Wednesday 18 January 2012


ပျော်ရွှင်ခြင်း၊ နွေးထွေးခြင်းတို့ဖြင့် ပြည့်နေသော အိမ် (သို့) ဒီငြိမ်လင်းမိသားစုနှင့်တွေ့ဆုံခြင်း
မေသင်္ကြန်ဟိန်(ရွှေမြစ်မခ)
by Myit Makha Mediagroup on 18 Jan, 2012

ခုချိန်မှာ မြန်မာပြည်မှာ အပျော်ဆုံး မိန်းမတယောက်ဆိုရင်တော့ ဒီငြိမ်းလင်းရဲ့အမေ၊ ၈၈မျိုးဆက်ကျောင်းသားကိုဇော်ဇော်မင်းရဲ့ ဇနီး ဒေါ်ဋ္ဌေးဋ္ဌေးဝင်းပဲ ဖြစ်ပါလိမ့်မယ်။
`အမျိုးသားလည်း လွတ်မယ်၊ သားဒီငြိမ်းလဲ ပါတယ်လို့ သိရော အမလေ ဘာမှ မလုပ်နိုင်တော့ဘူး။ သားရှိရာ မုံရွာထောင်ကိုပဲ ပြေးခေါ်ရမလား၊ အမျိုးသားရှိရာ တောင်ငူထောင် ဆီကိုပဲ ပြေးသွားရမလား ဆိုပြီး မလုပ်တတ်မကိုင်တတ်တွေတောင်ဖြစ်တယ်။ ဘာမှလည်း မမြင်တော့ဘူး။ ပျော်လွန်းလို့ တညလုံးလည်း အိပ်မရ ။ မနက်ကြတော့လည်း အစောကြီးပဲကားဂိတ်ကို ပြေးတော့တာပဲ.`လို့ဝမ်းသာအားရပြောနေတဲ့ မမဋ္ဌေးရဲ့အပျော်ဟာ ကျမရင်ထဲကိုပါ ကူးစက်ခဲ့ပါပြီ။
လွန်ခဲ့တဲ့လတွေကတင် ခင်ပွန်းနဲ့သားရှိရာ   ထောင်တွေကို တလှည့်စီကူးရင်း သောကတွေနဲ့ ညှိုးငယ်နေတဲ့ အမဟာ ဒီနေ့မှာတော့ လန်းဆန်းတက်ကြွစွာ လှပနေပြီး တချိန်လုံး ပြုံးရယ်နေပါတော့တယ်။
`အမအရမ်း ပျော်နေတယ်၊ လှနေတယ်နော်`လို့  အမကို ချစ်စနိုးစမိပါတယ်။
`အောင်မလေး ပျော်တာမှ မပြောနဲ့ ညီမရေ အမမှာ ၁၃ ရက်နေ့ကတည်းက ပျော်နေတဲ့အပျော်က ခုချိန်ထိ ပျော်နေတုန်း ပျော်လွန်းလို့ ထမင်းတောင် မစားနိုင်ဘူး ထမင်းမစားနိုင်လို့လည်း လူက ဘာမှမဖြစ်ဘူး၊ခုဟာက ပျော်တာ သားတို့သူ့အဖေတို့တင် လွတ်လာလို့မဟုတ်ဘူး သူတို့မိတ်ဆွေတွေ ၈၈ တွေရော သားဒီငြိမ်းလင်းရဲ့သူငယ်ချင်းတွေရော အကုန်လွတ်ကြတာကိုး အဲဒါကြောင့်`လို့ အမက မမောနိုင်မပန်းနိုင် ရှင်းပြပါတယ်။
မမဋ္ဌေးက ခင်ပွန်းဖြစ်သူကို တောင်ငူ ထောင်ဗူးဝအထိ သွားရောက်ကြိုခဲ့ပြီး သားဖြစ်သူနဲ့အဆက်အသွယ်ရတော့သားက မုံရွာထောင်ကိုလာမကြိုနဲ့တော့ အိမ်ကပဲ သားကိုစောင့်ပါလို့ မှာခဲ့ကြောင်းး ပြောပါတယ်။
` သိတယ်မဟုတ်လား  ပြောတော့ ပါးစပ်ကသာ သား၊ သားလို့ ပြောတာ သွားကြိုတော့ သိတယ်မဟုတ်လား`လို့ အမေ့ပုခုံးကို ဖက်ရင်း ဒီငြိမ်းလင်းက အမေဖြစ်သူကို ချစ်စနိုး နောက်ပြောင်နေပါတယ်။
မမဋ္ဌေးက သားဖြစ်သူရဲ့ညာဘက်ပါးကို လက်ဖ၀ါးလေးနဲ့ လှမ်းပွတ်သပ်ရင်း `မင်းလာမကြိုနဲ့ဆိုလို့ အမေက လာမကြိုဖြစ်တာပါကွာ၊ ငါ့သားကြီးကို အမေက လာမကြိုချင်ပဲ နေပါ့မလား`လို့ ပြောပြီး သားကို နမ်းပါတယ်။
အရင်တုန်းကလို ဖြူဖျော့ဖျော့နဲ့ ညိုးနေတတ်တဲ့ အမရဲ့မျက်ဝန်းတွေက ခုချိန်မှာတော့ ပျော်ရွှင်ခြင်းနဲ့ မေတ္တာတရားတွေပြည့်လျှံပြီး စင်ကြယ်တောက်ပနေပါတယ်။ အသားဖြူတဲ့အတွက် ပါးပြင်နှစ်ဖက်ဟာလည်း အရင်လို ဖြူဖျော့ဖျော့ဖြစ်မနေဘဲ ပန်းနုရောင်ပြေပြေလေး သန်းယှက်နေတာပါ။
မဋ္ဌေးက သားဖြစ်သူနဲ့ခင်ပွန်းဖြစ်သူရဲ့ လွတ်မြောက်မှုအတွက်သာမက ကျန်နိုင်ငံရေးအကျဉ်းသားတွေရဲ့လွတ်မြောက်မှုအတွက်ပါ ၀မ်းသာပျော်ရွင်နေသူဖြစ်ပါတယ်။
ကိုဇော်ဇော်မင်းကို ကြိုပြီးတဲ့နောက်မှ အခြားနိုင်ငံရေးအကျဉ်းသားတွေ ပြန်လာမဲ့ ကားဂိတ်နဲ့ လေဆိပ်ကိုလည်း အပြေးအလွှားလေးသွားကြိုခဲ့တဲ့သူပါ။
အင်းစိန်၊အောင်ဆန်း၊ စိန်ရတနာလမ်းက နှစ်ထပ်အိမ်လေးမှာ သားနဲ့ခင်ပွန်းရှိနေတဲ့အတွက် ၀မ်းသာပျော်ရွှင်နေတဲ့ ဒေါ်ဋ္ဌေးဋ္ဌေးဝင်းကို သားကြီးဖြစ်သူ ဒီငြိမ်းလင်းကလည်း ချစ်ခင်စွာ စနောက်နေရင်း မိသားစုတတွေ ပျော်ရွင်နေကြတာပါ။
ဇနီးနဲ့သားတယောက်ကို တယောက်ချစ်ခင်စွာ နောက်ပြောင်နေတာကို ငေးကြည့်ရင်း ကျေနပ်ပီတိဖြစ်နေသူကတော့ ကိုဇော်ဇော်မင်းပါ။ ထောင်ထဲမှာ နေရတဲ့ဒဏ်ကြောင့်အသည်းမကောင်းတော့တဲ့ ကိုဇော်ဇော်မင်းက သားနဲ့ဇနီးမျက်နှာကို တစိမ့်စိမ့်ကြည့်လိုက် သူတို့ ပြောဆိုတာတွေကို နားထောင်လိုက်နဲ့ စိတ်အေးချမ်းစွာနဲ့ ကျေနပ်နေပုံရပါတယ်။
ဦးဇော်ဇော်မင်း ဟာ  အီလက်ထရောနစ် အက်ဥပဒေ ၃၃/က နဲ့ ၄ မှု့ အသင်းအဖွဲ့ (၆) နဲ့က တစ်မှု့ အီလက်ထရောနစ်က တစ်မှု့ကို (၁၅)နှစ် အားလုံးပေါင်း (၆၅)နှစ်ကျခံခဲ့ရတာပါ။
အဲဒီပုဒ်မတွေ ပြစ်ဒဏ်တွေအပေါ်မှာရောဘယ်လိုမြင်ပါသလဲ လို့ ကျမ မေးမြန်းမိခဲ့ပါတယ်။
`]အမှန်တော့ အီလက်ထရောနစ်ပုဒ်မဆိုတာ လက်ရှိအချိန်မှာ လုံးဝမရှိသင့်တော့တဲ့ ပုဒ်မပါ။ အသင်းအဖွဲ့ (၆) ကလည်းတရားဝင်အသင်းဖွဲ့စည်းခွင့်တွေ ပေးနေပြီဆိုတဲ့အခါမှာသူလည်း မရှိသင့်တော့တဲ့ ပုဒ်မပါပဲ`လို့ကိုဇော်ဇော်မင်းက ဖြေပါတယ်။
စကားပြောနည်းတဲ့သားနှစ်ယောက်ကို အရိပ်တကြည့်ကြည့်နဲ့ ဇနီးသည်ကို တစိမ့်စိမ့်ငေးကြည့်နေတတ်တဲ့ ကိုဇော်ဇော်မင်းကို ကျန်းမာရေးနဲ့ပတ်သက်ပြီး ကျမ မေးမြန်းမိပါတယ်။
`အသည်းကတော့ ထောင်ထဲမှာ ထိခဲ့တာဆိုတော့ သိပ်မကောင်းဘူး။ အစားအသောက်နဲ့ အနေအထိုင်ကြောင့်လို့ ပြောရမယ်ထင်တယ်၊ အထဲမှာဖြစ်တုန်းကလည်း ဆေးဝါးကုသမှု ရခဲ့ပေမဲ့ ဆေးဝါးမလုံလောက်တာတွေကြောင့် သေချာတော့မကုခဲ့ရသေးဘူး၊ ထောင်တွေထဲမှာ
ဆေးဝါးကုသမှု ပိုင်းကို အများကြီး လုပ်ဖို့ လိုသေးတယ်။ အစားအသောက်နဲ့အနေအထိုင်ကတော့ အရင်တုန်းကထက် စာရင် အများကြီး ကောင်းလာပါတယ်။ ၂၀၀၉ ခုနှစ်လောက်စပြီး တဖြည်းဖြည်းနဲ့ ကောင်းလာတယ်။ဒါကလည်း ကိုယ်ကျတဲ့ ထောင်ပေါ်မှာ မူတည်မယ်ထင်တယ်။ ထောင်မှူးကောင်းရင် ကောင်းသလို အကျဉ်းသားတွေ နေရထိုင်ရတာကောင်းပါတယ်။ ဒါပေမဲ့ အကျဉ်းထောင်တွေမှာတော့ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းကတော်တော်လေး လိုနေသေးတယ်`လို့ ကိုဇော်ဇော်မင်းက ကျန်းမာရေးနဲ့ပတ်သက်ပြီး ပြောပါတယ်။
ကိုဇော်ဇော်မင်းဟာ၈၈မျိုးဆက်ကျောင်းသား တဦးဖြစ်သလို၊ ဖခင်ဖြစ်သူ ဦးစောဝင်းကလည်း NLD အဖွဲ့ဝင် ၁၉၉၀ေ၇ွးကောက်ပွဲမှ မကွေးတိုင်း ကနေ အနိုင်ရခဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပါ။
`အဖေက ၁၉၉၈ မှာ သာယာဝတီထောင်ထဲမှာ ဆုံးသွားပါတယ်။ ထောင်ကနေ ဆုံးပြီလို့ပဲ အကြောင်းကြားပေးတယ်၊ မိသားစုက သဂြိုလ်ခွင့်လည်းမရလိုက်ဘူး၊ ဘာကြောင့်ဆုံးတယ်ဆိုတာလည်း မသိလိုက်ရဘူး`လို့ ကိုဇော်ဇော်မင်းက အိမ်ဦးခန်းထိတ်မှာ ချိတ်ထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖခင်ဖြစ်သူရဲ့ဓါတ်ပုံကိုငေးကြည့်ရင်း ပြောပါတယ်။
ကိုဇော်ဇော်မင်းအနေနဲ့ ကျန်းမာရေးအရင်လို မကောင်းတော့ပေမဲ့ နိုင်ငံရေးကိုတော့ ဆက်လုပ်သွားဦးမှာဖြစ်ကြောင်း၊ ၈၈မျိုးဆက်ကျောင်းသားဖြစ်တဲ့အတွက် အဖွဲ့နဲ့တိုင်ပင်ပြီးမှ ဘယ်လိုဆက်လျက်ရပ်တည်သွားမယ်ဆိုတာကို ပြောနိုင်မှာဖြစ်ကြောင်း ပြောပါတယ်။
၂၀၁၂ ခုနှစ်ဇန်န၀ါရီလ ၁၂ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲလို့ ကျမမေးလိုက်တော့ကိုဇော်ဇော်မင်းက အစိုးရအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ခြေလှမ်းစလိုက်ပြီ လို့ မြင်ကြောင်း ပြောဆိုပါတယ်။
သူ့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ထာဝရ ငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက်ဖို့လည်း တိုက်တွန်းချင်ကြောင်း ပြောဆိုပါတယ်။
အဖိုးက ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အဖေက ၈၈မျိုးဆက်ကျောင်းသား နိုင်ငံရေးသမား ဖြစ်တဲ့ ဒီဲငြိမ်းလင်းကလည်း ရဲရဲတောက် ဗ.က.သ   (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်)အဖွဲ့ဝင် ကျောင်းသားခေါင်းဆောင်
တယောက်ဖြစ်လာခဲ့ပါတယ်။
ဒီငြိမ်းလင်းက ၂၀၀၇ ခုနှစ်၊ ရွှေဝါရောင်တော်လှန်ရေး မတိုင်ခင်ကတည်းကကျောင်းသားဘ၀နဲ့ နိုင်ငံရေးလောကကို ရောက်ခဲ့တာပါ။ ၂၀၀၇၊ ရွှေဝါရောင်တော်လှန်ရေးမှာတော့ သင်္ယာတော်တွေကို နှိမ်နင်းရာမှာ အကြမ်းဖက်နည်းလမ်းကိုသုံးခဲ့တဲ့အတွက် မခံမရပ်နိုင်ဖြစ်ခဲ့ရာကနေ ပါဝင်ဆောင်ရွက်ရင်း ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၅ နှစ်ခွဲ ကျမှတ်ခံခဲ့ရခြင်းဖြစ်ပါတယ်။ ဒီငြိမ်းလင်း အပါအ၀င် ရွှေဝါရောင်တော်လှန်ရေးမှာပါဝင်ခဲ့တဲ့ ဗ.က.သ တွေ ကိုစွဲချက်တင်ခဲ့တာကလည်း နိုင်ငံတော်ပုဒ်မတွေနဲ့မဟုတ်ဘဲ ရာဇ၀တ်ပုဒ်မတွေနဲ့ ဖြစ်တာ တွေ့ခဲ့ရပါတယ်။
ဒီငြိမ်းလင်းကိုလည်း ၅၀၅ ခ၊ ၁၄၇၊ ၁၄၃၊ ၁၄၅ ၊၂၉၅ စတဲ့ပုဒ်မတွေနဲ့ ထောင်ဒဏ် ၁၅ နှစ်နဲ့ ၆ လ အပြစ်ပေးခြင်းခံခဲ့ရတာပါ။
အဖမ်းဆီးမခံရစဉ် ၂၀၀၇ ခုနှစ်တုန်းက ဒီငြိမ်းလင်းဟာ ဘူမိဗေဒကျောင်းသားတယောက်ပါ။
ရွေဝါရောင်တော်လှန်ရေးမှာပါဝင်ခဲ့တဲ့ အတွက် ခုလို အပြစ်ပေးခံခဲ့ရခြင်းဟာ ကျောင်းသားများအတွက် နစ်နာလှကြောင်း ကျောင်းသားခေါင်းဆောင် ဒီငြိမ်းလင်းက ပြောပါတယ်။
`ဒီလိုပုဒ်မတွေနဲ့ အပြစ်ပေးခြင်းခံရတဲ့အတွက် ကျွန်တော်တို့ ကျောင်းသားတွေ အနေနဲ့ အများကြီးနစ်နာပါတယ်။ စစ်မှန်တဲ့ တရားစီရင်ရေး ဥပဒေမရှိဘူးဆိုတာပေါ်လွင်တယ်။ တကယ်ဆို အဲဒီပုဒ်မတွေနဲ့ စွဲပိုင်ခွင့်မရှိဘူး။လွတ်လပ်စွာ အသင်းဖွဲ့ပိုင်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ စည်းရုံးခွင့်၊ လွတ်လပ်မှု့ပေါင်းများစွာရှိတယ်။ အဲဒီမှု ၀ါဒနဲ့ပဲ ကျွန်တော်တို့ သွားတယ်။ သို့သော်လည်း တရားစီရင်ရေး စနစ်မှာ အထက်က အမိန့်တွေနဲ့ပဲ ဥပဒေ အထက်မှာ ဘယ်သူမှ မရှိဘူးဆိုပြီး အမည်ခံသာရှိပေမယ့် အထက်က အမိန့်တွေ ညွှန်ကြားခြင်းတွေနဲ့ပဲ ထောင်ကျခြင်း ခံခဲ့ရတယ်။ ကျောင်းသားတွေအနေနဲ့ ပညာရေးဆုံရှုံးတယ်။ လူမှု့ရေးဆုံရှုံးတယ်။ စီးပွားရေးဆိုင်ရာဆုံးရှုံးတာတွေအများကြီးရှိခဲ့တယ်။ ဒါတွေအတွက်ကို ကျွန်တော်တို့ အချိန်အများကြီးယူပြီး ပြန်လည်တည်ဆောက်ရဦးမှာ ဖြစ်တယ်။ ကျနော်တို့အနေနဲ့ ကျောင်းတွေ ပြန်တက်ခွင့်ရအောင်လည်း ကြိုးစားရဦးမှာပါ`လို့ ဒီငြိမ်းလင်းက ပြောပါတယ်။
ဆက်လျက်ပြီးတော့ ဒီငြိမ်းလင်းက အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့မြန်မြန်လုပ်သင့်ပြီ ဖြစ်ကြောင်း တိုက်တွန်းပြောဆိုပါတယ်။
`ပြောရမယ်ဆိုရင် အစောကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေဆုံဆွေးနွေးတာတွေလုပ်သင့် တယ်။ အခုမှသာ မတတ်နိုင်တဲ့ အဆုံးလိုက်လျောမှု့တွေလုပ် လာတယ်။ ကျွန်တော်တို့ကိုရွှေးပြီးတော့ လွှတ်ပေးတယ်။ အမှန်တော့ ရွေးပြီးလွှတ်ပေးတာထက်စာလို့ရှိရင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ဆိုပိုကောင်းမယ်။ ဒါ့အပြင်  ပြည်ပရောက်နေတဲ့ နိုင်ငံသားတွေ အမိ မြန်မာနိုင်ငံရဲ့ ရင်ကိုခိုလှုံခွင့်ပေးရမယ်။ တိကျတဲ့ကြော်ငြာချက်တွေ ထုတ်ပြီး ပြောဆိုရပါမယ်။ ဒါမှလည်း  ကွဲကွာနေတဲ့မိသားစုတွေ ပြန်ဆုံခွင့်ရမယ်။ ဒီမိုကရေစီ တိုင်းပြည်တခု ထူထောင်ရာမှ အားလုံးပါဝင်နိုင်မယ်၊ နောက်တချက်က ငြိမ်းချမ်းရေး ရဖို့အတွက်လည်း မြန်မြန်ဆန်ဆန်ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်`
မျက်နှာသွယ်သွယ်၊ အသားလတ်လတ်နဲ့ ခပ်ပိန်ပိန်သေးသေးသွယ်သွယ် ကောင်လေး တယောက်ရဲ့ ပါးစပ်ကနေ ရဲရဲတောက် နိုင်ငံရေးစကားတွေ အံကျလာတာဟာ မျိုးရိုးဗီဇကြောင့်လည်း ပါသလို၊ သူကိုယ်တိုင်မြင်တွေ့ခံစားနေရတာတွေ စနစ်ဆိုးအောက်မှာ ဘ၀ဖြတ်သန်းခဲ့ရှင်သန်ခဲ့ရတာတွေကြောင့်လို့ ကျမတော့ မြင်မိပါတယ်။
`ကျနော်က ထောင်ထဲ ၄ နှစ်လောက်ဝင်လိုက်ရတော့ ပိုသိလာရတယ်။ ကျနော် မြန်မာ့နိုင်ငံရေးကို ဆက်လုပ်သွားမယ်၊ ပြည်သူတွေအတွက် မားမားမတ်မတ်နဲ့ အမြဲ ရပ်တည်သွားမယ်၊ ပြည်သူတွေအတွက်  ကျနော့ဘ၀ကိုကို ပေးဆပ်မြှုပ်နှံ ထားပါတယ်`လို့ အဲဒီလို အသက် ၂၃ နှစ်ဝန်းကျင်အရွယ်   ဒီငြိမ်းလင်းက ပြောပြပါတယ်။
ခုလို မျိုးဆက် ၂ ဆက်လုံး နိုင်ငံရေးနိုးကြွားစွာ ပါဝင်ခဲ့လွတ်ငြိမ်းချမ်းသာခွင့်ကိုတော့ ဒေါ်ဋ္ဌေးဋ္ဌေးဝင်းက ကျေးဇူးတင်ကြောင်းလည်း ပြောဆိုပါတယ်။
`ဘာကြောင့်ပဲ ဖြစ်ဖြစ် ခုလို လွတ်ပေးတာကိုကျေးဇူးတင်ပါတယ်။ လွတ်ပေးဖို့အမြဲတောင်းဆိုပေးနေတဲ့သူတွေရော ညီမတို့လို မီဒီယာတွေရောအားလုံးကို အမက ကျေးဇူးတင်တယ်`လို့ ပြောပါတယ်။
ရှေ့ဆက်ပြီးတော့လည်း သူတို့သားအဖနှစ်ယောက်နိုင်ငံရေးဆက်လုပ်နိုင်အောင် အမအနေနဲ့ ရှင်သန်သွားရဦးမယ်လို့လည်း မမဋ္ဌေးက ပြောပါတယ်။
သူတို့အိမ်ကလေးကတော့ သားအဖနှစ်ယောက်ရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေနဲ့
နှစ်အတန်ကြာအောင် တိတ်ဆိတ်ငြိမ်သက်နေရာကနေ ခုချိန်မှာတော့ မိသားစု စုံလင်စွာနဲ့ ပျော်ရွင်ခြင်း၊ သာယာခြင်း၊ နွေးထွေးခြင်းတွေနဲ့လွှမ်းခြုံထားတဲ့ အိမ်ကလေး ဖြစ်နေတာကို ၀မ်းသာပီတိဖြစ်စွာနဲ့ငေးကြည့်ရင်းကျမ ပြန်လာခဲ့ပါတော့တယ်။

No comments:

Post a Comment