စစ်တွေရှိ NGOs များမှ နိုင်ငံခြားသားများကို လုံခြုံရာသို့ ခေါ်ထုတ်သွားပြီ  
27 March 2014 16:39(+0630) (လွန်ခဲ့သော 6 နာရီ ခန့်က)
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အန်ဂျီအိုရုံးများကို ခဲများဖြင့် ဆက်လက်   ပစ်ပေါက်မူများ ဖြစ်ပွားနေသဖြင့် အန်ဂျီအို ၀န်ထမ်း နိုင်ငံခြားသားများကို   သက်ဆိုင်ရာမှ လုံခြုံရာသို့ ခေါ်ထုတ်သွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
" ခေါ်ထုတ်သွားတာက အယောက် ၂၀ ကနေ ၃၀ ထိ ရှိနိုင်ပါတယ်။ ကျနော်တို့ သိရသလောက်   ရဲက သူတို့ကို စစ်တွေဟိုတည်ကို ခေါ်ထုတ်သွားတယ်လို့ သိရပါတယ်။ ဒီကနေ့   အကုန်လုံး ရန်ကုန်ကို လေယာဉ်နဲ့ ပို့မယ်လို့ ကြားရပါတယ်" ဟု   အာဏာပိုင်များနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။
ယမန်နေ့ နေ့လယ်ပိုင်းက မာတေဇာ အန်ဂျီအိုမှ အမေရိကန်နိုင်ငံသူ ၀န်ထမ်း   တစ်ဦးမှ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ သာသနာ အလံအား ထဘီသဖွယ် ၀တ်ကာ   မဖွယ်မရာ ပြုလုပ်ရာမှ ပြဿနာ ဖြစ်ပွားခဲ့ပြီး အန်ဂျီအိုရုံး အများအပြားကို   ဒေသခံများက ၀ိုင်းဝန်းပြီး ခဲများဖြင့် စတင်တိုက်ခဲ့သည်။
တိုက်ခိုက်ခံခဲ့ရသော နေရာမှာ ၆ ခုရှိပြီး ကျောင်းတက်လမ်းရပ်ကွက်ထဲရှိ   ဦးဥတ္တမလမ်းတွင် (၂)နေရာနှင့်  အောင်ထွန်းဦးလမ်းတွင် (၄)နေရာ ဖြစ်ကြောင်း   သိရသည်။
နောက်ပိုင်းတွင် အခြေအနေမှာ ထိန်းသိမ်းရန် ခက်ခဲလာပြီး လူအချို့မှ မာတေဇာ   အန်ဂျီအို တည်ရှိရာ ရုံးများအားဝင်ရောက် ဖျက်ဆီးသဖြင့် ရဲတပ်ဖွဲ့ဝင်များက   ညဥ့် ၁၂ နာရီခန့်တွင် သေနတ်များကို မိုးပေါ်ထောင်ပစ်ကာ လူစု ခွဲခဲ့ရသည်ဟု   သိရသည်။
ယနေ့ နံနက်က နိုင်ငံခြားသူ လုပ်ရပ် အပေါ် မကျေမနပ် ဖြစ်နေကြသော   လူအုပ်ကြီးသည် တဖန် လမ်းမများပေါ် ပြန်ထွက်လာပြီး အန်ဂျီအို တည်ရှိရာ   နေအိမ်များကို ခဲများဖြင့် ၀ိုင်းဝန်း ပစ်ခတ်နေကြသည်ဟု အမည်မဖေါ်လိုသူ   တစ်ဦးက ပြောသည်။
" ရုံးတွေမှာ ရှိနေတဲ့ အန်ဂျီအိုတွေက နိုင်ငံခြာသားတွေကို အကုန်လုံးကို   ခေါ်ထုတ်သွားပါပြီ။ အဲဒီလို ခေါ်ထုတ်တဲ့ အထဲမှာ မပါဘဲ ကျန်နေခဲ့တဲ့ အဖြူ   တစ်ယောက် ရုံးပေါ်ကနေ ကင်မရာ ရိုက်တဲ့ အတွက် ကျောင်းတက်လမ်းရပ်ကွက်၊   ဦးဥတ္တမလမ်းရှိ ဒုရဲအုပ် အငြိမ်းစားခင်မောင်ဝင်းအိမ်ကို ခဲတွေနဲ့   ၀ိုင်းချနေကြပါတယ်။ အိမ်ခြံတံခါးကိုတော့ ပိတ်ထားတယ်။ လူက ၂၀၀ ကျော် ၃၀၀   နီးပါး ရှိပါလိမ့်မယ်။ အိမ်ဝင်းထဲကို မ၀င်ဘဲ အပြင်ကဘဲ ခဲတွေနဲ့   ပစ်နေကြပါတယ်" ဟု ဆိုသည်။
ယခု ပြသနာ ဖြစ်ပွားရာ နေရာတွင် ရဲအစောင့်အရှောက်တွေ မရှိကြောင်း၊ အခြား   အန်ဂျီအို ရုံးများ ဖွင့်လှစ်ထားရာ အိမ်များ၏ ပတ်ဝန်းကျင် အနီးတ၀ိုက်တွင်   ရဲများက လုံခြုံရေး ယူထားကြောင်း၊ အခြေအနေမှာ အထူးရှုပ်ထွေးနေကြောင်း   အခင်းဖြစ်ပွားရာ နေရာသို့ ကိုယ်တိုင်သွားကြည့်ခဲ့သူ နိုင်ငံရေးသမား တစ်ဦးက   ပြောကြားသည်။
(နိရဉ္စရာ- ၂၇ မတ်လ ၂၀၁၄)
|  | 
| ဖြိုဖျက်ခံထားရသော အန်ဂျီအိုရုံး တစ်ခု ( ဓါတ်ပုံ- Rakhine citizen Journalists) | 
  စစ်တွေက NGO ရုံးရှေ့မှာ ရုန်းရင်းဆန်ခတ်ဖြစ်  
27 March 2014 06:36(+0630) (လွန်ခဲ့သော 17 နာရီ ခန့်က)
စစ်တွေမြို့မှာ မာတေဇာ အန်ဂျီအိုရုံးရှေ့မှာ ထောင်ထားတဲ့ သာသနာ အလံကို   နိုင်ငံခြားသူ အမျိုးသမီး တစ်ဦးက မဖွယ်မရာ ပြုလုပ်တယ်ဆိုတဲ့   သတင်းထွက်လာပြီးနောက် ရာနဲ့ချီ ရှိတဲ့ ဒေသခံတွေက ရုံးကို မနေ့ညနေက   သွားဝိုင်းရာကနေ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတဲ့ အတွက် ရဲတပ်ဖွဲ့ သေနတ်   အချက်ပေါင်း အများအပြား ပစ်ဖေါက်ပြီး လူစုခွဲခဲ့ရပါတယ်။
ထိခိုက်ဒဏ်ရတဲ့ သတင်းကိုတော့ မရရှိသေးပါဘူး။
အခင်း ဖြစ်ပွားပုံ ကတော့ မာတေဇာလို့ ခေါ်တဲ့ နိုင်ငံတကာ အန်ဂျီအို တစ်ခုက   အမေရိကန်သူ တစ်ဦးဟာ သူတို့ရုံးရှေ့မှာ ထောင်ထားတဲ့ သာသနာအလံကို မဖွယ်မရာ   ပြုလုပ်တယ်ဆိုပြီး သတင်းထွက်လာရာကနေ ရာနဲ့ချီရှိတဲ့ ဒေသခံတွေဟာ မာတေဇာ   ရုံးကို သွားဝိုင်းပြီး အဲဒီအမျိုးသမီးကို ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြတာ   ဖြစ်ပါတယ်။
ညဉ့် ၁၁ နာရီကျော်ခန့်မှာ အခြေအနေဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတဲ့ အတွက် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖေါက်ပြီး လူစုခွဲခဲ့ရပါတယ်။
သေနတ်ပစ်ခတ်ပြီးတဲ့ နောက်ပိုင်းမှာ လူစုကွဲသွားခဲ့ပြီး အခြေအနေဟာ ငြိမ်သက်သွားခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်း ရွှေးကောက်ပွဲနဲ့ ပတ်သက်ပြီး အခြေအနေတွေ မတည်မငြိမ်   ဖြစ်နေချိန်မှာ ခုလို ရုန်းရင်းဆန်ခတ်မူ ဖြစ်ပွားပြီး သေနတ်ပစ်ခတ်ရတဲ့   အခြေအနေထိ ဖြစ်ခဲ့ရတဲ့ အတွက် အများပြည်သူတွေကတော့ အထူး ထိတ်လန့်   စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
|  | 
| INGO Maltezarမှ   တာဝန်ခံ နိုင်ငံခြားသူ အမျိုးသမီးတစ်ဦး သာသနာ့အလံကို မဖွယ်မရာ   လုပ်မှုဖြင့် စစ်တွေမြို့ ဘောက်သီးစုကျောင်း တက်လမ်း ဂေါက်ရှီလမ်းနှင့်   ဥတ္တမလမ်း တို့တွင် Maltezer ရုံးများတွင် လူစုလူဝေး ဖြစ်ပေါ်လျက်ရှိကြောင်း   ကြားသိရပါသည်။ (Than Tun Than ) | 
|  | 
| မာတီဇာ NGO မှ   နိုင်ငံခြားသူဝန်ထမ်းတစ်ဦးက သန်းခေါင်စာရင်းကို သပိတ်မှောက်သည့် အနေဖြင့်   တင်ထားသော သာသနအလံကို ဖြုတ်ယူကာ ခါးတွင် ပတ်၍ ၀တ်သွားသည်ကို   တွေ့လိုက်ရသဖြင့် ဒေါသထွက် နေသောလူအုပ်သည် မာတီဇာရုံးရှေ့တွင်   စုဝေးရောက်ရှိနေကြပြီး ယင်းနိုင်ငံခြားသူကို   အရေးယူပေးရန်တောင်းဆိုလျှက်ရှိသည်။ ဓါတ်ပုံ-  Coral Arakan News | 
 
  
  စစ်တွေ အိုင်အန်ဂျီအိုရုံးများကို မြို့ခံရာချီ ခဲဖြင့်ဝိုင်းပေါက်  
27 March 2014 15:52(+0630) (လွန်ခဲ့သော 7 နာရီ ခန့်က)
ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်ရှိ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း   (အိုင်အန်ဂျီအို) ရုံးတွေကို ရာနဲ့ချီတဲ့ မြို့ခံတွေက မတ် ၂၇ ရက် ဒီနေ့   မနက်ပိုင်းမှာ ခဲတွေနဲ့ ၀ိုင်းဝန်း ပစ်ပေါက်နေတယ်လို့ စစ်တွေမြို့ကို   ရောက်ရှိနေတဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးဖေသန်းက ပြောပါတယ်။
"အန်ဂျီအိုတွေ ငှားထားတဲ့ အိမ်တွေပေါ့နော်။ သူတို့ ကတော့   အကြိမ်ကြိမ်ခေါ်ပြီး ဒါတွေကိုမငှား ပါနဲ့လို့ မေတ္တာရပ်ခံ ထားတယ်တဲ့။   အခုငှားထားတဲ့အိမ်တွေ ၃ နေရာလောက်ကို လမ်းတွေ ပိတ်ချတယ်။ လူအင်အား ၁၀၀   လောက်ရှိမယ့် အဖွဲတွေက ၃ နေရာလောက်ခွဲပြီး ခဲနဲ့ ထုကြတာ။ ကျနော်တို့လည်း   မကပ်နိုင်ပါဘူး၊ အဝေးကပဲ လမ်းပိတ်ထားတာ မြင်ရတာ။"
ရဲတပ်ဖွဲ့ဝင် အင်အားနည်းတာကြောင့် ခဲနဲ့ ပေါက်နေတာကို မဟန့်တားနိုင်ဘဲ   နောက်ထပ် လူတွေ ၀င်မလာနိုင်အောင် လမ်းပိတ်ဆို့ထားတာ တွေ့ခဲ့ရတယ်လို့လဲ   ပြောပါတယ်။
မတ် ၂၆ ရက် ညပိုင်းမှာလည်း စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်ထဲမှာ   အိုင်အန်ဂျီအိုတခုက နိုင်ငံခြားသူတဦးဟာ သာသနာ့အလံကို ဘောင်းဘီကြားထဲ   ညှပ်တာ တွေ့မြင်ပြီး အဲဒီ အိုင်အန်ဂျီအိုရုံးကို ရာနဲ့ချီတဲ့လူအုပ်က   ခဲတွေနဲ့ ၀ိုင်းပေါက်ခဲ့ကြလို့ ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ပြီး လူစု   ခွဲခဲ့ရပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်က အိမ်တွေမှာ အခုရက်ပိုင်းအတွင်း သာသနာ့အလံတွေ   လွှင့်တင်ထားပြီး သန်းခေါင်စာရင်း ကောက်တဲ့အခါ ရိုဟင်ဂျာလူမျိုး နာမည်   ထည့်သွင်းခွင့်ပေးမှာကို ကန့်ကွက် ဆန္ဒပြနေကြပါတယ်။
ရခိုင်ပြည်နယ်ထဲ အိုင်အန်ဂျီအိုအဖွဲ့တွေ ထွက်ခွာသွားဖို့   ရခိုင်တိုင်းရင်းသားတွေက အဆက်မပြတ် ဆန္ဒပြ တောင်းဆိုနေကြတာ ဖြစ်ပြီး   မကြာသေးခင်ကတော့ ရခိုင်ပြည်နယ်ကနေ နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF)   ထွက်ခွာခဲ့ပါတယ်။
 By ရွှေအောင် (ဒီဗွီဘီ)
|  | 
| မနေ့ညက ပဋိပက္ခ ဖြစ်ပွားစဉ် | 
 
No comments:
Post a Comment