Friday 27 June 2014

လင်းလင်း (ငါတို့ စိတ်ထားအလှတရား)

သခင်မျိုးဟေ့ဒို့ဗမာ (လင်းလင်း)

လင်းလင်း သံမဏီလိပ်ပြာ

တန်ဘိုးနားမလည်ကြသူများ




တို့ရွာနံဘေးက ကားလမ်းမှာ
ကုန်စိမ်းကားတစ်စီး ဘီးပေါက်လို့
ကားဆရာကားအောက်ဝင် နတ်ဖြုတ်နေတုန်း
ဖြတ်သွားဖြတ်လာ လူတစ်ယောက်က
ကားဆရာအလစ်မှာ နတ်တစ်လုံးကိုကောက်ယူလို့
သံတိုသံစ၀ယ်တဲ့ဆိုင် သွားရောင်းတာ ၁၅၀ တောင်ရသတဲ့။
သူ့အတွက်တော့
ကွမ်းယာဆေးလိပ် တစ်နေ့စာ ဖူလုံသွားပေမဲ့
ပုံစံတူနတ်ရှာမရလို့ ကုန်စိမ်းကားကတော့
အဲဒီနေရာမှာ ၂ ညတောင်အိပ်လိုက်ရသတဲ့။
ကုန်စိမ်းတွေလည်း အချိန်မှီ ဈေးမရောက်တော့ပုပ်ကုန်ပြီး
အမှိုက်ပုံ ရောက်သွားကြတယ်။
ကုန်စိမ်းသည်တွေလည်း ရှုံးလိုက်တာ ခွက်ခွက်လန်ဘဲ။

တို့ရွာနားက လယ်ကွင်းမှာ
ဘိုဒူဇာတစ်စီး မြေတူးရင်းမိုးကျလာလို့
နောက်နှစ်အတွက် မပြန်တော့ဘဲ
နီးရာလယ်သမား တစ်ယောက်ကို အပ်ခဲ့သတဲ့။ရွာမှာ ဇရှိတဲ့လူတွေက
ဘိုဒူဇာအတွင်း ကလီဇာကို ဖြုတ်ဖျက်ပြီး
သံရည်ကြိုတဲ့ ဆိုင်သွားရောင်းတာ ၂သောင်းခွဲတောင်ရသတဲ့။
ဘိုဒူဇာပြင်ဘို့ ကုမ္မဏီကစင်္ကာပူကိုပစ္စည်းမှာတာ သိန်း၃၀၀ဘိုးကျသတဲ့။
သူခိုး နွားကောင်းမသိရ ဆိုတာ
ဒါမျိုးနဲ့တူပါရဲ့။

မုတ္တမကွေ့က ရေနံနဲ့ သဘာဝဓာတ်ငွေ့ကိုယိုးဒယားကိုရောင်းတာ
တစ်စည်ကို ၁၇ ဒေါ်လာကြီးများတောင် ရသတဲ့။ယိုးဒယားကလာတဲ့ ဓာတ်ဆီက
တစ်ဂါလံမှ ၅၅၀၀ိ တည်းရယ်။
မနက်မိုးလင်းတိုင်းမှာထိုင်းပြည်သူတွေက
ဆာဝါသီခပ် မြန်မာပြည်ဆိုပြီးနေ့တိုင်း
နှုတ်ခွန်းဆက်နေလေရဲ့။

ရွှေလီမြစ်ပေါ်က
ရေအားလျှပ်စစ်ရဲ့ကျေးဇူးကြောင့်
တရုပ်ပြည် ယူနန်ပြည်နယ်မှာ
တနှစ်ကိုကျောက်မီးသွေးတန်ချိန် ၂ သောင်းတောင်သက်သာသွားလေရဲ့။

လျှပ်စစ်အရောင်းအ၀ယ် ဘယ်လိုဆိုတာ
ကျုပ်တို့ပြည်သူတွေမသိရပေမဲ့
ယူနန်ပြည်သူအပေါင်းကတော့
ညနေမိုးချုပ်လေတိုင်း
ထောင်သောင်းမက ရှဲရှဲနီပါရဲ့မြန်မာပြည် ဆိုပြီးအိပ်ယာဝင်တိုင်းကျေးဇူးတင်လေရဲ့။

ကျုပ်တို့မြန်မာပြည်မှာတော့
မီးအားမမှန်လို့ ၀ါယာရှော့ဖြစ်ပြီး
မင်္ဂလာဈေးကြီးမီးလောင်တာ သိန်း……ထောင်ဘိုး
သင်္ကန်းကျွန်းဈေး…………
ပခုက္ကူဈေး……………
မုံရွာဈေး………………………မော်လမြိုင်ဈေး………………
ဈေးတွေ…………..ဈေးတွေ…….

မီးတွေလောင်တာ သိန်းရာထောင်သောင်းပေါင်းများစွာ
လျှပ်စစ်မလုံလောက်တော့ ထင်းမီးနဲ့ချက်လို့
လောင်တဲ့မီးက မရေမတွက်နိုင်တဲ့ အကြိမ်ပေါင်းများစွာ
အိုးမဲ့ အိမ်မဲ့ ထောင်သောင်းပေါင်းများစွာ

ပူအိုက်တဲ့ရာသီမှာ မီးမလာလို့
မီးစက်နဲ့ အဲယားကွန်းတွဲဖွင့်ပြီးအိပ်တာ
အိမ်ထဲရှိရှိသမျှ လူအားလုံးကလေး လူကြီးခွေးကြောင်ပါမကျန်
ကာဗွန်အဆိပ်သင့်ပြီးမာလက ဈန်ကြွ သွားရတာတွေလည်းရှိရဲ့။
ဒီအချိန်မှာ မီးပျက်နေကျ
မီးပျက်တုန်း ၀ါယာပြင်လိုက်ဦးမှဆိုပြီး
လက်နဲ့အကိုင် သူနဲ့ကျမှတိုက်တိုက်ဆိုင်ဆိုင်
ဆိုသလို ဓာတ်လိုက်ပြီးသေတာလည်း ရှိရဲ့။

တမြို့လုံးညံနေတဲ့မီးစက်သံနဲ့ ထွက်လာတဲ့
ကာဗွန်ဓာတ်ငွေ့တွေကြောင့်
ထောင်သောင်းမကသော
အဆုတ်ရောဂါသည်တွေဟာ
တရုပ်ကလာတဲ့ ဈေးပေါပေါဆေးကို
ကွမ်းယာသည်ကုလားဒေါက်တာအပ်ပနားရဲ့လမ်းညွှန်မှုနဲ့ ၀ယ်သောက်နေကြရတယ်။
၅၀တန်တဲ့ဆေးကို ၁၅၀ ရောင်းပြီး အနုတ်မရှိတဲ့ အကြောင်းပြချက်နဲ့
သကြားလုံးက အဆစ်ပါလာသေးတယ်။

ချောင်းဆိုးရင် ရွှေတောင်ကြီး
ရင်ကြပ်တော့ ထက်လင်း
သွေးတိုး လေငန်း နှလုံးစတာတွေက အေးငြိမ်းသီတာ
ဒီထက်ပိုလာရင်တော့ ဖြူနီပြာဝါ ရောင်မျိုးစုံပြီး
ဘာမှန်းမသိတဲ့ ဆေးတွေနဲ့
၂ပါးသွားနေလိုက်ကြတာ
ကွမ်းယာသည် ကုလားအတွက်တော့
ဟီးနေတဲ့တိုက်အိမ်ကြီးကို
အပြီးတိုင်စေခဲ့တယ်။
ဆေးထိုးအပ်ကိုင်ပြီး စတိုင်အပြည့်နဲ့ ရမ်းကုတွေကလည်း
မြို့ပြနဲ့အလှမ်းဝေးတဲ့ဒေသတွေမှာ
မှိုလိုပေါလာခဲ့တယ်။

ငွေကြေးတက်နိုင်တဲ့ သူတွေကတော့
ကိုယ့်တိုင်းပြည်က ဆေးရုံကို
ဘာကြောင့်ရယ်မသိ ကျော်ခွလို့
ယိုးဒယားသွား ဆေးကုဘို့အတွက်
သံရုံးမှာ ဗီဇာတန်းစီနေလေရဲ့။

တရုပ်နဲ့ ထိုင်းကလာတဲ့
လျှပ်စစ်နဲ့ ပတ်သက်သမျှသော
တီဗီအောက်စက် ရေခဲသေတ္တာအစရှိသောလူသုံးကုန်ပစ္စည်း အပေါင်းတို့သည်လည်း
မမှန်လေသော လျှပ်စစ်မီးကြောင့်
ပျက်အစဉ် ပြင်ခဏဆိုသောစကားကဲ့သို့
ပြင်လျှင်ခဏသာကောင်းပြီး အမြဲပျက်နေသောကြောင့်
ပြင်ခမတတ်နိုင်ရကား
အမှိုက်ပုံသို့ သာမြန်းရလေသတည်း။

လျှပ်စစ်မီး မလုံလောက်သောကြောင့် သော်လည်းကောင်း
လျှပ်စစ်မီးမရ လေသောကြောင့် သော်လည်းကောင်း
ဘတ္ထရီအိုး ၀ယ်သုံးလေသောကြောင့်
အက်စစ်နှင့်ခဲ ဓာတ်ပြုကာ ထွက်လာသောအနံ့ကို ရှူမိသောကြောင့်
ခဲဆိပ်သင့်ရသော ခလေးငယ်တို့ကား မရေတွက်နိုင်ကုန်။

နံနက်လင်းတိုင်း
ရှဲရှဲမြည်ပြီးမှ စီးတတ်လေထသော အရည်ကြောင်းမှ အစပြု၍
မြန်မာပြည်တ၀ှမ်းရှိရှိသမျှ မြောင်းချောင်းမြစ်အပေါင်းတို့၏
အကြောင်းချင်းရာအစုံလင်ကို
နှံ့စပ်သိမြင်သောအရာ၌
ငါ့လောက်သိသူ ဤမြန်ပြည်၌ ငါသည်ပင်လျှင်မရှိဟူ၍
မိမိကိုယ်ကို မိမိဘာသာအမွန်းတင်လွန်းသော
မြစ်ချောင်းမြောင်းတကာအရာ၌ ပါရဂူ
ဆည်အရာ၌ ဧတဒဂ်ရတော်မူသော
နွားနှင့်ပင်လျှင်
လျှပ်စစ်ထုတ်ရန်ကြိုးပမ်းဘို့ရာ လမ်းညွှန်တတ်သောဝန်ကြီးအဖွဲ့၌
သူလည်းတပါးအပါဝင်ဖြစ်သော
ဟိုဝန်ကြီးပြောစကားအရ
လျှပ်စစ်ဟူသည် ပါကင်ထုပ်၍မရ
မြန်မာပြည်၌ ပိုလျှံလွန်းသောကြောင့်
အိမ်နီးချင်းတိုင်းပြည်ကိုအလကားနီးပါးဈေးနှင့်
ကြိုးသွယ်၍ရောင်းရသည်။

ထိုစကားကို ကျွန်ုပ်တို့မြန်မာပြည်သူအပေါင်းသည်
ဒေါနတောင်တန်းသို့တိုင် ရိုက်ခတ်၍လာသော
ရနောင်း မဲဆောက် ဘန်ကောက် အနှိပ်ခန်းတို့မှလုံမပျိုတို့၏ရှိုက်သံကဲ့သို့ သော်လည်းကောင်း

ရှမ်းကုန်းမြေမြင့်ကိုပင် တုန်ခါစေခဲ့သော
ကြယ်ခေါင် ကာရာအိုကေခန်းမှ
ပလောင်ပျိုဖြူငယ်တို့၏
ငိုညည်းသံကဲ့သို့သော်လည်းကောင်း

ဧရာဝတီမြစ်ကိုပင် လှိုင်းတံပိုးထစေအပ်သော
ကိုယ့်တိုင်းပြည်မှာ အလုပ်မရှိလေသောကြောင့်တိုင်းတပါး၌ ရရာအလုပ်ကိုအောက်ကျခံကာ လုပ်ကိုင်နေကြရသော
မြန်မာတို့၏ တောက်ခေါက်သံ ကဲ့သို့သော်လည်းကောင်း
အံကြိတ်ကာ ဟန်လုပ်ပြီး လက်ခုပ်တီး၍
ထောက်ခံအပ်၏။

တိမ်သလ္လာဖုံးအုပ်သော
လကွယ်ည၏သန်းကောင်ယံအခါကာလ၌တောအုပ်အလယ်တွင် ရောက်နေသော သူကဲ့သို့အမှောင်တွင်းမှ ကျွန်ုပ်တို့မြန်မာပြည်သူအပေါင်းသည်ကားညအိပ်ယာဝင်လေတိုင်း
ယိုးဒယားဘက်သို့လည်း ရှိခိုးရ၏။
တရုပ်ဘက်သို့လည်း လက်အုပ်ချီရလေသည်။
ကုလားပြည်ဘက်သို့လည်း မေတ္တာအစစ်ပို့လွှတ်ရသေး၏။

စက်မှုစွမ်းအား ခေတ်ကျော်လွှား
ခေတ်မီဖွံ့ဖြိုးတိုးတက်သော စက်မှုနိုင်ငံတော်ကြီးတည်ဆောက်အံ့
အစရှိသောဆောင်ပုဒ်တို့ဖြင့် ကြွေးကြော်ကာစက်မှုစွမ်းအားအတွက် မရှိမဖြစ်လိုအပ်သော
လျှပ်စစ်ဓာတ်အားကို
ဈေးပေါပေါဖြင့် ရောင်းစားဝံ့သော
ကျွန်ုပ်တို့၏ ခေါင်းဆောင်အပေါင်းတို့သည်ကား
ဘူရိဒတ် ဇာတ်တော်လာ
စူဠလိပ်အား ရေနစ်သတ်ရန် အကြံပေးသောပုဏ္ဏားနှင့်သာ တူချေတော့သည်။

နံနက်လင်းသော်
ယိုးဒယားပြည်ဘက်မှ ဆာဝါသီခတ် ဟူ၍လည်းကောင်း

ညနေမိုးချုပ်သော်
တရုပ်ပြည်ဘက်မှ ရှဲရှဲနီ ဟူ၍သော်လည်းကောင်း
မြန်မာပြည်ဘက်သို့ လှည့်ကာ
နှစ်ပေါင်းသုံးဆယ် မပြည့်မချင်း
မင်္ဂလာနှုတ်ခွန်း ဆက်လေတော့သတည်း။

( နေရဲနီ )

Experts on Preservation of Yangon's Old Colonial Architecture






စံလှကြီး –
June 9, 2014
မြန်မာစာ မြန်မာစကားက သိပ်မဟန်ပါဘူးတဲ့လား!
စံလှကြီး
ဇွန် ၉၊ ၂၀၁၄
လွန်ခဲ့သော လအနည်းငယ်ခန့်က လေထန်ကုန်း တခုသို့ ခရီးသွားဟန်လွှဲ ရောက်သွားခဲ့ပါသည်။ လေထန်ကုန်း ဘာလေထန်ကုန်းလည်း။ စာပေလေထန်ကုန်း ဖြစ်ပါသည်။ စာရေးသူသည် ကျောင်းသားဘဝ ကတည်းက ဝါဿနာတူ စာပေသမား အချင်းချင်း ကိုယ်သန်ရာသန်ရာ ဝေဖန်ဆွေးနွေးကြသော နေရာများကို စာပေ လေထန်ကုန်းဟု တင်စားလေ့ ရှိပါသည်။ ကိုယ်သည်လည်း ကျောင်းသားဘဝ ကတည်းက ထိုလေထန်ကုန်းများကို မွေ့လျော်တတ်သူ တဦး ဖြစ်ချေသည်။
မှတ်မှတ်ရရ ကျောင်းသားဘဝက စာမေးပွဲ ဝေးနေချိန်တွင် ဝါဿနာတူ သူငယ်ချင်း သုံးယောက်သား ရပ်ကွက်ထဲမှ လက်ဖက်ရည်ဆိုင်တွင် ထိုင်ကာ ကိုယ်ဖတ်ဖူးသော စာအုပ်များအကြောင်းကို ဆွေးနွေး ငြင်းခုံကြရာ ငါးနာရီခန့် ကြာသွားခဲ့ဖူးသည်ကိုလည်း သတိရမိပါသည်။ မလွန်လွန်းဘူးလား ဆိုင်ရှင်က မောင်းမထုတ်ဖူးလားဆိုလျှင် ဆိုခဲ့သည့်အတိုင်း ရပ်ကွက်ထဲက ဆိုင်ဆိုတော့ အမျိုးလို ဖြစ်နေသည်က တကြောင်း စာရေးသူတို့ကလည်း နည်းနည်းလေး ကြာသွားသည်နှင့် မုန့်တခုမဟုတ်တခု ထပ်မှာကာ စားသောကြောင့် ဖြစ်ပါသည်။
အခု ဒီဘက်နောက်ပိုင်းကျတော့ စာပေ လေထန်ကုန်းတွေက ဟိုတုန်းကလို လက်ဖက်ရည်ဆိုင်တောင် သွားစရာ မလိုတော့။ အင်တာနက် ပေါ်ပြီးကတည်းက facebook များ အင်တာနက် စာမျက်နှာများပေါ်တွင် ဆွေးနွေးကြသည်မှာ အတော်ကြီးကို စည်စည်ကားကား ရှိသည် များကိုလည်း ကြားဖူး တွေ့ဖူးရပါသည်။ ဒါနဲ့ပဲ ထိုကဲ့သို့ ဆွေးနွေးနေကြသော စာပေ လေထန်ကုန်းတခုသို့ ရောက်သွားကာ သွားနားထောင် မိခြင်းမှ စတာပဲ ဖြစ်ပါသည်။
ဆွေးနွေးနေသော လူအရေအတွက်က စာရေးသူ စိတ်ထင် ၁၀ ယောက်ကျော်လောက်တော့ ရှိမည်ထင်သည်။ ဆွေးနွေးနေသော အကြောင်းအရာမှာ တယောက်က သူတွေ့ခဲ့ဖူးသော မြန်မာစာတန်းထိုး ဗီစီဒီ ပြစက်ကလေး အကြောင်း ပြောပြတာကို ဝိုင်းဆွေးနွေးနေကြ တာ ဖြစ်သည်။ ဦးဆောင်သူက ဆွေးနွေးတာက ရိုးရိုးလေးပါပဲ။
သူရွာလေးတခုသို့ အသွားတွင် မြန်မာစာတန်းထိုးထားသော ဗီစီဒီစက်ကလေးတလုံး တွေ့ခဲ့ကြောင်းနဲ့ ထိုစက်ကလေးမှာ ရေးထားသော စာများကို သူနားထောင်ရတာ နားရှုပ်လှပါကြောင်း ဖြစ်ပါသည်။ ဆိုပါစို့ အင်္ဂလိပ်လို Repeat လို့ သူနားလည်နေသော စကားလုံးကို ထပ်ခါ ထပ်ခါပြသခြင်း ခလုတ်ဆိုတော့ သူကြောင်နေပြီး သူ့အတွက်တော့ မွေးစားစကားလုံးများနဲ့သာ ပိုအဆင်ပြေကြောင်း ဆိုပါသည်။ သူက မြန်မာစာ မြန်မာစကားက မြန်မာတွေ နားမလည်တဲ့ အဆင့် ဖြစ်နှေပြီဟု ဆိုလိုက်သေးသည်။
ဒီမှာတင် ဆွေးနွေးသူထဲက ပုဂ္ဂိုလ်ကြီး တဦးက မှတ်ချက် ဝင်ပေးလိုက်ပါသည်။ သူပြောလိုက်တာက မြန်မာစာ မြန်မာစကားက သိပ်မဟန်ပါ ဘူးဗျာ တော်တော် ချို့တဲ့ပါတယ် ဆိုပြီး ဖြစ်ပါသည်။ စာရေးသူ အတော် အံ့သြသွားမိပါသည်။ ဘာလို့လည်းဆိုတော့ သူ ဆက်ပြောတဲ့ စကားအရ သူ့ဟာ စာအတော်ဖတ်သည်လို့ (ကျန်လူများ အပြောအရ) သိလိုက်ရပြီး ဆွေးနွေးနေသူထဲတွင်လည်း သူ့ကို လေးစားသော လူများမှန်း သိလိုက်ရလို့ပါပဲ။ သူက ဒီအကြောင်းကို ဂျာနယ်ထဲတောင်ထည့်ဖို့ ကောင်းသည်လို့ ဆိုလိုက်သေးသည်။ တယောက် နှစ် ယောက်ဆို ကိုယ့်မျက်စိရှေ့တွင်ပဲ သူ ထိုကဲ့သို့ မြန်မာစာအပေါ် ဝေဖန်လိုက်ခြင်းအတွက် အမှန်တွေကို အမုန်းခံပြီး မထောက်မညှာပဲ ပြောတတ်လို့ သူ့ကို လေးစားနေရတာလို့ ဝင်ပြောကြတာလည်း တွေ့လိုက်ရပါသည်။
ပိုအံ့သြစရာ ဖြစ်ရသည်မှာ သူတို့ ပြောစကားအရ ဆွေးနွေးနေသူ အားလုံးမှာ စာတိုပေစများ ရေးနေကြပြီး စာဖတ် ဝါဿနာပါသူများလို့ သိရသည့် အပြင် အထက်ပါ မှတ်ချက်ပြုသူ ပုဂ္ဂိုလ်ကြီးဆိုရင် မြန်မာစာအုပ်များသာမက အင်္ဂလိပ်စာအုပ်များကိုပါ ဖတ်လေ့ရှိသူဟု သိရသည်။ အကြီးအကျယ်တော့ လွဲမှားနေခဲ့ပြီ ဖြစ်သည်။ နှစ်ဘာသာစလုံးကို ဖတ်ရှုသည်ဆိုသော လူထံမှ ဒီလို စကားမျိုး ထွက်လာခြင်းအတွက် အံ့သြမိသည်သာမက စာဖတ်ပါသည် ဆိုသော လူငယ်များထံမှ ဒီကိစ္စကို သဘောတူသယောင် လေသံများ ထွက်လာခြင်း အတွက်လည်း စိတ်မကောင်း ဖြစ်မိပါသည်။
အနှီ ပုဂ္ဂိုလ်ကြီး၏ မြန်မာစာ မြန်မာစကားက ချို့တဲ့ပါတယ် ဆိုတော့ လေသံကြားကာမှ ဦးဖိုးကျားရေးသော အခမဲ့ကူလီထမ်းခြင်းအကျိုး ဝတ္ထုကိုပင် သတိရမိသေးသည်။ ကျောင်းပိတ်ရက် မိဘထံ ပြန်လာသော ကောလိပ် ကျောင်းသားအား ဦးဖိုးကျားက Advanced English ဆိုသော စကားကို မြန်မာလို ဘယ်လို ခေါ်ပါသလည်း မေးတော့ အိုးနင်းခွက်နင်း ဖြစ်နေပြီးမှ ကောလိပ်ကျောင်းသား မောင်သောင်းက ခင်ဗျားကြီးတို့ မြန်မာစကားကလည်း ဒီလို အဆင့်မြင့်တာတွေကို မပြန်နိုင်သေးပါဘူးဗျာ ဆင်းရဲပါတယ် ဆိုပြီး ပြောခဲ့ဆိုကိုး။ သူက ဦးဖိုးကျားကို ပညာတတ် အမျိုးသားပညာဝန်မှန်း မသိပဲ တောသားကြီးတယောက်လို့ ထင်နေခဲ့တာ ဖြစ်သည်။ ထိုဝတ္ထုကို ဦးဖိုးကျားရေးတာ မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ဒုတိယကမ္ဘာစစ်ပင် မဖြစ်သေးသည့် အချိန်က ဖြစ်ရာ အခု နှစ်ပေါင်း ၇၀ ကျော်လာတာတောင် ကောလိပ်ကျောင်းသား မောင်သောင်းလိုလူတွေ အများကြီး ရှိသေးမှန်း သိလိုက်ရပါသည်။
ဝင်ဆွေးနွေးသူထဲက နှစ်ယောက်လောက်ကတော့ ကြိုးစားပြီး ပြောကြပါသည်။ မြန်မာတွေ တီထွင်ထုတ်လုပ်ခြင်း မဟုတ်သည့် ပစ္စည်းများအတွက် မြန်မာစကားလုံး မရှိနိုင်သဖြင့် အင်္ဂလိပ် စကားလုံးကိုသာ ယူသုံးရမည် ဖြစ်ကြောင်း technical term သို့မဟုတ် ဘာသာရပ်ဆိုင်ရာ စကားလုံးများကို ဘာသာပြန်ဖို့ မဖြစ်နိုင်သည့် သဘော ပြောကြပါသည်။ သူတို့ ပြောတာ မမှားပါ။ ဒါပေမယ့် မပြည့်စုံဟု ထင်ပါသည်။ ဘာလို့လည်းဆိုတော့ သူတို့ ဆွေးနွေးနေသော စက်ပစ္စည်းတွင် ရေးထားသည် ဆိုသော Repeat ကဲ့သို့သော စကားလုံးများသည် ဘာသာရပ်ဆိုင်ရာ စကားလုံး မဟုတ်တော့ပဲ နေ့စဉ်သုံး စကားလုံးများ ဖြစ်ပါသည်။ တကယ်ဆို ဘာသာပြန်လို့ ရရမည်သာ။
ကာလတခု ကြာရှည်စွာ ကိုယ်ပိုင်ဘာသာ အဖြစ် ရပ်တည်လာသော ဘာသာစကား တခုကို မျက်စိလည်ပြီး နားမလည် ဖြစ်သည်ဆိုလျှင် ဖြစ်နိုင်သော အချက် ၂ ချက် ရှိသည်။ တစ်အချက်က ထိုဘာသာစကားက ချို့တဲ့လို့ ညံ့ဖျင်းလို့ ဖြစ်ပြီး နှစ်အချက်က ကိုယ်က ထိုဘာသာနဲ့ ပက်သက်ပြီး ဗဟုသုတ အခြေခံ နည်းလို့ဖြစ်သည်။ တကယ်တော့ ဒုတိယအချက်မှာ အဖြစ်နိုင်ဆုံး ဖြစ်ပါသည်။
အထက်ပါ မြန်မာစာ မြန်မာစကားက တော်တော် ချို့တဲ့ပါတယ် ဆိုပြီး မှတ်ချက်ပေးသော ပုဂ္ဂိုလ်ကြီး မှားသလား ဆိုလျှင် မှားပါတယ် ခင်ဗျာ။ ဒီလို မှတ်ချက်မျိုးကို သူပေးခြင်းမှာ တကယ်တော့ သူက ဘာသာဗေဒနဲ့ ပက်သက်ပြီး နားမလည်သောကြောင့် ဖြစ်ပါသည်။ အနည်းငယ် ရှင်းပြပါမည်။
လွန်ခဲ့သော ၃ နှစ်လောက်က စာရေးသူသိသော ရုံးတရုံးတွင် မိန်းကလေးတဦးမှာ Human Resources Department  ဝါ အတိုကောက် HR ဟုခေါ်သော ဌာနကို မြန်မာလို လူ့စွမ်းအားအရင်းအမြစ်ဌာန ဆိုပြီး ခေါ်လေ့ ရှိပါသည်။ စာရှုသူများလည်း ရပ်ပြီး စဉ်းစားကြည့်ပါ။ ဘယ်လို အဓိပ္ပါယ်မှန်းမသိ ဖြစ်နေတာ တွေ့ရပါမည်။ စောစောက ပြောသော ထပ်ခါ ထပ်ခါ ပြသခြင်း ခလုတ် ဆိုတာထက်တောင် ဆိုးသေးသည်။ ခဏ ခဏ ကြားလာရတော့ စာရေးသူလည်း မနေနိုင်တာနဲ့ သူ့ကို အဲဒီလို မခေါ်ရကြောင်း တကယ့်အမှန်မှာ ဝန်ထမ်းရေးရာဌာနလို့ ခေါ်ရကြောင်း ခပ်တိုတို ရှင်းပြလိုက်ပါသည်။ သူ သိပ်လက်ခံချင်ပုံ မပေါ်ပါ။ သူ စောဒက တတ်တာက သူ အဘိဓါန်ထဲမှာ ကြည့်တော့ Human ဆိုတာက လူ Resources ဆိုတာက စွမ်းအားအရင်းအမြစ် Department ကဌာန ဖြစ်သဖြင့် လူ့စွမ်းအားအရင်းအမြစ်ဌာနလို့ ခေါ်ခြင်းဟု ပြောပါသည်။ သူ့ကို ရှင်းပြလျှင် စကားအကြာကြီး ပြောရမည် သာမက သူလက်မခံချင်ပုံ ပေါ်သဖြင့် ထိုစဉ်က အကျယ်တဝင့် မပြောပြခဲ့။
သို့သော် ထိုမိန်းကလေး မသိသည်မှာ သူထွက်သွားမှ အနားမှာ ရှိနေသော ကောင်လေးနှစ်ယောက်က စာရေးသူအား ဝန်ထမ်းရေးရာဌာနလို့ ပြောလိုက်မှပဲ သူတို့ မြန်မာလို ရှင်းရှင်းလင်းလင်း နားလည်သွားကြောင်း ပြောကြပါသည်။ အရင်တုန်းက သူတို့လည်း ဒီ လူ့စွမ်းအားအရင်းအမြစ်ဌာန ဆိုတာကြီးကို နားထောင်ပြီး ဘာမှန်းမသိ ဖြစ်ခဲ့ပါသည်တဲ့။ အဓိက အမှားမှာ အဘိဓါန်မှ စကားလုံးကို တိုက်ရိုက်ကြီး အဓိပ္ပါယ်ပြန်ပြီး သုံးသူ၏ အမှားသာ ဖြစ်ပါသည်။ မြန်မာဘာသာ စကားလုံး ချို့တဲ့ခြင်း မဟုတ်ပါ။
ဘာသာပြန်ရာတွင် တခါတရံ တိုက်ရိုက် အဓိပ္ပါယ် ပြန်ဆိုလို့ မရပါ။ ဘာသာပြန်သူသည် နှစ်ဘာသာစလုံးကို ကျွမ်းကျင်သူ ဖြစ်ရပါသည်။ ကိုယ်ဘာသာပြန်သော တိုင်းခြား ဘာသာစကားကို ကျွမ်းကျင်ပြီး ကိုယ့်မိခင်ဘာသာ ဆိုလျှင်တော့ အနုအယာဉ် သူ့ပြင်မရှိဟု ဆိုရလောက်အောင် ကျွမ်းကျင်မှ ဘာသာပြန်ဆိုလို့ ရပါသည်။
ထို မိန်းကလေး ဘာသာပြန်သော လူ့စွမ်းအားအရင်းအမြစ်ဌာန ဆိုတာကို ဆွေးနွေးနေသော လူများသာ ကြားသွားပါက မြန်မာစာကို အထင်သေးတော့မှာ သေချာပါသည်။ စာရေးသူ မှန်းကြည့်ရသည်မှာ အခု နောက်ပိုင်း စက်ပစ္စည်းတွေကို မြန်မာလိုပြန်ကာ ရောင်းချသော စီးပွားရေးသမားများမှာ သူတို့ ပြန်ဆိုမည့် အင်္ဂလိပ် စကားလုံးများကို ဘာသာပြန်ရာတွင် ကျွမ်းကျင်သူများနဲ့ တိုင်ပင်မှာ မဟုတ်တာ သေချာသည်။ ကိုယ့်ဘာသာကိုယ် လွယ်လွယ်ပဲ အဓိပ္ပါယ် ပြန်လိုက်မှာလည်း သေချာသည်။ ဒီလို ဟာတွေကို နားမလည်တဲ့ လူများက ဖတ်မိတော့ ကိုယ့်မိခင်ဘာသာကပဲ အသုံးမကျသလို ဖြစ်ကုန်ပါတော့သည်။ ဒီလို အမှားမျိုးများကို သတိထားသင့်သည်ဟု ထင်ပါသည်။ ဒါက စာလုံးပေါင်း အမှတ်တမဲ့ မှားတာလောက် မဟုတ်ပဲ အလကားနေရင်း ကိုယ့်စာပေ လူအထင်သေးစရာ ဖြစ်လာတတ်သောကြောင့်ပင်။
ဘာသာပြန်ဆိုရာတွင် ဆိုခဲ့ပြီးသည့်အတိုင်း မကျွမ်းကျင်သူ ဘာသာပြန်လျှင် အိုးနင်းခွက်နင်း ဖြစ်တတ်သော်လည်း နှစ်ဘာသာစလုံးကို ကျွမ်းကျင်သူက ဘာသာပြန်လျှင် အလွန်လှပသည်ကို တွေ့ရဖူးပါသည်။ အမှန်တော့ စာရေးသူလည်း ဘာသာပြန်သမား မဟုတ်ပါ။ ထို့ကြောင့် ဘာသာပြန်ရာတွင် ကျွမ်းကျင်သူများ ပြန်ဆိုခဲ့သည်များကို နမူနာသဘော ရေးပြပါမည်။
အင်္ဂလိပ်ဘာသာစကားတွင် ရှိတ်စပီးယား ပြဇတ်တပုဒ်တွင် The last but not the least ဆိုသော စာသား ပါခဲ့ပါသည်။ အခန်းမှာ ဘုရင်ကြီးက သမီးတော်သုံးပါးတွင် တတိယမြောက် သမီးတော်အား ထိုသို့ ခေါ်လိုက်သောအခန်း ဖြစ်ပါသည်။ တိုက်ရိုက်ကြီးသာ အဓိပ္ပါယ် ပြန်ပါက နောက်ဆုံး ဒါပေမယ့် အနည်းဆုံး မဟုတ်တဲ့ သမီးဆိုပြီး ဖြစ်နေပါသည်။ နားထောင်လို့လည်း မလှပါ။ အဲဒါကို ဘယ်လို ဘာသာပြန်လိုက်သလည်း ဆိုတော့ "အထွေးဆုံးပေမယ့် အသေးဆုံး မဟုတ်ပါတဲ့ ဖေ့ဖေ့မျက်ဖျော် သမီးတော်အလှ ကော်ဒေလျ" ဆိုပြီး ဘာသာပြန်လိုက်ရာ စာဖတ်နေရင်းပင် သမီးအထွေးဆုံးလေးကို ခေါ်လိုက်သော ဘုရင်ကြီးကို မျက်စိထဲ မြင်ယောင်မိပါသည်။ အလွန်လှပသော ပြန်ဆိုမှုပါပဲ။ ဘာသာပြန်သူက ဘယ်သူလည်းဆိုတော့ အင်္ဂလိပ်ဘာသာ ကျွမ်းကျင်သလို မြန်မာဘာသာတွင်လည်း ကျွမ်းလှသည့် ဆရာကြီး မင်းသုဝဏ်ပေကိုး။
ဆရာကြီး ရွှေဥဒေါင်း ဘာသာပြန်ခဲ့သော ရတနာသိုက် ဝတ္ထုတွင် 'Mercedes!' Well,yes,you are right,that name has still its charms" ဟု မူရင်းဝတ္ထုတွင် ပါခဲ့သော စာသားကို "မာဆဒိ ဟုတ်ပါရဲ့ ဒီနာမည်ကလေးဟာ ခုထက်ထိ နားဝင်ချိုတုန်းပဲ ရှိသေးတယ်" ဟု ဘာသာပြန်ခဲ့ရာ charms ဟူသော စကားလေးကို ပေါ်လွင်အောင် "နားဝင်ချို" ဟု ဘာသာပြန်လိုက်ပုံကို တွေ့နိုင်ပါသည်။
ခုခေတ်ပေါ်သော ဇာတ်လမ်းထဲတွင် ဟယ်ရီပေါ်တာ ဇတ်လမ်းတွဲများကို ကြည့်ဖူးသူများ ရှိပါလိမ့်မည်။ ထို ဟယ်ရီပေါ်တာ ဝတ္ထုများကို အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုခဲ့ရာ ပြန်ဆိုသူ၏ အရည်အချင်းပေါ် မူတည်ပြီး ဘာသာပြန်ဝတ္ထု၏ ရသကွာသွားသည်ကို တွေ့ဖူးပါသည်။
ဥပမာ ဆိုရလျှင် မူရင်း ဝတ္ထုနာမည်က Harry Potter And The Prisoner of Azkaban ဖြစ်ပါသည်။ တိုက်ရိုက်ဘာသာပြန်လျှင် ဟယ်ရီပေါ်တာ နှင့် အက်ဇခါဘန် အကျဉ်းသား ဖြစ်ပါသည်။ အဓိက စကားလုံးမှာ Azkaban ဆိုသော စကားလုံး ဖြစ်ပြီး ဝတ္ထု အဓိပ္ပါယ်အရ မှော်လောကမှ ထောင်ဖြစ်ပါသည်။ ထိုထောင်တွင် Dementor ဆိုသော ကြောက်စရာ မှော်သတ္တဝါဆန်းများ ရှိပြီး အကျဉ်းသား၏ ပျော်ရွှင်မှုများကို ပျောက်ဆုံးစေသည်။ လိုအပ်ပါက အကျဉ်းသား၏ ဝိညာဉ်ကိုပင် စုပ်ယူတတ်သည် ဆိုသည်။ အဘိဓါန်လှန်ကြည့်လည်း ထိုစကားလုံးများ၏ အဓိပ္ပါယ် တွေ့မည် မဟုတ်ပါ။ မတွေ့လို့ ဘာသာ မပြန်ရင်လည်း ဒါက အဓိက စကားလုံးများ ဖြစ်နေသည်။ ဒီတော့ ဘာသာပြန်သူက Dementor ကို ဝိညာဉ်စုပ်ကောင်ဟု ဘာသာပြန်ပေးလိုက်ပြီး ဝတ္ထုနာမည်ကိုလည်း ဟယ်ရီပေါ်တာနှင့်ဝိညာဉ်နုတ် အကျဉ်းသားဟု ဘာသာပြန်လိုက်ရာ အဓိပ္ပါယ် မမှားသလို အလွန်လည်း မြန်မာဆန်သည့် စကားလုံး ဖြစ်သွားပါသည်။ ဘာသာပြန်သူမှာ ဆရာ မင်းခိုက်စိုးစန် ဖြစ်ပါသည်။
ဘာသာပြန်ရာတွင် စကားလုံးများ ထောက်နေခြင်းသည် မြန်မာစာ မြန်မာစကား၏ မကြွယ်ဝမှု မဟုတ်ပဲ မကျွမ်းကျင်သည့် ဘာသာပြန်သူများကြောင့်သာ ဖြစ်ပါသည်။
အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုရာတွင် အခက်အခဲများ ရှိတတ်သည်ဆိုတော့ မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုမည်။ အခက်အခဲ ရှိနိုင်ပါသလားဟု မေးပါက ရှိနိုင်သည် မဟုတ် ရှိကို ရှိခဲ့ဖူးပါသည်တဲ့။ ဆရာ သော်တာဆွေရေးသော ကျောက်ဖြုန်းကျော်ကြီးဆိုသော ဝတ္ထုတိုကို မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့ဖူးပါသည်တဲ့။ ထိုဝတ္ထုတွင် ကျော်ကြီးမှာ အလွန် ရိုးအသဖြင့် သူငယ်ချင်းများက ကျောင်းရှေ့က ခြင်္သေ့ကြီး ဖင်တုန်နေတယ် သွားကြည့်စမ်းဟု ပြောသဖြင့် အဟုတ်မှတ်ပြီး သွားကြည့်ရာ ပြန်လာတော့ ဆရာဘုန်းကြီး၏ အရိုက်ခံရသည် ဆိုသော အခန်းဖြစ်သည်။ ထိုဝတ္ထုကို ဘာသာပြန်ရာတွင် အင်္ဂလိပ် စာရေးဆရာမက ခြင်္သေ့ကြီး ဖင်တုန်နေတယ် ဆိုတာကို အင်္ဂလိပ်လို back part sharking ဟု ဘာသာပြန်ခဲ့သည်တဲ့။ နောက်ပိုင်း တုန်နေတယ်ပေါ့။ ဘာသာပြန်ပြီး မြန်မာစာရေးဆရာကို ပြကြည့်တော့မှ ဖင်တုန်တယ် ဆိုတာ တကယ် ဖင်တုန်တာ မဟုတ်။ ခြင်္သေ့ကြီး ဖင်တုန်နေတယ် ဆိုတာ ခြင်္သေ့ကြီး ဖုံတင်နေတယ်ကို စကားလိမ်ဖြင့် ပြန်ရေးထားတာဟု ရှင်းပြလိုက်ရာ ဘယ်လို ဘာသာပြန်ရမှန်း မသိအောင် ဖြစ်သွားခဲ့သည် ဆိုပဲ။ အင်္ဂလိပ်စကားတွင် စကားလိမ် လုံးဝ မရှိသောကြောင့် ဖြစ်ပါသည်တဲ့။ ဒါကို ဆရာ ဦးအောင်သင်းက သူ့စာအုပ်တအုပ်တွင် ရေးခဲ့သည်ကို ဖတ်ရဖူးပါသည်။
စာရေးဆရာကြီး မင်းကျော်ရေးသော ငါတို့ခေတ်နှင့်အပြိုင်ဆိုသော ဝတ္ထုရှည်ကြီးကိုသာ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရလျှင် အတော်ခက်မှာ သေချာသည်။ ထိုဝတ္ထုရှည်ကြီးတွင် ပါသော အခန်းတခန်းမှာ တရုတ်မြန်မာကပြား ဟုတ်လှိုင်ဆိုသော ကောင်လေးအား သူ့ သူငယ်ချင်း လူနောက်တယောက်က ဗရုတ်သုတ်ခ ပြောပြီး နောက်ပြောင်သော အခန်းဖြစ်သည်။
သူ့ သူငယ်ချင်းက ဟုတ်လှိုင်ကို "ဟေ့ ပေါက်ဖော် လုနော် လု မလုရင်လေ တသက်လုံး မဝဘူး။ ဝနော် နောင်ရေလာ ထော်မတိုင် ဂေါ်ပွေး" ဟု အပြောင်အပျက် ပြောကာ စသဖြင့် ဟုတ်လှိုင် စိတ်ဆိုးကာ ဆရာအား သွားတိုင်သော အခန်းဖြစ်သည်။ ခြင်္သေ့ကြီး ဖင်တုန်နေတယ် ဆိုသော စာသားကိုပင် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရန် ခက်ခဲ့သည် ဆိုသဖြင့် ဆရာမင်းကျော်၏ ဝတ္ထုမှ နောက်ဆုံး စကားလိမ်ဆိုလျှင် ပြန်ဆိုဖို့ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
ဒီလိုဆိုတော့ စာရေးသူ ဆိုလိုတာက မြန်မာစာက အင်္ဂလိပ်စာထက် ပိုကြွယ်ဝတယ်လို့ ဆိုချင်တာလား ဆိုလျှင်တော့ မဟုတ်ပါ။ ဘာသာစကားတိုင်း သူ့အလှနဲ့သူ ဆိုတာကို သိစေလိုတာသာ ဖြစ်သည်။ တချို့ မြန်မာဘာသာတွင် ရှိသော စည်းစနစ်များမှာ အင်္ဂလိပ်စာတွင် မရှိ။ အင်္ဂလိပ်စာတွင် ရှိသော တချို့ စည်းစနစ်များလည်း မြန်မာဘာသာတွင် မရှိဆိုတာကို သိစေလိုခြင်းသာ။ မိမိစာပေ မိမိယာဉ်ကျေးမှုကိုသာ အထင်ကြီးပြီး သူတပါးစာပေ ယာဉ်ကျေးမှုများအား အထင်သေးခြင်းသည် အစွန်းရောက်ခြင်း ဖြစ်သလို တိုင်းခြားစာပေ ယာဉ်ကျေးမှုကိုမှ အထင်ကြီးပြီး ကိုယ့်စာပေ ယာဉ်ကျေးမှုများကို နှိမ့်ချခြင်းသည်လည်း အစွန်းရောက်ခြင်းပင် ဖြစ်ပါသည်။
ဘာသာရပ်ဆိုင်ရာ စကားလုံးများ technical term များကိုမူ ဘာသာမပြန်ပဲ မွေးစားစကားလုံးများ အဖြစ် သုံးစွဲလို့ ရပါသည်။ သုံးလည်း သုံးစွဲသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် စာရေးသူတို့ နိုင်ငံမှာ စက်မှုနှင့် နည်းပညာပိုင်းတွင် တိုးတတ်အောင် ကြိုးစားရဦးမှာ ဖြစ်သဖြင့် အင်္ဂလိပ်လို လေ့လာရဦးမှာ ဖြစ်ပါသည်။ ဂျပန်ကဲ့သို့ စက်မှုနိုင်ငံ ဖြစ်ပြီးသား နိုင်ငံအတွက်မူ ဂျပန်ဘာသာဖြင့် တက္ကသိုလ်များတွင် သင်ကြားနိုင်သော်လည်း အမိမြန်မာနိုင်ငံ အနေနှင့်မူ ထိုကဲ့သို့ လုပ်ရန်မလိုပါ။ အင်တာနက် ဆိုသော အင်္ဂလိပ်စကားလုံး အသစ်ကို မြန်မာလူငယ်တိုင်းနီးပါး သိနေပြီ ဖြစ်သဖြင့် ဘာသာမပြန်တော့ပဲ အလွယ်တကူ မွေးစားပြီး သုံးနိုင်ပါသည်။ စန္ဒရားသည် မြန်မာတို့ တီထွင်သော ပစ္စည်းမဟုတ်သော်လည်း မြန်မာသံ သီချင်းများကို တီးခတ်ရာတွင် သုံးနိုင်သကဲ့သို့ ဖြစ်ပါသည်။
အင်္ဂလိပ်ဘာသာသည်ပင် ကမ္ဘာသုံး ဘာသာစကားတခု ဖြစ်လာရာတွင် မွေးစားစကားလုံးပေါင်း များစွာကို ဘာသာအသီးသီးမှ ယူငင် သုံးစွဲခဲ့ပါသည်။ မြန်မာများ အသိများသော အချို့ အင်္ဂလိပ် စကားလုံးများမှာလည်း မွေးစား စကားလုံးများသာ ဖြစ်ပါသည်။ Salary ဆိုသော စကားသည် လက်တင်ဘာသာမှ စကားလုံး ဖြစ်ပြီး အဓိပ္ပါယ်မှာ ဆားဝယ်ရန်ငွေ ဖြစ်ပါသည်။ ရောမနိုင်ငံတော် ခေတ်ကောင်းစဉ်က စစ်သည်များအား ဆားဝယ်ရန် ချီးမြှင့်သောငွေ ဖြစ်ပါသည်။
အင်္ဂလိပ်ဘာသာသည် စာပေနှင့် ဘာသာရပ်ဆိုင်ရာ စကားလုံး အတော်များများကို လက်တင်နှင့် ဂရိဘာသာမှယူကာ အချက်အပြုတ် အနုပညာဖြင့် ဆိုင်သော စကားလုံးများကို ပြင်သစ်ဘာသာမှ ယူပါသည်။ အခြားဘာသာများမှ ယူသည်များလည်း ရှိပါသည်။ Tattoo ဆိုသော စကားလုံးမှာ ဟော်လန်ဘာသာမှ ဖြစ်ပြီး mosquito မှာ စပိန်ဘာသာမှ ဖြစ်ကာ cobra ဆိုသော စကားလုံးမှာ ပေါ်တူဂီဘာသာမှ ဖြစ်သည်ဟု သိရပါသည်။ kindergarden နှင့် hamburger ဆိုသော စကားလုံးများမှာ ဂျာမန်ဘာသာမှ ဖြစ်ပြီး piano မှာ အီတလီဘာသာမှ ဖြစ်ကာ theory ဆိုသော စကားလုံးမှာ ဂရိဘာသာမှ ဖြစ်ပါသည်တဲ့။
ဘာသာရပ်ဆိုင်ရာ စကားလုံးများကို မူရင်း အင်္ဂလိပ်ဘာသာဖြင့် အဓိက လေ့လာသင့်ပြီး မှီငြမ်းအနေနှင့် မြန်မာမှုပြုရန် ကြိုးစားသင့်ပါသည်။ မြန်မာများကိုယ်တိုင် တီထွင်သော ပစ္စည်းများ ပေါ်လာလျှင်တော့ မြန်မာအမည်ဖြင့် နည်းပညာ ဝေါဟာရများ ခေတ်မီပစ္စည်းများ ပေါ်ထွက်လာနိုင်ပါသည်။ ကုန်းဘောင်ခေတ် နှောင်းပိုင်းတွင် မြန်မာများ စက်မှုနိုင်ငံ တည်ထောင်ရန် ကြိုးစားခဲ့ကြရာ ထိုစဉ်က မြန်မာနာမည်ဖြင့် ခေတ်မီ ပစ္စည်းများ တီထွင်ခဲ့ကြဖူးသည်။ ကနောင်မင်းသား၏ လက်နက်စက်ရုံမှ တီထွင်ထုတ်လုပ်သော ဝဇီရာဝုဒ အမြှောက်ကြီး ဗထက်ချိုက် သေနတ် အစရှိသည်တို့ ဖြစ်သည်။ ထိုစဉ်က အကြောင်းအမျိုးမျိုးကြောင့် မြန်မာများ မအောင်မြင်ခဲ့ကြပေ။
သို့သော် နောင်အနာဂတ်တွင် မြန်မာများ မြန်မာနာမည်များဖြင့် တီထွင်သော ခေတ်မီပစ္စည်းများ ပေါ်လာနိုင်ပါစေဟု ဆန္ဒပြုပါသည်။ ဥပမာ ဝလုံးတံဆိပ် နောက်ဆုံးပေါ် ကွန်ပျူတာ အမေရိကန်လုပ် F-16 တိုက်လေယာဉ်ကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်သော "ဋ" တံဆိပ် တိုက်လေယာဉ် စသည်ဖြင့် ဖြစ်ပါသည်။ ဒီခရီး နီးသလားဆိုရင်တော့ မိုင်ထောင်ချီဝေးသော ခရီးကိုလည်း ပထမခြေလှမ်းဖြင့်သာ အစပြုရသည် မဟုတ်ပါလား။
အချုပ်အားဖြင့် ဆိုရသော် နောင် အနာဂတ်တွင် မြန်မာလူငယ်များ မြန်မာစာပေကို နှံ့စပ်ရုံသာမက ကမ္ဘာ့စာပေများကိုပါ ဖတ်ရှုနိုင်ပြီး မြန်မာဘာသာသို့ လှပစွာ ပြန်ဆိုကာ မိမိအမျိုးသားတို့၏ သုတ ရသ အသိဥာဏ်များ တိုးတတ်အောင် ပြုလုပ်နိုင်စွမ်း ရှိကြပါစေ။ ထို့အတူ မိမိမိခင်ဘာသာ၏ အလှအပများကိုလည်း ကမ္ဘာ့စာပေသို့ ဘာသာပြန်နိုင်ကြကာ မိမိစာပေကို မြှင့်တင်နိုင်ကြပါစေဟု ဆန္ဒပြုလိုက်ရပါသည်။
(ဝေဖန် အကြံပြု မှတ်ချက်ပေးလိုပါက sanhlagyi@gmail.com သို့လည်း စာရေးသား ပေးပို့နိုင်ပါသည်။)

8 Responses to စံလှကြီး – မြန်မာစာ မြန်မာစကားက သိပ်မဟန်ပါဘူးတဲ့လား!

  1. mindin3000 on June 9, 2014 at 2:18 pm
    လွှတ်ကောင်းအလွန်ကောင်း ဗျာ။ ဗမာစာသုံးစားမရဘူးလို့ ပြောတဲ့သူတွေလည်း ကိုယ်တိုင်ကြုံဖူးပါ့ဗျား။
  2. Ba Ba Gyi on June 9, 2014 at 6:31 pm
    မှန်ပါသည်။ ကျွန်တော်တို့ငယ်စဉ်ကသင်ခဲ့ရသော "အိုးထိန်းသည်နှင့်ခဝါသည်"
    ပုံပြင်ကို သိသူရှားသွားသည့်အပြင် ခေတ်ပညာတတ်လူငယ်အများစုမှာ Potter
    ကိုသိသော်လည်း အိုးထိန်းသည် ဆိုသောမြန်မာစကားစစ်စစ်ကိုမသိ၊ ဒိုဘီ၊ Laundry
    တို့ကိုသိသော်လည်း ခဝါသည် ဆိုသောမြန်မာစကားကိုမသိသူအများအပြားရှိနေပါပြီ။
    ဘယ်သူ့အပြစ်ပါနည်း။ အနှစ် ၅၀ ခန့် အမှောင်ခေတ်တွင်နေခဲ့ရ၍လော၊
    မိဘဆရာသမားများ၏သွန်သင်မှုညံ့ခဲ့၍လော၊ ၁၉၈၈
    နောက်ပိုင်းမှစပြီးမသိသူကမတတ်သူကိုဆရာလုပ်ခဲ့ခြင်းကြောင့်ပင်လော၊
    လူငယ်များကိုယ်တိုင်ကပင် ပညာဗဟုသုတရှာဖွေလိုစိတ်မရှိတော့ဘဲ ရေသာခို
    လှေကြုံလိုက်လိုသည့်စိတ်ဓာတ်များလာ၍ပင်လော။
    • San Hla Gyi on June 10, 2014 at 9:08 pm
      ကို mindin ခင်ဗျာ ဖတ်ပြီး ကြိုက်ကြောင်း ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျနော်ကတော့ မြန်မာအမျိုးသား တယောက်ဖြစ်လို့ ဘယ်တော့မှ ကိုယ်မိခင်စာပေကို အထင်မသေးပါ။ တကယ်လည်း သိပ်မညံ့လှပါဘူး။ အားနည်းရင်တောင် ကိုယ်က တိုးတတ်အောင် လုပ်ပေးရမယ် လုပ်နိုင်တဲ့ လူတွေကို တိုက်တွန်းပေးရမှာပေါ့။ သိပ္ပံမောင်ဝ(ဦးစိန်တင်) ပြောသလို ကျွန်ုပ်တို့ ပြုမှ တိုးတတ်ရမည့် မြန်မာစာ ဖြစ်သည်။ ကြိုးစားကြစို့ရဲ့ ဆိုသလိုပေါ့။
      ဦး Ba Ba Gyi ရေ ဦးလေးပြောတဲ့ ခဝါသည်နဲ့ အိုးထိန်းသည်ဆိုတဲ့ စကားလုံးတွေဟာ ငါးရာငါးဆယ် ဇတ်တော်တွေနဲ့ ဇတ်ကြီးဆယ်ဘွဲ့ မြန်မာပြန်တွေမှာ အကြိမ်ကြိမ် ပါခဲ့တာ မှတ်မိပါတယ်။ ကျနော့် အမြင်ကတော့ ကျနော်တို့ ကလေးစာပေက စပြီး သေသေချာချာ လုပ်ဖို့လိုတယ်လို့ ထင်မိတယ်။ ၁၉၈၀ ရှေ့နှစ်တွေတုန်းက ရွှေသွေးစာစောင်တွေဆို အရောင်အသွေးရော ဇာတ်လမ်းရော တကယ့်ကို ကောင်းပါပေ့။ ကျနော်ဆို အဲဒါတွေ ဖတ်ပြီး ကြီးလာတော့ စာလည်း ဖတ်တတ်ရော စာဖတ်ချင်စိတ် အလိုလိုကို ရှိလာတော့တာပဲ။
  3. Dr. Maung Maung Gyi on June 9, 2014 at 7:48 pm
    မှန်ပါသည်။ Culture ဆိုတိုင်း "ယဉ်ကျေးမှု" ဟုဘာသာပြန်လွဲမှားနေကြပါသည်။ Tissue Culture, Pearl Culture, Fish Culture တို့တွင် "မွေးမြူရေး" ဟုဘာသာပြန်ရပါမည်။ "ငါးမွေးမြူရေး" ဟုဘာသာမပြန်ဘဲ "ငါးယဉ်ကျေးမှု"ဟုဘာသာပြန်လိုက်ပါလျှင် ကွယ်လွန်သူစာရေးဆရာကြီးတက်တိုး (ဦးအုန်းဖေ)၏ မူရင်းအာဘော်အတိုင်းသုံးရပါက "စောက်ရမ်းဘာသာမပြန်နဲ့"ဟုပြောရပါတော့မည်။
    တခါတရံတွင် Culture ကို "ဓလေ့၊ စရိုက်၊ အကျင့်" စသည်စကားလုံးတို့နှင့်လည်း ဘာသာပြန်နိုင်ပါသည်။ ယခုခေတ် Media များတွင် Living Together Culture ကို "လက်မထပ်ပဲအတူနေယဉ်ကျေးမှု" ဟုပြန်နေကြပါသည်။ မိမိယဉ်ကျေးမှု၌မရှိသည်ကို "ယဉ်ကျေးမှု"ဟုပြန်ထားခြင်းကပင် "အမြင်မတော် ဆင်တော်နှင့်ခလောက်"ဖြစ်နေပါပြီ။ "လက်မထပ်ပဲအတူနေသောစနစ်"၊ "လက်မထပ်ပဲအတူနေသောဓလေ့"၊ တို့က ပိုဆီလျော်သောမြန်မာစကားများဖြစ်ပါသည်။
    အတူနေသူနှစ်ဦးသည် ဗုဒ္ဓဘာသာဝင်များဖြစ်ပါက "If a man and a woman live together, eat together, sleep together and if seven neighbours can attest for that, they become husband & wife automatically without any legal marraige contract" ဟုဆိုထားသော မြန်မာဗုဒ္ဓဘာသာ အိမ်ထောင်မှုဓမ္မသတ်အရ အကျင်လင်မယားအရာရောက်သည်သာဖြစ်ကြောင်းပါခင်ဗျား။
    ဒေါက်တာမောင်မောင်ကြီး
  4. surmi on June 10, 2014 at 10:38 am
    မင်္ဂလာပါ ကိုစံလှကြီး
    surmi
    • San Hla Gyi on June 10, 2014 at 9:20 pm
      Dr. Maung Maung Gyi ခင်ဗျာ အခုလို ဖြည့်စွက် ဆွေးနွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဘာသာပြန်တဲ့ နေရာမှာ ဆီလျော်အောင် ပြန်ဖို့လိုတာ ပြောရင်တောင် မကုန်နိုင်ပါဘူး။ အဲဒါကြောင့် ကျနော် ဥပမာပေးတော့ ကျနော်ကြိုက်တဲ့ စာရေးဆရာကြီးတွေရဲ့ ဘာသာပြန်ပုံတွေကို နမူနာအနေနဲ့ ထည့်ပေးခဲ့တာပါ။ သူတို့က ကျွမ်းကျင်တာကိုး။ ဆရာကြီး ဦးတတ်တိုးက ကျနော် သိဖူးသလောက် ဖတ်တဲ့ စာတွေကို သေသေချာချာ မှတ်မိတယ်ဆိုပဲ။ ကျနော့်ဖခင်က ပြောပြဖူးတာပါ။
      ဆရာမြသန်းတင့်ဆို စစ်နဲ့ငြိမ်းချမ်းရေးကို ဘာသာပြန်တော့ ရေနွေးကရားအိုး တလုံးကို ဘယ်လိုမှ မြင်ယောင်ကြည့်လို့ မရလို့ ဆိုဗီယက်သံရုံးအထိ သွားမေးရတယ်တဲ့။ ဆရာဦးအောင်သင်းရဲ့ ဟောပြောပွဲမှာ နားထောင်ခဲ့ဖူးတယ်။ ဘယ်လောက်အထိ လေးလေးနက်နက် လုပ်ဖို့ လိုအပ်သလည်းဆိုတာ သိသာစေပါတယ်။
      ကိုဆာမိရေ မင်္ဂလာပါဗျာ။ တွေ့ရလို့ ဝမ်းသာမိပါရဲ့။
  5. Zaw Aung on June 10, 2014 at 4:43 pm
    ဟုတ်ပါသည်…..ဆရာစံလှကြီး..
    လူတိုင်း မိမိစာကိုသာသုံးချင်ပါသည်။
    မြန်မာပြည် မိုဘိုင်း Touch Screen ဖုန်းဆော့ဝဲများတွင် ဖွင့်ပါ၊ ပိတ်ပါ ..စသည့် မြန်မာစာလုံများ၊ မြန်မာ Ring Tone များကို မြန်မာပြည်ရှိမိုဘိုင်းဖုန်း လူငယ်ပညာရှင်များက အောင်မြင်စွာလုပ်ပေးသည်။ မြန်မာလူထုကလဲ တွင်တွင်ကြီးသုံးနေပါသည်။
    အချိန်အခါ ပေးလျှင် မြန်မာစာလုံးသည် ပြည်သူအကြိုက် ဖြစ်လာပါမည်။
    လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ စစ်တပ်အရာရှိကြီးများပင် အင်္ဂလိပ်စာလုံးညှပ်မပါသော မြန်မာစာ ဖတ်မှ အဓိပ္ပါယ်ပိုပေါက်သည် ဟုဆိုသည်။
    ထိုင်း၊ ကိုးရီးယား နိုင်ငံများတွင် သူတို့ဘာသာစကားရိုက်နှိပ်ထားသော လျှပ်စစ်ပစ္စည်း ခလုပ်များကို ပိုကြိုက်သည်။
    မြန်မာပြည်တိုးတက်လာလျှင် မြန်မာစာသည် ရေကန်အတင့်၊ ကြာမြင့်တက်လာမည်ဖြစ်သည်။ …
    • San Hla Gyi on June 11, 2014 at 9:17 pm
      ကိုဇော်အောင်ရေ ဖတ်ရှု ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။ ကျနော့် ဆောင်းပါးရဲ့ အဓိက ဆိုလိုချက်က ဒီလိုပါ။ မြန်မာလူမျိုးတိုင်း ကိုယ့်မိခင် ဘာသာစကားကို မြတ်နိုးရပါမယ်။ ကိုယ့်မိခင် ဘာသာစကားကို ကိုယ်မှ မမြတ်နိုး တန်ဖိုးမထားရင် ဘယ်သူက လာပြီး တန်ဖိုးထားမှာလည်း။ ဒါက ပထမအချက်ပါ။ ဒုတိယအချက်က သူများ ဘာသာစကားကိုကျတော့ လေးစားပြီး လေ့လာဖို့ ကြိုးစားရပါမယ်။ ဒါမှ သူတို့ စာပေတွေထဲက ကောင်းတဲ့ အချက်တွေကို ကိုယ့်အမျိုးသားတွေအတွက် အကျိုးရှိအောင် မျှဝေနိုင်မှာပါ။ အရာရာမှာ အစွန်းနှစ်ဘက်ကို ရှောင်ပြီး အလယ်လမ်းကို လိုက်နိုင်ရင် ပိုကောင်းပါတယ်။ သူ့မြေမှာ ဖြူပြာပွင့်ရင် ငါ့မြေမှာလည်း နီဝါတင့်စေရမှာပေါ့။
      ဘယ်ပညာရပ်မဆို တတ်ထားရင် သုံးနိုင်ရင် အကျိုးရှိတာပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းဟာ ကိုလိုနီ နယ်ချဲ့စနစ်ကို တိုက်ပြီး လွတ်လပ်ရေးအတွက် လုပ်ခဲ့ပေမယ့် အင်္ဂလိပ်စာကို အထူးလေ့လာခဲ့ပါတယ်။ ဒါကြောင့်လည်း မြန်မာ့တော်လှန်ရေးအတွက် ဗြိတ်သျှဗိုလ်ချုပ်ဆလင်းနဲ့ တွေ့ဆုံတဲ့အချိန် အိန္ဒိယဝန်ကြီးချုပ် နေရူးနဲ့ ဆွေးနွေးတဲ့အချိန် အင်္ဂလိပ် နန်းရင်းဝန် အက်တလီနဲ့ ဆွေးနွေးတဲ့ အချိန်တွေမှာ ကိုယ့်လိုလားချက် အမြင်တွေကို ပိုင်ပိုင်နိုင်နိုင် ဆွေးနွေးနိုင်ခဲ့ပါတယ်။ လန်ဒန်မှာ မြန်မာစာ ပါမောက္ခ လုပ်သွားတဲ့ ဒေါက်တာလှဘေဆိုရင် အင်္ဂလိပ်စာကို ကျောင်းသားဘဝ ကတည်းက သေသေချာချာ လေ့လာခဲ့တယ်လို့ ဖတ်ဖူးပါတယ်။ ဒေါက်တာထင်အောင်တို့ ဒေါက်တာကျော်သက်တို့ ဆိုလည်း အင်္ဂလိပ်စာ ပိုင်လို့သာ မြန်မာ့သမိုင်းကို အင်္ဂလိပ်လို စာအုပ်တွေရေးပြီး ကမ္ဘာကို အသိပေးနိုင်ခဲ့ပါတယ်။ ကိုယ့်အမျိုးသားတွေ အကျိုးအတွက် တိုင်းခြားဘာသာစကားကို အကျိုးရှိရှိ အသုံးချခဲ့တာပါ။ မြန်မာလူကျော်တွေ တော်တော်များများဟာ အမိ မြန်မာစာကို တန်ဖိုးထားသလို တိုင်းခြားဘာသာစကားကိုလည်း ကိုယ့်အမိမြေ အကျိုးအတွက် သုံးနိုင်ခဲ့တာကို သိစေလိုပါတယ်။
      ကျနော့် ဆောင်းပါးကို ဖတ်သွားကြတဲ့ စာဖတ်သူ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။




--
http://www.burmaburo.blogspot.com

Monday 23 June 2014






ဒီမိုဝေယံ


Posted: 22 Jun 2014 07:57 AM PDT

ချစ်ကြစမ်းပါဗျာ . . . .

ကမ္ဘာမြေပြင်ကြီးရှိ ကမ္ဘာ့လူသားများ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး၊ ဘာသာတစ်မျိုးနဲ့ တစ်မျိုး၊ ဆင်းရဲ ချမ်းသာ၊ ပညာရှိ / ပညာမဲ့ … စသည့် အလွှာပေါင်းစုံ လူသားများ ချစ်ခင်စေချင်သည်။ လူသားအချင်းချင်း စာနာစိတ်များ မွေးဖွားစေချင်သည်။ ကြင်နာစိတ်၊ ဖေးမစိတ်တို့ မွေးဖွားစေသည်။ ဒါကြောင့် ကျွန်တော်ရဲ့ အပြင်းပြဆုံးသော ဆန္ဒတစ်ခုဖြစ်ပေသည်။

ထိုကဲ့သို့ တစ်ဦးနဲ့တစ်ဦး ချစ်နိုင်ဖို့ … မိမိကိုယ်ကို ချစ်ကြဖို့၊ တန်ဖိုးထားဖို့၊ လေးစားဖို့က အရေးကြီး ဆုံးဖြစ်သည်။ ကိုယ့်ကိုယ်ကို ချစ်နိုင်မှ အများကိုလည်း ချစ်နိုင်မည်ဖြစ်သည်။ အများကိုချစ်နိုင်မှ တိုင်းပြည် ကိုလည်း ချစ်ရာရောက်မည်။ ဒီကနေ့ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးဟာ လူတွေအတွက် အကျပ်အတည်း ဖြစ်စေတဲ့ သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေနဲ့အတူ လေထုညစ် ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊ မြေဆီသြဇာခမ်းခြောက်မှု၊ သားငှက်တိရစ္ဆာန်မျိုးစိတ်များ ရှားပါးပျောက်ကွယ် လာမှု၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုတွေနှင့် သဘာဝတရားကို ညှဉ်းပန်းအနိုင်ကျင့်မှုများစတာတွေနဲ့ ပြည့် နှက်လို့ လာနေပါပြီ။

ထို့ကြောင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် "ကိုယ့်အမှိုက် … ကိုယ်ရှင်း" ဆိုပြီး အသင်းရုံးချုပ် တည်နေရာသည် မြောက်ဒဂုံမြို့နယ်၊ ၄၂ ရပ်ကွက်ဖြစ်ပါသည်။ ၄၂ ရပ်ကွက်သည် အပိုင်း (၇) ပိုင်း၊ လမ်းပေါင်း (၅၈) လမ်းရှိပြီး အုပ်ချုပ်ရေးအဖွဲ့ရုံးမှ တာဝန်ရှိသူများနှင့် ရပ်ကွက်နေ မိဘပြည်သူ အပေါင်းတို့အား ၆.၅.၂ဝ၁၄ ရက်နေ့တွင် "သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အမှိုက်ကင်းစင်ဇုံ" ဖြစ် မြောက်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုအား ပြုလုပ်ခဲ့သလို၊ ၁၅.၆.၂ဝ၁၄ ရက်နေ့တွင် မြောက်ဒဂုံမြို့နယ်၊ ၄၂ ရပ်ကွက်ရှိ "ပုဗ္ဗဝိဒေဟဓမ္မာရုံ" တွင် ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ ဆရာမ ဂျူး၊ ဆရာ ထင်လင်းဦးတို့ ဟောပြောခဲ့ပြီး ၃.၆.၂ဝ၁၄ ရက်နေ့တွင် မြောက်ဒဂုံမြို့နယ်၊ ၄၂ ရပ်ကွက် (တိုးချဲ့)ရှိ "စိတ္တသုခ အရုဏ် ဆွမ်းလောင်းအသင်း" နေရာ၌လည်း ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်နှင့် ဆရာ ထင်လင်းဦးတို့မှ ထပ်မံဟော ပြောခဲ့ကြသည်။ ၇.၆.၂ဝ၁၄ ရက်နေ့တွင် အသင်းသား/သူများတို့သည် ၄၂ ရပ်ကွက်အတွင်းရှိ မိဘပြည် သူတို့၏ နေအိမ်များသို့ တစ်အိမ်ဝင် တစ်အိမ်ထွက်၍ လက်ကမ်းစာရွက်များဝေငှပြီး အမှိုက်များ စွန့်ပစ် စနစ်တကျ စွန့်ပစ်ကြဖို့ ပြောကြားခဲ့သည်။

၈.၆.၂ဝ၁၄ (တနင်္ဂနွေနေ့) နံနက် (၇း၃ဝ) နာရီတွင် ၄၂ ရပ် ကွက်၊ တိုးချဲ့အပါအဝင် ဇော်ဂျီလမ်းတစ်လျှောက်မှ စတင်ခဲ့ပြီး ၁၅.၆.၂ဝ၁၄ (တနင်္ဂနွေနေ့) နံနက် (၇း၃ဝ) နာရီတွင် ၄၂ တိုးချဲ့ရပ်ကွက်ရှိ အေးသာယာ (၁) (၂) လမ်းရှိ အမှိုက်များအား ရပ်ကွက်တွင်းရှိ "မာဃ လုလင်" နာရေးကူညီမှုအဖွဲ့၊ ရပ်ကွက်ပြည်သူများ၊ ကလေးငယ်များတို့နှင့်လက်တွဲ၍ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့် အောင်၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်၊ အသင်းသား/သူများနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရန် စိတ်ပါဝင်စားကြသည့် လူမှုရေးအသင်းအဖွဲ့များပါ လာရောက်ပူးပေါင်း၍ ဝိုင်းဝန်းလုပ် ဆောင်ခဲ့ကြသည်။ အမှိုက်များအား လိုက်လံကောက်ယူ သိမ်းဆည်းကြသည့်အပြင် စည်းကမ်းတကျ အ မှိုက်များ စွန့်ပစ်နိုင်ကြရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သတ်မှတ်ထားသည့် အမှိုက်ပုံးများကို ရပ်ကွက်မှ တာဝန်ရှိသူများနှင့် တိုင်ပင်၍ နေရာတကျ စီစဉ်ချမှတ်ခဲ့သည်။

အပါတ်စဉ် တနင်္ဂနွေနေ့တိုင်း အမှိုက်ကောက်ခြင်းတို့အား သတ်မှတ်ထားရှိသလို အပါတ်စဉ် အင်္ဂါနေ့၊ ကြာသပတေးနေ့များတွင်လည်း မိမိတို့၏ အမှိုက်ပုံးများထဲမှ စနစ်တကျ စွန့်ပစ်ထားရှိသည့် အမှိုက်များတို့အား သိမ်းဆည်း၍ စွန့်ပစ်ရန်လို အပ်သည့် အမှိုက်များတို့အား သတ်မှတ်နေရာများသို့ စနစ်တကျ စွန့်ပစ်စေခဲ့ပြီး ပြန်လည်၍ အသုံးပြုနိုင် သည့် အမှိုက်များတို့အား စနစ်တကျ ခွဲခြမ်းထုတ်ပိုး၍ မိမိတို့နှင့် ချိတ်ဆက်ထားပြီး လာရောက်သယ်ယူ ကြသူများထံသို့ ပေးအပ်ခဲ့သည်။ ရန်ကုန်မြို့တွင် လုပ်ဆောင်နေကြသလို ကျွန်တော် လူမှုရေးဟောပြော ပွဲ ဗြဟ္မစိုရ်ခြေလှမ်းများဖြင့် မန္တလေးဘက်သို့ ရောက်ရှိနေချိန်တွင်လည်း ဦးပိန်တံတား ပတ်ဝန်းကျင်တစ် လျှောက်နှင့် မန္တလေးတောင်တော်ဝန်းကျင်ရှိ အမှိုက်များကို ကျွန်တော်နှင့် လိုက်ပါလာကြသည့် အသင်း သား/သူများတို့သည် မန္တလေးမှ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ လိုက်လံကောက်ယူ သိမ်းဆည်းခဲ့ကြ သည်။

ထိုသို့ လုပ်ဆောင်ခဲ့ရာတွင် ရပ်ကွက်တွင်းရှိ အချို့သောသူများသည် မိမိတို့အသင်းမှ လာရောက် အမှိုက်ကောက်နေကြချိန်တွင် အိမ်တွင်းအမှောင်တစ်နေရာမှ ပုန်းအောင်း၍ ချောင်းမြောင်းနေခြင်း၊ မဆိုင် သလိုနေကြခြင်း၊ အမှိုက်ကောက်ရမည်ကို ရှက်စိတ်များဖြစ်ပေါ်နေခြင်း၊ ကျွန်တော်တို့နှင့်အတူ လိုက်ပါပြီး အမှိုက်ကောက်ရန် မဝံ့မရဲဖြစ်နေကြသော်လည်း ကလေးငယ်အချို့တို့သည် အင်တိုက်အားတိုက် လုပ်ကိုင် နေကြသလို အချို့ကလေးများသည်လည်း ဆော့ကစားနေကြပြီး မိမိတို့နှင့် မဆိုင်သလို နေထိုင်ကြ သည်ကို တွေ့မြင်ခဲ့ရသည်။

ထိုအခါ မိမိတို့အသင်းသို့ လူမှုရေးလုပ်ငန်းများနှင့် ပတ်သက်၍ လာရောက် လေ့လာကြသော ဟောင်ကောင်နိုင်ငံရှိ ကျောင်းသူလေးများ၏ ဆန္ဒအလျောက် လိုက်ပါပြီး ကျွန်တော်တို့ အဖွဲ့နှင့် ပူးပေါင်းကာ ပျော်ရွှင်စွာဖြင့် အမှိုက်များကို လိုက်လံကောက်ယူ လုပ်အားပေးမှုများကိုလည်း ပြု လုပ်ခဲ့သည်။ ထို့ကြောင့် ရှက်စိတ်ဖြစ်နေသောသူများ၊ မဝံ့မရဲဖြစ်သောသူများနှင့် မိမိတို့နှင့် မဆိုင်သလို ဖြစ်နေသူများအပြင် မိမိတို့နှင့် ပူးပေါင်း၍ အမှိုက်ကောက်ရန် ဇဝေဇဝါဖြစ်နေသူများတို့အား အတွင်းရေး မှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်မှ "ကိုရီးယားကား ကြိုက်ကြသလား။" ဟု မေးလိုက်သောအခါ "ဟာ .. ကြိုက်တာပေါ့။" ဟု ပြန်လည်ဖြေဆိုကြသည်။ ဆက်လက်၍ "အေး .. ကိုရီးယားနိုင်ငံလို ကမ္ဘာ ပေါ်မှာ အဆင့်အတန်းမြင့်မားပြီး သန့်ရှင်းသာယာလှပတဲ့ ဟောင်ကောင်နိုင်ငံက မိန်းကလေးတွေက တောင် အမှိုက်လာပြီး ကောက်နေကြပြီ၊ ကလေးတို့ကလည်း ဒီအတိုင်းဘဲ ကြည့်နေတော့မှာလား။" ဟု ပြောကြားလိုက်သောအခါ ထို လူငယ်/ရွယ်များနှင့် ကလေးငယ်များပါ မိမိတို့နှင့် ပူးပေါင်း၍ တတ်ကြွစွာ ကောက်ယူသည်ကို ဝမ်းမြောက်စွာဖြင့် တွေ့ရှိခဲ့ရသည်။

ထို့အပြင် ရပ်ကွက်အတွင်းရှိ လမ်းအချို့ မိသားစု များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) မှလည်း ဆီထမင်း၊ ကောက်ညှင်းပေါင်း၊ သာကူ၊ မုန့်လုံးကြီး၊ ကော်ဖီ စသည့် အာဟာရဒါနအဖြစ် လုပ်အားပေးသူများတို့အား ကျွေးမွေးဒါနပြုခဲ့သည်။ EMERALO LION ကုမ္ပဏီမှလည်း REAKTOR Energy Drink များအား လာရောက်တိုက်ကျွေးပြီး ဝိုင်းဝန်းကူညီ လုပ် အားပေးခဲ့သည်ကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုလိုက်မိသည်။

ထို့အပြင် လမ်းတစ်ခုအတွင်း အမှိုက်များကောက်ယူကြစဉ် နေအိမ်ခြံဝန်းထဲရှိ အမှိုက်များကိုပါ အိမ်ရှင်များနှင့် ပူးပေါင်း၍ ကောက်ယူရာတွင် အိမ်အတွင်းသို့ မထင်မှတ်ဘဲ ကြည့်ရှုမိသောအခါ အိမ်တွင်း ၌ ရှုပ်ပွနေသော အမှိုက်များ၊ စားကြွင်းစားကျန်များကို တွေ့ရှိခဲ့ရ၍ အိမ်ရှိကလေးငယ်များအား "သားတို့ သမီးတို့ ညအိပ်တဲ့အခါ ဒီလိုအမှိုက်တွေ အိမ်ထဲမှာရှိနေရင် ကြွက်တွေလာမှာပေါ့" ဟု ဒု-ဥက္ကဋ္ဌ ဒေါ်သန်း မြင့်အောင်မှ ပြောကြားလိုက်သောအခါ ကလေးငယ်များမှ "ဟုတ်တာပေါ့။ သားတို့ သမီးတို့က ကြွက်တွေ နဲ့အတူ ညအိပ်ရတာ" ဟု ရိုးသားစွာ ပြန်လည်ပြောဆိုကြသည်။ ထိုအခါ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်မှ "နေကြထိုင်ကြ စားကြရင် သားတို့ သမီးတို့ ရောဂါတွေထူပြောလာမယ်။ ကျန်းမာရေးတွေ ထိခိုက်လာ မယ်။ စာသင်လည်းပျက်မယ်။ အခုလို ဆော့ကစားနိုင်တော့မှ မဟုတ်ဘူး။ ဒါကြောင့် အဲဒီအမှိုက်တွေကို ရှင်းပစ်ဖို့လိုတယ်" ဟု ပြောကြားလိုက်သောအခါ ကလေးငယ်များနှင့်အတူ အိမ်ရှင်မိသားစုများကပါ ဝင် ရောက် ရှင်းလင်းမှု ပြုလုပ်နေသည်ကိုလည်း တွေ့မြင်ခဲ့ရပြန်သည်။

သို့ရာတွင် အချို့သော လူကြီးများသည် မှောင်ရိပ်မှ ခိုးကြောင်ခိုးဝှက် ကြည့်ရှုနေခြင်း "ဒီအမှိုက် ကောက်တဲ့ အလုပ်ဟာ ငါတို့နဲ့ မသက်ဆိုင်ဘူး။ ငါတို့အလုပ် မဟုတ်ဘူး" ဟု ဆိုကြသော ယူဆချက်များ ဖြင့် ဖာသိဖာသာ နေထိုင်နေခြင်းမျိုးကိုလည်း တွေ့မြင်နေရဆဲဖြစ်သည်။

"ကလေး ကလေး အထင်မသေးနဲ့။
ကလေးကောင်းမှ လူကြီးကောင်းမှာ။
လူကြီးကောင်းမှ အားလုံးကောင်းမှာ။"

ဟူသော စကားအတိုင်း ကလေးငယ်များ၏ အတွင်းသန္ဓေတည် ကောင်းမွန်စေရန်အတွက် လူကြီး များတို့မှ စံပြအဖြစ် ရှေ့ဆောင်ပြောဆို လုပ်ဆောင်မှုများကို ပြုလုပ်ကြရန် အရေးကြီးလှပေသည်။ မိမိတို့ ရပ်ရွာ၊ ရပ်ကွက်၊ မြို့နယ်များသို့ စေတနာဖြင့် လာရောက်သစ်ပင်စိုက်ခြင်း၊ အမှိုက်ကောက်ခြင်း၊ ခြင်ဆေး ဖျန်းပေးခြင်းတို့ကို ပြုလုပ်ပေးနေသော ဗြဟ္မစိုရ်တရားလက်ကိုင်ထားသည့် ပရဟိတသမားများ၊ ပရဟိတ အသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းလုပ်ဆောင်ပေးရန်အတွက်လည်း အရေးကြီးလှသည်။ အများအကျိုး အတွက် ပူးပေါင်းလုပ်ဆောင်ပေးခြင်းသည် မင်္ဂလာတစ်ပါးပင် ဖြစ်ပေတော့သည်။

ထို့ကြောင့် မိမိကိုယ်ကို ချစ်ဖို့လိုသည်။ ကိုယ့်ကိုယ်ကိုချစ်မှ မိသားစုကိုချစ်မည်။ မိသားစုကိုချစ်မှ ရပ်ကွက်ကိုချစ်မည်။ ရပ်ကွက်ကို ချစ်မှ မြို့နယ်ကိုချစ်မည်။ မြို့နယ်ကိုချစ်မှ နိုင်ငံကိုချစ်မည်။ နိုင်ငံကိုချစ်မှ ကမ္ဘာအလယ် ဝင့်ကြွားနိုင်တော့ မည်ဖြစ်တော့သည်။ "ချစ်သည်" ဟုဆိုရာ၌ လူ့ကျင့်ဝတ်၊ လူ့ဂုဏ်သိက္ခာ၊ လူ့သီလတို့အား စောင့်ထိန်း လိုက်နာကျင့်သုံးရန် ဖြစ်တော့သည်။ ထို့ကြောင့် "ကိုယ့်ကိုယ်ကို ချစ်ကြစမ်းပါဗျာ" ဟု ကျွန်တော် လှုံ့ဆော် တိုက်တွန်း ရေးသားလိုက်ရပါတော့သည်။

  ကျော်သူ
( ဒီမိုဝေယံမှကူးယူဖေါ်ပြပါသည်)
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

Saturday 21 June 2014

A trip to midnight-sun. northern Norway.

သာသနာရေးဝန်ကြီးကို အရေးယူပြီးနောက် ထိန်းသိမ်းထားသည့် သံဃာငါးပါးအား ပြန်လွှတ်ပေး

Jun 20, 2014
SOCIALIZE IT →
Facebook "Like"-Dummy



Friday, June 20, 2014

သာသနာရေးဝန်ကြီးကို တာဝန်မှရပ်စဲသည့်ကြေညာချက်ထွက်လာပြီးနောက် ထိန်းသိမ်းထားသည့် သံဃာငါးပါးအား အာမခံဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း သတင်း ရရှိသည်။


သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို အဂတိ လိုက်စားမှု၊ သံဃာနှင့် သံဃာ့ နာယကအဖွဲ့ အကြား၊ သံဃာ့ နာယကနှင့် အစိုးရကြား အထင်မြင်လွဲမှားအောင် လုပ်ဆောင်ခဲ့မှု တို့ဖြင့် ဇွန်လ ၁၉ ရက်တွင် တာဝန်မှဖယ်ရှားပြီး ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရှိရသည်။

ဦးဆန်းဆင့်အား တာဝန်မှရပ်စဲပြီးနောက် ဇွန်လ ၂၀ ရက်နေ့တွင် တာမွေမြို့နယ် တရားရုံးတွင် ထိန်းသိမ်းထားသည့် သံဃာငါးပါးအား ရုံးထုတ်စစ်ဆေးကာ ထိုသို့ အာမခံဖြင့် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

လူဝတ်လဲခံထားရသော သံဃာငါးပါးကို တာမွေတရားရုံးမှာပင် သင်္ကန်းပြန်ဆီးပေးသွားဖွယ်ရှိကြောင်း မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။

ဦးဆန်းဆင့် ပြုတ်သွားရခြင်းမှာ မဟာသန္တိသုခကျောင်းကို ဝင်ရောက်စီးနင်းမှုနှင့် ပတ်သက် ကြောင်း၊ မဟာသန္တိသုခကျောင်းကိစ္စကို သမ္မတက ငြိမ်းချမ်းစွာဖြေရှင်းရန် ညွှန်ကြားသော်လည်း ဦးဆန်းဆင့်က သမ္မတအမိန့်ကို မနာခံဘဲ မဟာသန္တိသုခကျောင်းကို အင်အားသုံးစီးနင်းခဲ့သည့်အပြင် ဘုန်းတော်ကြီးငါးပါးကိုပါ လူဝတ်လဲ ဖမ်းဆီးချုပ်နှောင်ပြီး တရားစွဲဆိုခဲ့ကြောင်း၊ ဝန်ကြီး ဦးဆန်းဆင့်၏ လုပ်ရပ်သည် သမ္မတကိုပမာမခန့်လုပ်ရာရောက်သည့်အပြင် သံဃာနှင့် သမ္မတကြား ရန်တိုက် ပေးသည့် သဘောဖြစ်၍ အခြေခံဥပဒေ ပုဒ်မ ၂၃၅၊ ပုဒ်မခွဲ(ဂ) ပုဒ်မခွဲငယ်(၁) အရ ပေးအပ်သောတာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သည့်အတွက် တာဝန်မှ ရပ်စဲခဲ့ခြင်းဖြစ်ကြောင်း၊ ဦးဆန်းဆင့်သည် မဟာသန္တိသုခ ကိစ္စအပါအဝင် နိုင်ငံတော်သမ္မက တာဝန်ပေးသည့် လုပ်ငန်းတာဝန်များတွင် လုပ်ပိုင်ခွင့်ထက် ကျော်လွန် လုပ်ဆောင်မှုများ ရှိနေခြင်းကြောင့်
ပြည်ထဲရေးဝန်ကြီးဌာနက ယခုလို အရေးယူရခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ဇွန်လ ၂၀ ရက်နေ့တွင် ပြောကြားသည်။

ငွေကြေး အလွဲသုံးစားမှုနှင့် ပတ်သက်၍ ဦးဆန်းဆင့်၏မိသားစုဝင်များ၊ သူနှင့် ပတ်သက်သူများ၏ နေအိမ်များကို ဝင်ရောက် စစ်ဆေးနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ အတည်ပြုပြောကြားကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာနက စစ်ဆေးတွေ့ရှိချက် အပေါ် မူတည်ပြီး ဦးဆန်းဆင့်ကို အရေးယူမှု ပြုလုပ်မည် ဟု ယင်း အကြီးတန်း အရာရှိက ပြောကြားသည်။

မဟာသန္တိသုခကျောင်းကိစ္စနှင့်ပတ်သက်၍ သမ္မတကြားဝင်ဖြေရှင်းပေးရန် ကာယကံရှင် ပီနန်ဆရာတော်ကြီး၊ အထက်မြန်မာပြည် သံဃာတော်များနှင့် အခြားသံဃာအဖွဲ့အစည်းများက ထုတ်ပြန်ခဲ့ကြပြီးနောက် သာသနာရေးဝန်ကြီးအား တာဝန်မှ ရပ်စဲလိုက်ခြင်းဖြစ်သည်။

ကျပ်သိန်းတစ်ထောင်ဖြင့် ဖမ်းဆီးခံသံဃာငါးပါးအား အာမခံရ

Written by 
ရန်ကုန်၊ မဇ္ဈိမ ။                  ။ မဟာသန္တိသုခ ကျောင်းတိုက် ချိတ်ပိတ်သည့် ညက ဖမ်းဆီး လူဝတ်လဲ ခံထားရသည့် သံဃာငါးပါး အား တာမွေတရားရုံးတွင် တစ်ပါးလျှင် ကျပ်သိန်းနှစ်ရာနှုန်းဖြင့် ကျပ်သိန်းတစ်ထောင် အာမခံကြေးပေးပြီး ပြန် လွတ်လိုက်ခြင်းဖြစ်သည်ဟု သွားရောက်သတင်းယူနေသည့် မဇ္ဈိမသတင်းထောက်များက သတင်းပေးပို့ပါ သည်။
20j1
ယင်းအပြင် အဆိုပါသံဃာတစ်ပါးစီအတွက် ဆရာတော်နှစ်ပါးစီက ကျောင်းပိုင်ဆိုင်မှု မြေဂရန်ပြပြီး အာမခံခဲ့ရခြင်းလည်းဖြစ်သည်။
လက်ရှိတွင် သံဃာငါးပါးစလုံး သာသနာ့ဘောင်သို့ ပြန်လည်ဝင်ရောက်ပြီးဖြစ်ကာ အာမခံပေးသည့် ဆရာတော် တစ်ပါးဖြစ်သော တာမွေမြို့နယ်အတွင်းရှိ သုံးထပ်ကျောင်းဆရာတော်၏ ကျောင်းတိုက်တွင် သတင်းသုံးမည် ဖြစ်သည်။
ထို့နောက် တရားရုံးက ယခုလ ၂၇ရက်တွင် ရုံးချိန်ပြန်ခေါ်ထားသည့်အတွက် ပြန်လည်အမှုရင်ဆိုင်ကြရမည်ဖြစ် သည်။
လန်ဒန်ဆရာတော်အပါအဝင် သံဃာငါးပါးမှာ ဇွန်လ ၁ဝရက်ညက မဟာသန္တိသုခကျောင်းတိုက်ကို ချိတ်ပိတ် စဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။
သာသနာရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးဆန်းဆင့်ကိုလည်း ငွေအလွှဲသုံးစားမှုဖြင့် အမှုဖွင့်ထားသလို တာဝန်မှ ရပ်စဲလိုက်ကြောင်းလည်း ဇွန်လ ၂ဝရက်တွင် သမ္မတ ဦးသိန်းစိန်က ကြေငြာထားသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း

20 June 2014 09:34(+0630) (လွန်ခဲ့သော 9 နာရီ ခန့်က)

Facebook "Like"-Dummy
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

(အမိန့်အမှတ်၊ ၁၃/၂၀၁၄)

၁၃၇၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်

(၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်)

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၄၊ ပုဒ်မခွဲ(က)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၂၊ ပုဒ်မခွဲ(က)တို့ပါ ပြဋ္ဌာန်းချက်များအရ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်အား ၎င်း၏သဘော ဆန္ဒ အလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်။

(ပုံ) သိန်းစိန်                 

နိုင်ငံတော်သမ္မတ             

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သမ္မတရုံး ၀က်ဆိုဒ်








--
http://www.burmaburo.blogspot.com

Thursday 19 June 2014

ဒေါ်အောင်ဆန်းစုကြည် (၆၉)နှစ်ပြည့် မွေးနေ့


မိသားစုတစ်စု၊ လူဦးရေ ၈၂ ယောက် – လင်းယုန်

29
ဦးမျိုးအောင်
ယခု မေလ အစောပိုင်းက မြန်မာနိုင်ငံ အနောက် တံခါးဒေသ ဖြစ်သော မောင်တောဒေသ သို့ ရောက်ရှိခိုက် ရခိုင်ပြည်နယ်အရေး အလေးထားသူတိုင်း ဂရုပြုမိကြသော မိသားစုတစ်စုနှင့် ကတိုက်ကရိုက် တွေ့ဆုံ ဖြစ်ခဲ့သည်။ ထိုတွေ့ဆုံမှုကို ပုံစံသစ် တစ်မျိုးနှင့် တင်ပြရန် ကြံရွယ်ထားသော်လည်း အထမမြောက်သေး ဖြစ်နေရသည်။ ယင်းသို့အခြေအနေတွင် ရခိုင်ဒေသကို ပိုင်နိုင် ကျွမ်းကျင်စွာ လေ့လာ သုတေသန ပြုထားသော သမိုင်းသုတေသီ ဆရာတစ်ဦးနှင့် စကားစပ်မိတော့ ထိုဆရာသည်လည်း ယင်းမိသားစုကို အလေးဂရုပြု တခုတ်တရ စကားဆို၏။
ဤမျှ ပညာရှင်များ ကိုယ်တိုင် ဂရုပြုသော မိသားစုတစ်စုကို ကိုယ်တွေ့ ကြုံခဲ့ရပါလျက် ပြည်သူလူထုထံ အသိပေးတင်ပြခြင်း မပြုနိုင်သေးသည်ကို စိတ်မကောင်း ဖြစ်မိပေသည်။ ထို့ကြောင့် ရည်ရွယ်ရင်း ပြုထားသော တင်ပြပုံ မဟုတ်သေးသည့်တိုင် မောင်တောမြို့နယ်အတွင်း ဘင်္ဂါလီ ကျေးရွာတစ်ရွာတွင် နေထိုင်လျက်ရှိသည့် ထိုမိသားစုထံ ရောက်ရှိခဲ့စဉ် အိမ်ထောင်ဦးစီးဖြစ်သူ ဦးမျိုးအောင်နှင့် မိသားစုဝင်အချို့အား လျှပ်တစ်ပြက် မေးခွန်းထုတ်ခဲ့ မိသည်များကို တင်ပြလိုက်ရပါသည်။
30
ဦးမျိုးအောင်၏ မိသားစုဝင်အချို့
ဦးမျိုးအောင်
မြေးတွေနာမည်ရော မှတ်မိရဲ့လား။
မှတ်မိပါတယ်။
နောက်ဆုံးရတဲ့မြေးကိုမှတ်မိလား။
မမှတ်မိတော့ဘူး။
မြေးအငယ်ဆုံးက ဘယ်နှနှစ်လောက် ရှိလဲ။
အဲဒါ သူတို့က နိုင်ငံခြားမှာပဲ။ ကျွန်တော်မသိဘူး။ လူဦးရေတွေလည်း ကျွန်တော်မသိ။ သားသမီးတွေ နိုင်ငံခြားမှာ များတယ်။
အဘ အမျိုးသမီး ဘယ်နှယောက်ရှိ လဲခင်ဗျ။
လေးယောက်။
အိမ်ထောင် အမျိုးသမီး လေးယောက်က တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်လောက်ခြားပြီး ယူခဲ့တာလဲ ခင်ဗျ။ မှတ်မိနိုင်လား။
ဒါကတော့ မှတ်မိပါတယ်။ ပထမယူပြီး နောက်တစ်ယောက်က လေးနှစ်ကြာပြီးမှ ယူတယ်။ နောက်တစ်ယောက်က ဆယ်နှစ်ကြာပြီးမှ၊ နောက်တစ်ယောက်က ဆယ့်ငါးနှစ်ကြာပြီးမှ။
သားသမီးတွေကို အမျိုးသမီးတစ်ယောက်စီက ဘယ်လောက်စီမွေးလဲ။
ပထမ အမျိုးသမီးက ၉ ယောက်ပါ။ အိမ်ထောင်ကျပြီး နှစ်နှစ်အတွင်းမှာ တစ်ယောက်မွေးတယ်၊ နှစ်နှစ်ကြာ၊ နှစ်နှစ်ကြာ၊ သုံးနှစ်ကြာတချို့က။
ပထမ အမျိုးသမီးနဲ့ လေးနှစ်ကြာပြီးမှ နောက်အိမ်ထောင်ထပ်ပြုတာပေါ့။
ဟုတ်တယ်။
အဲဒီအမျိုးသမီးကရော နှစ်နှစ်ခြား၊ သုံးနှစ်ခြား အဲလိုပဲ မွေးလား။
အဲလိုပဲမွေးတာပဲ။
နောက်အိမ်ထောင်ကျပြီး ငါးနှစ် ခြောက်နှစ်မှာဆိုရင် အဘတစ်နှစ်၊ တစ်နှစ်မှာ သားသမီးမွေးတာ နှစ်နှစ် သုံးနှစ်ကို နှစ်ယောက်လောက် မွေးနေတဲ့ သဘောပေါ့။
သုံးနှစ် လေးနှစ်ကြာမှ နှစ်ယောက်ပေါ့။
အားလုံး တစ်အိမ်တည်းမှာ နေကြတာလား။
မနေပါ။ သူတို့ဟာနဲ့သူ။
မိသားစုကြီးတဲ့ အခါကျတော့ ဒီမိသားစုကို ထိန်းသိမ်းရတာ အဆင်ပြေရဲ့လား။ စားဝတ်နေရေးတို့၊ နေရေးထိုင်ရေးတို့။
အဆင်ပြေတယ်၊ ကျွန်တော်က အားလုံး ကျောင်းထားခဲ့တယ်။ ဘွဲ့ရ သုံးယောက် ရှိတယ်။ မိန်းကလေး တွေလည်း အကုန် စာသင်ပေးပါတယ်။
အသက်မွေးဝမ်းကျောင်း ဘာလုပ်လဲ ခင်ဗျ။
လယ်လုပ်ငန်းပါပဲ။
လယ်ဧကဘယ်လောက်ပိုင်လဲ ခင်ဗျ။
ဧက နှစ်ဆယ်ကျော်ရှိပါတယ်။
ဧကနှစ်ဆယ်က တစ်နှစ်ကို စပါးဘယ်လောက်လောက် ထွက်လဲခင်ဗျ။ ပျမ်းမျှပေါ့ခင်ဗျ။ အဘအိမ်ထောင် စကျတဲ့အချိန် ကနေပြီးတော့ပေါ့။
ကျွန်တော်တို့က တင်းနဲ့မဟုတ်ဘူး တောင်းနဲ့ဒေသ အခြင်အတွယ်နဲ့ပေါ့။ ပျမ်းမျှတစ်နှစ်ကို တောင်းနှစ်ထောင် လောက် ရတယ်လေ။
ဘာစပါးလဲ အဘ။
စပါးက ဒီကထွက်တဲ့စပါး။ မေးရှည်တို့၊ ငစိန်တို့၊ ဘာတို့။
ကုန်ကျစရိတ် ဘာညာ နုတ်ပြီးတော့ တစ်နှစ်ဘယ်လောက်လောက် ကျန်လဲခင်ဗျ။
အဲဒါတော့ ကျွန်တော်တို့ မတွက်ပါဘူး။ ဘာလို့ဆိုတော့ ကျွန်တော်တို့က ကိုယ့်ဘာသာ ကိုယ်လုပ်တယ်၊ ကိုယ့်ဘာသာကိုယ် စားတယ်ပေါ့။ အဲလိုပဲလုပ်ပါတယ်။
ကိုယ့်ဘာသာကိုယ် စပါးကျီဆောက်ပြီးတော့ ထားပြီးစားတာပေါ့။ အပြင်ရော မရောင်းဘူးလားခင်ဗျ။
အပြင်ကိုမရောင်းဘူး။ အရင်တုန်းက ပုစွန်ကန်တို့ ဘာတို့လည်း ရှိတယ်လေ။ အခုမရှိတော့ဘူး ဒါတွေက။
အဲဒီတုန်းက ပုစွန်ကန်တွေကရော ၀င်ငွေဘယ်လောက်လောက် ရှိနိုင်လဲခင်ဗျ။
ဝင်ငွေကတော့ အမျိုးမျိုးရှိတယ်လေ သိန်းနှစ်ဆယ်၊ သုံးဆယ်၊ ငါးဆယ်။
အဘမိသားစု အားလုံးပေါင်း ဘယ်နှယောက်ရှိတာလဲ။
၈၂ ယောက်။
အဘလိုမျိုး အိမ်ထောင်စုကြီးတဲ့လူ ဒီရွာမှာ ဘယ်လောက်ရှိလဲ။
မရှိတော့ပါ။
အဘအများဆုံးပေါ့။
ဟုတ်ပါတယ်။
အဘက ဒီမှာပဲ မွေးတာလား။
ဒီမှာမွေးတာပါ။
အဘအမေ၊ အဖေတွေကရောခင်ဗျ။
အဖေအမေတွေလည်း ဒီမှာပါပဲ။
မြန်မာနိုင်ငံရဲ့ ထုံးတမ်းစဉ်လာမှာ မျိုးရိုးစဉ်ဆက်ကို ကြည့်တဲ့အခါမှာ ကျွန်တော်တို့က ဘိုးဘေး ဘီဘင်လောက်ထိ ကြည့်ကြတယ်၊ နောက် မြေးမြစ်တီကျွတ်ပေါ့။ အဘတို့လောက် အထိကို ဒီမှာပဲ နေခဲ့တာလားခင်ဗျ။
ဒီမှာပဲ နေခဲ့တာပါ။
ဒါက မြေးလားခင်ဗျ။
ဒါက အထွေးဆုံးသားပါ။
ဦးမျိုးအောင်၏ အထွေးဆုံးသား
နာမည်ဘယ်လိုခေါ်လဲခင်ဗျ။
—– ။
အသက်ဘယ်လောက်ရှိပြီလဲခင်ဗျ။
၂၅ နှစ်ပါ။
အစ်မအကြီးဆုံးဖြစ်ဖြစ်၊ အစ်ကို အကြီးဆုံးပဲဖြစ်ဖြစ် ရှိလားခင်ဗျ။
မရှိဘူး၊ ဆော်ဒီမှာပဲ။
အစ်မလား၊အစ်ကိုလား အကြီးဆုံးက။
အစ်ကို။
အသက်က ဘယ်လောက်လောက်ရှိ ပြီလဲခင်ဗျ။
အစ်ကိုက အသက်လေးဆယ်ကျော်ပါ။
အစ်ကိုအကြီးဆုံးနဲ့ အစ်ကိုကြားထဲမှာ မောင်နှမ ဘယ်လောက် ရှိလဲခင်ဗျ။
၂၂ ယောက်ရှိပါတယ်။
ဒါဆို အစ်ကိုအကြီးအတွက်ဆိုရင် တစ်နှစ်ကို မောင်နှမ တစ်ယောက်စီ ရနေတဲ့ သဘောပေါ့။
အစ်ကိုအကြီးဆုံး ဆိုရင်လည်း ၄၅ နှစ်လောက်ရှိပြီ၊ ဆော်ဒီမှာရှိတယ်လို့ သိရတယ်ခင်ဗျ။ ခုနအဘပြောသလို သားသမီးတွေလည်း နိုင်ငံခြားမှာ တော်တော်များများ ရှိတယ်လို့ ပြောတော့ နိုင်ငံခြားမှာ ဘယ်နှဦးလောက် ရှိလဲခင်ဗျ။
၁၂ ယောက်ရှိတယ်။
အလုပ်သွားလုပ်တာလား။ ဘယ်လို ထွက်သွားတာလဲခင်ဗျ။
သူတို့က ဒီမှာအလုပ်မရှိတော့ အဲဒီမှာ သွားလုပ်တယ်လေ။
ဒီမှာကျန်တဲ့သားသမီးတွေက ဘာ လုပ်လဲခင်ဗျ။
ဆိုင်တည်တယ်၊ လယ်လုပ်တယ်၊ ပိုက်လုပ်တယ်။
ဦးမျိုးအောင်၏ ကိုးယောက်မြောက် သား
ဟိုတစ်ယောက်ကရော သားပဲလား ခင်ဗျ။ ဘယ်နံပါတ်စဉ်လောက်မှာ ရှိလဲခင်ဗျ။
ကျွန်တော်က နံပါတ်ကိုးမှာ ရှိပါတယ်။
အစ်ကိုအိမ်ထောင်နဲ့လားခင်ဗျ။
ဟုတ်ပါတယ်။
သားသမီး ဘယ်နှယောက်ရပြီလဲခင်ဗျ။
နှစ်ယောက်။
ထပ်ယူဖို့ အစီအစဉ်ရှိသေးလား။ အိမ်ထောင်ဘက် ဘယ်နှယောက်ရှိ လဲခင်ဗျ။
တစ်ယောက်ပါ။
လောလောဆယ် အတူနေ မိသားစုတွေ ဘယ်နှယောက်လောက် ရှိလဲခင်ဗျ။ ဒီဝင်းထဲမှာ။
ဒီမှာဆိုရင် ၂၀ ကျော်လောက် ရှိပါတယ်။
နေလို့ထိုင်လို့ အဆင်ပြေရဲ့လား ၂၀ ကျော် ဆိုတော့လေ။
ပြေပါတယ်။
ဝင်းက ဘယ်လောက်ကျယ်လဲခင်ဗျ။
သုံးဧကကျော်ရှိပါတယ်။
ဒီလိုပဲ အိမ်လေးတွေ ဆောက်နေကြတာပေါ့နော်။
အိမ်မဆောက်နိုင်လို့ ပေါင်းနေတာလည်းရှိတယ်။
ဒီမှာရှိနေတဲ့ ညီအစ်ကိုမောင်နှမ အများစု ဘာလုပ်ကြလဲခင်ဗျ။
အစ်ကိုတစ်ယောက်က ဆန်ရောင်းတယ်၊ ကျွန်တော်က တံငါလုပ်တယ်။ အငယ်တွေရှိတယ်။ သူတို့က ဘာမှမလုပ်ဘူး။
ကျန်တဲ့ မိသားစု ၁၆ ယောက်ထဲမှာ အဖေ့ခြေရာကို နင်းနိုင်တာ ဘယ်နှယောက် ရှိလဲ။
တစ်ယောက်မှ မရှိပါ။ လုံးဝ ၀ါသနာ မပါတာ အဲလိုမျိုး။
31
ဦးမျိုးအောင်၏ အိမ်မကြီးနောက်ဖက် ခြံစည်းရုံးအကန့်တစ်ကန့် မြင်ကွင်း
ဦးမျိုးအောင်
ဒါက ၀င်းထဲမှာဆို အိမ်မကြီးပေါ့။
ဟုတ်ပါတယ်။
ထူးဆန်းတာလေး တစ်ခုတွေ့လို့။ မိသားစုချည်းပဲ အိမ်ဝိုင်းထဲမှာ နေတာဆိုလို့လေ ကျွန်တော်တို့ ဆိုရင်လည်း ရွာမှာနေတာ အဲလိုပဲ ခြံဝင်းကြီးက အကျယ်ကြီးပဲ။ ကျွန်တော့်အဘိုးက သားသမီးချည်းပဲ ၁၁ ယောက်ရှိတယ်။ မိန်းမ တစ်ယောက်တည်း ကနေ ၁၁ ယောက် မွေးတာ။ သားသမီးတွေလည်း မိသားစုတွေနဲ့ ၀င်းထဲမှာ အိမ်လေးတွေနဲ့ နေကြတယ်ခင်ဗျ။ ဒါပေမဲ့ အခုအတွေ့ရသလို တစ်အိမ်တစ်အိမ် သီးသန့်လိုမျိုး ၀င်းထဲမှာ ခြံစည်းရိုးတွေ ပြန်ခတ် ထားတာမျိုးတော့ မရှိဘူး။ အဲဒါဘာ ဖြစ်လို့လဲ သားသမီးတွေက မတည့်ကြဘူးလား။
မတည့်ကြလို့မဟုတ်ဘူး။ ကျွန်တော်တို့ ဘာသာရေးအရ အမျိုးသမီးတွေက တခြားလူတွေက မမြင်ရဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က အဲဒါကာကွယ်ပြီးတော့ ကျွန်တော်တို့ မိသားစုထဲမှာဆိုရင် ကာစရာမလိုဘူး။ ဒီ့ပြင်လူတွေက ကျွန်တော်တို့ သားအရွယ်လာမယ်၊ သမီးအရွယ် လာမယ်ဆိုရင် အဲဒီလူတွေက ကျွန်တော်တို့ သားသမီးတွေကို မမြင်ရအောင် မိန်းကလေးတွေကို မမြင်ရအောင် အဲလို ကာထားရတာ။ မတည့်တာတော့ မရှိပါဘူး။ စည်းစည်းလုံးလုံးပဲ အားလုံး။
ကျေးဇူးပါပဲခင်ဗျ။





--
http://www.burmaburo.blogspot.com

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ တိုင်းရင်းသားဖြစ်မလာနိုင် . . . ဒါပေမဲ့

Published on: June 8, 2014
Written by: 
နေထွန်းနိုင်
"မြန်မာအစိုးရက ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ် မပြုရုံသာမက တရားဝင် ထုတ်ပြန်ချက်တွေမှာလည်း ဘင်္ဂါလီလို့ပဲ သုံးနှုန်းဖော်ပြခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပင် အဲဒီ ဒုက္ခရောက်နေတဲ့ လူနည်းစုအတွက် ကရုဏာစိတ် အနည်းငယ်သာ ပြသခဲ့တယ်"

ဖော်ပြပါ စကားရပ်ဟာ မေ ၂၉ ရက် နေ့စွဲနဲ့ Foreign Policy မဂ္ဂဇင်း ဘလော့ဂ်စာမျက်နှာမှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်မှာ ပါဝင်ခဲ့ပါတယ်။ ဆောင်းပါးနာမည်က The Self-Censorship Shuffle: Why One Australian Media Mogul Chose to Kowtow to Myanmar's Generals ဖြစ်ပြီး ရေးသူတွေက Catherine A. Traywick နဲ့ Jake Scobey-Thal တို့ ဖြစ်ကြပါတယ်။

(၂)
ဆောင်းပါးရဲ့ အသွားအလာက မြန်မာတိုင်း (မ်) ကို ပူးတွဲတည်ထောင်ခဲ့သူ ဩစတြေးလျနိုင်ငံသား ရော့စ်ဒန်ကလေကို အမွှမ်းတင်ဖို့ ကြိုးစားတဲ့ ပုံစံမျိုးပါ။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ မီဒီယာလောက အခြေအနေကို ထည့်ရေးပြီး ဘင်္ဂါလီအရေးမှာ မြန်မာမီဒီယာရဲ့ ဖော်ပြမှုဟာ ဓမ္မဓိဋ္ဌာန်ကျမှု အားနည်းတယ်ဆိုပြီး ဝေဖန်ပြစ်တင်ပါတယ်။

ဘင်္ဂါလီ(ရိုဟင်ဂျာ) လူနည်းစုရဲ့ ဒုက္ခတွေကို ဖော်ပြသင့်ပေမဲ့ ဒီကိစ္စဟာ အကဲဆတ်လွယ်ပြီး အစိုးရကလည်း ဖော်ပြလိုခြင်း မရှိဘူးလို့ ဆောင်းပါးမှာ ဖော်ပြပါတယ်။ သမိုင်းကြောင်းအရ ဘင်္ဂါလီလူနည်းစုဟာ ဘင်္ဂလားဒေ့ရှ်က ဆင်းသက်လာတာဖြစ်ပြီး ရခိုင်ပြည်နယ်ထဲမှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ ဆောင်းပါးရှင်က ထည့်ရေးခဲ့ပါတယ်။ ဒါပေမဲ့ သူတို့တွေရဲ့ အစ္စလာမ်အယူဝါဒက ဗုဒ္ဓဘာသာ နေထိုင်မှုပုံစံကို ခြိမ်းခြောက်တယ်ဆိုပြီး နှိမ်ချဆက်ဆံ ခံနေရတယ်။ သူတို့တွေဟာ အကြမ်းဖက်မှုရဲ့ ဓားစာခံတွေ ဖြစ်ခဲ့ရပြီး အကြမ်းဖက်မှုတွေကလည်း လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်တဲ့အကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းများနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ပြောကြားချက်တွေကို ကိုးကားပြီး ဆောင်းပါးမှာ ရေးသားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာအစိုးရက ဘင်္ဂါလီတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ် မပြုဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီလူနည်းစုကို ကရုဏာစိတ် အနည်းငယ်ပဲ ဖြစ်ခဲ့တယ်လို့ ဆောင်းပါးမှာ ဆက်ပြောခဲ့တာ ဖြစ်ပါတယ်။

(၃)
နောက်တစ်ချက်က မြန်မာနိုင်ငံက မီဒီယာသမားတွေကို ဝေဖန်ပြစ်တင်ခဲ့တာပါ။ ရန်ကုန်မှာရှိတဲ့ ဝါရင့်သတင်းသမားတစ်ဦးရဲ့ ပြောကြားချက်ဆိုပြီး "သတင်းစာတိုက်တွေဟာ မွတ်စလင် သို့မဟုတ် ဘင်္ဂါလီတွေပါဝင်တဲ့ ပဋိပက္ခတွေကို သတင်းယူတဲ့အခါ ဓမ္မဓိဋ္ဌာန်ကျကျ ဖော်ပြနိုင်မှု အားနည်းတယ်။ ဒါဟာ သတင်းထောက်တွေ ကိုယ်တိုင်က ပြည်သူလူထုနဲ့အတူ သူတို့တွေ (ဘင်္ဂါလီများ) အပေါ် မလိုမုန်းထားစိတ်တွေ ရှိနေလို့ဖြစ်တယ်" လို့ ဆောင်းပါးမှာ ဖော်ပြပါတယ်။ ဘင်္ဂါလီတွေဟာ ဘင်္ဂလားဒေ့ရှ်က တရားမဝင် ခိုးဝင်လာသူတွေ ဖြစ်ကြတယ်ဆိုတဲ့ တပ်မတော်အစိုးရရဲ့ ဝါဒဖြန့်မှုကို သတင်းထောက်တွေက လုံးဝလက်ခံထားတယ်ဆိုပြီး ရန်ကုန်သတင်းထောက်ရဲ့ ပြောဆိုချက် ဆိုတာကို ကိုးကားပြီး ဆောင်းပါးမှာ ဆိုပါတယ်။

ဒီအချက်ကို ထပ်ပြီး အတည်ပြုဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ထုတ်ပြန်ခဲ့တဲ့ United States Institute of Peace ရဲ့ အစီရင်ခံစာပါ မှတ်ချက်ကို ဆောင်းပါးမှာ ထည့်သွင်းဖော်ပြပါတယ်။

"ယခင်တပ်မတော် အစိုးရနဲ့ ၎င်းရဲ့ သတင်းရေးစီကြောင်းအပေါ် ထိန်းချုပ်မှုအမွေက အရည်အသွေးပြည့်ဝပြီး ကျင့်ဝတ်ညီတဲ့ သတင်းတင်ဆက်မှုတွေကို လုပ်ဆောင်နိုင်တဲ့ ကျွမ်းကျင်ပညာရှင်တွေ မရှိတာပါပဲ" လို့ USIP ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဒီမိုကရေစီ ဖြစ်ထွန်းတိုးတက်ရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ရေးအတွက် မဟုတ်ဘဲ တခြားကိစ္စတွေမှာ လိုအပ်တာထက်ပိုပြီး တွန်းအားပေး လုပ်ဆောင်ခဲ့မယ် ဆိုရင်တော့ မြန်မာနိုင်ငံဟာ အာရှရဲ့ကျားတစ်ကောင် ဖြစ်လာမှာမဟုတ်ဘဲ ကျားစာဖြစ်သွားပါလိမ့်မယ် . . . . .
"Weekly Eleven လို မီဒီယာကြီး တစ်ခုတောင်မှ ပြည်သူ့သဘောဆန္ဒနဲ့ လွန်ဆန်ပြီး အမှန်တရားကို ဖော်ထုတ်မပြနိုင်ဘူး" လို့ USIP အစီရင်ခံစာမှာ ဖော်ပြထားတဲ့အကြောင်း Foreign Policy ဆောင်းပါးမှာ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ Weekly Eleven ဟာ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ကပေးတဲ့ Press Freedom ဆုကို ၂ဝ၁၁ ခုနှစ်မှာ ရရှိထားတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။

(၄)
Foreign Policy မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးရဲ့ အနှစ်ချုပ်က ရော့စ်ဒန်ကလေကို အမွှန်းတင်ပြီး ဘင်္ဂါလီကိစ္စကို အကြောင်းပြုလို့ မြန်မာနိုင်ငံသားပိုင် မီဒီယာတွေ၊ မြန်မာသတင်းထောက်တွေကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ သင်တန်းပေး လေ့ကျင့်မှုနဲ့ အတွေ့အကြုံ မရှိတာကြောင့် အရည်အချင်း နိမ့်ပါးရတယ်လို့ ပြောချင်ပုံရပါတယ်။

အမေရိကန်သမ္မတ၊ အမေရိကန်အစိုးရနဲ့ လူ့အခွင့်အရေး အဖွဲ့တွေအပြင် အမေရိကန်ရဲ့ အထင်ကရ မီဒီယာတွေ၊ သတင်းစာတွေဟာ ဘင်္ဂါလီအရေးနဲ့ ပတ်သက်လာရင် လိုတာထက်ပိုပြီး တွန်းအားဖော်ပြ ပြောဆိုလေ့ ရှိပါတယ်။ အဲဒီလို ဖော်ပြသူတွေထဲမှာ The New York Times သတင်းစာနဲ့ Foreign Policy မဂ္ဂဇင်းတွေလည်း ပါဝင်ကြပါတယ်။

မြန်မာနိုင်ငံမှာ ဘင်္ဂါလီတွေ အလွန်အမင်း ဖိနှိပ်ခံနေရတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်။ ဘင်္ဂါလီတွေ လူမျိုးသုဉ်း သတ်ဖြတ်ခံနေရတယ် ဆိုတာအထိ သူတို့တွေက ဖော်ပြပြောဆို နေခဲ့ကြပါတယ်။

(၅)
ဘင်္ဂါလီအရေးနဲ့ ပတ်သက်လာရင် မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးစု၊ ပြည်သူတွေ၊ အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် အားလုံးရဲ့ သဘောထားက ရှင်းလင်းပြတ်သားပါတယ်။

တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကို လက်ခံဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ သမ္မတဦးသိန်းစိန်က ၂ဝ၁၂ ခုနှစ်မှာ ပြောခဲ့ပါတယ်။ ဖြေရှင်းနိုင်တဲ့ နည်းလမ်းက ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကို UNHCR ကိုအပ်ပြီး ဒုက္ခသည်စခန်းမှာ ထားမယ်။ သူတို့တွေကို UNHCR က ကျွေးမွေးရမယ်။ တတိယနိုင်ငံတွေက လက်ခံမယ်ဆိုရင် ပို့ပေးမယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

၂ဝ၁၂ ခုနှစ်မှာပဲ ဂျီနီဗာမှာ ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ရဲ့ နှစ်ပတ်လည် ညီလာခံမိန့်ခွန်းမှာ ဘင်္ဂါလီနဲ့ ပတ်သက်ပြီး ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအပေါ် သဘောထားကို ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ဖြစ်ပွားခဲ့တဲ့ ပြဿနာဟာ နယ်ခြားမလုံခြုံမှုကြောင့် ဖြစ်ရတာလို့ ဆိုပါတယ်။ ၂ဝ၁၃ ခုနှစ် ဗြိတိန်ကို ရောက်ရှိစဉ် ဘီဘီစီနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ မြန်မာနိုင်ငံမှာ လူမျိုးသုဉ်းသတ်ဖြတ်မှု မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

"ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေက လူမျိုးသုဉ်းသတ်ဖြတ်မှု မဟုတ်ဘူး။ နိုင်ငံတကာအနေနဲ့ နားလည်ပေးဖို့ လိုတဲ့အချက်က ကြောက်ရွံ့ထိတ်လန့်မှုတွေဟာ မွတ်စလင် အသိုင်းအဝိုင်းကြားမှာပဲ ရှိနေတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တွေမှာလည်း စိုးရိမ်မှုတွေ၊ ကြောက်ရွံ့မှုတွေ ရှိနေပါတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က ဘီဘီစီကို ပြောခဲ့ပါတယ်။

သမိုင်းကြောင်းအရ ကြည့်မယ်ဆိုရင်လည်း ဘင်္ဂါလီတွေဟာ မြန်မာနိုင်ငံထဲကို ခိုးဝင်လာသူတွေပဲ ဖြစ်ပါတယ်။ ကိုလိုနီခေတ်က အင်္ဂလိပ်တွေ ခေါ်သွင်းလာရာက မြန်မာနိုင်ငံထဲကို ရောက်လာပါတယ်။ နောက်ပိုင်း မပြန်တော့ဘဲ မြန်မာနိုင်ငံမှာပဲ အခြေချ နေထိုင်ခဲ့သူတွေ ရှိပါတယ်။ သူတို့တွေဟာ တိုင်းရင်းသား ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ လျော်ညီလို့ နိုင်ငံသားဖြစ်ခွင့် ရှိတယ်ဆိုဦးတော့ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ပြည်သူတွေနဲ့ တိုင်းရင်းသားလူမျိုးစုတိုင်းက ဒီအချက်ကို ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ဝါဒဖြန့် မှိုင်းတိုက်မှု မပါဘဲ ယုံကြည်စွာ လက်ခံထားပါတယ်။

(၆)
လူ့အခွင့်အရေးရှုထောင့်က ဘယ်လိုပဲကြည့်ကြည့် မြန်မာနိုင်ငံသားဖြစ်ခွင့်ကို ၁၉၈၂ ခုနှစ် ဥပဒေနဲ့ပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ အခုချိန်မှာတင် ရခိုင်ပြည်နယ်ထဲမှာ နေထိုင်နေတဲ့ ဘင်္ဂါလီ အရေအတွက်ဟာ ရှစ်သိန်းခန့် ရှိနေပါတယ်။

တကယ်လို့သာ ဘင်္ဂါလီကို တိုင်းရင်းသားအဖြစ် လက်ခံလိုက်မယ်ဆိုရင် မြန်မာနိုင်ငံပြင်ပမှာ ရောက်ရှိနေတဲ့ ၄ ဒသမ ၂ သန်းခန့်ရှိတဲ့ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံက လက်ခံရတော့မှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ လာမယ့် နှစ် ၂ဝ ကာလအတွင်း ခိုးဝင်လာသူတွေ ထပ်များလာရင် မွတ်စလင်ဦးရေ သန်း ၂ဝ အထိ ရောက်လာနိုင်ပါတယ်။

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့သာ ချုပ်ကိုင်မထားဘူးဆိုရင် အခုချိန် ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီအရေအတွက် လွန်လွန်ကြူးကြူး တိုးပွားနေမှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ အခုချိန် ရခိုင်ပြည်နယ် လူဦးရေရဲ့ သုံးပုံတစ်ပုံဟာ ဘင်္ဂါလီတွေ ဖြစ်နေပါတယ်။ ကျန်တဲ့ သုံးပုံနှစ်ပုံက ရခိုင်နဲ့ အခြားတိုင်းရင်းသားတွေ ဖြစ်ပါတယ်။ ဘင်္ဂါလီတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ် ပြုလိုက်မယ်ဆိုရင် လာမယ့် နှစ် ၂ဝ အတွင်း ရခိုင်ပြည်နယ် လူဦးရေရဲ့ သုံးပုံနှစ်ပုံဟာ ဘင်္ဂါလီတွေ ဖြစ်သွားမှာပါ။ ဒါဟာ ယူဂိုဆလားဗီးယား ပြိုကွဲတဲ့ပုံစံမျိုး မြန်မာနိုင်ငံမှာ ဖြစ်လာနိုင်တဲ့ အခြေအနေပါ။

ဘင်္ဂါလီအရေးမှာ ကိုယ်လိုချင်တဲ့ပုံစံဖြစ်အောင် အမေရိကန်အစိုးရနဲ့ အမေရိကန်မီဒီယာတွေက ပုံသွင်းလို့ မရပါဘူး။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုတွေ အများကြီးရှိတယ်။ တိုင်းရင်းသားတွေထဲမှာ ဗမာမုန်းတီးရေးဝါဒကို လက်ကိုင်ပြုပြီး အစွန်းရောက်တဲ့ လူမျိုးစုတွေ ရှိနေတယ်။ ဘင်္ဂါလီကို တိုင်းရင်းသားခွင့်ပြုဖို့ တောင်းဆိုနေသူတွေထဲမှာလည်း အစွန်းရောက်သူတွေ ရှိတယ်။

သူတို့အားလုံးက စစ်အာဏာရှင် ဆန့်ကျင်ရေးကို ဗန်းပြပြီး ဗမာမုန်းတီးရေးဝါဒနဲ့ ပြည်ထောင်စုပြိုကွဲရေးကို ဝါဒဖြန့် လုပ်နေကြပါတယ်။
ရခိုင်အရေးပဲဖြစ်ဖြစ်၊ မွတ်စလင်ပြဿနာမှာပဲဖြစ်ဖြစ် မြန်မာမီဒီယာတွေဟာ ဓမ္မဓိဋ္ဌာန်ကျကျ တွေးခေါ်တတ်ပါတယ်။ စစ်အစိုးရအဆက်ဆက် ဝါဒဖြန့်ချိရေးကိုလည်း ငုံ့မခံတတ်ဘူး။ ပညာဉာဏ် နည်းနေတာလည်း မဟုတ်ဘူး။ ကျွန်တော်တို့မှာ တိကျတဲ့ ရပ်တည်ချက် ရှိပါတယ် . . . . .
သူတို့ရဲ့ အစွန်းရောက်မှုတွေက ထိပ်တိုက်တွေ့မှုတွေ ဖြစ်လာမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖြစ်ထွန်းမှုဟာ ရပ်တန့်သွားမှာဖြစ်ပြီး အီဂျစ်လိုမျိုး၊ ထိုင်းလိုမျိုး စစ်အာဏာသိမ်းမှုအောက် ပြန်ရောက်သွားမှာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ Agenda အတိုင်း ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသားအဖြစ် အတင်းသွတ်သွင်းမယ်ဆိုရင် မြန်မာနိုင်ငံဟာ အီဂျစ်လို၊ ထိုင်းလို ဖြစ်လာမှာ အမှန်ပါပဲ။ အီဂျစ်တို့၊ ထိုင်းတို့ဆိုတာ အမေရိကန်က ထောက်ခံထားတဲ့ နိုင်ငံတွေပါ။ မြန်မာနိုင်ငံဟာ အမေရိကန် မကန့်ကွက်တဲ့ ကမ္ဘောဒီးယားနိုင်ငံလိုလည်း မဖြစ်သင့်ပါဘူး။

(၇)
ကျွန်တော်တို့ Eleven Media Group က ဒီအချက်ကို ကောင်းကောင်းသိပါတယ်။ ဘင်္ဂါလီအရေးကို လူ့အခွင့်အရေး တစ်ခုတည်းက မကြည့်ပါဘူး။ မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား ရှုထောင့်က ကြည့်ပါတယ်။ ကျွန်တော်တို့ ရပ်တည်ချက်က ရှင်းပါတယ်။ ပြည်သူရဲ့ သဘောဆန္ဒကို မလွန်ဆန်နိုင်တာ မဟုတ်ဘူး။ အမှန်တရားထက်မှန်တဲ့ အမှန်တရား မရှိဘူးဆိုတဲ့ ယုံကြည်ချက်နဲ့အတူ အမှန်တရားဘက်ကပဲ ရပ်တည်ပါတယ်။

ကျွန်တော်တို့ဘက်က မျက်စိမှိတ်၊ နားပိတ်ပြီး ကျင့်ဝတ်ကို သွေဖည်ပြောဆိုနေတာ မဟုတ်ဘူး။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အမျိုးသား အကျိုးစီးပွားအတွက် အမှန်တရားကိုသာ ထုတ်ဖော်ပြောဆိုနေတာ ဖြစ်ပါတယ်။ ဒီအချက်ကို အမေရိကန်သမ္မတ၊ အမေရိကန်အစိုးရ၊ အမေရိကန်မီဒီယာတွေနဲ့ အခြားလူ့အခွင့်အရေး အဖွဲ့တွေ သိထားဖို့ လိုပါလိမ့်မယ်။

ဒီနေရာမှာ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးရဲ့ သဘောထားကို ထည့်သွင်းပြောရပါလိမ့်မယ်။ အမေရိကန်သံရုံးက အရာရှိတချို့၊ ဝန်ထမ်းတချို့ဟာ သကာလောင်းတဲ့ စကားလုံးတွေနဲ့ မြန်မာမီဒီယာတွေကို အမေရိကန်ပုံစံဖြစ်အောင် သွတ်သွင်းနေတာ ကြာပါပြီ။ အရင်ကလို မီဒီယာသင်တန်း စပွန်ဆာပေးတာတွေကို ပေါ်ပေါ်ထင်ထင် မလုပ်တော့ပေမဲ့ သူတို့နဲ့ရင်းနှီးတဲ့ သတင်းထောက်တွေကိုခေါ်၊ သတင်းထောက်တွေ ပြောတာကို နားထောင်သလိုနဲ့ ကိုယ်ပုံဖော်ချင်တဲ့ အယူအဆတွေကို ရိုက်သွင်းဖို့ ကြိုးစားခဲ့ပါတယ်။

သူတို့ရဲ့ ကြိုးစားမှုဟာ အရာမထင်ဘူးလို့ သတ်မှတ်ရပါလိမ့်မယ်။ အထူးသဖြင့် ဘင်္ဂါလီအရေးမှာ အမေရိကန်အလိုကျ ဖြစ်မလာပါဘူး။ တချို့ လုပ်ဖြစ်ခဲ့ပေမဲ့ အများစု အလုပ်မဖြစ်ခဲ့ပါဘူး။

နောက်တစ်ချက်က အမေရိကန် သံရုံးကတစ်ဆင့် သွားနေတဲ့ အစီရင်ခံစာတွေ ဖြစ်ပါတယ်။ ဒီအစီရင်ခံစာတွေဟာ မြန်မာပြည်သူလူထုရဲ့ လက်တွေ့ဘဝနဲ့ ကင်းကွာနေပါတယ်။ ဧပြီလက ထွက်ရှိခဲ့တဲ့ (International Republican Institute-IRI) စစ်တမ်းမှာလည်း ဒီအချက်တွေကို တွေ့ရှိရပါတယ်။

(၈)
အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ မူဝါဒက ရှင်းပါတယ်။ မုန့်တစ်ဖက်၊ တုတ်တစ်ဖက်လို့ ဆိုရမယ့် Carrot and Stick သီအိုရီအတိုင်း လုပ်ပါတယ်။ ဒီလို လုပ်ဆောင်မှုဟာ မြန်မာပြည်သူတွေအတွက် မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားအတွက် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လအတွင်းမှာ ပြောကြားခဲ့တဲ့ အမေရိကန်သမ္မတ အိုဘားမားရဲ့ ဝက်စ်ပွိုင့်မိန့်ခွန်းမှာလည်း ဒီအချက်ကို တွေ့ရှိရပါတယ်။ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒ အောင်မြင်မှုကို ပြောတဲ့အခါ မြန်မာ့အပြောင်းအလဲ ဖြစ်ထွန်းမှုကို ဥပမာပြုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ထွန်းနေတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ မြန်မာပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းမှု ရှိ၊ မရှိ ရလဒ်ကိုတော့ အိုဘားမားက ပြောကြားခြင်း မရှိပါဘူး။ မြန်မာပြည်သူတွေက အခုချိန်ထိ 'ထူးမခြားနား' အခြေအနေနဲ့ ဇာတ်မျောနေရတုန်း ဖြစ်ပါတယ်။

မြန်မာ့ပြုပြင်ပြောင်းလဲရေးဟာ အမေရိကန်ရဲ့ အောင်မြင်တဲ့ နိုင်ငံခြားရေး မူဝါဒလို့ အိုဘားမားက ပြောခဲ့တာဟာ မြန်မာပြည်သူတွေရဲ့ လက်ရှိအခြေအနေကို အမေရိကန်အစိုးရ မသိဘူးဆိုတာကို ပြဆိုခြင်းပါပဲ။

(၉)
အမေရိကန်သမ္မတ၊ အမေရိကန်အစိုးရတွေရဲ့ သူတို့အကျိုးစီးပွား တစ်ခုတည်းကိုကြည့်တဲ့ အမြင်တွေဟာ မြန်မာပြည်သူတွေအတွက် လက်တွေ့မကျဘူး ဆိုတာကို ကြိမ်ဖန်တလဲ ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ လက်တွေ့မကျတာတွေအပြင် လွဲချော်မှုတွေကလည်း ရှိနေပါတယ်။ IRI စစ်တမ်း လွဲချော်မှုက အကောင်းဆုံးသက်သေ ဖြစ်ပါတယ်။ အမေရိကန်အစိုးရက လွဲချော်မှုတွေ ရှိသလို အမေရိကန် မီဒီယာတွေမှာလည်း လွဲချော်မှုတွေ ရှိနေပါတယ်။

ဥပမာအားဖြင့် Foreign Policy မဂ္ဂဇင်းက ၂ဝ၁၃ ခုနှစ်အတွက် ကမ္ဘာ့ထိပ်တန်း တွေးခေါ်သူများစာရင်းကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီစာရင်းမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံး ဦးသန့်ရဲ့မြေး ဒေါက်တာသန့်မြင့်ဦးကို ရွေးချယ်ခဲ့ပါတယ်။ ဒေါက်တာသန့်မြင့်ဦးဟာ စာအုပ်အောင်မြင်မှုရရုံ၊ ဦးသန့်မြေးဖြစ်ရုံနဲ့ ကမ္ဘာ့ထိပ်တန်း တွေးခေါ်ပညာရှင်စာရင်းမှာ မပါသင့်ပါဘူး။ နောက်ပြီး သူ့ကိုသိတဲ့သူတွေက မြန်မာနိုင်ငံမှာ လက်ချိုးရေလို့ ရပါတယ်။ သိပ်မရှိပါဘူး။ ဒေသတွင်း နိုင်ငံတွေမှာ သူရဲ့ ဩဇာလွှမ်းမိုးမှုကလည်း သိပ်မရှိပါဘူး။ သူ့ရဲ့ လုပ်ဆောင်မှုတွေက မြန်မာပြည်သူတွေအပေါ် အကျိုးဖြစ်ထွန်းမှု အားနည်းခဲ့ပါတယ်။

(၁ဝ)
ဒေါက်တာသန့်မြင့်ဦးဟာ ရန်ကုန်မြို့ပြစီမံကိန်း ရေးဆွဲခြင်း၊ မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်ငန်းများကို အများပြည်သူသိအောင် လုပ်ခဲ့တာကြောင့် အခုလို ရွေးခဲ့တာဖြစ်တယ်လို့ Foreign Policy မဂ္ဂဇင်းက ဆိုပါတယ်။ လက်တွေ့မှာ ဘယ်လိုအခြေအနေ ရှိနေသလဲ။ ရန်ကုန်မြို့မှာ ရှိနေတဲ့ ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အအုံ အများစုဟာ ခရိုနီတွေလက်ထဲကို ရောက်နေပါပြီ။ ခရိုနီတွေလက်ထဲ ရောက်သွားတဲ့ ရှေးဟောင်း အဆောက်အအုံတွေကို ပြန်ယူပြီး ကာကွယ်စောင့်ရှောက်ဖို့ ဒေါက်တာသန့်မြင့်ဦးက စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပါဘူး။

နောက်ပြီး ဒေါက်တာသန့်မြင့်ဦးဟာ မြန်မာ့ငြိမ်းချမ်းရေး ဗဟိုစင်တာ (MPC) တို့လို့ မြန်မာ့နိုင်ငံရေးမှာ တတိယအုပ်စုဆိုပြီး ပြည်သူတွေရဲ့ လက်တွေ့အခြေအနေကို မျက်ကွယ်ပြု၊ နိုင်ငံရေးပရောဟိတ် လုပ်နေသူတွေနဲ့ နီးစပ်သူ ဖြစ်ပါတယ်။ ရန်ကုန် အမေရိကန် သံရုံးကလည်း တတိယအုပ်စုတွေနဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိနေတာကြောင့် တတိယအုပ်စုက ဝါဒဖြန့်ပြောဆိုနေတဲ့ အောင်မြင်မှုတွေဟာ အမေရိကန် သံရုံးကတစ်ဆင့် အမေရိကန်အစိုးရဆီကို စဉ်ဆက်မပြတ် ရောက်ရှိနေပါတယ်။ ပြည်သူတွေရဲ့ 'ရွှေပြည်တော် မျှော်တိုင်းဝေး' ဟစ်ကြွေးမှုတွေက တတိယအုပ်စုတွေရဲ့ ဝါဒဖြန့် လှိုင်းလုံးအောက်မှာ နစ်မြုပ်နေခဲ့ပါတယ်။

(၁၁)
အမေရိကန်နိုင်ငံမှာ အမေရိကန် အကျိုးစီးပွား ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘင်္ဂလားဒေ့ရှ် အကျိုးစီးပွား ရှိပါတယ်။ တရုတ်နိုင်ငံမှာ တရုတ်အကျိုးစီးပွား ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း မြန်မာနိုင်ငံရဲ့ အကျိုးစီးပွား ရှိနေပါတယ်။

အမေရိကန်အစိုးရ၊ အမေရိကန် မီဒီယာတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖြစ်ထွန်းတိုးတက်မှုနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ရေးကိုပဲ အားပေးကူညီ ဆောင်ရွက်သင့်ပါတယ်။ ဒါမှသာလျှင် မြန်မာပြည်သူတွေရဲ့ မိတ်ဆွေကောင်း ဖြစ်လာမှာပါ။

ရခိုင်အရေးပဲဖြစ်ဖြစ်၊ မွတ်စလင်ပြဿနာမှာပဲဖြစ်ဖြစ် မြန်မာမီဒီယာတွေဟာ ဓမ္မဓိဋ္ဌာန်ကျကျ တွေးခေါ်တတ်ပါတယ်။ စစ်အစိုးရအဆက်ဆက် ဝါဒဖြန့်ချိရေးကိုလည်း ငုံ့မခံတတ်ဘူး။ ပညာဉာဏ် နည်းနေတာလည်း မဟုတ်ဘူး။ ကျွန်တော်တို့မှာ တိကျတဲ့ ရပ်တည်ချက် ရှိပါတယ်။ ဘင်္ဂါလီဆိုတာ တိုင်းရင်းသား မဟုတ်ဘူး။ ဒါပေမဲ့ ဘင်္ဂါလီပဲဖြစ်ဖြစ်၊ မွတ်စလင်ပဲဖြစ်ဖြစ် ဘယ်လူနည်းစုတွေ အပေါ်မှာမှ ခွဲခြားဆက်ဆံတာ၊ ဖိနှိပ်တာတော့ လက်မခံပါဘူး။

ဒီမိုကရေစီ ဖြစ်ထွန်းတိုးတက်ရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ရေးအတွက် မဟုတ်ဘဲ တခြားကိစ္စတွေမှာ လိုအပ်တာထက်ပိုပြီး တွန်းအားပေး လုပ်ဆောင်ခဲ့မယ် ဆိုရင်တော့ မြန်မာနိုင်ငံဟာ အာရှရဲ့ကျားတစ်ကောင် ဖြစ်လာမှာမဟုတ်ဘဲ ကျားစာဖြစ်သွားပါလိမ့်မယ်။




--
http://www.burmaburo.blogspot.com

ဦးနေဝင်း ခေတ်မြန်မာစာသတ်ပုံ

ကဝိလက္ခဏာသတ်ပုံသံပေါက်မှာ

တခါတရံ
လောကဓံ
ဆက်ဆံကိုလည်း သေးသေးတင်။

လို့ရေးထားပါတယ်။ တစ်နဲ့ရေးရရင်

တစ်ခါတစ်ရံ
လောကစ်ဓံ
ဆစ်ဆံကိုလည်း သေးသေးတင်။

လို့ရေးမှကာရန်လိုက်လိမ့်မယ်။




တစ်ခု တစ်ကောင် တစ်ယောက် (မိုးသစ်ဝေ)
Posted by Khin Lunn on June 7, 2014 0 Comment

" ကျွန်တော် စပြီး မေးချင်ပါတယ်။ အဲဒီလို တ၀မ်းပူစသတ် တစ် လို့ အရင်ရှေးထုံးမရှိပဲ အမှားကြီး စရေးခဲ့တာ ဦးနေ၀င်းလို့ ကျွန်တော်ကြားဖူးပါတယ်။ အဲဒီအကြောင်း ဆရာတို့ ပြောပြပေးပါဦး"

" သိပ်ဟုတ်တာပေါ့ကွာ။ ပြန်ပြောရရင်တော့ တရုတ်ပြည်က တိန့်ယင်ရှောင် အလည်လာတုန်းကပေါ့။ တခါမှ စာတပုဒ်ကို ဖြစ်ဖြစ်မြောက်မြောက်မရေးဖူးတဲ့ ဦးနေ၀င်းက ကိုယ်တိုင် ဆောင်းပါးတပုဒ်ရေးပြီး သတင်းစာထဲမှာ ထည့်ခိုင်းတယ် ကွာ။ သတင်းစာ အယ်ဒီတာတွေလည်း…."

တစ်ခု တစ်ကောင် တစ်ယောက်

" ဦးနေ၀င်းရဲ့နောက်မြီးဆွဲ မလုပ်ချင်ကြနဲ့တော့လို့ ပြောလိုက်တဲ့ ဆရာမောင်သင်းခိုင်၊ ဆရာမောင်ကြူးရင့်တို့နှင့် စာပေစကားဝိုင်း"

ပျဉ်းမနားကဗျာဆရာများ တွေ့ဆုံလေ့ရှိရာ ကိုမိုးကြီး(ကဗျာဆရာမိုးကျော်အောင်)ရဲ့ Rain ကဖီးကို ကျွန်တော်ရောက်တော့ ဆရာမောင်သင်းခိုင်က ရောက်နှင့်ပြီ။
""မင်္ဂလာပါဆရာ""
""မင်္ဂလာပါ ကိုမိုးသစ်ဝေရေ၊ ထိုင်ကွာ၊ ဗိုလ်ကြူးလည်း ခဏနေရင် ရောက်လာလိမ့်မယ်""
ကျွန်တော်လည်း ခုံတလုံးမှာ ၀င်ထိုင်လိုက်ရင်း လက်ဖက်ရည်တခွက် မှာလိုက်ပါတယ်။
""ဆရာရေ ဒီနေ့တော့ ကျွန်တော် ဆရာတို့နဲ့ အင်တာဗျူးစရာလေးတွေ ရှိတယ်။ ဒီကိစ္စက ကျွန်တော်လည်း သိမီသလောက်တော့ သိမီခဲ့တယ်ပေါ့လေ။ ဒါပေမယ့် ဆရာတို့ပြောတာ ကြားရရင် ပိုပြီး ပြည့်စုံမယ် ထင်လို့ပါ""
""ဘာကိစ္စများလဲ ဆိုပါဦး""
""တစ်ခု၊ တစ်ကောင်၊ တစ်ယောက်ဆိုတဲ့ အရေးအသား အမှားကိစ္စပါဆရာ""
""သိပ်ကောင်းတယ်ဟေ့၊ ဒီကိစ္စကို အမှန်အတိုင်းဖြစ်အောင် ပြန်ဖော်ထုတ်သင့်တာကြာနေပြီ။ ဟော .. အတော်ပဲ။ ဗိုလ်ကြူးလည်း ရောက်လာပြီ။ စကားဝိုင်းလေး ပိုပြီး စိုပြည်သွားတာပေါ့ကွာ""
ဗိုလ်ကြူးလို့ ကျွန်တော်တို့က ချစ်စနိုးခေါ်တဲ့ ကဗျာဆရာမောင်ကြူးရင့် စားပွဲမှာဝင်ထိုင်လိုက်ပြီးနောက် ကျွန်တော်တို့စကားဝိုင်းလေး စပြီး အသက်ဝင်သွားပါတော့တယ်။

သင်း။ ။ ဗိုလ်ကြူးရေ၊ ငါတို့ အခုပြောနေတာက တစ်ခု တစ်ကောင် တစ်ယောက် ဆိုတဲ့ အရေးအသား အမှားကိစ္စကွာ။ တချို့တွေလည်း တခု တကောင် ဆိုပြီး ပြန်ပြင်ရေး ဖို့ ကြိုးစားနေကြပါပြီ။ ဒါပေမယ့် တွင်တွင်ကျယ်ကျယ်တော့ ဖြစ်မလာ သေးဘူး။ ဒီတော့ ဒီကိစ္စကို အများပြည်သူလည်း ပြန်သတိရလာအောင် အမှန် အတိုင်း ပြန်ရေး လာကြအောင် ဘယ်လိုလုပ်သင့်ကြသလဲ ဆွေးနွေးကြရင် မကောင်းဘူးလား""

ကြူး။ ။ သိပ်ကောင်းတာပေါ့ ဗိုလ်ကြီးရာ၊ ကိုယ်ကတော့ ကဗျာတပုဒ်ထဲမှာတောင် ထည့်ရေးခဲ့ပြီးပါပြီ။ ကဗျာဆိုတော့ ဖတ်တဲ့လူနည်းတော့ သိပ်ပြီး မပျံ့နှံ့ခဲ့ဘူးပေါ့။ ဒီအကြောင်းကို ၀ိုင်းဆွေးနွေးကြပြီး ဆောင်းပါးရေး၊ ဂျာနယ်မှာထည့်ခိုင်းရင် ပိုကောင်းမယ်ထင်တယ်""
မိုး။ ။ ဒီနေ့ပြောသမျှကို မှတ်သားပြီး ကျွန်တော် ပြန်ရေးပေးပါ့မယ်။ ကဲ ကျွန်တော် စပြီး မေးချင်ပါတယ်။ အဲဒီလို တ၀မ်းပူစသတ် တစ် လို့ အရင်ရှေးထုံးမရှိပဲ အမှားကြီး စရေးခဲ့တာ ဦးနေ၀င်းလို့ ကျွန်တော်ကြားဖူးပါတယ်။ အဲဒီအကြောင်း ဆရာတို့ ပြောပြပေးပါဦး""

သင်း။ ။ သိပ်ဟုတ်တာပေါ့ကွာ။ ပြန်ပြောရရင်တော့ တရုတ်ပြည်က တိန့်ယင်ရှောင် အလည်လာတုန်းကပေါ့။ တခါမှ စာတပုဒ်ကို ဖြစ်ဖြစ်မြောက်မြောက်မရေးဖူးတဲ့ ဦးနေ၀င်းက ကိုယ်တိုင် ဆောင်းပါးတပုဒ်ရေးပြီး သတင်းစာထဲမှာ ထည့်ခိုင်းတယ် ကွာ။ သတင်းစာ အယ်ဒီတာတွေလည်း တော်တော် ခေါင်းခြောက်ခဲ့ရတယ်တဲ့။ ဘာလို့လဲဆိုတော့ သူ့ဆောင်းပါးထဲမှာ တခါမှ သုံးလေ့သုံးထမရှိတဲ့ အသုံးအနှုန်း အမှားတွေ ပါနေလို့ပဲ။

""အဆွေတော်နှင့် ကျွန်ုပ်တို့ တစ်ဦးနှင့် တစ်ဦး၊ တစ်ပြည်ထောင်နဲ့ တစ်ပြည်ထောင် "" စသဖြင့် ပေါ့ကွာ။ ရေးထုံးအမှားကို အမှန်လို့ မှတ်လာခဲ့ရတဲ့ အခုခေတ် လူငယ်တယောက် ဖတ်ကြည့်ရင်တော့ ဘာမှားလို့လဲပေါ့ကွာ။ ဒါပေမယ့် အဲဒီအချိန်ကတော့ တော်တော့်ကို မျက်စိထဲမှာ ထူးဆန်းနေတဲ့ သတ်ပုံ အမှားကြီးပေါ့ကွာ။ အယ်ဒီတာတွေလည်း ဦးနေ၀င်းရေးတာဆိုတော့ မပြင်ရဲဘဲ ဒီအတိုင်းပဲ သတင်းစာထဲ ထည့်ပေးလိုက်တာပေါ့။ နောက်နေ့ အဲဒီဆောင်းပါး ဖတ်ပြီးသူတွေက ပြုံးစေ့စေ့နဲ့ ပေါ့ကွာ။ နိုင်ငံ့ခေါင်းဆောင်တယောက် လုပ်နေပြီး စာလေးတပုဒ်တောင် ဖြောင့်အောင်မရေးနိုင်ဘူးဆိုပြီးတော့ပေါ့။

ကြူး။ ။ အဲဒီအမှားကို မသိလိုက်မသိဖာသာဘဲ နေလိုက်ကြရင်တော့ အဲဒီကိစ္စက အဲဒီမှာပဲ ပြီးခဲ့မှာပဲ။ ဒါပေမယ့် သူ့ရဲ့နောက်လိုက်တွေက ငါတို့ခေါင်းဆောင်ကြီး ရေးတဲ့ အတိုင်း လိုက်ရေးကြမယ်ဆိုပြီး လိုက်ရေးကြရာက အဲဒီလိုအမှားရေးတဲ့ လူတွေ အတော်လေးများလာပြီး၊ အမှားနဲ့အမှန် ရောထွေးလာတယ်။ နှစ်အတော်ကြာလာတော့ တယောက်လို့ရေးတာ အမှန်လား၊ တစ်ယောက်လို့ ရေးတာအမှန်လားဆိုတာ ပြဿနာကြီးတခု ဖြစ်လာခဲ့တော့တာပေါ့။

သင်း။ ။ အဲဒီမှာပဲ ဦးနေ၀င်းက အာဏာရှင်ညာဉ်အတိုင်း သူစခဲ့တဲ့ အမှားကို အမှန်ဖြစ်လာအောင် အတင်းလုပ်ခိုင်းတော့တာပေါ့။ သတ်ပုံအမှန်ဖြစ်ရေး လုပ်ကြပါ ဆိုပြီး မြန်မာစာအဖွဲ့ကို ဖိအားပေးခဲ့တယ်လေ။ မြန်မာစာအဖွဲ့ကလည်း ဦးနေ၀င်းအလိုကျ ကြိုးဆွဲရာ ကပေးခဲ့တယ်။ မြန်မာစာလုံးပေါင်းသတ်ပုံ ကျမ်းဆိုတာ ထုတ်ပြီး တစ် လို့ ရေးကြပါဆိုပြီး သတ်မှတ်ပေးလိုက်တယ်။ ဥပဒေစကားနဲ့ပြောရရင်တော့ အများပြည်သူမနှစ်သက်တဲ့ ဥပဒေတခု ပြဋ္ဌာန်းပေးလိုက်တာပေါ့။

မိုး။ ။ မြန်မာစာအဖွဲ့က သတ်ပုံကျမ်းမှာ "တစ်" လို့ရေးသင့်တယ်ဆိုတာကို ဘယ်လိုအထောက်အထား တွေများရှာပြီး အကြောင်းပြခဲ့တာလဲဆရာ။
သင်း။ ။ အထောက်အထားရှာလို့ ဘယ်လိုရမှာလဲကွာ။ ပုဂံခေတ်ကစလို့ ခေတ်အဆက်ဆက် ပညာရှင်အကုန်လုံး တခု တကောင်တယောက်လို့ပဲ ရေးခဲ့ကြတာကိုကွာ။ အနန္တသူရိယအမတ်ကြီးရဲ့မျက်ဖြေအလင်္ကာမှာပဲ ကြည့်လေကွာ။ ""သူတည်းတယောက်၊ ကောင်းဖို့ရောက်မူ၊ သူတယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း"" တဲ့။ ""သူတည်းတစ်ယောက်""လို့ ရေးခဲ့လို့လား။ မင်းဘူးဆရာတော် ဦးသြဘာသရဲ့စာတွေထဲပဲရှာရှာ၊ ဦးပုညရဲ့စာတွေထဲပဲရှာရှာ၊ ဆရာကြီးရွှေဥဒေါင်းရဲ့ စာတွေထဲပဲ ရှာရှာ ဘယ်တွေ့လိမ့်မလဲ။ အဲဒီလိုရေးထုံးမှ မရှိခဲ့ပဲကိုး""
ဒါပေမယ့် လိုရာဆွဲပြောဖို့ ဉာဏ်နီဥာဏ်နက်ထုတ် စကားလုံးရှာတဲ့နေရာမှာတော့ မြန်မာစာအဖွဲ့က တကယ်တော်တယ်ဟေ့။ "" တ နှင့် တစ်အရေးကို စဉ်းစားသောအခါ ရေးတော့အမှန် ဖတ်တော့အသံ ဟူသည်ကို လိုက်နာမည်""တဲ့။ ""သဘာဝယုတ္တိအရ ပြုပြင်သင့်သည်ကို ပြုပြင်မည်""တဲ့။ နာမ်၊ မျိုးပြပစ္စည်းတို့နှင့် ယှဉ်တွဲသော တ သည် ကိန်းဂဏန်းတစ်ခုကို အရင်းခံသော ပုဒ်ဖြစ်သဖြင့် စသတ်ဖြင့်ရေးရန်"" တဲ့။

ရှေးစာပေ အထောက်အထား အကိုးအကား တခုမှ မပါဘူးနော်။ ငါတို့မှာ အာဏာရှိတယ်၊ ငါတို့ရေး ခိုင်းတဲ့အတိုင်း ပြင်ရေးရမယ်ဆိုတာကို စကားလုံးလှလှလေးတွေ နဲ့ ပြောလိုက်တာပဲ။

မိုး။ ။ ရေးတော့အမှန် ဖတ်တော့အသံ ဆိုပြီး "ဒို့" ဆိုတဲ့စကားလုံးကိုတောင် "တို့" လို့ ပြောင်းရေးကြရမယ်ဆိုလို့ "" ဒို့ကျောင်းသား""စာစောင်ကိုတောင် ""တို့ကျောင်းသား"" လို့ နာမည်ပြောင်းပေးခဲ့ရတာ ကျွန်တော်မှတ်မိသေးတယ် ဆရာ""

ကြူး။ ။ အဲဒီ မြန်မာစာအဖွဲ့ပဲလေ၊ စစ်အစိုးရတက်လာတော့ ဒို့တာဝန်အရေးသုံးပါး ဆိုတာ စာလုံးပေါင်းမှားနေတယ်။ တို့တာဝန်အရေးသုံးပါး လို့ရေးပါ ဆိုပြီး ထောက်ပြရဲခဲ့လို့လား။

မိုး။ ။ မှန်လိုက်တာ ဆရာရယ်။

သင်း။ ။ ဆက်ပြောရရင် ဦးနေ၀င်းက သူ့ရေးထုံးအမှားကြီးကို အမှန်ဖြစ်အောင်လို့ မြန်မာစာအဖွဲ့ကိုအသုံးချပြီး တရားဝင်ဖြစ်အောင် ပြဋ္ဌာန်းခဲ့တယ်။ ဒါပေမယ့် လူတိုင်းက လိုက်မရေးခဲ့ကြပါဘူး။ ဒီတော့ ဘယ်သူ့ကို အသုံးချလာလဲဆိုတော့ စာပေကင်ပေတိုင်လို့ အများကခေါ်ကြတဲ့ စာပေစိစစ်ရေးအဖွဲ့လေ။ ပုံနှိပ်သမျှ စာအုပ်စာတမ်းတွေ အားလုံးကို သတ်ပုံမမှန်ရင် ထုတ်ခွင့်မပေးဘူးဆိုပြီး အတင်း ပြင်ခိုင်းတော့တာပဲ။ ဒီတော့ နောက်လူတွေလည်း တခု တကောင် ဆိုတဲ့အရေး အသားကို မမြင်ဘူး ကြတော့ပဲ၊ တစ်ခုတစ်ကောင်လို့ ရေးရတယ်လို့ပဲ အမှားကြီးကို အရိုးစွဲလာခဲ့ကြတာပေါ့။

မိုး။ ။ အဲဒီတုန်းက စာရေးဆရာတွေက မကန့်ကွက်ခဲ့ကြဘူးလား။

သင်း။ ။ အဲဒီတုန်းက အာဏာရှင်htayစနစ်အောက်မှာဆိုတော့ ကန့်ကွက်ကြောင်း တရားဝင်ရေးသားခွင့် မရခဲ့ဘူးလေ။ ကိုတင်မိုးကြီးကတော့ ဘီဘီစီနဲ့ အင်တာဗျူးမှာ မကြိုက်ကြောင်းပြောခဲ့တာမှတ်မိတယ်။ ဆရာမင်းသုဝဏ် ရွဲ့တည့်တည့် ပြောတာခဲ့တာလည်း မှတ်မိသေးတယ်။ ဆရာမင်းသုဝဏ်ကို ဆရာဇော်ဂျီနဲ့ တွေ့ဖြစ် လားမေးတော့ ""ကျွန်တော် တစ်ခါတစ်လေ (ရေးသည့်အတိုင်း အသံထွက်ပြီးပြော) တော့လည်း တွေ့ဖြစ်ပါတယ်"" တဲ့။ အဲဒီ တစ် ဆိုတဲ့ အရေးအသားကို ဆရာမင်းသုဝဏ်လို ဆရာကြီးတွေလည်း မကြိုက်ခဲ့ကြပါဘူး။

ကြူး။ ။ ရှင်းနေတဲ့အရေးအသားကို ရှုပ်အောင် ပြောင်းရေးခိုင်းတော့ နောက်ထပ် ပြဿနာတွေကို ထပ်တွေ့ရပြန်ရော။ လူတွေလည်း ရေးကောင်းကောင်းနဲ့ တ၀မ်းပူ စသတ် တစ် လိုက်ကြတာ တစ်ကျက်ကျက်တို့၊ တစ်သသတို့၊ တစ်အံ့တစ်သြတို့ တောင် ဖြစ်သွားကြပြန်ရော။ အဲဒါတွေကျတော့ စသတ် မတစ်ရပြန်ဘူး ဆိုတော့ လူတွေလည်း ဘယ်ဟာကို စသတ်နဲ့ တစ်ရမယ်၊ ဘယ်ဟာကိုတော့ စမသတ်ပဲ တ လို့ပဲ ရေးရမယ်၊ တခမ်းတနားလား တစ်ခမ်းတစ်နားလား၊ တခါတလေလား တစ်ခါတစ်လေလား တစ်ခါတလေလားဆိုတာ မှတ်ရတဲ့အပိုဒုက္ခတွေပါ တွေ့လာရတယ်။ သူတို့ရဲ့သတ်ပုံကျမ်း ဆိုတာကြီးကိုသာ မဆောင်ထားရင် ရေးတာမှားသွားဖို့များတယ်။ အယ်ဒီတာတွေလည်း သတ်ပုံကျက်ရတဲ့ဒုက္ခ၊ သတ်ပုံလိုက်ပြင်ပေးရတဲ့ဒုက္ခတွေ အများကြီး ကြုံခဲ့ကြရတာပေါ့။

သင်း။ ။ ကဲ၊ အဲဒါတွေ ထားလိုက်ပါတော့ကွာ။ အခု ဦးနေ၀င်းလည်း မရှိတော့ဘူး။ အာဏာရှင်စနစ်လည်း ချုပ်ငြိမ်းသွားပြီ၊ အဲ .. ဆိုသော်ရကောင်း၏ပေါ့ကွာ။ စာပေစိစစ်ရေးလည်း မရှိတော့ဘူး၊ စာပေလွတ်လပ်ခွင့်လည်း ရလာပြီ။ ဒီလို အခွင့်အရေးရတုန်းမှာ ဦးနေ၀င်းစခဲ့တဲ့ ဒီ တ၀မ်းပူ စသတ် တစ် အရေးမှားကြီး ကို ပြန်ပြင်ရေးကြဖို့ ကောင်းပြီ။

မိုး။ ။ အခုဆို ကျွန်တော်လည်း စာရေးရင် တ နဲ့ပဲ ပြောင်းပြီးရေးနေတာပါပဲဆရာ။ ဒါပေမယ့် အယ်ဒီတာတွေက တစ် ဆိုပြီး ပြန်ပြန်ပြောင်းပစ်တော့ ခက်တယ်ဆရာ။

သင်း။ ။ အယ်ဒီတာတွေကိုယ်တိုင်က ဒီကိစ္စရဲ့နောက်ခံသမိုင်းကို လေးလေးနက်နက် မစဉ်းစားမိကြ လို့ အရေးကြီးတယ်လို့ မယူဆကြလို့ စာစီတဲ့ကလေးတွေ ကို သေသေချာချာ မမှာဖြစ်တာလည်း ဖြစ်နိုင်တယ်။ ဒီတော့ အခုအချိန်ကစပြီး ငါတို့ခင်တဲ့ အယ်ဒီတာတွေကို စပြီး စည်းရုံးကြမယ်ကွာ။ ကိုချစ်မောင်တို့၊ တင်တင်ဦးတို့၊ ကိုဝင်းသူရတို့၊ ကိုလေးကိုတင်တို့က စကြမယ်ကွာ။ သူတို့မဂ္ဂဇင်းတွေမှာ စပြီး ပြောင်းရေးလာကြရင် ဒီကိစ္စဟာ ဦးနေ၀င်းရဲ့လက်ကျန် အမှားကြီးဆိုတဲ့ ခံယူချက်အသိ စိတ်ဓာတ်ရှိတဲ့ လူတွေ လိုက်ပြောင်းရေးလာကြမှာပဲ။

ကြူး။ ။ နောက်ပြီး ပိုပြီး တွင်တွင်ကျယ်ကျယ် လူသိလာဖို့ာသလနာနညအ တခု၊ ခောစငေါည တခုလိုကို သဘောထားပြီး ၀ိုင်းဝန်းလှုပ်ရှားနိုင်ကြရင် အကောင်းဆုံးပဲ။ ကိုထက်မြက်တို့ရဲ့ စာရေးဆရာသမဂ္ဂတို့၊ မသီတာတို့ရဲ့ ဏနည ပြညောမေ တို့လို ရှိပြီးသားအဖွဲ့အစည်းတွေ ပူးပေါင်းလှုပ်ရှားလာကြရင် ပိုထိရောက်မယ်။

သင်း။ ။ ဒိပြင် စာဖတ်ပရိသတ်နဲ့ ထိတွေ့မှုများတာ စာပေဟောပြောပွဲတွေကွာ။ မောင်သာချိုတို့၊ ချစ်ဦးညိုတို့၊ နေ၀င်းမြင့်တို့ကိုလည်း ဟောပြောပွဲတွေမှာ ဒီကိစ္စအကြောင်း ထည့်ဟောပေးဖို့ တိုက်တွန်းကြမယ်ကွာ။

မိုး။ ။ ကောင်းတယ်ဆရာ။ ကျွန်တော်တို့ ခင်တဲ့စာရေးဆရာတွေ၊ အယ်ဒီတာတွေကို တဖြည်းဖြည်း စပြီး စည်းရုံးကြတာပေါ့။ ဒီနေ့ ဆရာတို့ပြောတဲ့အကြောင်းတွေ ကို ပြန်ရေးပြီး ဆရာဦးချစ်မောင်တို့ဂျာနယ်ကို ပို့လိုက်မယ်။ ဆရာတို့အနေနဲ့ နောက်ဆုံး ဘာများပြောချင်ပါသေးလဲ။

ကြူး။ ။ ဒီကိစ္စကို ဦးနေ၀င်းက စခဲ့တာဆိုပေမယ့် တိုက်ရိုက်တာဝန်ရှိခဲ့တာက မြန်မာစာအဖွဲ့ပဲ။ ဒီတော့ သူတို့လုပ်ခဲ့တဲ့အမှားကြီးကို ပြန်လည်ဝန်ချတောင်းပန်ပြီး၊ တရားဝင် ပြန်ပြင်ဆင်ပေးဖို့ မြန်မာစာအဖွဲ့အပေါ်မှာ တာဝန်ရှိတယ်လို့ ကိုယ်ပြောချင်တယ်။

သင်း။ ။ တကယ်တော့ ဒီ တ၀မ်းပူ စသတ်နဲ့ တစ်နေရတဲ့ကိစ္စဟာ ဦးနေ၀င်းက အာဏာသုံးပြီး အတင်းပြင်ရေးခိုင်းလို့ အောင့်သက်သက်နဲ့ လိုက်ရေးခဲ့ရတဲ့ကိစ္စပဲကွာ။ ဒီနေ့ ဒီလိုအချိန်မျိုးမှာတောင် တခု တကောင် တယောက်လို့ အမှန်အတိုင်း ပြန်မရေးကြပဲ၊ တစ်ခု တစ်ကောင် တစ်ယောက် လို့ပဲဆက်လုပ်နေတာဟာ ဦးနေ၀င်း ရဲ့ နောက်မြီးဆွဲ ဆက်လုပ်နေရာကျတယ်ကွာ။ ဦးနေ၀င်းရဲ့ နောက်မြီးဆွဲတော့ ဆက်မလုပ်ချင်ကြပါနဲ့တော့လို့ စာရေးဆရာ အယ်ဒီတာ စာဖတ်ပရိသတ်တွေကို တိုက်တွန်းလိုက်ချင်ပါတယ်။

မိုး။ ။ အခုလို ပြောဆိုဆွေးနွေးပေးကြတဲ့အတွက် ဆရာတို့ကို ကျေးဇူးတင်ပါတယ်။

( မိုးသစ်ဝေ ရေးသား မှတ်တမ်းတင်သည်။)
http://newsightsmm.com/2014/06/07/တစ်ခု-တစ်ကောင်-တစ်ယောက်/







--
http://www.burmaburo.blogspot.com