- တွယ်ရာမဲ့ပန်းတို့၏မုန်တိုင်းချက်များ ဆောင်းပါးရှင် (မောင်မောင်ဝမ်း )
- IMF နှင့်နိုင်ငံတော်အခြေခံဥပဒေ ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)
Posted: 10 Jul 2011 01:35 AM PDT တွယ်ရာမဲ့ပန်းတို့၏ မုန်တိုင်းချက်များ ဆောင်းပါးရှင်(မောင်မောင်ဝမ်း) ဟသာင်္တမြို့မှာ ဖြစ်ပွားခဲ့တဲ့ ၉ နှစ်သား ခလေးငယ် တယောက်အပေါ် လူမဆန်စွာ ညှင်းပန်းနှိပ်စက်တဲ့ သတင်းတွေ အင်တာနက် စာမျက်နှာတွေပေါ်က တဆင့်ဖတ်လိုက်ရတဲ့အခါ ကျနော်အရမ်း တုန်လှုပ်သွားမိတယ်။ ခလေးငယ်အတွက် အတော်ကို စိတ်မကောင်းဖြစ်မိတယ်။ ဒီလို အိပ်မက်ဆိုးတွေကို ကျနော် တခါက ကြုံခဲ့ဘူးပါတယ်။ စစ်အာဏာရှင်များရဲ့ ထောက်လှမ်းရေး စစ်ကြောရေးစခန်းထဲမှာပါ၊ ဒါပေမယ့် အခုခံလိုက်ရတဲ့ ခလေးငယ်လောက် မခံခဲ့ရပါဘူး လူတစ်ယောက်က လူတစ်ယောက်ကို အနိုင်ကျင့်ဗိုလ်ကျပြီး ရက်စက်ခဲ့လို့ နာကျဉ်ခဲ့ရတဲ့ ပုံရိပ်ဆိုးတွေကို ကျနော်ကိုယ်ချင်းစာမိပါတယ်။ အခုခလေးငယ်က၉နှစ်သားလေး။ စဉ်းစားကြည့်ပေါ့ဗျာ။ တညလုံးလုံး။ ကြိုးနဲ့တုတ၊ ပါးစပ်ကိုစို့ထား တုတ်ချက်တွေနဲ့ ပြင်းထန်စွာ ရိုက်နှက်လို့ အော်လို့က လည်းမရ ပြန်ရုန်းထွက်ဖို့လည်း အားမသန် နည်းလမ်းပေါင်းစုံနဲ့ နှိပ်စက်လိုက်တာ အယုတ်မာဆုံးခွေးချေး တွေ… လူ့ကျင်ငယ်ရေတွေကိုတောင် ပါးစပ်ထဲထဲ့လို့ .ခံစား နေရတဲ့မြင်ကွင်း။ ကြောက်ရွံ့အားငယ် ထိပ်လန့် ငိုကြွေးနေမဲ့ သဏ္ဍာန်တွေကို စိတ်ကူးနဲ့ ပုံဖော်ကြည့်မိတိုင်း ကျနော်ရင်နင့်မိတယ်။ နောက် သတင်းတွေကြေငြာသွားတော့…. "ခလေးငယ်က သူ့အဒေါ်အိမ်မှာ ခေတ္တတည်းခို နေထိုင် နေရပါတယ်တဲ့" မိဘမဲ့ခလေးငယ်တယောက်ရဲ့ ဘ၀ကဘယ်လောက်ထိ ဆိုးလိုက်လည်းနော်….. ကံကြမ္မာမုန်တိုင်း ရဲ့ရိုက်နှက်ချက်ကြောင့် အထွေထွေဒုက္ခ ရောက်နေရှာတဲ့ လူမမယ် ခလေးငယ် တယောက်ကို ဒီလောက်ထိ မရက်စက်သင့်ပါဘူးဗျာ။ ဒါ..လူမဆန်တဲ့လုပ်ရပ်တခုပါ…။ လူနဲ့တိရိစ္ဆာန်ကို အဓိက ပိုင်းခြားထားချက်ထဲမှာ ကိုယ်ချင်းစာတရား…. တိရိစ္ဆာန်လောကမှာ ဥပဒေတခုပဲရှိတယ်။ ကြီးနိုင်ငယ်ညှင်း တရားတာ မတရားတာတွေသူတို့မသိဘူး။ အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ကျင့်မယ်။ အဆိပ်ရှိသတ္တ၀ါက အဆိပ်မဲ့သတ္တ၀ါကို အနိုင်ကျင့်မယ်။ ဒါသူတို့လောက…. လူဟာတိရိစ္ဆာန်မဟုတ်ဘူး.. ဒါရှင်းပါတယ်…. ဒါပေမဲ့… လူဖြစ်လင့်ကစား. တိရိစ္ဆာန်အကျင့်ကို ကျင့်မယ်ဆိုရင်.. လူ့တိရိစ္ဆာန်ပါပဲ……. ကျူးလွန်သူတရားခံရဲ့ ယောက္ခမလုပ်တဲ့သူက ပြောတဲ့စကားလည်း သုံးသပ်ကြည့်ပါဦး။ ခလေးငယ်ကို အကျင့်ပျက်တယောက်လို စွပ်ဆွဲပြောဆိုထားတယ်။ ထား…. အကယ်ရွေ့… ကျူးလွန်ခဲ့ရင်တောင်မှ.. အဲသလို ရက်စက်ဖို့ လုပ်ပိုင်ခွင့်… ခင်ဗျားတို့မှာ ရှိသလားလို့ ကျနော်မေးခွန်း ထုတ်ချင်ပါတယ်။ ကိုယ့်ထက်အရာရာ အားနည်းသူကို လူမဆန်စွာ အနိုင်ကျင့်လို့… ရလာမယ့် ကျူးလွန်သူတရားခံ…. ဆက်မှုး ဌေးဝင်း ခေါ် စနိုးရဲ့ အနာဂါတ်ကိုလည်း စောင့်ကြည့်လိုက်ပါဦး။ သူရက်စက်လိုက်တာ တစ်ညထဲပါ….။ သူခံရမှာက ရက်ပေါင်းထောင်နဲ့ ချီခံစားရမှာပါ။ ခလေးငယ်ရဲ့ဒဏ်ရာတွေဟာ နောက်ခြောက်လလောက်ဆို ပျောက်ကင်း သက်သာနေလောက်ပါပြီ။ ကျနော်အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားဘ၀နဲ့ နေလာခဲ့တော့… အသိတခုရလာတာရှိတယ်…..။ လူတစ်ယောက်ကို သတ်ဖြတ်လိုက်တာတို့… ရိုက်နှက် အနိုင်ကျင့်လိုက်တာတို့ဆိုတာ တွေဟာ.. အတော်တွက်ခြေမကိုက်တဲ့ လုပ်ရပ်ပဲဆိုတာပါပဲ….။ ဆိုပါစို့…. လူတယောက်ကို အကြောင်းအမျိုးမျိုးကြောင့် သတ်ဖြတ်လိုက်တယ်ဆို…. ခံရတဲ့သူက ခဏလေးပဲခံစားပြီး… လူ့ပြည်က ပျောက်ဆုံးသွားပြီ…. လုပ်တဲ့သူက… အကျဉ်းထောင်ထဲမှာ.. မလွတ်မခြင်း.. လူ့ငရဲခံရပေတော့ပဲ….. လူတွေခနခဏ ပြောနေကြစကားရှိပါတယ်။ "မိုက်တယ်ဆိုတာ လွယ်ပါတယ်တဲ့ " တကယ်တော့ မိုက်တယ်ဆိုတာ မလွယ်ပါဘူး…. ရခဲလှတဲ့လူ့တဘ၀လုံးကို အကျိုးမဲ့စွာ အဆုံးခံရဲမှ… မိုက်လို့ရတာပါ။ အဲဒီတော့ မလွယ်တဲ့ကိစ္စတခုကို ရှောင်တာ အကောင်းဆုံးပါပဲ ခလေးငယ်အပေါ် ရက်စက်ခဲ့တဲ့ သတင်းဟာ မြန်မာတနိုင်ငံလုံး.. နိုင်ငံတကာအနှံ့ မီဒီယာတွေကျေးဇူးကြောင့် ပြန့်နှံ့နေပါပြီ….။ ကရုဏာသက်စွာ ခလေးငယ်ကို လှုဒါန်းကြတဲ့သူတွေကို.. ကျေးဇူးလည်းတင်တယ်… ပီတိလည်းဖြစ်မိတယ်…..။ ဒါကိုယ်ချင်းစာ တရားရှိတယ်ဆိုတဲ့…. လူ့ပုံရိပ်ကို လှစ်ပြလိုက်တာပါပဲ……။ ဟသာင်္တနယ်မှာ ရှိနေတဲ့လူထုကို ကျနော်အကြံပြုချင်တာက… .လူသားမဆန်တဲ့.. လူတွေဖွင့်လှစ်ထားတဲ့…. ဗိုလ်ချုပ်လမ်း ဦးပါရယ်ဘုရားရှေ့ You..and..Me လဘက်ရည်ဆိုင်ကို သွားရောက် စားသုံးခြင်းမပြုပဲ.. လူသားချင်း စာနာတတ်တယ်ဆိုတာ ကိုသက်သေ ပြပေးစေချင်ပါတယ်….။ ဒီလူတွေရဲ့ အကျိုးစီးပွားကို အားပေး၊ အားမြှောက်ပြုစရာ အကြောင်းမရှိပါဘူး….။ ဒါဟာတရားဥပဒေအပြင်.. လူမူ့ဒဏ်ခတ်ခြင်းတမျိုးပါ……..။ ကျနော်ရင်ထဲ စိုးရိမ်မူ့တခုက… ထောင်တွေထဲမှာ.. အင်မတန်မှဆိုးသွမ်းတဲ့.. လူဆိုးတွေ.. တော်တော်များများကို လေ့လာကြည့်တဲ့အခါ မိဘမဲ့နဲ့ ရှင်သန်ရတဲ့ သူတွေများနေတာကို တွေ့ရပါတယ်….။ ဒါ့အတွက် မိဘမဲ့ ခလေးငယ်များကို အရမ်းကို စိုးထိတ်မိပါတယ်။ တခါက အသံလွှင့်ဌာနတခုက လွှင့်သွားတဲ့ နာဂစ်အကျိုးဆက် သတင်းလေးတခု အင်တာနက်က တဆင့်ကြည့်လိုက်ရပါတယ်။ ခလေးငယ်လေး သုံးဦး ၊ အကြီးဆုံးက ယောကျာင်္လေး (အသက်မှ ၁၂ နှစ်လောက်ပဲရှိမယ်) နောက်မိန်းခလေး (၆ နှစ်လောက်) အငယ်ဆုံးလေးကလည်း မိန်းခလေး (၃နှစ်သမီးလောက်ပဲရှိမယ်)၊ မိဘတွေအားလုံး နာဂစ်ကြောင့် သေဆုံးသွားကြတယ်…။ ဒီခလေးငယ်လေး သုံးယောက်ထဲက အကြီးဆုံးကောင်လေးက ဂဏန်းကောင်တွေ သွားဖမ်းပြီးပြန်ရောင်း… ရတာလေးနဲ့ မောင်နှမတတွေ အသက်ဆက်နေရတယ်…။ ဂဏန်းဖမ်းလို့ မရတဲ့နေ့တွေဆို…. သူတို့လေးတွေ… ထမင်းအငတ် နေရရှာတယ်။ သူတို့လေးတွေရဲ့ အနာဂါတ်ကို ဘယ်သူ စောင့်ရှောက်မလည်း၊ ဘယ်သူတွေက တာဝန်ယူမလည်း တွေးမိတိုင်း ရင်မောစရာပါ…..။ (လူမဆန်စွာ ညှင်းပမ်းအနှိပ်စက်ခံလိုက်ရတဲ့…. မောင်ထိပ်ကွက်ခေါ်….မောင်စိုးထက်အောင်ကို ပြည်တွင်း ပြည်ပမှ ကူညီချင်သူများ အတွက်ဖုန်းနံပါတ်- 098580204 အရှင်ဥာဏာလင်္ကာရသို့ ဆက်သွယ် ကူညီနိုင်ပါတယ်ခင်ဗျာ.. ဖုန်းနံပါတ်ကို DVB မှ ကူးယူဖော်ပြပါသည်။) အားလုံးကို လေးစားစွာဖြင့် (မောင်မောင်ဝမ်း ) လူမဆန်စွာ ညှင်းပမ်း အနှိပ်စက်ခံလိုက်ရတဲ့…. မောင်ထိပ်ကွက်ခေါ် မောင်စိုးထက်အောင်နဲ့ DVB မေးမြန်းခန်း.. ဆောင်းပါး ရေးသားဖော်ပြပေးတဲ့ ကိုမောင်မောင်ဝမ်းအား ကျေးဇူးတင်ပါသည်...။ ဒီသတင်းကို DVB မှာ စတင်ဖတ်ရှုရချိန်မှာ ရင်နင့်စွာ ခံစားမိပါတယ်...။ ကျွန်တော်တို့ တိုင်းပြည်ဟာ ထေရဝါဒ ဗုဒ္ဓဘာသာတိုင်းပြည်ပါ..။ ငါးပါးသီလရဲ့ အနှစ်ချုပ်က ကိုယ်ချင်းစာတရားပါ..။ ခေါင်ကမလုံတော့ တိုင်းပြည်မှာ ဖြစ်ပျက်ကြားသိနေရတဲ့ မြင်ကွင်းတွေကတော့ ထေရဝါဒ ဗုဒ္ဓဘာသာတိုင်းပြည်မှ ဟုတ်ပါလေစလို့ မေးငေါ့စရာပါပဲ...။ ဒီလူမဆန်တဲ့ အဖြစ်အပျက်မှာ ကိုယ်ချင်းစာတရား အကြင်နာတရားမရှိတဲ့ လူ့တိရိစ္ဆာန် လင်မယားနှစ်ဦးမှ လူမမယ် ကလေးငယ် မောင်ထိပ်ကွက်အား ညှင်းပန်း နှိပ်စက်ခြင်းအား လူကိုခွေးကိုက်ခြင်းလို့ အမည်တပ်ပါရစေ..။ လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ....။ မောင်ထိပ်ကွက်သတင်း အပြည့်အစုံ ပြန်ဖတ်ချင်ရင်ံ http://burmese.dvb.no/archives/12395 |
Posted: 09 Jul 2011 12:56 PM PDT IMF နှင့်နိုင်ငံတော်အခြေခံဥပဒေ ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်) ကျနော့်ဆောင်းပါးမှာ အာရှငွေကြေးပြိုကွဲမှု အကြောင်းနဲ့ဆက်စပ်ပြီး အများစုဆွေးနွေးလာတာ အတော်လေး ကောင်းပါတယ်။ ကွန်မာန့်မှာ Socretes (ဆိုကရေးတီး) ဆိုသူ ဆွေးနွေးလာချက်တွေ ဟာ မြန်မာ့ နိုင်ငံရေးကို အထူးလေ့လာထားတဲ့ (တာဝန်ရှိအဖွဲ့ဌာန တခုဆိုတာ) တစတစ ရုပ်သွင် ပေါ်လွင်လာပါတယ်။ န.အ.ဖ. လိုလားတဲ့အဖွဲ့ထက် န.အ.ဖ.ရဲ့ ဌာန တခုလို့ကို သုံးသပ်လို့ ရလာပါပြီ။ Socretes က ကျနော်ထက် စာပေ အထောက်အထားတွေ ပိုမိုတိကျပါတယ်။ ကျနော် မယှဉ်နိုင်ပါဘူး။ ကျနော်ကသူ့ ကို မမှုတာက ကျနော်က အမှန်တရားဘက်ကနေ ထိုင်ထားတာ။ ဥပမာပေးရရင် သူက လက်နက်ပေါင်းစုံနဲ့ စက်အကူအညီနဲ့ အတိအကျ ပစ်နိုင်တယ်။ ကျနော်က ဂျင်ကလိလေးနဲ့ အနိုင်နဲ့ ဖိပြောနေတာလေ။ သူကကောင်းပေ့ဆိုတာနဲ့ ပစ်ပါ။ ကျနော်ရဲ့ အမှန်တရားဆိုတဲ့ ဒိုင်းကြီးကို မဖေါက်နိုင်ပါဘူး ။ ကျနော်ကအချက်အလက်တွေ မှားလည်းနိုင် မှန်လည်းနိုင်ပေါ့။ Socretes အပါအ၀င်အားလုံးကို စိန်ခေါ်ထားတာ ဘယ်သတ္တိရှိလှပါတယ်ဆိုတဲ့ အခုကျနော်ကို ကလော်တုတ်နေတဲ့ လူတွေတဦှးကမှ အဓိက စိန်ခေါ်ချက်ကို မထိရဲ ကာကွယ်ပြီးတောင် မပြောရဲကြပါဘူး။ ဗိုလ်ချုပ်တွေ အထဲမှာ လာဘ်မစားဘူးသူ ရှိရင်ပြောပါ အခုချက်ချင်း လာပြီးကန်တော့ချင်လို့ပါ။ (အဆိပ်သောက်တဲ့အထိ စိန်မခေါ်တော့ပါဘူး ...တထစ်လျှော့ပေးလိုက်ပါတယ်) တကယ်တော့ အာရှငွေကြေးပြိုကွဲနေချိန် ၁၉၉၆- ကနေ ၂၀၀၂ - နှစ်ကုန်အထိ ကျနော် ထောင်ကျနေပါတယ်။ အာရှငွေပြိုကွဲတာကို ၁၉၉၇-ဒီဇင်ဘာလောက်မှ ကျနော်တို့ သဲ့သဲ့လေးသိရတာပါ။ ထောင်မှာ မိသားစုအရေးက လွဲလို့ဘာမှ ပြောခွင့်မရှိတော့ ကျနော်တို့ ဘာမှမသိရပါဘူး။ ထောင်ကလွှတ်လာမှ တတ်နိုင်သမျှ လက်လှမ်း မှီသလောက်လေး ပြန်ရှာဖတ်ရတာပါ။ ကျနော်တို့ လွှတ်လာချိန်ကျတော့ SARSတို့ ကြက်ငှက်တုတ်ကွေး တခြားစတာတွေဘဲ အဲ့ဒီကာလက သတင်းဖြစ်နေချိန်ပါ။ ထိုင်း-ငွေကြေးပြိုကွဲမယ်ဆိုတာကို Bangkok Post အယ်ဒီတာ မြန်မာလူမျိုး Ralph Ba Cho ဆီရေးထားတဲ့စာနှင့် မိတ်ဆွေ တဦး Mr.B K ဆီကို အိမ်ခြံမြေမှာ ရင်းနှီးထားတာတွေ အမြန်ဆုံး ပြန်ထုတ်ဖို့ (ထပ်မံ တိုက်တွန်း) တဲ့စာတွေမိလို့ ထောက်လှမ်းရေးအရာရှိက ခင်ဗျားက လူဆရာဝန်လုပ်ပြီး ဘာတတ်လို့ စီးပွားရေးကို ဘယ်လောက်နားလည်လို့ အာဆီယံမှာ ဒုတိယစီးပွား အင်အားအကြီးဆုံး နိုင်ငံကို စီးပွားရေးပြိုကွဲမယ် ငွေတန်ဖိုး ထိုးကျသွားမယ် ရေးရတာလည်းဆိုပြီး ဝေဖန်ပါတယ်...။ ရှင်းပြလိုက်ပါတယ် ကျနော် စီးပွားရေးကိန်းဂဏန်းတွေ တတ်လို့ သိလို့ပြောနေတာ မဟုတ်တဲ့အကြောင်း။ ဘဏ်ကြီးတွေ မှာဖြစ်ပျက်နေတာတွေ ဈေးကွက် တကယ့်လက်ရှိ ဖြစ်ပျက်နေတာတွေအပေါ်အခြေခံ ပြောနေတယ်ဆိုတာကို ရှင်းပြလိုက်တော့ (ခင်ဗျားပြောတာ လက်တွေ့ကျတယ်လို့) လက်ခံသွားကြပါတယ်။ ကျနော်ကိုဖမ်းတာ ၉၆-မေလ-။ အဲဒီမှာ အထူးပြောစရာလေးကတော့ အာဆီယံဟာ န.အ.ဖ ကို ၉၇-မေလမှာ လက်ခံလိုက်ပါတယ်။ မေလ-၁၉-ရက်ဟု ထင်ပါတယ်။ ရက်ခြောက်ဆယ်မခြားဘူး ငွေကြေး ပြိုကွဲရတော့တာပါဘဲ။ အာဆီယံမှာ မသူတော် န.အ.ဖ. ပါလာလို့ ဒီလိုဖြစ်လေသလားတောင် ပြောဆိုယူကြရတဲ့အထိ ဖြစ်သွားတာပါ။ ပြောလဲပြောစရာပါဘဲ... ယခင်ရေးဖူးသလိုပါဘဲ ထိုင်းမှာ ဝန်ကြီးချုပ်က န.အ.ဖ.ကို အသားလွတ်ဖါး ဖေါရှော ဗိုလ်ချုပ်ကြီး ချောင်ဗာလစ်ယောင်ချာယု။ လူကလဲ ပြည့်တန်ဆာခန်းတွေ ပိုင်သူလေ။ န.အ.ဖ. ရဲ့ အရင်းနှီးဆုံး ထိုင်းဝန်ကြီးချုပ်ကပြည့်တန်ဆာခန်း ပိုင်ရှင်လေ။ ဆိုကရေးတီး ပြောသလို ထိုင်းက IMF အကူကိုယူခဲ့လို့ ပိုဆိုးသွားရတာ မဟုတ်ပါဘူး။ IMF အကူမယူရင် ဘယ်လောက်အထိ ဖြစ်သွားမယ်ဆိုတာ ကာယကံရှင်နိုင်ငံတွေ သိပါတယ်။ နေမကောင်းလို့ ဆေးရုံတင်ရတာပါ။ ဆေးရုံတင်လို့ နေမကောင်းဖြစ်သွားရတယ် သဘောမျိုး ရောက်နေပါတယ်။ ကာယကံရှင်နိုင်ငံတွေ မှာ စီးပွားရေးပြန် နလန်ထူနိုင်အောင် IMF ရဲ့မူကိုတော့ လက်ခံရတာပါဘဲ။ မိသားစုတခုအတွင်းမှာကို မိဘက အမွေပေးရင် သူတို့ချမှတ်ထားတဲ့ လမ်းစဉ်ကို လိုက်နာမှသာ အမွေရသလိုပါဘဲ.. (သဘောအဖြစ်ပေါ့ )။ စီးပွားရေးပြိုကွဲတာက စီးပွားရေးပေါ်လစီ မူပေါ့လေ မှားလို့ကွဲရတာကို ပေါ်လစီမပြင်ရင် နောက်ထပ်ကူတဲ့ငွေပါ ပလုံသွားမှာပေါ့။ မူမှားလို ပြင်ခိုင်းတာပေါ့။ တဖက်ကလည်း မှားပါတယ်ကို လက်တွေ့ ၀န်ခံရတာဘဲလေ။ IMF ဟာ သူ့ငွေကို နိုင်ငံတခု အခြေအနေ အကြပ်အတည်းချိန်မှာ ၀င်ကူညီပေးတာပါ။ တနည်းကတော့ တခြားနိုင်ငံတွေနဲ့ တခြားဒေသတွေကိုပါ စီပွားရေးဂယက် ကူးစက်မလာအောင် ကာကွယ် ဟန့်တားပေးတာပါ။ နိုင်ငံတနိုင်ငံရဲ့ အခြေခံဥပဒေ ကို တိုက်ရိုက် ၀င်မစွက်ဖက်ပါဘူး။ ဒါပေမဲ့ ယခင်လည်း ရေးနေကြပါ။ နိုင်ငံတခုရဲ့ စီးပွားရေးနဲ့ နိုင်ငံရေး (အခြေံဥပဒေ) ဟာ ဒင်္ဂါးပြားတခုရဲ့ မျက်နှာပြင်နစ်ဘက် သာဖြစ်ပြီး ဘယ်လိုမှ ခွဲခြားမရတာပါ။ အဲဒီလိုခွဲခြား ခွာပြီး ဆွေးနွေး လို့သာရရင် အခု လက်ရှိ နာဂစ်ဥပဒေကြီးနဲ့ ချေးယူဖို့ စကားပြောနေတာ ကြာပါပြီ။ ဒါပေမယ့် အာဏာရှင်တွေ အာဏာကို အသုံးချပြီး စီပွားရေး ကိုမမှန်မကန် လုပ်နေသူတွေကတော့ IMF မူဝါဒတွေကို လက်မခံလိုကြပါဘူး။ အဲဒါကြောင့် IMF ကို နာမည်ဖျက် အရောင်ဆိုးနေကြတာပါ။ ဒါပေမယ့် ဘယ်သူကမှ IMF ရဲ့ မူဝါဒ ထဲက ဒါတွေဟာ ငွေကြေးအကူအညီ ယူတဲ့နိုင်ငံတွေအပေါ် မချမှတ်သင့် မတောင်းဆိုသင့်လို့ တရားဝင် ဆွေးနွေးလာတာ မရှိပါဘူး။ မကျေနပ်ချက်တွေ ထုတ်ပြောနေတာလောက်ပဲ ဖြစ်ပါတယ်။ ဒါဟာဘာကိုပြသလဲဆိုရင် အာဏာရှင်နိုင်ငံတွေဟာ တိုင်းပြည်ဘဏ္ဍာရေး စီမံခန့်ခွဲမှုမှာ မိမိ အကျိုးကိုသာ ဦးစားပေး စဉ်းစားထားတာ ဆိုတော့ ဆိုခရီးတီး ချပြထားသလို စီးပွားရေး လွတ်လပ်ခွင့်ပေးဖို့ လိုလားသူတွေ ဖြစ်နေလို့ပါ။ မိမိက တိုင်းပြည်ရဲ့ အကြီးအကဲ။ မိမိ မူဝါဒဟာ တိုင်းပြည် တိုးတက်ရေးအတွက် အသင့်တော်ဆုံးလို့ ကြွေးကြော်ထားတယ်။ တကယ် အဖြေထွက်လာတာက မိမိ ကတော့ အချိန်တိုလေးအတွင်း မတရား (လူထု ကိုပင် ပကတိ အရှိကို အရှိအတိုင်း ထုတ်ဖေါ် မကြေငြာရဲအောင်) ကျိကျိတက် ချမ်းသာသွားပြီး တိုင်းပြည်က စုတ်ပြတ်သွားပါတယ်။ အဲဒီလိုအုပ်စိုးသူတွေက IMF မူဝါဒတွေကို သူတပါးလွတ်လပ်ခွင့်ကို ထိပါးတယ် ပြောလာတာကတော့ ကျနော်အနေနဲ့ ဒီလိုသူခိုးတွေ ပါးစပ်ကစကားကို လက်ခံရတာခက်နေပါတယ်။ သူတို့ကိုယ်တိုင် ကတော့ ပြည်သူလူထု ကို စိးပွားရေး လွတ်လပ်ခွင့်ဆိုတာတောင်းရင် ထောင်ချပြစ်တဲ့အထိ လုပ်နေကြပြီး သူတို့ကို ထိပါးလာတာကျတော့ သိတတ်ကြတယ်။ တကယ်သာ လာဗျာ ခင်ဗျားစီးပွားရေးမူ ဒီလိုရှိတယ် IMF စီးပွားရေးမူဝါဒက ဒီလိုရှိတယ်ဆိုပြီး မြန်မာပြည်သူတွေကို ယှဉ်ပြရရင်ပိုကောင်း ပါမယ်။ ဘယ်သူ့ စီးပွားရေးမူဝါဒက တိုင်းသူပြည်သား အပေါ် ပိုအကျိုးပြုသလဲ ဆိုတာပိုပေါ်လွင်ပါမယ်။ IMF မူတွေနဲ့ ဆိုရင် ဒီလို ကွာတယ် ဆိုတာကို တိုင်းသိပြည်သိ အားလုံးသိအောင် ယှဉ်ချမပြရဲသူတွေက IMF ကို ဝေဖန်နေတာမဆန်းပါဘူး။ အာဏာရှင်လိုလားသူတွေ ရဲ လက်သုံးစကားတွေပါ။ ချတောင် မပြရဲသူတွေပါ။ တိုင်းပြည်တိုင်းမှာ အုပ်စိုးသူ ချမ်းသာသွားလေ တိုင်းသူပြည်သားတွေ မွဲလေဟာ အချိုးချယူလို့ ရပါတယ်။ ၁၉၇၉-ခုနှစ်တွေ ဆီက နံမည်ကျော်သွားခဲ့တဲ့ (ရှဖါး -စီးပွားရေး ဇယားပြမျဉ်းကြောင်း) နဲ့နှိုင်းထိုးယူလို့ ရပါတယ်။ အခု န.အ.ဖ ဟာ တခြားအာဏာရှင်တွေ လုပ်သလို တိုင်းပြည်ရဲ့ သယံဇာတ တွေ ထုတ်ရောင်း ရောင်းပြီး ခိုးတာထက်ပိုဆိုးတဲ့ အာဏာရှင်ပါ။ တိုင်းသူပြည်သားတွေရဲ့ မရှိမဲ့ ရှိမဲ့ လက်ထဲပိုင်ဆိုင်ထားတဲ့ ဓန တွေကို ကားပါမစ် / ဖုံးပါမစ်တွေနဲ့ အသားလွတ် ရိတ်ဝိုက်ထဲ့လိုက်သူပါ။ ကမ္ဘာမှာ အဲဒီလောက် ကားဈေး ဖုံးဈေး တင်ရောင်းတဲ့ နိုင်ငံမရှိပါဘူး။ ဒါကို ကာတွန်းဆွဲတတ်သူ တဦး ကူညီနိုင်ရင်ပေါ့။ န.အ.ဖ. စီးပွားရေးစက်က အလည်က ပန့်ပေါ့ (တုံကင်ပေါ့ ) တဖက်က လူထု။ တဖက်က ဗိုလ်ချုပ်တွေ။ ပန့်ကိုတချက် ရိုက်လိုက်တိုင်း လူထု ဘက်က ပိန်ချပ်သွား ဗိုလ်ချုပ်တွေ ဘက်ဖေါင်းသွားတဲ့ တုံကင်ပန့်လေးပေါ့။ တုံကင်ရဲ့ ဘားက တဖက်ကိုဘဲ သွားတဲ့ ဘားလေးနဲ (one way bar) လေ။ အဲဒါလေးဆွဲနိုင်ရင်ပေါ့ ... တုံကင်လေးက ပါမစ်ပေါ့။ အဲဒါဆို စာတလုံး နှုတ်တရာ စုတ်တချက် စာတစ်ထောင်။ တုံကင်တချက်ဆွဲလိုက်တိုင်း လူထုဘက်က ပိန်သွား ဗိုလ်ချုပ်တွေဘက်က ဖေါင်းလာ ဟန်ကိုကျလို့။ ကမ္ဘာမှာ အကောင်းဆုံး စီးပွားရေးစီမံကိန်းလေ။ အခုအဲဒီလိုလုပ်တာ မှားပါတယ်လို့ သမ္မတကြီးက ပြန်ပြင်လိုက်ပြီ။ ဗိုလ်ရွှေ ၂၃-နှစ်လုပ်ခဲ့တာ အမှားတွေပါ ဆိုပြီး ချက်ချင်းပြင်နေရပြီ။ လက်တွေ့နော်။ ကုန်ဈေးနှုန်းတွေတက်ရင် ဗိုလ်မျိုးညွှန့်တို့ ခင်ညွှန့်တို့ သတင်းစာကြီးတွေမှာ စားသုံးသူ တွေ အပေါ် မတရားဈေးတင်တယ် အော်ချက်ထုတ် သူတို့စကားလေးရှိပါတယ်။ ဘယ်သူသေသေ ငတေမာပြီးရော စိတ်တွေပေါ့။ အခုဟာက ဘယ်သူသေသေ ငရွှေ စိန်ဝယ်ရပြီးရောဘဲ။ အခုမြင်တယ် မဟုတ်လား သမ္မတကြီးဦးသိန်းစိန် ကိုယ်တိုင် အမှားတွေ ပြုပြင်ပါမယ် ကိုယ်တိုင်မိန့်ခွန်းနဲ့ ဝန်ခံထားသလို ဖုန်းတွေကို ချက်ချင်း ဈေးချပေးလာတာလေ။ ကမ္ဘာ့ဖုန်းဈေး ကျလာတယ်လည်း မကြားမိဘဲ မြန်မာမှာထိုးကျသွား တာလေ။ ယနေ့တိုင်းပြည်ရဲ့ ဝမ်းနည်းစရာ ကောင်းတဲ့ မြင်ကွင်းတစ်ခု ကနေ့မြန်မာနိုင်ငံကြီး မွဲနေတာကိုတော့ ကလေးအတော်များများ ကျောင်းမနေနိုင်တာက ပြနေပါပြီ။ UNICEF စာရင်းကိုတော့ သံသယ ဖြစ်မိပါတယ်။ မှားတယ်လို့ တော့မပြောလိုပါ။ မြန်မာတွေ သူတပါးနိုင်ငံ မှာအမှိုက်ပုံကို ပျော်လို့သွားကောက် နေကြတာမဟုတ်ပါဘူး။ ငတ်ကုန်ကြ စားစရာမရှိကြတော့လို့ပါ။ ကနေ့ အဲဒီကလေးတွေကို လက်ဘက်ရည်ဆိုင်မှာ သင့်တင့်တဲ့ အလုပ်လေးပေးကြည့်ပါ။ ဘယ်ကောက်ချင်ပါ့မလည်း။ ကနေ့လမ်းပေါ်မှာ တောင်းစားနေသူတွေကို နေ့စဉ် ထမင်းမှန်နေရင် ဘယ်သူက တောင်းစားချင်ကြပါ့မလည်း။ မရှိဘူးတော့ မဟုတ်.. သက်သက်တောင်းသူလည်း ရှိပါတယ်။ အခုလို အများစု မဟုတ်ပါ။ အခုဧရာဝတီ မှာပါလာတယ်။ ထိုင်းနိုင်ငံမှာ မြန်မာမလေးတွေ ပြည့်တန်ဆာလုပ်နေကြတာ။ မ.ဆ..လ. လက်ထက်မှာ မရှိဘူးမဟုတ် မြန်မာမလေးတွေ ရှိတတ်ကြပါတယ်။ မြန်မာလို့ ၀န်မခံကြဘူးလို့ သိရတယ်။ အခုဟာကတော့ ပြည့်တန်ဆာခန်းမှာ မြန်မာစကားဘဲ ပေါ်တင် ပြောနေကြတဲ့အထိ ဖြစ်နေပြီ။အဲဒီမှာပါတာလေ H.I.V. ကူးမှာ မပူနိုင်ဘူးတဲ့။ လောလောဆယ် စားရေးသောက်ရေး ပြေလည်ဖို့ဘဲ ပူရတာပါတယ်။ အခုနေ မြန်မာဆင်းရဲသားများကို H.I.V. ထိုးပေးမယ်။ တယောက်ကို ၁၀- သိန်း ၁၅- သိန်းပေးမယ်ခေါ်လိုက်ရင် ဘယ်လောက်များ ထွက်လာကြမလဲမသိဘူး။ ၁၀-သိန်း ၁၅-သိန်းဆိုတာ ဒေါ်လာနဲ့ ၂၀၀၀-လောက်ဘဲရှိတာပါ။ ဆိုခရီးတီး ချပြလာတဲ့ IMF လုပ်ငန်းဆောင်ချက်တွေ ကို န.အ.ဖ.ကတော့ ပြောဆိုဘွယ်မရှိပြီ။ ယခု ဦးသိန်းစိန် ပင် အပြည့်အ၀ လက်ခံဖို့  ခက်နေကြပါတယ်။ IMF က ချမှတ်ထားတဲ့ မူဝါဒတွေဟာ နိုင်ငံတနိုင်ငံထဲကို ရည်စူးပြီး ချမှတ်ထားတာ မဟုတ်ဘဲ နိုင်ငံအများ လက်ခံနိုင်အောင် ရေးဆွဲထားတာဖြစ်ပါတယ်။ န.အ.ဖ. အခြေခံဥပဒေကို အာဆီယံမှာ လက်ခံသင့် နမူနာယူသင့်တဲ့ ဥပဒေတွေ ယှဉ်လိုက်ရင် အဆင့်ဘယ်လောက်ရမယ် ပြောရဲပါသလဲ။ န.အ.ဖ. ချပေးထားတဲ့ ပေါ်လစီဟာ မြန်မာပြည်သူတွေ ၉၂.၄၈-% ထောက်ခံထားပြီးပြီလို့ တရားဝင် ကြေငြာထားပါတယ်။ ဒီလောက်လူထု ထောက်ခံမှု ရထားရင် အခုကမ္ဘာမှာ နာဂစ်ဥပဒေကို ဆန္ဒခံယူပွဲဟာ မဲလိမ်သွားတာပါလို့ စွပ်စွဲနေတာတွေ ရပ်သွားအောင် နိုင်ငံတကာ အကဲခတ်တွေ လာရောက် လေ့လာခွင့်ပေးပြီး လူသူ အကဲ့အရဲ့ လွတ်အောင် နောက်တကြိမ်ပြန်ပြီး ဆန္ဒခံယူပွဲ ကိုလုပ်ပြသင့်ပါတယ်။ ပြန်သက်သေ ထူပြသင့်ပါတယ်။ ၉၂.၄၈ရာခိုင်နှုန်း ဆိုတာ ကိုယ်ဘက်က အခိုင်အမာရထားတာ ဘာမှုစရာ မလို လိမ်နေစရာ လိုတော့လို့လဲ။ ဒါတောင် နာဂစ်ဖြစ်ပြီးစမှာ နိုင်ငံတကာ အကူအညီတွေ မပေး မြန်မာတွေကိုလည်း ကူညီခွင့်မပေး လုပ်ခဲ့တဲ့အချိန်မှာကို ၉၂.၄၈- % ရထားတာ။ အခုဆို သမ္မတအသစ်ကြီးကိုလည်း လူထု ကတော်တော်လေးကြည်ညိုနေတဲ့ အရိပ်အရောင်တွေ ရှိနေတယ်ဆိုရင် နာဂစ်ဥပဒေကို နိုင်ငံတကာ ဝေဖန်နေသူတွေ ပါးစပ်ပိတ်သွားအောင် ပြန်ကောက်ပြလိုက်ပေါ့။ ကျုပ်သာဆို အခုလို အပြောခံမနေဘူး။ ကျုပ်တို့ဗိုလ်ချုပ်လို ရာဇ၀င်မှာ အဆဲခံမယ့် လူစားလား ရာဇ၀င်မှာ အရေးခံမယ့် လူစားလားဆိုတာ သက်သေပြလိုက်တယ်။ သတ္တိရှိသူက အဆဲ မခံဘူး။ ဒူးထောက်တဲ့ အဆင့်ဆိုတာကိုတော့ အသက်သာအသေခံသွားမယ်။ ရှင်းတယ်နော် သတ္တိ သတ္တိ။ ဆိုခရီးတီး ချပြထားတဲ့ IMF ရဲ့  မူတွေအထဲက (၁) အသုံးစားရိတ်လျှော့ချ ဖြတ်တောက်ရေးပေါ့။ အခု ဂရိမှာ အဲဒီလို အသုံးစားရိတ် လျှော့ချမယ်လို့ အစိုးရက လက်ခံတာကို ပြည်သူတွေက ကန့်ကွက်နေကြပါတယ်။ ကျနော်တို့ဆီနဲ့ ပြောင်းပြန်။ ကျနော်တို့ဆီမှာ လူထု အများစုက န.အ.ဖ လက်ထက် မြို့တော်ကို ကြပ်ပြေးရွှေ့ ပြီး မဟားဒယားကြီး ဇာချဲ့  လှိုဏ်ခေါင်းတွေတူး လက်နက်တွေ မတရားထုတ်နေတာ ရပ်တန့် နေစေချင်ကြတယ်။ န.အ.ဖ. မလိုအပ်ပဲ လုပ်နေတာတွေကို လူထုကို လိုချင်လား/ ချွေတာရေးလုပ် စီးပွားရေးထူထောင်တာ လိုချင်လား လူထုကို မေးကြည့်ပါ။ လူထု ကို ၂-ဖွဲ့ ခွဲပြီး ဆန္ဒပြခွင့်ပေးလိုက်ပါ။ ဘယ်ဘက်က လူထု များမလဲ။ ဗေဒင် မေးစရာမလိုပါဘူး။ ရှင်းတယ်နော် အနေ IMF ဆီကနေ ငွေအကူပေးမယ်ပေါ့။ အသုံးစားရိတ်တွေ ဖြတ်တောက်ရမယ်ဆိုရင် ပြည်သူတွေ ပျော်ကြမလား ကန့်ကွက်ကြမလား စမ်းကြည့်လိုက်ရင် သိပါတယ်။ စစ်အသုံးစားရိတ်ကို ဖြတ်တောက်ပြီး ကျန်းမာရေး ပညာရေး အရင်းအနှီးတွေကို တိုးသုံးပေးလာရမှာလေ။ ဆိုကရေးတီးရဲ့ မိတ်ဆွေတွေ စစ်သားတွေ ကိုဘဲ အရင်ချပြ ပြောကြည့်ပါဦး။ အဲဒီလို မူတွေကို မြန်မာပြည်သူတွေ လိုချင်နေတာပါ။ တိုင်းပြည်အတွက် တိုးချဲ့မယ်။ အဲဒါမြန်မာတိုင်း လိုလားနေတာပါ။ ကိုယ်နေတဲ့လမ်းတွေ ကောင်းအောင် ပြုပြင်တိုးချဲ့ ပေးစေချင်တာပါ။ လူတစုလေး နေနေတဲ့ နေပြည်တော်က လမ်းတွေကျတော့ မဟားဒယားချဲ့ လူထုအများစုနေတဲ့ လမ်းကျတော့ ကိုယ့်စားရိတ်နဲ့ ကိုယ်ပြင်တာတောင် မကူချင်တာ။ အခုဘဲဗျာ န.အ.ဖ.က နေပြည်တော်ဆိုပြီး ချဲ့နေတာကို လုပ်ငန်းရှင် တစုကတော့ လုပ်ငန်းလုပ်ကိုင်ခွင့်ရလို့ ကျေနပ်နေကြတယ်။ ဒါဟာ တိုင်းပြည် အကျိုးရှုဒေါင့်ကနေ ကြည့်လိုက်ရင် ဥပမာပေးပါမယ်။ မိသားစု တခုလိုပေါ့။ လုပ်ငန်းလေး မဖြစ်စလောက်တော့ ရှိပါတယ်။ မြန်မာနိုင်ငံလိုပေါ့။ ၀င်ငွေလေး မဖြစ်စလောက်နဲ့။ ကြံ့ဖွတ် ဝန်ကြီး ဝန်ကလေးများ အိမ်တော်တွေ... အဲဒါကို စီးပွားရေးနဲ့ နီးနီးနားနားလဲမကျ (အလုပ်နဲ့ အတော်လေးဝေေ၀းမှာ) အိမ်ကြီးအိမ်ကောင်းတွေ နင်းကန်ဆောက်တယ်။ ၀င်ငွေရဲ့ ၅၀-% မကလောက် ဒီအိမ်ကြီးအတွက်လုပ်နေတယ်။ ပြီးမိသားစုမှာ တဦးဘဲနေဖို့။ ကျန်လူတွေ မကပ်ရ ပုံစံပေါ့။ အဲဒီမိသားစု စီးပွားရေး ဇယားပေါ့ ဂရပ်ပေါ့ အတက်ဘက်ကို ညွှန်းမလား အကျဘက်ကို ညွှန်းပြနေမလား။ တကယ်လို့သာ ငွေကြေး ပြိုကွဲတယ်ထားပါတော့။ IMF အကူယူရတယ် ထားပါတော့။ နေပြည်တော်ဆိုတာကြီးကို ချက်ချင်း အရပ်မခိုင်းပေဘူးလား။ နေပြည်တော်ကြီးကို ဇာချဲ့နေတာကိုရော ဆိုကရေးတီး စိးပွားရေးရှုဒေါင့်အရ လက်ခံနိုင် ကောင်းတယ် ပြောနိုင်မလား။ အလွန်သင့်လျှော်တယ် ပြောနိုင်ပါ့မလား။ လုပ်ဖို့ မလုပ်မဖြစ် လိုအပ်နေပါတယ်။ တိုင်းပြည်ရဲ့ ကျန်တဲ့ အခြားကဏ္ဍတွေ ထက်ကို ဦးစားပေး လုပ်သင့်တယ် ပြောနိုင်ပါသလား။အခုအမေးကို ခင်ဗျားရဲ့ ဆရာကြီးဦးမြင့်ကို အရင်မေးပေးပါ။ ဘယ်ဖြေရဲမှာလည်း။ လှီးလွှဲဖြေတော့မပေါ့။ စိတ်ထဲမယ်တော့ ကမ္ဘာကြီးဟာ နေကိုပတ်နေတာ လို့ဆိုခဲ့တဲ့ Galelio လိုပေါ့။ သူ့ကိုသတ်မယ် လုပ်လာတော့ နေက ကမ္ဘာကိုပတ်တာပါလို့ ထွက်ဆိုပေးရပြီး အသံတိုးတိုးလေးနဲ့ ခုကို ကမ္ဘာကြီး လည်ပတ်နေတာ သိနေရပါတယ် ဆိုသလိုပေါ့။ ဘယ်ထွက်ဆိုရဲပါ့မလဲ။ နောက်တခု ကျနော်ထောက်ပြတဲ့ နိုင်ငံရပ်ခြားကလွှဲငွေ (၂.၀ ဘီလျှံ နီးပါးလောက်) ကို စင်ကာပူမှာတင် တေဇနဲ့ အခြားခပ်ငယ်ငယ် အဖွဲ့တွေရဲ့ ဘဏ်ထဲမှာ သိမ်းပြီး ပါမစ်နဲ့ရိတ်ယူထားတဲ့ ကျပ်ငွေတွေကို ပြန်အမ်းနေတယ် ဆိုတာ ကျနော်လဲ နယ်စပ်နဲ့ နီးရင်တောင် မပြောရဲပါဘူး။ ဒါပေမယ့် ပြည်ပက စိးပွားရေးပညာရှင်ကြီးတွေ ဒါကို မဆွေးနွေးတာကတော့ စဉ်းစားရပြီ။ (၂) စီးပွားရေး ထုတ်လုပ်မှုကို တွန်းအားပေးရန် FOCUS ECONOMIC OUTPUT ဟုတ်ကဲ့ လောင်စာကို ပြည်ပထုတ်ရောင်းပြီး စီးပွားရေး တိုးမြင့်မယ်ဆိုတော့ စွမ်းအင်ကို ဗေဒင်ဆြာကြီးတွေရဲ့ ယတြာတွေ နဲ့လုပ်ပေးမလို့လား။ နိုင်ငံကိုဦးဆောင်သူဟာ ဘာမှ သိပ်နားမလည်သူ ယတြာအခါပေးတွေ ကို ဆရာတင်မှတော့ အာဏာ ကို ယုတ်မာရက်စက် အရှက်မရှိ ယူထားနိုင်ပေမဲ့ စီးပွားရေးကတော့ ဇီးရိုးဆိုတာ သက်သေပြထားပြီးပါပြီ။ နောက်ရှိတဲ့ အရင်းအနှီး အားလုံးနီးပါးဟာ စက်ရုံကြီးတွေ အတွက်မဟုတ်တော့ဘဲ ဂူတွေ လှိုဏ်ခေါင်းတွေ နန်းတော်ကြီးတွေ လမ်းကြီးတွေ နောက်ဆုံးဗျာ လူသူကင်းမဲ့နေတဲ့ အရပ်က လျှပ်စစ်မီး ထိန်ထိန်ငြီးနေပြီး လူထုတရပ်လုံးနေထိုင်ရာ မြို့တော်ကြီးက မှောင်မဲနေတာကတော့ အခု အမြင်မှန်ရှိရင် အခုချက်ချင်း လျှပ်စစ်မျှဝေပေးလို့ ရနေတာပါ။ အဲဒီလို လူသူမရှိတဲ့ အရပ်မှာထက် စက်ရုံတွေက ပိုအရေးကြီးလား ခင်ဗျားသဘောထားလေးပေါ့။ ကြပ်ပြေး နေပြည်တော် ည မြင်ကွင်းတစ်ခု.. နောက်ဆုံးဗျာ နေပြည်တော်လင်းနေလို့ လျှပ်စစ်ဓါတ်အားခ ကို အစိုးရကပြန်မရဘူး။ လူထုလဲ အကျိုးမရှိ ဘယ်သူ့ အတွက်မှအကျိုးမရှိဘူး။ အလဟဿ ကုန်ဆုံး ဆုံးရှုံးနေရတာပါ။ ရန်ကုန်မြို့တော် မီးလင်းရင် လျှပ်စစ်ဓါတ်အားခတွေ အစိုးရ ဘဏ္ဍာတော်ထဲ ပြန်ဝင်ပါသေးတယ်။ လူထု အတွက်လည်း အကျိုးရှိပါတယ် လူထုကလည်း ကျေးဇူးတင်နေကြပါမယ်။ ဆိုကရေးတီး အမြင်လေးပေါ့။ အဲဒီလို ကုန်ထုတ်လုပ်မှုကို IMF ရဲ့ မူက ကျနော်တို့ နိုင်ငံအတွက် အကောင်းပြထားနိုင်တာ ရှိနေပြီ။ ဘာလို့အခု အစိုးရက မချမှတ်နိုင်ရတာလဲ။ ဘယ်မလည်း စွမ်းအင်ဆိုင်ရာ ပြုပြင်မှု စွမ်းအင်ဘယ်လို လုံလောက်အောင် ပေးမယ်။ ဘယ်နည်းဘယ်ပုံပေါ့။ ဘယ်တော့ ပေးနိုင်မယ်ဆိုတာ ချမပြနိုင်ဘဲ ဘယ်သူက ရင်းနှီးမြုပ်နှံဝံ့မှာလဲ။ အစိုးရသစ်ဆိုပြီး အီလည်လည် လုပ်ခွင့်တောင်းနေပါတယ်။ ဒေါ်စု လွတ်လာတာ ၆ လ / ၇-လ ရှိပြီရေးလာသူတွေ အခုအစိုးရသစ် သုံးလ ရှိပါပြီ။ အလုပ်ကိုလက်တွေ့ မစနိုင်သေးတောင် စီးပွားရေးတိုးတက်ဖို့ စွမ်းအင်ကို ဒီလို လုပ်ပေးဖို့ ရှိပါတယ် ဆိုတဲ့မူကိုတောင် ချမပြနိုင်သေးပါဘူး။အဲဒီတော့ နံပတ်-၂ မှာဘဲ ရေးထားတဲ့ ပို့ကုန်တိုးမြင့်ရေး သယံဇာတ တိုးတက်ထုတ်လုပ်ရေး ကို ဒီလောင်စာ (စွမ်းအင်) ကိုမူတောင် ချမပြနိုင်သေးတော့ ဆက်လက် မဆွေးနွေးတော့ပါဘူး။ ၀-မရှိဘဲ ၀ိ လုပ်နေတာ ဖြစ်နေပါမယ်။ (၃) ငွေကြေးတန်ဖိုး လျှောချရေး။ ဒါကတော့ နိုင်ငံတနိုင်ငံဟာ နိုင်ငံတကာကို ထုတ်ကုန်တွေ ပို့နိုင်ဖို့ မိမိငွေကြေးတန်ဖိုးကို လျှော့ချပေးကြရတာပါ။ IMF က မူသာ ပြနိုင်တာပါ။ အကြံပြုနိုင်တာပါ။ တကယ်က ကမ္ဘာ့ ကုန်သွယ်ဖက်နိုင်ငံတွေက ဈေးကို အလိုလို ပေါက်ဈေးပေးလာတာပါ။ ဥပမာ အာရှငွေဈေး ကျဆင်းတော့ ထိုင်းဘတ်ငွေဟာ အမေရိကန် တစ်ဒေါ်လာကို ၂၄- ဘတ်ရှိရာကနေ ၅၀ လောက်အထိ ကျသွားပါတယ်။ နောင်စိးပွားရေးပြန်ခိုင်မာလာတော့ အခု ဘတ်-၃၀ -၀န်းကျင်ကို ပြန်ရောက်လာပါတယ်။ တနည်းကတော့ ထိုင်းမှာ ရှိနေတဲ့ စတော့ရှယ်ဈေးကွက် အပေါ် ရင်းနှီးမြုပ်နှံသူတွေရဲ့ ယုံကြည်မှု တန်ဖိုးပြကိန်းပါဘဲ။ ဒါဟာ အစိုးရရဲ့ လုပ်ရည်ကိုင်ရည် အပေါ်မူတည်နေတာပါ။ အစိုးရဟာ မူဝါဒကို ဥပဒေပါ အတိုင်းလေးစားရင် စတော့ဈေးကွက် တည်ငြိမ်ပါတယ်။ တကယ်တော့ အရပ်ထဲမှာ လူတဦးဟာ ငွေချေးတယ်ပေါ့။ အပေါင်မပါဘဲ ချေးရင် ငွေရှင်က လူတိုင်းကို မချေးငှားဘူး။ ချေးငှားသူဟာ စကားတည်သူ ဥပဒေကိုလေးစားသူ ကတိတည်ကြည်သူဆိုရင်သူက ချေးငှားချင်ချေးငှားပါမယ်။ စာချုပ်လေးနဲ့ပေါ့။ သူခိုးလူလိမ် ကိုယ်ထုတ်ထားတဲ့ဥပဒေ (စကား)ကိုတောင် ကိုယ်အလေးမထားသူ တဦးကို ခင်ဗျား ချေးရဲပါ့မလား။ ကတိမတည်သူ လူယုတ်မာ တရားဥပဒေကိုလဲ မလိုက်နာသူဆိုရင် ဘယ်လိုကတိစာချုပ်နဲ့ အာမခံပါစေ မချေးတော့ပါဘူး။ တကယ်တော့ စတော့ရှယ်ယာဆိုတာ အဲဒီနိုင်ငံရဲ့ စီးပွားရေး အလားအလာ နိုင်ငံရဲ့ အခြေခံဥပဒေဟာ တရားမျှတတယ် (တရားမှလည်း ခိုင်မာတာလေ) အစိုးရကလဲ ကတိတည်တယ်ဆိုရင် ဥပဒေကိုလဲ အလေးထားတယ်ဆိုရင် စတော့ရှယ်ယာ ဈေးကွက်ပေါ်လာတာပါဘဲ။ ခိုင်မာလာတာပါဘဲ။ န.၀.တ. လက်ထက်က (၁၉၉၃) အခု ဂန္ဒီခမ်းမနဲ့ မျက်နာချင်းဆိုင်မှာ ဂျပန်နိုင်ငံက DIAWA ဆိုတဲ့ ငွေကြေးဝန်ဆောင်မှု အဖွဲ့ကြီးဟာ န.၀.တ. အတွက် နိုင်ငံတကာနဲ့ ဆက်နွယ်ပေးမယ့် စတော့ရှယ်ယာ ဈေးကွက်ကြီးစတင်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ၁၉၉၅- မှာစတင် ဖွင့်လှစ်ပါတော့မယ်။ မသူတော်နဲ့ ပေါင်းရင် ကွဲကြတာလေ။ ၁၉၉၅- မှာ လုံးဝ အရှုံးကြီးပြလို့ ဖျက်သိမ်းလိုက်ရပြီး သူ့ရုံးခန်းတွေ ပိုင်ဆိုင်မှုတွေကို SUMITOMOကို လွှဲအပ်လိုက်ရပါတယ်။ အဲဒီနောက် မြန်မာ စတော့ ရှယ်ယာဆိုတာ အိပ်မက်လို ဖြစ်နေပါတယ်။ ပိုဆိုးသွားတာက အမေရိကန်မှာ ရှိတဲ့ ဌာနရုံးခွဲက ရှုံးနေတာကို ထိမ်ချန်လိုက်တာကနေ အရေးယူခံရတဲ့အထိ ဖြစ်သွားတာပါ။ လိမ်တတ်သူဘဲ န.အ.ဖ.လာတွဲတာလေ။ အခုစတော့ ရှယ်ယာမရှိတော့ အိမ်ခြံမြေတွေကို စတော့လို ကစားနေကြပါတယ်။ တနည်းမြန်မာပြည်သူတွေ ပိုင်တဲ့ငွေအများစုက အိမ်ခြံမြေဈေးကွက်ထဲ စုပုံ အောထားတာဟာ အင်မတန် ကြောက်စရာ ကောင်းနေပါတယ်။ (ထပ်မံ ပြောပါမယ် - အင်မတန်ကို ကြောက်စရာကောင်းနေပါတယ်)။ နိုင်ငံတခုရဲ့  ငွေကြေး အင်အားတွေဟာ စီးပွားရေးတခုထဲကို အများကြီး စွတ်ဝင်နေတာဟာ အဲ့ဒါ စီးပွားပျက်ကိန်းကို ဦးတည်စေတဲ့ အဓိကအကြောင်းရင်းပါဘဲ။ အဲဒီမှာ မီးလောင်လေပင့်ဆိုသလို တရုတ်တွေက ပြည်တွင်း တရုတ်တွေ အမည်ခံပြီး ပိုတိုးဝင်လာတော့ အိမ်ခြံမြေဈေးကွက်က အဆပေါင်းများစွာ ထိုးတက်သွားတာကို အစိုးရက ဟန့်တားရမှန်း မသိတာကတော့ NAIVE အတော်ကို နားမလည်တာဘဲလို့ ခပ်ရိုင်းရိုင်း ပြောလိုက်ပါတယ်။ မြန်မာတွေ ပိုင်တဲ့မြေဈေးတက် ဈေးကောင်းနဲ့ ရောင်းရရင် ပိုကောင်းတယ်တောင် ထင်နေကြပုံရတယ်။ အခုနေ စီးပွားရေးယိုင်လိုက်ရင် တရုတ် ကုလား အချင်ချင်း အပြိုင်အဆိုင် ထိုးရောင်းပြစ်ကြမယ်။ အဲဒီမှာ ဟိုးအပေါ်ကနေ ကျလာမဲ့ ဈေးနှုန်းရဲ့ အင်အားကိုသာ တွက်ဆကြည့်ပေတော့။ CRASH ဖြစ်မဲ့အားက ကြောက်ခမန်း လိလိနော်။ အဲဒီကျတော့လဲ မဟာသီယာနည်းနဲ့ဘဲ ကုစားရပါတော့မယ်။ အိမ်ခြံမြေတွေ ရောင်းအ၀ယ် ပိတ်လိုက်သည်ပေါ့။ ဒီနည်းနဲ့ မကုရင်မရတော့ဘူး။ (၄) စီးပွားရေးလွတ်လပ်ခွင့်နှင့် ပို့ကုန်သွင်း- သွင်းကုန်အပေါ် ကန့်သတ်ချုပ်ချယ်မှုများ ဖြေလျှော့ပေးရေး။ ဒီမှာ ရှင်းနေပါပြီ။ IMF ကို စီးပွားရေးအကူအညီ တောင်းကြရတဲ့ နိုင်ငံတွေဟာ စီးပွားရေးကို အုပ်ချုပ်သူ လူတန်းစားက အခွင့်ထူး ခံယူကစား လုပ်စားနေတတ်တာ ရှိနေပြီလေ။ အရက်သမားကို နေမကောင်းတော့ အရက်မသောက်နဲ့ တန်းညွှန်ကြားချက်ထဲမှာကို ပါထားပြီးသားလေ။ အဲဒီတော့ နိုင်ငံတခုဟာ စီးပွားပျက်နေတာ ကနေတောင် IMFက ကယ်ဆယ်နိုင်တယ်။ ကယ်ဆယ်ခဲ့တယ်။ ကယ်ဆယ်ခံရတဲ့နိုင်ငံဟာ စီးပွားရေးမူကို ပြင်ပေးရတယ်နော်။ ဥပမာ ကျနော်တို့ နိုင်ငံမှာ ပြည်ပပို့တာကို ဘေးဖယ်ထားပါ။ ၂၀၀၀- ခုဝန်းကျင်မှာ အခု ဦးရွှေမန်း ဧရာဝတီတိုင်းမှူးလုပ်တော့ ဧရာဝတီ ကထွက်တဲ့ ငါးပုဇွန်ကို တနယ်နဲ့ တနယ်တောင် သယ်ယူခွင့် မပေးပါဘူး။ သူ့သားကုမ္မဏီရဲ့ ဒိုင်တွေမှာဘဲ ရောင်းချရပါတယ်။ သူ့သားကုမ္ပဏီကလည်း ဈေးလဲ နှိမ်ဝယ်တယ်။ အလေးလည်း အပြတ်ခိုးတယ်ဗျာ။ ရန်ကုန်မှာ ပုဇွန်တပိသာ ၁၅၀၀၀- ပေါက်နေတာကို ၆၀၀၀- ပဲပေးတယ် အလေးလဲ ခိုးတော့ အဲဒီဒေသ လူတွေ ၄၅၀၀-ဈေးလောက်ဘဲ ရရှာကြပါတယ်။ ကျနော့်ကို လာတိုင်ပင်တယ်။ ကျနော်က အပြတ်ပြောလိုက်တယ်။ အဆိပ်ခတ်ပြီး ရောင်းထဲ့ပေးလို့။ အဆိပ်ကလဲ လွယ်တယ် ပေါလဲပေါတယ်။ ဘာအဆိပ်ဆိုတာ အခု ဗိုလ်ခင်ညွှန့် လက်ထက်က အဖြုတ်ခံရတဲ့ အထဲမပါပဲ ကျန်ခဲ့တဲ့ ကျနော့်ကို ကိုင်တဲ့ ဗိုလ်ချုပ်(ထောက်လှမ်း)မျိုးလွင် တို့ကတော့ ဘာအဆိပ်ဆိုတာ သိထားတယ်။ ကျုပ်ဆီကမိတဲ့ မှတ်စုထဲမှာ ပါထားတာကိုး။ မျိုးလွင်က ကျုပ်ကို ၁၉၈၄- မှာဆွဲတုံးက၂- ပွင့်ပေါ့။ နောက်သူက ကျောင်းသားလိုင်းကိုင်တာ ကျုပ်က ကျောင်းသားသမဂ္ဂ လိုင်းသမားလေ။ ဟိုနယ်ကလူတွေ ကမလုပ်ရဲကြဘူး။ အုပ်ချုပ်သူက လူစိတ်ပျောက် ဒီလောက် ယုတ်ပတ်နေမှတော့ ကိုယ်က လူစိတ်ထားနေစရာ မလိုဘူးလေ။ သေမှာက အမေရိကန်တွေ များမယ်။ မြန်မာပုဇွန် အကောင်းစားတွေက သူတို့ဆီ တဖက်လှဲ့နဲ့ ရောက်သွားတာ။ အဲဒီတော့ IMF ကိုအခုနေ အကူယူလဲ ရနိုင်ပါတယ်။ အလကားတော့မရဘူး။ စီးပွားရေးမူတွေ ပြောင်းပေးရတော့ ကြံ့ဖွတ်တွေကတော့ လက်ခံနိုင်မှာမဟုတ်ဘူး။ ကြံ့ဖွတ်အမတ်တွေကလည်း လက်ခံနိုင်မှာ မဟုတ်ဘူး။ ပြည်သူလူထု အားလုံးက လက်ခံမယ်။ မဲပုံးထောင်လိုက်ရင် ရှင်းတယ်။ အဲဒီတော့ Socretes အနေနဲ့ IMF ထဲက ကျနော်တို့ နိုင်ငံအတွက် မသင့်တော်ပါဘူး ဆိုတာလေးတွေ ထုတ်ပြ ရှင်းပြပေးနိုင်ရင် ပိုဆွေးနွေးလို့ ကောင်းတာပေါ့။ ကောင်းတာဘယ်ဟာ မကောင်းတာက ဘယ်ဟာ ဆိုတာကိုပေါ့။ အဲဓိတော့ ပို့ကုန်ကို ဆက်ဆွေးနွေးရရင် အခု တကမ္ဘာလုံးတောင်မှ တရုတ်ကို ပို့ကုန်မှာ မယှဉ်နိုင်အောင် ဖြစ်နေပါတယ်။ နိုင်ငံတိုင်းက မိမိနိုင်ငံမှာ ရှိနေတဲ့ စက်ရုံတွေ တရုတ်နိုင်ငံကို ရွှေ့ မသွားအောင် အခွန်တွေ လျှော့ပေးရတာတွေ ပံ့ပိုးမှုတွေ ခိုးလုပ်ပေးနေကြရပါတယ်။ ဗြောင်လုပ်လို့မရဘူး။ ဥပမာ QUANTAS / Australia Airways ဆိုရင် သူ့ရဲ့ လေယာဉ်မောင်နဲ့ လေယဉ်မယ် အလုပ်သမားတွေကို ထုတ်လို့မရတော့ အလုပ်ထွက်ရင် ဘယ်လောက်ပေးပါ့မယ်ပေါ့။ လေယဉ်မယ်တွေကို အာရှလူတွေနဲ့ အစားထိုးဖို့ လေယာဉ်ပြင်ဆင် ထိန်းသိမ်းမှုလုပ်ငန်းကို စင်ကာပူကိုရွှေ့ဖို့တွေ လုပ်နေရပြီ။ ကျုပ်တို့ဆီက စက်မှုထုတ်ကုန်ပေါ့။ ဥပမာ ထရန်စဖေါ်မာ တွေပေါ့။ အရည်အသွေးက ကမ္ဘာဈေးကွက် ၀င်နေတယ်။ ကုန်ကြမ်းပစ္စည်းက တရုတ်ဆီက ၀ယ်ရတယ်။ တခါ စွမ်းအင်ခက ဈေးကြီး။ တခါပို့ကုန် အခွန်ဆောင်ရတော့ တရုတ် ထရန်စဖေါ်မာတွေကို ဈေးမယှဉ်နိုင်ကြတော့ဘူး။ အရည်အသွေးက ယှဉ်နိုင်တယ်။ ကုန်ကျစားရိတ်က ဒီမှာက လာဘ်ပေးရတယ်။ အခွန်က မလုပ်ခင် ကြိုဆောင်ထားရတယ်။ ကမ္ဘာ့ဘယ်နိုင်ငံမှာမှ အမြတ်ခွန် ကြိုဆောင်ရပါတယ်လို့ ကြားတောင်မကြားမိပါ။ ကျနော်ဘဲ ညံ့လို့လား။ မလုပ်ရသေးဘူး အမြတ်အတွက် ဆောင်ထားရတယ်လို့။ နောက် ပို့ပြန်တော့ ဘာညာ ကန့်သတ်ချက်တွေ ချထားတယ်။ ဘာမှမဟုတ် ကန့့် သတ်ထားတာလေး လျှော့ပေးအောင် ၀င်စေဖို့ သက်သက် ညစ်ထားတာ။ သွင်းကုန်လဲ ထို့အတူဘဲ။ အပြိုင်အဆိုင်သွင်းခွင့် မရှိတော့ သွင်းခွင့်အတွက် ၀င်ကြရတော့ အပိုစားရိတ်တွေ ကုန်ပစ္စည်းပေါ်တင် ရောင်းလာရပြီလေ။ ဒါတွေ လျှော့ခိုင်းတာပါ။ သမ္မတကြီးက လာဘ်မစားဘူး ပြောထားပေမယ့် ဒုသမ္မတကြီး ရှစ်လုံး (သီဟသူရတင်အောင်မြင့်ဦး) က ဘယ်လက်ခံနိုင်မလဲ။ မ၀ါးရရင် ခေါင်းကိုက်တဲ့ ရောဂါရှိနေလို့ပါ။ ပါးစောင်ကြွက်သားတွေက မာမာမ၀ါးရရင် ကိုက်တတ်လို့။ အာရုံကြောယောင်တဲ့ ရောဂါထင်ပါတယ်။ ဆေးပညာအခေါ်ကတော့ TRIGEMINAL NEURALGIA လို့ခေါ်ပါတယ်။ (၅) နိုင်ငံခြားရင်းနှိးမြုပ်နှံ မှုတည်ငြိမ်ရေး လုပ်ဆောင်ပေးရန်နှင့် စတော့ ရှယ်ယာဈေးကွက် ဖေါ်ဆောင်ပေးရန် တို့ဖြစ်၏။ ဒါကတော့ ရှင်းသွားပြီ။ မှန်ကန်သင့်မျှတဲ့ စီးပွားရေးမူ (ဥပဒေ) ရေးဆွဲပေးရမယ် ပြောထားတာ။ မူပြင်ပါတဲ့။ မူဆိုတာ ဘာလဲ။ ရှင်းပါတယ်။ မူပြင်တာနဲ့ အဲဒီမူဟာ ပွင်းလင်းမြင်သာတဲ့ လုပ်နည်းဆောင်တာတွေ ပါလာပါပြီ။ မူကိုပြည်သူလူထုကို ချပြရပါပြီ။ မဲလိမ်လို့ မရတော့ပါဘူး။ ဘာလို့လည်းဆိုတော့ မဲလိမ်တာကို မကျေနပ်တာကနေ နိုင်ငံရေးအုံကြွမှု ကအမြဲ လိုက်လာတတ်လို့။ နာဂစ်ဥပဒေကို ပြန်လည်ပြီး လူထု သဘောထားယူပေးပါ လုပ်လာမှာလေ။ ဆူဟာတိုကြီး ၉၇- နှစ်အစလေးမှ မဲအပြတ်အသတ်နိုင်ထားတာ အဲဒီလိုပြင်ပေးလိုက်ရလို့ ပြုတ်သွားရတာပါ။ အဲဒီလို ပွင့်လင်းထင်သာ မြင်သာမရှိဘဲ စတော့ရှယ်ယာဈေးကွက် ဖွင့်ထားရင် ခင်ဗျားဝယ်ပါ့မလား။ ဘယ်သူမှ မ၀ယ်ပါဘူး။ အာဏာရှင်အားကောင်းလေ စတော့ရှယ်ယာဈေးကွက် ဝေးလေဘဲ။ မြင်နေတာဘဲ အာဏာရှင်နဲ့ငွေ အတူမနေ ဆိုတာလေ။ န.အ.ဖ .က ၁၉၉၃- ကထဲက စတော့ရှယ်ယာဈေးကွက်ကို ကြိုးစားခဲ့တာဘဲ။ ဒိုင်ဝါ လဲ ဒိုင်ဝါး သွားတာဘဲ။ အဲဒီတော့ အခုလက်ရှိ နာဂစ်ဥပဒေနဲ့ နိုင်ငံခြားစတော့ရှယ်ယာ ဈေးကွက်ဖွင့်ကြည့်ပါလား။ အာဏာရှင်နိုင်ငံတွေမှာ စတော့ရှယ်ယာဈေးကွက် မလုပ်ရဖူးလို့ တားထားတာမရှိပါဘူး။ အာဏာရှင် တ၀က်တပျက် ထိုင်းနိုင်ငံက စတော့ရှယ်ယာကိုတောင် အာရှမှာ မယုံစားကြတော့တာ န.အ.ဖ.လားဖွင့်ကြည့်ပေါ့။ အဲဒါပါဘဲ... ပါးစပ်က ကိုယ့်ကောင်းကြောင်း ပြောနေရင် ငြင်းနေရတယ်။ အကဲဖြတ်တွေ ရှာနေရမယ်။ ဟိုလူက ဟိုဘက်ဘက်လိုက်တယ် ဘာညာ။ စတော့ရှယ်ယာကတော့ ကိန်းဂဏန်းနဲ့ ပြတာလေ။ ဘက်မလိုက်ဘူး .... အာဏာမတည်ငြိမ်တာနဲ့ ဝုတ်ဆိုထိုးကျသွားမယ်။ ပြောလို့သာပြောတာ လုပ်လို့ရရင်တောင် သူတို့လားလုပ်ရဲမှာ။ ဒီပဲယင်းလို ယုတ်မာမှုမျိုး လုပ်လိုက်တာနဲ့ ထိုးစိုက်ကျသွားမယ် ပလုံ။ အဲဒါပြောတာ လူမိုက်နဲ့ငွေ အတူမနေဆိုတာ။ သေနတ်ကြီး ခါးချိတ်ထားပြီး ဥပုသ်စောင့်တာမှ တော်သေးပြောယူရမယ်။ အထက်မှာ စတော့ ရှယ်ယာအကြောင်းလည်း ပါထားပြီးပါပြီ။ (၆) ဘတ်ဂျက်ညှိနှိုင်းပြီး အပိုသုံးစွဲမှုလျှော့ချရေး (ဘတ်ဂျက် ခြိုးခြံခြွေတာရေး) ဒါကတော့ နိုင်ငံတော်လုံခြုံရေး ဘတ်ဂျက်ကို လွှတ်တော်ကို ရှင်းလင်းတင်ပြရန်မလို ဆိုတဲ့မူနဲ့ ဘယ်လိုလုပ် နီးစပ်ကြတော့မလည်း။ အားလုံးကို လေးစားလျှက် လှိုင်မြင့် ဆက်လက်ဖော်ပြပါမည်... နေ့စဉ် တင်သမျှ ပိုစ့်များအား ကွန်မာန့်များ မအားမလပ်ရအောင် နေ့စဉ်အချိန်ပြည့် လာရောက် ရေးသားနေတဲ့ ဆိုကရေတီးရဲ့ ဒီဆောင်းပါးနဲ့ ဆိုင်တဲ့ ကွန်မာန့် ပြန်ဖတ်ချင်ရင် http://www.demowaiyan.co.cc/2011/07/blog-post_4680.html |
No comments:
Post a Comment