Wednesday 18 January 2012

ဒေါင်းများလွတ်တဲ့နေ့

by Kgmalay Yat KgkaLayy on Friday, January 13, 2012 at 9:05am

မြေကြီးထဲကပတ္တမြား
လက်ချည်းသက်သက်တူးတော့
သူတို့လက်တွေ
ပေါက်ပြဲခဲ့ကြရဖူးတယ် ၊

ပိတ်ထားတဲ့သံတခါး
ခေါင်းနဲ့ဆောင့်တော့
ဦးရေပြားက
သွေးစိမ်းရှင်ရှင်ထွက်ခဲ့ရဖူးတယ် ၊

ကောင်းကင်ကိုမော့
ရင်ကော့အော်တော့
အမှောင်တိုက်ထဲ
သူတို့ခြေထောက်တွေ
လျှောက်ခဲ့ရဖူးတယ် ၊

တကယ်တော့
အမြင်တူတူမတူတူ
အယူမရှိ
အပေးသက်သက်
သူလိုဘယ်သူ
အသက်တရက်ရှင်ဖူးမလဲ

အယူအဆ
ဘယ်လောက်များများ
နှစ်ပေါင်းနှစ်ဆယ်
သံတိုင်တွေအောက်
သူလိုအခေါက်ခေါက်
ဘယ်သူလျှောက်ဖူးမလဲ ၊

အခုတကြိမ်ပြန်လည်နိုးထ
သူတို့လက်တွေ
ပေါင်းစည်းနိုင်ကြပြီ

သူလိုငါလို
နေရောင်ခြည်အောက်
သူတို့လမ်းလျှောက်နိုင်ကြပြီ

သူလိုငါလို
အိမ်အပြန်လမ်း
မိဘမောင်ဘွားတွေနဲ့
အရင်လိုနမ်းရှုံ့နိုင်ကြပြီ

ဝမ်းသာပါတယ်
ဘယ်တော့မှအတောင်မညောင်းနိုင်ပဲ
လွတ်လပ်ခြင်းအတွက်ပျံသန်း
သူတို့ရဲ့နှတ်ခမ်းတွေ
အရင်လို ရဲရဲနီတုန်းပဲ ။   ။



အမျိုးလည်းမတော်ပါဘူး 88ကျောင်းသားအဆက်လည်းမဟုတ်ပါဘူး။ဒါပေမဲ့လွတ်တယ်ကြားတဲ့အခါ
ကြက်သီးထအောင်ဝမ်းသာပေးမိပါတယ် ။လူသားတယောက်အနေနဲ့
လွတ်လပ်ခြင်းအတွက်တိုက်ပွဲဝင်ရင်း နှစ်တော်တော်များများ ထောင်ထဲပေးဆပ်ဖို့ဆိုတာမလွယ်ပါဘူး။
အခုအချိန်ကျနော့်ကိုလုပ်မလားမေးရင် ကျနော်မလုပ်ရဲပါဘူး။အမှန်ပါပဲ။အမြင်တူသူတွေရှိသလိုမတူသူတွေရှိမှာပါ
ပေးဆပ်ခြင်းသက်သက်ကို လေးစားမိပါတယ်။အကိုကျော်သူပြောသလိုပါပဲ.။ ဘဝမှာကိုယ့်မိသားစုအတွက်သက်သက်
အသက်ရှင်နေရတာအဓိပ္ပါယ်မရှိပါဘူးဆို ကျနော်တို့တွေကခုထိအဓိပ္ပါယ်ကင်းမဲ့နေပါတယ်။သူတို့ကိုအမြင်မတူတဲ့လူတွေ
ကဝေဖန်ပါလိမ့်မယ်။ကျနော်တို့က သူတို့ရဲ့လုပ်နိုင်တဲ့စွမ်းရည်နဲ့ပေးဆပ်ရဲတဲ့စိတ်ဓာတ်ကိုလေးစားမိတာပါ။ရေခြားမြေခြားကနေ
နိုင်ငံရေးအတွက်လုပ်ပြီး ပြန်လာနိုင်တဲ့လူတွေအတွက်လည်းဝမ်းသာပါတယ် ၊ဒါပေမဲ့ အကျဉ်းထောင်ထဲကလူတွေလွတ်သလိုတော့
ကြက်သီးထသည်လောက်ထိ ဝမ်းမသာမိပါဘူး၊

ခုလိုလွတ်မြောက်လာတာ အကိုတွေနဲ့ထပ်တူဝမ်းသာပါတယ်။ခေါင်းဆောင်ကောင်းများပေါ်ထွက်လို့
တညီတညွတ်စည်းလုံးနိုင်ကြပါစေ ၊ကာယကံရှင်အကိုမင်းကိုနိုင်ဓာတ်ပုံခွင့်မတောင်းပဲယူသုံးမိလို့ဒီကပဲဖတ်မိခဲ့ရင်
တောင်းပန်လိုက်ပါတယ်။အကိုတို့အကုန်လွတ်မြောက်ခြင်းမှလွပ်လပ်ခြင်းစစ်စစ်များပိုင်ဆိုင်နိုင်ကြပါစေ။

ဆုတောင်းလျက်
ကောင်မလေးရဲ့ကောင်ကလေး
(လွတ်မြောက်ခြင်းအမှတ်တရနေ့)


(Facebook  မှကူးယူဖေါ်ပြပါသည်)

No comments:

Post a Comment