အပြည်ပြည်ဆိုင်ရာ သစ်တောများ နှစ် ၂၀၁၁ နှင့် သစ်ပင်စိုက် သမားကြီး ဦးငွေ
- Saturday, 12 March 2011 11:24
- Health Digest
ကမ္ဘာ မြေကြီးမှာ နေထိုင်တဲ့ လူသား တွေကို မိသားစု တစ်စု အဖြစ် တင်စားမယ် ဆိုရင် အဲဒီ မိသားစုအတွက် သစ် တော များဟာ ရာသီဥတု ဒဏ်၊ မိုးဒဏ် လေဒဏ်တွေမှ ကာကွယ်ပေးတဲ့ အိမ်တစ်လုံးနဲ့ တူတယ်။ အစား အသောက်တွေကို ဖန်တီး ပေး တဲ့ မီးဖိုဆောင်နဲ့လည်း တူတယ်။ သစ်ပင်ပန်းမန် ငှက်ကျေးတိရစ္ဆာန်တွေ၊ စမ်းချောင်းနဲ့ ရေတံခွန် ငယ်တွေ ပါဝင် တဲ့ အနားယူ အပန်းဖြေစရာ ဥယျာဉ်စခန်းသာနဲ့လည်း အလား သဏ္ဌာန် တူပါတယ်။ အရိပ် နေနေ၊ အခက်ချိုးချိုးဆိုတဲ့ မြန်မာစကားပုံဟာ ကျေးဇူးကန်းတဲ့သူတွေကို တင်စားတဲ့ စကားပုံ ဖြစ်ပါတယ်။ သစ်တော သစ်ပင်များကို ဖျက်ဆီးတဲ့ သူများဟာ မိမိနေထိုင်တဲ့ ကမ္ဘာကြီးကို ဖျက်ဆီးတဲ့သူများဖြစ်ပြီး "အရိပ်နေနေ အခက်ချိုးချိုး" ကျေးဇူးကန်းသူများဖြစ်တယ်။ ဒီလိုဆိုလိုက်လို့ သစ်တောသစ်ပင် ဖျက်ဆီးသူများဟာ သစ်ခုတ်သမား များလို့သာ ထင်မြင်ရင်တော့ မှားသွားပါလိမ့်မယ်။ သင် ကိုယ်တိုင်ရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု ဆိုင်ရာ လျစ်လျူရှုမှု၊ မပါဝင်မှု၊ အမူအကျင့်တစ်ခုခုဟာလည်း သစ်တော ပြုန်းတီးမှုနဲ့ သွယ်ဝိုက်ပြီး ဆက်စပ် နေနိုင်ပါတယ်။
၂၀၁၁ ခုနှစ်ဟာ အပြည်ပြည်ဆိုင်ရာ သစ်တောများနှစ် (International Years of Forests)အဖြစ် ကုလသမဂ္ဂ အထွေထွေ ညီလာခံက ၂၀ဝ၆ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က ဆုံးဖြတ်ကြေညာခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ သစ်တောများနှစ်မှာ အစိုးရများ၊ ကုလသမဂ္ဂ လက်ဆောက်ရှိအဖွဲ့အစည်းများ၊ ပုဂ္ဂလိကနှင့် အခြားအဖွဲ့အစည်းများ အနေဖြင့် လက်ရှိနှင့် အနာဂတ်မျိုး ဆက်များအတွက် သစ်တောအမျိုး အ စား အားလုံးကို ရေရှည်တည်တံ့ စေမည့် စီမံခန့်ခွဲမှုများ၊ ထိန်းသိမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရန် ရေရှည် တည်တံ့စေမည့် စီမံခန့်ခွဲမှုများ၊ ထိန်း သိမ်း မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိ စေရန် တညီတညွတ် တည်း ဆန္ဒ သဘောထား ဖော်ထုတ်မှုကို တိုးမြှင့် ဆောင် ရွက် ရန် ရည်ရွယ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ သစ်တော များနှစ်တံဆိပ် Logo မှာ "လူထု အတွက်သစ်တောများ" ဆောင်ပုဒ်ကအခြေခံပြီး ရေးဆွဲထားပါတယ်။ လူထုအတွက် အမိုးအကာပေးပြီး ဇီဝမျိုး စုံမျိုးကွဲများ၏ မူရင်းဒေသဖြစ်သည့် သစ်တောများမှစားနပ်ရိက္ခာ၊ ဆေးဝါး၊ သန့်ရှင်းသောရေတို့ ရရှိနိုင်ပြီး တစ်ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုနှင့် ပတ်ဝန်းကျင် တည်ငြိမ် ရေးတို့အတွက် ထိန်းသိမ်းရာ၌ အရေးပါသည့် ကဏ္ဍတွင် ပါဝင်နေပါတယ်။ ကမ္ဘာ့ လူသားသန်း ၇၀ဝ၀ တို့၏ ဘဝရပ် တည်မှုနှင့် အကျိုးစီးပွားကို ဖော် ဆောင်ပေးနေသည့် သစ်တောများကို အလေး ပေးရန် လိုအပ်လျက်ရှိပါတယ်။
လက်ရှိ သစ်တောဖုံးလွှမ်းမှုမှာ ကမ္ဘာမြေဧရိယာ၏ ၃၁ ရာခိုင်နှုန်းရှိနေပြီး လူသားများရဲ့ လုပ်ဆောင်မှုကြောင့် နှစ်စဉ် သဘာဝသစ်တော ဧက သန်း ၃၀ ကျော် ဆုံးရှုံးလျက်ရှိ ရာ သဘာဝသစ်တောဧက သန်း ၉၈၀ဝ ခန့်ကို မှီခိုနေရတဲ့ ကမ္ဘာ့လူဦး ရေ၏ လေးပုံတစ်ပုံ (သန်း ၁၆၀ဝ ခန့်)အတွက် စိုးရိမ်ဖွယ်ရာ ဖြစ်နေ ပါတယ်။
သစ်တောဧရိယာအများဆုံးပါ နိုင်ငံမှာ ရုရှား၊ ဘရာဇီး၊ ကနေဒါ၊ အမေရိကန်ပြည်ထောင်စုနှင့် တရုတ် တို့ဖြစ်ပြီး အဲဒီနိုင်ငံများမှာ ကမ္ဘာ့ သစ်တောဧရိယာရဲ့ တစ်ဝက်ကျော် ရှိနေပါတယ်။ သဘာဝသစ်တောများ ပြုန်းတီးမှုကို ဖြည့်ဆည်းဖို့ တစ်ဖက်မှလည်း သစ်တောစိုက်ခင်းများ တည်ထောင် လျက်ရှိရာ တည်ထောင်ပြီး သစ်တော စိုက်ခင်းဧက ၆၂၅ သန်းခန့် ရှိနေပြီး ကမ္ဘာ့သစ်တောဧရိယာရဲ့ ၇ ရာခိုင် နှုန်းခန့် ရှိနေ ပါ တယ်။ ၂၀ဝ၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း သစ်တောစိုက်ခင်းဧက ၁၂ သန်းကျော် စိုက်ပျိုးနိုင်ခဲ့ပါတယ်။
ကုလသမဂ္ဂသစ်တောဆိုင်ရာ ဖိုရမ် အဖွဲ့ဝင်တစ်နိုင်ငံဖြစ်တဲ့ မြန်မာ နိုင်ငံဟာ သစ်တောရေး ရာဝန် ကြီးဌာန ရဲ့ ဦးဆောင်မှုနဲ့ နှစ်တိုနှစ်ရှည် မူဝါဒ များ ချမှတ်ကာ ဆောင်ရွက်လျက် ရှိပါတယ်။ ပြည်သူများ အနေနဲ့ လည်း သစ်တောသစ်ပင်များကို ချစ်ခင် မြတ် နိုးတတ်ပြီး သစ်ပင်တစ်ပင်ကိုတောင်မှ အလဟဿ မဖျက်ဆီး မခုတ်လှဲမိဖို့ တန်ဖိုးထား စောင့်ရှောက်စေချင်ပါ တယ်။
လူထုဒေါ်အမာရေးခဲ့တာကို လူထု စိန်ဝင်းက လူငယ်နဲ့ တာဝန်ယူစိတ် ဆောင်းပါးထဲမှာ ပြန်လည်တင်ပြတာကို ဖော်ပြပါရစေ။ မန္တလေးမှာ စစ်မီးကြီးလောင်ပြီး သစ်ပင်တွေမရှိကတည်းက ၃နှစ်မှာ တစ်ခါ အပူ ဒီကရီ ၁၁၀၊ ၁၁၁ ဆိုတာ မျိုး တွေ့ဖြစ်ဖြစ် လာတတ်ပြီး ထွန့်ထွန့်လူး ပူကြတာကိုး။ အဲဒီလို ပူလာရင် အပူဒဏ်မခံနိုင်တဲ့ သက်ကြီး ရွယ် အိုတွေ၊ ငယ်ရွယ်နုနယ်တဲ့ ကလေးငယ်တွေ အချိန်မတိုင်မီ အပူရှပ်ပြီး သေ ကြရတာလည်း အတွေ့အကြုံလေ။ ဒါကြောင့် စေတနာကောင်းလှတဲ့ဦးငွေ ဆိုတဲ့လူတစ်ယောက်က မန္တလေးမြို့ မှာ သစ်ပင်တွေလိုက်ပြီး စိုက်ပါတယ်။
မန္တလေးမှာ သစ်ပင်ပေါင်း ၅၀ဝ ကျော် စိုက်ပျိုးပေးသွား သူကတော့ ဆိုက်ကားဆရာကြီး ဦးငွေပါ။ ဦးငွေ ဟာ သမီး ၇ယောက်နဲ့ ဆိုက်ကား နင်းစားရှာတဲ့ တောင်ကြခတ်ဝင်းထဲက လူဆင်းရဲ တစ်ယောက်ပါ။ ဒါပေမယ့် သစ်ပင် တွေကိုပျိုး၊ ကြိုက်ရာနေရာမှာ မြေကို တူး၊ ပျိုးပြီးအပင်ကိုချစိုက်၊ မရှင်မချင်း နေ့စဉ်ရေလောင်းပြီး စိုက် သွားရှာတာပါ။ ညောင်ပင်၊ ကုက္ကိုပင်၊ စိန်ပန်းပင်အားလုံး အပင် ၅၀ဝကျော် ရှိပါတယ်။ သူ့အပင်ကြီးတွေ အေလမ်းတစ်လျှောက်၊ ရွှေကျီးမြင့်ဘုရား ပေါက်၊ ကျုံးဘေး၊ ရွှေတချောင်းဘေး နေရာ အတော်များများမှာ ခုအထိ တွေ့မြင် နိုင်ပါတယ်။
သူ့ကို ဘယ်သူမှ မတိုက်တွန်းပါဘူး။သူ့စေတနာနဲ့ သူ့ဘာသာသူ လုပ်ဆောင်တာပါ။ မနက် ၃ နာရီခွဲ၊ ၄ နာရီလောက်ဆိုရင် ဦးငွေအိပ်ရာက ထပြီ။ ပြီးတော့ ကြိုးနဲ့ ရေပုံး၊ တူရွင်း၊ ပေါက်ပြား၊ တောင်း ၁လုံးနဲ့ အိမ်က ထွက်ပြီး သူ့သစ်ပင်ကို ရေလောင်း တော့တာပဲ။
အပြည်ပြည်ဆိုင်ရာ သစ်တော များနှစ်မှာ သစ်ပင်စိုက်ခဲ့တဲ့ ဆိုက်ကား ဆရာကြီး ဦးငွေနှင့် တကွ သစ်ပင် စိုက်ခဲ့ကြသော၊ သစ်ပိုင်စိုက်နေကြ သော တာဝန်သိသူများအားလုံးကို ဂုဏ်ပြုလိုက်ပါတယ်။
ကိုးကား
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၂၃၊ မြန်မာ့အလင်း သတင်းစာပါ အပြည် ပြည်ဆိုင်ရာ သစ်တောများ နှစ် ၂၀၁၁ (စန်းလွင်)
- လူငယ်နဲ့ တာဝန်ယူစိတ် (လူထု စိန်ဝင်း)
ပူတာအို သို့မဟုတ် မြန်မာနိုင်ငံ ဆွစ်ဇာလန်ကလေး
Sunday, 20 March 2011 05:07
၁၈၈၆ခုနှစ်၊ အင်္ဂလိပ်မြန်မာ တတိယစစ်ပွဲအပြီး၊ သီပေါမင်းပါတော်မူပြီးတဲ့နောက်ပိုင်း နှစ်တော်တော်လေးကြာကာမှ အင်္ဂလိပ်တပ်တွေ ဒီဒေသကို ရောက်လာပြီး သူတို့တပ်တွေစခန်းချဖို့၊ ရုံးတွေဆောက်ဖို့၊ အုပ်ချုပ်ရေး စံနစ် ထူထောင်ဖို့၊ 'ပူတောင်း'ရွာ အနီးက ခံတပ်ကုန်းပြန့်ကို ရွှေးချယ်တည်ဆောက် ခဲ့ကြပါတယ်.. ဒါကြောင့် အဲဒီစခန်းကို 'ပူတောင်းစခန်း'လို့ ခေါ်ပြီး အင်္ဂလိပ်လို P.U.T.A.O နဲ့စာလုံးပေါင်းခဲ့တယ်.. အဲဒါကို မြန်မာတွေက P.U.T.A.O ကို 'ပူတောင်း'လို့ အသံထွက်ရမယ့်အစား 'ပူတာအို'လို့ အသံထွက်ရာကနေ 'ပူတာအို' ဖြစ်သွားတာလို့ ဆိုပါတယ်..ဒါကြောင့် ဒီဒေသကို 'ပူတာအို'လို့ခေါ်တာ နှစ်တစ်ရာလောက်ပဲ ရှိအုန်းမှာဖြစ်ပါတယ်.. ဒီကနေ့မှာတော့ 'ပူတာ အို'ဆိုတာ မြန်မာနိုင်ငံမြောက်ဖျား အစွန်ဆုံးမှာတည်ရှိတဲ့ ခရိုင်မြို့ကြီး တစ်မြို့ဖြစ် နေပြီး ခရိုင်အောက်မှာ မချမ်းဘော၊ နောင်မွန်း၊ ခေါင်လမ်ဖူး၊ ဆွမ်ပရာဘွမ်၊ ပူတာအိုဆိုတဲ့ မြို့နယ်(၅)ခုနဲ့ ပန်နန်းဒင်ဆိုတဲ့ မြို့နယ်ခွဲ(၁)ခုရှိတဲ့ ခရိုင်ကြီးတစ်ခရိုင် ဖြစ်နေပြီဖြစ်ပါတယ်.. ပူတာအိုခရိုင်ဟာ မြောက်ဖက်နဲ့အရှေ့ဖက်မှာ တရုတ်နိုင်ငံ၊ အနောက်ဖက်မှာအိန္ဒိယနိုင်ငံနဲ့၊ တောင်ဖက်မှာ မြစ်ကြီးနားခရိုင်တို့ရှိပြီး၊ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၁ဝ၆၁ဝ ရှိပါတယ်.. ပူတာအိုခရိုင်ဟာ ဟိမဝန္တာတောင်တန်းရဲ့ အဆက်အနွယ်ဖြစ်ပြီး မြန်မာနိုင်ငံမှာသာမက အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ အလှပဆုံးနဲ့ အမြင့်ဆုံးဖြစ်တဲ့ခါကာ ဘိုရာဇီရေခဲ တောင်ကြီးအပါအဝင် ပေ ၁ဝဝဝဝကျော် မြင့်မားတဲ့ မဒွယ်ရေခဲတောင်၊ ဂီယော့ ရေခဲတောင်၊ ဇီးထန်ရေခဲတောင်၊ ဖုန်ကန်ရေခဲတောင်၊ ဒဂူလွမ်ရေခဲတောင်စတဲ့ ရေခဲတောင်ကြီးတည်ရှိရာဒေသဖြစ်ပါတယ်.. မြင့်မားမတ်စောက်ပြီး သဘာဝ ပတ်ဝန်းကျင် မပျက်မစီး မယိုမယွင်းဘဲ တည်ရှိနေကြသေးတဲ့ သွားရေးလာရေး ခက်ခဲတဲ့ တောင်စဉ်တောင်တန်းကြီးတွေ၊ မြူတွေနှင်းတွေ အမြဲတမ်းလိုလို ကျနေပြီး ပင်လယ်ကြီးလို အုပ်ဆိုင်းလျက်ရှိတဲ့ နက်ရှိုင်းတဲ့ လျှိုမြောင်ကြီးတွေ၊ ကမ္ဘာပေါ်က အရှည်ဆုံးမြစ်တွေထဲမှာ တစ်ခုအပါအဝင် ဖြစ်တဲ့ ဧရာဝတီမြစ်ကြီးရဲ့ စတင်မြစ်ဖျားခံရာ မလိခမြစ်ရဲ့အစ ဒေသဖြစ်တာရယ်၊ တစ်နှစ်ပတ်လုံးနီးပါး မိုးရွာလိုက်၊ မိုးအုံ့လိုက်၊ မိုးသည်းလိုက်၊ မိုးဖွဲလိုက်၊ နှင်းဝေလိုက်၊ မြူထူလိုက်ဖြစ်နေတဲ့ ရာသီဥတုအောက်မှာ မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို ထိန်းသိမ်း စောင့်ရှောက်ရင်း အဲဒီဒေသမှာ အတူတကွ နေထိုင်နေကြတဲ့ခမ်းတီးရှမ်း၊ ရဝမ်၊ လီဆူး၊ ဂျိမ်းဖောစတဲ့ တိုင်းရင်းသားတွေရယ်ကြောင့် မြန်မာနိုင်ငံမြောက်စွန်းက ပူတာအိုဒေသကို ကျွန်တော် ရောက်ဖူးချင်နေတာ ကြာလှပြီဖြစ်ပါတယ်...
ပူတာအိုမြို့ဟာ ရန်ကုန်မြို့ကနေ လေယာဉ်ခရီးမိုင်အားဖြင့် ၇၂၅ မိုင်ရှိပြီး မြစ်ကြီးနားနဲ့ ပူတာအိုပင်လျင် ၂၁၈မိုင် ကွာဝေးတာဖြစ်ပါတယ်.. ကျွန်တော် သွားရောက်တဲ့အချိန်က ခရီးသွားဧည့်သည် အနည်းအများကြောင့် ထင်ပါရဲ့ ရန်ကုန်ကနေ ပူတာအိုကို တစ်ပါတ်မှာ တနင်္ဂနွေနဲ့အင်္ဂါနေ့တို့မှာပဲ လေယာဉ်ရှိပါတယ်။ နောက်ပြီး ကျွန် တော့ဆန္ဒအရ ရန်ကုန်ကနေ ပူတာအိုကို လေယာဉ်နဲ့ တိုက်ရိုက် မသွားသေးဘဲ မြစ်ကြီးနားအထိသာ လေယာဉ်နဲ့သွားပြီး မြစ်ကြီးနားကနေ ပူတာအိုကို ကားလမ်း ခရီးနဲ့သွားဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်.. တစ်ခါမှမသွားဖူးသေးတဲ့ ဒီခရီးစဉ်အတွက် မြစ်ကြီးနားနဲ့ ပူတာအိုက ဒေသခံတာဝန်ရှိသူတွေကို တယ်လီဖုန်းနဲ့အကြိမ်ကြိမ် ညှိနှိုင်းရတာဖြစ်ပါတယ်..မနှစ်ကလည်း ကျွန်တော်မြစ်ကြီး နားကို တစ်ခေါက် ရောက်ခဲ့ပါသေးတယ်.. အဲဒီတုန်းက စစ်ကိုင်းတိုင်း ဒေသကြီးရဲ့ ထိပ်ဖျားအစွန်မှာရှိတဲ့ နန်းယွန်းမှာ နာဂတိုင်းရင်းသားတွေရဲ့ နှစ်သစ် ကူးပွဲတော်ရှိတဲ့အတွက် အဲဒီပွဲတော်ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားကနေ တဆင့်သွားတာ ဖြစ်ပါတယ်..ရန်ကုန်ကနေမြစ်ကြီးနားကို လေယာဉ်နဲ့သွားပြီး မြစ်ကြီးနားကနေ နမ္မတီး၊ လဝါး၊ ဒွန်ဘန်၊ တနိုင်းကို ကားနဲ့တစ်ရက်၊ တနိုင်းကနေ ရှင်ဗွေယန်၊ အဲဒီကမှ ဟူးကောင်း တောင်ကြားလမ်းအတိုင်း နန်းယွန်းကို ကားနဲ့သွားတာ ဖြစ်ပါတယ်.. ဒီနှစ်မှာတော့ ရန်ကုန်ကနေ မြစ်ကြီးနားကို လေယာဉ်နဲ့သွားမယ်၊ မြစ်ကြီးနားမှာ တစ်ညဥ့်အိပ်ပြီး နောက်တစ်နေ့ စောစော မြစ်ကြီးနားက ကြိုတင်စီစဉ်ပေးထားတဲ့ ကားနဲ့ ဆွမ်ပရာဘွမ်ကိုသွားမယ်၊ အဲဒီမှာ တစ်ညဉ့်အိပ်ပြီး နောက်တစ်နေ့မှာ ဆွမ်ပရာဘွမ်ကနေ ပူတာအိုကို ဆက်သွားတယ်.. ပူတာအိုမှာ ၃-၄ရက်နေပြီး မချမ်းဘောတို့၊နောင်မွန်းတို့၊ မူလာရှီ ဒီးတို့၊ ဇီယာဒမ်း တစ်ဝိုက်တို့ကို လေ့လာမယ်... ပူတာအိုတစ်ဝိုက်မှာ တိုင်းရင်း သားတွေရဲ့ ဝတ်စားဆင်ယင်မှု၊ ဘဝနေထိုင်မှု ဓလေ့ထုံးစံ၊ ရိုးရာအကတွေကို ဒေသခံ ယဉ်ကျေးမှုအဖွဲ့တွေနဲ့ ညှိနှိုင်းပြီး ဓါတ်ပုံရိုက်မယ်.. အပြန်ကိုတော့ ပူတာအိုကနေ ရန်ကုန်ကို လေယာဉ်နဲ့ တိုက်ရိုက်ပြန်မယ်..ဒီအစီအစဉ်ပဲ ဖြစ်ပါတယ်....
ရန်ကုန်ကနေ မနက် (၇)နာရီ ထွက်လာတဲ့ လေယာဉ်ဟာ မန္တလေးမှာ ခဏဆင်းပြီး ဆက်ထွက်လာတဲ့အခါ မြစ်ကြီးနားကို မနက် ၁ဝနာရီခွဲ လောက်မှာ ရောက်ပါတယ်.. ကျွန်တော်တို့ အဖွဲ့ကို မြစ်ကြီးနားမှာ ဧရာဝတီမြစ်ကြီးကို မျက်နှာပြုထားတဲ့ ဧည့်ရိပ်သာကြီးမှာ နေရာချထားပေးပါတယ်.. မြစ်ကြီးနားမြို့ရဲ့ တည်နေရာဟာ မြောက်ကနေ တောင်ကို ဧရာဝတီ မြစ်ရိုးတစ်လျှောက်၊ ၄မိုင်ကျော်နဲ့ အရှေ့ကနေ အနောက်ကို ၂မိုင်ကျော်လောက်ရှိပြီး သပ်ယပ်လှပတဲ့ မြို့ကြီးတစ်မြို့ ဖြစ်ပါတယ်.. မြစ်ကမ်းရိုးတစ်လျှောက်မှာ ရွှေရောင်တလက်လက်နဲ့ ဖြူဖွေးနေတဲ့ သဲသောင်ပြင်၊ လုံးဝိုင်းပြီး အရွယ်မျိုးစုံ၊ ပုံစံမျိုးစုံနဲ့ ရှိနေတဲ့ ကျောက်လုံးငယ်တွေ၊ အေးမြကြည်လင်နေပြီး၊ တသွင်သွင်စီးဆင်းနေတဲ့ ဧရာဝတီမြစ်တို့ရဲ့ အလှဟာ ကျွန်တော်စတင်မဲ့ ပူတာအိုခရီးစဉ်ရဲ့ ပဏာမ နိဒါန်း သဘာဝအလှတွေပဲ ဖြစ်ပါတယ်.. အဲဒီနေ့ ညနေပိုင်းမှာ အချိန်ရတာနဲ့ မြစ်ကြီးနားမြို့ရဲ့မြောက်ဖက် ၂၈မိုင်အကွာမှာရှိတဲ့ မေခနဲ့မလိခတို့ရဲ့ ပေါင်းဆုံရာ မြစ်ဆုံဒေသကို သွားကြည့်ကြပါတယ်.. အမှန်တော့ မြစ်ဆုံကို မနှစ်က လည်း ကျွန်တော်တစ်ခေါက် ရောက်ခဲ့ပြီး ဖြစ်ပါတယ်.. ဒီအပြင် မနက်ဖြန် မြစ်ကြီးနားကနေ ဆွမ်ပရာဘွမ်ကိုသွားရင်လည်း မြစ်ဆုံအနီး တစ်မိုင်ခန့် အကွာမှာရှိတဲ့ 'တန်ဖဲရွာ'ကို ဖြတ်သွားရမှာ ဖြစ်ပါတယ်.. ဒါပေမယ့် မနက်ဖြန် ဆွမ်ပရာဘွမ်ခရီးစဉ်မှာ မြစ်ဆုံကို ဝင်ကြည့်နေရင် ပိုပြီး အချိန်ကြာသွားမှာ ဖြစ်တဲ့အပြင် စေ့စေ့စပ်စပ်လည်း မကြည့်နိုင်မှာ စိုးတာအတွက် တစ်ကြောင်း၊ မြစ်ဆုံမှာ ရေအားလျှပ်စစ် စီမံကိန်းကြီး စတင်နေပြီ ဖြစ်တဲ့အတွက် အမှတ်တရ သွားကြည့်ချင်တာက တစ်ကြောင်းတို့ကြောင့် ဖြစ်ပါတယ်... မြစ်ကြီးနားကနေ မြစ်ဆုံသွားတဲ့လမ်းဟာ အရင်က ကျောက်ခင်းလမ်းဖြစ်ပြီး လမ်းတစ်ဖက်တစ်ချက်မှာ ဂျိမ်းဖောရွာလေးတွေ ဖြစ်တဲ့ မန်ခိန်၊ နောင်နန်း၊ လမုန်ဇွပ်၊ ဦးချစ်ကထောင်၊ ကာလမ်၊ ဒိန်ဂမိကထောင်၊ ကျိန်ခရန်နဲ့ တန်ဖဲ ကျေးရွာတွေကို သဘာဝအတိုင်း ငေးမောကြည့်ရင်း ဖြတ်သွားရတာ ဖြစ်ပါတယ်.. အခုတော့ ရေအားလျှပ်စစ် စီမံကိန်းကြီး အတွက် ကွန်ကရိလမ်းကြီး ခင်းထားပြီး စီမံကိန်းအတွက် ကားလမ်းပေါ်မှာ ဥဒဟိုသွားလာနေတဲ့ ကရိန်းကားကြီးတွေ၊ မြေထိုး မြေသယ်ကားကြီးတွေနဲ့ ရှုတ်ရှတ်ခတ်နေပါတယ်... ဖွံ့ဖြိုးတိုးတက် လာတာနဲ့အမျှ သဘာဝရှုခင်းတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားရတာက သဘာဝပဲဖြစ်ပါတယ်..
တန်ဖဲရွာထဲရောက်လာပြီး ''မြစ်ဆုံသို့ တစ်မိုင်''လို့ လမ်းညွှန်ထားတဲ့ လမ်းလေးအတိုင်း ဝင်လာပြီးပြီးချင်း တွေ့လိုက်ရတဲ့ မြင်ကွင်းတစ်ရပ်ကြောင့် ကျွန်တော်တော်တော်လေး အံ့အားသင့်သွားပါတယ်.. အရင်တုန်းက အဲဒီလမ်းလေးဘေးမှာ သာသာယာယာနဲ့ ရှိနေတဲ့ ရေချောင်းကျဉ်းကျဉ်းလေးထဲမှာ အခုအခါမှာ ရေစုတ်မော်တာသံတွေ ဆူညံနေပြီး၊ ဝါးငြမ်းတွေနဲ့ လင့်စင် အကြီးကြီးတွေလိုမျိုး ဆောက်ထားကာ အစုလိုက်အပြုံလိုက် ရွှေကျင်နေကြတာကို တွေ့လိုက်ရလို့ပဲ ဖြစ်ပါတယ်.. အရင်တုန်းက မိသားစု တစ်ဦးစနှစ်ဦးစသာ ဝါးလေးသုံးလေးချောင်းနဲ့ ဗြုံးဆေးစင်လေး ဆောက်ပြီး ဟိုနားတစ်စု၊ ဒီနားတစ်စုနဲ့ မိသားစု တစ်ဝမ်းတစ်ခါးအတွက် ရွှေရှာကြတာ တွေ့ဖူးပေမဲ့ အခုအခါမှာတော့ ရင်းနှီးမြှုပ်နှံမှု မြောက်မြားစွာ၊ စက်အင်အား၊ လူအင်အားမြောက်များစွာနဲ့ မြေကြီးတွေ၊ကျောက်ခဲတွေလည်း တောင်လိုပုံပြီး စီးပွားဖြစ် ရှာကြံနေကြတာ ဖြစ်ပါတယ်.. ဒိအပြင် အရင်တုန်းက မြစ်ဆုံရဲ့အပေါ်ပိုင်း ကားလမ်းအဆုံးမှာ စားသောက်ဆိုင်လေးတွေ စံနစ်တကျ တည်ဆောက်ထားကြပေမဲ့ အခုအခါမှာတော့ လမ်းဘေးဝဲ/ယာတစ်လျှောက်အပြင် မေခနဲ့ မလိခမြစ်ဆုံရာ ကမ်းခြေတစ်ဝိုက်မှာလည်း စားသောက်ဆိုင်တွေ ပြည့်ကျပ်နေတာကြောင့် သဘာဝအလှတွေ ပျောက်နေပြီဖြစ်ပါတယ်.. မေခနဲ့မလိခမြစ်တို့ဟာ မြောက်ဖျားစွန်းမှာရှိတဲ့ ပေတစ်သောင်းကျော်မြင့်တဲ့ ရေခဲတောင်ကြီး တွေပေါ်ကနေ မြစ်ဖျားခံပြီး တောင်ကျချောင်း အဖြစ် သီးခြားစီ စီးဆင်းလာရာကနေ ဒီမြစ် ဆုံနေရာမှာ လာရောက်ပူးပေါင်းမိပြီး ကျွန်တော်တို့နိုင်ငံ မြောက်ပိုင်းကနေ တောင်ပိုင်း ပင်လယ်ထဲအထိ စီးဆင်းမဲ့ မိုင်ပေါင်း ၁၃၂၅မိုင် ရှည်လျား တဲ့ ဧရာဝတီမြစ်ကြီးကို မွေးဖွားပေးလိုက်ကြတာ ဖြစ်ပါတယ်.. ဒီမြစ်နှစ်မွှာဆုံတဲ့နေရာကို တိုင်းရင်းသားတွေက 'မလိဇွပ်' (မြစ်ကြီးစတင် ဖြစ်တဲ့နေရာ)လို့ ခေါ်ကြပါတယ်.. ဒီမြစ်ဆုံ မရောက်ခင် မေခမြစ်ဟာ ခရီးမိုင်ပေါင်း ၂၂ဝကျော်၊ မလိခမြစ်ဟာ ခရီးမိုင်ပေါင်း ၁၅ဝကျော် စီးဆင်းခဲ့ကြတာ ဖြစ်ပါတယ်။ မေခရဲ့ ရေစီးအားဟာ ကြမ်းတမ်း ခက်ထန်ကာ တစ်ဟုန်ထိုး စီးဆင်းလာတာ ဖြစ်ပေမဲ့ မလိခမြစ်ရဲ့ ရေစီးအားဟာ တော့ တိတ်ငြိမ်ငြင်သာစွာနဲ့ တအိအိ စီးဆင်းလာတာ ဖြစ်တာမို့ သူတို့နှစ်ဦး ပေါင်းတဲ့မြစ်ဆုံကို ကျွန်တော်တို့ စိတ်ဝင်စားခဲ့ကြတာဖြစ်ပါတယ်.. မေခမြစ်ဟာ မြစ်ဆုံမရောက်မီ အဒုံဝမ်ချောင်း၊ ရမေထီချောင်း၊ နန်းတမိုင်ချောင်း၊ လောင်မြစ်မြစ်နှင့် အင်မိုင်ခမြစ်ဆိုပြီး အမည်ငါးမျိုးခံယူခဲ့သလို မလိခမြစ် ဟာလည်း နန်းတီယူမြစ်၊ဆီယုမြစ်ဆိုပြီး အမည်နှစ်မျိုး ခံယူခဲ့ရတယ်လို့ ဆိုတယ်.. မနက်ဖြန် ကျွန်တော်သွားမဲ့ ဆွမ်ပရာဘွမ်ဆိုတာ မလိခမြစ်ရဲ့ အနောက်ဖက် ကမ်းရိုးအတိုင်း အပေါ်ကို ဆန်တက်ရမှာဖြစ်ပါတယ်...
အခုချိန်မှာတော့ မေခမြစ်ရဲ့ အရှေ့ဖက်ခြမ်း၊ မြစ်ဆုံရဲ့အထက်ဖက် တောင်ကုန်းနေရာမှာ ကြီးမားတဲ့ ရေအားလျှပ်စစ် စီမံကိန်းကြီးအတွက် ဝန်ထမ်းလိုင်းတွေ၊ အဆောက်အအုံတွေ၊ လမ်းတွေ၊ ဆောက်လုပ်နေတာကို တွေ့ခဲ့ရပါတယ်... ဒီစီမံကိန်းကြီးပြီးရင်တော့ အဲဒီမြစ်ဆုံဒေသ အပါအဝင် ကချင်ပြည်နယ် တစ်ခုလုံးဟာ လျှပ်စစ်ဓါတ်အား လုံလောက်ရုံသာမကပဲ ပိုလျှံပြီး တစ်ခြားပြည်နယ်တွေကိုပါ ဖြန့်ဝေပေးနိုင်တော့မှာ ဖြစ်ပါတယ်.. တိုင်းရင်းသား လူမျိုးတွေရဲ့ ဖွံ့ဖြိုးတိုးတက်လာမှု အတွက် ပြည်နယ်အတွင်းမှာရှိတဲ့ သဘာဝ အရင်းအမြစ်တွေကို လက်တွေ့ကျကျ အကျိုးရှိရှိ အသုံးချတာပဲ ဖြစ်ပါတယ်...
နောက်တစ်နေ့ မနက်စောစော ၇နာရီခွဲလောက်မှာ မြစ်ကြီးနားကနေ ယာဉ်နှစ်စီးနဲ့ စထွက်ပါတယ်. .ယာဉ်တစ်စီးက အရံဖြစ်ပြီး အဲဒီယာဉ်တစ်စီးမှာ နယ်မြေခံများနဲ့ ညှိနှိုင်းနိုင်ဖို့ ဆက်သွယ်ရေး (Laison) အရာရှိ တစ်ဦးပါဝင်တဲ့အပြင် နေ့လည်စာ စားဖို့အတွက်လည်း ထမင်းနဲ့ဟင်းချိုင့်ပါ စီစဉ်ပေးလိုက်ပါတယ်.. မြစ်ကြီးနားကနေ ဆွမ်ပရာဘွမ်အထိ မိုင်ပေါင်း ၁၃၂မိုင်ရှိပြီး ခရီးနာရီပေါင်း (၁ဝ)နာရီလောက် သွားရမယ်လို့ ဆိုပါတယ်.. မနေ့ညနေက ကျွန်တော်တို့သွားထားတဲ့ မြစ်ကြီးနားကနေ တန်ဖရဲအထိ ၂၇မိုင်ရှိပေမဲ့ ကတ္တရာလမ်းနဲ့ ကွန်ကရိလမ်းတွေ ဖြစ်တာကြောင့် ၄၅ မိနစ်လောက်ပဲ သွားလိုက်ရပါတယ်.. ဒါပေမဲ့တန်ဖရဲရွာကို စကျော်တာနဲ့ ကျောက်ခင်းလမ်းကို စပြီးမောင်းရပါ တော့တယ်.. ကားလမ်းကမလိခမြစ်ရဲ့ ဘယ်ဘက်တောင်ကြောလမ်းအတိုင်း ဖောက်လုပ်ထားတာ ဖြစ်တဲ့အတွက် မလိခရဲ့ တိတ်ဆိတ်ညင်သာစွာ စီးဆင်းနေတဲ့ ကြည်လင်လှတဲ့ ရေအလျဉ်နဲ့ မြူခိုးတွေဝေနေတဲ့ တောင်စဉ်အထပ်ထပ်ရဲ့ ရင်မောဖွယ် အလှကို လမ်းတစ်လျှောက်လုံး ကြည့်ရှုခံစားရပါတော့တယ်.. ဒေသခံတိုင်းရင်းသားတို့က ''နမ့်ကြူ''လို့ခေါ်ကြတဲ့ မလိခ မြစ်ရိုးတစ်လျှောက်မှာ ရွှေတူး ရွှေကျင်နေတဲ့သူတွေကို နေရာတိုင်းလိုလိုမှာ တွေ့ရှိရပါတယ်.. ချောင်းဘေးသဲသောင် ခုံများပေါ်မှာ တူးနေတာတွေရှိသလို ချောင်းအလယ်မှာ ဖောင်ဖွဲ့ပြီး တူးနေတာတွေကိုလည်း တွေ့ပါတယ်.. ဒီအပြင်မလိခမြစ်ရဲ့ မြစ်လက်တက်များဖြစ်တဲ့ နမ့်ထွန်း၊ နမ့်လန်၊ နမ့်ဖာတိတ်၊ နမ့်ပလတ်၊ နမ်းဆာဘွန်စတဲ့ မြစ်က လေးတွေမှာလည်း ဘယ်နေရာတူးတူး ရွှေထွက်တဲ့အကြောင်း၊ ဒါပေမဲ့ ဒီနယ်က မြစ်ရေတွေက ရေခဲရေလို မခံရပ် နိုင်အောင် ကိုက်ခဲပြီး အေးလွန်းတာနဲ့ မတူးရဲကြကြောင်း ဒေသခံက ပြောပါတယ်.. တစ်ချို့လောဘရမ္မက်တက်ပြီး အအေးကို လွန်ဆန်အံတုပြီး ရွှေကျင် ကြလို့ ရွှေကျင်ရင်း သေကုန်ကြတဲ့အကြောင်းလည်း ပြောပြပါတယ်...
ဆွမ်ပရာဘွမ် ပူတာအိုဒေသဟာ များသောအားဖြင့် သမပိုင်း ရာသီဥတုနဲ့ တော်တော်လေး ဆင်တူပါတယ်.. ဖြတ်သန်းတွေ့ရှိရတဲ့ တောတောင်တွေဟာ အမြဲတမ်း စိမ်းလန်းစိုပြေလျက် ရှိတာကို တွေ့ရပါတယ်.. စွတ်စိုတဲ့ ရာသီဥတုကြောင့်လည်း အပင်တွေမှာ ရေညှိပင်တွေ တွယ်ကပ်နေတဲ့ ခမ်းတီးရှမ်းအခေါ် ''မိုင်ခြမ်'' မြန်မာတွေအခေါ် 'ကျီးလန်သစ်' အပင်တွေဟာ နေရာအနှံ့အပြား ပေါက်ရောက်နေတာကို တွေ့ရပါတယ်.. ဒီဒေသမှာ ဒီကျီး လန်သစ်တွေကိုပဲ အများသုံးသစ်အဖြစ် သုံးကြတယ် ပြောပါတယ်.. ဒီသစ်ဟာ သစ်မာမဟုတ်တဲ့အတွက် ရေရှည်တော့မခံပါဘူး.. ဒါပေမဲ့ လမ်းတစ်လျှောက် တံတားအသေးလေးတွေကို ဒီ'ကျီးလန်သစ်' တွေကိုပဲ ဆောက်လုပ်ရေးအဖွဲ့တွေက သုံးပြီး တံတားခင်းကြတာကို တွေ့ရပါတယ်.. သစ်တောသဘာဝ ပေါက်ပင်တွေထဲမှာ ကြိမ်အမျိုးမျိုး၊ ဝါအမျိုးမျိုး၊ သစ်မွှေး၊ သစ်မင်း၊ ကံ့ကော်၊ ကညင်၊ အင်၊ တောင်သရက်၊ တောင်တမာ စတာတွေလည်း ပေါက်ရောက်တယ်လို့ ဆိုပါတယ်...
ကျွန်တော်တို့ ကားတွေဟာ လမ်းဘေး ကချင်ရွာလေးတွေ ဖြစ်တဲ့ ''အင်ဆွပ်ဇွပ်''နဲ့ ''အင်ဂျစ်ယန်'' တို့ကို ဖြတ်ပြီး ''တီယန်ဇွပ်'' ဆိုတဲ့ရွာကို မနက် ၁ဝနာရီခွဲလောက်မှာ ရောက်ပါတယ်.. မြစ်ကြီးနားနဲ့ ဆွမ်ပရာဘွမ် ကြားမှာရှိတဲ့ ရွာလေးတွေထဲမှာ အစည်ကားဆုံး ကချင်ရွာလေး ဖြစ်ပြီး စားသောက်ဆိုင်နဲ့ ဈေးဆိုင်လေးတွေလည်း ရှိပါတယ်.. မြစ်ကြီးနားကနေ ၅၃မိုင်ကွာဝေးတဲ့ နေရာလေးဖြစ်ပါတယ်.. ဒေသခံတွေက အဲဒီ 'တီယန်ဇွပ်'ရွာလေးမှာ နေ့လည်စာစားဖို့ ပြင်ဆင်ပေးထားတဲ့အတွက် အချိန်စောနေပေမဲ့လည်း ကိစ္စတစ်ခု ပြီးတာပဲဆိုပြီး စားလိုက်ကြပါတယ်.. မြစ်ကြီးနားက ယူလာတဲ့ဟင်းတွေနဲ့ ဒေသခံတွေ စီစဉ်ပေးထားတဲ့ ဒေသထွက် ဟင်းတွေ ပေါင်းပြီးစားကြတာ ဖြစ်ပါတယ်.. ဒေသခံဟင်းတွေထဲမှာ ရေချိုငါးဟင်းတစ်ခွက်ပါလာလို့ မေးကြည့်တဲ့အခါ မလိခချောင်းထဲကရတဲ့ငါးလို့ သိရပါတယ်... ကျွန်တော်တို့အဖွဲ့ ရှေ့ဆက်ရမဲ့ခရီးက ကျန်သေးတာကြောင့် နေ့လည်စာစားပြီး (၁၁)နာရီလောက်မှာ ပြန်ထွက်ကြပါတယ်.. ကားလမ်းပေါ်မှာ ရေတွေရှိနေတာကြောင့် တီယန်ဇွပ်ရွာခံတွေကို မေးကြည့်တဲ့အခါ ညဥ့်က မိုးသဲသဲမဲမဲ ရွာထားပြီး မိုးသီးများပါ ပါကြောင်း သိရပါတယ်.. ဒါကြောင့်မို့ တီယန်ဇွပ်က ထွက်တာနဲ့ ဆိုးဝါးတဲ့ လမ်းအခြေအနေကို စပြီး ထိပ်တိုက်တိုးရပါတော့တယ် ..မကြာသေးခင်ရက်တွေကမှ လမ်းဆောက်ရေး အဖွဲ့တွေဟာ တောင်နံရံက မြေသားတွေကို ဖြိုချပြီး လမ်းသားပေါ်မှာ လမ်းချဲ့ဖို့ မြေ သားတွေကို တင်ထားကြတာ ဖြစ်ပါတယ်.. ညဥ့်ကတစ်ညဥ့်လုံးသဲ သဲမဲမဲရွာထားတဲ့ မိုးရေကြောင့် မြေသားတွေဟာပျော့အိနေပြီး ကျွန်တော်တို့ ကားနှစ်စီးဟာ မြေနီရောင်ရွံ့တွေကြားမှာ မနည်းရုံးနေရပြီး တစ်ခါတစ် လေဘေးတိုက်ရွေ့သွားတာကို လည်းခံစားရပါတယ်..တောင် ပေါ်ဒေသဖြစ်တာကြောင့် မြူနှင်းတွေ အမြဲတမ်း ဝေနေပြီး လမ်းသားတွေ မခြောက်သေး တဲ့နေရာတွေမှာ ကျွန်တော်တို့ အချိန်တော်တော်လေး ပေးလိုက်ရပါတယ်..'ဆွပ်ခါး'နဲ့ 'ကဝဖန်'ရွာလေးတွေကိုဖြတ်ပြီး ခတ်ခရန်းယန် ကချင်ရွာလေးကိုရောက်တော့ နေ့လည် ၂နာရီခွဲနေပြီး မြစ်ကြီးနားကနေ (၉၃)မိုင်ကိုရောက်နေပြီဖြစ်ပါတယ်.. လမ်းမှာ ဆောက်လုပ်ရေးအဖွဲ့တွေဟာ တောင်ကျရေကျတဲ့နေရာလေးတွေမှာ သစ်သား တံတားတွေကို အစားထိုး လဲပေးထားတာကို တွေ့ရပါတယ်.. ဒိအပြင် ခတ်ခရန်းယန်ရွာက ဆက်ထွက်တော့ ထူးခြားတဲ့ ဆိုင်းဘုတ် အသေးလေးတွေ လမ်းဘေးမှာ ထောင်ထားတာ ၃-၄နေရာလောက်မှာ တွေ့ရပါတယ်.. အဲဒါက တစ်ခြားမဟုတ်ပါဘူး.. Mobile Phone ပုံလေးနဲ့ ''ဤနေရာတွင် ဖုန်းလိုင်း မိသည်''လို့ Vinyl ဆိုင်းဘုတ်လေးကို ထောင်ထားတာဖြစ်ပါတယ်.. ဒီဒေသမှာ CDMA ဖုန်းလိုင်းရပြီးများသောအားဖြင့် ဆောက်လုပ်ရေး မြန်မာအင်ဂျင်နီယာတွေ၊ ဒေသအာဏာပိုင် အဖွဲ့အစည်းတွေ အများဆုံးသုံးကြတာဖြစ်ပါတယ် .. ဒေသခံတိုင်းရင်းသားတွေကတော့ အခုထက်ထိ Mobile Phone သုံးကြ တဲ့ပုံမတွေ့သေးပါဘူး.. ဆွမ်ပရာဘွမ်မှာ မနက် ၉နာရီကနေ ညနေ ၃နာရီ အထိသာ Mobile Phone သုံးလို့ရပြီး ဆွမ်ပရာဘွမ်မှာ စုစုပေါင်း Mobile Phone (၂၂)လုံးသာရှိတဲ့ အကြောင်း ဒေသခံကပြောပါတယ်...
ခတ်ခရန်းယန်က ထွက်လာပြီးတဲ့ နောက်ပိုင်း လမ်းဆောက်လုပ်ရေး အဖွဲ့ နောက်တစ်ဖွဲ့ တာဝန်ယူတဲ့လမ်းအပိုင်း ရောက်လာပါတယ်.. ဒီအဖွဲ့ကတော့ တီယန်ဇွပ်နဲ့ ခတ်ခရန်းယန်အကြား တာဝန်ယူတဲ့ လမ်းဆောက်လုပ်ရေး အဖွဲ့လို မြေသားတွေလမ်းပေါ်မှာ မတင်ထားတဲ့အတွက် မူလရှိပြီး ကျောက်ခင်းလမ်းပေါ်မှာပဲ မောင်းရတော့ တော်တော်လေး ခရီးတွင်လာပါတယ်.. ခတ်ခရန်းယန်ကနေ ဆွမ်ပရာဘွမ်ကို (၃၉)မိုင်ဝေးပေမဲ့ ညနေ ၆နာရီခွဲကျော်ကျော်မှာ ဆွမ်ပရာဘွမ်ကိုရောက်ပါတယ်.. လမ်းမှာမိုင်ထောင်ရွာ၊ အင်တက်ကလိုရွာ တွေကိုဖြတ်ခဲ့ရပါတယ်.. ဆွမ်ပရာဘွမ်ကိုရောက်တော့ တော်တော်လေးမှောင်စ ပြုနေပြီဖြစ်ပါတယ်...
ဆွမ်ပရာဘွမ်ဆိုတာ ကချင်စကားပါ.. 'ဆွမ်ပရာ'ဆိုတာ မြက်ရှည် ပင်တစ်မျိုးကိုခေါ်ပြီး 'ဘွမ်'ဆိုတာ တောင်ဖြစ်တဲ့အတွက် ဆွမ်ပရာမြက်ရှည်ပင်များ ပေါက်ရောက်တဲ့ တောင်ပေါ်မြို့လို့ အဓိပ္ပါယ်ရပါတယ်.. ဆွမ်ပရာဘွမ်ဟာ ပင်လယ်ရေ မျက်နှာပြင်အမြင့် ၄၆ဝဝမှာ တည်ရှိတဲ့အပြင် တောင်စောင်းပေါ်မှာ မြို့တည်ထားတာကြောင့် အလွန်ပဲလေတိုက်ပြီး ချမ်းအေးတဲ့နေရာ ဖြစ်ပါတယ်.. ဆွမ်ပရာဘွမ်မြို့နယ် တစ်ခုလုံးဟာ မြင့်မားတဲ့ တောင် တန်း၊တောင်စွယ်၊ လျှိုမြောင်တွေရှိပြီး မလိယန်နဲ့ အင်ဆိုင်းယန်ရွာ နှစ်ရွာမှာသာ မြေပြန့်အနည်းငယ် ရှိတာဖြစ်ပါတယ်.. ဒေသသမိုင်းအရ 'ဆွမ်ပရာဘွမ်'လို့ သတ်မှတ်ခြင်းမပြုမီတုန်းက ဒီဒေသမှာ ခမ်းတီးရှမ်းမျိုးနွယ်စု၊ ကချင်မျိုးနွယ်စု၊ ဂျိမ်းဖော၊မရူး(လော်ဝေါ်) ရဝမ်တိုင်းရင်းသားတွေ နေထိုင်ကြပြီး မျိုးနွယ်စုအလိုက် ဒူဝါး၊ ဆလန်ဝါ ဦးဆောင်တဲ့ ပဒေသရာဇ်စံနစ် အုပ်ချုပ်ခဲ့တယ်လို့ ဆိုပါတယ်.. ၁၉ဝ၅ခုနှစ်မှာ အင်္ဂလိပ်တွေ စတင်ဝင်ရောက်လာပြီး ၁၉၁၃ခုနှစ်မှာ အခြေချ နေထိုင်လာခဲ့ကြတာ ဖြစ်ပါတယ်.. အဲဒီတုန်းက ဆွမ်ပရာဘွမ်ဟာ မြစ်ကြီးနား ခရိုင်အောက်မှာ တည်ရှိခဲ့ပြီး ၁၉၄၈ခုနှစ်နောက်ပိုင်း လမ်းပန်းဆက်သွယ်ရေး လုံခြုံမှုကြောင့် ပူတာအိုခရိုင်အောက်ကို ပြောင်းရွှေ့ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်.. ၁၉၇၆ခုနှစ်ကနေ ၁၉၇၈ခုနှစ်အထိမလိခမြစ်အရှေ့ဘက်ခြမ်းက ကြွက်တွေဟာ မလိခမြစ်ကိုဖြတ်ပြီး ဆွမ်ပရာဘွမ် နယ်ထဲမှာရှိတဲ့ ဥယျာဉ်၊တောင်ယာတွေကို စားသောက်ဖျက်ဆီးတဲ့အတွက် စားနပ်ရိက္ခာရှားပါးပြီး တိုင်းရင်းသားတော်တော် များများဟာ မြစ်ကြီးနားကိုပြောင်းရွေ့သွားကြတယ်လို့ သိရပါတယ်.. ဆွမ်ပရာ ဘွမ်မြို့နယ်၊ ''ဝါစပ်ခူး'' ရပ်ကွက် နှစ်ခြင်းကျောင်းဝင်းအတွင်းမှာ စိုက်ထူခဲ့တဲ့ ကျောက်စာတိုင်မှတ်တမ်းအရ အဲဒီကြွက်ဘေးကြီးမှာ နှစ်ခြင်းဘာသာဝင် (၃၂၅)ဦး သေဆုံးပြီး၊ ကျေးရွာပေါင်း(၁၆ဝ) ပျက်စီးကြောင်း၊ အိမ်ထောင်စု(၉၆၄)စု၊ လူဦးရေ (၅၆၈ဝ)ဟာ အခြားဒေသသို့ ပြောင်းရွေ့သွားကြကြောင်း၊
No comments:
Post a Comment