Sunday 8 April 2012

ဒေါ်အောင်ဆန်းစုကြည်အထွေထွေအတွင်းရေးမှူး ဒေါ်နော်ဇီဖိုးရာစိန် ခေါင်းဆောင်သော KNU ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင် လက်ခံတွေ့ဆုံ

မတရားအသင်း မရှိသင့်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။      ။ ကရင်အမျိုးသားအစည်းအရုံး KNU အား မတရားအသင်းဟု သတ်မှတ်ထားခြင်းနှင့် ပတ်သက် ၍ မတရားအသင်း မရှိခြင်းသည် အကောင်းဆုံး ဖြစ်ကြောင်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်က တနင်္ဂနွေနေ့က ပြောဆိုလိုက်သည်။

အထွေထွေအတွင်းရေးမှူး ဒေါ်နော်ဇီဖိုးရာစိန် ခေါင်းဆောင်သော KNU ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင်  လက်ခံတွေ့ဆုံပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတနိုင်ငံတွင် မတရားအသင်း မရှိခြင်းသည် အကောင်းဆုံး အခြေအနေဖြစ်ကြောင်း ထင်မြင်ချက်ပေးခဲ့သည်။

“အန်တီကတော့ နိုင်ငံတနိုင်ငံမှာ မတရားအသင်းဆိုတာ ရှိဖို့မလိုတာ အကောင်းဆုံးအခြေအနေလို့ ထင်ပါတယ်”ဟု ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်က ပြောသည်။

နေပြည်တော်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် KNU အတွက် စိုးရိမ်ဖွယ်ရာဖြစ်နေသည့် “မတရားအသင်း” ကိစ္စ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း အထွေထွေအတွင်းရေးမှူး နော်ဇီဖိုးရာစိန်က ဆိုသည်။

“ကျမတို့ ငြိမ်းချမ်းရေး အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ် တလျှောက်လုံးမှာ ဒီမတရားအသင်း ဆိုတာကြီးက အန္တရာယ်လည်းရှိတယ်၊ ကြောက်စရာလည်း ဖြစ်တယ်၊ တိုင်းသူပြည်သားတွေအတွက်လလည်း စိုးရိမ်စရာ ဖြစ်နေတယ်ဆိုတော့ ဒီကိစ္စကို စဉ်းစားဖို့ သမ္မတကြီးနဲ့ ဆွေးနွေးခဲ့ပါတယ်” ဟု KNU အထွေထွေ အတွင်းရေးမှူးက ကရင်ဘာသာဖြင့် ပြောဆိုသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးခရီးစဉ်အတွင်း နေပြည်တော်တွင် နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံရာ၌ စစ်မှန်သည့် ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရန် လုပ်ငန်းစဉ်များ ဆွေးနွေးဖြစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ
ဆွေးနွေးရာတွင်လည်း KNU ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကြောင်း အဓိက ဆွေးနွေးခဲ့သည်ဟု နော်ဇီဖိုးရာစိန် က ပြောသည်။

“စစ်မှန်တဲ့ ငြိမ်းချမ်းရေး ပေါ်ပေါက်ဖို့အတွက် ကရင်တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေ၊ လိုလားချက်တွေ ဘာလဲဆိုတာကို ကျမတို့ ဆွေးနွေးဖြစ်တယ်။ နောက်ဘယ်လို ဆက်လက်ဆောင်ရွက်မယ်ဆိုတဲ့ လုပ်ငန်းစဉ်တွေကို အသိပေးဖြစ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးဖြစ်ခဲ့သည့်အပေါ် သူမက
ပြောသည်။

ကရင်လူမျိုးများ အများဆုံးနေထိုင်သည့် ဝါသင်္ခကျေးရွာကို ဗဟိုပြု၍ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဖြစ်လာခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်တွင်းငြိမ်းချမ်းရေး အပါအဝင် အမျိုးသား ရင်ကြားစေ့ရေး ကိစ္စများအတွက် ဆက်လက်ရပ်တည်သွားမည်ဖြစ်ပြီး KNU အပြင် အခြားငြိမ်းချမ်းရေးလိုလားသည့် တိုင်းရင်းသား အဖွဲ့အစည်း အားလုံးနှင့် တတ်နိုင်သမျှ လက်တွဲသွားမည်ဟု ပြောဆိုသည်။

“ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်တဲ့အခါမှာ ရှေ့တန်းတင်တဲ့ ကိစ္စကြီး ၃ ရပ်ထဲမှာ
ပြည်တွင်းငြိမ်းချမ်းရေးပါ ပါတယ်။ ဥပဒေစိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲ
ရေးကိစ္စက ဘယ်လို စပ်ဆက်နေတယ်ဆိုတာ ကျမတို့ ရှင်းပြခဲ့ပါတယ်။ အဲ့တော့ ဒီလုပ်ငန်းကြီး ၃ ခုကို ပူးတွဲပြီးတော့ အမျိုးသားရင်ကြားစေ့ရေး အခြေခံပေါ်မှာ မားမားမတ်မတ်နဲ့ ကျမတို့ ဆက်သွားမှာဖြစ်ပါတယ်” ဟု ပြောသည်။

ရာစုနှစ် တဝက်ဝန်းကျင်ကျော်ကြာ ဗဟိုအစိုးရအား လက်နက်ကိုင် တော်လှန်ခဲ့သည့် KNU သည် ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့ဝင်များနှင့် ကရင်ပြည်နယ် ဘားအံမြို့တွင် ဇန်နဝါရီလ ၁၂ ရက်နေ့က ပထမဆုံး ပြည်နယ်အဆင့် တရားဝင်တွေ့ဆုံပြီး အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီမှု စတင်ရရှိခဲ့သည်။

ယခု ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွင် နိုင်ငံတော်သမတနှင့် တွေ့ဆုံခဲ့ရာ သမ္မတ ဦးသိန်းစိန်သည် စစ်မှန်သည့် ငြိမ်းချမ်းရေးဖော်ဆောင်ရန် ဆန္ဒရှိပြီး ငြိမ်းချမ်းရေးအတွက် ကြိုးစားလုပ်ဆောင်နေသည်ကို မြင်ခဲ့ရ
ကြောင်း နော်ဇီဖိုးရာက ပြောဆိုသွားခဲ့သည်။

ပမာဏ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု၊ ခိုင်မာသည့် အပစ်အခတ်ရပ်ဆဲရေး သဘောတူညီမှု၊ နိုင်ငံရေး
ဆွေးနွေးခြင်း၊ နိုင်ငံရေးတွင်ပါဝင်ခွင့်ရရေး စသည့် သဘောတူညီမှု အဆင့် လေးဆင့် ရရန် KNU ဘက်က ရည်ရွယ်ထားသော်လည်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အကျယ်တဝင့်
ဆွေးနွေးညှိနှိုင်းမှု မပြုလုပ်ရသေးကြောင်း KNU အထွေထွေ အတွင်းရေးမှူးက ဆိုသည်။

အင်းစိန်ထောင်အတွင်း ထောင်ဒဏ် တသက်တကျွန်းကျခံနေရသည့် ကရင်အမျိုးသား အစည်းအရုံး ဗဟိုကော်မတီ ဝင် ဖဒိုမန်းငြိမ်းမောင်ကို သမ္မတအမိန့်ဖြင့် မတ်လ ၁၉ ရက်နေ့က လွှတ်ပေးခဲ့ခြင်းသည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဗဟိုအစိုးရနှင့် KNU အကြား ယုံကြည်မှု ရစေခဲ့သည်ဟု ထင်ကြောင်း KNU ၏ ပြန်ကြားရေးတာဝန်ခံနှင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် နော်မေဦးက မဇ္ဈိမ မေးမြန်းခန်းတွင် ပြောဆိုခဲ့သည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ တွေ့ဆုံ တိုင်းပြည်တွင် စစ်မှန်သည့် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေး အဓိကဆွေးနွေး PDF Print
Sunday, 08 April 2012 16:16
AddThis Social Bookmark Button

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်တို့အား တွေ့ရစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) တို့သည် ရန်ကုန်မြို့ရှိ ဒေါ်အောင် ဆန်းစုကြည်နေအိမ်၌ ဧပြီလ ၈ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

နှစ်နာရီ နီးပါးမျှ ကြာမြင့်ခဲ့ သည့်တွေ့ဆုံဆွေးနွေးမှု၌ တိုင်းပြည် တွင် စစ်မှန်သည့် ငြိမ်းချမ်းရေးဖော် ဆောင်နိုင်ရေး အဓိက ဆွေးနွေးခဲ့ ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က "ဒီနေ့ကျွန်မတို့ ကရင်အမျိုးသား ကိုယ်စားလှယ်များ အဖွဲ့အနေနဲ့ NLD ပါတီ ခေါင်းဆောင် များနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရတဲ့အတွက် အများကြီး ဂုဏ်ယူဝမ်းသာမိပါတယ်။ ဒီနေ့ ကျွန်မတို့ရဲ့ တွေ့ဆုံပွဲဟာ အဓိကအားဖြင့်တော့ ကရင်အမျိုးသား အစည်းအရုံး အနေနဲ့ တိုင်းပြည်ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဖို့ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီးတော့ ပြောခဲ့တယ်။ ပြီးလို့ရှိရင် စစ်မှန်တဲ့ငြိမ်းချမ်းရေး ပေါ်ပေါက်ဖို့အတွက်ကို ကရင် တိုင်းရင်းသား များအနေနဲ့ရော တိုင်းရင်းသားတွေရဲ့လိုအပ်ချက်တွေက ဘာလဲ၊ လိုလားချက်တွေက ဘာလဲလို့ ဆွေးနွေးတာဖြစ်တယ်။ ဘယ်လို ဆက်လက်ဆောင်ရွက်မှုမျိုးတွေ လုပ်မလဲဆိုတာကို အသိပေးဆွေးနွေး တာ ဖြစ်တယ်။ အဲဒီလိုပဲ ကျွန်မတို့ဆက်လက်ပြီးတော့ ရှေ့မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး အကောင်အထည်ဖော်နိုင်ဖို့အတွက် ဘယ်လိုလုပ်မလဲ ဘယ်ပုံစံနဲ့ လုပ်မလဲ ဆိုတာ ဆွေးနွေးတာရှိပါတယ်။ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ဖော်ထုတ်တဲ့အခါမှာ ပြည်သူ တွေရဲ့ အခန်းကဏ္ဍဟာ အများကြီး အရေးကြီးပါတယ်။ ထိုနည်းတူစွာပဲ နိုင်ငံတော်အစိုးရရဲ့ ပါဝင်မှုနဲ့ လုပ် ဆောင်မှုတွေဟာလည်း အများကြီး အရေးပါတယ်ဆိုတာ ကျွန်မတို့ လက်ခံထားပါတယ်" ဟု ကရင်ဘာသာဖြင့် ပြည်တွင်း၊ ပြည်ပ မီဒီယာများသို့ ပြောကြားခဲ့သည်။

ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်က "ဒီလို KNUအဖွဲ့နဲ့ တွေ့ရတာဟာ အင်မတန်မှ ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုဖြစ်သလို ၀မ်းသာစရာဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးတည်ချက်ဟာ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုဖြစ်တာကြောင့်မို့လို့ တိုင်းရင်းသားများအားလုံးဟာ စုစုစည်းစည်းနဲ့ ဒီဖြစ်စဉ်ထဲမှာ ပါဝင်ရမယ်ဆိုတဲ့ ယုံကြည်ချက်လည်း ဖြစ်ပါတယ်။ အခုလို ကျွန်မတို့ တွေ့ဆုံနိုင်တယ်ဆိုလို့ရှိရင် တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်းဖလှယ်နိုင်တယ်၊ တစ်ယောက်နဲ့ တစ်ယောက် ပိုပြီးတော့ ရင်းနှီးမှုဖြစ်လာနိုင်တယ်။ ကျွန်မတို့ရဲ့ အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ်ကို အများကြီး အထောက်အကူ ဖြစ်နိုင်တယ်ဆိုတာကို ယုံကြည်တဲ့အလျောက် ဒီလိုတွေ့နိုင်တာအတွက် ကျွန်မတို့ အင်မတန်မှ ၀မ်းသာတယ်။  အင်မတန်မှ ဂုဏ်ယူတယ်။ ဒီလိုပဲ ဆက်ခါဆက်ခါ အများကြီး အကြိမ်ပေါင်းများစွာ တွေ့နိုင်ရမယ်။ ဒီလိုတွေ့ခြင်းများဟာ ကျွန်မတို့တစ်ကယ် စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး ထူထောင်ရေးအတွက် ဖြစ်စေရမယ်လို့ အခိုင်အမာကို ခံယူထားတဲ့ယုံကြည်ချက် ဖြစ်ပါတယ်ဆိုတာ ပြောပါရစေ။ အခုဆွေးနွေးရတာ အင်မတန်မှ အားရပါတယ်။ အမြင်ချင်းလည်း တူနေတာတွေကြောင့်မို့လို့ နောင်ညီညွတ်မှုအတွက် အင်မတန်မှ ကောင်းတဲ့အ လားအလာပါလို့ ကျွန်မပြောနိုင်ပါတယ်"ဟု မီဒီယာများသို့ ပြောကြား ခဲ့သည်။


ထို့ပြင် "ကျွန်မတို့ NLD အနေနဲ့ ရွေးကောက်ပွဲဝင်တဲ့အခါ ရှေ့တန်းတင်တဲ့ ကိစ္စကြီးသုံးရပ်ထဲမှာ ပြည်တွင်းငြိမ်းချမ်းရေး ပါပါတယ်။ ကျွန်မတို့ ဒီကိစ္စတွေကိုလည်း ရှင်းပြပါတယ်။ ဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ဟာ ဘယ်လို ဆက်စပ်နေတယ်ဆိုတာကို ကျွန်မတို့ ရှင်းပြပါတယ်။ ကျွန်မတို့ဟာ ဒီလုပ်ငန်းကြီးသုံးခုကို ပူးတွဲပြီးတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အခြေခံပေါ်မှာ မားမားမတ်မတ်နဲ့ ဆက်သွားမှာဖြစ်ပါတယ်"ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

"သံသယဆိုတာက တိုင်းရင်းသားနဲ့ အစိုးရရဲ့ကြားမှသာ မဟုတ်ပါဘူး။ တခြား အဖွဲ့အစည်းတွေကြားမှာလည်း ရှိပါတယ်။ အမှန်ပြောရမယ်ဆိုရင် အန်တီတို့နဲ့ SPDC အစိုးရကြားမှာလည်း ဒီလိုပဲ သံသယတွေ ရှိခဲ့တာပဲ။ သံသယတွေအားလုံး ကင်းစင်သွားပြီလားဆိုရင် အားလုံး ၁၀၀ ရာနှုန်း ကင်းစင်သွားတယ်လို့ မပြောနိုင်သေးဘူးလို့ အန်တီထင်ပါတယ်။ အဲဒါကြောင့်မို့လို့ သံသယတွေဆိုတာဟာ တိုင်းရင်းသားတွေနဲ့ အစိုးရကြားတင်မဟုတ်ဘူး။ အန်တီတို့ရဲ့ နိုင်ငံကို ညီညွတ်မှုမရစေတဲ့ သံသယတွေအားလုံး ကင်းစင်သွားဖို့ ဆို တာဟာ အားလုံးဝိုင်းလုပ်ရမဲ့ကိစ္စပါ။ အန်တီတို့တွေတင် လွှတ်တော်ထဲ ကနေ လုပ်ရမှာ မဟုတ်ပါဘူး။ အန်တီတို့ လွှတ်တော်ပြင်ပနိုင်ငံရေးကိုလည်း ဆက်လက်ပြီး အရှိန်အဟုန်မြှင့် လုပ်သွားမှာဖြစ်ပါတယ်"ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) သည် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးအဖွဲ့နှင့် ဧပြီလ ၆ ရက်နေ့က ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် တွေ့ဆုံနွေးခဲ့ပြီး အချက်ခြောက်ချက်ကို အဓိက ထား ဆွေးနွေးခဲ့ကာ ဆုံးဖြတ်ချက်အချက် ၁၃ ချက်ကို သဘောတူလက်မှတ် ရေးထိုးခဲ့ကြသည်။

No comments:

Post a Comment