Friday 29 July 2011



သုဝဏ္ဏ ကွင်း၊ ဘောလုံးပွဲတစ်ပွဲ၊ မြန်မာတို့၏စိတ်ဓာတ် နှင့် နာယက ခေါင်းဆောင်

Posted: 28 Jul 2011 09:39 AM PDT


ရေးသားသူ. .Ernesto Kee Ling



ဂျူလိုင်လ ၂၈ ရက်နေ့ တိမ်ကင်းစင်လေသော အခါသမယ ညနေ ၂နာရီခွဲ Ernesto တစ်ယောက် မြန်မာတို့၏ အမှတ်မရှိသောစိတ်ဓာတ်အပြည့်နှင့် သုဝဏ္ဏ ကွင်းဆီသို့ ချီတက်ခဲ့သည်။ ကွင်းဝအရောက် ရွှေမြန်မာတို့ အကျင့် အတိုင်း မှောင်ခိုဈေးကွက်မှ လက်မှတ်များကို အထူးတန်းမှကြည့်ရန် ၃၀၀၀ ဖြင့်ဝယ်ယူခဲ့သည်။ တရားဝင်ရောင်းဈေးမှာ ၁၀၀၀ ..။ သို့နှင့် လက်မှတ်ကိုင်ကာ သူငယ်ချင်းတစ်စုနှင့် ဂိတ်ပေါက်မှ ၀င်မည်ဟု တန်းစီလူတန်းကြီးနောက် ၀င်ရောက်တန်းစီ..။သို့ရာတွင် နေထိုင်သည်က မြန်မာပြည်၊ကိုင်ထားသည်က မှောင်ခိုလက်မှတ် ပုံမှန်ဂိတ်က ပိတ်နေ။ သြော် မြန်မာ ပြည်သားပေပဲ ။ ဘယ်ရမလဲ အကောင်ကြီးကြီး အမြီးရှည်ရှည်တွေကားဝင်ရန်ဂိတ်မှ တံခါးနားတွင်သွားစောင့် ။ လာပါပြီ

အမြီးရှည်နဲ့ တစ်ကောင် သူ့ကားအ၀င် သူငယ်ချင်းတစ်အုပ် လက်ကိုတွဲ " သားကြီးတို့ရေ ကိုင်ထားဟ လူစုကွဲနေမယ် " အချင်းချင်း အော်ပြော ... အတင်းတိုးဝင်..။ ဒီလိုနဲ့ အထူးတန်းပေါ်ပြေးတက် လားလား နည်းတဲ့လူအုပ်ကြီးလား မြန်မာဟူသော အသိ အချင်းချင်းစည်းလုံးလိုက်ကြတာ " မြန်မာ မြန်မာ မြန်မာ " အော်သံတွေ ပဲ့တင်ထပ်လို့ပေါ့ ။

ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ကျွန်တော်တို့ကို လှမ်းပြော ဟေ့ကောင်တွေ ငါတို့နေရာတွေ မှာ လူအပြည့်ပဲ နေရာမရှိတော့ဘူး ။ အာကာ က ပြန်ပြောလိုက်တယ် ဒါဆိုလည်း ရတဲ့နေရာမှာ မတ်တပ်ရပ်လို့ရမယ့်နေရာ ရှာကွာ တဲ့။ ရပ်ဖို့နေရာရ ပါပြီ။ အာကာနဲ့ ကျောင်းတော်က ရန်စမကင်းတဲ့ကောင်နဲ့ ကပ်လို့ ..။ ဒါပေမယ့် မြန်မာ အသင်းကိုချစ်လို့တူတူ လာအားပေးကြတာပဲ တစ်ယောက်နဲ့ တစ်ယောက် ဟေ့ကောင် နေရာမရရင် ငါ့နားမှာလွတ်တယ် လာခဲ့...။ တည့်နေကြတာပေါ့ဗျာ..။ အဲ့ဒါမြန်မာလေ..။မြန်မာအသင်းကိုချစ်တဲ့ မြန်မာတွေလေ။

ဘေးဘီဝဲယာ တစ်ချက်ဖမ်းရှိုးတော့ လားလား GTC ကျောင်းဝတ်စုံတွေနဲ့ ဆေး-၂ က သူငယ်ချင်းတစ်ချို့ နှင့် လား လား.. အဖြူအစိမ်းတွေနဲ့တောင်ပါသေး။ သူတို့တွေ ဒီပွဲအတွက် အတန်းတွေ ဖျက်လာကြတယ်လေ။ Ernesto ရောဘာထူးလဲ မကွေးကနေ လာကြည့်တာဆိုတော့ ကျောင်းက ပျက်ပေါ့။ မြန်မာအသင်းကိုချစ်တဲ့ မြန်မာဆိုတဲ့နာမည်ပါရင်တောင် အားပေးတတ်တဲ့ ညာဉ်ဆိုးကြောင့်ပေါ့။

Ernesto လေ မြန်မာပွဲတွေကြည့်ရင် ကြက်သီးထတဲ့ အချိန်တစ်ချိန်ရှိတယ် ။ ပရိသတ်တွေ အားလုံးတူညီ "နိုင်ငံတော်သီချင်း" ဆိုတဲ့အချိန်ပေါ့။ ပွဲစပြီ နိုင်ငံတော်သီချင်းနဲ့ ။ Ernesto တို့နားက ဗုံနဲ့ဗျား...။ပွဲစတော့ မြန်မာက နည်းနည်းဖိထားပါတယ်။ ဂိုးနားတော့ သိပ်မရောက်သေးပါဘူး။ အိုမန်တွေက skill သာတယ် ( မြန်မာတွေထက်ပေါ့ )။ ဒီလိုနဲ့ ၂၂မိနစ်လောက်မှာ ဂိုးပေးလိုက်ရတယ် ။မြန်မာဂိုးသမားနဲ့ နောက်တန်းတို့ ညံ့ဖျင်းမှုကြောင့်ပေါ့။ ဆဲဆိုသံတွေ ဆူညံပွက်သွားတယ် ။ ဒါပေမယ့် ခဏပါပဲ ဗုံသံမြိုင်မြိုင် နဲ့ " မြန်မာ " အော်သံတွေ ကွင်းလုံးလျှံတက် ထွက်လာတာပါပဲ။

မြန်မာတွေလေဗျာ.. မြန်မာ ဆိုတဲ့အသံကြားရင် သွေးသားထဲက ဆူတက်နေတဲ့ မြန်မာတွေလေဗျာ။ Ernesto တို့ သူငယ်ချင်းတစ်စုထဲ မှာ အသက်အကြီးဆုံး ကိုလင်းထွန်းက သူ့ရှေ့က အလံ လွှင့်နေတဲ့ နှစ်ယောက်ကို " ဟေ့ကောင်တွေ ထမီ အလံတွေ လွှင့်မနေနဲ့ ကျက်သရေရှိတဲ့ တို့နိုင်ငံ အလံ ပါလာရင်လွှင့် မပါရင် မလွှင့်နဲ့ တဲ့ " ဖြန်းခနဲ ထ လာတယ်...။ နိုင်ငံတော်အလံ အတွက် မခံချင်စိတ်လား....၊ ဇာတိမာန်လား....။ အိုမန်သားတွေကလည်းဗျာ သူတို့ခန္ဓာကိုယ်မှ သူတို့အားမနာ တဖုန်းဖုန်းလဲပြနေတယ်ဗျာ....။ ကျွန်တော်တို့ ရှေ့တန်းက ရန်ပိုင် အ၀ါကဒ်ထိပြီ။ မကြာပါဘူး နောက်တန်းက ရှင်းထုတ်တာ ဘောလုံးထိပါတယ် ပင်နယ်တီ ပေးလည်းရတယ် မပေးလည်းရတယ်ပေါ့ ဒီအလုံးက။ ဒိုင်က ပင်နယ်တီ ပေးလိုက်တော့ စတာပါပဲ အဲ့မှာ မြန်မာ စိတ်ဓာတ်...။

Ernesto တို့တစ်စု သွားအားပေးတယ်..။ ရှုံးမယ်ဆိုတာ သိနေတာပဲ ။မကျော်နိုင်ဘူးသိနေတာပဲ ဗျာ..။ မြန်မာဆိုတဲ့ စိတ်ဓာတ်ရယ်.. အားကစားစိတ်ဓာတ်အပြည့်နဲ့ ဘောလုံးပွဲတစ်ပွဲ ကြည့်ချင်လို့ပါ။ ပစ်ခတ်ပွဲတွေ စတာပါပဲဗျာ။ ပထမက Ernesto တို့ အထူးတန်းနဲ့ ကပ်လျက် ရိုးရိုးတန်းက ပရိသတ်တွေက အိုမန် အရန် အသင်းက သွေးပူလေ့ကျင့်ခန်းဆင်းနေတဲ့ကောင် တွေကို ရေသန့် ပုလင်းနဲ့ စပေါက်တာပဲ( သူတို့ ပင်နယ်တီကန်ခါနီးမှာပေါ့ ) ပေါက်လည်းပေါက်ချင်စရာဗျာ။ မြန်မာဂိုးစည်းနားကပ် နေကြတော့ စည်းကြပ်ဒိုင်က ဝေးဝေးသွားခိုင်းတယ်..။သူတို့က ရစ်သီ ရစ်သီ လုပ်နေကြတော့ နီးနီးကပ်ကပ် မြင်နေရတဲ့ ပရိတ်သတ် ဘယ်ခံ နိုင်မလဲဗျာ။ ပြုပြင်သင့်တဲ့ မြန်မာ့စိတ်ဓာတ်တစ်ခုပေါ့။ ရေသန့်ဘူးနဲ့ ထုတော့တာပဲ အဲ့ကောင်တွေကို...။ပွဲက စတည်းက ယဉ်သကို ဆိုသလိုပါပဲဗျာ

အယ်ဟက်ဘ်စီနဲ့ သူ့အရန် ဂိုးသမားတို့ ပွဲမစခင် သွေးပူလေ့ကျင့်နေတုန်းတည်းက ရေသန့်ဘူးတွေ ၀င်နေတာ။ အဲ့ဒီ ဂိုးသမားကလည်း နည်းနည်း ရိုင်းတယ်ဗျ...။ပွဲက ပင်နယ်တီကနေ ဂိုးပေးရပြီးတည်းက ပိုပို ဆူလာတယ်..။နောက် သည်းမခံနိုင်တဲ့ စိတ်ဓာတ်တွေ မရင့်ကျက်သေးတဲ့ စိတ်ဓာတ်တွေကြောင့် ပွဲက ပျော်စရာ မောစရာ ဆိုတဲ့ အတိုင်း အစက ပျော်ပျော် ရွှင် ရွှင် ကြည့်နေရာက မောလာရပြီ။ အိုမန်ကစားသမားတွေ ဘောလုံးတောင် သွားမကောက်ရဲတော့ဘူး..။

မြန်မာဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဌ ဦးဇော်ဇော်ဆိုတဲ့ လူကြီး ကွင်းထဲ ၀င်လာတယ် .....သူဝင်လာပြီးမကြာပါဘူး.. ရဲတပ်ရင်း ၂ ရင်းစာလောက် ကွင်းထဲဝင်လာကြတယ်... ပွဲက ပိုဆူလာတယ် ဘောလုံးသမားတွေ မဟုတ်ဘူး ပရိသတ်တွေ... ကွင်းလုံခြုံရေးဆိုတဲ့ ရဲတွေဟာ နိုင်ငံရပ်ခြားမှာလည်းရှိပါတယ်... ဒါပေမယ့် သေနတ်ကိုင်တာတော့ မတွေ့ဖူးဘူး... မြန်မာပြည်သုဝဏ္ဏ ကွင်း မှာတေ့ ရှိတယ်ဗျာ...။အေးလေ အကြောက်တရားနဲ့ အုပ်ချုပ်ခဲ့ အုပ်ချုပ်ဆဲ တိုင်းပြည်ပဲကိုး...။ မလုပ်ပါနဲ့ဗျ မြန်မာတွေဟာ ယဉ်ကျေးပါတယ် ဒါပေမယ့် မေတ္တာ ဆိုတာ အလျားအနံ မရှိပေမယ့် အသွားအပြန် ရှိတယ်လေ .. ။

ပြောပြလည်း ကျွဲပါးစောင်းတီး သလို နွားပလာတာ ကျွေးသလို နားလည်မှာ မဟုတ်ဘူးလို့ပြောရင်လည်း Ernesto လွန်ရာကျမယ်။ အဲ ဦးဇော်ဇော်ဆိုတဲ့ မြန်မာ့ဘောလုံးဥက္ကဌကြီး ကွင်းထဲ ၀င်ပြီးလိုက်တောင်းပန်တယ်...။ ပိုဆိုးလာပါရောဗျာ...။ သူ့ပါ ပစ်တော့တာ..။ အဲ့မှာ Ernesto အတွေးတစ်ခုဝင်လာတယ်... ဥက္ကဌရာထူးဘယ်သူက ပေးတာလဲတော့မသိဘူး လက်ရှိနိုင်ငံ့ခေါင်းဆောင် တွေမရနိုင်တဲ့ ပြည်သူ( ပရိသတ်) ဆီကလေးစားမှု ရ နိုင်လောက်အောင် သူဘာတွေ လုပ်ထားလို့ လိုက်တောင်းပန်ပြီး ငြိမ်ဖို့ ပြောရဲရတာလဲ ရှင်းပါတယ်... သူ အာရှ ဘောလုံးလောကမှာ မျက်နှာပျက်မှာစိုးတာ ထိပ်ဆုံးက နေမှာမလို့ပါ...။ ဒီလိုလုပ်လိုက်တော့ မြန်မာတွေရဲ့ အဆင့်အတန်းကို ဟိုး အ၀ီစိရဲ့အောက် သူကိုယ်တိုင်ပို့လိုက်တာပါပဲ။ နဂိုရ်ကမှ ရေသန့်ပုလင်း ကွင်းထဲရောက်လို့ကျနေရတဲ့ အဆင့်အတန်းကို ... သူ့ အဆင့်နဲ့ မရ နိုင်တဲ့ respect ကို အတင်းကာရော ဟန်ဆောင်ပြီး ကွင်းပတ် လိုက်တောင်းပန်နေတော့ကော ရနိုင်ပါ့မလား...။( Ernesto ရဲ့ အမြင်သီးသန့်ပါ)

သူလည်း တောင်းပန်လို့အပြီး နားနေတဲ့နေရာကိုပြန်သွားရော... အိုမန်အသင်းရဲ့ နည်းပြအဖွဲ့ထိုင်နေတဲ့နားက ခွမ်းခနဲ အသံကြားလိုက်ရလို့ လှည့်အကြည့် အိုမန်တွေ ကွင်းလယ်စည်းထဲ ပြေးဝင်သွားတာမှ လုံးခနဲပဲ။ သူတို့ဂိုးနည်းပြက ခေါင်းကိုလက်နဲ့ အုပ်လဲကျလို့ပေါ့..။

သွားပြီ..... Ernesto စိတ်ထဲတွေးလိုက်ပါပြီ။ ပိုးစိုးပက်စက်ကို ရှုံးပြီ။ ရလာဒ် ကြောင့်ရှုံးတာက လက်ခံနိုင်လောက်ပါတယ်။ဂုဏ်သိက္ခာ ရှိပါတယ်။ ခုဟာက စိတ်ဓာတ် sport spirit ရှုံးပြီ။ သူတစ်ပါးရဲ့ ယုံကြည်မှုတွေ ဆုံးရှုံးပြီ။ နောက်တော့ ဦးဇော်ဇော်က ပွဲဖျက်လိုက်ကြောင်းကြေညာတယ် ။

ဒီလိုနဲ့ ပြန်လာတော့ ဘလော့ ၂ ခုလောက်ထိ ရဲက လမ်းပိတ်ထားတယ်။ တစ်ခြားလမ်းက သွားပါတဲ့။ ရဲတပ်ရင်းအပြင်မှာ တပ်ရင်း ၃ ခုလောက်ရှိလောက်တယ် ။ အကုန် လက်နက်ကိုင်တွေ ????? ဘာလို့လဲ Ernesto စဉ်းစားမရဘူး ။ဒီလိုနဲ့ အိမ်ပြန်ရောက်လို့ အားကစားဆိုဒ်တစ်ခုကို လှန်လှောအကြည့် comment တစ်ခုက ဒီလိုရေးထားတာကိုတွေ့လိုက်ရတယ် "ဦးဇော်ဇော်နဲ့ ပြိုင်ဘက်ကစားသမားအားဖိနပ် ထီး ရေသန့်ဘူးတို့နှင့် ပစ်ပေါက်သူအား ရှုံ့ချကြောင်း (ပစ်တဲ့လူကိုလည်းကိုယ်ချင်းစာပါတယ် ဒါပေမယ့် ပွဲဖျက်တဲ့အထိတော့မဖြစ်သင့်ပါဘူး) ဦးဇော်ဇော်ရေ ဟတ်ပြီလား ကိုယ့်အတတ်ကိုဆူးတာ ရိုးရိုးတန်းကို အလာကားပေးဝင် ရိုးရိုးတန်းက အောက်တန်းစားတွေက အရင်ပစ်ပေါက်ကြတာ".....

" စိတ်ဓါတ်အောက်ဆုံးထိထိုးကျနေတဲ့ အပေါစားပရိတ်သတ်တချို့ကြောင့် ပွဲပျက်ပါတယ်... ဥက္ကဌက လိုက်တောင်းပန်နေတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ ဘောလုံးဥက္ကဌဆိုတဲ့ ဂုဏ်ပုဒ်ကို လေးစားပြီး ရေဘူးတွေ၊ပုလင်းတွေနဲ့ မပစ်တင့်ဘူး... ဒီပွဲလာကန်တဲ့အိုမန်..နောက်လာကြည့်တဲ့ တခြားနိုင်ငံက တာဝန်ရှိသူတွေ မြန်မာတွေကို စည်းမရှိ ကမ်းမရှိလို့ စည်းကမ်းမဲ့လူနည်းစုကြောင့် အထင်သေးခံရပါလိမ့်မယ်.. နဂိုက ကမ္ဘာ့အလယ်မှာ မျက်နှာငယ်နေရတဲ့ကြားထဲ တချို့ ပရိတ်သတ်တွေရဲ့ အဆင့်မရှိတဲ့ စိတ်ဓါတ်တွေကြောင့် မြန်မာ့ အဆင့်အတန်းကျတယ်ဗျာ..... " အစ ရှိသည်ဖြင့်ပေါ့ဗျာ..့ ပြါဗျာ ကျွန်တော်တို့ မြန်မာတွေ ဘာဆက်လုပ်သင့်သလဲ... ဂျပန်စကားပုံတစ်ခု ရှိတယ်ဗျ....

" အပြစ်မရှာပါနဲ့ အဖြေကိုရှာပါ လူတိုင်း အပြစ်ရှာတတ်ပါသည် " တဲ့ အဖြေရှာရအောင်ဗျာ....

Ernesto ထင်တာက စိတ်ဓါတ်တွေက အစ ပြင်ရမယ် ... ဒါပေမယ့် ဒီလိုမျိုးရိုးရိုး ပြင်လို့မရဘူး... ပြည်သူတွေ လှိုက်လှိုက်လှဲလှဲ မြတ်နိုးပြီး နှစ်နှစ်ကာကာ ချစ်ခင်လေးစားတဲ့ နာယက ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုနဲ့ ပြုပြင်ကြရပါမယ် ။ဒီလိုဆိုရင် အခုလို အဖြစ်မျိုး နောက်ထပ် မဖြစ်လာနိုင်တော့ပါဘူး။ ဖြစ်လာပါဆိုရင်တောင်မှ ဖြစ်လာမှာ မဟုတ်တော့ပါဘူး...။ သုဝဏ္ဏ ကွင်း က ဘောလုံးပွဲ တစ်ပွဲကနေ Ernesto ရဲ့ ကိုယ်ပိုင် သီးသန့် အမြင် ချဲ့ထွင်မှုပါ....
Photo ..Reuters
Ernesto facebookမှ


တစ်ခန်းရပ်ပြဇာတ်

Posted: 28 Jul 2011 09:07 AM PDT


တစ်ခန်းရပ်ပြဇာတ်

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ၄/၂၀၁၁ လူမှုရေးမျိုးဆက်သစ်သင်တန်းဆင်းပွဲအား ၂၈.၇. ၂၀၁၁ (ကြာသပတေး)နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ သင်တန်းဆင်းပွဲ၌ မိမိတို့ ပြီးခဲ့သော (၅) ပါတ် ခန့်တွင် စာတွေ့သင်ကြားခဲ့သော အတွေ့အကြုံများအား ယခု သင်တန်းဆင်းသည့်နေ့တွင် အတွေ့ အကြုံရှိပြီးသော သင်တန်းသား/သူဟောင်းများတို့မှ တစ်ခန်းရပ် ပြဇာတ်တိုလေးများဖြင့် လူမှုရေး (နာရေး) လုပ်ဆောင်ရာတွင် တွေ့ကြုံရမည်ဖြစ်သော အယူသီးသော နာရေးရှင်များ၊ အရက်သေစာ မူးယစ်သောက်စားထားသော နာရေးရှင်များ၊ စိတ်ဝေဒနာ ခံစားနေရသော နာရေးရှင်များနှင့် မူုခင်း ဆိုင်ရာများတွင် တွေ့ကြုံရမည့် သင်ခန်းစာများကို သဘာရင့် ၀ါရင့်သရုပ်ဆောင်ကြီးများကဲ့သို့ သရုပ်ဆောင်ပြသခဲ့သည်။ သင်တန်းသား/သူ အသစ်များအနေဖြင့် ယခုကဲ့သို့ လက်တွေ့ရင်ဆိုင်ရမည့် အခက်အခဲများကို ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ပြု၍ မည်သို့မည်ပုံ ဖြေရှင်းရမည် ဟူသော သင်ခန်းစာများကို ရရှိသွားခဲ့သည်။

တစ်ခန်းရပ်ပြဇာတ် သင်တန်းအစီအစဉ်ပြီးဆုံးသွားချိန်တွင် ၄/၂၀၁၁ လူမှုရေးမျိုးဆက်သစ် သင်တန်းဆင်းများ စုပေါင်းလှူဒါန်းငွေအား လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်ပြီး မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပြီးသည့်နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်၍ ၀န်ထမ်းများ အသင်းသူ/သားများ၊ ဆေးဝါးကုသရန် လာရောက်ကြသော လူနာများ၊ လူနာရှင်များအား နံနက်စာ ထမင်း+ဟင်း၊ တို့စရာအစုံအလင်ဖြင့် လာရောက်ကုသိုလ်ဖြစ် ကျွေးမွေးလှူဒါန်းသော အလှူရှင် ဒေါ်နှင်းနှင်းအောင်၊ ဒေါ်သင်းသင်းရွှေတို့၏ အာဟာရကုသိုလ်ဖြစ် ထမင်းဟင်းအား မြိန်ရည် ရှက်ရည် သုံးဆောင်ပြီးနောက် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူတစ်ဦးဖြစ်သော မသန်းသန်းဋ္ဌေး၏ ဖခင်ဖြစ်သူ ဦးချစ်ထွန်း (ထားဝယ်)၊ စွန်းလွန်းယောဂီ၊ အသက် (၉၁) နှစ်၏ ဈာပနကိစ္စရပ်အား နေ့လည် (၂း၀၀) နာရီအချိန်တွင် တောင်ဥက္ကလာပမြို့နယ်၊ ဗြဟ္မစိုရ်လမ်း နေအိမ်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့်အတူ ယနေ့ သင်တန်းဆင်း အသင်းသား/သူများ၊ အလုပ်အမှုဆောင်များတို့ဖြင့် စည်းလုံးညီညွတ်စွာ သွားရောက်ပြီး ရေဝေး သုဿန်သို့ ပို့ဆောင်သင်္ဂြိုလ်ပေးခြင်းဖြင့် ကုသိုလ်ယူခဲ့ကြပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လူမှုရေးစိတ်ဓါတ်ပြည့်ဝစွာဖြင့် ကုသိုလ်ယူလိုသော သင်တန်းတက်ရောက်နေသည့် အသင်းသား/သူတို့သည် မြတ်ဗုဒ္ဓဟောကြားထားသော ဗြဟ္မစိုရ် တရားလေးပါးအား လက်ကိုင်ပြု၍ လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေးတို့၏ နာရေး၊ ဆေးကုသရေး၊ ပညာရေး စသည့်နိုင်ငံတော်တွင် လိုအပ်နေသော ကွက်လပ်များအား တဖက်တလမ်းမှ ဖြည့်ဆည်း နေသူများဖြစ်သည်။ ထိုကဲ့သို့ တဖက်တလမ်းမှ ကူညီဖေးမ ပေးဆပ်မှုတို့သည် တော်ရုံတန်ရုံ ဇွဲ၊ လုံ့လ၊ ၀ီရိယတို့နှင့် မပြီးချေ။ မိမိတို့၏ အချိန်၊ မိမိတို့၏ စီးပွားရေး၊ မိမိတို့၏ မိသားစုအရေး စသည်တို့ ကိုပါ စွန့်လွှတ်ပေးဆပ်ရသည်များလည်း ရှိသည်။ ထိုသို့ စွန့်လွှတ်ပေးဆပ်မှုများကို ဘာသာ သာသနာ အတွက်၎င်း၊ နိုင်ငံ့အရေး၊ ပြည်သူ့အရေးတို့ကို စွန့်လွှတ်ပေးဆပ်နေကြသော အများစုမှ မလုပ်လိုကြ သော အနိမ့်ကျဆုံးကုသိုလ်အလုပ်ကို လုပ်ကိုင်နေကြသော၊ လုပ်ကိုင်ရန် ပြင်ဆင်နေကြသော တိုင်းပြည်၊ နိုင်ငံ၊ မိသားစုတို့၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနေကြသော လူမှုရေးသူရဲကောင်းများ အဖြစ်၎င်း၊ မိမိတို့၏ မိသားစုဝင်များ၊ မိမိတို့၏ စီးပွားရေးလုပ်ငန်းရှင်များ၊ မိဘပြည်သူများကပါ အသိအမှတ်ပြု အားပေးကြမည်ဆိုလျှင် သာယာလှပပြီး ငြိမ်းချမ်းမှုရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်လာ လိမ့်မည်ဟု ထင်မြင်မိပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မှ နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသားများထံသို့အိပ်ဖွင့်ပေးစာ...

Posted: 28 Jul 2011 08:55 AM PDT

တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျာ။

အမျိုးသားခေါင်းဆောင်ကြီးနှင့်လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားညီအကိုများမှီတင်းနေထိုင်ရာ ပြည်နယ်တချို့မှာ လတ်တလော တောက်လောင်နေတဲ့ စစ်မီးတောက်များ ငြိမ်းအေးသွားစေရေးအတွက် ကိုယ်စွမ်းရှိသမျှ ပါဝင်ဆောင်ရွက်ပေးလိုတဲ့စေတနာနဲ့ သက်ဆိုင်သူများထံ အိတ်ဖွင့်ပေးစာတစ်စောင် ဒီကနေ့ ပေးပို့၊ ထုတ်ပြန်လိုက်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေ အမြန်ဆုံးရပ်ဆိုင်းဖို့ ၊ ပြသနာ တွေကိုတွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ အနုးအညွတ်တိုက်တွန်းပန်ကြားထားပါတယ်။ ဒီကနေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်တဲ့ ဒီအိတ်ဖွင့်ပေးစာကို နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ တရားဝင်လမ်းကြောင်းက ပေးပို့ပြီးဖြစ်ပါတယ်။ ကျန်ပုဂ္ဂိုလ်များကတော့ ဆက်သွယ်ရန်လမ်းကြောင်းမရှိတဲ့အတွက် အဖွဲ့ချုပ်ပြန်ကြားရေးကပဲ ထုတ်ပြန်ထားပါတယ်။ ရယူလေ့လာဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံပါတယ်။

ဦးအုန်းကြိုင်
သတင်းနှင့်ပြန်ကြားရေးဌာန
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
aungsansuukyi openletter


ရင်ထဲကရှစ်ဆယ့်ရှစ်-အပိုင်း ၂ - (မောင်မောင်ဝမ်း )

Posted: 28 Jul 2011 08:48 AM PDT


တကယ်တော့ဗိုလ်ချုပ်ကြီးနေ၀င်း(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဌကြီးဦးနေ၀င်း)၁၉၆၂ခုနှစ်မှာအာဏာသိမ်းလိုက်ခြင်းဟာ…ဒီမိုကရေစီကိုသင်းကွပ်ပစ်လိုက်တာပဲဖြစ်ပါတယ်….သူအာဏာရချိန်ကစလို့ ပါတီစုံဒီမိုကရေစီဆိုတာလည်းဆိပ်သုဉ်းသွားရရှာတယ်…၁၉၇၄မှာဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုအတည်ပြုပြီး….တိုင်းပြည်ကိုတပါတီအာဏာရှင်စနစ်နဲ့သွားတယ်….စီးပွားရေးပုံစံမှာလည်းဆိုရှယ်လစ်စီးပွားရေးဆို… .ပြည်သူပိုင်အခန်းကဏ္ဍကိုမှေးမှိန်အောင်လုပ်…တံခါးပိတ်စီးပွားရေးမူဝါဒကိုချမှတ်ပြီး…နိုင်ငံတကာရဲ့လာ ရောက်ရင်းနှီးမြုတ်နှံမူ့တွေကိုလက်မခံဘူး…အဲဒီတော့ဘာဖြစ်လာသည်းဆိုတော့…မှောင်ခိုစီးပွားရေးစနစ်ဟာ…မဆလအစိုးရခေတ်မှာအရမ်းကြီးထွားခဲ့တယ်….ကျနော်တို့တိုင်းပြည်ကနည်းပညာအားနည်းတော့…ဘာများဖြစ်ဖြစ်မြောက်မြောက်တီထွင်နိုင်မှာလည်း….ပြည်တွင်းမှာထုတ်လုပ်တဲ့ခပ်ညံ့ညံ့ပစ္စည်းတွေကိုပဲသုံးစွဲရတော့တယ်..….ကျနော်တို့ကျောင်းသားဘ၀က..တက္ကသိုလ်အဆောင်တွေမှာပေးထားတဲ့..ဆင်တဲထုတ်ရုပ်မြင်သံကြားတွေဆို…ဒီနေ့လူငယ်တွေတွေ့လိုက်ရင်ရီကြမှာအမှန်ပဲ….ထင်းရူးသေတ္တာပုံးကြီးလိုဟာမျိုး….

နောက်တခါအံ့အားသင့်စရာမဆလအစိုးရရဲ့လုပ်ရပ်တခုရှိသေးတယ်ဗျ….ပိုက်ဆံချမ်းသာလို့အဖမ်းခံရတယ်ဆိုရင်…ယုံမလားမသိဘူး..အဲဒါတကယ်ပါ…ပိုက်ဆံချမ်းသာတဲ့သူတွေကို"ဆူဇကာစစ်ဆင်ရေး"ဆိုထောင်ထဲထဲ့ထားတယ်….သဘောကတော့…ဂုတ်သွေးစုတ်အရင်းရှင်တွေပေါ့…ဒီလုပ်တွေလုပ်လာနေမှာတော့…ဒီတိုင်းပြည်မှမမွဲ..ဘယ်သူမွဲတော့မှာလည်း….ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်သွားတယ်….ဒီလိုနဲ့…၁၉၆၂စစ်အာဏာသိမ်းစဉ်ကပါဝင်ပြီး တော်လှန်ရေးကောင်စီလို့ခေါ်တဲ့ စစ်ကောင်စီမှာအကြီးအကဲ တယောက်အဖြစ် ပါဝင်ခဲ့တဲ့…ဦးအောင်ကြီးဗိုလ်မူးချုပ်ဟောင်းအောင်ကြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ..ခနလေး ဥက္ကဌဖြစ်ခဲ့ဘူးသူ)သူက..ဦးနေ၀င်းဆီပေးပို့ထားတဲ့..စာမျက်နှာလေးဆယ်ကျော်ပါစာတမ်းတခုကလူထုကြားထွက်ပေါ်လာတယ်လေ…..ဦးအောင်ကြီးဟာဦးနေ၀င်းရဲ့ အမျက်တော်ရှမူ့ကြောင့် အာဏာရုတ်သိမ်းခံရသူ တယောက်ပေါ့…..မဆလကနေအထုတ်ခံလိုက်ရပြီး..ရန်ကုန်မြို့စမ်းချောင်းအရပ်ဒေသမှာလဘက်ရည်ဆိုင်ကြီးဖွင့်ထားပြီး…နိုင်ငံကျော်"အောင်ကြီးကိတ်"ဆိုတာသူ့စီးပွားရေးလုပ်ငန်းတွေပါ….သူ့စာတမ်းက..လူထုကြားမှာတော်တော်လေးပြန့်ပြန့်နှံ့နှံ့ရောက်သွားခဲ့တယ်…ဗိုလ်ချုပ်ကြီးခင်ဗျားဆို…အစချီထားပြီး…ဖြစ်ပေါ်နေတဲ့…လူမူ့၊စီးပွား၊နိုင်ငံရေးအကြပ်အတည်းတွေကိုတင်ပြထားတယ်….ဒါပေမဲ့သူ့စာထဲမှာဦးနေ၀င်းကိုတော့အပြစ်ဖို့မထားဘူး…ဒါတွေဦးနေ၀င်းမသိပါဘူးေးပါ့(သဘောကတော့…သူမသိလို့..ဒီလိုတွေဖြစ်နေရတာပါပေါ့)…နောက်တခါ၁၉၆၂အာဏာသိမ်းစဉ်က ကျောင်းသားသမဂ္ဂအဆောက်အဦကို ဗုံးဖောက်ခွဲပြီး..ကျောင်းသားအများအပြားသေဆုံးခဲ့ကြရတဲ့ဖြစ်စဉ်မှာ..သူရော..ဦးနေ၀င်းရောနှစ်ယောက်လုံး..အပြစ်ကင်းမဲ့လေဟန်တွေပါ ပါဝင်တယ် (၁၉၆၂အာဏာသိမ်းတော့စစ်အာဏာရှင်များဟာ…ရန်ကုန်တက္ကသိုလ်ဝန်းထဲမှာရှိတဲ့…ကျောင်းသားသမဂ္ဂအဆောက်အဦကိုဗုံးဖောက်ခွဲပြီး ပစ်ခပ်နှိမ်နင်းတဲ့အတွက် ကျောင်းသားပေါင်းများစွာ သေကျေခဲ့ရပါတယ်…. များစွာ..ထောင်သွင်းအကျဉ်းချခြင်းခဲ့ရပါတယ်…အဲဒါကိုတော့…ဆဲဗင်းဂျူလိုင်ကျောင်းသားလှုတ်ရှားမူ့လို့သမိုင်းတွင်စေခဲ့ပါတယ်…အဲဒီအချိန်ကစလို့ ကျောင်းသားသမဂ္ဂကို တရားဝင်ရပ်တည်ခွင့်မပေးတော့တာအခုထိပါပဲ)

ဘာပဲဖြစ်ဖြစ်…ဦးအောင်ကြီးရဲ့စာတမ်းကတော့…မျက်မှောက်အခြေနေနဲ့အနီးစပ်ဆုံးအံဝင်ဂွင်ကျဖြစ်သွားတဲ့အတွက်…လူထုကြားမှာ..တော်တော်..ဂယက်ထသွားပြီ…ဘယ်လောက်ထိဂယက်ရိုက်သလည်းဆို တော့ပါတီညီလာခံမှာ…ဦးနေ၀င်းကိုယ်တိုင်ကျောင်းသားသမဂ္ဂကိစ္စ္ဂကိုဖြေရှင်းချက်ပေးရတော့တယ်…သူ့ဖြေရှင်းက…ဦးအောင်ကြီးကိုပဲ…ပြန်ပြီးလက်ညှိုးထိုးတရားခံအဖြစ်အပြစ်ဖို့သရောင်ရောင်ပြောဆိုချက်တွေနဲ့ပြောဆို ထားတယ်လေ….အဲဒီပါတီညီလာခံမှာပဲ…ဦးနေ၀င်းကနိုင်ငံရေးအစတခုကိုဟပေးလိုက်တယ်…တိုင်းပြည်ကို…တပါတီစနစ်နဲ့ပဲသွားမလား…ပါတီစုံစနစ်နဲ့ပဲသွားမှာလားဆိုတာ…အဆုံးအဖြတ်ပေးဘို့…ညီလာခံကိုတင်ပြခဲ့ တယ်…..အဆိုးဆုံးက…လူထုကိုစိမ်ခေါ်တဲ့စကားပြောဆိုသွားခြင်းပါ…ကျနော်တို့…တခုတည်းသောမြန့်မာ့ရုပ်မြင်သံကြားကတဆင့်ပါတီညီလာခံကျင်းပတာကိုကြည့်လိုက်ရတယ်…ကျနော်မှတ်မိသေးတယ်….ဦးနေ၀င်းဟာ..မိန့်ခွန်းပြောဆိုနေရင်းက..ဒေါသတွေထွက်လာတယ်….

(ကြည့်ရတော်တော်ကိုရုပ်ဆိုးတာပါ)…ဘာပြောသလည်းဆိုတော့….."ဒီတခါတိုင်းပြည်မှာ..ဆူဆူပူပူလုပ်တဲ့သူတွေကိုသတိပေးချင်တယ်……စစ်တပ်ဆိုတာမိုးပေါ်ထောင်မဖောက်ဘူး…ပစ်ရင်မှန်အောင်ပစ်တယ်…နောက်တခါဆူဆူပူပူလုပ်လို့ကတော့…မလွယ်ဘူးသာပြင်"ဆိုတော့တိုင်းပြည်ကလူထုကပိုချဉ်သွားကြတော့တယ်….စဉ်းစားကြည့်ပါ…တိုင်းပြည်ခေါင်းဆောင်လုပ်တဲ့သူ ပြောအပ်သောစကားလားဆိုတာ…. .ဒါဟာ.. ခေတ်အဆက်ဆက်ကျန်ရစ်နေတဲ့..ဦးနေ၀င်းရဲ့သမိုင်းဝင်မိန့်ခွန်းပါ….လူထုကဘာဖြစ်လာသလည်းဆိုတော့….ကြောက်လန့်မလာပဲ….ဒေါသတွေပိုထွက်လာကြတယ်…….နဂိုကမှအထွေထွေအကြပ်အတည်းတွေငွေစက္ကူတွေကိုတရားမ၀င်သတ်မှတ်လိုက်တဲ့ကိစ္စတွေကြောင့်..မကျေနပ်မူ့အဆိုင်အခဲက..ဦးနေ၀င်းမိန့်ခွန်းကြောင့်…ပိုဆိုးလာကြတယ်……

ကျနော်ဇာတိမြေကိုပြန်ရောက်တော့…ထူးခြားချက်တခုက…သက်ဆိုင်ရာနယ်မြေများမှာပါတီဝင်များကနေ…ကျောင်းသားများကိုအနီးကပ်စောင့်ကြည့်ဘို့ကိုညွှန်ကြားထားတယ်လေ….ကျနော်ရေနံချောင်းပြန်ရောက်တော့…အိမ်ကခြံဝန်းအတွင်းမှာ စစ်ပြန်စစ်မူ့ထမ်းဟောင်း အမိန့်ရလိုင်စင်ထန်းရည်ဆိုင် ဌားတယ်… အဲဒီမှာတာဝန်ခံလုပ်နေတဲ့…ဦးအံ့မောင်ဆိုတာသူကရပ်ကွက်ပါတီစိတ်မှုး…သူ့ကိုမြို့နယ်ပါတီယူနစ်က…တာဝန်ပေးထားတာ..ကျနော့်ကိုအနီးကပ်စောင့်ကြည့်ဖို့ပေါ့…ကျနော်ကလည်း…ဟန်မပျက်နေရတယ်…သူကလည်းအရိပ်တကြည့်ကြည့်…ကျနော်အိမ်ကိုဝင်ထွက်သွားလာတတ်တဲ့သူငယ်ချင်းတွေကိုအမြဲလေ့လာတယ်ပြီးရင်မှတ်တမ်းတင်တယ်…သတင်းပို့တယ်…..ဦးအောင်ကြီးစာတမ်းတွေကိုဖြန့်တော့….သူငယ်ချင်းတယောက်ကစာရွက်တွေကိုကော်ပီကူးလို့ရအောင်…လက်နဲ့လုပ်ထားတဲ့ပစ္စည်းလေးသူကဖန်တီးလာတယ်…လုပ်ရမဲ့နေရကလည်းမရှိတော့…..ကျနော့်အိမ်မှာပဲကူးကြတယ်….ကျနော်ကတခုကြံရတော့တယ်…အခန်းထဲမှာဆိုရိပ်မိနိုင်တယ်… ဒါ့ကြောင့်အခန်းထဲမှာမကူးပဲ..အပြင်မှာပဲပေါ်တင်လုပ်တယ်….ဘယ်လိုလုပ်သလည်းဆိုတော့….ကူးပြီးသားစာရွက်တွေကိုဖွက်ထား…တရွက်ထွက်လာ..တရွက်ဖွက်ပေါ့….ဘေးနားမှာ…ဆယ်တန်းသချာင်္သင်ကြားချက် စာရွက်တွေကိုအသင့်ပုံထားတယ်…..ထင်တဲ့အတိုင်း….သူကလာကြည့်တယ်….ဘာတွေလုပ်နေကြတာလည်းပေါ့….ဒါနဲ့ကျနော်က…"ကျောင်းအားရက်သုံးဘို့ပိုက်ဆံမရှိတာနဲ့…ကျူရှင်ကစာရွက်တွေကိုကူးရင်း..ပိုက်ဆံရှာ နေတာပါ "လို့ဆိုတော့…သူကတရွက်ယူကြည့်ပြီး…အဖြေကိုကျေနပ်သွားပုံရတယ်…

" ကောင်းပါတယ်…မုန့်ဘိုးရှာကြပေါ့…ပေါက်တတ်ကရတွေမလုပ်ပြီးတာပါပဲ "

ကျနော်က မကျေနပ်တဲ့ပုံနဲ့…." ပေါက်တတ်ကရတွေဆိုတာ…ဘာကိုဆိုလိုတာလည်းဗျ "

"ဆူဆူပူပူမလုပ်ရင်ပြီးတာပါပဲကွာ…ငါ့ကိုပါတီက..ခိုင်းထားလို့ကွ…..ငါလည်းမင်းကိုစောင့်ကြည့်ရတာ..တဒုက္ခ…." သူကရိုးတယ်…သူ့ရင်ထဲကပွင့်ပွင့်လင်းလင်းထွက်ကျလာတယ်…ကျနော်သနားသွားမိတယ်……

ကျနော်တို့ဖြန့်လိုက်တဲ့ဦးအောင်ကြီး.စာတမ်းတွေကလည်း…လက်သိပ်ထိုးတော်တော်ပြန့်သွားတယ်….အဲဒီကာလတွေကရေဒီယိုအသံလွင့်ဌာနဆိုတာ..သုံးခုလားပဲရှိတယ်..ဘီဘီစီရယ်၊ဗွီအိုအေ၊အောအိန္ဒိယ …တသက်လုံးကရေဒီယိုနားမထောင်ဘူးတဲ့ကျနော်တို့တတွေ…အခုမပြတ်တမ်းနားထောင်နေရတယ်လေ…လူတွေတော်တော်များများလည်း..နားထောင်ကြတယ်….တိုင်းကျော်…လဘက်ရည်ဆိုင်မှာရေဒီယိုအသံလွင့် ချိန်ဆိုဆိုင်ရှင်ကဖွင့်ပေးထားတော့…လဘက်ရည်လာသောက်သူရောပြင်ပကသူတွေရောနေ့စဉ်လာနား ထောင်ကြတာအများသားလား….အဲဒီမှာ….သတင်းထောက်ခရစ္စတိုဖာဂါးနက်ဆိုသူကကျောင်းသားခေါင်း ဆောင်..ကိုဌေးကြွယ်၊ကိုဌေးအောင်၊ကိုတင်မောင်မောင်ထွေး၊ကိုကိုလတ်တို့နဲ့တွေ့ပြီး….အဖမ်းခံလိုက်ရတဲ့ ကျောင်းသူတွေထဲက…တစ်ယောက်ပေါ့..သူ့နဲ့အင်တာဗျူးခန်းကလူထုစိတ်ကိုနှိုးဆွစေခဲ့တာ..သူကအဖမ်းခံရ စဉ်မှာ..လုံခြုံရေးတပ်သားတွေရဲ့မုဒိန်းကျင့်ပုံတွေကိုပြောပြတယ်…ကြားရတဲ့လူထုရင်ထဲ..မခံစားပဲမနေနိုင်ကြ တော့ဘူး….မျက်ရည်ကျ..ကြတယ်….

ကျနော်တို့ကလည်း…လူထုအရေးတော်ပုံကြီးပေါ်ပေါက်ရေးအတွက်…တမြို့နယ်နဲ့တမြို့နယ်..လျှို့ဝှက်ဆက်သွယ်ကြ…အသင့်ပြင်ကြပေါ့….ဒီကြားထဲမှာ…လူထုရဲ့အစိုးရပေါ်မကျေနပ်မူ့ကြီးကို…အာရုံပြောင်းစေချင် တော့….မဆလအစိုးရကဘာလုပ်သလည်းဆိုတော့….လူမျိုးရေးအဓိကရုန်းကိုဖန်တီးပေးလိုက်တယ်…ဒါက လည်းဦးနေ၀င်းအာဏာသိမ်းပြီးကထဲက…တိုင်းပြည်မှာ..အစိုးရကို..လူထုကမကျေနပ်မူ့ကြီးလာပြီဆို…အာရုံ ပြောင်းအောင်လုပ်နေကြ…ဒါမှအစိုးရကိုဆန့်ကျင်တဲ့..ဆန္ဒပြပွဲတွေမပေါ်ပေါက်တော့မှာကိုး…..တောင်ကြီး ၊အောင်လံ၊ပြည်၊ပဲခူးဘက်တွေမှာကုလားဗမာအဓိကရုန်းတွေဖြစ်တယ်…မွတ်စလင်တော်တော်များများခံလိုက်ရတယ်…သေဆုံးမူ့တချို့ရှိခဲ့တယ်…….ဒီအချိန်မှာတနိုင်ငံလုံးကိုရိုက်ခပ်စေမဲ့တပ်လှန့်သံက..အသံလွှင့်သတင်း ဌာနတွေကထွက်လာပြီ….၁၉၈၈သြဂုတ်လ၈ရက်နေ့မှာ..တနိုင်ငံလုံးမဆလလို့ခေါ်တဲ့မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရကိုတပြိုင်နက်ထဲတော်လှန်ကြမယ်…လူထုတော်လှန်ရေးကြီးဆင်နွှဲကြမယ်………အဲဒီနေ့ကလည်း…သိပ်ထူးခြားတဲ့နေ့ ရှစ်လေးလုံးပေါင်းဆုံထားတဲ့နေ့…၈.၈.၁၉၈၈………..

သတင်းတွေကပြန့်နေပြီ….အရပ်ထဲ..ရွာထဲ..ဈေးထဲ..ကျောင်းထဲ….ကျောင်းသားတွေ…ဆန္ဒပြကြတော့မယ်တဲ့…ဒါပေမဲ့….မဆလအစိုးရက..သိပ်ထိပ်လန့်ပုံတော့မပြဘူး…အရင်အခါတွေတုန်းကလို…နှိမ်နင်းပြလိုက်ရင် ပြတ်သွားမယ်ပဲထင်နေဆဲ….တနိုင်ငံလုံးမှာ..သူတို့ပါတီတွေ…လုံခြုံရေးတွေကိုနည်းနည်းပါးပါးတပ်လှန့်ထားယုံကလွဲလို့အရမ်းကာရောကြီးတင်းကြပ်မထားဘူး…မြို့နယ်အသီးသီးက…အထက်တန်းကျောင်းတွေမှာတော့ ဆရာတွေကိုယ်တိုင်ကင်းစောင့်နေရတယ်….ကျနော်တို့အားလုံးစီစဉ်ရတော့တယ်…..အဲဒီမှာပြသနာကဘာလည်းဆိုတော့..ကျနော်တို့ကကျောင်းသားတွေ…၀င်ငွေမရှိဘူး….ပိုက်ဆံဆိုတာမိဘတွေကပေးမှမုန့်ဘိုးအဖြစ်ရကြတာ…နယ်အသီးသီးကိုသွားဖို့..ဆက်သွယ်ဖို့…စာရွက်စာတမ်းတွေဖြန့်ဝေဖို့ငွေလိုတယ်…လူတကာဆီလိုက်အလူခံလို့ရတဲ့အမျိုးလည်းမဟုတ်ဘူး….ဒါနဲ့လျှို့ဝှက်အစည်းဝေးထိုင်ဘာလုပ်ခဲ့ရသလည်းဆိုတော့….ချဲရောင်းမယ်…များများစားစားမဟုတ်ဘူး…၁၀ဘိုးအကွက်လားမသိဘူး..ဒါနဲ့လူခွဲပြီးလိုက်ရောင်းတယ်….တယောက်က မေးတယ်…ပေါက်ရင်ဘယ်လိုလုပ်မလည်းဆိုတော့…ငါတို့က ၈ရက်နေ့မှာ လူထုအုံကြွမူ့စမှာ… ချဲက ၁၅ရက်နေ့မှထွက်မှာ…အဲဒီတော့..ဒါထဲ့တွက်ဘို့မလိုတော့ဘူး…ပေါက်တဲ့သူရှိရင်လည်းတောင်းပန်လိုက်မယ်ကွာဆိုပြီး…ကိုယ်မြင်တဲ့အမြင်သေးသေးလေးလေးနဲ့ဖြေရှင်းခဲ့ကြတယ်…ချဲရောင်းလို့ရတဲ့ငွေတွေနဲ့..နယ်အသီးသီးကိုသွားကြ…စာရွက်စာတမ်းတွေဝေကြပေါ့……

ဒီလိုနဲ့တဖြေးဖြေးသြဂုတ်လ၈ရက်နေ့နီးကပ်လာတယ်…….တနေ့…ကျနော့်သူငယ်ချင်းတယောက်ကအူယားဖားရားသတင်းလာပေးတယ်…..

"ဟေ့ကောင်…ငါသတင်းအတိကျရထားပြီ…..ပါတီယူနစ်အတွင်းသတင်းကပေါက်ထွက်လာတာ….ငါတို့ကျောင်းသားတွေကိုဒီရက်ပိုင်းအတွင်းအကျယ်ခေါ်ပြီးထိန်းသိမ်းထားလိမ့်မယ်…..အထူးသဖြင့်ရန်ကုန်မှာကျောင်းတက် နေတဲ့သူတွေဖြစ်ဘို့များတယ်….."ကျနော်လည်းခေါင်းတော်တော်စားသွားတယ်..ဘာလုပ်ရမှန်းမသိတော့ဘူး…အတွေ့အကြုံကလည်းမရှိ…အသက်အရွယ်ကလည်းငယ်ရွယ်တဲ့သူတွေဆိုတော့…ဆုံးဖြတ်ရခက်သွားတယ်..ဒါနဲ့ကျနော်တို့ချက်ခြင်းလူစုပြီး…အစည်းအဝေးထိုင်တယ်….အားလုံးကသဘာတူညီစွာနဲ့…ဆန္ဒပြပွဲကိုသြဂုတ်လ၈ရက်နေ့လုပ်မဲ့အစားရှေ့တိုးပြီး၆.ရက်နေ့မှာစတင်ဘို့ဆုံးဖြတ်ချက်ချလိုက်ကြတယ်…..ရက်ကအရမ်းနီးနေပြီ..လုပ်စရာရှိတာစီစဉ်စရာရှိတာတွေကိုအသေးစိတ်စီစဉ်ရတော့တယ်….နောက်တခါရေနံမြေကအလုပ်သမားတချို့နဲ့ကျနော်တို့ကျောင်းသားတွေချိတ်ဆက်မိတယ်…သူတို့ပါ..ပါဝင်လာတယ်..

လူထုဆန္ဒပြပွဲကိုစတင်ဘို့…မြို့လယ်နဲ့မနီးမဝေးမှာရှိတဲ့…အထက(၁)ကိုရွေးချယ်လိုက်တယ်..ဒီ ကျောင်းကသမိုင်းအစဉ်လာကြီးတဲ့ကျောင်း…ဗိုလ်ချုပ်အောင်ဆန်းကစလို့ အရှင်ဆန္ဒာဓိက၊ စာရေးဆရာမဂျူးတို့ပညာရည်နို့စို့ခဲ့ရာ ကျောင်းတော်ကြီး…. တယောက်ကကျောင်းရဲ့ မြေပုံကိုပြုစုတယ်… အဖွဲ့တွေအသီးသီးခွဲလိုက်ကြတယ်…..ပြန်စဉ်းစားကြည့်လိုက်တိုင်းကျေနပ်မိတာတခုကကျနော်တို့အားလုံးကထင်ရာမြင်ရာတွေနဲ့စုပေါင်းလုပ်လိုက်ကြတာ…နည်းနည်းတော့စနစ်ကျတယ်ပြောလို့ရပါတယ်…အဖွဲ့အသီးသီးခွဲပြီးဘယ်သူကဘယ်ကျောင်းဆောင်မှာတာဝန်ယူမယ်…ဘယ်သူနဲ့အဖွဲ့ကကျောင်းရှေ့တံခါးကိုပိတ်လုံခြုံရေးစောင့်ကြည့်တာဝန်…မြို့ထဲတလျှောက်ကနေကျောင်းအထိ..ကြားထဲမှာကျနော်တို့လူတွေတယောက်ပြီးတယောက်ချထားတယ်…အချိန်ကိုက်…တပ်လှန့်ထားတယ်….သတ်မှတ်တဲ့အချိန်ရောက်တာနဲ့မြို့ထဲမှာရှိနေတဲ့လူထုကိုကျောင်းသားတွေဆန္ဒပြပြီဆိုတာကိုဆော်သြဘို့ပေါ့…….

၁၉၈၈ သြဂုတ်လ (၆)- ရက်

ကျနော်….၅..ရက်နေ့တညလုံးနီးပါးလောက်မအိပ်ရဘူး…ကြွေးကြော်သံစာရွက်ငယ်လေးတွေကူးနေတာ…မနက်လင်းခါနီးလောက်ကြမှတမှေးလောက်ပဲမှေးလိုက်ရတယ်…မနက်..၈နာရီလောက်ပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်ရင်း..ဆုံရပ်ရှိရာကိုထွက်လာခဲ့တယ်….လမ်းတလျှောက်ဖြတ်လာရင်းကြည့်လိုက်တော့ ရေနံမြေက အလုပ်သမားတချို့အနည်းငယ်အကွာဝေးဆီမှာမရောင်မလည်လုပ်ရင်းနေရာယူနေတာကိုတွေ့လိုက်ရတော့ တော်တော်အားတက်သွားမိတယ်…..

အထက(၁)ကျောင်းရှေ့မှာရှိတဲ့လဘက်ရည်ဆိုင်ကနေကျောင်းထဲကိုလှမ်းပြီးအဆက်မပြတ်အကဲခပ် ကြည့်လိုက်တော့..ကျောင်းဝန်းတံခါးအ၀င်ဝမှာဆရာတွေကကျောင်းသားတွေကိုစောင့်ကြည့်စစ်ဆေးတာတွေလုပ်နေတာကိုလှမ်းမြင်နေရတယ်….ရှေ့တံခါးပေါက်မကြီးက၀င်ရောက်ရမှာက သုံးဦး… ကျနော်ရယ်… သက်နိုင် (ဒသာနိကဗေဒ)ရယ် ကျော်ဆန်းဦး (မကွေးကောလိပ်) ……အားလုံးကရင်ခုံနေကြတယ်…. ဘာရယ်မဟုတ်ဘူး..ကျနော်ခါးကြားမှာဓါးမြှောင်တိုလေးတချောင်းဆောင်လာတယ်…ပထမကျောင်းတက်ခေါင်းလောင်းထိုးသံကြားလိုက်ရပြီ……ရင်ခုံသံတွေက..အရင်ကထက်ပိုကျယ်လောင်လာပြီ….သုံးရောက်လုံးလဘက်ရည်ဆိုင်ကနေ…ထထွက်လာပြီးအသင့်နေရာယူလိုက်တယ်…ဒုတိယခေါင်းလောင်းထိုးပြီးရင်ကျောင်းတံခါးကိုပိတ်လိုက်တော့မှာ လေ… အချိန်က နောက်ထပ်ငါးမိနစ်ပဲ ကျန်တော့တယ်…. ခပ်လှမ်းလှမ်းကိုလှမ်းကြည့်လိုက်တော့ စီးပွားရေးတက္ကသိုလ်ကျောင်းသားကျော်လင်းနဲ့ သူ့အဖွဲ့သားတွေက ..ကျောင်းဝန်းတံခါးတွေကိုပိတ်ပြီးထိန်းသိမ်းထားဘို့အသင့်…ကျနော့်ကိုသူကလက်မထောင်ပြတယ်( အားလုံးအိုကေပေါ့)…နောက် ကျောင်းနောက်ဖက်ကနေ ပတ်ဝင်ပြီးသွားမဲ့ကျော်စွာတို့အဖွဲ့က ခပ်သုတ်သုတ်ပြေးသွားပြီ…..သက်နိုင်ကကျနော်ကိုကပ်ပြီးတိုးတိုးလေး လှမ်းပြောတယ် …..

"ကိုဝမ်း…မတတ်နိုင်ဘူးဗျာ…ရှေ့ကစောင့်နေတဲ့ဆရာတွေက…ခင်ဗျားတို့ကျနော်တို့ဆရာတွေ…..သူတို့ဘယ်လိုတားတား ကျနော်တို့နားမရောင်နဲ့ တွန့်မသွားနဲ့ရှေ့ဆက်တိုးမယ်…."ဆိုတော့ ကျော်ဆန်းဦးက….

"ငါတို့ဆုံးဖြတ်ချက်ချပြီးသားပဲ….သေချင်သေပါစေ…နောက်မဆုတ်ဘူး….ဆက်လုပ်မယ်…"

တောင်ဘက်အရပ်ဆီကတိုက်ခပ်လာတဲ့တချက်သောလေအဝှေ့မှာ….ဖုန်မူန့်တွေဖွားကနဲလွင့်ထွက်လာတယ်…ရှေ့မှာမောင်းနှင်လာတဲ့…မြင်းလှည်းတစီးရဲ့မြင်းခွာရိုက်သံက..ဂီတစည်းချက်အလား…ကျနော်တို့ရဲ့ရင်ခုန်သံ များအလား…ပြီးတော့ပတ်ဝန်းကျင်ကြီးဟာ…ပုံမှန်ထက်များငြိမ်သက်နေရော့သလားစိတ်အစဉ်မှာခံစားနေရင်းက….ကျောင်းဝန်းအတွင်းက…ဒုတိယခေါင်းလောင်းသံကထိုးဖောက်ထွက်လာပြီ…….

……….ဂလိုင်….ဂလိုင်….ဂလိုင်….ဂလိုင်…..ဂလိုင်………..

အပိုင်း ( ၃ ) ဆက်ပါဦးမည်

အားလုံးကိုလေးစားစွာဖြင့်

( မောင်မောင်ဝမ်း )


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment