Tuesday 6 March 2012

စာနာနားလည်နိုင်တဲ့ စိတ်နှလုံးပိုင်ရှင် (သို့မဟုတ်) ဟံသာဝတီ ဦးဝင်းတင်


Nyein Chan Aye – စာနာနားလည်နိုင်တဲ့ စိတ်နှလုံးပိုင်ရှင် (သို့မဟုတ်) ဟံသာဝတီ ဦးဝင်းတင်

စာနာနားလည်နိုင်တဲ့ စိတ်နှလုံးပိုင်ရှင် (သို့မဟုတ်) ဟံသာဝတီ ဦးဝင်းတင် အပိုင်း ၁
ငြိမ်းချမ်းအေး၊ မတ် ၅၊ ၂၀၁၂
ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီးစဉ်မှာ ပါသွားတဲ့ ဆရာဦးဝင်းတင်ရဲ့ ဓာတ်ပုံတွေကို ခုတက်လာတဲ့ သတင်းတွေမှာ သိပ်မတွေ့ရဘူး။ ခုခေတ် မန္တလေးအနေနဲ့တော့ မပြောတတ်ဘူး။ ဟိုးအရင်ကတော့ ဦးဝင်းတင်ကို မန္တလေးရဲ့ထောက်ခံမှု၊ ချစ်ခင်မှုက တော်တော်ကြီးတယ်။ စာပေအသိုင်းအဝန်း၊ စာဖတ်သူ ပရိသတ် တင်မက လူထုမောင်နှံလို မြို့မိ၊ မြိုဖတွေနဲ့အတူ မန္တလေး လူမှုပတ်ဝန်းကျင်မှာ အရေးပါ၊ အရာရောက် ဝင်ဆန့်ပြီး လူထုချစ်ခင်မှု ရခဲ့တယ်။ ဦးဝင်းတင် နဲ့ သူရဲ့ သတင်းစာ ဟံသာဝတီ အတွက် မန္တလေးဟာ အောင်မြေဖြစ်ခဲ့တယ်။
ဦးဝင်းတင် မန္တလေးရောက်သွားပုံ၊ နောက်ခံ အကြောင်းအရာ ကို သူကိုယ်တိုင် သူ့ဘဝဇတ်ကြောင်းပြန်ပြောတဲ့ လွတ်လပ်တဲ့အာရှအသံ “ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်ခြင်း” အစီအစဉ်မှာ ထည့်ပြောသွားတာလည်း စိတ်ဝင်စားဖို့ကောင်းတယ်။
စစ်တပ်ကအာဏာသိမ်းပြီး (၆) နှစ်အကြာ တော်လှန်ရေးကောင်စီခေတ် ၁၉၆၈ မှာ အဲ့တုန်းက ပြန်ကြားရေးဝန်ကြီး ဗိုလ်မှုးချုပ် သောင်းဒန် (ကျနော်သိသလောက် သူက ကာကွယ်ရေးဦးစီးချုပ် (လေ) လည်းဖြစ်တယ်။) နဲ့ သတင်းစာတွေ ဌာနဆိုင်ရာ အစည်းအဝေး မဟုတ်ပဲ၊ (informally, ထမင်းလက်ဆုံစားပွဲပုံစံနဲ့) တွေ့ဆုံမှုလေး ဖြစ်ခဲ့တယ်။ အမှန်က ဗိုလ်နေဝင်းက သတင်းစာဆရာတွေရဲ့ လက်ရှိ အမြင်တွေသိရအောင် ဗိုလ်သောင်းဒန်ကို တွေ့ခိုင်းလိုက်တယ်လို့ ယူဆရတယ်။ အဲ့တုန်းက သတင်းစာအများစုကို ပြည်သူပိုင်သိမ်းပြီး သွားပြီ ဆိုတော့ သူ့အောက်မှာ အစိုးရဝန်ထမ်းအနေနဲ့ လုပ်နေရတဲ့ အယ်ဒီတာချုပ်တွေ၊ အယ်ဒီတာတွေကို ဝန်ကြီးက ခေါ်တွေ့တာလည်း ဖြစ်တယ်။ သတင်းစာ အသီးသီးက အယ်ဒီတာချုပ်နဲ့ လက်ထောက် အယ်ဒီတာချုပ် တွေ တက်ရတယ်။ နောက်ပြန်ကြားရေးက အတွင်းဝန်၊ ဒါရိုက်တာ စတဲ့ ရာထူးတွေယူထားတဲ့ စစ်ဗိုလ်တွေလည်းပါတယ်။  ကြေးမုံကို စတင်တည်ထောင်တဲ့ ကြေးမုံဦးသောင်းလည်း ပြန်ကြားရေးဌာန အကြံပေးအရာရှိအနေနဲ့ ပါတယ်။ (ကြေးမုံဦးသောင်းရဲ့ အဲ့ရာထူးက ဗိုလ်နေဝင်းက တိုက်ရိုက်ဖန်တီးပေးပြီး ခန့်လိုက်တာ။ လူကိုထောင်ချ၊ ပြီးတော့ သူပိုင် ကြေးမုံကိုသိမ်း၊ ပြီးတော့မှ ထောင်ကလွှတ်တော့ ဗိုလ်နေဝင်းက ချော့တဲ့အနေနဲ့ အဲ့ရာထူးဖန်တီးပေးလိုက်တာ၊ အသေးစိတ်ကို အောက်မှာ ညွှန်းထားတဲ့ ဦးသောင်းရဲ့ စာအုပ်များတွင် ရှု)
ကြေးမုံအနေနဲ့ အယ်ဒီတာချုပ်ဖြစ်တဲ့ ဆရာဇဝန နဲ့အတူ လက်ထောက်အယ်ဒီတာချုပ် (အမှုဆောင်/တာဝန်ခံ အယ်ဒီတာ) ဦးဝင်းတင်လည်း တက်ရတယ်။ အဲ့မှာ ဒီတွေ့ဆုံပွဲဟာ အမြဲ မျက်စိရှင်၊ နားပါးနေတတ်တဲ့ ဗိုလ်နေဝင်း က သတင်းစာတွေ အခြေအနေနဲ့ သတင်းစာဆရာတွေရဲ့ လက်ရှိ အမြင်ကို သိချင်လို့ပဲဆိုတာကို သတင်းရတဲ့ (ဒါမှမဟုတ် ခန့်မှန်းနိုင်တဲ့)၊ ခေတ်အဆက်ဆက် နိုင်ငံရေးသြဇာ ရှိခဲ့တဲ့၊ တော်လှန်ရေး ကောင်စီခေတ် မှာလည်း အရေးပါ၊ အရာရောက်နေတဲ့ ဦးသိန်းဖေမြင့်က (ဗိုလ်တစ်ထောင်သတင်းစာ အယ်ဒီတာချုပ်အနေနဲ့) စပြီး ဝန်ကြီးကို သတင်းစာတွေ အခြေအနေ ဆွေးနွေးဖို့ ခွင့်တောင်းပြီး သူကစပြီး သတင်းစာလောက အခြေအနေကို မိတ်ဆက်အနေနဲ့ နည်းနည်းပြောတယ်။ ပြီးတော့ ဦးဝင်းတင်ဘက်လှည့်ပြီး အောင်မြင်နေတဲ့ ကြေးမုံကို အဓိကတာဝန်ခံလုပ်တဲ့ ပုဂ္ဂိုလ်အနေနဲ့ သတင်းစာလုပ်ငန်းအခြေအနေကို ဆက်လက်ဆွေးနွေးဖို့ ပြောတယ်။ ဦးဝင်းတင်က ဆရာကြီးတွေ (ရွှေဥဒေါင်း (လုပ်သားပြည်သူ့ သတင်းစာ)၊ ဇဝန၊ ဦးခင်မောင်လတ် (Working People’s Daily၊ ဦးသိန်းဖေမြင့် အစရှိသဖြင့်) ကို ကျော်ပြီးမပြောချင်ပေမဲ့ သူ့ကိုပြောခိုင်းနေတော့ မတတ်သာဘဲ လက်ရှိ စစ်တပ်ခေတ် သတင်းစာလောက ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုခဲ့တယ်။
သတင်းလုပ်ငန်းတွေမှာ ဝန်ကြီး၊ ဝန်ကလေး၊ အတွင်းဝန်၊ ဒါရိုက်တာ၊ စစ်တပ် အစရှိသဖြင့် အဆင့်ဆင့်ဝင်ရောက် ခြယ်လှယ်ပုံ၊ သတင်းပိတ်ဆို့မှု စတာတွေကို ပြောတယ်။ အဲ့သလိုပြောတော့ သတင်းစာတွေနဲ့ တကယ်ဆက်ဆံပြီး အလုပ်လုပ်နေရတဲ့ ပြန်ကြားရေးက စစ်ဗိုလ်အရာရှိတွေက ခုဦးဝင်းတင်ပြောနေတာတွေဟာ စာပေလွတ်လပ်ခွင့်ကို အခြေခံပြီး တောင်းဆိုနေတာဆိုပြီး ပုဒ်မအကြီးကြီးတပ်ပြီး ပြန်လည်ပြောဆိုတဲ့အပြင် အဲ့ကိစ္စကိုသူတို့ ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတာပါ တခါတည်း သူ့တို့ အထက်အရာရှိဖြစ်တဲ့ ဝန်ကြီးကို မေးတယ်။ ဗိုလ်သောင်းဒန်လည်း ဘာပြောလို့ ပြောရမှန်းမသိဖြစ်နေတဲ့ အချိန်မှာ ဆရာဦးခင်မောင်လတ်က ဝင်ပြီးပြောတယ်။ ဦးခင်မောင်လတ်နဲ့ သူ့ဇနီး ဒေါ်ခင်မြ (ဒေါ်ခင်မျိုးချစ်) က ဗိုလ်နေဝင်းနဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးကျွမ်းဝင်လို့ တော်လှန်ရေးခေတ် သတင်းစာလုပ်ငန်းမှာ ဝင်လုပ်ပေးနေတာ ဖြစ်တယ်။
ဦးခင်မောင်လတ်က ပညာတတ်၊ လူကြီးပီပီ အမြဲတမ်း တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးဆေးဆေး ပြောတတ်ပေမဲ့ အဲ့အချိန်မှာတော့ စိတ်ထဲ အချည်ပေါက်နေတာကြာနေတဲ့ ခံစားမှုနဲ့ ဦးဝင်းတင်ဘက်ကနေ ထောက်ခံပြီး စစ်ဗိုလ်တွေကို ပြင်းပြင်းထန်ထန်ပြန်ပြောတယ်။ “ဟုတ်တယ်..။ ကိုဝင်းတင်ပြောတာ မှန်တယ်။ အတွင်းဝန်တွေ၊ ဒါရိုက်တာတွေ၊ စစ်ဗိုလ်တွေက နည်းအမျိုးမျိုးနဲ့ သတင်းစာတွေကို ဖိနှိပ်နေတယ်။ အဲ့သလို လုပ်ရအောင် ခင်ဗျားတို့ စစ်ဗိုလ်အရာရှိတွေက ဘာကောင်တွေလဲ..။ ဝန်ကြီးက ခိုင်းလို့သတင်းတွေ ပိတ်ရတယ်.. ပြောတယ်။ ဝန်ကြီးဆိုတာကော ဘာကောင်လဲ..။ တော်လှန်ရေးကောင်စီဝင်ရဲ့ အမိန့်ကြောင့်ပါလို့.. ပြောတယ်။ အဲ့ တော်လှန်ရေးကောင်စီဝင် ဆိုတာကကော ဘာကောင်လဲ..။ သတင်းစာလုပ်ငန်းကို ဘာသိလဲ…။” အစရှိသဖြင့် တော်လှန်ရေးကောင်စီဝင်၊ ဝန်ကြီး၊ စစ်ဗိုလ်ချုပ် ဗိုလ်သောင်းဒန်တစ်ယောက်လုံးကို ရှေ့မှာ ငုတ်တုတ်ထားပြီး ပြင်းပြင်းထန်ထန်နဲ့ ဝင်ပြောတယ်။
ဗိုလ်သောင်းဒန်ကလည်း လူကြီးတွေအားလုံးရှေ့မှာဆိုတော့ ပြင်းပြင်းထန်ပြောလို့မရမှန်းသိတော့ (သူကိုယ်တိုင်လည်း လူကြီးလူကောင်း အနေနဲ့ဖြစ်အောင် ကြိုးစားပြီး) ကဲ..ဒါတွေ ထားလိုက်ပါတော့.. ခုမိတ်ဖြစ်ဆွေဖြစ်တွေ့ကြတာ..၊ ထမင်းပဲဆက်စားကြရအောင်ပါ လို့ပြောပြီး အဲ့ဒီဆွေးနွေးပွဲကို အမြန်နိဂုံးချုပ်လိုက်တယ်။
အဲ့အဖြစ်အပျက်ပြီးတော့ ဗိုလ်နေဝင်းက ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ်ကို သူ့အိမ်တော်ကို ဖိတ်ပြီး ကဲ..ကိုလတ်ရေ.. ခင်ဗျားလည်း ဒီကောင်တွေနဲ့ (သူ့အောက်ကစစ်ဗိုလ်တွကို ပြောတာ။) ဆက်ဆံရတာ အဆင်မပြေဘူးကြားတယ်..။ ကိုလတ်လည်း စိတ်ညစ်နေမှာပဲ..။ ခုလက်ရှိ အလုပ် (အစိုးရသတင်းစာရဲ့ အယ်ဒီတာချုပ်ရာထူး) ဆက်မလုပ်ရင်ကောင်းမယ်။ နိုင်ငံခြားမှာ သံအမတ်ကြီးရာထူး စီစဉ်ပေးမယ်.. အစရှိသဖြင့် ယဉ်ယဉ်ကျေးကျေးနဲ့ ပြောပြီး အလုပ်က ထုတ်တော့တာပဲ..။ အဲ့တော့ ဦးခင်မောင်လတ်ကလည်း “ကျနော်က  သတင်းစာအလုပ်ကိုပဲ လုပ်ချင်တယ်။ ဒါပေမဲ့ မကျေနပ်ရင်ထွက်ပေးမယ်။ ကျနော်ဟာ အစကတည်းက ကျောင်းဆရာ အလုပ်လုပ်ခဲ့တယ်။  ခုလည်းကျောင်းဆရာအလုပ်ပဲ လုပ်မှာပေါ့” လို့ ပြောပြီး အဲ့အချိန်က စစ်ဗိုလ်တိုင်းမက်မောတဲ့ သံအမတ်ရာထူးကို ငြင်းပြီး ထွက်ခဲ့တယ်။
အဲ့သလို ဦးခင်မောင်လတ်ထွက်ရတာကို ဆရာကြီး ရွှေဥဒေါင်းကြားတော့ စိတ်မကောင်းဖြစ်ပြီး သူလည်းထွက်မယ် ဖြစ်တယ်။  ရွှေဥဒေါင်းဟာ တော်လှန်ရေးကောင်စီစတက်ပြီး နောက်နှစ် (၁၉၆၃) အစိုးရသတင်းစာအသစ် (လုပ်သားပြည်သူ့နေ့စဉ်) ထုတ်မယ်စီစဉ်ကတည်းက သူကိုယ်တိုင် မန္တလေးကနေ ပင့်ပြီး ယောက်လမ်း စစ်အရာရှိရိပ်သာတိုက်ခန်းမှာ ကား၊ ယဉ်မောင်း၊ အဆောင်အယောင်အပြည့်အစုံနဲ့လိုလေးသေးမရှိအောင်ထားပြီး အယ်ဒီတာချုပ်ရာထူးယူခိုင်းခဲ့တဲ့ သတင်းစာဘုရား ဆိုတော့ ဗိုလ်နေဝင်းက ဆရာကြီး… ထွက်မယ်မဆုံးဖြစ်ခင် သူ့အိမ်တော်မှာလာနေပြီး ဥပုတ်သီလစောင့် တရားအားထုတ်လှည့်ပါလို့ဖိတ်တယ်။ အနေအထိုင်၊အစားအသောက် စီစဉ်ပေးပြီး ဆရာကြီး တရားအားထုတ်တာကို ဝတ်ကြီးဝတ်ငယ် ပြုစုရင်း ချော့တယ်။ ဒါပေမဲ့ ဆရာကြီးက ဥပုတ်ထွက်တော့လည်း သူ့ဆုံးဖြစ်ချက်ကို မပြင်ဘဲ အလုပ်ကထွက်ပြီး မန္တလေးပြန်သွားတယ်။ (အကြောင်းအရာနဲ့ သိပ်မဆိုင်ပေမဲ့ ဆရာကြီးကို ဗိုလ်နေဝင်းတို့ စောင့်ရှောက်ပုံအကောင်းလွန်ပုံကို ပြောရရင် ဆရာကြီးကတော် မျက်စိတိမ်စွဲတော့ အရပ်ဆေးရုံမတက်စေဘဲ မင်္ဂလာဒုံစစ်ဆေးရုံတင်ပြီးခွဲလိုက်တာ ဒေါ်ကြီးစိုးခမျာ မျက်စိတစ်လုံးကွယ်ပါလေရော..။)
ဦးဝင်းတင်အကြောင်းဆက်ရရင် အထက်က ဆွေးနွေးပွဲမှာ စာပေလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး စပြောခဲ့တဲ့ သူဆိုတော့ သူ့ကိုလည်း ထိတာပေါ့။ အဲ့အချိန်မှာ ပြည်သူပိုင်သိမ်းပြီးဖြစ်တဲ့ မြန်မာ့အလင်း နဲ့ ဟံသာဝတီ တစ်ခုခုကို မန္တလေးပြောင်းပြီး ထွက်မယ်။ (၁၉၆၇ ကတည်းက မန္တလေးက လူထုသတင်းစာ လည်း ပိတ်လိုက်ရပြီ။)  အဲ့မှာ ဦးဝင်းတင် အယ်ဒီတာချုပ်လုပ်စေ ဆိုပြီး နယ်နှင်ဒဏ်ပေးခံရတယ်။
ကျနော်တစ်ယောက်တည်း အယူအဆရတော့ ဦးဝင်းတင် နယ်နှင်ဒဏ်လောက်ပဲထိတာဟာ ဗိုလ်နေဝင်းက ဦးဝင်းတင်အပါ် ဆရာဇဝနနဲ့ ဆက်စပ်ပြီး ခင်မင်ရင်းစွဲစိတ်ရှိတာကြောင့်လို့ ထင်တယ်။  ဗိုလ်နေဝင်းနဲ့ ဆရာဇဝနက တစ်နယ်တည်းသားတွေဖြစ်တဲ့အပြင် သူငယ်ချင်းတွေဖြစ်တော့ တော်တော်ရင်းနှီးတယ်။ အဲ့တော့ အမြဲတမ်းသူ့ရဲ့ အိမ်(နောင် အစိုးရအိမ်တော်) ကို ထမင်းစား၊ အရက်သောက်ဖိတ်တယ်။ အဲ့သလို ဖိတ်ရင် ဆရာဇဝနနဲ့ တွဲလျက် သူနဲ့အတူတူ ကြေးမုံမှာလုပ်နေတဲ့ ကြေးမုံဦးသောင်း၊ ဦးဝင်းတင်တို့ကိုပါ ခေါ်လေ့ရှိတယ်။ ဆရာဇဝနက ဗိုလ်နေဝင်းနဲ့ ဘယ်လောက်ရင်းနှီးသလဲဆို အရက်ကလေး တစ်ခွက်၊နှစ်ခွက်ဝင်ရင် စပြီး ဗိုလ်နေဝင်းကို စလိုက်၊နောက်လိုက်၊ ငေါ့လိုက်လုပ်တော့တာပဲ။ ဗိုလ်နေဝင်းကလည်း ကိုသိန်း..ကိုသိန်းနဲ့ ဆရာဇဝနကိုခေါ်ပြီး ရယ်(ရီ)ရင်းမောရင်းနဲ့ပဲ ဆရာဇဝနငေါ့သမျှခံတယ်။
သူတို့နှစ်ဦးရင်းပုံကို သာဓကတစ်ခုပြရင်ရင်…။
၁၉၆၃ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်တော့ သခင်စိုးအပါအဝင် တောထဲက ပုဂ္ဂိုလ်တွေ ပြန်တဲ့ အချိန်မှာ မြို့ပေါ်မှာ ရှိသမျှ လက်ဝဲအရောင်ရှိသူရော၊ မရှိသူပါ နိုင်ငံရေးနဲ့ ဆက်စပ်နေတဲ့ စာရေးဆရာ၊ သတင်းစာဆရာ၊ နိုင်ငံရေးသမားတွေကို စစ်ထောက်လှမ်းရေးကအကုန်လိုက်ဖမ်းတယ်။ သခင်စိုးကြီးကို  ကျပ်တစ်ထောင်တန် ညစာစားပွဲနဲ့ ဂုဏ်ပြုရမယ်လို့ ကြေညာပြီး ဧည့်ဝတ်ပြုတဲ့ (စာရေးဆရာ၊ သတင်းစာဆရာ၊ အယ်ဒီတာ) အထောက်တော်လှအောင် ကအစ သခင်စိုးကြီး စွန့်ပစ်ထားခဲ့တဲ့ မြို့ပေါ်က မယားကြီးကို ယူမိတဲ့ နောက်အိမ်ထောင်သစ် (ကံဆိုးရှာသူ) ယောင်္ကျား အဆုံး ရှိရှိသမျှ အဖမ်းခံနေရတဲ့ အချိန်ပေါ့.။ အဲ့အချိန်တန်းက ဖမ်းခံထိတဲ့ထဲမှာ ဟာသဖြစ်ရတဲ့ ဇာတ်လမ်းတစ်ပုဒ်ဆို ဇိမ်အိမ်မှာ လူငယ်တစ်ယောက် သူ့ကိစ္စပြီး၊ ပြန်မယ်လုပ်တဲ့အချိန်မှာ ဇိမ်မယ်က အပိုဘောက်ဆူးတောင်းတယ်။  အဲ့လူငယ်က သနားတာနဲ့ အပိုကြေး (၅) ကျပ် ပေးလိုက်တယ်။ အဲ့တော့ ဇိမ်မယ်က (၅) ကျပ်ကတော့ နည်းပါတယ်၊ ထပ်ပိုပေးပါလို့ ပြောတော့ လူငယ်က “ဟဲ့ နင်က ငါ့များ စစ်ဗိုလ်မှတ်နေသလား..။ ငါ့က ရိုးရိုးသာမန်သမ္မာအာဇီဝနဲ့ စီးပွားလုပ်စားနေတဲ့လူဟ၊ စစ်ဗိုလ်တွေလိုတော့ မပေးနိုင်ဘူး” လို့ ပြောပြီး ပြန်ခဲ့တယ်။ နောက်တစ်နေ့မိုးလင်းတော့ အဲ့လူငယ်လေး မတော်တရော် နေရာသွားပြီး စစ်ဗိုလ် သိက္ခာချရပါ့မလားဆိုတဲ့ ပုဒ်မနဲ့ ဖမ်းခံထိတယ်။
အဲ့သလိုမဲမဲမြင်ရာ ဖမ်းနေတဲ့ အချိန်မှာ ကြေးမုံက လက်ဝဲအရောင်ရှိတဲ့ အယ်ဒီတာ စိန်ခင်မောင်ရီ (နာမည်ကြီး ရုပ်ရှင်ဝေဖန်ရေးဆရာ) နဲ့ ဦးသောင်းရဲ့ အတွင်းရေးမှုးပါ ဖမ်းခံရတယ်။ အဲ့တော့ ကြေးမုံဦးသောင်းလည်း ရန်ကုန်မြို့ထဲမှာပဲပတ်ပြီး တိမ်းရှောင်နေရတယ်။ အဲ့သလိုနဲ့ လေး၊ငါးလကြာတဲ့ အချိန်မှာ ဗိုလ်နေဝင်းက ဆရာဇဝနကို အိမ်တော်မှာ ထမင်းစားဖိတ်တယ်။ (လူထု ဦးလှလည်းပါတယ်။)
စားရင်းသောက်ရင်း၊ ထွေရာလေးပါးပြောရင်းနဲ့ ဗိုလ်နေဝင်းက ဆရာဇဝနကို “ကိုသိန်း ခင်ဗျားလူကို သူ့သတင်းစာပြန်လုပ်ပါစေ၊ သူ့ကိုဖမ်းဖို့စာရင်းမှာ မပါဘူး၊ ဖမ်းလည်းမဖမ်းချင်ပါဘူး” လို့ပြောတယ်။ အဲ့သလိုပြောပြီးနောက် ခဏနေတော့ ဗိုလ်နေဝင်းကထပြီး နောက်ဖေး၊ နောက်ဖီထွက်သွားတယ်။
အဲ့အချိန်မှာ ထမင်းစားပွဲမှာ အတူတက်ရတဲ့ ဒေါက်တာမောင်မောင် (ဗိုလ်နေဝင်းရဲ့ လူယုံ၊ လက်ရင်း)က ဆရာဇဝနနဲ့ လူထုဦးလှကို “ကျနော့် ယောက္ခမကြီးလည်း ခုဖမ်းခံထိနေတယ်။ ဗိုလ်ချုပ်ကြီးကို ပြောပေးဦး” လို့ တောင်ပန်းရှာတယ်။
 ဗိုလ်နေဝင်းပြန်လာတော့ ဆရာဇဝနနဲ့ လူထုဦးလှက ဒေါက်တာမောင်မောင်ရဲ့ ယောက္ခမလည်း ဖမ်းခံနေရတယ်။ လွှတ်ပေးပါလို့ ပြောပေးရတယ်။ အဲ့သလိုပြောတော့ ဗိုလ်နေဝင်းက အံ့သြတကြီးနဲ့ “ဟ..မောင်မောင်ရာ..၊ မင်းနဲ့ ငါ့ နေ့တိုင်တွေ့နေတာ၊ စောစောကဘာလို့မပြောသလဲ” လို့မေးတယ်။ ဒေါက်တာမောင်မောင်က မဖြေရဲတော့ ဘာမှမဖြေဘဲ ငိုင်နေတယ်။ ဆရာဇဝနကသာ အရက်ကလေးနည်းနည်းဝင်နေပြီဆိုတော့ ထုံးစံအတိုင်း “ကြောက်လို့ပေါ့ဗျာ” လို့ ပြန်ပြောရဲတယ်။
အဲ့တော့ ဆိုလိုချင်တာက ဗိုလ်နေဝင်းက ဆရာဇဝနကို အကြောင်းပြုပြီး ဦးဝင်းတင်ကို ခင်မင်တယ်။ ဦးဝင်းတင်ကို မန္တလေးပို့ပြီးနောက်ပိုင်းလည်း ဗိုလ်နေဝင်း မေမြို့၊ ပုဂံစတဲ့ဒေသတွေ တိုင်းခန်းလှည့်လည်လို့ မန္တလေးဝင်ရင် ဦးဝင်းတင်ကို အမြဲခေါ်တွေ့ပြီး စကားပြောတယ်။ ဦးဝင်းတင် အစိုးရကိုယ်စားလှယ်အနေနဲ့ ဥရောပခရီးစဉ်ထွက်တုန်း လန်ဒန်မှာ ဗိုလ်နေဝင်းဆေးကုတာနဲ့ကြုံတော့လည်း ဦးဝင်းတင်ကို ခေါ်တွေ့တယ်။ စကားပြောရင်လည်း ဗိုလ်နေဝင်းက ဦးဝင်းတင်ကို အသက်ကွာပေးမဲ့ လေးလေးစားစား “ခင်ဗျား၊ ကျနော်” သုံးပြီး ပြောလေ့ရှိတယ်။ အဲ့တော့ ဗိုလ်နေဝင်းရဲ့ မင်း၊ငါနဲ့ ပြောပြီး မအေ၊နှမကုန်အောင် ဆဲခံနေကြ သူ့လက်အောင်က ဗိုလ်ချုပ်တွေ၊ တိုင်းမှုးတွေကပါ ဦးဝင်းတင်ကို ရှိန်ကုန်တယ်။ ဦးဝင်းတင် မန္တလေးမှာ အထိုက်အလျောက် လွတ်လွတ်လပ်လပ်နဲ့ စာပေ၊သတင်းစာလုပ်ငန်းတွေ အောင်အောင်မြင်လုပ်နိုင်ခဲ့တာဟာ ဗိုလ်နေဝင်း Blessing ကြောင့်လို့လည်း ပြောလို့ရတယ်။
 ဒါပေမဲ့ နောက်ဆုံးတော့လည်း ဦးဝင်းတင် မန္တလေးမှာ လုပ်ငန်းတွေအောင်မြင်၊ လူထုမေတ္တာခံယူနေတဲ့အချိန်ကျတော့ လူထုချစ်တဲ့လူတွေကို အမြဲတမ်း မနာလိုမုန်းထားလေ့ရှိတဲ့ ဗိုလ်နေဝင်းရဲ့ စရိုက်အတိုင်း ဦးဝင်းတင်ကို မျက်စိဆံပင်မွှေးစူးလာပြီး နောက်ပိုင်း စနေစာပေဝိုင်းမှာ ဦးသိန်းဖေမြင့်နဲ့ပတ်သက်တဲ့ စာတမ်းတင်တာကို အကြောင်းပြုပြီး ဟံသာဝတီကိုဖျက်၊ ဦးဝင်းတင်ကိုလည်း အလုပ်ကအနားယူခိုင်းခဲ့တယ်။
ဗိုလ်နေဝင်း ဦးသိန်းဖေမြင့်ကို မျက်မန်တော်ရှရတာကလည်း ကလေးကလားနိုင်တယ်။ ဦးသိန်းဖေမြင့်ဟာ  စစ်တပ်အာဏာသိမ်းပြီး တော်လှန်ရေးအစိုးရတက်ကတည်းက ဗိုလ်နေဝင်းကို ထောက်ခံခဲ့တယ်။ ဗိုလ်နေဝင်းကလည်း ဦးသိန်းဖေမြင့်ကို ကြည်ဖြူတယ်။ တော်လှန်ရေးကောင်စီရဲ့ အတိုင်ပင်ခံကော်မတီမှာ ဒုဥက္ကဌခန့်တယ်။ ဒါပေမဲ့ တော်လှန်ရေးအစိုးရရဲ့ လုပ်ပုံကိုင်ပုံတွေ၊ နောက်ပိုင်း မဆလ ပါတီရဲ့ အပုတ်နံ့တွေကို တဖြည်းဖြည်းမနှစ်မြို့လာတော့ ဦးသိန်းဖေမြင့်က သူဆုံးခါနီးနှစ်တွေမှာ သူ့သတင်းစာရဲ့ “ပွင့်ပွင့်လင်းလင်းပြောပါရစေ” ကဏ္ဍကနေတဆင့် မဆလကို ဝေဖန်လာတယ်။
နောက်ဆုံး ဦးနေဝင်းရဲ့ ဝတ်လဲတော်ပုဆိုး အသုံးစရိတ် ကြီးမားတော်မူနေတာကို သရော်ပြီးရေးတော့ ရန်ကုန်က စာနယ်ဇင်းတွေမှာ စာရေးခွင့်ပိတ်ခံလိုက်ရတယ်။ အဲ့အချိန်မှာလည်း ဦးဝင်းတင်ကတော့ သူ့ဟံသာဝတီမှာ ဦးသိန်းဖေမြင့်ရဲ့ ဆောင်းပါးတွေကို ဆက်သုံးတယ်။ နောက်ဆုံး ဦးသိန်းဖေမြင့်ဆုံးတော့လည်း အစိုးရက သူ့အကြောင်း မရေးရဆိုပြီး အမိန့်ထုတ်တယ်။ ဒါပေမဲ့ ဦးဝင်းတင်ကတော့ သူ့ရဲ့ စနေစာပေဝိုင်းမှာ သိန်းဖေမြင့်အမှတ်တရအနေနဲ့ သိန်းဖေမြင့်ရဲ့ နိုင်ငံရေး၊ စာရေးဆရာ၊ သတင်းစာဆရာ စတဲ့ ဘဝသုံးခုအကြောင်းစာတမ်း (၃) စောင်ကို သခင်ကျော်စိန်၊ ချင်းတွင်းချစ်သွေး တို့နဲ့အတူတင်ပြီး ဂုဏ်ပြုတယ်။ အဲ့သလိုလုပ်ခဲ့လို့လည်း လက်ငင်းအကြောင်းအနေနဲ့ ဦးဝင်းတင် မန္တလေးကနေ ထွက်တောမူနန်းကခွာခဲ့ရတယ်။
တကယ့်အကြောင်းကတော့ ကျနော်အထက်ကပြောသလို ဦးဝင်းတင် မန္တလေးမှာ နေခဲ့တဲ့ (၉)နှစ်တာကာလအတွင်းမှာ လုပ်ခဲ့တဲ့ ကောင်းမွန်တဲ့လုပ်ရပ်တွေကိုအကြောင်းပြုပြီး ကောင်းတာလုပ်ရင် မကြိုက်တဲ့ အာဏာရှင်တွေရဲ့ ထုံးစံအတိုင်း ဗိုလ်နေဝင်း၊ စစ်တပ်နဲ့ မဆလပါတီက ဦးဝင်းတင်ကို ရန်သူစာရင်းသွင်းလိုက်ကြတော့တာပဲ။
(ဆက်လက်ဖော်ပြပါမည်)
ရည်ညွှန်း ။ ။ “ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်ခြင်း” ရေဒီယိုအစီအစဉ်၊ လွတ်လပ်တဲ့အာရှအသံ၊
ကြေးမုံ ဦးသောင်း(အောင်ဗလ) ရေး “ဗိုလ်နေဝင်း ဇာတ်လမ်းရှုပ်သမျှ” နှင့် “ဘီလူးတို့ရွာ”၊

 Nyein Chan Aye – ဟံသာဝတီ ဦးဝင်းတင် အပိုင်း ၂

စာနာနားလည်နိုင်တဲ့ စိတ်နှလုံးပိုင်ရှင် (သို့မဟုတ်) ဟံသာဝတီ ဦးဝင်းတင် အပိုင်း ၂
ငြိမ်းချမ်းအေး၊ မတ် ၅၊ ၂၀၁၂
ဦးဝင်းတင် မန္တလေးကို စရောက်တဲ့အချိန် (၁၉၆၉) ကိုပြန်ဆက်ရရင်.. ဟံသာဝတီ မန္တလေးမှာ စထုတ်တော့ ဗိုလ်သောင်းဒန်က သတင်းစာမှာ နိုင်ငံရေးအနေနဲ့ အစိုးရနဲ့ မတည့်တဲ့၊ စာပေလမ်းစဉ်အနေနဲ့လည်း အထက်ဗမာပြည်စာရေးဆရာအသင်းကို ဦးဆောင်ပြီး “စာပေကို စကားပြောနဲ့ရေးမယ်” ဆိုတဲ့ “တယ်”  စာပေတိုက်ပွဲ လှုပ်ရှားမှုကို  မြန်မာစာပါမောက္ခ ဦးကျော်ရင်၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၊ မောင်သာနိုးစသူတို့နဲ့ အတူ ဦးဆောင်လှုပ်ရှားနေတဲ့ လူထု ဦးလှ၊ လူထု ဒေါ်အမာ စတဲ့ သူတွေရဲ့ စာတွေ မထည့်ဖို့မှာတယ်။
 အဲ့တော့ ဦးဝင်းတင်က ကျနော်တို့ မန္တလေးမှာ အစိုးရသတင်းစာထုတ်ဖို့သွားတာက လူထုဦးလှတို့နဲ့ ရန်ဖြစ်ဖို့သွားတာမဟုတ်ဘူး။ လူထုမောင်နှံလို စာပေသြာဇာရှိတဲ့၊ မြို့ခံ မြို့မိ၊မြို့ဖလည်းဖြစ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ စာတွေကို ကျနော်ကတော့ ငြင်းစရာအကြောင်းမရှိဘူး။ “တယ်” နဲ့ရေးလည်း စာကောင်းရင်၊ အကျိုးရှိရင် ထည့်ရမှာပဲ။ အဲ့တော့ ကျနော် အယ်ဒီတာတစ်ယောက်အနေနဲ့ တာဝန်ယူပြီး သူတို့စာတွေထည့်မယ်။ ဒါပေမဲ့ အစိုးရသတင်းစာဖြစ်တဲ့အတွက် အစိုးရရဲ့ ပေါ်လစီနဲ့ မကိုက်လို့ မထည့်နိုင်တဲ့ တချို့စာတွေတော့ ခြွင်းချက်ပေါ့ဆိုပြီး ပြန်ပြောတယ်။ ဗိုလ်သောင်းဒန်ကလည်း (unofficially) လွတ်လွတ်လပ်လပ်လုပ်ဖို့ သဘောတူလိုက်တယ်။
တကယ်လည်း မန္တလေးမှာ ဟံသာဝတီသတင်းစာစထုတ်တော့ စထွက်တဲ့ နေ့မှာကို ဆရာတော် ဦးသောဘိတ (ရွှေကိုင်းသား)၊ လူထုဦးလှ၊ လူထု ဒေါ်အမာအစရှိတဲ့ မြို့ခံစာပေပညာရှင်တွေရဲ့ ဆောင်းပါးတွေနဲ့ ဖွင့်ခဲ့တယ်။ ရန်ကုန်က ပုဂ္ဂိုလ်ရေး ခင်မင်တဲ့ (ကြေးမုံကတည်းကလည်း သုံးလာတဲ့) ကာတွန်းဆရာကြီး ဦးဖေသိန်း၊ ဦးဘထွေးစသူတွေရဲ့ ကာတွန်းတွေမသုံးဘဲ ဒေသအသံထွက်စေချင်လို့ ဒေသခံ လူသစ်ကာတွန်းဆရာမြောက်များစွာ (ကံချွန်၊ ဗိုလ်မောင် အစရှိသဖြင့်) ကို မွေးထုတ်ပြီး သူ့သတင်းစာမှာ သုံးတယ်။ ပန်းချီဆရာတွေမှာလည်း မြို့ခံ ဆရာပေါ်ဦးသက်၊ ဆရာဝင်းဖေ စတဲ့ သူတွေကို သုံးတယ်။ ထက်မြက်တဲ့ ကလောင်ရှင်၊ ဆောင်းပါးရှင်၊ သတင်းထောက် (ကံချွန်၊ ကျော်မင်းကျော်၊ စိန်ရွှေလှိုင် အစရှိတဲ့) အမြောက်အများကို  မွေးထုတ်ပေးခဲ့တယ်။  ဒေသရဲ့ စာပေ၊ လူမှု၊ ပညာ၊ စီးပွား၊ နယ်ပယ်အသီးသီးမှာ ဦးဆောင်နေတဲ့ သူတွေရဲ့ စာတွေနဲ့ သူ့သတင်းစာကို ဒေသခံ ပြည်သူ့တွေရဲ့အသံ၊ ခံစားချက်တွေ ကို ဟစ်ကြွေးပေးနေတဲ့ ရှေ့တန်းခံတပ်ဖြစ်အောင် တည်ဆောက်ခဲ့တယ်။ အဲ့သလို ဒေသအသံ၊ ဒေသရနံ့တွေနဲ့ သင်းထုံနေတဲ့ အောင်မြင်တဲ့ သတင်းစာတစ်စောင်ကို မွေးထုတ်နိုင်ခဲ့တယ်။ ပညာရှင်တွေရဲ့ဆောင်းပါးတွေ၊ အာဘော်တွေနဲ့လည်း (သူ့အရင်လုပ်တဲ့ ကြေးမုံလို intellectual works များများသုံးပြီး) သတင်းစာအဆင့်အတန်းကို မြှင့်တင်ခဲ့တယ်။
စာပေ၊ အနုပညာ အတွက်လည်း (စစ်တပ်စတက်ကတည်းက မရှိတော့တဲ့) စာရေးဆရာတွေ၊ သတင်းစာဆရာတွေ တွေ့ဆုံဆွေးနွေးပွဲ၊ စာတမ်းဖတ်ပွဲတွေ၊ ဟောပြောပွဲတွေ သူ့သတင်းစာတိုက်မှာ ဦးဆောင်ပြီးလုပ်တယ်။ နောက်ပိုင်း စနေစာပေဝိုင်းဆိုပြီး နာမည်ကြီးခဲ့တယ်။ စနေစာပေဝိုင်းမှာ ဦးသောဘိတ၊ ဦးလှ၊ ဒေါ်အမာ၊ ဒေါက်တာသန်းထွန်း၊ ဦးချမ်းမြ၊ ဦးတင့်လွင်၊ မြန်မာစာ ပါမောက္ခ ဒေါ်သန်းဆွေ၊ ဒါးတန်းဦးသန့် အစရှိတဲ့ ပညာရှင်တွေရဲ့ စာပေ၊ အနုပညာ၊ ရိုးရာယဉ်ကျေးမှုစတဲ့ နယ်ပယ်အသီးသီးနဲ့ပတ်သက်တဲ့ စာတမ်းတွေ အပတ်စဉ်ဖတ်စေတယ်။ သူကိုယ်တိုင်လည်း စာတမ်းတွေ တင်၊ ဟောပြောတယ်။ သူ့လက်အောက်က သတင်းထောက်တွေ အရည်အသွေးတက်စေဖို့ သတင်းထောက် အလုပ်ရုံဆွေးနွေးပွဲတွေ၊ လေ့လာရေးခရီးတွေ လုပ်ပေးတယ်။ ကိုယ်တိုင်လည်း နယ်တွေဆင်း လူထုနဲ့ အနီးကပ်နေ၊ နယ်သတင်းထောက်တွေနဲ့ ဆွေးနွေးပွဲ၊ ဟောပြောပွဲတွေလုပ်တယ်။ 
 သူရဲ့သတင်းထောက်တွေ ကလောင်စွမ်းဘယ်လောက်ထက်သလဲဆို သူတာဝန်က ရပ်စဲခံရပြီး ဗမာပြည်အနှံ့ ခရီးလှည့်လည်နေစဉ် ယောချောင်က ရွာလေးတစ်ရွာကို ရောက်တော့ ရွာဦးကျောင်း ဆရာတော်ကို ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ်ပါလို့ မိတ်ဆက်တော့ ဆရာတော်က (ဟံသာဝတီ ဆိုတဲ့ အသံကြားတာနဲ့) ဝမ်းသားအားရ စကားတွေပြော၊ မေးခွန်းတွေ မေးတော့တာပဲ။
“ဒကာကြီးက ဟံသာဝတီကဆိုတော့ ‘ကျော်မင်းကျော်’ နဲ့ ဘယ်သူကကြီးလဲ” လို့ ဘွင်းဘွင်းကြီးမေးရော။
 အဲ့တော့ ပါလာတဲ့ နယ်ခံသတင်းထောက်တစ်ယောက်က “အရှင်ဘုရား.. အယ်ဒီတာချုပ်ဆိုတာ သတင်းစာတိုက် မှာတော့ အကြီးဆုံး ဘုရား” လို့ ပြန်လျှောက်ရတယ်။
အဲ့တော့ ဆရာတော်က “ဘုန်းကြီးက ‘ကျော်မင်းကျော်’ တော့လေးစားတယ်၊ ပြည်သူ့ဘက်က ရပ်ပြီး အမြဲတမ်း ရေးပေးတဲ့အတွက် ကြည်ညိုတယ်၊ ကျန်တဲ့ သူတွေတော့ အရေးကြီးတယ်မထင်ပေါင်” လို့ ပြန်မိန့်တယ်။ ဦးဝင်းတင်က သူမြေတောင်မြှောက်ပေးခဲ့တဲ့ သတင်းထောက်တွေ၊ ချွန်မြတဲ့ ကလောင်ရှင် တွေ ပြည်သူ့မေတ္တာ သူ့ထက်ပိုခံယူနိုင်တာကို မုဒိတာပွားနိုင်ခဲ့တယ်။
နိုင်ငံရေးဝေဖန်မှုအနေနဲ့ အစိုးရသတင်းစာဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန်မလုပ်နိုင်ပေမဲ့ အစိုးရသတင်းစာအချင်းချင်း ယှဉ်ရင် ခေါင်းတစ်လုံးမြင့်ရပ်တည်ခဲ့ပြီး သူများထက် ဟံသာဝတီက မတရားမှုတွေကို ဖော်ထုတ်တယ်။ ဝေဖန်တယ်။ အမြဲတမ်း လူထုဘက်က မာမာထန်ထန်ရပ်တည်ပေးနိုင်ခဲ့တယ်။
အထက်မှာ ပြောခဲ့တဲ့ အကြောင်းအရာတွေအားလုံးထက် ရင်ကို ထိစေတဲ့ ဦးဝင်းတင်ရဲ့ ဟံသာဝတီ အယ်ဒီတာချုပ်ဘဝ မန္တလေးမှာ လုပ်ဆောင်ချက်တွေက စာပေ၊ သတင်းစာ၊ နိုင်ငံရေးနဲ့ မပတ်သက်တဲ့ သူ့ရဲ့ အုပ်ချုပ်မှုပိုင်းဆိုင်ရာ စွမ်းရည်၊ သဘောထား၊ ခံယူချက်တွေဖြစ်တယ်။ သူ့လက်အောက်မှာ အုပ်ချုပ်နေရတဲ့ သတင်းစာလုပ်ငန်းရဲ့ အခြေခံဝန်ထမ်း လူလေးငါးခြေက်ဆယ် လာက်နဲ့ သူတို့ရဲ့ မိသားစု ဘဝတွေသာယာဝပြောရေးအတွက် ဦးဝင်းတင်လုပ်ပေးခဲ့တာတွေဟာ မန္တလေးမှာ ပြောစမှတ်တွင်ကျန်ခဲ့တယ်။
သူ့အတွက် ကားထားဖို့ ပေးထားတဲ့နေရာမှာ အဆောင်လေးဆောက်ပြီး ဝန်ထမ်းသက်သာ လဘ္ဘက်ရည်ဆိုင်လေးဖွင့်စေတယ်။ ဝန်ထမ်းတွေအတွက် အထူးသက်သာတဲ့နှုန်းနဲ့ ဟင်း၊ထမင်းကြော်စတာတွေပါတွဲပြီး ရောင်းစေတယ်။ ဝန်ထမ်းတွေရဲ့ သားသမီးတွေကိုလည်း ဆိုင်မှာခေါ်ပြီး အလုပ်ပေးတယ်။ ကလေးတွေ ဆိုင်မှာပဲ စားပွဲထိုး၊ ပန်းကန်ဆေး ဘဝနဲ့ အချိန်ကုန်မသွားစေဘဲ၊ နည်းနည်းအချိန်ကြာလာတာနဲ့အမျှ သူတို့ကို စာစီ၊စာရိုက်၊ပုံနှိပ်စက်ပညာတွေ သင်ပေးစေတယ်။ ပြီးတော့ သူ့ရဲ့ သတင်းစာတိုက်မှာ အစိုးရဝန်ထမ်းအနေနဲ့ ပြန်ခန့်ပေးတယ်။ ဆိုင်ကရတဲ့ အမြတ်အားလုံးကို ဝန်ထမ်းတွေရဲ့ မီးဖိုချောင်စရိတ်အတွက် ခွဲပေးတယ်။ ကလေးတွေ ကျောင်းပညာဆက်လက် သင်နိုင်အောင် ထောက်ပံ့တယ်။ ဝန်ထမ်းတွေအတွက် အခမဲ့ဆေးခန်းလေးဖွင့်ပေးတယ်။ ဝန်ထမ်းတွေ သူတို့နေတဲ့ရပ်ကွက်ထဲမှာ လူရာဝင်လာအောင်၊ လူလေးစားလာမှု၊ ခေါင်းဆောင်မှုရအောင် ဝန်ထမ်းတစ်အိမ်ထောင်စုအနေနဲ့ ဝန်ထမ်းမဟုတ်တဲ့ အိမ်နီးချင်းရပ်ကွက်ထဲက မိသားစုလေးစုစာနှုန်း သူ့ရဲ့ (သတင်းစာတိုက်ရဲ့) အခမဲ့ဆေးခန်းမှာ လာကုခွင့်ပေးတယ်။
သူရဲ့အယ်ဒီတာချုပ်အခန်းဟာ အဆောင်အယောင်မရှိ၊ တံခါးတောင်မရှိဘူး။ သူ့လက်အောက်က ဝန်ထမ်းကြီးငယ်မရွေးဝင်ပြီး သူနဲ့ စကားပြောဆို၊ ဆွေးနွေး၊ တင်ပြနိုင်တယ်။ သူကိုယ်တိုင်လည်း ကိန်းခန်းတကြီးမနေဘဲ စာစီသမားတွေလုပ်တဲ့ အခန်းထဲက စားပွဲမှာ သွားထိုင်ပြီး အလုပ် လုပ်လေ့ရှိတယ်။ အခြေခံဝန်ထမ်းတွေနဲ့ နီးနီးကပ်ကပ်အမြဲနေထိုင်ပြီး သူတို့ရဲ့ လှုမှုဘဝ သာရေး၊နာရေး ကိစ္စအဝဝကို သူမှာရှိတဲ့ ရာထူး၊ အာဏာ၊ ငွေကြေး ရှိသမျှလေးနဲ့ တာဝန်ယူပေးတယ်။
အဲ့သလို မန္တလေးမှာ လုပ်ခဲ့တဲ့ သူရဲ့ နာမည်ကျော် ဖြစ်ရပ်တွေကို လွတ်လပ်တဲ့ အာရှအသံ၊ အစီအစဉ်တင်ဆက်သူက ဦးဝင်းတင်ကိုမေးရင်းနဲ့ ဖြတ်ပြီးတော့ “ဆရာ ဒီလိုတွေလုပ်ဖို့ ဘယ်လို အတွေးအခေါ်၊ အကြံဥာဏ်တွေ ရခဲ့လဲ” ဆိုတဲ့ မေးခွန်းကို ဦးဝင်းတင်ပြန်ဖြေပုံက ပိုပြီး မှတ်သားနာယူဖို့ကောင်းတယ်။
ဦးဝင်းတင်က “ဒါတွေကို လုပ်ခဲ့တာ အတွေးအခေါ်၊ အကြံဥာဏ်ကြောင့်မဟုတ်ဘူးဗျာ..။ ခံစားချက်ကြောင့်ဗျာ..။ လက်တွေ့မြင်တွေ့နေရတဲ့ လူတွေရဲ့ ဒုက္ခတွေကို ရင်ထဲ၊ နှလုံးထဲ၊ စိတ်ထဲကနေ ခံစာရင်ဒီလိုပဲ လုပ်ရမယ်”လို့ ပြန်ဖြေတယ်။
 ဦးဝင်းတင်က တဆက်တည်း ခုလက်ရှိဗမာပြည်မှာ ဖြစ်ပျက်နေတဲ့ ပြည်သူလူထုရဲ့ ဒုက္ခ၊ သုက္ခတွေကို စစ်ဗိုလ်ချုပ်ကြီးတွေအနေနဲ့ တကယ်စိတ်ထဲ၊ အသည်းထဲက ခံစားနားလည်မပေးတာ၊ လူထုသက်သာချောင်ချိ၊ ဘဝသာယာလာရေး အတွက် လုပ်မပေးနိုင်တဲ့ သူတို့ရဲ့ စိတ်ဓာတ်တွေကို အံ့သြရတယ်လို့ ဆက်ပြောတယ်။
ဦးဝင်းတင်ရဲ့ လက်အောက်ကဝန်ထမ်းတွေကို အုပ်ချုပ်ပုံစနစ် နဲ့ သူရဲ့ ခံစားချက်၊ ခံယူချက်၊ သဘောထား၊ လုပ်ရပ်တွေကို အရင်ကလည်း (ဆရာတင်မိုး အစရှိတဲ့ သူများတွေရေးတဲ့) စာအုပ်တွေမှာ ဖတ်ဖူး၊ နောက် သူကိုယ်တိုင်လည်း ရေဒီယိုမှာ ပြောတာတွေနားထောင်ရတော့ သူအုပ်ချုပ်ခွင့်ရတဲ့ လူလေး လေးငါးခြောက်ဆယ်ကနေပြီးတော့ ရပ်ကွက်၊ မြို့နယ်၊ တိုင်း၊ နိုင်ငံဆိုပြီး ချဲ့တွေးကြည့်မိတယ်။ လူအနည်းအများကွာပေမဲ့ အုပ်ချုပ်ရတဲ့၊ တာဝန်ယူရတဲ့ သဘောတရားကအတူတူပဲ ဖြစ်တယ်။ ဦးဝင်းတင်သူ့ဝန်ထမ်းတွေကို လုပ်ပေးခဲ့တဲ့ စားဝတ်နေရေးချောင်လည်ရေး၊ ကလေးတွေပညာသင်နိုင်ရေး၊ ဘဝမှာ ပညာတစ်ခုခုနဲ့ အမှီအခိုကင်းကင်းရပ်တည်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု စတဲ့ လူမှုဘဝသာယာဝပြောမှုလုပ်ငန်းတွေဟာ တိုင်းပြည်နဲ့ချီပြောရင်လည်း အဓိကလိုအပ်တဲ့၊ ဦးစားပေးလုပ်ရမဲ့ တိုင်းသူပြည်သားတွေအတွက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ပြည့်စုံအောင်လုပ်ပေးရတဲ့ လုပ်ငန်းတွေပဲ ဖြစ်တယ်။ လုပ်နည်းလုပ်ဟန်နဲ့ သဘောတရားကအတူတူပဲ။ တကယ်လုပ်ပေးနိုင်/ချင်ဖို့က အာဏာ၊ အခွင့်အရေး၊ တာဝန်၊ ဝတ္တရား ရှိတဲ့ သူတွေရဲ့ ခံယူချက်၊ စိတ်ခံစားမှု၊ တကယ်လုပ်ပေးချင်တဲ့ ဆန္ဒကသာ စကားပြောတယ်။
ခုလက်ရှိ ပြည်သူ့အစိုးရပါ ဆိုပြီးတက်လာတဲ့ အစိုးရသစ်အနေနဲ့ ဆရာဦးဝင်းတင်လို အောက်ခြေကလူတွေရဲ့ အသံကိုနားထောင်၊ စာနာနားလည်၊ ခံစားပြီးတော့ သူတို့အတွက် ကောင်းရာမွန်ရာကို မဖြစ်မနေ ဆောင်ရွက်ရမယ်ဆိုတဲ့ အသိ၊ ခံယူချက်၊ ခံစားချက်ရှိဖို့လိုတယ်။ အဲ့ဒါက ပိုပြီး အရေးကြီးတယ်။ တကယ်လက်တွေ့ တိုင်းပြည်ကို သာယာဝပြောတိုးတက်အောင် လုပ်ပေးနိုင်တဲ့ အသိဥာဏ်၊ ပညာ၊ အတွေးအခေါ် မရှိရင်တောင် အဲ့ဒါတွေကို ရှိတဲ့၊ သိတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေက ဝိုင်းဝန်းပံ့ပိုးပေးလို့ရတယ်။ အစိုးရကောင်း တစ်ရပ်မှာရှိရမဲ့ ပြည်သူ့အသံ၊ ခံစားချက်ကို နားထောင်ချင်တဲ့စိတ်၊ စာနာနားလည်နိုင်တဲ့ ပြည့်ဝတဲ့ နှလုံးသားတွေမရှိရင် တိုင်းပြည်တိုးတက်အောင် ဘာမှဆက်ပြီးတော့ လုပ်လို့ရမှာ မဟုတ်ဘူး။ အဲ့သလို ခံစားနားလည်တဲ့ စိတ်နှလုံးမရှိဘဲ ဇွတ်လုပ်လည်း တိုင်းပြည်က ဆင်းရဲတွင်းကထွက်လာနိုင်မှာ မဟုတ်ဘူး။ အဲ့တော့ အစိုးရသစ်ရဲ့ သမ္မတက အစ၊ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှုးအထိ အခြေခံလူတန်းစာအများစုရဲ့ ဆန္ဒ၊ သဘောထား၊ သူတို့ခံစားနေရတဲ့ လူမှုဘဝဒုက္ခတွေကို ခံစားနားလည်နိုင်တဲ့ စိတ်နှလုံးပိုင်ရှင်တွေဖြစ်အောင် ကြိုးစားစေချင်တယ်။ တိုင်းပြည်အနာဂတ်အတွက် လှပတဲ့ အသီးအပွင့်တွေ ဝေဆာနိုင်အောင် ကောင်းမွန်တဲ့ အကျင့်တွေ ခုကစပြီး ပြုစုပျိုးထောင်စေချင်တယ်။
နိဂုံချုပ်အနေနဲ့တော့ ဆရာဦးဝင်းတင်ရဲ့ သူ့ဘဝဇာတ်ကြောင်းပြောထားတဲ့ ရေဒီယိုအစီအစဉ်တွေကို စာအုပ်အနေနဲ့ ပြည်တွင်းမှာ ထုတ်စေချင်တယ်။ အနည်းဆုံး audio autobiography အနေနဲ့ဖြစ်ဖြစ် ထုတ်စေချင်တယ်။ ဒီမိုကရေစီ အစိုးရသစ်ရဲ့လို့ အမြဲအော်အော်နေတော့ ပြည်တွင်းမှာ ထုတ်ဝေခွင့်ရမယ်လို့လည်း မျှော်လင့်တယ်။
ဆရာဦးဝင်းတင် သက်ရှည်၊ ကျန်းမာပြီး တိုင်းပြည်အကျိုး ဆထက်တပိုး ဆောင်ရွက်နိုင်ပါစေ။
ငြိမ်းချမ်းအေး
၀၄၊ မတ်လ၊ ၂၀၁၂
ရည်ညွှန်း ။ ။ “ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်ခြင်း” ရေဒီယိုအစီအစဉ်၊ လွတ်လပ်တဲ့အာရှအသံ၊
                    ကြေးမုံ ဦးသောင်း(အောင်ဗလ) ရေး “ဗိုလ်နေဝင်း ဇာတ်လမ်းရှုပ်သမျှ” နှင့် “ဘီလူးတို့ရွာ”၊
(Photo – Irrawaddy, လူထုဦးလှ ဂျပန်အသွား ဒီဆူဇာ ဦးခင်ဇော်၏ နှုတ်ဆက်ပွဲ(၁၉၆၁)တွင် သတင်းနှင့် စာပေသမားများနှင့် အတူ(နောက်တန်း ဝဲမှ ၈ ယောက်မြောက်တွင် ဦးဝင်းတင်)

No comments:

Post a Comment