Friday 9 May 2014

သန်းခေါင်စာရင်း ဆက်လက်ကောက်ယူမှုတွင် ရိုဟင်ဂျာဟု ပြောပါက ထည့်သွင်းကောက်ယူမည် မဟုတ်သည့် ရပ်တည်ချက်ကို ပြောင်းလဲသွားမည်မဟုတ်
Published on: May 7, 2014
Written by: 
ဇင်ဘိုလွင်
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက သန်းခေါင်စာရင်း ကောက်ယူပြီးစီးမှုနှင့် ပတ်သက်၍ မေ ၇ ရက်က ရှင်းလင်းပြောကြားစဉ်
သန်းခေါင်စာရင်း ဆက်လက်ကောက်ယူမှုတွင် ရိုဟင်ဂျာဟု ပြောပါက ကောက်ယူမည်မဟုတ်သည့် ရပ်တည်ချက်ကို ပြောင်းလဲသွားမည် မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

မေ ၇ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့် သန်းခေါင်စာရင်းနှင့် နယူးယောက်ခရီးစဉ်အကြောင်း ရှင်းလင်းပွဲတွင် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ ဦးခင်ရီက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

သန်းခေါင်စာရင်းကောက် ကာလမှာ ဧပြီ ၁၀ ရက်တွင် ပြီးဆုံးသွားပြီ ဖြစ်သော်လည်း နည်းပညာပိုင်းဆိုင်ရာ ကြန့်ကြာမှုအတွက် အချိန်ရှစ်ပတ် ထပ်တိုးကောက်ခံနေခြင်းဖြစ်ပြီး လက်ရှိတွင် စာရင်းကောက်မရသည့် ဘင်္ဂါလီဒေသများသို့ လ၀က ညွှန်ကြားရေးမှူးချုပ် ဦးဆောင်ကာ အောက်ခြေအဆင့် ဘာသာရေးခေါင်းဆောင်များ၊ အဖွဲ့အစည်း ခေါင်းဆောင်များနှင့် သွားရောက်ညှိနှိုင်းခဲ့သော်လည်း အောင်မြင်မှု မရခဲ့ကြောင်း၊ ၎င်းနိုင်ငံခြား အစည်းအဝေး သွားတက်နေသည့် အချိန်တွင်လည်း ဒုတိယ၀န်ကြီး ဦးဆောင်သည့်အဖွဲ့က အဆိုပါဒေသများသို့ ကွင်းဆင်းညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး မအောင်မြင်ခဲ့ပြန်ကြောင်း၊ မေ ၉ ရက်တွင် ၎င်းကိုယ်တိုင် ရခိုင်ပြည်နယ်သို့ သွားရောက်မည်ဖြစ်ပြီး ယခုလ အတွင်းတွင်ပင် သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးနှင့် ညှိနှိုင်းကာ စာရင်းပြန်ကောက်နိုင်ရေး ကြိုးစားသွားမည်ဖြစ်ကြောင်း၊ ရိုဟင်ဂျာဆိုသည့် အမည်အတွက် ရပ်တည်ချက်ကိုမူ ပြောင်းလဲသွားမည် မဟုတ်ကြောင်း ၀န်ကြီးဦးခင်ရီက ပြောကြားသည်။
လ၀က၏ စာရင်းများအရ တစ်နိုင်ငံလုံးတွင် ဘင်္ဂါလီ ၁ ဒသမ ၃၃ သန်းရှိကြောင်း၊ ရခိုင်ပြည်နယ် တစ်ပြည်နယ်တည်းတွင်မူ ၁ ဒသမ ၀၅ သန်းရှိကြောင်း၊ ရခိုင်ပြည်နယ်တွင် ခရိုင်ငါးခု ရှိသည့်အနက် ခရိုင်နှစ်ခုမှ ဘင်္ဂါလီများက အကောက်ခံကြောင်း၊ ကျန်သည့်တိုင်းနှင့် ပြည်နယ်အားလုံးမှ ဘင်္ဂါလီအားလုံးကမူ ဘင်္ဂါလီအမည်ဖြင့်ပင် အားလုံးအကောက်ခံကြောင်း၊ မေလနောက်ဆုံးရက်အထိ ကြိုးစားကောက်ခံသွားမည်ဖြစ်ပြီး မရလျှင် ရပ်တန့်သွားမည်ဖြစ်ကြောင်းလည်း ၀န်ကြီးဦးခင်ရီက ပြောကြား . . . . .
"ရိုဟင်ဂျာဆိုတာ ကျွန်တော်တို့နိုင်ငံမှာ လက်ခံထားတာ မရှိတဲ့အတွက် ရိုဟင်ဂျာရဲ့ ရပ်တည်ချက်ကိုတော့ ပြောင်းမှာမဟုတ်ပါဘူး။ တစ်ဖက်ကလည်း ဘင်္ဂါလီလို့ ပြောရမှာ ခက်တယ်ဆိုရင် ဘင်္ဂါလီလို့ မပြောနဲ့။ ဒီဘက်ကလည်း ရိုဟင်ဂျာလို့ မပြောနဲ့။ လူမျိုးကိုမေးရင် မဖြေတဲ့နည်းနဲ့ လက်ခံပေးမယ်ဆိုရင်လည်း ကောက်ယူမယ်လို့ ကျွန်တော်တို့ ကြိုတင်ကြေညာပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ၀န်ကြီးဦးခင်ရီက ပြောကြားသည်။

ရခိုင်ဒေသတွင်ရှိသည့် ဘင်္ဂါလီ လူမျိုးများအတွက် သန်းခေါင်စာရင်း ကောက်ယူမှုကို နိုင်ငံတကာ ပညာရှင်များ၊ ပြည်တွင်းပညာရှင်များနှင့် ဆွေးနွေးချက်အရ ဆောင်ရွက်သင့်၊ ဆောင်ရွက်နိုင်သည့် နည်းလမ်းလေးခုရှိကြောင်း၊ နံပါတ်တစ်အချက်မှာ ဆက်မကောက်ဘဲ ဘယ်လောက်ကျန်သည်၊ ဘာကြောင့်ကျန်သည် ဆိုသည်ကို ထုတ်ပြန်ပြီး အဆုံးသတ်ခြင်းဖြစ်ကြောင်း၊ နံပါတ်နှစ်မှာ ရနိုင်သမျှ သတင်းရင်းမြစ်များဖြင့် ခန့်မှန်းလူဦးရေစာရင်း လုပ်ရန်ဖြစ်ပြီး ယင်းအတွက် ၎င်းတို့တွင် အချက်အလက်များ ရှိပြီးဖြစ်ကြောင်း၊ နံပါတ်သုံးမှာ ပဋိပက္ခ မဖြစ်အောင် ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းပြီး ဆက်ကောက်ခြင်းဖြစ်ကြောင်း၊ နံပါတ်လေးမှာ လူဦးရေစာရင်းကို အပြည့်မကောက်ဘဲ ၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်းခန့်သာ စစ်တမ်းအဖြစ် ကောက်ယူပြီး တွက်ချက်ခြင်းဖြစ်ကြောင်း ၀န်ကြီးဦးခင်ရီက ပြောကြားသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေနမ်ဘီးယား၏ ဘင်္ဂါလီများကို နိုင်ငံသားပေးရေး ပြောကြားမှုနှင့် ပတ်သက်၍ မေးမြန်းမှု အပေါ်တွင်လည်း ၀န်ကြီးဦးခင်ရီက အစည်းအဝေး တော်တော်များများတွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို နိုင်ငံသားအဖြစ် လုပ်ငန်းစဉ်ကို ဆောင်ရွက်ပေးပါဟု ပြောကြသည်များရှိကြောင်း၊ သို့သော် မည်သူက တိုက်တွန်းသည်ဖြစ်စေ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့် မညီညွတ်ပါက နိုင်ငံသားပေးသွားမည် မဟုတ်ကြောင်း ပြောကြားသည်။

လ၀က၏ စာရင်းများအရ တစ်နိုင်ငံလုံးတွင် ဘင်္ဂါလီ ၁ ဒသမ ၃၃ သန်းရှိကြောင်း၊ ရခိုင်ပြည်နယ် တစ်ပြည်နယ်တည်းတွင်မူ ၁ ဒသမ ၀၅ သန်းရှိကြောင်း၊ ရခိုင်ပြည်နယ်တွင် ခရိုင်ငါးခု ရှိသည့်အနက် ခရိုင်နှစ်ခုမှ ဘင်္ဂါလီများက အကောက်ခံကြောင်း၊ ကျန်သည့်တိုင်းနှင့် ပြည်နယ်အားလုံးမှ ဘင်္ဂါလီအားလုံးကမူ ဘင်္ဂါလီအမည်ဖြင့်ပင် အားလုံးအကောက်ခံကြောင်း၊ မေလနောက်ဆုံးရက်အထိ ကြိုးစားကောက်ခံသွားမည်ဖြစ်ပြီး မရလျှင် ရပ်တန့်သွားမည်ဖြစ်ကြောင်းလည်း ၀န်ကြီးဦးခင်ရီက ပြောကြားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်မှ ဘင်္ဂါလီများက လူမျိုးအမည် မထည့်ဘဲ သန်းခေါင်စာရင်း အကောက်ခံမှုများ ရှိနေပြီး ၎င်းတို့ကို မြန်မာနိုင်ငံအတွင်း နေထိုင်သည့် သာမန်လူများအဖြစ်သာ သတ်မှတ်ကောက်ခံကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောကြားထားသည်။




--
http://www.burmaburo.blogspot.com

No comments:

Post a Comment