Tuesday 29 November 2011

ယတြာနှင့်အာဏာ အပိုင်း(၂) (ကဗျာရှင် နေရဲနီ)

ယတြာနှင့်အာဏာ အပိုင်း(၂) (ကဗျာရှင် နေရဲနီ)

Posted: 29 Nov 2011 05:39 AM PST

ယတြာနှင့်အာဏာ အပိုင်း(၂)
(ကဗျာရှင် နေရဲနီ)

ဂဏန်း ပုတ်သင်
ကိုင်းပင် လိပ်မျိုး
နွားသိုး ခွေးအ
ဤခြောက်ဝ အ နာယကဂုဏ်။

ဂဏန်းသည် တည့်တည့်မသွား။ 
ဘေးတိုက်သွား၏။
ငါတည်းဟူသောမာနနှင့် 
လက်မတထောင်ထောင်ရှိလှ၏။

ပုတ်သင်သည်
ရာသီအလိုက်  အရောင်ပြောင်းတတ်၏။
မှန်သည်မှားသည်။သင့်သည် မသင့်သည်။ မစဉ်းစား။
နေရာတိုင်းမှာ ခေါင်းတညိတ်ညိတ်ရှိ၏။
ကိုင်းပင်သည် မားမားမတ်မတ်မရှိ။
လေယူရာယိမ်း၏။ ဆိတ်ခလောက်နှင့် ဆင်တူ၏။
သို့သော် သူတပါးအပေါ်၌ 
စိုးမိုးအုပ်ချုပ်လိုသော ဆန္ဒအမြဲရှိ၏။

လိပ်သည်
လေးတုန့်နှေးကန်စွာသွားလာတတ်၏။
ယက်လေသမျှဝမ်းဗိုက်အောက်သို့သွင်း၏။
ရလေသမျှငါ့ဥစ္စာချည်းဟုထင်၏။
တစ်ကိုယ်ကောင်းဆန်လွန်းသောကြောင့်
ကိုယ့်ဘက်ကိုယ်ယက်သောလိပ်ဟုပင်စကားပုံပြုကြ၏။

နွားသိုးသည်
ရှူးရှူးရှဲရှဲနှင့် ဒေါသထွက်လွယ်၏။
မြင်သမျှနွား ငါ၏ပြိုင်ဘက်ဟုထင်၏။
မိန်းမမြင်သော် ကြိုးပြတ်အောင် ရုန်းသောကြောင့်
နွားသိုးကြိုးပြတ်ဟု ခိုင်းနှိုင်းပြောဆိုကြ၏။

ခွေးအသည်
သူတပါးအူသံကြားသော်လိုက်၍အူ၏။
အူသော်လည်းဘာမှအရာမထင်။
ကျိုးကြောင်းရှိမရှိကို မစဉ်းစား။
မိမိအူသံဘယ်သို့ ရှိသည်ကိုမသိ။

ဤသို့ဖြင့် အထက်ပါအချက်တို့မှ 
တပါးပါးဖြင့်သော်လည်းကောင်း
အားလုံးဖြင့်သော်လည်းကောင်း ညိစွန်းခဲ့သော်
ဤသူကိုခေါင်းဆောင် မတင်သင့်ဟူ၍
နောင်လာနောက်သား ပြည်သူအများတို့အား
ရှေးမြန်မာပညာရှိတို့ လမ်းညွှန်ပြခဲ့ကြသည်။

မှန်ကင်းထိပ်ဖျား၌လင်းတနားသကဲ့သို့
ငါသည်ယခုအခါ၌ အထွဋ်အထိပ်သို့ရောက်ခဲ့ပြီ
နေရာတိုင်း၌ငါ့လက်ရာထင်စေရမည်ဟူ၍
ဘ၀င်လေပင့်သော် ဦးစွာပထမ ပုဂံမှစ၏။

သမိုင်းအမွေအနှစ်ဟူသည် အလွန်တန်ဘိုးကြီး၏။
ရှေးမူလက်ရာကို မည်သို့မျှမပျက်သင့် ဟူ၍
Tayza Hotel
ကမ္ဘာ့အရပ်ရပ်မှတားဆီး ကန့်ကွက်နေသည့်တိုင် ပုဂံဘုရားများကြားတွင်
ဟင်္သာကြားဗျိုင်းနားသကဲ့သို့ ပုဂံမျှော်စင်ကိုဆောက်၏။
နံရံဆေးရေးပန်းချီတို့ကို ဖျက်၍ ရွှေဆေးသုတ်၏။
ရှေးလက်ရာ စေတီပုထိုးတို့ကိုဖျက်၍
ခေတ်လက်ရာဖြင့်အသစ်တည်၏။

သဘာဝကပေးသော အလှတရားဖြစ်သည့်
ဧရာဝတီမြစ်ဆုံ၏ အလှသည်လည်း ပျက်စီးခဲ့လေပြီ။
မသူတော်တို့က ကိုယ်ကျိုးရှာမြှောက်ပင့်၍
ပေးသောအကြံအစည်ကို
မှားသည်မှန်သည်မစဉ်းစား။

ကျိုးကြောင်းဆီလျော်၏ မဆီလျော်၏သူမသိ။
အရှင်မွေး၍ နေ့ချင်းကြီးဆိုသကဲ့သို့ မြစ်ချောင်းတို့၌
ဆည်တို့ကို အပေါ်ယံသဘောမျှသာ တိုင်းထွာ၍
အလျင်အမြန် ဆောက်လေသောအခါ
မိုးအခါရေများ၍ ဖောက်ချရသဖြင့်
စိုက်ထားသမျှ ပျက်စီးရ၍ လယ်သမားတို့ ဘ၀ပျက်ရ၏။
နွေအခါ ရေမလာသောကြောင့်
စိုက်ထားသမျှ အလဟဿဖြစ်ရ၍ စီးပွားပျက်ကြရ၏။
လယ်သမားတို့ဒုက္ခနှင့် နပန်းလုံးရလေသောကြောင့်
မြို့ရွာတို့၌ ဆန်ရေစပါးရှားပါးကြကုန်၏။

ပြည်သူပြည်သားတို့သည်ဒုက္ခနှင့်နပန်းလုံးနေပါမှ
ငါ၏ကုလားထိုင် ခိုင်မြဲပေလိမ့်မည် ဟူ၍သဘောထားကာ
လုပ်အားပေးကို မလပ်စေရ။
ပေါ်တာကြေး ကင်းကြေးကို တိုး၍ကောက်၏။
တို့လို့တန်းလန်းနှင့် ရှေ့ဆက်မရသော စီမံကိန်း တို့သည်လည်းရှိ၏။
ဒရောသောပါး ခုဆောက်ခုပျက်ရသော
လမ်းတံတားတို့သည်ကား အများအပြား။
ယတြာချေ၍ တည်သောဘုရား၌
ဖား၍ဆောက်သော ၀န်ကြီး၏တန်ဆောင်းအတွက်
ဌာနဆိုင်ရာဝန်ထမ်းတို့က
လစာမှ နုတ်ဖြတ်၍ အလှူငွေထည့်ဝင်ကြရ၏။

စီမံကိန်းတခုကျလျှင် ၀န်ကြီးသည်
ဒေါ်လာရပေတော့မည်ဟုသဘောပိုက်ကာ
ငတ်နေသောသတ္တ၀ါ မစင်ပုံတွေ့သကဲ့သို့
အူမြူးမတတ် ရှိလှ၏။
လက်အောက်ငယ်သား တို့သည်လည်း
အရိုးအရင်း ကိုက်ရပေတော့မည်ဟု
အထင်ရှိကာကြိတ်၍ ပျော်ကြ၏။
ဤသို့ဖြင့်အထက်မှ စ၍အောက်ခြေတိုင်အောင်
ဖင်နုတ်ခေါင်းနုတ်ဖြင့်
တကယ်လုပ်ကြလေသောအခါ
အရည်အသွေး မမှီ၍သော်လည်းကောင်း
အတိုင်းအထွာ မှား၍သော်လည်းကောင်း
အကြောင်းအမျိုးမျိုးပြပြီး
သဲထဲရေသွန် အဖြစ်ရောက်ကာ
ပျက်စီးခြင်းဖြင့် နိဋ္ဌိတံ၍
ပြည်သူ့ဘဏ္ဍာသည်သာ ဆုံးရှုံးရပြီး
ပြည်သူသည်သာဒုက္ခရောက်ကြရ၏။

ဖားရှာသောသူသည် အကောင်ကြီးကြီးကိုတွေ့လျှင်
အသားပေါ၍ အရသာရှိလှသောကြောင့်အလွတ်မပေး။
ကိုယ်ကျိုးရှာအတ္တသမား ဖား၍စားသော သူတို့သည်လည်း
စားကောင်းသော ဖားကြီးကြီးကိုတွေ့သော်
အမှန်တရားကို ပြည်သူ့မျက်နှာထောက်၍
မကြောက်မရွံ့ပြောဆိုရဲသော
အဖွဲ့အစည်းတို့ကို အပြစ်ရှာလက်ညှိုးထိုးကာ
မိမိတို့၏အခွင့်အလမ်းကို ရအောင်ယူ၏။
ထို့ကြောင့်ခေတ်ပျက် သူဌေးတို့ကား
န အ ဖ လက်ထက်တွင် ရိုက်သတ်၍မကုန်။

ကျွန်တော်တို့ ဥက္ကဌကြီးက
တိုင်းပြည်တိုးတက်ရေးကို အမြဲစဉ်းစားနေတာပါ ဟူ၍
မကြာသေးသောကာလက ဘ၀ပြောင်းရလုဆဲဆဲ
ဘောင်းဘီဝတ်တစ်ယောက်၏ ပြောသံကိုကြားလိုက်ရ၏။
မုန်ယိုနေသော ဆင်၏၀မ်းဗိုက်အောက်သို့
ရောက်ခဲ့သော သတ္တ၀ါသည်အနံ့ရ၍ မော့ကြည့်မိသော်
အကယ်၍များ ပြုတ်ကျလာခဲ့လျှင် ဟူသောအတွေးဖြင့်
ဆောင့်ကြောင့် ထိုင်၍လည်ဆန့်ကာ မျှော်လေဘိသကဲ့သို့
အကြီးအကဲ၏ မေတ္တာနှင့်ကြီးမားလှသော ကရုဏာတော် ဟူ၍လည်း
တစ်ယောက်သော အယ်ဒီတာ၏
ကားပါမစ်ကို သော်လည်းကောင်း
G S M ဖုန်းကိုသော်လည်းကောင်း မျှော်ကိုး၍ရေးသော
အော့နှလုံးနာ၍ ရွံရှာဖွယ်ကောင်းသော
ဆောင်းပါးတစ်ပုဒ် အကြောင်းကို
မကြာမြင့်မီကာလက ဖတ်လိုက်ရသေး၏။

အကယ်၍များ အဆိုပါနိုင်ငံတော်အကြီးအကဲ  ဆိုသူအား
တိုင်းသူပြည်သားတို့မည်၍မည်မျှချစ်သည်မုန်းသည်ကို
သိစေရန်အတွက်ခန်းမတစ်ခုအတွင်း၌စံနေပြီးသကာလ
ချစ်သောသူသည်ပန်းနှင့်ပေါက်၍
မုန်းသောသူသည်တံတွေးနှင့်ထွေးပါဆိုလျှင်
ကျေးဇူးမကင်းသောတပည့်လက်သားတို့ကြဲဖြန့်သော
ပန်းမွေ့ယာ၌သာစံနေတော်မူပြီး
မည်သူကမျှတံတွေးနှင့်ထွေးကြမည်မဟုတ်ပေ။

အကြောင်းသော်ကား အသို့တည်း
ခြေချောင်းတို့ ပျက်ကြွေနေသောကြောင့်
သဲကြိုးမပါသော ဆင်ကြယ်တဖက် မြင်းကြယ်တဖက်တို့ကို
တင်းပုတ်နှင့်တူသော ခြေထောက်အောက်၌
ကြိုးဖြင့်ခြည်နှောင်ပြီး သကာလ
ထော့နင်းထော့နင်းဖြင့် လျှောက်၍လာသော
ရွှဲရွှဲစို၍ ယင်တလောင်းလောင်း ရှိလှသော
သူတောင်းစား အနူတစ်ယောက်သည်
ငါသည်လည်း ပြည်သူပြည်သား တစ်ယောက်ဖြစ်သည်။
ငါ၌လည်းလူ့အခွင့်အရေးအပြည့်အ၀ရှိသည်။
ထို့ကြောင့်ငါ၏ဆန္ဒကို ထုတ်ဖေါ်ပြောဆိုပေအံ့ ဟုကြုံးဝါးကာ
လက်ချောင်းတို့ ကင်းမဲ့လျှက် ငရုတ်ကျည်ပွေ့နှင့်တူသော
သူ၏လက်မောင်းကို ဆန့်တန်းလျှက်လက်ညှိုးထိုးဟန်ပြုကာ
ငါသည်အတိတ်ကံ မကောင်းခဲ့လေသောကြောင့်
ယခုဘ၀၌ သူတောင်းစားဖြစ်ရ၏။
ငါ့အားတတ်နိုင်သမျှ ပေးကမ်းကြကုန်သော
ပြည်သူပြည်သား လူအများတို့သည်
ငါ၏ထမင်းရှင် ကျေးဇူးရှင်များဖြစ်ကြ၏
ထို့ကြောင့်ငါသည် ကျေးဇူးရှင်ဖြစ်သော ပြည်သူတို့အား
ဘယ်သောအခါမှ မပြစ်မှားခဲ့။
ဤသူသည်ကား ထိုသို့မဟုတ်
ပြည်သူနှင့်သံဃာကို သတ်၏။
ကျေးဇူးရှင်အား ကျေးဇူးမဲ့သော စကားကိုဆို၏။
ထို့ကြောင့်ငါ၏ တံတွေးသည် သူနှင့်မတန်ဟုဆိုကာ
အခြားတဖက်သို့ ထွီကနဲထွေးလျှက် ထွက်သွားပေလိမ့်မည်။

ဘန်ကောက်မှပြန်ရောက်ပြီး
အေကိုက်ကာ အိပ်ယာထက်၌
ဘုံးဘုံးလဲနေသော ပြည့်တန်ဆာ လူထွက်သည်
အရိုးပေါ်အရေတင်လျှက် ရှိသောခန္ဓာကိုယ်ကို
ရှိသမျှအားအင်တို့ဖြင့် စုရုံးကာ တောင်ဝှေးကို အဖေါ်ပြု၍
ယိုင်နဲ့ယိုင်နဲ့ဖြင့် တလှမ်းချင်းလျှောက်၍လာပြီး
ခြောက်သွေ့နေသော နှုတ်ခမ်းဖျားမှ
လေသံမျှသောစကားတို့ဖြင့် ဤသို့ဆို၏။
ငါသည်ဤသူအုပ်ချုပ်သော တိုင်းပြည်၌
ကံဆိုးစွာဖြင့် လူလာဖြစ်ရ၏။
အရာရှိကတော်ကို ယုံမိလေသောကြောင့်
တဖက်နိုင်ငံသို့ လူကုန်ကူးခံရပြီး
ပြည့်တန်ဆာထက် ရာထူးမြင့်သော
ကမ္ဘာ့တန်ဆာအဖြစ်သို့ အတင်းအဓမ္မ သွတ်သွင်းခံခဲ့ရ၏။
ငါ၏အသွေးအသားတို့ကို အရင်းတည်၍
သူတပါးထံမှ အခကြေးငွေယူပြီးလျှင်
ဘာပြန်ပေးရမည်ကို ငါ့တာဝန်ငါသိ၏။
ထိုတာဝန်ကို ကျေပွန်စွာထမ်းခဲ့၏။
ငါ၏ကတိကိုဘယ်သောအခါမှမဖျက်ခဲ့၏။
ထိုသူသည်ကားဤသို့မဟုတ်။
လစာတည်းဟူသော ပြည်သူ့ထံမှအခကြေးငွေကိုယူပြိး
ပြည်သူတို့အား အမျိုးမျိုး လိမ်ညာလှည့်ဖျား၏။
အမှန်ကို ပြောဝံ့သောသူတို့အား မတရားညှင်းပန်းနှိပ်စက်၏။
အကြိမ်ကြိမ် ပျက်ခဲ့သောကတိတို့ကို
သူ၏ကိုယ်ခန္ဓာ၌ ထုံးတို့၍မှတ်ချေသော်
သူ၏ကိုယ်ကို ထုံးအိုး၌ နှစ်ရပေလိမ့်မည်။
ထို့ကြောင့်ငါ၏ တံတွေးသည် သူနှင့်မတန်ဟုဆိုကာ
အခြားတဖက်သို့  ထွီကနဲထွေးကာ ထွက်သွားပေလိမ့်မည်။
၅၇သန်းမျှသော ပြည်သူတို့သည်လည်း
ပြည့်တန်ဆာလူထွက်နှင့်သူတောင်းစားတို့၏
ဖြစ်အင်ကိုကြည့်ကာ
ဟင်း ဟူ၍သက်ပြင်းချကာ လှည့်ထွက်သွားပေကြလိမ့်မည်။

ဘုရားရှင်အား အကြိမ်ကြိမ်ပြစ်မှားခဲ့သော ဒေ၀ဒတ်သည်
နောင်တရပြီး ၀န်ချတောင်းပန်ရန် ဇေတ၀န်သို့ပြန်အလာ
လမ်းခုလတ်၌ မြေမြိုခံရ၏။
အဇာတသတ်သည် ဖခင်ကိုသတ်ပြီးနောက်
မိမိမွေးသော သားကမိမိခြေရာ နင်းမည်ကို
စိုးတထိတ်ထိတ်နှင့်ရှိလှသောကြောင့်ရင်ဝ၌ မီးစနှင့်ထိုးသကဲ့သို့
ပူပြင်းလှစွာသော ဝေဒနာကို နေ့ညဥ့်မပြတ် ခံစားရ၏။
ဘုရားရှင်၏ တရားတော်နှင့် တွေ့၍သက်သာရာ ရသော်လည်း
ဝဋ်နှင့်ငရဲမှကား ပြေးမလွတ်။
ပြည်သူကိုလည်း အမျိုးမျိုးနှိပ်စက်
ညှင်းပန်းသတ်ဖြတ်ခဲ့သည်။
မေတ္တာပို့၍ လမ်းလျှောက်လာသော
သံဃာတော်တို့အားလည်း ထိုနည်းနှင်နှင်။
အချင်းချင်းကိုလည်း ဘက်တူလျှင် ဗိုလ်မထားဘဲ ကြိုတင်ပြီး နှိပ်ကွပ်ခဲ့သည်။
အ ကုသိုလ်တရား  ကြီးမားလေသောအခါ
ညစဉ်အိပ်မပျော်ဘဲအိပ်မက်ဆိုးတို့ကနှိပ်စက်၏။
ချစ်ကြည်ရေး ခရီးအကြောင်းပြကာ
ဗုဒ္ဓဂါယာသို့ ဘုရားဖူးထွက်၍ တရားထိုင်ကာဘုရားကု ကုကြည့်၏။ မရ။
ထိုမှတဖန်သီဟိုဠ်စူဠာမဏိစေတီသို့ သွားပြန်ရာ
လေယာဉ်ပေါ်မှ  ဆင်းဆင်းချင်းကိုလံဘိုဆေးရုံသို့ တန်းပြေးရ၏။
စေတီသို့အတက်ဇောချွေးတို့ပြန်လေသောကြောင့်လူတွဲ၍တက်ရ၏။
ဗေဒင်ဆရာတို့လည်း ငရဲနှင့်ဝဋ်ကို ကြောက်လေသောကြောင့်
ဗိုလ်တစ်ထောင်ဘုရားမှ စကားမပြောတတ်သော
မြနန်းနွယ်ဟူသော ကျောက်ရုပ်ကို အပြစ်ပုံချ၏။
ယခုတစ်ဖန်တပည့်ဖြစ်သူအား
တရုပ်ပြည်မှ စွယ်တော်ကိုပင့်စေပြီး
ဒေါ်လာ ကျောက်မျက်ရတနာနှင့် တကွဝတ်သော လက်စွပ်ကိုပါလှူပြန်၏။
အကယ်၍များ ထိုပစ္စည်းတို့အား ရောင်းချ၍ ရသောငွေတို့ဖြင့်
ပခုက္ကူရေဘေး၌ လှူဒါန်းခဲ့လေသော်
မရှိသည်နှင့် အသားကျနေသော ခွင့်လွှတ်တတ်သော
မြန်မာပြည်သူပြည်သား အပေါင်းက
အမြင်မှန်ရပေပြီ ဟုအထင်ရှိကာ သာဓုခေါ်ကြပေလိမ့်မည်။
ယခုသော်ကား ထိုသို့မဟုတ်
အနာတခြားဆေးတခြား ဖြစ်ခဲ့ရလေပြီတကား။

နေရဲနီ
ထိမိပြောင်မြောက်တဲ့ ကဗျာများ ပေးပို့ပေးတဲ့ ပင်တိုင်ကဗျာရှင် ဆရာနေရဲနီအား ကျေးဇူး အထူး တင်ရှိပါသည်..။ ဆရာနေရဲနီ၏ ကဗျာများ ပြန်ဖတ်လိုပါက ပိုစ့်အောက်မှ နေရဲနီကဗျာများအား နှိပ်၍ပြန်လည် ဖတ်ရှုနိုင်ပါသည်..။

ပြည်သူဘဏ္ဍာတွေ အလကားဖြုန်းတီးပြီး လယ်သမားတွေရဲ့ လယ်မြေတွေ မတရား သိမ်းခံလိုက်ရတဲ့ ဟင်္သာတ၊ ညောင်တုန်းရထားလမ်းမှ လယ်သမားကြီးများရဲ့ တိုင်ကြားစာ (ရုပ်သံ၊ အသံဖိုင်)

Posted: 29 Nov 2011 04:07 AM PST

မီးရထားဝန်ကြီး ဗိုလ်ချုပ်အောင်မင်းလက်ထက်က မီးရထားကွန်ယက် (မီးရထားကွန်ယက်တဲ့ဗျာ) လုပ်မယ်ဆိုပြီး ဖောက်လုပ်ခဲ့တဲ့ ဟသာင်္တ၊ ညောင်တုန်း မီးရထားဖောက်လုပ်ရာမှာ လယ်သမားကြီးတွေရဲ့ လယ်မြေတွေကို အဓမ္မသိမ်းယူပြီး ဖောက်လုပ်ခဲ့ပါတယ်...။ တမိုင်ကို မြန်မာငွေ ၁၃၂သန်း အကုန်အကျခံပြီး ၄၉မိုင်ရှည်တယ်လို့ ဆိုပါတယ်..။ (တွက်တာကြည့်ကြပါတော့ အိတ်ထဲရောက်တာ ဘယ်လောက် ရှိမယ်ဆိုတာ)။ ဘုရားစူး မီးရထားလမ်းလို့ မည်ကာမတ္တ (ကစားကွင်းတွေထဲက ကလေးရထားလမ်းသာသာ) ကားရထားသာ သွားနိုင်ပါတယ်..။
 
RP လို့ခေါ်တဲ့ တွဲ(၂)တွဲသာ ပါတဲ့ မနက် ညနေ တရက် နှစ်ကြိမ်သာ ပြေးပြီး စီးမဲ့သူ မရှိတဲ့ ကချော်ကချွတ် တဘက်မြင့် တဘက်နိမ့် ရထားလမ်းလို့ ဆိုပါတယ်..။ ဒီရထားလမ်း ဖောက်လုပ်တဲ့အတွက် မည်သူတွေ အကျိုးဖြစ်ထွန်း သွားပါသလဲ...(စီမံကိန်းပြပြီး ငွေတောင်းတဲ့ အနှီသော ပုဂ္ဂိုလ်များသာ အကျိုးဖြစ်ထွန်းသွားတာပါ) လယ်သမားတွေရဲ့ ကောင်းမွန်တဲ့ လယ်မြေတွေ အဓမ္မအသိမ်းခံလိုက်ရတာပဲ အဖတ်တင်ပါတယ်..။ စီမံကိန်း တွေပြပြီး နိုင်ငံတော် ဘတ်ဂျက် ပြည်သူ့ဘဏ္ဍာတွေသာ ဆုံးရှုံးသွားရတာပါ...။ အဆင့်မြင့်တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များမှ ကွင်းဆင်းလေ့လာပြီး ပြန်လည် သုံးသပ်ပေးဘို့ ဟင်္သာတမှ လယ်သမား ဦးကြီးများကိုယ်စား မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါတယ်..။

ဟင်္သာတ ညောင်တုန်းရထားလမ်း ဖောက်လုပ်ရာမှ လယ်မြေသိမ်းခံရတဲ့ လယ်သမားကြီးများရဲ့ တိုင်ကြားစာ(အသံဖိုင်) by demowaiyan

"၁၂၆ - ပါတော်မူအတွေး" (တေးထပ်) အရူးပါးစပ်နဲ့ နတ်စကား(၃)

Posted: 28 Nov 2011 10:36 PM PST

အရူးပါးစပ်နဲ့ နတ်စကား အပိုင်း(၃)
"၁၂၆ - ပါတော်မူအတွေး"
(တေးထပ်)
ရေးသားသူ လောကပါလ

ထောင့်နှစ်ရာ လေးခွန်နှစ်

ဝေးလွန်ရစ်ကြာပြီ။

ကျွန်ဖြစ်ခဲ့ ဗမာ(မြန်မာ)ပြည်

စာမရီ အတောင်ကျိုး။

အမိပစ် ဖ ရှောင်သကို

ဘဝမှောင် ပိန်းပိတ်လို့သာညှိုး။

အယူသဲအလွဲမြင်

ပွဲမဝင်ညဉ်ဆိုး။

အထဲချဉ် အပြင်သိုးတွေနဲ့

အစဉ်တိုးနုပ်ခြာ။

ယုတ္ထမာအုပ်ကာ မလပ်သော်ကြောင့်

ချုပ်ခြာငတ် ထုပ္ပတ်ဇမ္ဗူမြေမှာ။

မဟုတ်ဟတ် အမူပွေကာ

ဒီလူတွေ မညီညွတ်နိုင်ဘု

ပြည်တမွတ် ဘုန်းရောင်စင်္ကြာ

ထုံးဆောင်ခက်စွာ။

ကုန်းဘောင်ဆက် ဂီရိမှာကွယ်

ဒီထိပါ မိုက်ရစ်တဲ့အမျိုး။

လောကပါလ...

အောက်ခြေ မှတ်စု၊

ကုန်းဘောင် -  မြန်မာနောက်ဆုံးမင်းဆက်။ မြန်မာနှစ် ၁၂၄၇ ခုနှစ် တန်ဆာင်မုံးလ္ဆုပ် ဂ ရက်၊ ခရာဇ်နှစ် ၁၈၈၅ ခုနှစ် နိုဝင်္ဘာလ ၂၅ ရက် နေ့ နောက်ဆုံးဘုရင် သီပေါမင်း အား နန်းချကာ ဖမ်းဆီးခေါ်ဆောင် ခံရခြင်းဖြင့် မင်းဆက်သုဉ်းသည်။ 
ဂီရိ - ရတနာဂီရိ၊ အိန္ဒိယနိုင်ငံ။ သီပေါဘုရင် နှင့် မိသားစုတို့အား နယ်ချဲ့တို့မှဖမ်းဆီး ပို့ဆောင်ပြီး အကျဉ်းချထားခဲ့ရာ ဒေသ။ သီပေါမင်း ကံတော်ကုန်ရာအရပ်။ မျိုးဆက်များ ယ္ခုတိုင်ရှိသေးကြောင်း ယုံကြည်ရသည်။

အရူးပါးစပ်နဲ့ နတ်စကား အပိုင်း(၃)အား ပေးပို့လာတဲ့ ဆောင်းပါးရှင် လောကပါလရဲ့ ပေးစာအား ဆောင်းပါးရှင်ရဲ့ ခွင့်ပြုချက်ဖြင့် ဖော်ပြပေးလိုက်ပါတယ်...။

ပါတော်မူနေ့ ဆိုတာကို ဒိနေ့ခေတ် လူငယ်တွေ အတော်များများ သိကြတော့မယ် မထင်တော့ပါဘူး။ ဒါလဲ အပြစ်မဆိုသာပါဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေးစံနစ်က အဖတ်ဆယ်မရအောင် ပျက်စီးသွားပြီကိုး။ စီးပွားရေးကလည်း နတ္ထိဆိုတော့ အနည်းဆုံး (ကျွန်တော် အပါအဝင်) မျိုးဆက် ၂ ဆက်စာလောက်ဟာ သားသမီးတွေ၊ တပည့်တွေ၊ အမှားနဲ့ အမှန် အနှစ်နဲ့အကာ တဒင်္ဂနဲ့ ထာဝရ ဝေဖန်ပိုင်းခြားနိုင်စွမ်း နည်းပါးတဲ့ အောက်ကလိအာ တွေဖြစ်ကုန်ကြ ပြီလေ။

ဗမာတွေ စည်းကမ်းဖေါက်၊ ထီးနန်းပျောက် ဖြစ်ပြီ ဆိုတဲ့ အချုပ်တန်း ဆရာဖေ ရဲ့ တေးထပ် ကိုတော့ တိုက်ဆိုင်မှုတွေ တွေ့တိုင်း ရည်ညွှန်းလေ့ ရှိကြတာမို့ အကုန်မဟုတ်ရင် အချို့ အဝက်လောက်တော့ ကြားဘူးကြမှာပါ။ တိုက်ဆိုင်မှု ဆိုတာကလဲ နှစ်ပေါင်း ၁၀၀ ကျော် ဒီနေ့ အထိ ကုန် မကုန်နိုင်တာ အံ့ဘွယ်လို့ ပြောရမလို ဒီနေ့ အဖြစ်တွေ စိတ်မသက်မသာ ကြည့်ရင်း ကျွန်ဖြစ်တာအံ့သြစရာ မရှိ ကျွန်ပြန်ဖြစ် ရင်လဲ အုံသြစရာမရှိလို့ တောင်ခပ်ရွဲ့ရွဲ့ ပြောချင်စိတ် ပေါက်လာတာ ဝန်ခံရမှာပါ။ ခုလဲ သိပ်တော့ မထူးလှပါဘူး။ အုပ်ချုပ်မှုကျွန် မဖြစ်ပေမယ့် စိတ်ဓါတ်ကျွန်၊ စီးပွားရေးကျွန်တော့ မသိမသာရော သိသိသာသာ ပါ ဖြစ်နေကြရဘဲ မဟုတ်လား။ တချို့ဆို ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားခွင့်၊ ထင်ရာလုပ်ပိုင်ခွင့်လေး ရှိတာလောက်နဲ့ ကျွန်ဘဝကို လိုလား မျှော်ခေါ် ပျော်ရွင်နေကြတာများ ကြားကနေ ဝမ်းနည်းစရာ။

အဓိကကတော့ စည်းကမ်းနဲ့ ညီညွတ်မှု ဆုံးရှုံးရတာပါဘဲ။ ပြောသာပြောရတယ် ဆုံးရှုံးတယ်ြေ့ပာရအောင် အစကတည်းက ဘယ်လောက် ညီညွတ် ဘယ်လောက် စည်းလုံးခဲ့ကြလို့လဲလို့ မေးရင်တောင် ဖြေရ ခပ်ခက်ခက်ပါ။ ဒါကြောင့်လည်း ဆရာဖေရဲ့ တေးထပ် ဒီနေ့ထိ Best Quoted စာရင်းဝင် နေတာပေါ့။ သူပြောသလို တွေးမိတိုင်း အရိုးနာတယ် အမျိုးသာဆဲချင်တော့ လေး ဆိုတာမျိုး ခံစားရတာ ဒုနဲ့ဒေး ဖြစ်နေရတာပေါ့။ ခုတလော ကျွန်တော်လဲ အဲသလို ခံစားမိတာနဲ့ တိုက်တိုက်ဆိုင်ဆိုင် ပါတော်မူနေ့ မှန်း အမှတ်မထင် သတိပြု မိသွားတာနဲ့ အချုပ်တန်းဆရာဖေကို အားကျပြီး (တုပလို၍ မဟုတ်) ဒီကဗျာရေးဖြစ်တာပါ။ သူ့ လိုတော့ မဆဲဝံ့ သလို ဆဲလဲ မဆဲလိုပါဘူး။ ဘာမဟုတ်တဲ့ ကောင်က ထဆဲရင် ရွာဆူသွားမှာပေါ့။ သိတယ်မို့လား ဗမာလေ။

ခုခေတ် ဒီကဗျာမျိုး အရသာခံနိုင် ဘို့ မလွယ်မှန်း သိသလို ဝါရင့်ကဗျာသမား မဟုတ်လို့ အားနည်းချက်တွေ အများအပြား ရှိနေမှာပါ။ ဒါပေမဲ့ connection ရှိသင့်သလောက် ရှိ ရသင့်သလောက် ရသွားရင် ကျေနပ်လောက်ပါတယ်။ ကျွန်တော်က အဖြစ်မရှိတဲ့ လူကြီးကျယ်တယောက်မို့ ကဗျာကိုနားလည်ချင်သလို နားလည်နိုင် ခံစားနိုင်ရ အောင် ကြိုပြီး ရှင်းပြတာ စကားဦးသန်းတာ မျိုး မလုပ်လိုက်တော့ပါ။ တခုပြောလိုတာက ကျွန်တော်ဟာ ခေတ်နောက်ပြန်ဆွဲ ပဒေသရာဇ် အတွေးအခေါ် သမားအဖြစ်နဲ့ ဘုရင်စံနစ်ကို လွမ်းဆွေးတသလို့ ဒီကဗျာရေး တာမဟုတ်ဘူး ဆိုတာပါ။

ကျေးဇူးတင်စွာ
လောကပါလ...

သမ္မတကြီးဦးသိန်းစိန်၏ ဆုတောင်း...

Posted: 28 Nov 2011 11:08 AM PST

သမ္မတကြီးဦးသိန်းစိန်၏ ဆုတောင်း
ဆောင်းပါးရှင် (သီတလ)

ဒီနေ့ (၂၈၊၁၁၊၂၀၁၁) နေ့ထုတ် မြန်မာ့အလင်းသတင်းစာကို ကောက်ဖတ်လိုက်တော့ မျက်နှာဖုံးမှာ သမ္မတကြီး ဦးသိန်းစိန် ဧရာဝတီတံတား(ညောင်တုန်း) ဖွင့်ပွဲ တက်ရောက်တဲ့ သတင်းကို  တွေ့လိုက်ရပါတယ်။ ထုံးစံအတိုင်း တံတားဖွင့်ပွဲမှာ မိန့်ခွန်းချွေတာ ဖြစ်လို့ ဘာမှ သိပ်မထူးပါဘူး။ အဲ- ထူးတာကတော့ သူ့စကားအဆုံးမှာ တွေ့ရတဲ့ သူ့ဆုတောင်းပါ။ ဒါကတော့-
သြော် ကြေးမှုံ သတင်းစာပါ.. သမ္မတရဲ့ မှတ်သားလောက်ဖွယ် ဧရာဝတီတိုင်းသားတွေ အပေါ်နှိုင်းစရာရှားလို့ ဆင်နဲ့နှိုင်းတဲ့ စကား... သြော်ကောင်းလေစွ... 
(ဆင်ဖြူတော်မှီပြီး လံကြုပ်စကားပေါ့)

"ဧရာဝတီတိုင်း ဒေသကြီးအတွင်းက တိုင်းပြည်၏ ရတနာတစ်ပါး ဖြစ်သည့် ဆင်ဖြူတော်တစ်စီး ရှားရှားပါးပါး ပေါ်ပေါက်ခဲ့ပြီးဖြစ်ကြောင်း၊ ဆင်ဖြူတော်ကြီးကဲ့သို့ ဖြူစင်သန့်ရှင်း  မွန်မြတ်သည့် စိတ်ထားများ ထားနိုင်ကြပါစေ၊ ဆင်ဖြူတော်ကြီးကဲ့သို့ အားခွန်ဗလနှင့် ပြည့်စုံပြီး ဒေသအကျိုး တိုင်းပြည်အကျိုးအတွက် စွမ်းစွမ်းတမံ သယ်ပိုးဆောင်ရွက်နိုင်သည့် ဧရာဝတီတိုင်းသားများ ဖြစ်ပါစေဟု ဆုမွန်ကောင်း တောင်းပါကြောင်း ပြောကြားသည်။" ဆိုတာပါဘဲခင်ဗျား။

ကျွန်တော် ဒါလေး ဖတ်လိုက်ရတဲ့အခါ ပြေးပြီး သတိရတာက- ဆရာကြီးဦးအောင်သင်းနဲ့ ဆရာအော်ပီကျယ်တို့ ပြောသွားကြတဲ့ စကားတွေပါ။ ဆင်ဟာ လူထက် အားခွန်ဗလ ကောင်းပေမဲ့ လူ့လောက် အသိဥာဏ်မရှိလို့ လူက ခိုင်းတာ လုပ်ရတယ်။ မြင်းဟာ လူ့ထက် အပြေးမြန်သော်လဲ အသိဥာဏ်ရှိတဲ့လူက မြင်းကို တက်စီးသွားနိုင်တယ်။ ငါးဟာ ရေနေသတ္တ၀ါဖြစ်လို့ လူထက် ရေကူးတတ်သော်လဲ အသိဥာဏ်ရှိတဲ့လူက ငါးကို ဖမ်းပြီး စားလို့ရတယ်-ဆိုတဲ့ စကားတွေပါဘဲခင်ဗျား။ ကျွန်တော်တို့ သမ္မတကြီးကတော့ လူ့ဘ၀ထက် ကာယအင်အားပိုကောင်းတဲ့ ဆင်ဘ၀ကို ပိုပြီး မြတ်နိုးနေတယ်ထင်ပါ့။ ဒါ့ကြောင့်လဲ ဧရာဝတီသားတွေကို ဆင်ကြီးနဲ့နှိုင်းပြီး ဆုပေးသွားပုံရတယ်။ "လူ့ဘ၀ ရခဲတယ်"ဆိုတဲ့ စကားကို "ဆင်ဖြူတော်ဘ၀ ရခဲတယ်"လို့တောင် ပြင်ရမလို ဖြစ်နေပါပြီ။

နောက်ပြီး "ဆင်ဖြူတော်ကြီးကဲ့သို့ ဖြူစင်သန့်ရှင်း မွန်မြတ်သည့်စိတ်ထားများ ထားနိုင်ကြပါစေ" ဆိုတဲ့ စကားကိုတော့ ကျွန်တော် ကောင်းကောင်း နားမလည်ဘူးခင်ဗျား။ ဥပမာအလင်္ကာအနေနဲ့ ပြောတယ်ဆိုတာလောက်တော့ သိတာပေါ့ဗျာ။ ဒါပေမဲ့ အဒီ ဆင်ဖြူတော်မှာ ဘယ်လိုမျိုး ဖြူစင်သန့်ရှင်း မွန်မြတ်တဲ့ စိတ်ထားတွေ ရှိနေတယ်ဆိုတာကတော့ ကျွန်တော်ဆက်ပြီး လေ့လာရပါအုံးမယ်။ လောလောဆယ်တော့ ကြိုးမချည်ထားတဲ့ ဆင်ဖြူနားကို ကျွန်တော် မကပ်ဝံ့ဘူး ခင်ဗျား။ သမ္မတကြီး ကပ်ဝံ့တယ်၊ နားရွက်တွေ နှာမောင်းတွေကိုလဲ ကိုင်ကြည့်ဝံ့တယ်၊ ဆင်ကြီးရဲ့ ဗိုက်အောက်မှာလဲ စိတ်ချလက်ချ စက်တော်ခေါ်ဝံ့တယ်ဆိုရင်တော့ သမ္မတကြီးစကားကို လက်ခံပေးရမှာပေါ့ဗျာ။

ဧရာဝတီသားတွေအပေါ်မှာ တခြား ဆုတောင်းတွေ မတောင်းဘဲနဲ့ ဆင်ကြီးနဲ့မှ နှိုင်းပြီး ဆုမွန်ကောင်း တောင်းသွားတာကို ကြည့်ရင် ဒီဆုတောင်းရဲ့ နောက်ကွယ်မှာ တခြားတခြားသော ရည်ရွယ်ချက်တွေများ ရှိနေမလားလို့လဲ သံသယ၀င်မိတယ်ခင်ဗျ။ ဆင်စိတ်နဲ့ ဆင်အသိသာရှိပြီး ဆင်လိုအလုပ် လုပ်နိုင်မှ ချွန်းကိုင်ပြီး လိုရာခိုင်းလို့ရမယ်လေ။ ဒါကြောင့်များလားလို့လဲ တွေးမိပါရဲ့။

သီတလ
ဆင်ကြံကြံနေတယ်လို့ မဆိုလိုပါ.. သို့ပါသော်လည်း
ဆင်ဖြူတော်မှီပြီး လံကြုပ်တဲ့လုပ်ရပ်တွေ ရပ်တန်းက ရပ်ပါတော့ 
တတိယမြောက် ဆင်ဖြူများရှင် သမ္မတကြီးခင်ဗျား...
ဆောင်းပါးရှင် ဆရာသီတလရဲ့ သမ္မတကြီးဦးသိန်းစိန်၏ ဆုတောင်း ဆောင်းပါးခေါင်းစဉ် ဖတ်မိတော့ ငယ်ငယ်က နိုင်ငံကျော် အဆိုတော် စိုင်းထီးဆိုင်ရဲ့ လှေငယ်ရှင်ဆုတောင်း သီချင်းခေါင်းစဉ်လေးကို ပြေးသတိရမိပါတယ်... ဆင်ဖြူရှင် ဆုတောင်းပေါ့...။ ချမ်းသာတဲ့ ဂျပန်တို့၊ အမေရိကန်တို့လို နိုင်ငံတွေမှာ ဆင်ဖြူလည်း တကောင်မှ မမြင်ဘူးပါ..။ ရွှေ တို့ စိန်တို့ဆိုတဲ့ အဘိုးတန် သယံဇာတတွေဆိုတာ ရှားပါးပြီး အထွက်နည်းတဲ့ အတွက် ရတနာအဖြစ် သတ်မှတ် ဝတ်ဆင်ကြတာပါ..။ နေရာတကာမှာ ထွက်နေရင်တော့ Value ဆိုတဲ့ တန်ဘိုးဆိုတာ မရှိတော့ပါဘူး..။ ချမ်းသာချင်လို့ မောင်ချမ်းသာ ဆိုတဲ့ နာမည်မှည့်ခေါ်ပေမယ့် မချမ်းသာတဲ့ သူတွေဒုနဲ့ဒေးပါ..။ စိန်၊ ရွှေဆိုတဲ့ တန်ဘိုးရှိတဲ့ ရတနာ နာမည်တပ်ထား ကြပေမယ့် မြင်မြတ်ဘို့ဆိုတာ ထိုသူရဲ့ အကျင့် သိက္ခာ၊ သမာဓိပေါ်မှာ မူတည်ပါတယ်..။ ပညတ်ဆိုတဲ့ အခေါ်အဝေါ်တွေပါ.. ပရမတ်မဟုတ်ပါ...။ ဆင်ဖြူရှိတိုင်း တိုင်းပြည်တိုးတက်၊ သာယာအေးချမ်းမယ်ဆိုရင်တော့ တကမ္ဘာလုံး ဆင်ဖြူဖမ်းပွဲတွေနဲ့ ပြည့်နေမှာပေါ့.. များများချမ်းသာချင်ရင် များများဖမ်းပေါ့။ ယခင် ပထမဦးဆုံး ဆင်ဖြူများရှင် ဗိုလ်ချုပ်ခင်ညွှန့်လည်း ဆင်ဖြူကြောင့် အကျယ်ချုပ်နဲ့ ထောင်နန်း စံနေရလို့  ခေါင်းပါဖြူပြီး ဆေးတောင် မဆိုးနိုင်ပါ..။

၂၁ရာစု IT ခေတ်ကြီးထဲ ရောက်ရှိနေပါပြီ ခေတ်နောက်ပြန် မဆွဲပါနဲ့တော့...။ ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ သီရိလင်္ကာနိုင်ငံရဲ့ တောထဲမှာ ဆင်ဖြူတွေ တွေ့ရှိပေမယ့် သဘာဝအတိုင်း လွှတ်ထားတာပါ..။ သေချာတာကတော့ ဆင်ဖြူ မကြာမကြာ တွေ့ရတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့်ရှ်ကတော့ သူမသာကိုယ်မသာ ဆင်းရဲနေရတဲ့ အခြေအနေပါ..။ ဒီတိုင်းသာဆိုရင် ဆင်ဖြူတွေရောက်လာမှ ရေတွေကြီး၊ ပြည်သူပြည်သားတွေ ဆင်းရဲကြပ်တည်း၊ နာဂစ်လို မုန်တိုင်းတွေဝင်၊ တိုင်းပြည်မှာ တိုင်းရင်းသားတွေနဲ့ စစ်တလင်းတွေခင်းနေရတဲ့ အခြေအနေတွေ ဖြစ်နေရတယ်လို့ ပြောရင် လက်ခံနိုင်ပါ့မလား။ လူ့ဘုံမှာ လူဖြစ်နေရတဲ့ မြင့်မြတ်တဲ့ ဘုံဘဝကို ရောက်နေတာတောင်.. အကုသိုလ်ကံကြောင့် နိမ့်ကျတဲ့ အပါယ်လေးဘုံက တိရိစ္ဆာန်က လူထက် မြင့်မြတ်၊ မမြင့်မြတ် သာမန်လူတွေတောင် စဉ်းစားနိုင်ပါတယ်..။ ဆရာကြီး ဒေါက်တာသန်းထွန်း စကားနဲ့ဆိုရရင် ဆင်ဟာဖြူဖြူ၊ မဲမဲ တိရစ္ဆာန်ဟာ တိရိစ္ဆာန်ပဲတဲ့.. လူထက် တိရိစ္ဆာန်က ဘာမှမြင့်မြတ်စရာ အကြောင်းမရှိလေ..။ ပြည်သူလူထုကို မှိုင်းမတိုက်ပါနဲ့ ၊လက်နက်နဲ့ ခြောက်လိုက် တိရိစ္ဆာန်နဲ့ မြှောက်လိုက် လုပ်ရပ်တွေ ရပ်တန်းက ရပ်ပါတော့လို့ တိုက်တွန်းလိုက်ရပါတယ်.. တတိယမြောက် ဆင်ဖြူများရှင် သမ္မတကြီးခင်ဗျား...။

ဆောင်းပါးရှင် သီတလရဲ့ ဆောင်းပါးအောက်မှာ ဖြည့်စွက် ရေးသားလိုက်ရပါတယ်..

 ဒီမိုဝေယံ

"(သမိုင်းကို ငွေနဲ့ ဝယ်လိုသူများ) ဦးခင်ရွှေ မှ စာနယ်ဇင်း သမားများအား စော်ကား ပြောကြားချက် (အသံဖိုင်)"

Posted: 28 Nov 2011 07:49 AM PST

ဗိုလ်ချုပ်ခင်ညွှန့်လက်ထက်က ဇေကမ္ဘာဦးခင်ရွှေ.. (ဘယ်စွန်) ပုံ On Asia
"(သမိုင်းကို ငွေနဲ့ ဝယ်လိုသူများ) ဦးခင်ရွှေ မှစာနယ်ဇင်း သမားများအား စော်ကား ပြောကြားချက် by demowaiyan
(သမိုင်းကို ငွေနဲ့ ဝယ်လိုသူများ) ဦးခင်ရွှေ မှ ဇာနယ်ဇင်း သမားများအား စော်ကား ပြောကြားချက် (အသံဖိုင်) by Demo Waiyen အစပိုင်း အနည်းငယ် သည်းခံ နားထောင်ပေးပါရန်...။
သမိုင်းကို ငွေနဲ့ ဝယ်လိုသူများလို့ပဲ ခေါင်းစဉ်တပ်ပါရစေ...။ ကျွန်တော်တို့ ဗိုလ်ချုပ်တို့လို အာဇာနည် ခေါင်းဆောင် ကြီးတွေ... သမိုင်းကို ငွေနဲ့ ဝယ်ခဲ့ပါသလား...။ စေတနာမှန်ရင် လုပ်ရပ်မှန်ရင် သမိုင်းကို ပြည်သူတွေက မှတ်တမ်းတင်မှာပါ..။ သမိုင်းကွေး သမိုင်းမမှန်သူတွေ အတွက်တော့.. ပြည်သူကပဲ မှတ်တမ်းတင်မှာပါ..။

ပေးပို့လာသည့် ကိုသူလွင်အား ကျေးဇူးတင်ပါသည်။

ဒီမိုဝေယံ
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610




မြန်မာပြည်က အနုပညာရှင်များ လွတ်လပ်စွာထုတ်ဖေါ်ပြသခွင့် မရှိကြောင်း The Independent မှာ ဝေဖန်

Posted: 28 Nov 2011 08:22 AM PST

မြန်မာပြည်က အနုပညာရှင်များမှာ လွတ်လပ်စွာထုတ်ဖေါ်ပြသခွင့် မရှိကြောင်း The Independent မှာ ဝေဖန်ထားတာကို ဖတ်ရပါတယ်။ ဥပမာ - ဒါရိုက်တာ ဦးမျိုးဇော်ဆိုရင် ၈၈ ကျောင်းသားတွေအကြောင်း ရုပ်ရှင်ရိုက်ကူးဖို့ အပိတ်ခံရတာ၊ အဆိုတော် ဇေယျာသော်ရဲ့ ထောင်အကြောင်းအင်တာဗျူးမှာ ဆင်ဆာဖြတ်ထားတာ အစရှိသည်။ လောလောဆယ် ဖွင့်ပေးမယောင် အသံထွက်နေတာက ပုံနှိပ်စာများအတွက်သာ ဖြစ်တဲ့အကြောင်း၊ ဒါတောင် စာနယ်ဇင်းသမားအချို့အဆိုအရ လျှို့ဝှက်စွာစောင့်ကြည့်တာကို ခံနေရကြောင်း သိရပါတယ်။

ကျွန်တော့်အမြင်အရ မြန်မာပြည်မှာ အနုပညာရှင်တွေ တော်ရုံတန်ရုံနဲ့ နိုင်ငံရေးလောကထဲ မဝင်ရဲအောင် စစ်အစိုးရက စံနစ်တကျအကွက်ချပြီး စီစဉ်ထားခဲ့တာလို့ ယူဆပါတယ်။ ဥပမာ -ဒီမိုကရစ်တစ်မြန်မာ့အသံက သတင်းထောက် ကိုစည်သူဇေနဲ့ ရွှေသံစဉ်တေးဂီတအဖွဲ့က အဆိုတော်။သီချင်းရေးဆရာ ကိုဝင်းမော်တို့ကို ထောင်ချထားတာတွေကို ကြည့်ခြင်းအားဖြင့် နိုင်ငံရေးလောကထဲကို မဝင်ရဲအောင် လုပ်လာခဲ့တာ မြင်နိုင်ပါတယ်။ မီဒီယာက လူထုအပေါ်လွှမ်းမိုးမှုရှိတယ်ဆိုတာကို စစ်အစိုးရက ဟိုးအရင်ကတည်းက နားလည်ခဲ့ပြီးဖြစ်မှာပါ။ ဒါကြောင့် ဖန်တီးမှုညံ့ဖျင်းအောင်၊ နိုင်ငံရေးနဲ့စီးပွားရေးမှာ စိတ်ဝင်စားမှု လျော့နည်းအောင် စံနစ်တကျနဲ့ဖျက်ဆီးလာခဲ့တာလို့ ကျွန်တော်မြင်ပါတယ်။ သူတို့အလုပ်မှာ စိတ်ဝင်စားမှုမရှိအောင် လမ်းကြောင်းလွှဲတဲ့စံနစ်ကိုသုံး၊ အရည်အသွေးညံ့ဖျင်းစေမယ့် များများထုတ်၊ များများသုံးဝါဒ consumerism ကို ဆင်ဆာက မသိချင်ယောင်ဆောင်ပြီး ဘုန်းဘောလအောလွှတ်ပေး .. ဒီလိုနည်းတွေနဲ့ ဖျက်ဆီးခဲ့တာလို့ မြင်ပါတယ်။ ၂၀ဝ၉ တုန်းက Myanmar National Football League (MNL)တည်ထောင်ခဲ့ရခြင်းရဲ့ ရည်ရွယ်ချက်ဟာ ပြည်သူတွေ နိုင်ငံရေးနဲ့စီးပွားရေးမှာ အာရုံစိုက်မှုလျော့နည်းလာအောင် လုပ်ဖို့ဖြစ်တယ်လို့ စွပ်စွဲထားတာကို Wikileaks မှာတွေ့ရပြီး The Guardian မှာလည်း အဲဒီအကြောင်းဖတ်ရပါတယ်။ မီဒီယာကို မီဒီယာနဲ့တိုက်မယ်လို့လည်း ကြေငြာခဲ့ဖူးကြောင်း ကြားမိပါတယ်။

အချုပ်အားဖြင့်ပြောရလျှင် မီဒီယာကို စစ်အစိုးရကြောက်တယ်၊ မီဒီယာဖန်တီးမှုတွေမှာ နိုင်ငံရေးနဲ့ စီးပွားရေးအကြောင်း ဦးတည်လာမှာကိုစိုးရိမ်တဲ့ သာဓကတွေရှိခဲ့ပါတယ်။ ဒါကြောင့် လုပ်တဲ့သူတွေကိုဖမ်းခဲ့တယ် .. ရှိပြီးသားမီဒီယာကို မပျက်ပျက်အောင် နည်းမျိုးစုံနဲ့ဖျက်ခဲ့တယ်။ အခု ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါပြီလို့ သမ္မတဦးသိန်းစိန်က ဆိုပါတယ်။ မီဒီယာလွတ်လပ်ခွင့်တွေလည်း ပေးတော့မယောင် အသံကြားနေရပါတယ်။ လောလောဆယ် press media ပိုင်းမှာ လွတ်လပ်ခွင့် အနည်းငယ်ရလာသယောင် မြင်ကြရပါတယ် (ဥပမာ - ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဖေါ်ပြရေးသားနိုင်ခြင်း)။ ကျန်တဲ့မီဒီယာများကိုလည်း လွတ်လပ်ခွင့်ပေးစေချင်ပါတယ်။ တစ်လောက ဒေါ်အောင်ဆန်းစုကြည်နဲ့ အနုပညာရှင်များ တွေ့ဆုံဆွေးနွေးတဲ့သတင်း ဖတ်မိလို့ နည်းနည်းတော့ အားတက်မိပါတယ်။ ဘယ်လောက်အတိုင်းအတာအထိ အနုပညာ၊ မီဒီယာကဏ္ဍကို လွတ်လပ်ခွင့်ပေးမလဲ ဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။

ခင်မင်စွာဖြင့်

မောင်သစ်စိမ်း(MMCP)


နိုင်ငံရေးအကျဉ်းသားဟောင်းတွေ စုစည်းပြီး စုပေါင်းလက်မှတ်ရေးထိုးပွဲပြုလုပ်

Posted: 28 Nov 2011 08:00 AM PST


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ကြိုဆိုတဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ စုစည်းပြီး စုပေါင်းလက်မှတ်ရေးထိုးပွဲတခုကို နိုဝင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။

နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ ပြည်တွင်းစစ်တွေ ရပ်စဲပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးကို လက်တွေ့အကောင်အထည်ဖော်ပေးဖို့ဆိုတဲ့ လိုအပ်ချက်တွေကို အဓိကထား တောင်းဆိုထားတာပါ။
နိုင်ငံရေးအကျဉ်းသားဟောင်းတွေ အားလုံးစုစည်းပြီး အခုလိုလက်မှတ်ရေးထိုးပြီး တောင်းဆိုလိုက်ကြတာ ဖြစ်ပါတယ်။

ဒီလက်မှတ်ရေးထိုးပွဲကို ဘူးသီးတောင်ထောင်မှာ အကျဉ်းကျနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဌေးကြွယ်ရဲ့ မိခင်ကြီး ကွယ်လွန်ခြင်း ၄ နှစ်ပြည့် နှစ်ပတ်လည်ပွဲမှာ ပြုလုပ်ခဲ့ကြတာလဲ ဖြစ်ပါတယ်။

ပဏ္ဍိတာရာမ ရွှေတောင်ကုန်းသာသနာ့ရိပ်သာမှာ ပြုလုပ်တဲ့ ဒီပွဲကို နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်တဲ့ ကိုဖြိုးမင်းသိန်း နဲ့ ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်တို့က ကျင်းပခဲ့တာဖြစ်ပါတယ်


Burma VJ Media Network


(NLD အကျိုးစွန့်အဓိဋ္ဌာန် )-၁၉၉၀ ခုနှစ်ရွေးကောက်ပွဲအချိန် လမ်းမတော်မြို့နယ် NLD အဖွဲ့မှ တေးသံသွင်းဖြန့်ချီခဲ့သော သမိုင်းဝင်သီချင်း

Posted: 28 Nov 2011 07:32 AM PST



လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျခံနေရသောကာလ ( ၁၉၉၀ ) ခုနှစ် ရွေးကောက်ပွဲ အချိန် ၊ ဖိနှိပ်မှု ၊ အနှောက်အယှက်ပေးမှု ၊ အဖမ်းအဆီးများ ၊ အခက်အခဲများကြားမှ ... လမ်းမတော်မြို့နယ် NLD အဖွဲ့ မှ တေးသံသွင်း ဖြန့်ချီခဲ့သော သမိုင်းဝင် သီချင်း ။
(NLD အကျိုးစွန့်အဓိဋ္ဌာန် )
ရေး / ဆို ... သားထွေး ။
ယနေ့လူငယ်တို့ကိုသိစေချင်သော တစ်ချိန်က အနုပညာ လှုပ်ရှားမှု သမိုင်းတစ်ခု

minwunna aung


တပ်မတော်သာအမိ တပ်မတော်သာအဖဆိုလို့.....

Posted: 28 Nov 2011 07:10 AM PST


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

Monday 28 November 2011




Posted: 27 Nov 2011 08:23 AM PST

ပခုက္က္ကူမြို့ ရေဘေးသင့် ကျေးရွာများအတွက် စာရေးကိရိယာနှင့် သင်ထောက်ကူ ပစ္စ္စည်းများ  ထပ်မံလှူဒါန်းနိုင်ရန် အကူအညီတောင်းခံခြင်း

ကျွန်ုပ်တို့ BG သွေးအကူအညီပေးရေးသည် (၃၁.၁ဝ.၂ဝ၁၁ ) ရက်နေ့တွင် ရေဘေးသင့် ဒေသ ဖြစ်သော ပခုက္က္ကူမြို့နယ်၊ ဂဝံလေးတိုင်ရွာသို့ အဝတ်အထည်၊ ဆန်၊ ဆီ၊  ဆေး၊ ဆား စသည့်ပစ္စည်းများကို လှူဒါန်းခဲ့ပါသည်။ ယခုထပ်မံ၍ စာရေးကိရိယာများ၊ စာသင်ခုံများနှင့် သင်ထောက်ကူ ပစ္စ္စည်းများ လိုအပ်နေသေးကြောင်း အကူအညီတောင်းခံလာသောကြောင့် နိုဝင်ဘာလကုန်တွင် ၄င်းဒေသရှိ ရေဘေးသင့် (၇၁)ရွာအား သွားရောက် လှူဒါန်းကြမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လှူဒါန်းလိုသူများ ကိုယ်တိုင် ကိုယ်ကျလိုက်ပါ လှူဒါန်းနိုင်ကြောင်းနှင့် ကိုယ်တိုင် မလိုက်ပါနိုင်သူများ အနေဖြင့် အထက်ပါသင်ထောက်ကူပစ္စည်းများအား (၃ဝ.၁၁.၂ဝ၁၁) ရက်နေ့တွင် နောက်ဆုံးထား၍ အမှတ်-၈၃၉(ခ)၊ မြရည်နန္ဒာလမ်း၊ ၁၉-ရပ်ကွက်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ သွေးအကူအညီပေးရေးနှင့် ပညာဒါန သင်တန်းကျောင်းနှင့် အောက်ပါ ဖုန်းနံပါတ်များအား ဆက်သွယ် လှူဒါန်းနိုင်ကြပါသည်။

ဆက်သွယ်ရန် –

ကိုညီညီ (တာဝန်ခံ) ဝ၉-၄၉၃၂၈ဝ၅၅
ကိုလင်းထက် ဝ၉-၇၃၁၂၅၈၈၅
ကိုသီဟန် ဝ၉-၄၉၃ဝ၈၄၃၃
ကိုလင်းဆက် ဝ၉-၄၃ဝ၈၅၅၉၂
ဒေါ်သီတာ ဝ၁-၃၉၆၄၇၆
မထိုက် ဝ၉-၇၃၁၇ဝ၁၆၅
မဥမ္မ္မာဝင်း ဝ၉-၇၃ဝ၇၉၇၉၂

မှတ်ချက် ။ ။ မည်သူမဆိုလိုက်ပါလှူဒါန်းကူညီဆောင်ရွက်နိုင်သည်။


You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610
ပခုက္က္ကူမြို့ ရေဘေးသင့် ကျေးရွာများအတွက် စာရေးကိရိယာနှဲ့ သင်ထောက်ကူ ပစ္စ္စည်းများ ထပ်မံလှူဒါန်းနိုင်ရန် အကူအညီတောင်းခံခြင်း


ထောင်တွေချဲ့စရာ မလိုအောင် ကျောင်းတွေကို ချဲ့ရမယ်ဆို....

Posted: 27 Nov 2011 08:49 AM PST


" ရာဇ၀တ်မှုနဲ့ အကျင့်တရားပျက်ပြားမှုတွေရဲ့ မိဘကတော့ "ဆင်းရဲနွမ်းပါးခြင်း" ဆိုတာပါပဲ။ "

ဒီစာတန်းလေးကိုဖတ်ဖူးခဲ့တာကြာပါပြီ။ ကျွန်တော်သိပ်ကြိုက်တဲ့ စာတန်းလေးပါ။ ဆင်းရဲနွမ်းပါးခြင်းရဲ့ ဆိုးကျိုးတွေကို ပြော မယ်ဆိုရင်တော့ ပြောလို့ဆုံးမှ မဟုတ်တော့ပါဘူး ။

ကျွန်တော်တို့မြန်မာနိုင်ငံမှာက ဆင်းရဲနွမ်းပါးမှု့ဒဏ်ကို တော်တော်လေး ခံနေရပါတယ်။ အရွယ်နဲ့ မမျှအောင်ကိုအလုပ်မျိုးစုံတွေလုပ်နေကြရတဲ့ကလေးငယ်တွေအများကြီးရှိနေတယ်။ ကျောင်းနေရမယ့် အရွယ်မှာ ပညာ မသင်ရဘဲ အလုပ်မျိုးစုံလုပ်နေကြရတယ်။ အမှိုက် ကောက်တာ၊ ရေသန့် ဘူးခွံလိုက်ကောက်တာ... စသဖြင့် အရွယ်နဲ့မလိုက်တဲ့အလုပ်ဒါဏ်တွေ၊ ပင်ပန်းမှုဒါဏ်တွေကို ခါးစီးပြီး ခံနေရပါတယ်။ ဒီလူငယ်လေးတွေက ပညာမ သင်ရတဲ့ အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ခွန်အားတွေလည်း ဆုံးရှုံးနေရတယ်။ ငယ်စဉ်အခါ ပညာရှာဆိုတဲ့ စ ကားပုံကို ဆန့်ကျင်ပြီး ပညာရှာတဲ့ အလုပ်ကိုမလုပ်နိုင်ဘဲဝမ်းစာရှာနေကြရတယ်။ ရှင်းရှင်းပြောရရင်တော့အခွင့်အရေးတွေ ဆုံးရှုံးနေတာပါ။မိဘတိုင်းကတော့ကိုယ့်သားသမီးကိုပညာတတ်လေးတွေဖြစ်စေချင်မှာပါ။ ဖြစ်စေချင်ပေမယ့်လည်း ကိုယ် တိုင်ကမှ ဆင်းရဲနုံချာနေတော့ ဒီပညာရေးဘက်ကို မလှည့်နိုင်ဘူး။ အဲဒီတော့သူတို့တစ်တွေမွေးထားတဲ့ကလေးတွေအတွက်ကလေးချင်းယှဉ်လိုက်ရင် အခွင့်အရေးဆုံးရှုံးတယ်။သူများကလေးတွေကျောင်းတတ်နေတဲ့အချိန်မှာဆင်းရဲနွမ်းပါးတဲ့ ကလေးတွေက၀မ်းရေးအတွက်အလုပ်မျိုးစုံလုပ်နေတာကိုမြင်နေတွေ့နေရတယ်။ယှဉ်ပြီး ကြည့်လိုက်မိတဲ့ အခါမှာ တော်တော်လေးစိတ်မကောင်း ဖြစ်ရတယ်။

သူတို့တွေအတွက်ဆိုပြီးကြည့်ရှု့ဆောင့်ရှောက်ပေးမယ့်လူတွေမရှိကြတော့ဘူးလား။ ဒီလူငယ်လေးတွေမှာ ပညာကလည်း မသင်ရ အလုပ်တွေကိုလည်း ပင်ပင်ပန်းပန်းလုပ်ရနဲ့ နောက်ပိုင်း ဘာတွေဖြစ်လာလဲဆို တော့ လွယ်ကူတဲ့ လမ်းလွဲတွေကို ရောက်သွားကြတယ်။ စာရိတ္တပိုင်းတွေပါ ပျက်စီးပြီးအဆုံးတော့လူရာကိုသွင်းလို့မရတော့တဲ့အထိမိုက်ကန်းကုန်ကြတယ်။နောက်ဆုံးပြောချင် တာကတော့ဒီကလေးငယ်တွေဟာလည်းနိုင်ငံရဲ့မျိုးဆက်သစ်ကြယ်ပွင့်လေးတွေပါ။ ကြယ်ပွင့်လေးတွေ ထွန်းလင်းခွင့် မသာတော့တဲ့ အဖြစ် ဆိုး အခြေအနေဆိုးတွေမှာ ရှိနေတယ်။ အနာဂတ်အတွက် အတော်ကို ရင်လေးစရာဖြစ်နေပါပြီ။



တစ်ခါကလက်ရှိနိုင်ငံခေါင်းဆောင်တစ်ယောက်ပြောသွားတာကို တင်ပြပြီး ဆွေးနွေးချင်ပါသေးတယ်။



" ထောင်ကိုချဲ့စရာမလိုအောင်စာသင်ကျောင်းတွေကိုချဲ့ထွင်ပေးရပါမယ် " အပြောနဲ့အလုပ်အဟုတ် တည်ရဲ့လားဆိုတာတော့လုပ်နေတဲ့နိုင်ငံခေါင်းဆောင်ကြီးတွေအသိဆုံးနေမှာပါ။ဒီနားလေးမှာ ပြောချင်တာတွေပြောပြမယ်။ ကျောင်းတွေကိုချဲ့ထားပါတယ်။ အနောက်ပိုင်းကလယ်ကွင်းထဲမှာ၊ တာဝကနေပူကျဲတဲထဲမှာ၊ဒဂုံကတော့ရှိပါစေတော့...ချဲ့ထွင်ထားလိုက်တာငွေကုန်ကြေးကျတွေလည်း များလှပါတယ်။ GTC ကျောင်းကြီးတွေမြို့ပြင်မှာအများကြီးဆောက်ပေးထားပါတယ်။ကျောင်းတွေ ချဲ့ထားတယ်ဆိုတဲ့အကြောင်းကိုပြောပြတာပါ။ ဗွေမယူကြပါနဲ့။ ထောင်တွေကလည်း ချဲ့ထားသေးတယ်။တိုင်းနဲ့ပြည်နယ်အသီးသီးမှာနာမည်ကြီးထောင်ကြီးတွေ၊ အန္တရာယ်ဂျောက်ကမ်းပါးက ထောင်ကြီးတွေ ပေါလွန်းလှပါကြောင်း လည်း သိစေအပ်ပါသည်။

ဒီတော့ ထောင်ကိုလည်းချဲ့တယ်။ ကျောင်းကိုလည်း ချဲ့တယ်။ သင့်တော်ပါပေတယ်ဗျာ။ ရှိပြီးသား ကျောင်းတော်ကြီးတွေကတော့ရဲစခန်းဖြစ်၊ကြံ့ဖွတ်ရုံးဖြစ်ဒါကရောဘာသဘောလဲတော့ မဝေဖန်တတ်တော့ပါဘူး။ သိတာတွေပြောရရင်တော့မကျေနပ်ချက်နဲ့ဆန့်ကျင်ဘက်တွေပဲ ဖြစ်နေမှာပေါ့။အေးအေးဆေးဆေးနေ ချင်သေးတဲ့ အတွက် ရှိပါစေလို့ သာ သဘောထားနေရပါတယ်။

ဟုတ်ပြီဗျာ... ကျောင်းတွေ ချဲ့ရုံနဲ့ ပြီးပြီလား?စာသင်ကျောင်းတော့ရှိပြီးသင်ကြားရေးအတွက် လိုအပ်တာတွေကိုတာဝန်ရှိနိုင်ငံခေါင်းဆောင်ကြိးများအနေနဲ့အပြည့်အ၀ကြည့် ရှုထောက်ပံ့နေပါသလား။ ဒီကိစ္စ နဲ့ ပတ်သတ်လို့ ကျွန်တော် စာလေး တစ်ပုဒ်ရေးထားတာရှိ ပြီးသားပါ ။"ကျောင်းကို တီဗွီလာလှူတယ်ဆိုလို့ အဟုတ်များမှတ်လို့ "တီဗွီကကျောင်းကတီဗွီပါ။သူတို့တွေက ပုံးခွံကိုင်ပြီးဓာတ်ပုံရိုက်သွားကြတယ်။ ညကြတော့သတင်းထဲမှာထည့်ကြေညာတယ်။ ရေးပြီးသားနော်။ အမြည်းလေး ပြန်ပြောပြတာပါ။

နိုင်ငံခြားသားတစ်ဦးကမေးသွားတာလေးကိုလည်းအမှတ်ရနေသေးတယ်ဗျာ။မင်းတို့နိုင်ငံမှာက
"သစ်မှာဆိုလည်းကျွန်း၊ ရတာနာမှာဆိုလည်းပတ္တမြား ၊ ပုလဲ၊ သဘာဝဓာတ်ငွေ့တွေကလည်း ပေါမှပေါ ၊ရေနံတွေလည်းထွက်သေးတယ်။ မင်းတို့ နိုင်ငံချမ်းသာတာပဲ။ မင်းတို့က ဘာလို့မချမ်း သာကြတာလဲ? တဲ့။မှန်တယ်ဟေ့ ဒို့နိုင်ငံကချမ်းသာပါတယ်။ ဆရာတစ်ယောက်ကပြောဘူးတယ်။ဒို့နိုင်ငံမှာဂျိုဒု မရှိဘူးဆိုတာမ၀ယ်နိုင်လို့မဟုတ်ဘူးတဲ့။မ၀ယ်ချင်လို့ပါတဲ့။ဒို့နိုင်ငံရဲ့ဝင်ငွေနဲ့ဂြိုလ်တုတစ်စင်းလောက်ကတော့ပါးပါးလေးပါတဲ့ဗျာ။ မ၀ယ်ချင်တာကလည်း မ၀ယ်ရဲတဲ့ အကြောင်း ရှိမှာပေါ့ ။

ဒို့နိုင်ငံ ချမ်းသာပြီး ဒို့တွေ ဆင်းရဲနေတယ် ဆိုတာကတော့ စဉ်းစားဖို့ လိုလာပြီ။ ဒီတိုင်းပြည်မှာ ဆင်းရဲနွမ်းပါး သူတွေ ပေါများနေတယ်ဆိုတာကို နိုင်ငံတော်ရဲ့ ဖခင် ဆိုတဲ့သူတွေ မိခင်ဆိုတဲ့ သူတွေကရော သိကြရဲ့ လား။ သိကောင်းလောက်ပါရဲ့ နော်။ ဒို့နိုင်ငံကြီး ချမ်းသာပြီး ဒို့လူထု အများစု ဆင်းရဲနေတာကတော့ ဒို့တွေ အသုံး မကျလို့လည်း ဖြစ်ကောင်းပါတယ်။

TV မှာ ထိုင်းနိုင်ငံက ဆူပူမှုအကြောင်းလာနေတော့ ကြည့်နေမိတယ်။ ကျောင်းသားတွေ ဆန္ဒပြနေကြတယ်။ ဒဏ်ရာရသူတွေကလည်းရ ၊ သေတဲ့သူတွေကလည်း သေနေကြရဲ့ဗျာ။ နောက်ဆုံးကြတော့ သမ္မတလောင်း အသစ်ရွေးတာပေါ့။ TV အတူတူထိုင်ကြည့်နေတဲ့ ဘေးနားက တစ်ယောက်က ဘာစကား ပြောလဲဆိုတော့ "ကျောင်းသားတွေ ဘယ်လောက်ပဲ ဆန္ဒပြပြ အာဏာမရပါဘူး" တဲ့ ။ တစ်ခြားတစ်ဦးပဲ ရတာပဲ လို့တောင် ဆက်ပြောလိုက်သေးတယ်။ သူလည်း သူသိသလောက်ပြောတာ ဆိုတော့ အပြစ်မတင်ပါဘူး။

တကယ်သိဖို့ လိုအပ်တာလေးတော့ ပြောချင်တယ်ဗျ။ ကျောင်းသားတွေမှာ ယုံကြည်ချက်တွေရှိတယ်။ ကျောင်းသားတွေ လုပ်နေတဲ့ ဆန္ဒပြမှုတွေဆိုတာလဲ အာဏာသိမ်းဖို့ လုပ်ခဲ့ကြတာ မဟုတ်ဘူးဗျ။ အမှန်မ ဟုတ်တဲ့ လုပ်ရပ်တွေကို ဆန္ဒပြတာ။ လူတိုင်း ကိုယ်စီ တန်းတူရသင့် တဲ့ အခွင့်အရေးတွေကို လိုချင်လို့၊ ရချင် လို့ ဆန္ဒ ပြတာ။ အာဏာကို လိုချင်လို့ ဆန္ဒပြတာမဟုတ်ဘူး။ အာဏာကိုယူတယ်ဆိုတာ အာဏာနဲ့ တန်တဲ့ ပညာ အရည်အချင်းတော့ လိုတယ်။ အားလုံးအလိုရှိနေတာက အမှန်တရားနဲ့ လူအခွင့်အရေးပါ။ အမှန်မ ဟုတ်တဲ့ လုပ်ရပ်တွေလုပ်နေသ၍ တော့ ဆန္ဒပြမှုတွေ ကလည်း လုပ်ဆောင်နေကြရမှာပဲ ။

လူ့အခွင့်အရေး တွေ ရရှိပြီး ဆင်းရဲနွမ်းပါးခြင်း ကင်းတဲ့ မြန်မာပြည်ကြီး ဖြစ်နိုင်ပါစေ......

စိန်ခေါ်သူ
So Min Oo Facebook


ABSDF ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်ပြောတဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်အပေါ်ယံသကာဖုံးထားတဲ့ ဟန်ပြပြောင်းလဲမှုများ

Posted: 27 Nov 2011 07:58 AM PST

american -Burma by dawmanhon
မြန်မာနိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စုတို့ ဆက်ဆံရေး တိုးတက်လာတဲ့ ကိစ္စနဲ့ နောက်ဆုံး ပေါ်ထွက်လာတဲ့ ဖြစ်ပေါ်ပြောင်းလဲမှုတွေ အကြောင်းကို အမေရိကန် ပြည်ထောင်စု နယူးယောက်ပြည်နယ်မှာ အခြေစိုက်နေထိုင်ကြတဲ့ ABSDF ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်၊ မြန်မာ့အရေး လေ့လာသူ RFA ပင်တိုင်ဆောင်းပါးရှင် ဦးအောင်မိုးဝင်းနဲ့ CFOB ကနေဒါ-မြန်မာ မိတ်ဆွေများအသင်း ညွန်ကြားရေးမှူး ဦးတင်မောင်ထူးတို့ ဖြစ်ပါတယ်။
(RFA)


မြန်မာပြည်မှ လွဲမှားသော အချက်ပြမှုများ

Posted: 27 Nov 2011 07:00 AM PST

(Inida Times မှ False signals in Myanmar ကို yangonchronicle 2011ဘာသာပြန်ဆိုသည်)
အကယ်၍ ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာ ၅၀ စလုံး NLD အနိုင်ရရှိသည့်တိုင် ကျန်ရှိသော အမတ်နေရာ ၆၀၀ မှာ အစိုးရလိုလားသူများဖြစ်ရာ NLD အပေါ် အသာတကြည်ထိန်းချုပ်နိုင်လိမ့်မည်ဟူသော သဘောမျိုးဖြင့် စစ်ဗိုလ်ချုပ်ကြီးများက လောင်းကြေးထပ်နေခြင်းဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်ကာလ၊ အမျိုးသားဒီမိုကရေစီပါတီ(NLD) ဒီမိုကရေစီရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် ဒေါ်အောင်ဆန်း စုကြည်သည် နိုင်ငံရေးအာဏာရရှိမည့် အနေအထားသို့ အနည်းငယ် နီးကပ်သွားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်မှာ ရွေးကောက်ပွဲတွင် ပြည်လုံးကျွတ် အတိုင်းအတာဖြင့် အနိုင်ရရှိခဲ့သည့်တိုင် အစိုးရက သူမကိုအာဏာလွှဲပြောင်းပေးမှုမပြုရုံသာမက နေအိမ်အကျယ်ချုပ်ဖြင့် နှစ်ပေါင်း ၁၅ နှစ်ကျော်တာမျှ ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်။ မဆုတ်မနစ်သော စူးစိုက်မှု၊ အကြမ်းမဖက်သော နည်းလမ်းကို ခိုင်ခိုင်မာမာကျင့်သုံးမှု၊ ဂုဏ်ယူစရာကောင်းလောက်အောင် ခေါင်းမာတတ်မှု အစရှိသည်တို့က စစ်ဗိုလ်ချုပ်ကြီးများအား ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရွေးကောက်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်လာအောင် လမ်းဖွင့်ပေး လိုက်ရ သည့် အခြေအနေသို့ တွန်းပို့ခဲ့သည်။ သို့သော် မြန်မာစစ်ဗိုလ်ချုပ်ကြီးများက ပုံစံတစ်မျိုးဖြင့် အာဏာကိုဆက်လက်ထိန်းသိမ်းနိုင်မည်ဟူသော မျှော်လင့်ချက်ဖြင့် လမ်းဖွင့်ပေးခြင်းဖြစ်သည်။

အမှန်စင်စစ် ဒေါ်အောင်ဆန်းစုကြည်သည် သူမအပေါ် နိုင်ငံရေးအရ အသာစီးရရန် လှည့်ကွက်မျိုးစုံဖြင့် ဗျူဟာခင်းခဲ့သူများက ဒီဇိုင်းဆင်ထား သော နိုင်ငံရေးဖြစ်စဉ်ထဲသို့ပူးပေါင်းဝင်ရောက်လိုက်ခြင်းသာဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင် ပြုပြင်ပြောင်းလဲရေးအတွက် အလေးအနက်ထားလျက် ရှိပါသည်ဟူသော စစ်ဗိုလ်ချုပ်ကြီးများ၏ ပြောဆိုမှုကို ဒေါ်အောင်ဆန်းစုကြည်က လက်သင့်ခံလျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် ရှေ့ဆက်လျှောက်ရမည့်လမ်းကြောင်းမှာမရေရာမသေချာမှုများစွာကျန်ရှိနေပါသည်။ စစ်ဗိုလ်ချုပ်ကြီးများက နိုင်ငံရေး အာဏာကို စွန့်လွှတ်ပြီး ၎င်းတို့စိတ်တိုင်းကျ အရပ်သားအစိုးရတစ်ရပ်ကို အာဏာ လွှဲပြောင်းပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင် ဥပဒေများပြင်ဆင်ရေးဆွဲပေးခြင်းတို့ ပြုလုပ်ထားသည့်တိုင် ၎င်းတို့အပေါ်သံသယများ ဆက်လက်ရှိနေ ကြဆဲပင် ဖြစ်သည်။ အမှန်အတိုင်းပြောရမည်ဆိုပါက ၎င်းတို့သည် အာဏာကိုဆက်လက်ရယူထိန်းသိမ်းထားဆဲပင်ဖြစ်သည်။ ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာမည့် လွတ်လပ်သောကော်မရှင်တစ်ရပ် ဖွဲ့စည်းခွင့်မပြုသေးသလို နိုင်ငံရေးအကျဉ်းသား အားလုံးကိုလည်း လွှတ်ပေးခြင်းမရှိသေးပေ။

မိမိကိုယ်ကိုယ်မိမိ သမ္မတဟုသတ်မှတ်ထားသူမှာလည်း ယခင်က ဗိုလ်ချုပ်ဟောင်းတစ်ဦးပင်ဖြစ်သည်။ မှန်ပါသည်။ စွယ်စုံရအနုပညာရှင်နှင့် ဟာသ ပညာရှင် ဇာဂနာအပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀၀ လောက်ကို လွှတ်ပေးလိုက်ပြီဖြစ်သည့်တိုင် ထောင်တွင်း၌ ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံ ထားရ သော နိုင်ငံရေးအကျဉ်းသား ၉ ဆမျှကျန်ရှိနေသေးသည်။ သဘာဝပတ်ဝန်းကျင် ထိခိုက်စေနိုင်သည်ဟူသော အကြောင်းပြချက်ဖြင့် မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်းကြီးကို ရပ်ဆိုင်းပေးလိုက်သည့်တိုင် တရုတ်နိုင်ငံကတာဝန်ယူတည်ဆောက်မည့် ရေလှောင်တမံစီမံကိန်းများစွာမှာ ဆက်လက်အကောင် အထည် ဖော်နေဆဲပင်ဖြစ်သည်။ ဤနေရာတွင် အကြောင်းကိစ္စနှစ်ရပ်ကိုပြန်လည်အမှတ်ရမိသည်။ ယင်းမှာ မြန်မာအစိုးရသည် နာဂစ်ဆိုက်ကလုန်း ဝင်ရောက် တိုက်ခတ်ခဲ့စဉ်က နိုင်ငံတကာအသိုင်းအဝိုင်းက ပေးသည့် ကယ်ဆယ်ရေးနှင့် နေရာချထားရေး အကူအညီများကို ငြင်းပယ်ခဲ့သည့် အစိုးရအဖွဲ့ ဖြစ်ပြီး အစိုးရတပ်များဟူသည် ငြိမ်းချမ်းစွာ ဆန္ဒပြသည့် သံဃာတော်များကို ရိုက်နှက်ဖြိုခွင်းရာ၌ လက်မရွံ့ကြသည့် လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်သည် ဟူသောအချက်တို့ပင်ဖြစ်သည်။

ယခုကြားဖြတ်ရွေးကောက်ပွဲကိုကြည့်လျှင်လည်း အမတ်နေရာပေါင်း ၆၆၄ နေရာရှိသည့် လွှတ်တော်တွင်း လစ်လပ်သည့်နေရာမှာ ၅၀ မျှသာဖြစ်ရာ အကယ်၍ NLD သာနေရာစီ အနိုင်ရရှိမည်ဆိုသော်မှ အသေးအဖွဲမျှသာဖြစ်သည့် အောင်မြင်မှုသာဖြစ်ပါလိမ့်မည်။

သို့ဆိုပါက ယင်းဖြစ်ရပ်များသည် အမူအယာပြမှုသာဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုများမဟုတ်ပေ။ ပြည်သူလူထု၏ အခွင့်အရေးကို ဗန်းပြပြီး စစ်ဗိုလ်ချုပ် ကြီးများ အတွက် အခွင့်ထူးများကိုဖန်တီးပေးနေခြင်းသာ ဖြစ်သည်။ သို့အတွက်ကြောင့် ယခုအချိန်သည် အိန္ဒိယနိုင်ငံအနေဖြင့် သမိုင်း၏အမှန်တရားဘက်မှ ထွက်ရပ်သင့်သည့် အချိန်ပင် ဖြစ်သည်။ အကြောင်းမှာ အိန္ဒိယ၏ ဧရာမပြိုင်ဘက်ဖြစ်သော တရုတ်နိုင်ငံမှာ စစ်ဗိုလ်ချုပ်ကြီးများကြီးစိုးရာ မြန်မာပြည်၌ ရင်းနှီး မြှုပ်နှံမှုများ အဆမတန်ပြုလုပ်ထားပြီးဖြစ်သောကြောင့်ပင်။ အိန္ဒိယဟူသည် မြန်မာအတိုက်အခံများအနေဖြင့် အသံလွှင့်အစီအစဉ်များ ပြုလုပ်ခွင့်ပေးခဲ့သော နိုင်ငံတစ်ခုဖြစ်ရုံသာမက ဒေါ်အောင်ဆန်းစုကြည်ကို International Understanding ဟူသောအခေါင်းစဉ်ဖြင့် Jawaharalal Nehru Award ဆုချီးမြှင့် ပေးခဲ့သော နိုင်ငံလည်းဖြစ်ခဲ့သည်။

အတိတ်ကာလကိုကြည့်လျှင်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သည်ပင် အိန္ဒိယ၌ ပြည်ပြေးဘဝဖြင့် နေထိုင်ခဲ့ဖူးသည်။ 'Freedom from Fear' ဟူသောခေါင်းစဉ်ဖြင့် သူမရေးသားခဲ့သော စာအုပ်တွင် ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေးခေတ်ကာလအတွင်း အိန္ဒိယနှင့် မြန်မာနိုင်ငံမှ လွတ်လပ်ရေး ကြိုးပမ်းသူများ အမြင်ချင်း ဖလှယ်ခဲ့ကြပုံကို လှပသေသပ်စွာရေးသားဖော်ကျူးထားသလို ဗြိတိသျှအုပ်ချုပ်ရေးစနစ်ဆန့်ကျင်ရေးတွင် မည်မျှ အတိုင်းအတာ အထိ ညီညွတ်ခဲ့ကြပုံကိုလည်း ဖော်ပြထားသည်။

သို့သော် အိန္ဒိယသည် ၁၉၉၃ နောက်ပိုင်းကာလမှစ၍ မြန်မာ့အတိုက်အခံအင်အားစုများအပေါ် ကျောထောက်နောက်ခံပေးမှုများကို စွန့်လွှတ်ကာ မြန်မာနိုင်ငံမှ သဘာဝရင်းမြစ်များရရှိရေးအတွက် စစ်အစိုးရနှင့် အပေးအယူများပြုလုပ်လာသည်။ အကျိုးအမြတ်အားဖြင့် စစ်အစိုးရက အိန္ဒိယပြည် အရှေ့မြောက်ပိုင်းဒေသတွင် ခိုလှုံနေထိုင်လျက်ရှိသော သူပုန်များကိုရှင်းလင်းပေးမည်ဟု ကတိကဝတ်များပေးလာခဲ့သည်။ သို့သော် အိန္ဒိယအနေဖြင့် မြန်မာ စစ်အာဏာရှင်များ မိမိဘက်သို့စိတ်ပါလက်ပါဖြစ်လာအောင် လုပ်ကိုင်ရာတွင် တရုတ်နိုင်ငံကို လိုက်မမီနိုင်သေးပေ။

နိုင်ငံတကာ အသိုင်းအဝိုင်းဟူသည်မှာလည်း မြန်မာနိုင်ငံမှ လက်တစ်ဆုပ်စာမျှသော လုပ်ကိုင်ဆောင်ရွက်မှုများ ရရှိနိုင်ရေးအတွက် စောင့်ဆိုင်းနေ နိုင်မည်မဟုတ်ပါ။ မြန်မာနိုင်ငံတွင် လွန်စွာပေါများသော အလုပ်သမားအင်အားစု၊ သစ်တောသံယံဇာတများရှိသလို သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်နိုင်ရေး အတွက် အလားအလာကောင်းများရှိနေသည်။

လူ့အခွင့်အရေးအုပ်စုများကမူ မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် စီးပွားရေးလုပ်မည့် ကုမ္ပဏီများကိုပစ်မှတ်ထားကာ ကန့်ကွက်လှုံ့ဆော်မှုများ လုပ် ဆောင်လျက်ရှိသည်။ ၎င်းတို့ကြောင့် ကုမ္ပဏီအတော်များများမှာ မြန်မာ့စီးပွားရေးလောကမှ နုတ်ထွက်သွားကြရသလို အချို့မှာလည်း ဖျက်သိမ်းလိုက်ကြရ သည်။ လက်ရှိမြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ကိုင်လျက် ရှိသော ကုမ္ပဏီများကိုကြည့်ပါက ထိုင်း၊ တရုတ်၊ အိန္ဒိယနှင့် အခြားသော အာရှနိုင်ငံများမှ ဖြစ်သည်ကို တွေ့ရလိမ့်မည်။

မြန်မာစစ်ဗိုလ်ချုပ်ကြီးများက ယခု ၂၀၁၁ ခုနှစ်အတွင်း ပြည်သူလူထု၏ ဝေဖန်ပြောဆိုမှုများအပေါ် အနည်းငယ် လိုက်လျောမှုပြုလာပြီး အာဏာကို မရမကဖက်တွယ်ထားသည်။ စေ့စပ်ဆွေးနွေးသူအချို့မှာ ၎င်းတို့၏ လုပ်ရပ်များကြောင့် များစွာ စိတ်ပျက်အားလျော့လျက်ရှိသည်။ အချို့ကမူ စစ်ဗိုလ်ချုပ် ကြီးများနှင့် စေ့စပ်ညှိနှိုင်းမှုပြုပြီး ဆင်းရဲသား လူတန်းစားများအတွက် လုပ်ကိုင်ပေးရန် ဒေါ်အောင်ဆန်းစုကြည်ကို မေတ္တာရပ်ခံကြသည်။ NLD ပါတီဝင် ဟောင်း အချို့မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် လမ်းခွဲသွားကြပြီး အချို့က မြန်မာနိုင်ငံတွင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည် ရှင်သန်လာရေး အတွက် ဆော်သြကြသည်။ လတ်တလောအခင်းအကျင်းကိုကြည့်လျှင် ဒေါ်အောင်ဆန်းစုကြည်မှာ ဗိုလ်ချုပ်ကြီးများအတွက် ပြိုင်ဘက်ရန်သူဖြစ်နေသည့်တိုင် မြန်မာ့နိုင်ငံရေး၏ သားကောင်တစ်ဦးသဖွယ်ဖြစ်နေသည်။

အကယ်၍ ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာ ၅၀ စလုံး NLD အနိုင်ရရှိသည့်တိုင် ကျန်ရှိသော အမတ်နေရာ ၆၀၀ မှာ အစိုးရလိုလားသူများဖြစ်ရာ NLD အပေါ် အသာတကြည်ထိန်းချုပ်နိုင်လိမ့်မည်ဟူသော သဘောမျိုးဖြင့် စစ်ဗိုလ်ချုပ်ကြီးများက လောင်းကြေးထပ်နေခြင်းဖြစ်သည်။ အမှန်စင်စစ်ဆိုပါက လွှတ်တော်ထဲတွင် ဒေါ်အောင်ဆန်းစုကြည် ရှိပြီး မြန်မာနိုင်ငံတော်သစ် တစ်ခုဖြစ်ပေါ်လာပြီဟူသော ပုံစံမျိုးကို စစ်ဗိုလ်ချုပ်ကြီးများက ခင်းကျင်းပြသလိုကြ ခြင်းသာ ဖြစ်သည်။ "လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်ရရှိသည်။ ဒီမိုကရေစီ စနစ်လည်း ထွန်းကားနေပြီ" ဟူသည့်သဘောမျိုး ပေါ်လွင် လာအောင် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ဆိုလျှင် ပို၍မှန်ပေမည်။ လက်ရှိ မြန်မာစစ်ဗိုလ်ချုပ်ကြီးများ 'စံ' ထားနေသည်မှာ ဗိုလ်ချုပ်ကြီး ဆူဟာတိုလက်ထက် အင်ဒိုနီးရှား နိုင်ငံမျိုး ဖြစ်ဟန်ရှိသည်။ သို့သော် ဗိုလ်ချုပ်ကြီးဆူဟာတို ဂျကာတာအစိုးရတွင် တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံမျိုး၊ မီခေးလ်ဂိုဘာချော့ ဆိုဗီယက် ယူနီယံတွင် ရခဲ့သည့်အတွေ့အကြုံမျိုး၊ အာဏာရှင် FW de Klerk အနေဖြင့် နယ်လ်ဆင်မင်ဒဲလားနှင့် စေ့စပ်ညှိနှိုင်းမှုပြုလုပ်ရာမှ ရရှိခဲ့သော အတွေ့အကြုံမျိုးအရဆိုပါက နောက်ကြောင်းပြန်လှည့်ရိုး ထုံးစံမရှိသည်ကို တွေ့ရပေလိမ့်မည်ဖြစ်ပါသည်။


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610