မိသားစုတစ်စု၊ လူဦးရေ ၈၂ ယောက် – လင်းယုန်
ယခု မေလ အစောပိုင်းက မြန်မာနိုင်ငံ အနောက် တံခါးဒေသ ဖြစ်သော မောင်တောဒေသ သို့ ရောက်ရှိခိုက် ရခိုင်ပြည်နယ်အရေး အလေးထားသူတိုင်း ဂရုပြုမိကြသော မိသားစုတစ်စုနှင့် ကတိုက်ကရိုက် တွေ့ဆုံ ဖြစ်ခဲ့သည်။ ထိုတွေ့ဆုံမှုကို ပုံစံသစ် တစ်မျိုးနှင့် တင်ပြရန် ကြံရွယ်ထားသော်လည်း အထမမြောက်သေး ဖြစ်နေရသည်။ ယင်းသို့အခြေအနေတွင် ရခိုင်ဒေသကို ပိုင်နိုင် ကျွမ်းကျင်စွာ လေ့လာ သုတေသန ပြုထားသော သမိုင်းသုတေသီ ဆရာတစ်ဦးနှင့် စကားစပ်မိတော့ ထိုဆရာသည်လည်း ယင်းမိသားစုကို အလေးဂရုပြု တခုတ်တရ စကားဆို၏။
ဤမျှ ပညာရှင်များ ကိုယ်တိုင် ဂရုပြုသော မိသားစုတစ်စုကို ကိုယ်တွေ့ ကြုံခဲ့ရပါလျက် ပြည်သူလူထုထံ အသိပေးတင်ပြခြင်း မပြုနိုင်သေးသည်ကို စိတ်မကောင်း ဖြစ်မိပေသည်။ ထို့ကြောင့် ရည်ရွယ်ရင်း ပြုထားသော တင်ပြပုံ မဟုတ်သေးသည့်တိုင် မောင်တောမြို့နယ်အတွင်း ဘင်္ဂါလီ ကျေးရွာတစ်ရွာတွင် နေထိုင်လျက်ရှိသည့် ထိုမိသားစုထံ ရောက်ရှိခဲ့စဉ် အိမ်ထောင်ဦးစီးဖြစ်သူ ဦးမျိုးအောင်နှင့် မိသားစုဝင်အချို့အား လျှပ်တစ်ပြက် မေးခွန်းထုတ်ခဲ့ မိသည်များကို တင်ပြလိုက်ရပါသည်။
ဦးမျိုးအောင်
မြေးတွေနာမည်ရော မှတ်မိရဲ့လား။
မှတ်မိပါတယ်။
နောက်ဆုံးရတဲ့မြေးကိုမှတ်မိလား။
မမှတ်မိတော့ဘူး။
မြေးအငယ်ဆုံးက ဘယ်နှနှစ်လောက် ရှိလဲ။
အဲဒါ သူတို့က နိုင်ငံခြားမှာပဲ။ ကျွန်တော်မသိဘူး။ လူဦးရေတွေလည်း ကျွန်တော်မသိ။ သားသမီးတွေ နိုင်ငံခြားမှာ များတယ်။
အဘ အမျိုးသမီး ဘယ်နှယောက်ရှိ လဲခင်ဗျ။
လေးယောက်။
အိမ်ထောင် အမျိုးသမီး လေးယောက်က တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်လောက်ခြားပြီး ယူခဲ့တာလဲ ခင်ဗျ။ မှတ်မိနိုင်လား။
ဒါကတော့ မှတ်မိပါတယ်။ ပထမယူပြီး နောက်တစ်ယောက်က လေးနှစ်ကြာပြီးမှ ယူတယ်။ နောက်တစ်ယောက်က ဆယ်နှစ်ကြာပြီးမှ၊ နောက်တစ်ယောက်က ဆယ့်ငါးနှစ်ကြာပြီးမှ။
သားသမီးတွေကို အမျိုးသမီးတစ်ယောက်စီက ဘယ်လောက်စီမွေးလဲ။
ပထမ အမျိုးသမီးက ၉ ယောက်ပါ။ အိမ်ထောင်ကျပြီး နှစ်နှစ်အတွင်းမှာ တစ်ယောက်မွေးတယ်၊ နှစ်နှစ်ကြာ၊ နှစ်နှစ်ကြာ၊ သုံးနှစ်ကြာတချို့က။
ပထမ အမျိုးသမီးနဲ့ လေးနှစ်ကြာပြီးမှ နောက်အိမ်ထောင်ထပ်ပြုတာပေါ့။
ဟုတ်တယ်။
အဲဒီအမျိုးသမီးကရော နှစ်နှစ်ခြား၊ သုံးနှစ်ခြား အဲလိုပဲ မွေးလား။
အဲလိုပဲမွေးတာပဲ။
နောက်အိမ်ထောင်ကျပြီး ငါးနှစ် ခြောက်နှစ်မှာဆိုရင် အဘတစ်နှစ်၊ တစ်နှစ်မှာ သားသမီးမွေးတာ နှစ်နှစ် သုံးနှစ်ကို နှစ်ယောက်လောက် မွေးနေတဲ့ သဘောပေါ့။
သုံးနှစ် လေးနှစ်ကြာမှ နှစ်ယောက်ပေါ့။
အားလုံး တစ်အိမ်တည်းမှာ နေကြတာလား။
မနေပါ။ သူတို့ဟာနဲ့သူ။
မိသားစုကြီးတဲ့ အခါကျတော့ ဒီမိသားစုကို ထိန်းသိမ်းရတာ အဆင်ပြေရဲ့လား။ စားဝတ်နေရေးတို့၊ နေရေးထိုင်ရေးတို့။
အဆင်ပြေတယ်၊ ကျွန်တော်က အားလုံး ကျောင်းထားခဲ့တယ်။ ဘွဲ့ရ သုံးယောက် ရှိတယ်။ မိန်းကလေး တွေလည်း အကုန် စာသင်ပေးပါတယ်။
အသက်မွေးဝမ်းကျောင်း ဘာလုပ်လဲ ခင်ဗျ။
လယ်လုပ်ငန်းပါပဲ။
လယ်ဧကဘယ်လောက်ပိုင်လဲ ခင်ဗျ။
ဧက နှစ်ဆယ်ကျော်ရှိပါတယ်။
ဧကနှစ်ဆယ်က တစ်နှစ်ကို စပါးဘယ်လောက်လောက် ထွက်လဲခင်ဗျ။ ပျမ်းမျှပေါ့ခင်ဗျ။ အဘအိမ်ထောင် စကျတဲ့အချိန် ကနေပြီးတော့ပေါ့။
ကျွန်တော်တို့က တင်းနဲ့မဟုတ်ဘူး တောင်းနဲ့ဒေသ အခြင်အတွယ်နဲ့ပေါ့။ ပျမ်းမျှတစ်နှစ်ကို တောင်းနှစ်ထောင် လောက် ရတယ်လေ။
ဘာစပါးလဲ အဘ။
စပါးက ဒီကထွက်တဲ့စပါး။ မေးရှည်တို့၊ ငစိန်တို့၊ ဘာတို့။
ကုန်ကျစရိတ် ဘာညာ နုတ်ပြီးတော့ တစ်နှစ်ဘယ်လောက်လောက် ကျန်လဲခင်ဗျ။
အဲဒါတော့ ကျွန်တော်တို့ မတွက်ပါဘူး။ ဘာလို့ဆိုတော့ ကျွန်တော်တို့က ကိုယ့်ဘာသာ ကိုယ်လုပ်တယ်၊ ကိုယ့်ဘာသာကိုယ် စားတယ်ပေါ့။ အဲလိုပဲလုပ်ပါတယ်။
ကိုယ့်ဘာသာကိုယ် စပါးကျီဆောက်ပြီးတော့ ထားပြီးစားတာပေါ့။ အပြင်ရော မရောင်းဘူးလားခင်ဗျ။
အပြင်ကိုမရောင်းဘူး။ အရင်တုန်းက ပုစွန်ကန်တို့ ဘာတို့လည်း ရှိတယ်လေ။ အခုမရှိတော့ဘူး ဒါတွေက။
အဲဒီတုန်းက ပုစွန်ကန်တွေကရော ၀င်ငွေဘယ်လောက်လောက် ရှိနိုင်လဲခင်ဗျ။
ဝင်ငွေကတော့ အမျိုးမျိုးရှိတယ်လေ သိန်းနှစ်ဆယ်၊ သုံးဆယ်၊ ငါးဆယ်။
အဘမိသားစု အားလုံးပေါင်း ဘယ်နှယောက်ရှိတာလဲ။
၈၂ ယောက်။
အဘလိုမျိုး အိမ်ထောင်စုကြီးတဲ့လူ ဒီရွာမှာ ဘယ်လောက်ရှိလဲ။
မရှိတော့ပါ။
အဘအများဆုံးပေါ့။
ဟုတ်ပါတယ်။
အဘက ဒီမှာပဲ မွေးတာလား။
ဒီမှာမွေးတာပါ။
အဘအမေ၊ အဖေတွေကရောခင်ဗျ။
အဖေအမေတွေလည်း ဒီမှာပါပဲ။
မြန်မာနိုင်ငံရဲ့ ထုံးတမ်းစဉ်လာမှာ မျိုးရိုးစဉ်ဆက်ကို ကြည့်တဲ့အခါမှာ ကျွန်တော်တို့က ဘိုးဘေး ဘီဘင်လောက်ထိ ကြည့်ကြတယ်၊ နောက် မြေးမြစ်တီကျွတ်ပေါ့။ အဘတို့လောက် အထိကို ဒီမှာပဲ နေခဲ့တာလားခင်ဗျ။
ဒီမှာပဲ နေခဲ့တာပါ။
ဒါက မြေးလားခင်ဗျ။
ဒါက အထွေးဆုံးသားပါ။
ဦးမျိုးအောင်၏ အထွေးဆုံးသား
နာမည်ဘယ်လိုခေါ်လဲခင်ဗျ။
—– ။
အသက်ဘယ်လောက်ရှိပြီလဲခင်ဗျ။
၂၅ နှစ်ပါ။
အစ်မအကြီးဆုံးဖြစ်ဖြစ်၊ အစ်ကို အကြီးဆုံးပဲဖြစ်ဖြစ် ရှိလားခင်ဗျ။
မရှိဘူး၊ ဆော်ဒီမှာပဲ။
အစ်မလား၊အစ်ကိုလား အကြီးဆုံးက။
အစ်ကို။
အသက်က ဘယ်လောက်လောက်ရှိ ပြီလဲခင်ဗျ။
အစ်ကိုက အသက်လေးဆယ်ကျော်ပါ။
အစ်ကိုအကြီးဆုံးနဲ့ အစ်ကိုကြားထဲမှာ မောင်နှမ ဘယ်လောက် ရှိလဲခင်ဗျ။
၂၂ ယောက်ရှိပါတယ်။
ဒါဆို အစ်ကိုအကြီးအတွက်ဆိုရင် တစ်နှစ်ကို မောင်နှမ တစ်ယောက်စီ ရနေတဲ့ သဘောပေါ့။
အစ်ကိုအကြီးဆုံး ဆိုရင်လည်း ၄၅ နှစ်လောက်ရှိပြီ၊ ဆော်ဒီမှာရှိတယ်လို့ သိရတယ်ခင်ဗျ။ ခုနအဘပြောသလို သားသမီးတွေလည်း နိုင်ငံခြားမှာ တော်တော်များများ ရှိတယ်လို့ ပြောတော့ နိုင်ငံခြားမှာ ဘယ်နှဦးလောက် ရှိလဲခင်ဗျ။
၁၂ ယောက်ရှိတယ်။
အလုပ်သွားလုပ်တာလား။ ဘယ်လို ထွက်သွားတာလဲခင်ဗျ။
သူတို့က ဒီမှာအလုပ်မရှိတော့ အဲဒီမှာ သွားလုပ်တယ်လေ။
ဒီမှာကျန်တဲ့သားသမီးတွေက ဘာ လုပ်လဲခင်ဗျ။
ဆိုင်တည်တယ်၊ လယ်လုပ်တယ်၊ ပိုက်လုပ်တယ်။
ဦးမျိုးအောင်၏ ကိုးယောက်မြောက် သား
ဟိုတစ်ယောက်ကရော သားပဲလား ခင်ဗျ။ ဘယ်နံပါတ်စဉ်လောက်မှာ ရှိလဲခင်ဗျ။
ကျွန်တော်က နံပါတ်ကိုးမှာ ရှိပါတယ်။
အစ်ကိုအိမ်ထောင်နဲ့လားခင်ဗျ။
ဟုတ်ပါတယ်။
သားသမီး ဘယ်နှယောက်ရပြီလဲခင်ဗျ။
နှစ်ယောက်။
ထပ်ယူဖို့ အစီအစဉ်ရှိသေးလား။ အိမ်ထောင်ဘက် ဘယ်နှယောက်ရှိ လဲခင်ဗျ။
တစ်ယောက်ပါ။
လောလောဆယ် အတူနေ မိသားစုတွေ ဘယ်နှယောက်လောက် ရှိလဲခင်ဗျ။ ဒီဝင်းထဲမှာ။
ဒီမှာဆိုရင် ၂၀ ကျော်လောက် ရှိပါတယ်။
နေလို့ထိုင်လို့ အဆင်ပြေရဲ့လား ၂၀ ကျော် ဆိုတော့လေ။
ပြေပါတယ်။
ဝင်းက ဘယ်လောက်ကျယ်လဲခင်ဗျ။
သုံးဧကကျော်ရှိပါတယ်။
ဒီလိုပဲ အိမ်လေးတွေ ဆောက်နေကြတာပေါ့နော်။
အိမ်မဆောက်နိုင်လို့ ပေါင်းနေတာလည်းရှိတယ်။
ဒီမှာရှိနေတဲ့ ညီအစ်ကိုမောင်နှမ အများစု ဘာလုပ်ကြလဲခင်ဗျ။
အစ်ကိုတစ်ယောက်က ဆန်ရောင်းတယ်၊ ကျွန်တော်က တံငါလုပ်တယ်။ အငယ်တွေရှိတယ်။ သူတို့က ဘာမှမလုပ်ဘူး။
ကျန်တဲ့ မိသားစု ၁၆ ယောက်ထဲမှာ အဖေ့ခြေရာကို နင်းနိုင်တာ ဘယ်နှယောက် ရှိလဲ။
တစ်ယောက်မှ မရှိပါ။ လုံးဝ ၀ါသနာ မပါတာ အဲလိုမျိုး။
ဦးမျိုးအောင်
ဒါက ၀င်းထဲမှာဆို အိမ်မကြီးပေါ့။
ဟုတ်ပါတယ်။
ထူးဆန်းတာလေး တစ်ခုတွေ့လို့။ မိသားစုချည်းပဲ အိမ်ဝိုင်းထဲမှာ နေတာဆိုလို့လေ ကျွန်တော်တို့ ဆိုရင်လည်း ရွာမှာနေတာ အဲလိုပဲ ခြံဝင်းကြီးက အကျယ်ကြီးပဲ။ ကျွန်တော့်အဘိုးက သားသမီးချည်းပဲ ၁၁ ယောက်ရှိတယ်။ မိန်းမ တစ်ယောက်တည်း ကနေ ၁၁ ယောက် မွေးတာ။ သားသမီးတွေလည်း မိသားစုတွေနဲ့ ၀င်းထဲမှာ အိမ်လေးတွေနဲ့ နေကြတယ်ခင်ဗျ။ ဒါပေမဲ့ အခုအတွေ့ရသလို တစ်အိမ်တစ်အိမ် သီးသန့်လိုမျိုး ၀င်းထဲမှာ ခြံစည်းရိုးတွေ ပြန်ခတ် ထားတာမျိုးတော့ မရှိဘူး။ အဲဒါဘာ ဖြစ်လို့လဲ သားသမီးတွေက မတည့်ကြဘူးလား။
မတည့်ကြလို့မဟုတ်ဘူး။ ကျွန်တော်တို့ ဘာသာရေးအရ အမျိုးသမီးတွေက တခြားလူတွေက မမြင်ရဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က အဲဒါကာကွယ်ပြီးတော့ ကျွန်တော်တို့ မိသားစုထဲမှာဆိုရင် ကာစရာမလိုဘူး။ ဒီ့ပြင်လူတွေက ကျွန်တော်တို့ သားအရွယ်လာမယ်၊ သမီးအရွယ် လာမယ်ဆိုရင် အဲဒီလူတွေက ကျွန်တော်တို့ သားသမီးတွေကို မမြင်ရအောင် မိန်းကလေးတွေကို မမြင်ရအောင် အဲလို ကာထားရတာ။ မတည့်တာတော့ မရှိပါဘူး။ စည်းစည်းလုံးလုံးပဲ အားလုံး။
ကျေးဇူးပါပဲခင်ဗျ။
--
http://www.burmaburo.blogspot.com
No comments:
Post a Comment