Monday 7 January 2013





ရှက်ကြောက်တတ်ပါ...(Ven Ravika )

Posted: 06 Jan 2013 10:24 PM PST


အစိုးရဟာ လူထုခေါင်းဆောင်ကို ပစ်မှတ်ထားနေဆဲ

တစ်ခါတလေ အကောင်းမြင်ချင်ပါတယ်။ သမ္မတဦးသိန်းစိန်နဲ့လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အမေရိကန်မိန့်ခွန်းများကို ကြည့်ပြီး ၂၀၁၂ မတိုင်ခင်ဥပဒေပြင်ရေး၊တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အားကြိုးမာန်ကုတ် လုပ်ကြမယ်လို့ ယူဆခဲ့မိတယ်။ ကမ္ဘာ့အရှည်ကြာဆုံးပြည်တွင်းစစ်ကို ရပ်တန့်အောင် လုပ်နိုင်ခဲ့ရင် သမ္မတဦးသိန်းစိန်က ငြိမ်းချမ်းရေးနိုဘဲလ်ဆုကြီးကိုတောင် ရနိုင်ခြေရှိတယ်လို့ ရေးခဲ့ဖူးတယ်။ ဒါပေမဲ့ အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လုံးဝလျစ်လျူရှုခဲ့သလို ကြေးနီစီမံကိန်းအကြမ်းဖက်မှုနဲ့ ကချင်ထိုးစစ်ကို တိုးမြှင့်ပြုလုပ်ခဲ့ခြင်းနဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယနဲ့ တတိယရည်မှန်းချက်များကိုလည်း ရိုက်ချိုးခဲ့တယ်။

အစိုးရကသာ အကြမ်းဖက်သမား

လောလောဆယ်မှာ အဆိုးကိုပဲ မြင်ရပါတော့မယ်။ ရွှေတိဂုံဘုရားမှာ လင်တနားလို့ မဟုတ်။ အစိုးရ မဟုတ်တာလုပ်လို့ ဖြစ်တယ်။ စဉ်းစားကြည့်ပါ။ ပြည်သူတွေကြား၊ ပါတီတွေကြား၊ အဖွဲ့အစည်းတွေကြားမှာ အကြမ်းဖက်မှုတွေ ဖြစ်ရင် အဲဒီအကြမ်းဖက်မှု ပပျောက်ဖို့ ဒီမိုကရေစီစနစ် ရှိရတယ်။ ဒီမိုကရေစီစနစ် သန်စွမ်းလေလေ အကြမ်းဖက်မှုနည်းလေလေ ဖြစ်တယ်။ အစိုးရဟာ ဒီမိုကရေစီနည်းမကျတဲ့ ဖွဲ့စည်းပုံအချို့ကို ပြင်ပေးမဲ့အစား အရင်အစိုးရကြောင့် နစ်နာခဲ့ရတဲ့ ဆန္ဒပြသူများကို မီးလောင်းဗုံးပစ်သွင်းပြီး အကြမ်းဖက်နှိမ်နင်းခဲ့တယ်။ ဒါဟာ ဂုဏ်သိက္ခာမဲ့သလို ဒီမိုကရေစီအစိုးရတစ်ရပ်ရဲ့ အပြုအမူလည်း မဟုတ်ပါဘူး။ အကြမ်းဖက်မှုလျှော့နည်းအောင် လုပ်ရမဲ့အစား အစိုးရကိုယ်တိုင်က အကြမ်းဖက်နေတယ်ဆိုတော့ ဒီမိုကရေစီဖြစ်ထွန်းအောင် လုပ်နေပါတယ် ဘယ်လောက်ပဲဆိုဆို ယုံကြည်ဖွယ်ရာ မရှိပါဘူး။ တကယ်လို့ လုပ်နေပါတယ်ဆိုရင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံပါတီအားလုံးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ဆန္ဒရှိကြသလို အဆင်သင့်လည်း ဖြစ်နေကြပါတယ်။ ကနဦးသမ္မတမိန့်ခွန်းမှာ ကတိပြုခဲ့သလို ဖွဲ့စည်းပုံအခြေခံဥပဒေကို အမှန်တကယ်ပြင်မယ်ဆိုရင် အချိန်အခါကောင်းပါ။ ဒါပေမဲ့ မပြင်ပါဘူး။

အစိုးရကသာ ငြိမ်းချမ်းရေးကို ဖျက်ဆီးနေ

ပြည်ထောင်စုမြန်မာနိုင်ငံမှာ ဒီမိုကရေစီအခွင့်အရေးသာ ဆုံးရုံးနေရတာမဟုတ်၊ တန်းတူရေးလည်း မရခဲ့ဖူးပါ။ လူမျိုးစုများရဲ့ တန်းတူရေးတိုက်ပွဲ လွန်ခဲ့တဲ့ နှစ်ပေါင်း(၆၀)ကလိုပဲ ခွဲထွက်ရေးတံဆိပ်တပ်ပြီး ပြဿနာကို ချဉ်းကပ်နေဦးမယ်ဆိုရင် ဗမာနဲ့တိုင်းရင်းသားလူမျိုးကြားမှာ ငြိမ်းချမ်းရေးတည်ဆောက်လို့မရပါဘူး။ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားတယ်ဆိုရင် ဗမာနဲ့တိုင်းရင်းသားလူမျိုးများကြားမှာ သွေးထိုးလှုံ့ဆော်မှုတွေ မလုပ်သင့်ပါဘူး။ စဉ်းစားကြည့်ပါ။ ကချင်တပ်သားများက မန္တလေးကို ဗုံးလာခွဲတယ်၊ ရန်ကုန်ကို လာဖျက်တယ်။ ဒီလိုသတင်းမျိုး ဖြစ်သင့်တယ်မလား။ ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို မဖျက်ဆီးပါနဲ့၊ မြို့ရွာတွေကို မဖျက်ဆီးကြပါနဲ့။ လာရောက်ဆွေးနွေးကြပါ၊ ငြိမ်းချမ်းတဲ့နည်းနဲ့ ညှိုနှိုင်းအဖြေရှာရင် တန်းတူရေးဆိုတာ ဖြစ်လာမှာပါဆိုပြီး အစိုးရက ဒီလိုပြောသင့်တယ်မလား။ အခုကျတော့ ပြောင်းပြန်ကြီးဖြစ်နေတယ်။ အစိုးရက ထာဝရငြိမ်းချမ်းရေးကို ရအောင် တည်ဆောက်မယ်ပြောတယ်၊ ပြီးတော့ သူတို့ပဲ ထိုးစစ်ဆင်တယ်၊ မြို့ရွာတွေကို ဖျက်ဆီးတယ်။ ဒီတော့ သူတို့ပြောတဲ့ ငြိမ်းချမ်းရေးရဖို့ တိုင်းရင်းသားတွေအားလုံး သေပေးရမလို ဖြစ်နေတယ်။


အချိန်သတ်မှတ်ချက် ရှိကို ရှိရမယ်

သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့ ဒီမိုကရေစီနိုင်ငံတော်တစ်ခု၊ စစ်မှန်တဲ့ပြည်ထောင်စုတစ်ခုကို အမှန်တကယ် တည်ဆောက်ချင်တယ်ဆိုရင် သူ့အစိုးရသက်တမ်းအတွင်းမှာ ပြီးမြောက်အောင် ကြိုးစားရမှာဖြစ်တယ်။ အစိုးရသက်တမ်းမှာ (၅)နှစ်ဆိုရင် ဒီ(၅)နှစ်အတွင်းမှာ ဒီလုပ်ငန်းစဉ်တွေ ပီပီပြင်ပြင်ဖြစ်သွားအောင် တက်သုတ်ရိုက်လုပ်ရမှာဖြစ်တယ်။ အခု အတိုက်အခံပါတီတွေအားလုံး လွှတ်တော်ထဲရောက်နေလို့ ဒီမိုကရေစီရနေပြီလို့ သတ်မှတ်ပြီး တိုင်းရင်းသားလူမျိုးများလည်း လက်နက်ချပြီး လွှတ်တော်ထဲကို ဝင်ရင် ထာဝရငြိမ်းချမ်းရေးရပြီလို့ တွေးထင်ပုံရတယ်။ ဒါ အင်မတန်ဝေးပါတယ်။

ငြိမ်းချမ်းရေးကို အမှန်တကယ်တည်ဆောက်လိုရင်

၁။ သမ္မတဦးသိန်းစိန်နဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ U.N.F.C. ခေါင်းဆောင်အချို့ကို ပါဝင်စေပြီး ငြိမ်းချမ်းရေးကော်မတီတစ်ရပ်ကို အချိန်ကန့်သတ်ချက်မထားဘဲ ဖွဲ့စည်းထားသင့်တယ်။ သမ္မတဦးသိန်းစိန်ဟာ အာဏာရအစိုးရခေါင်းဆောင်ဖြစ်ပြီး လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားတွေရဲ့ယုံကြည်ကိုးစားမှုကို အထိုက်အလျှောက်ရနေလို့ ဖြစ်တယ်။

၂။ ဒီကော်မတီက လုပ်ငန်းစဉ်နဲ့ အချိန်အပိုင်းအခြားကို သတ်မှတ်ရမှာဖြစ်တယ်။ လုပ်ငန်းစဉ်အဆင့်ဆင့်ကို စနစ်တကျ ရေးဆွဲရမှာဖြစ်ပြီး ဘယ်လုပ်ငန်းစဉ်ကို ဘယ်အချိန်မှာ အဆုံးသတ်ရမယ်ဆိုတာ ဖော်ပြထားရမှာဖြစ်တယ်။

၃။ ငြိမ်းချမ်းရေးတည်ဆောက်နေချိန်မှာ တပ်လှုပ်ရှားမှုများကို လုံးဝမလုပ်မိစေဖို့လည်း အရေးကြီးတယ်။ မတူညီတဲ့အမြင်များကိုလည်း အမြဲတမ်းညှိုနှိုင်းနေရမှာဖြစ်တယ်။ တန်းတူရေးရဖို့ တန်းတူညီမျှစွာ ညှိုနှိုင်းရမှာဖြစ်တယ်။

ငြိမ်းချမ်းရေးကော်မတီကို တစ်ဖက်သတ် ဖွဲ့စည်းခြင်း၊ လုပ်ငန်းစဉ်နဲ့အချိန်ကို တစ်ဖက်သတ် ချမှတ်ခြင်း၊ တိုင်းရင်းသားများကို မတူညီတဲ့အချက်အလက်များနဲ့ ချဉ်းကပ်ခြင်းတို့မှာ မရိုးသားပါ။ တိုင်းရင်းသားလူမျိုးများကို စော်ကားသလို ဖြစ်နေတယ်။ အရင်တုန်းက ကချင်တွေကို ချော့ပြီး ကရင်တွေကို ဆော်တယ်။ ကြည့်ပေါ့...သဘောထားမှန်တဲ့ ကချင်တွေကတော့ အစိုးရနဲ့ အဆင်ပြေနေတာပဲ၊ ဒီငပွေတွေပဲ မာန်ဖီနေတာ၊ ချသာချဆိုပြီး ကရင်အလံကိုတောင် ဗိုလ်ချုပ်မောင်အေးတို့ နင်းခဲ့သေးတာပဲ။ အခု ကချင်ကို ချချင်လို့ ကရင်ကို နေပြည်တော်ဖိတ်၊ ငြိမ်းချမ်းရေးအရက်ခွက်မြှောက်၊ အချင်းချင်းဖက်လဲတကင်းနေပြပြီး ကြည့်...ကရင်တွေနဲ့ အဆင်ပြေနေတာပဲ၊ သဘောထားမမှန်တဲ့ ကချင်တွေကို ချသာချ ဆိုပြန်တယ်။ ဒီနည်းနဲ့ လှည့်စားလာတာ ကြာခဲ့ပါပြီ။ ကချင်တွေ နားလည်သွားလို့ နောက်ဆုတ်သွားတာပါ။ ဒါကို ရှက်လို့ အစိုးရက ရှက်ရမ်းရမ်းနေတာ လိုင်ဇာအထိ ရောက်ကုန်တယ်။

ဒီတော့ အစိုးရအနေနဲ့ မဟုတ်တာကို မလုပ်ပါနဲ့။ ရပ်တန်းက ရပ်ပါ။ ပြဿနာကို ရှင်းမယ်ဆိုပြီး ဘာကြောင့် ရှုပ်အောင် လုပ်ချင်ရသလဲ။ အစိုးရသက်တမ်းက (၅)နှစ်ပဲ ရှိတယ်။ (၂)နှစ်ကတော့ သွားပြီ။ ဒီလောက်များပြားတဲ့လုပ်ငန်းစဉ်တွေကို ဂရုမစိုက်ဘဲ မီးလောင်းဗုံးသုံးလိုက်၊ ဟောင်ဝစ်ဇာအမြောက်သုံးလိုက်၊ လေယာဉ်သုံးလိုက်နဲ့ ပြည်နယ်ပြည်မတွေမှာ သူခိုးဓားပြတွေလို အကြမ်းဖက်မနေပါနဲ့။ ကချင်တွေကို ရှက်ကြပါ။ ငြိမ်းချမ်းရေးအတွက် အပစ်ရပ်မပျက်ခင်တုန်းက အနေအထားအတိုင်း တပ်ပြန်ရုပ်ရမှာကို မရှက်ပါနဲ့။ ထိုးစစ်လုပ်နေရတာကိုပဲ ရှက်တတ်ပါ။ မိမိထိုးစစ်ကြောင့် ရှက်ရတဲ့အရှက် (ဟိရိ)နဲ့ ငြိမ်းချမ်းရေးမတည်ဆောက်နိုင်မှာကို ကြောက်တဲ့အကြောက် (သြတ္တပ္ပ) တရား(၂)ခုကို လက်ကိုင်ထားပါ။ ဒီတရား(၂)ခုကသာ ပြည်ထောင်စုကြီးကို ကာကွယ်စောင့်ရှောက်နိုင်မှာဖြစ်တယ်။

တစ်လပိုင်းအတွင်းအကြောင်းမပြန်ပါက ရွာ(၃၀)ကျော်မှဆန္ဒပြမည်

Posted: 06 Jan 2013 10:16 PM PST


ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်မှ အသိမ်းခံ လယ်ယာမြေများ အတွက် လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ လာရောက်စုံစမ်း စစ်ဆေးခဲ့သော်လည်း အကြောင်းပြန်ခြင်း မရှိသောကြောင့် ယခုလအတွင်း အကြောင်းမပြန်ပါက ကျေးရွာပေါင်း (၃၀)ကျော်မှ ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း နမ့်ဆီးအုပ်စု လင်းငေါက်ကျေးရွာမှ လယ်သမားအရေး ဆောင်ရွက်သူ တောင်သူဦးသိန်းထွန်းက မြန်မာ့ခေတ်သို့ ပြောကြားသည်။

အမှတ် (၉၀၅)ဟိုပုန်း ခြေလျင်တပ်ရင်းသည် ၂၀၀၄-၂၀၀၅ခုနှစ်တွင် အဆိုပါဒေသအတွင်း အမှတ်(၅) သမဏိစက်ရုံ တည်ဆောက်ရန် သိမ်းယူခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ခုနှစ် စက်တင်ဘာလတွင် ရှမ်းပြည်နယ်
တောင်ပိုင်း လယ်ယာမြေ စုံစမ်းရေးကော်မရှင်၊ မြေစာရင်းဦးစီးဌာန၊
စိုက်ပျိုးရေးဌာန၊ ရှမ်းပြည်နယ် ဝန်ကြီးအဖွဲ့များက သွားရောက်စုံစမ်း စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း မြေစာရင်းဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

"သူတို့လာကြည့်တာ ကိုးလပိုင်း အခု တစ်လပိုင်းရှိသွားပီ စာလာတာ အကြာင်းကြားတာ မရှိဘူး။ ကျွန်တော်လည်း ပြောတယ်။ စာမကျရင် ထပ်တင်မယ်လို့။ မကျရင်တော့ တောင်သူတွေကိုလည်း ပြောထားပီးသား ဆန္ဒထုတ်ဖော်မယ်လို့" ဟု ဦးသိန်းထွန်းက ပြောကြားသည်။

အမှတ်(၅) သံမဏိစက်ရုံက မြေသိမ်းစဉ် ကာလတွင် ဒေသဖွင့်ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ပေးမည်ဟု ဆိုသော်လည်း စာသင်ကျောင်းအားနှစ်ခန်းဆောက်ပေးခြင်း၊ မီးသွယ်တန်းပေးမည်ဟု ပြောထားသော်လည်းကျောင်းဆရာမ အိမ်အတွက် ဆိုလာပြား နှစ်ခုသာလှူဒါန်းခြင်း၊ကျေးရွာသောက်သုံး ရေကန်အတွက် လှူရာတွင်လည်း ဗိုလ်မှူးစိုးနိုင် အမည်ဖြင့် ငွေကျပ် နှစ်သိန်းရှစ်သောင်း လှူဒါန်းခြင်းသာ ရှိခဲ့ကြောင်း နမ့်ဆီးဒေသခံများထံမှသိရသည်။

"စုံစမ်းစစ်ဆေးရေးကလည်းဘာမှမလုပ်ပေးတဲ့အပြင်စက်ရုံထပ်တောက်ဖို့လွှတ်တော်မှာတင်ပြပီးဘတ်ဂျက်တောင် နောက်ထပ်
ထပ်တောင်းထားတယ်"ဟု ဒီမိုအဖွဲ့မှ ကိုဘိုကျော်က ပြောကြားသည်။

ယခုအခါယင်းဒေသမှ တောင်သူလယ်သမားများသည်လယ်ယာမြေစုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ပြန်လည်အကြောင်းကြားမှုအား စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။

အောင်သိုက် (မြန်မာ့ခေတ်)

ဝံပုလွေကြီးသုံးကောင်ကြား လိမ်မာပါးနပ်နိုင်မှ မြန်မာပြည် ကောင်းလိမ့်မယ်

Posted: 06 Jan 2013 06:12 AM PST

မျက်မှောက် မြန်မာ့ နိုင်ငံရေး အပြောင်း အလဲတွေနဲ့ ကမ္ဘာ့ ရေးရာနဲ့ဒေသတွင်း ပြဿနာ တွေကို မြန်မာ နိုင်ငံနဲ့ချိတ်ဆက် ရေးသားနေတဲ့ နာမည်ကျော် စာရေး ဆရာ ကျော်ဝင်းက အာရှပစိဖိတ် အကျပ် အတည်းနဲ့တရုတ် မြန်မာ
အမေရိကန် သုံးပွင့်ဆိုင် သံခင်း တမန်ခင်း ဆက်ဆံရေး အကြောင်းကို အစိုးရရော လူထု ကပါ စဉ်စား သင့်တဲ့ အကြောင်းတွေကို မနေ့က ရန်ကုန်မှာ ဟောပြောခဲ့ပါတယ်။

ရန်ကုန်ပစိဖိတ်ရဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေကို ကြည့်ရင် တရုတ်အတွက် အရေးကြီးတဲ့ သွင်းကုန် လမ်းကြောင်းရော၊ ပို့ကုန် လမ်းကြောင်းရောက ပစိဖိတ် ဒေသမှာ ရှိနေတယ်လို့ ဆရာ ကျော်ဝင်းက ဘီဘီစီကို ပြောပါတယ်။ဒါပေမယ့်လည်း ပစိဖိတ် ဒေသကို အမေရိကန် ရေတပ်က ချုပ်ကိုင် ထားတာ ဖြစ်တာကြောင့် တရုတ်ပြည် အတွက် မကောင်းတဲ့ အလားအလာ ဖြစ်တယ်လို့ဆိုပါတယ်။

ဒီအတွက် တရုတ်က ဒုတိယ ပင်လယ် ထွက်ပေါက် ရှာတဲ့အခါ မြန်မာပြည်က ပထဝီ အနေ အထား အရ အရေးပါလာတာ ဖြစ်ပါတယ်။အခု လောလောဆယ် အနေ အထားမှာ တရုတ်၊ အမေရိကန်၊ အိန္ဒိယ သုံးနိုင်ငံ စလုံးက မြန်မာ နိုင်ငံကို ဝိုင်းပြီး လူပျိုလှည့် နေတဲ့ အချိန် ဖြစ်တာ ကြောင့် မြန်မာ နိုင်ငံ အနေနဲ့တခု အားကိုးနဲ့ တခုကို ကန်လိုက် မယ်ဆိုရင် ရှုပ်ထွေး သွားလိမ့် မယ်လို့ ဆရာ ကျော်ဝင်းက သုံးသပ် ပါတယ်။

ဒါကြောင့်မို့ ဝံပုလွေကြီးသုံးကောင် ကြားမှာ လိမ်လိမ် မာမာ ပါးပါး နပ်နပ် သွားနိုင်မှ မြန်မာပြည် ကောင်းလိမ့်မယ်လို့ သူက ဆိုပါတယ်။မြန်မာ ပြည်က တရုတ် စီမံကိန်း တွေကို ကြည့်တဲ့ အခါမှာလည်း တိုင်းပြည် တိုးတက်ရေးနဲ့ သဘာဝ ပတ်ဝန်းကျင်၊ လူမှုဘဝ အကြား မထိ ခိုက်အောင် ချိန်ခွင်သျှာ မျှဖို့ လိုမယ်လို့ လည်း သူက ပြောပါတယ်။ကိုယ့်ရဲ့ နိုင်ငံ အကျိုးစီးပွား အတွက် တရုတ်ကို သတိ ကြီးကြီးထား ဆက်ဆံ ရမယ့် အိမ်နီးချင်း ဖြစ်ကြောင်း ကိုလည်း သူက ပြောကြား သွားပါတယ်။

ဘီဘီစီ
You are subscribed to email updates from Dawnmanhon( ဒေါင်းမာန်ဟုန်)
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

No comments:

Post a Comment