Tuesday 29 November 2011

ယတြာနှင့်အာဏာ အပိုင်း(၂) (ကဗျာရှင် နေရဲနီ)

ယတြာနှင့်အာဏာ အပိုင်း(၂) (ကဗျာရှင် နေရဲနီ)

Posted: 29 Nov 2011 05:39 AM PST

ယတြာနှင့်အာဏာ အပိုင်း(၂)
(ကဗျာရှင် နေရဲနီ)

ဂဏန်း ပုတ်သင်
ကိုင်းပင် လိပ်မျိုး
နွားသိုး ခွေးအ
ဤခြောက်ဝ အ နာယကဂုဏ်။

ဂဏန်းသည် တည့်တည့်မသွား။ 
ဘေးတိုက်သွား၏။
ငါတည်းဟူသောမာနနှင့် 
လက်မတထောင်ထောင်ရှိလှ၏။

ပုတ်သင်သည်
ရာသီအလိုက်  အရောင်ပြောင်းတတ်၏။
မှန်သည်မှားသည်။သင့်သည် မသင့်သည်။ မစဉ်းစား။
နေရာတိုင်းမှာ ခေါင်းတညိတ်ညိတ်ရှိ၏။
ကိုင်းပင်သည် မားမားမတ်မတ်မရှိ။
လေယူရာယိမ်း၏။ ဆိတ်ခလောက်နှင့် ဆင်တူ၏။
သို့သော် သူတပါးအပေါ်၌ 
စိုးမိုးအုပ်ချုပ်လိုသော ဆန္ဒအမြဲရှိ၏။

လိပ်သည်
လေးတုန့်နှေးကန်စွာသွားလာတတ်၏။
ယက်လေသမျှဝမ်းဗိုက်အောက်သို့သွင်း၏။
ရလေသမျှငါ့ဥစ္စာချည်းဟုထင်၏။
တစ်ကိုယ်ကောင်းဆန်လွန်းသောကြောင့်
ကိုယ့်ဘက်ကိုယ်ယက်သောလိပ်ဟုပင်စကားပုံပြုကြ၏။

နွားသိုးသည်
ရှူးရှူးရှဲရှဲနှင့် ဒေါသထွက်လွယ်၏။
မြင်သမျှနွား ငါ၏ပြိုင်ဘက်ဟုထင်၏။
မိန်းမမြင်သော် ကြိုးပြတ်အောင် ရုန်းသောကြောင့်
နွားသိုးကြိုးပြတ်ဟု ခိုင်းနှိုင်းပြောဆိုကြ၏။

ခွေးအသည်
သူတပါးအူသံကြားသော်လိုက်၍အူ၏။
အူသော်လည်းဘာမှအရာမထင်။
ကျိုးကြောင်းရှိမရှိကို မစဉ်းစား။
မိမိအူသံဘယ်သို့ ရှိသည်ကိုမသိ။

ဤသို့ဖြင့် အထက်ပါအချက်တို့မှ 
တပါးပါးဖြင့်သော်လည်းကောင်း
အားလုံးဖြင့်သော်လည်းကောင်း ညိစွန်းခဲ့သော်
ဤသူကိုခေါင်းဆောင် မတင်သင့်ဟူ၍
နောင်လာနောက်သား ပြည်သူအများတို့အား
ရှေးမြန်မာပညာရှိတို့ လမ်းညွှန်ပြခဲ့ကြသည်။

မှန်ကင်းထိပ်ဖျား၌လင်းတနားသကဲ့သို့
ငါသည်ယခုအခါ၌ အထွဋ်အထိပ်သို့ရောက်ခဲ့ပြီ
နေရာတိုင်း၌ငါ့လက်ရာထင်စေရမည်ဟူ၍
ဘ၀င်လေပင့်သော် ဦးစွာပထမ ပုဂံမှစ၏။

သမိုင်းအမွေအနှစ်ဟူသည် အလွန်တန်ဘိုးကြီး၏။
ရှေးမူလက်ရာကို မည်သို့မျှမပျက်သင့် ဟူ၍
Tayza Hotel
ကမ္ဘာ့အရပ်ရပ်မှတားဆီး ကန့်ကွက်နေသည့်တိုင် ပုဂံဘုရားများကြားတွင်
ဟင်္သာကြားဗျိုင်းနားသကဲ့သို့ ပုဂံမျှော်စင်ကိုဆောက်၏။
နံရံဆေးရေးပန်းချီတို့ကို ဖျက်၍ ရွှေဆေးသုတ်၏။
ရှေးလက်ရာ စေတီပုထိုးတို့ကိုဖျက်၍
ခေတ်လက်ရာဖြင့်အသစ်တည်၏။

သဘာဝကပေးသော အလှတရားဖြစ်သည့်
ဧရာဝတီမြစ်ဆုံ၏ အလှသည်လည်း ပျက်စီးခဲ့လေပြီ။
မသူတော်တို့က ကိုယ်ကျိုးရှာမြှောက်ပင့်၍
ပေးသောအကြံအစည်ကို
မှားသည်မှန်သည်မစဉ်းစား။

ကျိုးကြောင်းဆီလျော်၏ မဆီလျော်၏သူမသိ။
အရှင်မွေး၍ နေ့ချင်းကြီးဆိုသကဲ့သို့ မြစ်ချောင်းတို့၌
ဆည်တို့ကို အပေါ်ယံသဘောမျှသာ တိုင်းထွာ၍
အလျင်အမြန် ဆောက်လေသောအခါ
မိုးအခါရေများ၍ ဖောက်ချရသဖြင့်
စိုက်ထားသမျှ ပျက်စီးရ၍ လယ်သမားတို့ ဘ၀ပျက်ရ၏။
နွေအခါ ရေမလာသောကြောင့်
စိုက်ထားသမျှ အလဟဿဖြစ်ရ၍ စီးပွားပျက်ကြရ၏။
လယ်သမားတို့ဒုက္ခနှင့် နပန်းလုံးရလေသောကြောင့်
မြို့ရွာတို့၌ ဆန်ရေစပါးရှားပါးကြကုန်၏။

ပြည်သူပြည်သားတို့သည်ဒုက္ခနှင့်နပန်းလုံးနေပါမှ
ငါ၏ကုလားထိုင် ခိုင်မြဲပေလိမ့်မည် ဟူ၍သဘောထားကာ
လုပ်အားပေးကို မလပ်စေရ။
ပေါ်တာကြေး ကင်းကြေးကို တိုး၍ကောက်၏။
တို့လို့တန်းလန်းနှင့် ရှေ့ဆက်မရသော စီမံကိန်း တို့သည်လည်းရှိ၏။
ဒရောသောပါး ခုဆောက်ခုပျက်ရသော
လမ်းတံတားတို့သည်ကား အများအပြား။
ယတြာချေ၍ တည်သောဘုရား၌
ဖား၍ဆောက်သော ၀န်ကြီး၏တန်ဆောင်းအတွက်
ဌာနဆိုင်ရာဝန်ထမ်းတို့က
လစာမှ နုတ်ဖြတ်၍ အလှူငွေထည့်ဝင်ကြရ၏။

စီမံကိန်းတခုကျလျှင် ၀န်ကြီးသည်
ဒေါ်လာရပေတော့မည်ဟုသဘောပိုက်ကာ
ငတ်နေသောသတ္တ၀ါ မစင်ပုံတွေ့သကဲ့သို့
အူမြူးမတတ် ရှိလှ၏။
လက်အောက်ငယ်သား တို့သည်လည်း
အရိုးအရင်း ကိုက်ရပေတော့မည်ဟု
အထင်ရှိကာကြိတ်၍ ပျော်ကြ၏။
ဤသို့ဖြင့်အထက်မှ စ၍အောက်ခြေတိုင်အောင်
ဖင်နုတ်ခေါင်းနုတ်ဖြင့်
တကယ်လုပ်ကြလေသောအခါ
အရည်အသွေး မမှီ၍သော်လည်းကောင်း
အတိုင်းအထွာ မှား၍သော်လည်းကောင်း
အကြောင်းအမျိုးမျိုးပြပြီး
သဲထဲရေသွန် အဖြစ်ရောက်ကာ
ပျက်စီးခြင်းဖြင့် နိဋ္ဌိတံ၍
ပြည်သူ့ဘဏ္ဍာသည်သာ ဆုံးရှုံးရပြီး
ပြည်သူသည်သာဒုက္ခရောက်ကြရ၏။

ဖားရှာသောသူသည် အကောင်ကြီးကြီးကိုတွေ့လျှင်
အသားပေါ၍ အရသာရှိလှသောကြောင့်အလွတ်မပေး။
ကိုယ်ကျိုးရှာအတ္တသမား ဖား၍စားသော သူတို့သည်လည်း
စားကောင်းသော ဖားကြီးကြီးကိုတွေ့သော်
အမှန်တရားကို ပြည်သူ့မျက်နှာထောက်၍
မကြောက်မရွံ့ပြောဆိုရဲသော
အဖွဲ့အစည်းတို့ကို အပြစ်ရှာလက်ညှိုးထိုးကာ
မိမိတို့၏အခွင့်အလမ်းကို ရအောင်ယူ၏။
ထို့ကြောင့်ခေတ်ပျက် သူဌေးတို့ကား
န အ ဖ လက်ထက်တွင် ရိုက်သတ်၍မကုန်။

ကျွန်တော်တို့ ဥက္ကဌကြီးက
တိုင်းပြည်တိုးတက်ရေးကို အမြဲစဉ်းစားနေတာပါ ဟူ၍
မကြာသေးသောကာလက ဘ၀ပြောင်းရလုဆဲဆဲ
ဘောင်းဘီဝတ်တစ်ယောက်၏ ပြောသံကိုကြားလိုက်ရ၏။
မုန်ယိုနေသော ဆင်၏၀မ်းဗိုက်အောက်သို့
ရောက်ခဲ့သော သတ္တ၀ါသည်အနံ့ရ၍ မော့ကြည့်မိသော်
အကယ်၍များ ပြုတ်ကျလာခဲ့လျှင် ဟူသောအတွေးဖြင့်
ဆောင့်ကြောင့် ထိုင်၍လည်ဆန့်ကာ မျှော်လေဘိသကဲ့သို့
အကြီးအကဲ၏ မေတ္တာနှင့်ကြီးမားလှသော ကရုဏာတော် ဟူ၍လည်း
တစ်ယောက်သော အယ်ဒီတာ၏
ကားပါမစ်ကို သော်လည်းကောင်း
G S M ဖုန်းကိုသော်လည်းကောင်း မျှော်ကိုး၍ရေးသော
အော့နှလုံးနာ၍ ရွံရှာဖွယ်ကောင်းသော
ဆောင်းပါးတစ်ပုဒ် အကြောင်းကို
မကြာမြင့်မီကာလက ဖတ်လိုက်ရသေး၏။

အကယ်၍များ အဆိုပါနိုင်ငံတော်အကြီးအကဲ  ဆိုသူအား
တိုင်းသူပြည်သားတို့မည်၍မည်မျှချစ်သည်မုန်းသည်ကို
သိစေရန်အတွက်ခန်းမတစ်ခုအတွင်း၌စံနေပြီးသကာလ
ချစ်သောသူသည်ပန်းနှင့်ပေါက်၍
မုန်းသောသူသည်တံတွေးနှင့်ထွေးပါဆိုလျှင်
ကျေးဇူးမကင်းသောတပည့်လက်သားတို့ကြဲဖြန့်သော
ပန်းမွေ့ယာ၌သာစံနေတော်မူပြီး
မည်သူကမျှတံတွေးနှင့်ထွေးကြမည်မဟုတ်ပေ။

အကြောင်းသော်ကား အသို့တည်း
ခြေချောင်းတို့ ပျက်ကြွေနေသောကြောင့်
သဲကြိုးမပါသော ဆင်ကြယ်တဖက် မြင်းကြယ်တဖက်တို့ကို
တင်းပုတ်နှင့်တူသော ခြေထောက်အောက်၌
ကြိုးဖြင့်ခြည်နှောင်ပြီး သကာလ
ထော့နင်းထော့နင်းဖြင့် လျှောက်၍လာသော
ရွှဲရွှဲစို၍ ယင်တလောင်းလောင်း ရှိလှသော
သူတောင်းစား အနူတစ်ယောက်သည်
ငါသည်လည်း ပြည်သူပြည်သား တစ်ယောက်ဖြစ်သည်။
ငါ၌လည်းလူ့အခွင့်အရေးအပြည့်အ၀ရှိသည်။
ထို့ကြောင့်ငါ၏ဆန္ဒကို ထုတ်ဖေါ်ပြောဆိုပေအံ့ ဟုကြုံးဝါးကာ
လက်ချောင်းတို့ ကင်းမဲ့လျှက် ငရုတ်ကျည်ပွေ့နှင့်တူသော
သူ၏လက်မောင်းကို ဆန့်တန်းလျှက်လက်ညှိုးထိုးဟန်ပြုကာ
ငါသည်အတိတ်ကံ မကောင်းခဲ့လေသောကြောင့်
ယခုဘ၀၌ သူတောင်းစားဖြစ်ရ၏။
ငါ့အားတတ်နိုင်သမျှ ပေးကမ်းကြကုန်သော
ပြည်သူပြည်သား လူအများတို့သည်
ငါ၏ထမင်းရှင် ကျေးဇူးရှင်များဖြစ်ကြ၏
ထို့ကြောင့်ငါသည် ကျေးဇူးရှင်ဖြစ်သော ပြည်သူတို့အား
ဘယ်သောအခါမှ မပြစ်မှားခဲ့။
ဤသူသည်ကား ထိုသို့မဟုတ်
ပြည်သူနှင့်သံဃာကို သတ်၏။
ကျေးဇူးရှင်အား ကျေးဇူးမဲ့သော စကားကိုဆို၏။
ထို့ကြောင့်ငါ၏ တံတွေးသည် သူနှင့်မတန်ဟုဆိုကာ
အခြားတဖက်သို့ ထွီကနဲထွေးလျှက် ထွက်သွားပေလိမ့်မည်။

ဘန်ကောက်မှပြန်ရောက်ပြီး
အေကိုက်ကာ အိပ်ယာထက်၌
ဘုံးဘုံးလဲနေသော ပြည့်တန်ဆာ လူထွက်သည်
အရိုးပေါ်အရေတင်လျှက် ရှိသောခန္ဓာကိုယ်ကို
ရှိသမျှအားအင်တို့ဖြင့် စုရုံးကာ တောင်ဝှေးကို အဖေါ်ပြု၍
ယိုင်နဲ့ယိုင်နဲ့ဖြင့် တလှမ်းချင်းလျှောက်၍လာပြီး
ခြောက်သွေ့နေသော နှုတ်ခမ်းဖျားမှ
လေသံမျှသောစကားတို့ဖြင့် ဤသို့ဆို၏။
ငါသည်ဤသူအုပ်ချုပ်သော တိုင်းပြည်၌
ကံဆိုးစွာဖြင့် လူလာဖြစ်ရ၏။
အရာရှိကတော်ကို ယုံမိလေသောကြောင့်
တဖက်နိုင်ငံသို့ လူကုန်ကူးခံရပြီး
ပြည့်တန်ဆာထက် ရာထူးမြင့်သော
ကမ္ဘာ့တန်ဆာအဖြစ်သို့ အတင်းအဓမ္မ သွတ်သွင်းခံခဲ့ရ၏။
ငါ၏အသွေးအသားတို့ကို အရင်းတည်၍
သူတပါးထံမှ အခကြေးငွေယူပြီးလျှင်
ဘာပြန်ပေးရမည်ကို ငါ့တာဝန်ငါသိ၏။
ထိုတာဝန်ကို ကျေပွန်စွာထမ်းခဲ့၏။
ငါ၏ကတိကိုဘယ်သောအခါမှမဖျက်ခဲ့၏။
ထိုသူသည်ကားဤသို့မဟုတ်။
လစာတည်းဟူသော ပြည်သူ့ထံမှအခကြေးငွေကိုယူပြိး
ပြည်သူတို့အား အမျိုးမျိုး လိမ်ညာလှည့်ဖျား၏။
အမှန်ကို ပြောဝံ့သောသူတို့အား မတရားညှင်းပန်းနှိပ်စက်၏။
အကြိမ်ကြိမ် ပျက်ခဲ့သောကတိတို့ကို
သူ၏ကိုယ်ခန္ဓာ၌ ထုံးတို့၍မှတ်ချေသော်
သူ၏ကိုယ်ကို ထုံးအိုး၌ နှစ်ရပေလိမ့်မည်။
ထို့ကြောင့်ငါ၏ တံတွေးသည် သူနှင့်မတန်ဟုဆိုကာ
အခြားတဖက်သို့  ထွီကနဲထွေးကာ ထွက်သွားပေလိမ့်မည်။
၅၇သန်းမျှသော ပြည်သူတို့သည်လည်း
ပြည့်တန်ဆာလူထွက်နှင့်သူတောင်းစားတို့၏
ဖြစ်အင်ကိုကြည့်ကာ
ဟင်း ဟူ၍သက်ပြင်းချကာ လှည့်ထွက်သွားပေကြလိမ့်မည်။

ဘုရားရှင်အား အကြိမ်ကြိမ်ပြစ်မှားခဲ့သော ဒေ၀ဒတ်သည်
နောင်တရပြီး ၀န်ချတောင်းပန်ရန် ဇေတ၀န်သို့ပြန်အလာ
လမ်းခုလတ်၌ မြေမြိုခံရ၏။
အဇာတသတ်သည် ဖခင်ကိုသတ်ပြီးနောက်
မိမိမွေးသော သားကမိမိခြေရာ နင်းမည်ကို
စိုးတထိတ်ထိတ်နှင့်ရှိလှသောကြောင့်ရင်ဝ၌ မီးစနှင့်ထိုးသကဲ့သို့
ပူပြင်းလှစွာသော ဝေဒနာကို နေ့ညဥ့်မပြတ် ခံစားရ၏။
ဘုရားရှင်၏ တရားတော်နှင့် တွေ့၍သက်သာရာ ရသော်လည်း
ဝဋ်နှင့်ငရဲမှကား ပြေးမလွတ်။
ပြည်သူကိုလည်း အမျိုးမျိုးနှိပ်စက်
ညှင်းပန်းသတ်ဖြတ်ခဲ့သည်။
မေတ္တာပို့၍ လမ်းလျှောက်လာသော
သံဃာတော်တို့အားလည်း ထိုနည်းနှင်နှင်။
အချင်းချင်းကိုလည်း ဘက်တူလျှင် ဗိုလ်မထားဘဲ ကြိုတင်ပြီး နှိပ်ကွပ်ခဲ့သည်။
အ ကုသိုလ်တရား  ကြီးမားလေသောအခါ
ညစဉ်အိပ်မပျော်ဘဲအိပ်မက်ဆိုးတို့ကနှိပ်စက်၏။
ချစ်ကြည်ရေး ခရီးအကြောင်းပြကာ
ဗုဒ္ဓဂါယာသို့ ဘုရားဖူးထွက်၍ တရားထိုင်ကာဘုရားကု ကုကြည့်၏။ မရ။
ထိုမှတဖန်သီဟိုဠ်စူဠာမဏိစေတီသို့ သွားပြန်ရာ
လေယာဉ်ပေါ်မှ  ဆင်းဆင်းချင်းကိုလံဘိုဆေးရုံသို့ တန်းပြေးရ၏။
စေတီသို့အတက်ဇောချွေးတို့ပြန်လေသောကြောင့်လူတွဲ၍တက်ရ၏။
ဗေဒင်ဆရာတို့လည်း ငရဲနှင့်ဝဋ်ကို ကြောက်လေသောကြောင့်
ဗိုလ်တစ်ထောင်ဘုရားမှ စကားမပြောတတ်သော
မြနန်းနွယ်ဟူသော ကျောက်ရုပ်ကို အပြစ်ပုံချ၏။
ယခုတစ်ဖန်တပည့်ဖြစ်သူအား
တရုပ်ပြည်မှ စွယ်တော်ကိုပင့်စေပြီး
ဒေါ်လာ ကျောက်မျက်ရတနာနှင့် တကွဝတ်သော လက်စွပ်ကိုပါလှူပြန်၏။
အကယ်၍များ ထိုပစ္စည်းတို့အား ရောင်းချ၍ ရသောငွေတို့ဖြင့်
ပခုက္ကူရေဘေး၌ လှူဒါန်းခဲ့လေသော်
မရှိသည်နှင့် အသားကျနေသော ခွင့်လွှတ်တတ်သော
မြန်မာပြည်သူပြည်သား အပေါင်းက
အမြင်မှန်ရပေပြီ ဟုအထင်ရှိကာ သာဓုခေါ်ကြပေလိမ့်မည်။
ယခုသော်ကား ထိုသို့မဟုတ်
အနာတခြားဆေးတခြား ဖြစ်ခဲ့ရလေပြီတကား။

နေရဲနီ
ထိမိပြောင်မြောက်တဲ့ ကဗျာများ ပေးပို့ပေးတဲ့ ပင်တိုင်ကဗျာရှင် ဆရာနေရဲနီအား ကျေးဇူး အထူး တင်ရှိပါသည်..။ ဆရာနေရဲနီ၏ ကဗျာများ ပြန်ဖတ်လိုပါက ပိုစ့်အောက်မှ နေရဲနီကဗျာများအား နှိပ်၍ပြန်လည် ဖတ်ရှုနိုင်ပါသည်..။

ပြည်သူဘဏ္ဍာတွေ အလကားဖြုန်းတီးပြီး လယ်သမားတွေရဲ့ လယ်မြေတွေ မတရား သိမ်းခံလိုက်ရတဲ့ ဟင်္သာတ၊ ညောင်တုန်းရထားလမ်းမှ လယ်သမားကြီးများရဲ့ တိုင်ကြားစာ (ရုပ်သံ၊ အသံဖိုင်)

Posted: 29 Nov 2011 04:07 AM PST

မီးရထားဝန်ကြီး ဗိုလ်ချုပ်အောင်မင်းလက်ထက်က မီးရထားကွန်ယက် (မီးရထားကွန်ယက်တဲ့ဗျာ) လုပ်မယ်ဆိုပြီး ဖောက်လုပ်ခဲ့တဲ့ ဟသာင်္တ၊ ညောင်တုန်း မီးရထားဖောက်လုပ်ရာမှာ လယ်သမားကြီးတွေရဲ့ လယ်မြေတွေကို အဓမ္မသိမ်းယူပြီး ဖောက်လုပ်ခဲ့ပါတယ်...။ တမိုင်ကို မြန်မာငွေ ၁၃၂သန်း အကုန်အကျခံပြီး ၄၉မိုင်ရှည်တယ်လို့ ဆိုပါတယ်..။ (တွက်တာကြည့်ကြပါတော့ အိတ်ထဲရောက်တာ ဘယ်လောက် ရှိမယ်ဆိုတာ)။ ဘုရားစူး မီးရထားလမ်းလို့ မည်ကာမတ္တ (ကစားကွင်းတွေထဲက ကလေးရထားလမ်းသာသာ) ကားရထားသာ သွားနိုင်ပါတယ်..။
 
RP လို့ခေါ်တဲ့ တွဲ(၂)တွဲသာ ပါတဲ့ မနက် ညနေ တရက် နှစ်ကြိမ်သာ ပြေးပြီး စီးမဲ့သူ မရှိတဲ့ ကချော်ကချွတ် တဘက်မြင့် တဘက်နိမ့် ရထားလမ်းလို့ ဆိုပါတယ်..။ ဒီရထားလမ်း ဖောက်လုပ်တဲ့အတွက် မည်သူတွေ အကျိုးဖြစ်ထွန်း သွားပါသလဲ...(စီမံကိန်းပြပြီး ငွေတောင်းတဲ့ အနှီသော ပုဂ္ဂိုလ်များသာ အကျိုးဖြစ်ထွန်းသွားတာပါ) လယ်သမားတွေရဲ့ ကောင်းမွန်တဲ့ လယ်မြေတွေ အဓမ္မအသိမ်းခံလိုက်ရတာပဲ အဖတ်တင်ပါတယ်..။ စီမံကိန်း တွေပြပြီး နိုင်ငံတော် ဘတ်ဂျက် ပြည်သူ့ဘဏ္ဍာတွေသာ ဆုံးရှုံးသွားရတာပါ...။ အဆင့်မြင့်တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များမှ ကွင်းဆင်းလေ့လာပြီး ပြန်လည် သုံးသပ်ပေးဘို့ ဟင်္သာတမှ လယ်သမား ဦးကြီးများကိုယ်စား မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါတယ်..။

ဟင်္သာတ ညောင်တုန်းရထားလမ်း ဖောက်လုပ်ရာမှ လယ်မြေသိမ်းခံရတဲ့ လယ်သမားကြီးများရဲ့ တိုင်ကြားစာ(အသံဖိုင်) by demowaiyan

"၁၂၆ - ပါတော်မူအတွေး" (တေးထပ်) အရူးပါးစပ်နဲ့ နတ်စကား(၃)

Posted: 28 Nov 2011 10:36 PM PST

အရူးပါးစပ်နဲ့ နတ်စကား အပိုင်း(၃)
"၁၂၆ - ပါတော်မူအတွေး"
(တေးထပ်)
ရေးသားသူ လောကပါလ

ထောင့်နှစ်ရာ လေးခွန်နှစ်

ဝေးလွန်ရစ်ကြာပြီ။

ကျွန်ဖြစ်ခဲ့ ဗမာ(မြန်မာ)ပြည်

စာမရီ အတောင်ကျိုး။

အမိပစ် ဖ ရှောင်သကို

ဘဝမှောင် ပိန်းပိတ်လို့သာညှိုး။

အယူသဲအလွဲမြင်

ပွဲမဝင်ညဉ်ဆိုး။

အထဲချဉ် အပြင်သိုးတွေနဲ့

အစဉ်တိုးနုပ်ခြာ။

ယုတ္ထမာအုပ်ကာ မလပ်သော်ကြောင့်

ချုပ်ခြာငတ် ထုပ္ပတ်ဇမ္ဗူမြေမှာ။

မဟုတ်ဟတ် အမူပွေကာ

ဒီလူတွေ မညီညွတ်နိုင်ဘု

ပြည်တမွတ် ဘုန်းရောင်စင်္ကြာ

ထုံးဆောင်ခက်စွာ။

ကုန်းဘောင်ဆက် ဂီရိမှာကွယ်

ဒီထိပါ မိုက်ရစ်တဲ့အမျိုး။

လောကပါလ...

အောက်ခြေ မှတ်စု၊

ကုန်းဘောင် -  မြန်မာနောက်ဆုံးမင်းဆက်။ မြန်မာနှစ် ၁၂၄၇ ခုနှစ် တန်ဆာင်မုံးလ္ဆုပ် ဂ ရက်၊ ခရာဇ်နှစ် ၁၈၈၅ ခုနှစ် နိုဝင်္ဘာလ ၂၅ ရက် နေ့ နောက်ဆုံးဘုရင် သီပေါမင်း အား နန်းချကာ ဖမ်းဆီးခေါ်ဆောင် ခံရခြင်းဖြင့် မင်းဆက်သုဉ်းသည်။ 
ဂီရိ - ရတနာဂီရိ၊ အိန္ဒိယနိုင်ငံ။ သီပေါဘုရင် နှင့် မိသားစုတို့အား နယ်ချဲ့တို့မှဖမ်းဆီး ပို့ဆောင်ပြီး အကျဉ်းချထားခဲ့ရာ ဒေသ။ သီပေါမင်း ကံတော်ကုန်ရာအရပ်။ မျိုးဆက်များ ယ္ခုတိုင်ရှိသေးကြောင်း ယုံကြည်ရသည်။

အရူးပါးစပ်နဲ့ နတ်စကား အပိုင်း(၃)အား ပေးပို့လာတဲ့ ဆောင်းပါးရှင် လောကပါလရဲ့ ပေးစာအား ဆောင်းပါးရှင်ရဲ့ ခွင့်ပြုချက်ဖြင့် ဖော်ပြပေးလိုက်ပါတယ်...။

ပါတော်မူနေ့ ဆိုတာကို ဒိနေ့ခေတ် လူငယ်တွေ အတော်များများ သိကြတော့မယ် မထင်တော့ပါဘူး။ ဒါလဲ အပြစ်မဆိုသာပါဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေးစံနစ်က အဖတ်ဆယ်မရအောင် ပျက်စီးသွားပြီကိုး။ စီးပွားရေးကလည်း နတ္ထိဆိုတော့ အနည်းဆုံး (ကျွန်တော် အပါအဝင်) မျိုးဆက် ၂ ဆက်စာလောက်ဟာ သားသမီးတွေ၊ တပည့်တွေ၊ အမှားနဲ့ အမှန် အနှစ်နဲ့အကာ တဒင်္ဂနဲ့ ထာဝရ ဝေဖန်ပိုင်းခြားနိုင်စွမ်း နည်းပါးတဲ့ အောက်ကလိအာ တွေဖြစ်ကုန်ကြ ပြီလေ။

ဗမာတွေ စည်းကမ်းဖေါက်၊ ထီးနန်းပျောက် ဖြစ်ပြီ ဆိုတဲ့ အချုပ်တန်း ဆရာဖေ ရဲ့ တေးထပ် ကိုတော့ တိုက်ဆိုင်မှုတွေ တွေ့တိုင်း ရည်ညွှန်းလေ့ ရှိကြတာမို့ အကုန်မဟုတ်ရင် အချို့ အဝက်လောက်တော့ ကြားဘူးကြမှာပါ။ တိုက်ဆိုင်မှု ဆိုတာကလဲ နှစ်ပေါင်း ၁၀၀ ကျော် ဒီနေ့ အထိ ကုန် မကုန်နိုင်တာ အံ့ဘွယ်လို့ ပြောရမလို ဒီနေ့ အဖြစ်တွေ စိတ်မသက်မသာ ကြည့်ရင်း ကျွန်ဖြစ်တာအံ့သြစရာ မရှိ ကျွန်ပြန်ဖြစ် ရင်လဲ အုံသြစရာမရှိလို့ တောင်ခပ်ရွဲ့ရွဲ့ ပြောချင်စိတ် ပေါက်လာတာ ဝန်ခံရမှာပါ။ ခုလဲ သိပ်တော့ မထူးလှပါဘူး။ အုပ်ချုပ်မှုကျွန် မဖြစ်ပေမယ့် စိတ်ဓါတ်ကျွန်၊ စီးပွားရေးကျွန်တော့ မသိမသာရော သိသိသာသာ ပါ ဖြစ်နေကြရဘဲ မဟုတ်လား။ တချို့ဆို ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားခွင့်၊ ထင်ရာလုပ်ပိုင်ခွင့်လေး ရှိတာလောက်နဲ့ ကျွန်ဘဝကို လိုလား မျှော်ခေါ် ပျော်ရွင်နေကြတာများ ကြားကနေ ဝမ်းနည်းစရာ။

အဓိကကတော့ စည်းကမ်းနဲ့ ညီညွတ်မှု ဆုံးရှုံးရတာပါဘဲ။ ပြောသာပြောရတယ် ဆုံးရှုံးတယ်ြေ့ပာရအောင် အစကတည်းက ဘယ်လောက် ညီညွတ် ဘယ်လောက် စည်းလုံးခဲ့ကြလို့လဲလို့ မေးရင်တောင် ဖြေရ ခပ်ခက်ခက်ပါ။ ဒါကြောင့်လည်း ဆရာဖေရဲ့ တေးထပ် ဒီနေ့ထိ Best Quoted စာရင်းဝင် နေတာပေါ့။ သူပြောသလို တွေးမိတိုင်း အရိုးနာတယ် အမျိုးသာဆဲချင်တော့ လေး ဆိုတာမျိုး ခံစားရတာ ဒုနဲ့ဒေး ဖြစ်နေရတာပေါ့။ ခုတလော ကျွန်တော်လဲ အဲသလို ခံစားမိတာနဲ့ တိုက်တိုက်ဆိုင်ဆိုင် ပါတော်မူနေ့ မှန်း အမှတ်မထင် သတိပြု မိသွားတာနဲ့ အချုပ်တန်းဆရာဖေကို အားကျပြီး (တုပလို၍ မဟုတ်) ဒီကဗျာရေးဖြစ်တာပါ။ သူ့ လိုတော့ မဆဲဝံ့ သလို ဆဲလဲ မဆဲလိုပါဘူး။ ဘာမဟုတ်တဲ့ ကောင်က ထဆဲရင် ရွာဆူသွားမှာပေါ့။ သိတယ်မို့လား ဗမာလေ။

ခုခေတ် ဒီကဗျာမျိုး အရသာခံနိုင် ဘို့ မလွယ်မှန်း သိသလို ဝါရင့်ကဗျာသမား မဟုတ်လို့ အားနည်းချက်တွေ အများအပြား ရှိနေမှာပါ။ ဒါပေမဲ့ connection ရှိသင့်သလောက် ရှိ ရသင့်သလောက် ရသွားရင် ကျေနပ်လောက်ပါတယ်။ ကျွန်တော်က အဖြစ်မရှိတဲ့ လူကြီးကျယ်တယောက်မို့ ကဗျာကိုနားလည်ချင်သလို နားလည်နိုင် ခံစားနိုင်ရ အောင် ကြိုပြီး ရှင်းပြတာ စကားဦးသန်းတာ မျိုး မလုပ်လိုက်တော့ပါ။ တခုပြောလိုတာက ကျွန်တော်ဟာ ခေတ်နောက်ပြန်ဆွဲ ပဒေသရာဇ် အတွေးအခေါ် သမားအဖြစ်နဲ့ ဘုရင်စံနစ်ကို လွမ်းဆွေးတသလို့ ဒီကဗျာရေး တာမဟုတ်ဘူး ဆိုတာပါ။

ကျေးဇူးတင်စွာ
လောကပါလ...

သမ္မတကြီးဦးသိန်းစိန်၏ ဆုတောင်း...

Posted: 28 Nov 2011 11:08 AM PST

သမ္မတကြီးဦးသိန်းစိန်၏ ဆုတောင်း
ဆောင်းပါးရှင် (သီတလ)

ဒီနေ့ (၂၈၊၁၁၊၂၀၁၁) နေ့ထုတ် မြန်မာ့အလင်းသတင်းစာကို ကောက်ဖတ်လိုက်တော့ မျက်နှာဖုံးမှာ သမ္မတကြီး ဦးသိန်းစိန် ဧရာဝတီတံတား(ညောင်တုန်း) ဖွင့်ပွဲ တက်ရောက်တဲ့ သတင်းကို  တွေ့လိုက်ရပါတယ်။ ထုံးစံအတိုင်း တံတားဖွင့်ပွဲမှာ မိန့်ခွန်းချွေတာ ဖြစ်လို့ ဘာမှ သိပ်မထူးပါဘူး။ အဲ- ထူးတာကတော့ သူ့စကားအဆုံးမှာ တွေ့ရတဲ့ သူ့ဆုတောင်းပါ။ ဒါကတော့-
သြော် ကြေးမှုံ သတင်းစာပါ.. သမ္မတရဲ့ မှတ်သားလောက်ဖွယ် ဧရာဝတီတိုင်းသားတွေ အပေါ်နှိုင်းစရာရှားလို့ ဆင်နဲ့နှိုင်းတဲ့ စကား... သြော်ကောင်းလေစွ... 
(ဆင်ဖြူတော်မှီပြီး လံကြုပ်စကားပေါ့)

"ဧရာဝတီတိုင်း ဒေသကြီးအတွင်းက တိုင်းပြည်၏ ရတနာတစ်ပါး ဖြစ်သည့် ဆင်ဖြူတော်တစ်စီး ရှားရှားပါးပါး ပေါ်ပေါက်ခဲ့ပြီးဖြစ်ကြောင်း၊ ဆင်ဖြူတော်ကြီးကဲ့သို့ ဖြူစင်သန့်ရှင်း  မွန်မြတ်သည့် စိတ်ထားများ ထားနိုင်ကြပါစေ၊ ဆင်ဖြူတော်ကြီးကဲ့သို့ အားခွန်ဗလနှင့် ပြည့်စုံပြီး ဒေသအကျိုး တိုင်းပြည်အကျိုးအတွက် စွမ်းစွမ်းတမံ သယ်ပိုးဆောင်ရွက်နိုင်သည့် ဧရာဝတီတိုင်းသားများ ဖြစ်ပါစေဟု ဆုမွန်ကောင်း တောင်းပါကြောင်း ပြောကြားသည်။" ဆိုတာပါဘဲခင်ဗျား။

ကျွန်တော် ဒါလေး ဖတ်လိုက်ရတဲ့အခါ ပြေးပြီး သတိရတာက- ဆရာကြီးဦးအောင်သင်းနဲ့ ဆရာအော်ပီကျယ်တို့ ပြောသွားကြတဲ့ စကားတွေပါ။ ဆင်ဟာ လူထက် အားခွန်ဗလ ကောင်းပေမဲ့ လူ့လောက် အသိဥာဏ်မရှိလို့ လူက ခိုင်းတာ လုပ်ရတယ်။ မြင်းဟာ လူ့ထက် အပြေးမြန်သော်လဲ အသိဥာဏ်ရှိတဲ့လူက မြင်းကို တက်စီးသွားနိုင်တယ်။ ငါးဟာ ရေနေသတ္တ၀ါဖြစ်လို့ လူထက် ရေကူးတတ်သော်လဲ အသိဥာဏ်ရှိတဲ့လူက ငါးကို ဖမ်းပြီး စားလို့ရတယ်-ဆိုတဲ့ စကားတွေပါဘဲခင်ဗျား။ ကျွန်တော်တို့ သမ္မတကြီးကတော့ လူ့ဘ၀ထက် ကာယအင်အားပိုကောင်းတဲ့ ဆင်ဘ၀ကို ပိုပြီး မြတ်နိုးနေတယ်ထင်ပါ့။ ဒါ့ကြောင့်လဲ ဧရာဝတီသားတွေကို ဆင်ကြီးနဲ့နှိုင်းပြီး ဆုပေးသွားပုံရတယ်။ "လူ့ဘ၀ ရခဲတယ်"ဆိုတဲ့ စကားကို "ဆင်ဖြူတော်ဘ၀ ရခဲတယ်"လို့တောင် ပြင်ရမလို ဖြစ်နေပါပြီ။

နောက်ပြီး "ဆင်ဖြူတော်ကြီးကဲ့သို့ ဖြူစင်သန့်ရှင်း မွန်မြတ်သည့်စိတ်ထားများ ထားနိုင်ကြပါစေ" ဆိုတဲ့ စကားကိုတော့ ကျွန်တော် ကောင်းကောင်း နားမလည်ဘူးခင်ဗျား။ ဥပမာအလင်္ကာအနေနဲ့ ပြောတယ်ဆိုတာလောက်တော့ သိတာပေါ့ဗျာ။ ဒါပေမဲ့ အဒီ ဆင်ဖြူတော်မှာ ဘယ်လိုမျိုး ဖြူစင်သန့်ရှင်း မွန်မြတ်တဲ့ စိတ်ထားတွေ ရှိနေတယ်ဆိုတာကတော့ ကျွန်တော်ဆက်ပြီး လေ့လာရပါအုံးမယ်။ လောလောဆယ်တော့ ကြိုးမချည်ထားတဲ့ ဆင်ဖြူနားကို ကျွန်တော် မကပ်ဝံ့ဘူး ခင်ဗျား။ သမ္မတကြီး ကပ်ဝံ့တယ်၊ နားရွက်တွေ နှာမောင်းတွေကိုလဲ ကိုင်ကြည့်ဝံ့တယ်၊ ဆင်ကြီးရဲ့ ဗိုက်အောက်မှာလဲ စိတ်ချလက်ချ စက်တော်ခေါ်ဝံ့တယ်ဆိုရင်တော့ သမ္မတကြီးစကားကို လက်ခံပေးရမှာပေါ့ဗျာ။

ဧရာဝတီသားတွေအပေါ်မှာ တခြား ဆုတောင်းတွေ မတောင်းဘဲနဲ့ ဆင်ကြီးနဲ့မှ နှိုင်းပြီး ဆုမွန်ကောင်း တောင်းသွားတာကို ကြည့်ရင် ဒီဆုတောင်းရဲ့ နောက်ကွယ်မှာ တခြားတခြားသော ရည်ရွယ်ချက်တွေများ ရှိနေမလားလို့လဲ သံသယ၀င်မိတယ်ခင်ဗျ။ ဆင်စိတ်နဲ့ ဆင်အသိသာရှိပြီး ဆင်လိုအလုပ် လုပ်နိုင်မှ ချွန်းကိုင်ပြီး လိုရာခိုင်းလို့ရမယ်လေ။ ဒါကြောင့်များလားလို့လဲ တွေးမိပါရဲ့။

သီတလ
ဆင်ကြံကြံနေတယ်လို့ မဆိုလိုပါ.. သို့ပါသော်လည်း
ဆင်ဖြူတော်မှီပြီး လံကြုပ်တဲ့လုပ်ရပ်တွေ ရပ်တန်းက ရပ်ပါတော့ 
တတိယမြောက် ဆင်ဖြူများရှင် သမ္မတကြီးခင်ဗျား...
ဆောင်းပါးရှင် ဆရာသီတလရဲ့ သမ္မတကြီးဦးသိန်းစိန်၏ ဆုတောင်း ဆောင်းပါးခေါင်းစဉ် ဖတ်မိတော့ ငယ်ငယ်က နိုင်ငံကျော် အဆိုတော် စိုင်းထီးဆိုင်ရဲ့ လှေငယ်ရှင်ဆုတောင်း သီချင်းခေါင်းစဉ်လေးကို ပြေးသတိရမိပါတယ်... ဆင်ဖြူရှင် ဆုတောင်းပေါ့...။ ချမ်းသာတဲ့ ဂျပန်တို့၊ အမေရိကန်တို့လို နိုင်ငံတွေမှာ ဆင်ဖြူလည်း တကောင်မှ မမြင်ဘူးပါ..။ ရွှေ တို့ စိန်တို့ဆိုတဲ့ အဘိုးတန် သယံဇာတတွေဆိုတာ ရှားပါးပြီး အထွက်နည်းတဲ့ အတွက် ရတနာအဖြစ် သတ်မှတ် ဝတ်ဆင်ကြတာပါ..။ နေရာတကာမှာ ထွက်နေရင်တော့ Value ဆိုတဲ့ တန်ဘိုးဆိုတာ မရှိတော့ပါဘူး..။ ချမ်းသာချင်လို့ မောင်ချမ်းသာ ဆိုတဲ့ နာမည်မှည့်ခေါ်ပေမယ့် မချမ်းသာတဲ့ သူတွေဒုနဲ့ဒေးပါ..။ စိန်၊ ရွှေဆိုတဲ့ တန်ဘိုးရှိတဲ့ ရတနာ နာမည်တပ်ထား ကြပေမယ့် မြင်မြတ်ဘို့ဆိုတာ ထိုသူရဲ့ အကျင့် သိက္ခာ၊ သမာဓိပေါ်မှာ မူတည်ပါတယ်..။ ပညတ်ဆိုတဲ့ အခေါ်အဝေါ်တွေပါ.. ပရမတ်မဟုတ်ပါ...။ ဆင်ဖြူရှိတိုင်း တိုင်းပြည်တိုးတက်၊ သာယာအေးချမ်းမယ်ဆိုရင်တော့ တကမ္ဘာလုံး ဆင်ဖြူဖမ်းပွဲတွေနဲ့ ပြည့်နေမှာပေါ့.. များများချမ်းသာချင်ရင် များများဖမ်းပေါ့။ ယခင် ပထမဦးဆုံး ဆင်ဖြူများရှင် ဗိုလ်ချုပ်ခင်ညွှန့်လည်း ဆင်ဖြူကြောင့် အကျယ်ချုပ်နဲ့ ထောင်နန်း စံနေရလို့  ခေါင်းပါဖြူပြီး ဆေးတောင် မဆိုးနိုင်ပါ..။

၂၁ရာစု IT ခေတ်ကြီးထဲ ရောက်ရှိနေပါပြီ ခေတ်နောက်ပြန် မဆွဲပါနဲ့တော့...။ ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ သီရိလင်္ကာနိုင်ငံရဲ့ တောထဲမှာ ဆင်ဖြူတွေ တွေ့ရှိပေမယ့် သဘာဝအတိုင်း လွှတ်ထားတာပါ..။ သေချာတာကတော့ ဆင်ဖြူ မကြာမကြာ တွေ့ရတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့်ရှ်ကတော့ သူမသာကိုယ်မသာ ဆင်းရဲနေရတဲ့ အခြေအနေပါ..။ ဒီတိုင်းသာဆိုရင် ဆင်ဖြူတွေရောက်လာမှ ရေတွေကြီး၊ ပြည်သူပြည်သားတွေ ဆင်းရဲကြပ်တည်း၊ နာဂစ်လို မုန်တိုင်းတွေဝင်၊ တိုင်းပြည်မှာ တိုင်းရင်းသားတွေနဲ့ စစ်တလင်းတွေခင်းနေရတဲ့ အခြေအနေတွေ ဖြစ်နေရတယ်လို့ ပြောရင် လက်ခံနိုင်ပါ့မလား။ လူ့ဘုံမှာ လူဖြစ်နေရတဲ့ မြင့်မြတ်တဲ့ ဘုံဘဝကို ရောက်နေတာတောင်.. အကုသိုလ်ကံကြောင့် နိမ့်ကျတဲ့ အပါယ်လေးဘုံက တိရိစ္ဆာန်က လူထက် မြင့်မြတ်၊ မမြင့်မြတ် သာမန်လူတွေတောင် စဉ်းစားနိုင်ပါတယ်..။ ဆရာကြီး ဒေါက်တာသန်းထွန်း စကားနဲ့ဆိုရရင် ဆင်ဟာဖြူဖြူ၊ မဲမဲ တိရစ္ဆာန်ဟာ တိရိစ္ဆာန်ပဲတဲ့.. လူထက် တိရိစ္ဆာန်က ဘာမှမြင့်မြတ်စရာ အကြောင်းမရှိလေ..။ ပြည်သူလူထုကို မှိုင်းမတိုက်ပါနဲ့ ၊လက်နက်နဲ့ ခြောက်လိုက် တိရိစ္ဆာန်နဲ့ မြှောက်လိုက် လုပ်ရပ်တွေ ရပ်တန်းက ရပ်ပါတော့လို့ တိုက်တွန်းလိုက်ရပါတယ်.. တတိယမြောက် ဆင်ဖြူများရှင် သမ္မတကြီးခင်ဗျား...။

ဆောင်းပါးရှင် သီတလရဲ့ ဆောင်းပါးအောက်မှာ ဖြည့်စွက် ရေးသားလိုက်ရပါတယ်..

 ဒီမိုဝေယံ

"(သမိုင်းကို ငွေနဲ့ ဝယ်လိုသူများ) ဦးခင်ရွှေ မှ စာနယ်ဇင်း သမားများအား စော်ကား ပြောကြားချက် (အသံဖိုင်)"

Posted: 28 Nov 2011 07:49 AM PST

ဗိုလ်ချုပ်ခင်ညွှန့်လက်ထက်က ဇေကမ္ဘာဦးခင်ရွှေ.. (ဘယ်စွန်) ပုံ On Asia
"(သမိုင်းကို ငွေနဲ့ ဝယ်လိုသူများ) ဦးခင်ရွှေ မှစာနယ်ဇင်း သမားများအား စော်ကား ပြောကြားချက် by demowaiyan
(သမိုင်းကို ငွေနဲ့ ဝယ်လိုသူများ) ဦးခင်ရွှေ မှ ဇာနယ်ဇင်း သမားများအား စော်ကား ပြောကြားချက် (အသံဖိုင်) by Demo Waiyen အစပိုင်း အနည်းငယ် သည်းခံ နားထောင်ပေးပါရန်...။
သမိုင်းကို ငွေနဲ့ ဝယ်လိုသူများလို့ပဲ ခေါင်းစဉ်တပ်ပါရစေ...။ ကျွန်တော်တို့ ဗိုလ်ချုပ်တို့လို အာဇာနည် ခေါင်းဆောင် ကြီးတွေ... သမိုင်းကို ငွေနဲ့ ဝယ်ခဲ့ပါသလား...။ စေတနာမှန်ရင် လုပ်ရပ်မှန်ရင် သမိုင်းကို ပြည်သူတွေက မှတ်တမ်းတင်မှာပါ..။ သမိုင်းကွေး သမိုင်းမမှန်သူတွေ အတွက်တော့.. ပြည်သူကပဲ မှတ်တမ်းတင်မှာပါ..။

ပေးပို့လာသည့် ကိုသူလွင်အား ကျေးဇူးတင်ပါသည်။

ဒီမိုဝေယံ
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment