Saturday 19 November 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန် အများသဘောတူ ဆုံးဖြတ်..

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန် အများသဘောတူ ဆုံးဖြတ်..

Posted: 18 Nov 2011 12:04 AM PST

ယနေ့ အမေစု အဖွဲ့ချုပ်သို့ ရောက်ရှိလာသည့် မြင်ကွင်း (AP)
ယနေ့ ကျင်းပသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်နှင့်တိုင်း CECနှင့် CC အစည်းအဝေးမှ ပါတီမှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန် အများသဘောတူ ဆုံးဖြတ်လိုက်ကြောင်း သိရှိရပါသည်...။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များ၏ ပါတီမှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန် သဘောထားကြေငြာချက်...

Posted: 17 Nov 2011 10:01 PM PST

"ဥပဒေက ဒီလိုပြဆိုတယ်... လက်တွေ့ဘ၀က ဒီလိုဖြစ်နေတယ်။ ကူညီပါရစေနှင့်တာဝန်ရှိသူများ ကူညီကြပါ" (တိုင်ကြားစာ)

Posted: 17 Nov 2011 02:06 PM PST

"ဥပဒေက ဒီလိုပြဆိုတယ်... လက်တွေ့ဘ၀က ဒီလိုဖြစ်နေတယ်။ 
ကူညီပါရစေနှင့်တာဝန်ရှိသူများ ကူညီကြပါ"

ပဲခူးမြို့၊ဥသာမြို့သစ်၊အမှတ်(၆)ရပ်ကွက်၊သမိန်ပရမ်းလမ်း၊အိမ်အမှတ်(၁၅၇)နေအိမ်တွင်ဖွင့်လှစ်ထားသော
အလှပြင်ဆိုင်တစ်ခုမှ ငွေကျပ်(၅)သိန်းအား သံသယဖြစ်ဖွယ် မြောက်ဥက္ကလာမှ အလုပ် လာရောက် အလုပ် လုပ်ကိုင်သူ အလုပ်သမတစ်ဦးမှ ခိုးယူသည့်အခြေအနေ ဖြစ်ပေါ်နေသဖြင့် ပဲခူးမြို့ အခင်းဖြစ်ပွားရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးထံ အသိပေးတိုင်ကြား၍ အလုပ်သမနေထိုင်ရာ မြောက်ဥက္ကလာပမြို့နယ်သို့ ပဲခူးမြို့၊ ဥသာမြို့သစ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးအပါအ၀င် ဆိုင်ရှင်များမှ ပြသာနာအား အငြိမ်းချမ်းဆုံး ဖြေရှင်းနိင်ရန် လာရောက်၍ သက်ဆိုင်ရာ လမ်းတာဝန်ခံ ရာအိမ်မှူးမှ တဆင့် အလုပ်သမ နေအိမ်သို့ သွားရောက်၍ တွေ့ဆုံဖြေရှင်းရန် ကြိုးစားသော်လည်း အလုပ်သမနှင့် မိသားစုမှ ထွက်တွေ့လက်ခံ ဖြေရှင်းချင်းမရှိသဖြင့် သက်ဆိုင်ရာ တာဝန်ရှိ ရပ်ကွက် အုပ်ချုပ်ရေးရုံး၊ မြို့နယ်ရဲစခန်း၊ မြို့နယ်အုပ်ချုပ်ရေးရုံးများသို့  လမ်းတာဝန်ခံ ရာအိမ်မှူးမှ ပြေလည်အောင်ဖြေရှင်းပေးနိင်ရန် ဖုန်းဆက် အသိပေး ခေါ်ဆိုခဲ့ပါသည်။ 

ထိုသို့ ခေါ်ဆိုခဲသော်လည်း မည်သည့်တာဝန်ရှိ လူပုဂ္ဂိုလ်များမှ လာရောက် ဖြေရှင်းပေးခဲ့ခြင်း မရှိသဖြင့် ပဲခူးမြို့မှ လိုက်ပါလာသော ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအ၀င် ဆိုင်ပိုင်ရှင်မိသားစုများနှင့် ရပ်ကွက်နေ ပြည်သူများမှ အလွန်ပင် စိတ်ပျက်ခဲ့ရကြောင်း သတင်းရေးသား ပေးပို့အပ်ပါသည်။

ဖြစ်စဉ်မှာ.... ပဲခူးမြို့၊ ဥသာမြို့သစ်(၆)ရပ်ကွက်၊ သမိန်ပရမ်းလမ်း၊ အိမ်အမှတ်(၁၅၇)တွင် မစုစုလှိုင် ပိုင်ဆိုင်သော ALPHODINE BEAUTY SALOON အလှပြင်ဆိုင် ဖွင့်လှစ်ထားခဲ့ရာ မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်၊ သုမာလာ(၆)လမ်း၊ အိမ်အမှတ်(၃၉၅)နေ မဥသြော(ခ) မအေးအေးသန့်မှ အလုပ်ဝင်ရောက် လုပ်ကိုင်နေခဲ့ရာမှ ၁၅.၁၁.၂၀၁၁ နေ့ညနေ(၅)နာရီအချိန်တွင် ဖခင်ဖြစ်သူ နေမကောင်းဟုဆိုကာ ပဲခူးမြို့အလုပ်မှနေ၍ မြောက်ဥက္ကလာသို့ ပြန်သွားခဲ့ပါသည်။ နောက်တစ်ရက် အကြာ၁၆.၁၁.၂၀၁၁တွင် ဆိုင်ရှင်ဖြစ်သူ မစုစုလှိုင်မှ ငွေထားရှိရာနေရာတွင် ခြေရာလက်ရာများ ပျက်ယွင်းနေသဖြင့် စစ်ဆေးကြည့်ရာ ငွေကျပ်(၅)သိန်း ပျောက်ဆုံးသွားသည်ကို သိရှိရပါသည်။

မစုစုလှိုင်မှ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးအား အကြောင်းကြား၍ အေးအေးဆေးဆေး ဖြေရှင်းပေစေလိုကြောင်း အသိပေး၍ ဆိုင်တွင် လာရောက် အလုပ်လုပ်ကိုင်သူ သံသယဖြစ်ဖွယ် မဥသြော(ခ) မအေးအေးသန့် နေထိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ လမ်းသို့ အခင်းဖြစ်ပွားခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအား အကူအညီတောင်း ခေါ်ယူ၍ ပြဿနာအား အငြိမ်းချမ်းဆုံး ဖြေရှင်းနိင်ရန် ၁၆.၁၁.၂၀၁၁ ည၉နာရီကျော်ခန့်တွင် ပဲခူးမြို့မှ ကားငှား၍ လိုက်ပါလာခဲ့ကြပါသည်...။ ည၁၀နာခွဲခန့်တွင် မြောက်ဥက္ကလာ၊ (၂)ရပ်ကွက်၊ သုမာလာ(၆)လမ်းသို့ ရောက်ရှိလာရာ လမ်းတာဝန်ခံ ရာအိမ်မှူးအိမ်သို့ ၀င်ရောက်၍ လမ်းတာဝန်ခံမှတဆင့် အလုပ်သမ မဥသြော နေအိမ်သို့ သွားရောက်၍ တွေ့ဆုံဖြေရှင်းနိင်ရန် အိမ်ရှေ့မှ အချိန်တော်တော်ကြာကြာ ခေါ်ယူခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မှအစတစ်စုံတစ်ရာ ပြန်လည်တုန့်ပြန်မှုမရှိသဖြင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးရုံး၊ သက်ဆိုင်ရာ ရဲကင်း၊ သက်ဆိုင်ရာမြို့နယ် ရဲစခန်း၊ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးများသို့ လမ်းတာဝန်ခံ ရာအိမ်မှူးမှ ဖုန်းဆက် အကူအညီတောင်း၍ ပြသာနာအား ဖြေရှင်းပေးနိင်ရန် အကြောင်းကြားဆက်သွယ် ပြောဆိုခဲ့ပါသည်။ 

သို့ပါသော်လည်း တာဝန်ရှိသည့် မည်သည့် လူပုဂ္ဂိုလ်များမှ လာရောက် ဖြေရှင်းပေးခဲ့ခြင်း မရှိသလို ရဲစခန်းမှ ရပ်ကွက်အုပ်ချုပ်ရေးသို့ ပြောစေရန်၊ ရပ်ကွက်အုပ်ချုပ်ရေးမှ ရဲစခန်းတွင် အမှုဖွင့်ရန်၊ မြိုနယ်အုပ်ချုပ်ရေးမှ နောက်ရက်မနက်မှ ပြန်လာတိုင်ကြားဖို့ ပြော၍ မြို့နယ် ရဲစခန်း တာဝန်ကျ တာဝန်မှူးမှလည်း လမ်းတာဝန်ခံ ရာအိမ်မှူးအား အဆင်ပြေသလို စောင့်ကြည့် ဖြေရှင်းပေးရန်နှင့် ပြသာနာတစ်စုံတစ်ရာ ဖြစ်လာလျှင်မူ ရဲစခန်းသို့ ဆက်သွယ် ပေးစေချင်ကြောင်းသာ တဦးကို တဦးဘောလုံးပုတ် တုန့်ပြန်ခဲ့ကြရာ ရပ်ဝေးမှ လိုက်ပါလာကာ ပြသာနာအား အကျဉ်းရုံး ဖြေရှင်းပေးနိင်ရန် လိုက်ပါလာခဲ့သော ပဲခူးမြို့၊ ဥသာမြို့သစ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများနှင့် ခိုးယူခံရသော မိသားစုများမှ ပြသာနာကြီးကြီးကျယ်ကျယ်ဖြစ်မှ ဖြေရှင်းပေးကြတော့မှာလားဟူသော စကားသံများနှင့် မကျေမနပ်ဖြင့် ပဲခူးရဲစခန်းတွင် အမှုဖွင့် တိုင်ကြားမည်ဖြစ်ကြောင်း ပြောဆိုကာ ပြန်သွားခဲ့ရပါသည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၅၆ တွင် နိင်ငံတော်သည် နိင်ငံသားများ၏ တရားဝင် ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိင်သောပစ္စည်း၊ မရွှေ့ပြောင်းနိင်သော ပစ္စည်းများနှင့် စပ်လျဉ်း၍ ဥပဒေအရ အကာအကွယ်ပေးရမည် ဟု အတိအလင်းဖော်ပြထားချက်မှာ လက်ရှိဖြစ်ပေါ် တွေ့ရှိနေရသော အခြေအနေများနှင့် ချိန်ထိုး တွေးကြည့်မည်ဆိုပါလျှင်....

မှတ်ချက်။ ။ယခုရေးသား တင်ပြအပ်သော သတင်းဖြစ်စဉ်နှင့် ပါတ်သက်၍ မေးမြန်း စုံစမ်းလိုပါလျှင်... ငွေကျပ်(၅)သိန်းခိုးယူခံရသူ မစုစုလှိုင်၏ဖုန်းနံပါတ်မှာ 052-30883 / 0943027762

ပဲခူးမြို့၊ ဥသာ(၆)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး၏ဖုန်းနံပါတ်မှာ 0943027997 ဖြစ်ပြီး

မြောက်ဥက္ကလာ၊(၂)ရပ်ကွက် ရာအိမ်မှူးဆက်သွယ် အကူအညီတောင်း ပြောဆိုခဲ့သော မြို့နယ်ရဲစခန်း ဖုန်းနံပါတ်များမှာ 699384 / 699395 များဖြစ်ပါသောကြောင့် သိရှိလိုသည်များ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

တရားဥပဒေသည် ပြဠာန်းချက်စာအုပ်များမှ နိင်ငံတော်နှင့် နိုင်ငံသားတို့ထံတွင် စိမ့်ဝင်သက်ရောက် တည်တံ့မှုများ အမြန်ဆုံး ဖြစ်ပေါ်တိုးတက်ပါစေ.....။

ကျောင်းသားလူငယ် ၀လုံး

ခြေစုံပစ်ထောက်ခံရမယ့် အချိန် (ဆောင်းပါးရှင် ဝေမော်)

Posted: 17 Nov 2011 12:34 PM PST

ခြေစုံပစ်ထောက်ခံရမယ့် အချိန်
  (ဆောင်းပါးရှင် ဝေမော်)
by Wai Maw (Facebook) on Tuesday, November 15, 2011 at 8:26pm

ကိုဇာဂနာ လိုင်းကြောင်သွားပြီ။ ဒေါ်အောင်ဆန်းစုကြည် အသုံးချခံနေရပြီလို့ ရေးနေပြောနေတာတွေ မြင်ရကြားရတော့ တကယ့်ကို စိတ်မကောင်းဖြစ်စရာပါ..။ အညှာတာမဲ့ဆုံး အသုံးအနှုန်းကတော့ NLD ပါတီမှတ်ပုံတင်ရင် ဒေါ်အောင်ဆန်းစုကြည် နွားဖြစ်သွားမယ် ဆိုတဲ့ ဒေါက်တာခင်စိန်ရဲ့ ရေးသားချက်ပါပဲ။ သူတို့ဘာကြောင့်များ ဒီလောက်ပြင်းထန် နေကြတာလဲ။ ဒီထက်ပိုပြီး လက်တွေ့ကျတဲ့ နည်းလမ်းကို လက်ဆုပ် လက်ကိုင်ရှိနေကြပြီလား။

ကိုယ်ခံယူထားတာနဲ့ မကိုက်ညီလို့ ဆန့်ကျင်တာဆိုရင်တော့ ကိုယ့်ဒေါသနဲ့ ကိုယ်ပေါ့လေ။ မြန်မာ့နိုင်ငံရေးမှာ အဆုံးအဖြတ်ပေးမယ့် အချိုးအကွေ့တစ်ခု ရောက်ပြီဆိုရင် ကွဲကြပြဲကြနဲ့ ဒိုင်စားခံရတာတွေလည်း များလှပါပြီ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုဇာဂနာ နှစ်ဦးစလုံးက ရိုးသားဖြူစင်တယ်။ ပြည်သူလူထုအတွက် စွန့်လွှတ် အနစ်နာခံမှုတွေကလည်း အများကြီး။ ဒီတော့ ပြည်သူလူထုကလည်း သူတို့နှစ်ဦးကို ယုံကြည်တယ်။ ထောက်ခံတယ်။ သူတို့ဘေးမှာ ၀န်းရံပေးဖို့လည်း အဆင်သင့်ပါပဲ။

အရှိန်သြဇာအရရော ဂုဏ်သိက္ခာအရပါ အားကြီးသူတွေဆိုတော့ ဆင်သွားရင် လမ်းဖြစ်တာပေါ့ဗျာ။ သူတို့ဘာပဲ လုပ်လုပ် လှုပ်ခတ်မှုကြီးမားမှာပဲ။ ဒေါ်စုနဲ့ အစိုးရခေါင်းဆောင်တွေ ဆွေးနွေးနေတယ်။ ဒေါ်စုကို ထောက်ခံ ၀န်းရံတယ်ဆိုတာနဲ့ အစိုးရကို ထောက်ခံတယ်ဆိုပြီး ကောက်ချက်ဆွဲလို့မရပါဘူး။ အစိုးရနဲ့ဒေါ်စု တွေ့ဆုံဆွေးနွေးရာမှာ ဒေါ်စုဘက်က ပြည်သူလူထုရှိတယ်။ အဲဒီပြည်သူလူထုက ပြောင်းလဲမှုကို ဦးတည်နေပါတယ်ဆိုတဲ့ ခြေလှမ်းတွေကို ထောက်ခံကြိုဆိုတာ။ နောက်ပြန်ဆုတ်သွားမှာကို မလိုလားဘူး။ အစိုးရဘက်က တိုးတက်မှု အရွေ့တစ်ခုကို ဖော်ဆောင် မပေးနိုင်ဘူးဆိုရင် အစိုးရကို တွန်းရွှေ့ပစ်ဖို့ ဒေါ်စုမှာ အားရှိတယ်ဆိုတာကို လက်တွေ့မြင်အောင် ပြထားဖို့ပါပဲ။
ဒီနေရာမှာ ကိုဇာဂနာလို ပြည်သူချစ်တဲ့ အနုပညာသမား တစ်ယောက် ပါဝင်အားဖြည့်လာတော့ အင်အားက အတိုင်းထက်အလွန် ဖြစ်သွားတာပေါ့ဗျာ..။ ကျနော်ကတော့ သူတို့နှစ်ယောက်လုံးကို အပြည့်အ၀ထောက်ခံပါတယ်။ ဖြစ်နိုင်ရင် သူတို့ကို ထောက်ခံတယ်ဆိုတဲ့ အသံက အစိုးရ ခေါင်းဆောင်တွေရဲ့ နားဝမှာ မိုးကြိုးပစ်သလို ဆောင့်ဝင်သွားအောင် လုပ်ပစ်ကြရမှာ။  ထောက်ခံတယ် ဆိုတာက အပေးအယူလုပ်ပြီး စေ့စပ်ညှိနှိုင်း ဆောင်ရွက်နိုင်ဖို့ မီးစိမ်းပြတဲ့ သဘောပဲရှိတာ။ အရှုံးပေးတာ နည်းနည်းလေးမှ မဟုတ်ဘူး။

ခုချိန်မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ၊ အင်အားစုကြီးတွေ၊ အဖွဲ့အစည်းကြီးတွေက မြန်မာပြည်အရေးကို အလေးထား အာရုံစိုက်နေချိန် ဖြစ်သလို အစိုးရဖက်ကလည်း ရှေ့ခရီးဆက်ဖို့ အခက်တွေ့နေချိန်။ သူတို့ကိုထွက် ပေါက်ပေးနိုင်မယ့် အင်အားကြီး မိတ်ဖက်ကို အမိဖမ်းဖို့ကြိုးစားနေချိန်၊ ဒီအချိန်မှာ အပြောင်းအလဲ တစ်ခုကို ရွေ့ဖို့လမ်းဆုံလမ်းခွကို ရောက်လာတဲ့အချိန်ဖြစ်နေတာပါ။ 

အကောင်းဘက်ကိုဦးတည်နိုင်မလား အဆိုးဘက်ကို ပြန်ကျမလား တွန်းအားပေါ်မှာ မူတည်ပါလိမ့်မယ်။ အာရပ်ကမ္ဘာနဲ့ အရှေ့အလယ်ပိုင်းပြဿနာတွေမှာ အမေရိကန်နဲ့တရုတ် ရေရှည်ဘယ်သူ့ကို အဓိက အားထား နိုင်သလဲ ဆိုတဲ့အဖြေ ရှင်းရှင်းကြီးပေါ်လွင်သွားပါပြီ။ မြန်မာပြည်အရေးမှာတော့ အာရပ်နွေဦးနဲ့ ကွဲပြားတဲ့ ကကွက်ဆန်းတစ်ခု.. အစိုးရနဲ့ အတိုက်အခံ ပူးတွဲချန်ပီယံ ဆွတ်ခူးနိုင်ဖို့ Super power တွေက ပြင်ဆင် ဆောင်ရွက်နေပါတယ်။ ကျနော်ယုံကြည်တာကတော့ အစိုးရနောက်မှာ စစ်တပ်ရှိတယ်ဆိုတာ မသေချာပါဘူး။ ဒါပေမယ့် ဒေါ်စု ခေါင်း ဆောင်မှုနောက်မှာ ပြည်သူလူထုရှိနေတာကတော့ အသေအချာပါပဲ။ ဒေါ်စုနဲ့ပြည်သူလူထု တစ်သားတည်း ရှိနေတဲ့အားက စစ်တန်းလျားကို လှုပ်နှိုးမှာလည်း အသေအချာပါပဲ။

ဒီပွဲမှာ အစိုးရဖက်က ကလီကမာလုပ် လာရင် စစ်တပ်ထဲမှာကို အဖြူအမဲ ကွဲပြားရတော့မယ့် အခြေအနေပါ။ သူနေအိမ်အကျယ်ချုပ်က ပြန်လည်လွတ်မြောက်လာတဲ့ ၁ နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က "ပျော့ပြောင်းတဲ့ နည်းလမ်းဆိုတာ ပျော့ညံ့မှု မဟုတ်ဘူး" လို့ပြောသွားတာ သတိပြုစရာပါ။ ပျော့ပြောင်းပေမယ့် ခိုင်မာတောင့်တင်းတဲ့ သံမဏိကြိုးလို စိတ်ဓာတ်ပိုင်ရှင်တွေအတွက် သမိုင်းစာမျက်နှာတွေ ဘယ်တော့မှ မကုန်နိုင်ပါ။ အသင့်တော်ဆုံး နည်းလမ်းကို ရွေးချယ်လျှောက်လှမ်းနေတဲ့ ဒေါ်စုကို ယုံကြည်ပါတယ်။ မြန်မာပြည်ရဲ့ နယ်လ်ဆင် မင်ဒဲလား ဖြစ်စေချင်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည် အောင်မြင်ပါစေ….

ဝေမော်
၁၅ နိုဝင်ဘာ ၂၀၁၁

ဗြိတိန်ဝန်ကြီး၏ ထောက်ကြံ့စစ်သင်္ချိုင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲနှင့် လာမည့်လေးနှစ်တာ အတွင်း ဗြိတိန်နိုင်ငံမှ ပေါင်စတာလင် ၁၈၅သန်း ကူညီထောက်ပံ့ ပေးအပ်သွားမည့် အစီအစဉ်.. ကြေငြာချက်၊

Posted: 17 Nov 2011 11:18 AM PST

မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ ဗြိတိသျှပါလီမန်အမတ် အစိုးရအဖွဲ့ဝင်ဝန်ကြီးနှင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန၀န်ကြီး H.E. Mr.Andrew John Bower Mitchello သည် ယနေ့ ညနေ ၅ နာရီခန့်က ရန်ကုန်၊ ထောက်ကြံ့စစ်သင်္ချိုင်းတွင် ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးသွားခဲ့သည့် မဟာမိတ်စစ်သားများအား ရည်စူး၍ လွမ်းသူပန်းခွေ ချခဲ့ပြီး သတင်းစာရှင်းလင်း ပွဲ ပြုလုပ်ခဲ့ပါသည်။

သတင်း... ဇော်တူး
သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံ၊ ဇော်တူး..
လာမည့်လေးနှစ်တာ အတွင်း ဗြိတိန်နိုင်ငံမှ ပေါင်စတာလင် ၁၈၅သန်းနှင့် ညီမျှသည့် အမေရိကန်ဒေါ်လာ သန်း(၃၀၀)ပေးအပ်သွားမည့် အစီအစဉ်.. ကြေငြာချက်..
ကျန်းမာရေး၊ ပညာရေး အစရှိသည်တို့ ပါဝင်သည့် ဗြိတိန်နိုင်ငံ အစိုးရ၏ အဆိုပါကူညီ ထောက်ပံ့မှုများအား ကုလသမဂ္ဂ၊ နိုင်ငံတကာနှင့် ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ရပ်ရွာ အုပ်စုများမှတစ်ဆင့် ပေးအပ်သွားမည်ဖြစ်သည်..။

မင်္ဂလာရက်မြတ်အမေ့အိမ်...

Posted: 17 Nov 2011 11:03 AM PST

မင်္ဂလာရက်မြတ်အမေ့အိမ်

ဒီကနေ့ (၁၇.၁၁.၂၀၁၁) မနက်( ၁၀း၀၀)နာရီ မှာ အမေ့အိမ်(လှိုင်သာယာ) ပညာဒါန ကျောင်းလေးဆီသို့ သားတို့၊ သမီးတို့ချစ်တဲ့ အမေစုနဲ့အတူ International Development of UK မှ ၀န်ကြီး Mr.Andrew J.B Mitchellနဲ့ UK သံအမတ်ကြီး ဦးဆောင်သော အဖွဲ့ဝင်များ လာရောက် လေ့လာခဲ့ကြပြီး အမေ့အိမ်မှ ကလေးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား မိဘများနှင့်သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြပါတယ်။ လာရောက်ကြိုဆို အားပေးကြသော ပြည်သူ လူထု ပရိသတ်ကြီး နှင့်လည်း ရင်းနှီး နွေးထွေးစွာနှုတ်ဆက်စကားပြောခဲ့ကြပါတယ်။

UK ၀န်ကြီး Mr.Andrew J.B Mitchell အဖွဲ့ဝင်များဟာ (၁၄) ရပ်ကွက် အတွင်းရှိ ရက်ကွက်သူ ရပ်ကွက်သားတို့၏  လူနေမူဘ၀များအား ကိုယ်တိုင်ကိုယ်ကျ လှဲ့လည်၊ ကြည့်ရူ လေ့လာသွားခဲ့ပါတယ်။

အမေစုနဲ့ UK ၀န်ကြီးရဲ့ခရီးစဉ်ဟာ အမေ့အိမ်ပညာရေး ကွန်ယက်၏ ကြိုးပမ်းဆောင်ရွက်မူရဲ့ သမိုင်းမှတ်တိုင် တစ်တိုင် စိုက်ထူနိုင်တဲ့ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော နေ့တစ်နေ့ပါပဲ။

ကလေးများရဲ့  အနာဂါတ်ပညာရေးအပေါ် များစွာ အထောက်အကူ ဖြစ်လိမ့်မည်ဟု ၀မ်းမြောက်ပီတိ ဖြစ်မိပါသည်။ အာလုံးဝမ်းသာ ကြည်နူးနိုင်ရန် မျှဝေလိုက်ပါသည်။

လေးစားစွာဖြင့်
ကိုငယ်(၀၉ ၅၁၆၂၀၆၀)
အမေ့အိမ်ပညာရေးကော်မတီ
လှိုင်သာယာ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိသျှပါလီမန်အမတ် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန၀န်ကြီး အင်ဒရူး မစ်ချယ်တို့ အမေ့အိမ် (အခမဲ့) ပညာဒါနကျောင်းသို့ သွားရောက်လေ့လာကြည့်ရှု..

Posted: 17 Nov 2011 10:47 AM PST

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ အမေ့အိမ် (အခမဲ့) ပညာဒါနကျောင်းသို့ ယနေ့ ၁၇ ရက်နေ့ နိုဝင်ဘာလ ၂၀၁၁ ခုနှစ် နံနက် ၁၀နာရီဝန်းကျင်ခန့်တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိသျှပါလီမန်အမတ် အစိုးရအဖွဲ့ဝင်နှင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန၀န်ကြီး အင်ဒရူး မစ်ချယ်တို့မှ သွားရောက် လေ့လာခဲ့ကြပါသည်။ 

ထိုသို့ သွားရောက် လေ့လာရာ၌ အမေ့အိမ် ပညာသင်ကျောင်းသို့ လာရောက်ကြသည့် လူထုပရိသတ်ကြီးအား မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိသျှပါလီမန်အမတ် အစိုးရအဖွဲ့ဝင်နှင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန၀န်ကြီးတို့မှ နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားခဲ့ကြပါသည်...။ လုံခြုံရေးအတွက် NLD လူငယ်နှင့် လှိုင်သာယာမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ယူခဲ့ကြပါသည်။
ဓာတ်ပုံ၊ သတင်း။...။ ခမိခဆဲ၊ ဒီမိုကောင်းကင်၊ ဒီမိုဝေယံ

ဓာတ်ပုံများ ထပ်မံ့ကြည့်ရှု လိုပါက.. https://picasaweb.google.com/109255525006943086316/AmaySuuBritishMintsterVisitAmayEain
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment