Thursday 19 January 2012








Posted: 18 Jan 2012 11:02 AM PST
မပြောချင်ပဲပြောရအုံးမယ်…. အပိုင်း(၃)
ဆောင်းပါးရှင် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

စာရေးသူအနေနဲ့ ကဗျာတွေ၊ ဆောင်းပါးတွေ အများကြီး ရေးသားဖြန့်ဝေ ခဲ့ပါတယ်။ ဒါပေမဲ့ မရေးချင်ဆုံး အကြောင်းအရာ တခုကိုပြောပါဆိုရင် အခုရေးနေရတဲ့ မဟာသံဃာနာယက ဆရာတော်ကြီးများ အကြောင်းပဲ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံ ကိုယ့်သာသနာရဲ့ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအကြောင်းကို စာရေးသူ အပါအ၀င် မည်သူမဆို အကောင်းကိုသာ ပြောချင်၊ ရေးချင်ကြပေမည်။ ဒါကြောင့်လည်း မဟန ဆရာတော်ကြီးများရဲ့ မကောင်းတာတွေကို အများကြီး တွေ့ခဲ့မြင်ခဲ့ကြ ပေမယ့် အောင့်အီးသည်း ခံရေငုံနှုတ် ပိတ်ကာ နေခဲ့ကြသည်မှာ ကာလတွေပင် အတော်ကြာခဲ့ကြပါပြီ။ မပြောချင်လို့ မပြောပဲ နေခဲ့တာကို မဟန ဆရာတော်တွေသည် ပိုမိုအတင့်ရဲ ဆိုးဝါးလာခဲ့သည်။ မပြောလေ ပိုဆိုးလေ ဖြစ်လာခဲ့သည်။

သူတို့သည် ယခု ရန်ဗုဒ္ဓတက္ကသိုလ်၊ သာဓုပရိယတ္တိစာသင် တိုက်ကြီး၏ ပဓာနနာယက ဆရာတော် ဦးပညာသီဟအား မတရားအမိန့်များ ထုတ်ပြန်လာခဲ့သည်။ ဆရာတော်အပါ အ၀င်သံဃာတော်များနှင့် ဒါယိကာ၊ ဒါယိကာမအပေါင်း နှစ်သောင်းကျော်က လက်မှတ်များရေးထိုးပြီး အသနားစာတင်ကာ လျှောက်ထားခဲ့သော်လည်း မဟာသံဃာ့နာယက ဆရာတော်ကြီးများသည် သံဃာတော်များမျက်နှာ၊ ဒါယကာ ဒါယိကာမများ မျက်နှာ သာသနာ့မျက်နှာ ဘယ်သူ့မျက်နှာကိုမှ မထောက်ပဲ န အ ဖ ဗိုလ်ချုပ်ကြီးများ၏ မျက်နှာ တစ်ခုတည်းကို ထောက်ကာ မိမိအာဏာ တည်မြဲရေးအတွက် အသနားခံစာကို လုံးဝပယ်ချခဲ့သည်မှာ မဟာအမှားကြီး တစ်ရပ်ဖြစ်ပေသည်။

စာရေးသူ ရေးပြပြောပြချင် နေခဲ့သည်မှာ ၁၉၉၈ ခုနှစ် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ကမ္ဘာအေး ၊ ရန်ကုန်)ကို တက်ရောက် ပညာသင်ကြားခွင့် ရချိန်ကပင် ဖြစ်ပါသည်။ မဟန ဆရာတော်ကြီးများနဲ့ အနီးကပ် ကမ္ဘာအေးကုန်းမြေ တစ်ခုတည်းမှာ အတူတူ နေခွင့်ရခဲ့တာမို့ ကောင်းကောင်းကြီး သိရှိခဲ့ပါသည်။ စာရေးသူ ပြောပြခဲ့သလို မဟန ဆရာတော်ကြီးများ အကြောင်း ရေးမယ်လို့ ကလောင်တံကို ကိုင်လိုက်တိုင်း မကောင်းပါဘူးလေ ဆိုပြီး ပြန်ချထားလိုက်တာ အခုချိန်ထိပါပဲ ဆိုရင် မမှားပါဘူး။ အခုတော့နောက်ဆုံး သည်းခံနိုင်မှုစွမ်းရည် ကျော်လွန်သွားပြီမို့ စာရေးသူအပါအ၀င် ၀ိုင်းဝန်း ရေးနေကြတာ အင်တာနက် စာမျက်နှာတွေမှာ ပလူပျံနေပါပြီ။

မိမိသိထားတဲ့ မဟနဆရာ တော်ကြီးများရဲ့ အမှားတွေကို ချမပြရင် နောင်ဒါတွေကိုပင် အမှန်ထင်ပြီး ဆက်လျှောက်နေကြမည်ဆိုလျှင် သာသာနာ တော်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတွေ ဖြစ်ကြလိမ့်မည်။ ဒါကြောင့် မရေးချင်မပြောချင်ပဲ ဆက်လက် ရေးသားဖြန့်ဝေ ပေးနေရခြင်း ဖြစ်ပါသည်။ သာသနာ့တက္ကသိုလ်သို့ တက်ရောက် ပညာသင်ကြားနေသော သံဃာတော်များသည် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ခေါင်းဆောင်ကြီးများကို ငြိမ်းချမ်းရေးတရားများ ဟောပြနိုင်ရမည်ဆိုတဲ့ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်ရဲ့ ကြီးမားတဲ့ ရည်ရွယ်ချက် လမ်းစဉ်ကိုကြိုက်လို့ ၁၉၉၈ ခုနှစ်မှာ ၀င်ခွင့်စာမေး ပွဲဝင်ရောက် ဖြေဆိုခဲ့ပါသည်။ ပထမကြီးတန်း အောင်ပြီးသား ဓမ္မာစရိယတန်း သံဃာတော်အပါး တစ်ထောင်ကျော် ၀င်ရောက် ဖြေဆိုရာ အပါး ၇၀ကိုသာ လက်ခံခဲ့ပါသည်။ သံဃာတော်တွေသည် အဆင့်မြင့် ပညာရပ်တွေကို စိတ်ဝင်စားကြသည် သင်ချင်ကြသည် သို့သော် အဆင့်မြင့်ပညာရပ်တွေကို သင်ပေးနိုင်သော တက္ကသိုလ်ကြီးများ လုံလောက်အောင် ဖွင့်မပေးနိုင်ခဲ့သည့် အတွက်သံဃာတော်များ ရသင့်ရထိုက်သော အခွင့်အရေးများ ဆုံးရှုံးနေကြရပါသည်။ ထိုအခွင့်ရေးများ ရရှိကြပါစေဆိုပြီး ရည်ရွယ်ကာ ဆရာကြီးဦးမြင့်ဆွေ (မဟာဝိဇ္ဖာ၊ လန်ဒန်)သည် မန္တလေးမြို့ရှိ ထင်ရှား ကျော်ကြားသော ဆရာတော်ကြီးများကို တိုင်ပင်ဆွေးနွေးသြ၀ါဒခံယူကာ ပထမဦးစွာ ဗုဒ္ဓတက္ကသိုလ်ကြီးကို
မန္တလေးမှာ စတင်ဖွင့်လှစ်ခဲ့ပါသည်။ ရန်ကုန်မှာ ဆက်လက်ဖွင့်ဖို့ ကြိုးစားခဲ့သော် လည်း နေရာရှာလို့ မရသည့် အခက်အခဲကြောင့် မဖွင့်နိုင်ခဲ့ပါ။ နောက်ဆုံး ရွှေည၀ါဆရာတော် ဦးပညာသီဟနှင့် တွေ့ကာ တိုင်ပင် ဆွေးနွေးပြီး ဗုဒ္ဓတက္ကသိုလ်ကြီးကို ဆရာတော်ရဲ့ သာဓုပရိယတ္တိ စာသင်တိုက်ကြီးမှာ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ဗုဒ္ဓတက္ကသိုလ်ကြီးကို ဖွင့်လှစ်သင်ကြား ပေးနိုင်ခဲ့သည်အတွက် အရည်အချင်း ပြည့်ဝသော သံဃာတော် အများအပြား နှစ်စဉ် မွေးထုတ်ပေးနိုင်ခဲ့သည်မှာ ယနေ့ အိန္ဒိယနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ နိုင်ငံတကာအသီးသီးမှာ ဆက်လက်ပညာ သင်ကြားနိုင်ပြီး တရားဓမ္မများ ဆက်လက်ဖြန့်ဝေ သာသနာပြုနိုင် နေကြသည်မှာ အများအသိပင်ဖြစ်ပေသည်။

သို့ပါသော်လည်း မဟန ဆရာတော်ကြီးများသည် ထိုအချင်းအရာများကို မထောက်ထားပဲ မိမိအာဏာ တန်ခိုးပါဝါ တစ်ခုတည်းကို ကြည့်ကာ ထင်သလို ဆုံးဖြတ်ချက်ချနေသည်မှာ အင်မတန် ၀မ်းနည်းစရာ ကောင်းလှပါသည်။ မဟန ဆရာတော်ကြီးများသည် သာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး)ကို ဆက်လက် ဖွင့်ခွင့် ပေးထားသည်မှာ သူတို့ထင်သလို အမိန့်ပေး၍ ရနေသေးလို့ ဖြစ်ပါသည်။ သူတို့ထင်သလို အမိန့်ပေး၍ မရပါက ထိုတက္ကသိုလ်ကြီးများကိုလည်း ပိတ်လာနိုင်စရာ အကြောင်းရှိပါသည်။ ဒါကို မဟနဆရာတော်ကြီးများ ဘယ်လိုချုပ်ကိုင် ချယ်လှယ်နေကြသည် ဆိုတာကို စာရေးသူ သာသနာ့တက္ကသိုလ် တက်စဉ်က အတွေ့အကြုံများကို ပြန်လည်မျှဝေ အသိပေး ပြောကြားလိုပါသည်။ ထိုအကြောင်းအရာများသည် စာရေးသူကဲ့သို့ တက္ကသိုလ်ကို တက်ခဲ့သူတိုင်း ပြောချင်နေသော အကြောင်းအရာများ ဖြစ်သည်ဆိုတာ ယုံကြည်ပြီးသား ဖြစ်ပါသည်။

တချို့က သာသနာ့တက္ကသိုလ်မှာ အဆင့်မြင့်ပညာရပ်တွေကို လွတ်လပ်စွာ သင်ကြားခွင့်ရနေကြပြီဟု ထင် ကြပါလိမ့်မည်။ ဒါကို သာသနာ့တက္ကသိုလ်မှာ ပညာသင်ကြားခွင့် ရသွားသူတိုင်းကို မေးကြည့်ရင် သိနိုင်ပါသည်။ သာသနာ့ တက္ကသိုလ်ကြီးမှာ ပညာသင်ကြားခွင့် ရနေကြသော သံဃာတော်များ အခြေအနေ ဘယ်လိုရှိပါသလဲ။ သူတို့ တတွေကော လွတ်လွတ်လပ်လပ် ပညာသင်ကြားခွင့် ရကြပါသလားဆိုရင် လုံးဝမရပါ။ တနိုင်ငံလုံး သံဃာတော်တွေကို ၀င်ခွင့်ဖြေခိုင်းပြီး စိတ်တိုင်းကျ ခေါ်ယူ ဖျက်ဆီး နေခြင်းသာဖြစ်ပါသည်။ သာသနာ့ တက္ကသိုလ်ကြီးသို့ တကယ်တော်သော ထက်မြက်သော သံဃာတော်များ အများအပြား ရောက်ရှိလာပါသည်။ သို့သော် ဘာမှပြောခွင့်၊ ပြုခွင့်၊ လုပ်ခွင့် မရပါ။ သံဃာ့အခွင့် အရေးများအတွက်ပြောခဲ့ ပြုခဲ့လုပ်ခဲ့ ကြိုးစားခဲ့ကြသော သံဃာတော်များ ထောင်ကျခဲ့ကြသည်။ ကျောင်းထုတ် ခံခဲ့ကြရသည်။ ဆရာတော် ဦးတိလောကာဘိဝံသ (ရွာမပရိယတ္တိ စာသင်တိုက် ပဓာန နာယက)ဆိုရင် သာသနာ့တက္ကသိုလ်မှာ ပါမောက္ခအဖြစ် တာဝန်ထမ်း ဆောင်စဉ်ကပင် ၁၉၉၀ ပြည့် ပတ္တနိကုက္ကုဇ္ဇန သပိတ်မှောက်ပွဲမှာ အဖမ်းခံခဲ့ရသည်။

စာရေးသူတို့ မရောက်ခင်ကပင် သာသနာ့တက္ကသိုလ်မှာ ပြဿနာပေါင်း မြောက်များစွာ တက်ခဲ့သည်။ သာသနာ့ တက္ကသိုလ်ကြီးကို အရင်က မင်းကွန်းဆရာတော်ကြီး ဦးဝိစိတ္တာဘိဝံသ၏ တပည့်များ ဖြစ်ကြသည့် (တိပိဌကနိကာယ)အဖွဲ့က ဝေယျာဝစ္စပြု ဆောင်ရွက်ကြသည်။ ထိုစဉ်က သာသနာ့ တက္ကသိုလ်ကြီးသို့ ဆွမ်းကပ်ချင်ပါက ဆွမ်းကပ်မည့် အလှူရှင် စာရင်းများ ပြည့်နေသည့်အတွက် တစ်နှစ်ကြိုတင် စာရင်း ယူရသည်။ သည့်နောက်ပိုင်း ဝေယျာဝစ္စ ဆွမ်းကပ်ရာဌာနသို့ နအဖ စစ် ဗိုလ်များ ရောက်ရှိလာသည် အရင် ဆရာတော်ကြီး၏ တပည့်များကို တက္ကသိုလ်မှ မောင်းထုတ်ခဲ့သည်။ ထိုသူတို့ အစစအရာရာ လက်ဝါးကြီး အုပ်လာသည်။ အလှူရှင်များထံမှ ပိုက်ဆံများ သူတို့ထံအပ်နှံရသည် ခိုးယူ ဖြတ်စားကြသည်။ သံဃာတော်များအား ဆွမ်းကောင်းကောင်း မကပ်ကြတော့။ ဒါကိုသိသွားသော အလှူရှင်များသည် ဆွမ်းလာ မကပ်ကြတော့ပါ။

မသိ၍ လာကပ်သူများ ထံမှလည်း ခိုးယူမြဲခိုးယူ နေကြသည် ဒါကိုသိပေမဲ့ ပါမောက္ခ ဆရာတော်များ မဟန ဆရာတော်ကြီးများသည် ရေငုံနှုတ်ပိတ် နေခဲ့ကြသည်။ ထိုဗိုလ်မှူးများသည် သံဃာတော်များအား ဆွမ်းကပ်ရန်ဆိုပြီး တိုင်းပြည်ဘဏ္ဍာ ငွေထဲမှ အမြဲထုတ်ယူကာ သံဃာတော်များအ တွက်နည်းနည်းသုံးကာ သူတို့အတွက် ထင်သလို သုံးနေကြသည်။ သံဃာ တော်များကို ကောင်းကောင်း ဆွမ်းမကပ်ကြ၊ တခါတလေ ဟင်းတွေက သိုးစော်နံနေသည်။ အကြိမ်များလာသောအခါ သည်းမခံနိုင်သော သံဃာတော်တချို့က ထိုအကြောင်း အရာများကို နံရံကပ် စာဆောင်များဖြင့် ရေးသား ဖြန့်ဝေခဲ့ကြသည်။ ဒါကိုသိသွားသော ဗိုလ်မှုးများသည် ဦးအံ့မောင်နှင့်ပေါင်းကာ ခေါင်းဆောင်သံဃာအချို့ကို ခဏဆိုပြီး ရုံးကိုခေါ်သွားကာ ထောင်ချပစ်ခဲ့သည်။ ကျန်သံဃာတော်များကိုပါ ဆက်လက်ဖမ်းဆီးဖို့ ကြိုးစားလာခဲ့သည်။ ဒါကို ပါမောက္ခများ မဟန ဆရာတော်ကြီးများက လုံးဝကာကွယ်မပေးခဲ့ကြပါ။ 

သို့သော် ကံကောင်းသည်မှာ တက္ကသိုလ် ကထိက နှစ်ဖက်လှ ဆရာကြီး ဦးကျော်လွင်မှ သူတာဝန်ယူပါသည်။ ဒါဟာနိုင်ငံတော် ပုံကန်မှု မဟုတ်ပါ၊ တက္ကသိုလ် ကျောင်းတွင်းဖြစ်တဲ့ ပြဿနာ ဖြစ်ပါသည် သူဖြေရှင်းပါမည် ဟုဆိုကာ သံဃာတော်များကို နောင်မလုပ်ပါဘူး လက်မှတ် ရေးထိုးခိုင်းကာ မဖမ်းရန် မေတ္တာရပ်ခဲ့ရပါသည်။ ကျန်သံဃာတော်များ ဆက်လက် အဖမ်းမခံ ရသော်လည်း ဒီလိုပြောရင် ဒီလိုအဖမ်းခံ ရမည်ဆိုတာကို သိသွားကြတော့ ထိုဗိုလ်မှုးများ ဘယ်လောက်ဆိုးဆိုး ဘယ်လောက် ခိုးခိုးသိကြပေမဲ့ မပြောရဲကြတော့ပေ။ အင်မတန် ၀မ်းနည်းစရာ ကောင်းလှပါသည်။ ဒါကိုမကျေနပ်သော တော်သော ထက်မြတ်သော သံဃာတော်များ တက္ကသိုလ်မှ မထွက်ချင်ပဲ ထွက်သွားကြရသည်။

တက္ကသိုလ်ထဲမှာ မလိုလားအပ်ပဲ တချက်လွတ် အမိန့်တွေကို ပြင်းထန်စွာ ချထားခဲ့သည်။ ဒါကို စာချကထိက ဆရာကြီးဦးရဲအောင်မှ ပြောပြလို့ သိခဲ့ရပါသည်။ ဆရာကြီးသည် သူ့ရဲ့စာသင်ချိန် တစ်ချိန်သည် အပြင်မှာ အစည်းအဝေးနှင့် တိုက်နေသည့် အတွက် သံဃာတော်များကို တောင်းပန်ကာ လွတ်နေသော အချိန်တစ်ချိန်တွင် အကြောင်းကြားကာ ၀င်ရောက်သင်ကြား ပေးခဲ့သည်။ ဒါကိုတချို့ သံဃာတော်များ မသိလိုက်သည့် အတွက် သူတို့ရဲ့ အဆောင် အသီးသီးတွင် အနားယူနေကြသည်။ ထိုအချိန် မော်ကွန်းထိန်း ဆရာတော်မှ စာသင်ခန်းသို့ ၀င်ရောက်စစ်ကာ သင်တန်းလာ မတက်သော သံဃာတော် ငါးပါးကို ကျောင်းမှ ထုတ်ပစ်လိုက်သည်။ ဆရာကြီးက ဒါဟာသင်တန်းချိန် မဟုတ်ကြောင်း အပိုချိန်သင်တာ ဖြစ်ကြောင်း မှားစရာရှိရင် သူအမှားသာ ဖြစ်ကြောင်း မည်သို့ပင် ရှင်းပြ၊ ရှင်းပြ လုံးဝလက်မခံပဲ တချက်လွတ်အမိန့်ဖြင့် ကျောင်းထုတ် ပစ်ခဲ့ပါသည်။ သံဃာတော်ငါးပါးသည် သုံးနှစ်လုံး လုံးကြိုးစားကာ စာတွေသင်ခဲ့ရပြီး ဘာမဟုတ်သည့် အချက် လေးတချက်ဖြင့် ကျောင်းထုတ် ခံခဲ့ကြရသည်။ မ ဟ န ဆရာတော်ကြီး များသည် သူတို့ခိုင်းလို့ရမည့် သူများကိုသာ မော်ကွန်းထိန်းခန့်ခြင်း၊ ပေါမောက္ခ၊ ဒုပါမောက္ခ စသည်ရာထူးများပေးကာ ထင်သလို ချုပ်ကိုင်နေကြသည်မှာ အင်မတန်ဝမ်းနည်း စရာကောင်း လှပေသည်။

သံဃာ့မဟာနာယက ဆရာတော်ကြီးများ အကြောင်းကို အပိုင်းလိုက် ဆက်လက်ရေးသား ဖေါ်ပြပါမည်။
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

မှတ်ချက်။ ။သံဃာမဟာနာယကများ သတင်းနဲ့ ပတ်သက်ပြီး ခိုင်လုံသော အထောက်အထားများ ရှိပါက စာရေးသူထံ အကြံပေး ပြောကြားပေးပါရန် မေတ္တာရပ်ပါသည်။ kingzero969@gmail.com


You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 6061

No comments:

Post a Comment