေစီအုပ်စုဘက်မှာ နောက်ထပ်ရွေးချယ်စရာခေါင်းဆောင်သစ်တွေ ထွက်ပေါ်လာခြင်းမရှိပါဘူးပာု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က "သူမအနေဖြင့် ၁၉၈၈ ကျောင်းသားအရေးတော်ပုံကာလအတွင်း နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက်လာပြီးနောက်ပိုင်း စံထားဖွယ်ခေါင်းဆောင်အဖြစ် တံဆိပ်ကပ်ခြင်းကို ရှောင်ရှားရန် ကြိုးစားခဲ့သည်"ပာု ပြောကြားထားသည်။

သို့သော်လည်း လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ လေဒီသည် ပြည်တွင်း၊ ပြည်ပလေးစားမှုကွန်ယက်မှ လွတ်မြောက် နိုင်ခြင်းမရှိပါ။ မြန်မာ့နိုင်ငံရေး ဇာတ်ကွက်ကို သြဇာကြီးလူထုခေါင်းဆောင် အမျိုးသမီးနှင့် သွေးစွန်းသော သေနတ်ကိုင်စစ်ခေါင်းဆောင်တစ်စုတို့အကြားမှ တိုက်ပွဲတစ်ခုအဖြစ် အလွယ်တကူပုံဖော်ကြခြင်းကြောင့် မျိုးဆက်သစ်ဒီမိုကရေစီခေါင်းဆောင်များ ပေါ်ထွက်ရေးကြိုးပမ်းမှုများကို အားနည်းသွားစေသည်ပာု အကဲခတ်လေ့လာသူအချို့က စောဒကတက်ကြသည်။

သူမ မြန်မာ့နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက်မှုကို Sanctions များဖြေလျှော့ရန်စည်းကမ်းအဖြစ် သတ်မှတ်ထားကြသော အနောက်နိုင်ငံများတွင် သူမ၏ဇာတ်လမ်းက ပိုမိုအားကောင်းစွာကျော်ကြားသည်။

မကြာသေးမီက ဥရောပခရီးတွင် နိုင်ငံခေါင်းဆောင်တစ်ဦးကဲ့သို့ ခြိမ့်ခြိမ့်သဲသဲကြိုဆိုခံရခြင်းသည် မြန်မာပြည်တည်နေရာကိုပင် မြေပုံပေါ်တွင် အရှာခက်နေကြသောသူများ၏ အတွေးပုံရိပ်ထဲမှ သူမသိမ်းပိုက်ထားသော သူရဲကောင်းရုပ်ပုံလွှာကို ထပ်မံအတည်ပြုပေးခဲ့သည်။

သို့သော်လည်း ရာစုနှစ်တစ်စိတ်(၂၅ နှစ်)ကာလအတွင်း ပထမဆုံးဥရောပခရီးထွက်လာသော သူမကို လေးစားချစ်ခင်စွာကြိုဆိုကြခြင်းသည် မနှစ်က အာဏာရလာပြီးနောက်ပိုင်း အပြောင်းအလဲများပြုလုပ်ပြသူ ဗိသုကာအဖြစ် သတင်းမွှေးနေသူ သမ္မတဦးသိန်းစိန်နှင့်ဆက်ဆံရေးကို ခပ်စိမ်းစိမ်း ဖြစ်သွားစေနိုင်သည်ပာု အချို့ကဆိုသည်။

မြန်မာနိုင်ငံတွင် တာဝန်ကျဘူးသူ သြစတြေးလျသံအမတ် Trevor Wilson က "အတိုက်အခံခေါင်းဆောင်တစ်ဦးကို အခုလို နိုင်ငံ့ခေါင်းဆောင် တစ်ဦးလို ကြိုဆိုကြတာပာာ တကယ်ကို မကြုံစဖူးထူးကဲတဲ့ဖြစ်ရပ်ပါပဲ၊ ဒါပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းပာာ မြန်မာနိုင်ငံက တခြားအဖွဲ့အစည်းတွေ၊ တခြားနိုင်ငံရေးသမားတွေကိုလည်း အပြည့်အဝ အသိအမှတ်ကြတယ်လို့ ကျွန်တော်မထင်ပါဘူး"ပာု ပြောကြားသည်။ သူက ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်ကို "လက်တွေ့ကျသော ကမ္ဘာထဲတွင်မပါ"ပာု မှတ်ချက်ပေးသည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ပြည်ခိုင်ဖြိုးပါတီကြီးစိုးထားသော လွှတ်တော်ထဲတွင် အကြီးဆုံးအတိုက်အခံပါတီဖြစ်လာသော်လည်း အမတ်နေရာ ၄၃ နေရာသာရှိသောကြောင့် ထိထိရောက်ရောက်လုပ်ဆောင်နိုင်ရန်အတွက် မပာာမိတ်ညွှန့်ပေါင်းဖွဲ့စည်းရမည့် အလားအလာရှိနေသည်။

သို့ရာတွင် ဒီမိုကရေစီအပြောင်းအလဲများဖြစ်ပေါ်ရေးအတွက် လွှတ်တော်တွင်း၌ မနှစ်က တစ်နှစ်လုံးတွန်းအားပေးခဲ့ကြသော ပါတီ ငယ်လေးများက ၎င်းတို့အား NLD ပါတီကြီးက လူရာမသွင်းပာု ခံစားနေကြရသည်။

ထိုပါတီများထဲတွင် ၂၀၁၀ ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေးကိစ္စအပေါ် လေဒီအပါအဝင် NLD အန်ကယ်ကြီးများနှင့် သဘောထားကွဲလွဲကာ ဆက်ဆံရေးပျက်သွားခဲ့သူ ဦးခင်မောင်ဆွေ၏ NDF ပါတီလည်း ပါဝင်သည်။

NLD ပါတီမှခွဲထွက်၍ ရွေးကောက်ပွဲဝင်ခဲ့သော NDF ပါတီသည် လောလောဆယ် လွှတ်တော်အမတ် ၈ နေရာ ရရှိထားသည်။ နောက်ဆုံးတွင် ဒေါ်အောင်ဆန်းစုကြည်က ဧပြီလကြားဖြတ်ရွေးကောက်ပွဲဝင်ရန် သဘောတူလိုက်သော်လည်း ဦးခင်မောင်ဆွေနှင့် စကားပြောဆိုခြင်းမပြုတော့ပါ။

နိုင်ငံရေးလှုပ်ရှားမှုကြောင့် အကျဉ်းထောင်ထဲတွင် ၁၆ နှစ်ခန့်ပေးဆပ်ခဲ့သူ ဦးခင်မောင်ဆွေက "ပြည်သူတွေအကျိုးအတွက် လုပ်သင့်တယ်လို့ ထင်တာကို ကျွန်တော်တို့လုပ်ခဲ့ပါတယ်"ပာု ပြောကြားသည်။

"နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒီလှုပ်ရှားမှုတွေကို အသိအမှတ်ပြုဖို့လိုပါတယ်။ ပါတီငယ်လေးတွေကို လှည့်ကြည့်ဖို့ မလိုဘူးလို့ထင်ရင် သူတို့ မှားသွားပါလိမ့်မယ်"ပာု ဦးခင်မောင်ဆွေက ဆိုသည်။

လွှတ်တော်ထဲရောက် ၁၀ ပါတီအကြား အမတ် ၇၅ နေရာရရှိထားသော တိုင်းရင်းသားကိုယ်စားပြု ပါတီများမှာလည်း ပြည်တွင်းစစ် ဝါးမျိုထားသော မြန်မာနိုင်ငံတွင် အရေးကြီးသော်ငြားလည်း စားပွဲဝိုင်းဘေးသို့ ရောက်နေကြေသည်ပာု လေ့လာသူအချို့ကမှတ်ချက်ပေးကြသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီပါတီမှ အောက်လွှတ်တော်အမတ် ဦးစိုင်းမောင်တင်က "သူမအနေနဲ့ ကျွန်တော်တို့နဲ့ ဘယ်လိုပူးပေါင်း လုပ်ကိုင်မလဲဆိုတာကို ကျွန်တော်တို့ မသိပါဘူး။ ကျွန်တော် သူမကို ပုဂ္ဂိုလ်ရေးအရလေးစားပါတယ်။ ဒီနိုင်ငံမှာ ဒေါ်စုလိုပုဂ္ဂိုလ်တွေ နောက်ထပ်အများကြီး လိုအပ်နေပါတယ်"ပာု ပြောကြားသွားသည်။

NLD ပါတီ၏ ဖွဲ့စည်းပုံတွင် စိုးရိမ်စရာအန္တာရာယ်ရှိနေပြီပာု နိုင်ငံရေးကျွမ်းကျင်သူများက သတိပေးထောက်ပြထားသည်။
yangonchronicle


ပြည်သူ.လွှတ်တော် ဆဌမနေ.အစည်းအဝေးကျင်းပအပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သတင်းမီဒီယာတွေရဲ.မေးမြန်းချက်(ရုပ်/သံ)

Posted: 11 Jul 2012 08:07 AM PDT


ဇူလိုင်လ ၁၁ ရက် ပြည်သူ.လွှတ်တော် ဆဌမနေ.အစည်းအဝေးကျင်းပအပြီး ညနေ ၃ နာရီမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သတင်းမီဒီယာတွေရဲ.မေးမြန်းချက်တွေကို ၁၅ မိနစ်ခန်. ဖြေကြားပေးခဲ့ပါတယ်။ ဦးကျော်သက်မင်း သတင်းပေးပို.ထားပါတယ်။ (ရိုက်ကူး-ခွန်ခေါင်)
VIDEO..dvb tv news


ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေများ

Posted: 11 Jul 2012 08:04 AM PDT

Photo..messenger journal
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးးရ
ပြည်ထဲရေးဝန် ကြီးဌာန
အမိန့် ကြော်ငြာစာအမှတ်၃၆၄/၂ဝ၁၂
နေပြည်တော် ၊ ၁၃၇၄ ခုနှစ် ၊ ပထမဝါဆို လပြည့် ကျော် ၂ ရက်
(၂ဝ၁၂ ခုနှစ် ၊ ဇူလိုင်လ ၅ ရက် )

ပြည်ထဲရေးဝန်ကြီးဌာနသည်ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ(က)အရ အပ်နှင်းသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း ( ၁ )
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေများဟု ခေါ်တွင်စေရမည်။
၂။ ဤနည်းဥပဒေများတွင်ပါရှိသောစကားရပ်များသည် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ တွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည့်အပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း
အဓိပ္ပာယ်သက်ရောက်စေရမည်-
(က) ဥပဒေ ဆိုသည်မှာ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့်ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကိုဆိုသည်။
(ခ) အုပ်ချုပ်ရေးမှူးဆိုသည်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးကိုဆိုသည်။
(ဂ) ပုံစံ ဆိုသည်မှာ ဤနည်းဥပဒေများအရ သတ်မှတ်သည့်ပုံစံကို ဆိုသည် ။

အခန်း ( ၂ )
ခွင့်ပြုမိန့်လျှောက်ထားခြင်း

၃။ ငြိမ်းချမ်းစွာစုဝေးခွင့်ကိုဖြစ်စေ၊ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ကိုဖြစ်စေ၊ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီ တန်းလှည့် လည်ခွင့်ကိုဖြစ်စေ ရရှိလိုသူသည် မိမိဆောင်ရွက်လိုသည့်ကိစ္စရပ် အတွက်သက်ဆိုင်ရာ ပုံစံ (၁)၊ (၂)သို့မဟုတ် (၃)ပါ အတိုင်း အချက်အလက်များကိုဖော်ပြ၍ မိမိဆောင်ရွက်လိုသည့်နေ့ရက်မတိုင်မီ အနည်းဆုံးငါးရက် ကြိုတင်၍ သက်ဆိုင်ရာမြို့နယ် ရဲတပ် ဖွဲ့မှူးထံ လျှောက် ထားရမည်။
၎။ ငြိမ်းချမ်းစွာစုဝေးခြင်းကိုဖြစ်စေ၊ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းကိုဖြစ်စေ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်း လှည့် လည်ခြင်းကိုဖြစ်စေ ဆောင်ရွက်လိုသူသည် မြို့နယ်တစ်ခုထက်ကျော်လွန်၍ ဆောင်ရွက်ရန် ရှိပါက သက်ဆိုင်ရာမြို့နယ် အားလုံး၏ ခွင့်ပြုချက်ရရှိရန်နည်းဥပဒေ ၃ ပါအတိုင်း လျှောက်ထားရမည်။
၅။ နည်းဥပဒေ ၃ သို့မဟုတ် ၄ အရ ခွ င့်ပြုမိန့် လျှောက်ထားရာတွင် လျှောက်ထားသူ ၊ ဦးဆောင်မည့်သူ၊ ဟောပြောမည့်သူတို့ ၏ ကိုယ်ရေးအချက်အလက်များကို ပုံစံ (၄) ပါ အတိုင်း ဖော်ပြ၍ ပူးတွဲရမည်။
၆။ ခွင့်ပြုမိန့်တောင်းခံသည့် လျှောက်လွှာကိုမြို့နယ်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် လက်ခံရမည်။ မြို့နယ်ရဲတပ်ဖွဲ့မှူးမရှိပါက တာဝန်ကျ တပ်ဖွဲ့ဝင်တစ်ဦးဦးကလက်ခံ၍ မြို့နယ်ရဲတပ်ဖွဲ့မှူးထံဆောလျင်စွာ ဆက်လက်တင်ပြရမည်။
၇။ ခွင့်ပြုမိန့်တောင်းခံသည့် လျှောက်လွှာတွင်ပါဝင်ရမည့်အချက်များ မပြည့်စုံပါက သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးကဖြစ်စေ၊ ယင်းက တာဝန်ပေးအပ်သော ရဲအရာရှိကဖြစ်စေ လျှောက်ထားသူအား လိုအပ်ချက်များရှင်းပြ၍ လျှောက်လွှာကို ဆောလျင်စွာ ပြန်လည်ပေးအပ်ရမည်။
၈။ ပါဝင်ရမည့်အချက်များ မပြည့်စုံသဖြင့်လျှောက်လွှာကိုနည်းဥပဒေ ၇ အရ ပြန်လည်ပေးအပ်ခံရပါက လျှောက်ထားသူသည် အချက်အလက် ပြည့်စုံစွာပါရှိသော လျှောက်လွှာကို ပြန်လည်တင်ပြနိုင်သည်။ ယင်းသို့လျှောက်လွှာကို ပြန်လည်တင်ပြပါက ခွင့်ပြု မိန့်တောင်းခံသည့် လျှောက်လွှာကို မိမိဆောင်ရွက်မည့်နေ့ရက်မတိုင်မီ အနည်းဆုံး ငါးရက်ကြိုတင်၍ တင်ပြရမည်။
၉။ မြို့နယ်ရဲတပ်ဖွဲ့မှူးသည် ခွင့်ပြုမိန့် တောင်းခံသည့်လျှောက်လွှာကို မိမိ၏သဘောထားမှတ်ချက်နှင့် အတူမြို့နယ် အုပ်ချုပ်ရေးမှူး ထံ တင်ပြရမည်။ မြို့နယ်အုပ်ချုပ်ရေးမှူးမရှိပါက ယင်းတင်ပြချက်ကို တာဝန်ရှိသူတစ်ဦးဦးက လက်ခံရမည်။ မြို့နယ်အုပ်ချုပ်ရေး မှူး သို့မဟုတ်မြို့နယ်အုပ်ချုပ်ရေးမှူး တာဝန်လွှဲအပ်ခံထားရသူက အဆိုပါ လျှောက်လွှာနှင့်စပ်လျဉ်း၍ အတည်ပြုရန် သင့်  မသင့်  ဆောလျင်စွာ အဆုံးအဖြတ်ပေးရမည်။
၁ဝ။ မြို့နယ်အုပ်ချုပ်ရေးမှူးသည် ခွင့်ပြုမိန့်တောင်းခံသည့်လျှောက်လွှာကို အတည်မပြုသင့်ကြောင်း ဆုံးဖြတ်ပါက အကြောင်း ပြချက် ဖော်ပြ၍ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးထံပြန်ကြားရမည်။

အခန်း ( ၃ )
ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်းနှင့်အယူခံဝင်ခြင်း

၁၁။ ခွင့်ပြုမိန့်တောင်းခံသည့်လျှောက်လွှာကိုမြို့နယ်အုပ်ချုပ်ရေးမှူးက အတည်ပြုပါက မြို့နယ်ရဲတပ်ဖွဲ့မှူးသည်ငြိမ်းချမ်းစွာ စုဝေး ခွင့်ခွင့်ပြုမိန့်ကိုပုံစံ(၅)ဖြင့်လည်းကောင်း၊ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် ခွင့်ပြုမိန့်ကိုပုံစံ(၆)ဖြင့်လည်းကောင်း၊ ငြိမ်းချမ်းစွာ စုဝေး ခွင့်နှင့်ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ခွင့်ပြုမိန့် ကို ပုံစံ(၇)ဖြင့်လည်းကောင်း သက်ဆိုင်ရာလျှောက်ထားသူအား ထုတ်ပေးရမည်။
၁၂။ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(င) ပါ ဒေသဆိုင်ရာလိုအပ်ချက်အရ သတ်မှတ်ထားသည့် စည်းကမ်းချက်များရှိပါက နည်းဥပဒေ ၁၁ အရ ထုတ်ပေးသောခွင့်ပြုမိန့် တွင် ဖော်ပြရမည်။
၁၃။ မြို့နယ်ရဲတပ်ဖွဲ့မှူးသည်ခွင့်ပြုမိန့်တွင်ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(င)ပါ ဒေသဆိုင်ရာ လိုအပ်ချက်အရ သတ်မှတ်သော စည်းကမ်း များကို ကြိုတင်ရေးဆွဲထားနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ညှိနှိုင်းကာ ခရိုင်ရဲတပ်ဖွဲ့မှူးမှတစ်ဆင့် တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်ရဲတပ်ဖွဲ့မှူးထံတင်ပြရမည်။
၁၄။ တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်ရဲတပ်ဖွဲ့မှူးသည်နည်းဥပဒေ ၁၃ အရ တင်ပြချက်ကိုလက်ခံရရှိသည့်အခါ တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်အုပ်ချုပ်ရေးမှူးနှ င့်ညှိနှိုင်းအတည် ပြုချက်ရယူ၍ သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးထံ ပြန်ကြားရမည်။
၁၅။ ငြိမ်းချမ်းစွာစုဝေးခြင်းကိုဖြစ်စေ၊ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းကိုဖြစ်စေ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းကိုဖြစ်စေ ဆောင်ရွက်ခွင့် ပြုရန် တင်ပြသည့်လျှောက်လွှာကိုငြင်းပယ်ပါက ပုံစံ (၈)ဖြင့်အကြောင်းပြန်ကြားရမည်။ ယင်းပုံစံတွင်ငြင်းပယ်ရသည့်အကြောင်းရင်းကိုခိုင်လုံစွာဖော်ပြရမည်။ သို့မဟုတ် ပြည်သူတို့၏ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်း ထားသည့် ဥပဒေများနှင့်မဆန့်ကျင်လျှင် ခွင့်ပြုမိန့်ထုတ်ပေးရန်ငြင်းပယ်ခြင်းမပြုရ။
၁၇။ ခွင့်ပြုမိန့်ထုတ်ပေးရန်ငြင်းပယ်ခြင်းခံရသူသည်ယင်းသို့ ငြင်းပယ်ကြောင်း အကြောင်းကြားစာကိုလက်ခံရရှိသည့်နေ့မှ ခုနစ်ရက် အတွင်း သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်ရဲတပ်ဖွဲ့မှူးထံအယူခံနိုင်သည်။
၁၈။ တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်ရဲတပ်ဖွဲ့မှူးသည် အယူခံလွှာကိုလက်ခံရရှိသည့်အခါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အုပ်ချုပ်ရေးမှူးထံတင်ပြ၍ အတည်ပြုချက်ရယူပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး၏အမိန့်ကိုအတည်ပြုကြောင်း သို့မဟုတ် ပယ်ဖျက်ကြောင်း အဆုံးအဖြတ်ပေးရမည်။
၁၉။ အယူခံခြင်းကိုခွင့်ပြုပါက ပုံစံ (၉)ဖြင့် လည်းကောင်း၊ အယူခံခြင်းကိုငြင်းပယ်ပါက ပုံစံ(၁ဝ)ဖြင့်လည်းကောင်း အယူခံ တင်သွင်း သူထံသို့ ပြန်ကြားရမည်။
၂ဝ။ အယူခံခြင်းကိုခွင့်ပြုကြောင်း ပုံစံ(၉)ဖြင့်အကြောင်းပြန်ကြားချက်ရရှိပါက လျှောက်ထားသူသည်ငြိမ်းချမ်းစွာ စုဝေးခြင်းကို ဖြစ်စေ၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းကိုဖြစ်စေ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်းကိုဖြစ်စေ ပြုလုပ် လိုသည့်နေ့ရက်အား မြို့နယ်ရဲတပ်ဖွဲ့မှူးထံပြန်လည်တင်ပြနိုင်သည်။
၂၁။ ငြိမ်းချမ်းစွာစုဝေးခွင့်ပြုသည့်နေရာ သတ်မှတ်ပေးရာတွင်အဆောက်အအုံအတွင်းဖြစ်လျှင်လိပ်စာအပြည့်အစုံကိုလည်းကောင်း၊ အဆောက်အအုံပြင်ပ နေရာဖြစ်လျှင်နေရာအတိအကျကိုလည်းကောင်း ခွင့်ပြုမိန့်တွင်ဖော်ပြရမည်။
၂၂။ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုမည့် လမ်းကြောင်းကိုပြည့်စုံစွာာဖော်ပြ သတ်မှတ်ပေးရမည့်အပြင် လှည့်လည်ရာတွင် ယာဉ်အသွားအလာ၊ လမ်းဘေးရှိ နေအိမ်၊ ဈေးဆိုင်၊ အဆောက်အအုံများအား ပိတ်ဆို့မှု၊ နှောင့်ယှက်ဟန့်တားမှု မရှိစေရေး အတွက် လိုက်နာရမည့်အချက်များကိုခွင့်ပြုမိန့်တွင်ဖော်ပြရမည်။
၂၃။ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းတို့ကိုတစ်ဆက်တည်း ပြုလုပ်ခွင့်ပြုပါက စုဝေးရမည့်နေရာနှင့် လှည့်လည်ရမည့်လမ်းကြောင်းတို့ကို နည်းဥပဒေ ၂ဝ နှင့်၂၁ တွင်ဖော်ပြသည့်အတိုင်း ခွင့် ပြုမိန့်တွင်ဖော်ပြရမည်။

အခန်း ( ၄ )
အထွေထွေ

၂၄။ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်  ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းများကို ခွင့်ပြုမိန့်အရ ဆောင်ရွက်နေသူများအား ဥပဒေပုဒ်မ ၁၃ အရ ဒုတိယရဲအုပ်အဆင့်အောက်မနိမ့်သော ရဲအရာရှိတစ်ဦးဦးက ကာကွယ်စောင့်ရှောက်မှုပေးသည့်အခါ နယ်မြေ အခြေအနေနှင့် စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်းပြုရာတွင်ပါဝင်သည့်လူဦးရေပေါ်မူတည်၍ လုံလောက်သော ရဲတပ်ဖွဲ့ဝင်အင်အားကို အသုံးပြု ရမည်။
၂၅။ ငြိမ်းချမ်းစွာစုဝေးခြင်းကိုဖြစ်စေ၊ ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်းကိုဖြစ်စေ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်းကိုဖြစ်စေ ဆောင်ရွက်ရာတွင် ဦးဆောင်သည့်ပုဂ္ဂိုလ်သည် ခွင့်ပြုမိန့်ကို တစ်ပါတည်းယူဆောင်သွားရမည့်အပြင် တာဝန်ရှိသူက တောင်းဆိုပါက ပြသစစ်ဆေးခံရမည်။
၂၆။ ငြိမ်းချမ်းစွာစုဝေးခြင်းကိုဖြစ်စေ၊ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းကိုဖြစ်စေ၊ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်ငြိမ်းချမ်းစွာစီတန်းလှည့် လည်ခြင်းကိုဖြစ်စေ ဆောင်ရွက်ရာတွင် ဥပဒေပုဒ်မ ၁၄၊ ပုဒ်မခွဲ(က)အရ သတိပေးသည်ကိုလိုက်နာရန် ပျက်ကွက်လျှင်မြို့နယ် ရဲတပ်ဖွဲ့မှူးသည် ခွင့်ပြုမိန့်ပါ ဦးဆောင်သည့်ပုဂ္ဂိုလ်အား ဥပဒေပုဒ်မ ၁၅ အရ ခွင့်ပြုမိန့် ရုပ်သိမ်းကြောင်းနှုတ်ဖြင့် ကြေညာပြီးနောက် စာဖြင့်  အကြောင်းကြားရာ၌်အောက်ပါအချက်များ ပါဝင်ရမည်-
(က) လိုက်နာဆောင်ရွက်ခြင်းမရှိသည့်စည်းကမ်းချက်များ၊
(ခ) သတိပေးသည်ကိုလိုက်နာမှုမရှိခြင်းကြောင့်ခွင့်ပြုမိန့်ကိုရုပ်သိမ်းကြောင်း ဖော်ပြချက်၊
(ဂ) ခွင့်ပြုမိန့် ကိုရုပ်သိမ်းသည့်နေ့ရက်နှင့်အချိန်။
၂၇။ ငြိ မ်းချမ်းစွာစုဝေးခြင်းကိုဖြစ်စေ၊ ငြိမ်းချမ်းစွာစီ တန်းလှည့်လည်ခြင်းကို ဖြစ်စေ၊ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့်  ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်းကို ဖြစ်စေခွင့်ပြုမိန့်အရ ဆောင်ရွက်ရာတွင် စုဝေးသည့်နေရာနှင့်စီတန်းလှည့်လည်ရာသို့ ရောက်ရှိနေသူများနှင့် ပတ်သက်၍ ဦးဆောင်လျှောက် ထားသည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းက တာဝန်ယူရမည်။

(ပုံ)
ဒုတိယဗိုလ်ချုပ်ကြီးကိုကို
ပြည်ထောင်စုဝန်ကြီး၊
ပြည်ထဲရေးဝန်ကြီးဌာန

ပုံ စံ ( ၁ )

သို့ 
မြို့နယ်ရဲတပ်ဖွဲ့မှူး
---------------မြို့
ရက် စွဲ ၊------------------

အကြောင်းအရာ။ ငြိမ်းချမ်းစွာ စုဝေးခွင့်ပြုရန်လျှောက်ထားခြင်း

၁။ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၄ အရ ငြိမ်ချမ်းစွာစုဝေးခွင့် ပြုနိုင်ပါရန် အောက်ဖော်ပြပါအချက်များဖော်ပြ၍ လျှောက်ထားအပ်ပါသည်
-(က) ရည်ရွယ်ချက်။------------------------------------------------------------------------------------------
(ခ)နေရာ။---------------------------------------------
(ဂ) နေ့ရက်။--------------------------------------------
(ဃ) အချိန်အပိုင်းအခြား။-----------မှ ---------------------------ထိ
(င) ဦးဆောင်မည့်ပုဂ္ဂိုလ်/အဖွဲ့အစည်း။-------------------------
(စ)ဟောပြောမည့်ပုဂ္ဂိုလ်(များ)။----------------------------------------------------------------------------------------
(ဆ)ဟောပြောမည့်အကြောင်းအရာ။------------------------------------------------------------------------------
(ဇ) ကြွေးကြော်မည့်ကြွေးကြော်သံများ။ (မလုံလောက်ပါက သီးခြား စာရွက်ဖြင့်ပူးတွဲဖော် ပြရန် )
(၁) ---------------(၂) ---------------(၃) ---------------
(ဈ ) တက်ရောက်မည့်ခန့်မှန်းအင်အား-----------------ဦး။
၂။ အောက်ပါတို့ကို ပူးတွဲတင်ပြပါသည် -
(က) ဦးဆောင်မည့်ပုဂ္ဂိုလ်၏ ကိုယ် ရေးအချက် အလက်များ၊
( ခ) ဟောပြောမည့်ပုဂ္ဂိုလ် (များ)၏ ကိုယ်ရေးအချက် အလက်များ၊
(ဂ ) လျှောက်ထားသူ၏ ကိုယ်ရေးအချက် အလက်များ၊
(ဃ) အသုံးးပြုမည့်ပိုစတာ၊ ဆိုင်းဘုတ်ပါစာသားနှင့်ရုပ်ပုံများ၊
(င ) ဆောင်ရွက်မည့်အစီအစဉ်။
၃။ ပါတီ ၊ အဖွဲ့အစည်းအနေဖြင့်  လျှောက်ထားခြင်းဖြစ်ပါသဖြင့်  အောက်ပါတို့ ကို ပူးတွဲတင်ပြပါသည် -
(က) ပါတီ၊ အဖွဲ့အစည်း၏အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း သို့မဟုတ် သဘောတူညီကြောင်း လက်မှတ်ရေးထိုးထားသည့် မှတ်တမ်း၊
(ခ) အခြားလိုအပ်သော အထောက်အထားများ။
၎။ လျှောက်ထားသည့်အတိုင်း ငြိမ်းချမ်းစွာစုဝေးခွင့်ရရှိပါက ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပါ စည်းကမ်းချက်များအပြင် ခွင့်ပြုမိန့်တွင် သီးခြားသတ်မှတ်ထားသည့် စည်းကမ်းချက်များကိုပါ လိုက်နာမည် ဖြစ်ကြောင်း ဝန်ခံ ကတိ ပြုပါသည် ။

လျှောက် ထားသူ
ဦး/ဒေါ်--------------------
နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ----------------------


"တရားဥပဒေစိုးမိုးစေရေး" ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း

Posted: 11 Jul 2012 07:50 AM PDT

ရွှေနံ့သာလယ်သမားများနှင့် ဇေကမ္ဘာကုမ္ပဏီ အငြင်းပွားလျှက်ရှိသော လယ်ယာမြေအငြင်းပွားမှု အခြေအနေသည် အထွဋ်အထိပ်သို့ ရောက်ရှိခဲ့ပေပြီ။ အခြေအနေအနှစ်ချုပ်မှာ လယ်မြေအဖြစ်သာ ရှိနေသော ရွှေနံ့သာကွင်းအမှတ် (၅၃၁)(၅၃၃) လယ်မြေဧက ၈၁၅ ဧကကို ဇေကမ္ဘာကုမ္ပဏီမှ မြို့ရွာအိုးအိမ်နှင့်ဖွံ့ဖြိုးရေးဌာနမှ စက်မှုဇုန် လုပ်ကိုင် ခွင့်ပြုထားသည်။ လန(၃၉) ကျထားသည်ဟု ဆိုကာ လယ်သမားများကို နစ်နာကြေး၊ ကရုဏာကြေးပေး၍ နှစ်သိမ့် ခဲ့ပြီး လယ်သမားများသည် လယ်ယာမြေကို စွန့်လွှတ်ကြောင်းဖြင့် အတုအယောင်များဖြင့် အောက်ခြေအုပ်ချုပ်ရေး နှင့်ပူးပေါင်းအကွက်ဆင်ကာ လယ်မြေများကို လယ်သမားများ ဆက်လက်လုပ်ကိုင်လိုစိတ်မရှိတော့သောကြောင့် ရပ်ကျေးသို့ လာအပ်သယောင် ဖန်တီးအကွက်ဆင်ထားမှု ဖြစ်ပါသည်။

အဆိုပါအခြေအနေအလုံးစုံကို ဖော်ထုတ်ရာ အိုးအိမ်ဌာနမှ စက်မှုဇုန်လုပ်ကိုင်ခွင့် ပြုထားခြင်းမရှိသည့်အပြင် လန(၃၉) ကျထားသော လယ်မြေလည်းမဟုတ်ပေ။ သို့အတွက် လယ်သမားများက သီးစားလုပ်ကိုင်ခွင့် လျှောက် ထားပြီး နောက်တွင် စက်မှုဇုန်လုပ်မည်ဆိုသော ဇေကမ္ဘာကလည်း လယ်သမားများနှင့် အပြိုင် သီးစားလုပ်ကိုင်ခွင့် လျှောက်ထားသည်။ ဤသို့ နှစ်ဦးနှစ်ဖက် အပြိုင်လျှောက်ထားရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ ဇေကမ္ဘာကို သီးစားလုပ်ကိုင်ခွင့် ပြုကြောင်းဖြင့် ဆုံးဖြတ်လိုက်သည်။ ထိုဆုံးဖြတ်ချက်သည် တည်ဆဲ ၁၉၆၃ ခုနှစ် လယ်ယာမြေ ဥပဒေများနှင့် ညီညွတ်ခြင်းမရှိသောကြောင့် မြေယာမှုခင်း ဖွင့်လှစ်ဆောင်ရွက်ပေးပါရန် ရပ်ကျေးမြေယာကော်မတီ တွင်တင်ပြခဲ့သည်။ ဥပဒေနှင့် ကင်းလွတ်နေသော အများပြည်သူကိုလည်း ဥပဒေပါ သီးစားချထားရေးနှင့် တောင် သူလယ်သမားအခွင့်အရေးကာကွယ်သည့် ဥပဒေများကို ပီဒီပီမှအကြိမ်ကြိမ် ထုတ်နှုတ်ဖြန့်ဝေခဲ့သည်။ သို့သော် ရပ်ကျေး၏ ဆုံးဖြတ်ချက်သည် လယ်သမားများတင်ပြသည့် သက်သေခံအထောက်အထားများကို ကိုးကား ဆင်ခြင် ခြင်းမပြုဘဲ ဇေကမ္ဘာတင်ပြသည့် အချက်အလက်များကိုသာ တစ်ဖက်သက်ကောက်ချက်စွဲ၍ ဇေကမ္ဘာကို အနိုင်ပေး ကြောင်း ပါရှိသည့်အပြင် ဥပဒေနှင့် အလျဉ်းမသက်ဆိုင်သော ညွှန်ကြားချက်မှာ ရပ်ကျေး၏ ဆုံးဖြတ်ချက်ကို ကျေနပ် မှုမရှိပါက မြို့နယ်အိုးအိမ်ဌာနတွင် ရက်ပေါင်း ၃၀ အတွင်း အယူခံဝင်နိုင်ကြောင်း ဖြင့် ညွှန်ကြားလာလေသတည်း။

ထိုကိစ္စနှင့် စပ်လျှဉ်း၍ ကျွန်ုပ်တို့ တွေ့ရှိရသော ဥပဒေတွင် မြေယာမှုခင်းနှင့် ပတ်သက်၍ အိုးအိမ်ဌာနတွင် တာဝန်မရှိ ကြောင်း သိရသဖြင့် ဥပဒေပါအတိုင်း မြို့နယ်မြေယာကော်မတီသို့ ဆက်လက်အယူခံဝင်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး မှ ရပ်ကျေးသို့ စာပြန်ထုတ်၍ အိုးအိမ်ကို သွားရောက်အယူခံရန် ရပ်ကျေး အုပ်ချုပ်ရေးမှူးမှ လယ်သမားများကို ခေါ်ယူ၍ ညွှန်ကြားချက်ကို မိတ္တူကူးခွင့်မပေးပဲ ဖတ်ကြားပြပြီးသကာလ လက်မှတ်ထိုးခိုင်းလေသည်။ ထိုအချက်ကို သိရှိရပြီး မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်၍ မြေယာမှုခင်းကို ဥပဒေနှင့် အညီဆောင်ရွက်မည်လော့။ မည်သို့ ဆက်လက်ညွှန်ကြားမည်ကို စာထုတ်ပါဟု တောင်းဆိုရာ နက်ဖန်ထုတ်မည်ဟုဆိုသဖြင့် ဆန္ဒပြခြင်း အစီအစဉ်ကို ၉.၇.၂၀၁၂ ရက်နေ့ (နေ့လည်)တွင် စတင်ခဲ့သည်။ ထိုသို့တန်းစီဆန္ဒပြသောအခါ မြို့နယ် အုပ်ချုပ်ရေးမှူးမှ အရေးပေါ် စာထုတ်တော့သည်။

စာပါအချက်အလက်များမှာ တည်ဆဲဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီဟုလည်းကောင်း ၊ ဤမြို့နယ်ရုံးအနေဖြင့် မြေယာမှုခင်းကိစ္စကို စီစဉ်ဆောင်ရွက်ခွင့် မရှိကြောင်းဖြင့် အိုးအိမ်(သို့)စည်ပင်သို့ သွားရောက်အယူခံရန်ဟု လယ်သ မားတစ်ဦးလျှင် တစ်ရွက်နှုန်းဖြင့် စာထုတ်လေသည်။ ကျွန်ုပ်တို့သိရှိသော ဥပဒေ၊ နည်းဥပဒေနှင့် မြို့နယ်အုပ်ချုပ်ရေး မှူး၏ လုပ်ထုံးလုပ်နည်း နည်းဥပဒေများ ကွဲလွဲနေပြီဟု ယူဆ၍ ဘယ်နည်းဥပဒေများလည်း ထုတ်ပြစေလိုကြောင်း မေးမြန်းသော်လည်း မရ။ ညွှန်ကြားသည့်အတိုင်း သွားပါမည်။ အိုးအိမ် (သို့) စည်ပင်သည် မည်သည့်ဥပဒေဖြင့် လယ်ယာမှုခင်းကို ဆောင်ရွက်မည်ကို ထုတ်ပြစေလိုကြောင်း မေးမြန်းရာလည်း အဖြေမရခဲ့သဖြင့် ၉.၇.၂၀၁၂ ရက်နေ့ သည် ရွှေနံ့သာလယ်သမားများ၏ စတင်ဆန္ဒထုတ်ဖော်သော နေ့စွဲ ဖြစ်ခဲ့လေသည်။

ဥပဒေနှင့်အညီလုပ်မှာလား ၊ ညှိနှိုင်းအဖြေရှာမှာလား ဟူသော တောင်းဆိုချက်နှင့် ဆန္ဒပြပြီး ၁၀.၇.၂၀၁၂ ရက်နေ့ တွင် ဆက်လက်ဆန္ဒထုတ်ဖော်ရန် အစီအစဉ်စွဲခဲ့သည်။ ၉.၇.၂၀၁၂ ရက်နေ့မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့ စာတန်းများ ကိုင်၍ ရောက်ရှိသွားချိန်တွင် ဆန္ဒပြခွင့်နည်းဥပဒေထွက်ပြီ ဖြစ်ကြောင်း သိရှိရသဖြင့် အလောတကြီး ဥပဒေနှင့်အညီ ဆန္ဒ ထုတ်ဖော်ရန် စီစဉ်ခဲ့သည်။


နည်းဥပဒေနှင့် အညီ ဆန္ဒထုတ်ဖော်မည့် လမ်းပြမြေပုံ

၁၀.၇.၂၀၁၂ ရက်နေ့က လယ်သမားများနှင့် ပီဒီပီ ဆန္ဒထုတ်ဖော်နေစဉ် ဥပဒေမဲ့ မလုပ်ရန် မင်္ဂလာဒုံမြို့နယ် ရဲမှူးကြီး မှ လာရောက်တားမြစ်ရာ ပြည်သူတွေ ဥပဒေမဲ့လုပ်ရင်လည်း အရေးယူနိုင်ပါတယ်။ သက်ဆိုင်ရာ ၀န်ထမ်းတွေ ဥပဒေမဲ့ လုပ်ရင်လည်း အရေးယူပေးဖို့ လိုပါသည် ဆိုသည့်အကြောင်း ပြောဆိုခဲ့ရသည်။

၁၀.၇.၂၀၁၂ ရက်နေ့ကထုတ်ပြန်လိုက်သော ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင် နည်းဥပ ဒေနှင့်အညီ ၅ ရက်ကြိုတင်ရမည်ဟု ညွှန်ကြားသဖြင့် ၁၄ ရက်နေ့တွင် နည်းဥပဒေနှင့်အညီ စတင်ဆန္ဒဖော်ထုတ်မည်။ နည်းဥပဒေပါ ပုံစံ(၃)နှင့်အညီ `ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ပြုရန် လျှောက်ထားခြင်း´ ခေါင်းစဉ်ဖြင့် စုရုံးအင်အား ၂၀၀ဦး နှင့် လိုက်ပါမည့် အင်းအား ၁၀၀၀ ဦးဖြင့် ဥပဒေနှင့်အညီ ဆန္ဒဖော်ထုတ်ရန် တင်ပြီး ဖြစ်လေသည်။ ၁၄ ရက်နေ့မှ ၀တင်၍ ၁၄၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈ ရက်အထိ ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း တင်ပြပြီးဖြစ်ပါသည်။ တစ်စုံတစ်ရာ ထူးခြားမှုမရှိပါက ဆက်လက်ဆန္ဒထုတ်ဖော်သွား မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ဥပဒေစိုးမိုးမှု လိုအပ်နေသော နိုင်ငံတော်အတွက် `ဥပဒေစိုးမိုးစေရေး´ ဟူသော ဥပဒေနှင့်အညီ ဆန္ဒဖော်ထုတ်ပွဲသို့ သက်ဆိုင်ရာ သတင်းမီဒီယာများနှင့် ပြည်သူများ ပူးပေါင်းပါဝင်နိုင်ကြပါစေရန် အသိပေးထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ဦးနေမျိုးဝေ - 098610719 (ဦးဆောင်သူ)(ဟောပြောသူ)

ဦးအောင်မျိုးဦး -(ဟောပြောသူ)

ဦးကျော်စိန် -လယ်သမား (ဟောပြောသူ)

ဦးနိုင်ဝင်းထွန်း (ခ) နောင်တော်လေး (ဟောပြောသူ)

နောင်တော်လေး


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment