Thursday 7 July 2011

--" လိုနေတဲ့ ကျောင်းသားလှုပ်ရှားမှုတွေ…" ဆောင်းပါးရှင် (မောင်ချင့်ချိန်)
Posted: 05 Jul 2011 10:53 PM PDT
၁၉၈၉ခုနှစ် ဇွန်လက လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အစည်းအဝေးတစ်ခု
" လိုနေတဲ့ ကျောင်းသားလှုပ်ရှားမှုတွေ…။"
ဆောင်းပါးရှင် (မောင်ချင့်ချိန်)

ဗမာပြည်နိုင်ငံရေး အခြေအနေကို လေ့လာကြည့်ရင် စစ်အာဏာရှင်တွေကို ထိပ်တိုက်ရင်ဆိုင် တွန်းလှန်တိုက်ပွဲဝင်မှုတွေ နည်းပါးနေသလို ယူနီဖေါင်းချွတ်ပြထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စစ်တပ်ရဲ့လက်ကိုင်ဒုတ် ကြံ့ဖွတ်တွေက စစ်အာဏာရှင်စနစ်ကို သက်တမ်းတိုးဖို့ အစိုးရ သစ်အမည်ခံပြီး နိုင်ငံတကာအလယ်မှာ ဝင်ဆံ့အောင် တည်ဆောက်နေတာ တွေ့နေရပါတယ်။

သန်းရွှေနဲ့စစ်အုပ်စုကြီးစိုးချယ်လှယ်တဲ့ပုံသဏ္ဍာန်ကနေ အရပ်သားအစိုးရအဖြစ် သိန်းစိန်နဲ့စစ်ဗိုလ်ချုပ်တစုအရပ်ဝတ်လဲပြီး အတုအယောင် ရွေးကောက်ပွဲနဲ့လွှတ်တော်တရပ်ဖွဲ့စည်းခဲ့တဲ့ကစားကွက်ကို ဘယ်နိုင်ငံရေးပါတီအဖွဲ့အစည်းကမှ  ထိထိရောက်ရောက်ဟန့်တားတိုက်ပွဲဝင် မှုမလုပ်နိုင်ခဲ့ပါဘူး၊ အစိုးရသစ်လို့ စစ်အုပ်စုလက်ခမောင်းခတ်ရပ်တည်နေချိန်မှာ လက်နက်ကိုင်အင်အားစုတွေ အပိုင်းမှာသာ အပစ်အခတ် ရပ်စဲမှုပျက်တာ၊ နယ်ခြားစောင့်တပ်အဖြစ်ကနေ တော်လှန်ရေးတပ်အဖြစ် ပြန်ရပ်တည်တာ ၊ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေအရှိန် မြှင့်ပြီး မြို့တွင်းစစ်ဆင်ရေး ထိုးဖေါက်ဆင်နွှဲတာတွေ အထိရှိလာခဲ့ပေမဲ့ ပြည်တွင်းနိုင်ငံရေးအဖွဲ့တွေအနေနဲ့တော့ စစ်အုပ်စုကိုတွန်းလှန်ဖို့ ဘယ်လိုနိုင်ငံရေးလမ်းကြောင်း ပုံသဏ္ဍာန် တည်ဆောက်တာကိုမှ မတွေ့ခဲ့ရပါဘူး ။

လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲ ဟန်ချက်ညီပေါင်းစည်းနိုင်ဖို့လိုတယ်လို့ လက်နက်ကိုင်လမ်းစဉ်မှာလျှောက်လှမ်းနေသူတွေက ယုံ ကြည်ထားကြပေမဲ့ ပြည်တွင်းအင်အားစုတွေအနေနဲ့က လက်နက်ကိုင်လမ်းစဉ်ကို အကြမ်းဖက်လုပ်ငန်းတွေလို့ သဘောထားနေတာတွေ့ရ ပါတယ် ၊ ဗုဒ္ဓဘာသာရာဇဝင်မှာ ဘုရားလောင်း ဝေသန္တရာမင်းကြီးဖြစ်စဉ်အခါက လှုလိုက်တဲ့သားနဲ့သမီးကို ပုဏ္ဏားယောင်ဆောင်ထားတဲ့ သကြားမင်းကရိုက်တော့ ဒေါသစိတ်ဖြစ်ပြီး ဓားထဆွဲတယ်လို့ အထင်ကရပါရှိပါတယ် ၊ အဲဒီလို ဘုရားလောင်းတောင်မှ လှုပြီးသား ရင်သွေးအတွက် လက်နက်နဲ့ဖြေရှင်းဖို့ စိတ်ကူးမိသေးရင် ရင်သွေးတွေအသတ်ခံရ၊ မိသားစုတွေ တကွဲတပြားဖြစ်၊ ဘဝတွေပျက်၊ ကိုယ်လက်အင်္ဂါ တွေဆုံရှုံးဖြစ်ရတဲ့အထိ စစ်အုပ်စုရဲ့မတရားနှိပ်စက် အနိုင်ကျင့်မှုကိုခံနေရတဲ့ ပုထုဇဉ်လူသားတွေက လက်နက်နဲ့ ခုခံတော်လှန်ဖို့ကြိုးစားကြ တာ သဘာဝကျတဲ့ အကြောင်းအရာပဲမဟုတ်ပါလား၊လူထုတိုက်ပွဲတွေဆင်နွှဲတိုင်း စစ်တပ်နဲ့လုံထိန်းတွေက အကြမ်းဖက်ဖြိုခွဲတဲ့အချိန် တွေ့ ရာအုတ်ခဲနဲ့ ကောက်ထုတုန့်ပြန်ဖို့ကြိုးစားကြတာ ပြည်သူ့ဆန္ဒအစစ်အမှန်ဆိုတာ သတိထားမိကြဖို့လိုပါတယ်၊အဲဒီလို ပြည်သူတွေရဲ့ လက် တွေ့ဘဝနဲ့ဆန္ဒကိုမမြင်ပဲ ကိုယ်ထင်ရာကိုယ်ပြောနေသမျှ စစ်အုပ်စုကခေါင်းထောင်နေဦးမှာပါပဲ၊ မဟော်သဓာဇတ်တော်ထဲက သားတရား စီရင်ခန်းလို အမေရင်းမို့ သားလေးနာမှာစိုးလို့လွှတ်ပေးလိုက်တယ်ဆိုတာမျိုးက မဟော်သဓာလို ကြားဝင်စေ့စပ်ပေးမဲ့သူကိုမျှော်တဲ့ အတွေး အခေါ်မျိုးသာဖြစ်ပြီး ခုခေတ်မှာတော့ သားဘီလူးလက်ပါပြီး အစားခံလိုက်ရမှာပါ ၊ တစ်ကိုယ်လုံးပါပြီး အသက်သေမှာထက်စာရင် လက် တဘက်ပြုတ်သွားတာကတော်သေးတာမို့ ဘီလူးလက်အပါမခံပဲ မရ ရအောင်ပြန်စွဲမယ်ဆိုတဲ့ အတွေးမျိုးနဲ့ စစ်အုပ်စုလက်ထဲက ဗမာပြည်ကိုပြန်ဆွဲလုကြရမှာပါ ။
ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ် ဆိုတဲ့သီချင်းလေးကိုကြားယောင်မိပါတယ် ၊ ငြိမ်းချမ်းစေချင်ပါတယ်လို့ လေလှိုင်းနဲ့ စာရွက်တွေပေါ် ကနေပြောနေပေမဲ့ တိုင်းရင်းသားဒေသတွေကို ထိုးစစ်ဆင်တိုက်ပွဲတွေဖန်တီးပြီး ပြည်သူပေါင်းများစွာကို စစ်ဘေးဒုက္ခသည်တွေအဖြစ် အိုးအိမ်မဲ့ နိုင်ငံမဲ့ဖြစ်စေတဲ့ စစ်အုပ်စုရဲ့တရားမဲ့လုပ်ရပ်တွေကို ဆန္ဒပြကန့်ကွက်မှုတွေ လုပ်ဆောင်ဖို့ကိုတော့ ဘယ်ပါတီအဖွဲ့အစည်းကမှ ထိထိရောက်ရောက် လုပ်ဆောင်တာမတွေ့ရပါဘူး ။

ပြည်တွင်းနိုင်ငံရေးပါတီ အဖွဲ့အစည်းတွေအနေနဲ့ ကိုယ့်အားကိုယ်ကိုးတိုက်ပွဲဖေါ်ဆောင်မှုမရှိပဲ နိုင်ငံတကာအကူအညီကို အားထားမျှော်ကိုး နေယုံနဲ့ ဘယ်လိုတွေ့ဆုံဆွေးနွေးမှုမျိုးမှဖြစ်လာမှာ မဟုတ်ဘူးဆိုတာကို ဖြတ်သန်းခဲ့ပြီးတဲ့ ၂၃ နှစ်တာကာလကိုပြန်တွေးသတိမူသင့် ပါတယ် ၊ တိုက်ပွဲဖေါ်ဆောင်မှုမရှိရင် ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာဖို့ မဖြစ်နိုင်သေးသလို ပြည် တွင်းစစ်ကို မီးရှိန်မြှင့်နေတဲ့ စစ်အုပ်စုရဲ့လုပ်ရပ်တွေကို လည်း ဘယ်လိုမှ တာဆီးနိုင်မှာမဟုတ်ပါဘူး ။

စစ်အုပ်စုရဲ့ ဖိနှိပ်မှုပုံစံ အမျိုးမျိုးအောက်မှာ ရပ်တည်လုပ်ဆောင်နေကြရတဲ့ ပြည်တွင်းအင်အားစုတွေအနေနဲ့ ကိုယ်ဘာသာ အမြင်ရှင်းဖို့အရေး ကြီးပါတယ်၊ ပြည်သူတွေက ကြောက်နေကြတာလား၊ ဘယ်လိုတိုက်ပွဲဝင်ကြမယ်ဆိုတာ ဦးဆောင်လမ်းပြပေးမဲ့သူမရှိလို့ အချိန်စောင့်နေ ကြတာလားဆိုတာ အပြန်ပြန်အလှန်လှန် သုံးသပ်စဉ်းစားကြဖို့လိုပါတယ်၊ တကယ်တမ်းမှာ အသက်ရှင်ပြီး ဘဝတွေသေနေတဲ့ပြည်သူတွေ က တိုက်ပွဲဝင်ဖို့အသင့်ပါပဲ၊ ရှစ်လေးလုံး အရေးတော်ပုံကြီးကိုပြန်ကြည့်ပါ ၊ စစ်တပ်ကအာဏာသိမ်းပြီး ၂၆ နှစ်လုံးလုံး တော်လှန်ရေးကောင် စီကနေ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)ဆိုပြီး  ကျည်ဆံမိုးရွာအုပ်ချုပ်မှုကို အံခဲခံနေခဲ့ကြရပေမဲ့ ကျောင်းသားတွေအသေခံပြီး ကိုယ်ကျိုးစွန့်ဦးဆောင်တော့ ပြည်သူတရပ်လုံးလိုက်ပါတိုက်ပွဲဝင်ခဲ့ကြပါတယ်၊ ၂၀၀၇ မှာလည်း ကိုမင်းကိုနိုင်နဲ့ ၈၈မျိုးဆက်ကျောင်းသား တွေ ၂၀၀၇ မျိုးဆက်ကျောင်းသားတွေက ပြည်သူကိုယုံကြည်မှုပေးနိုင်ခဲ့တယ် ၊ ထောင်ဒဏ် ၆၅ နှစ်တွေရင်းပြီး ပြည်သူကိုနှိုးဆွနိုင်ခဲ့တယ်၊ သံဃာတော်တွေပါ အသေခံဦးဆောင်ချိန်ကျတော့ (နိုင်ငံရေးပါတီကလူတွေသာ တွေဝေနေပြီး) ပြည်သူတွေက လိုက်ပါခဲ့ကြတာပါပဲ ။

သေနတ်ပြောင်း၊နံပါတ်တုတ်နဲ့အချုပ်ထောင်တွေကိုပြပြီးဟစ်အော်ကြိမ်းမောင်းနေတဲ့ စစ်အာဏာရှင်ရဲ့အမိန့်သံတွေကို ဥပဒေတွေအဖြစ် လိုက်နာရင်း တိုက်ပွဲလမ်းကြောင်းပျောက်နေတဲ့အဖြစ်ကြောင့် ပြည်သူတွေဝေဝါးနေရတာကို တိုက်ပွဲဝင်ရဲမှ ဖိနှိပ်ခံစစ်ကျွန်ဘဝက လွတ် မြောက်မှာဆိုတဲ့ယုံကြည်မှု ပြန်တည်ဆောက်ပေးနိုင်ဖို့လိုပါတယ် ၊ ခုချိန်မှာတော့  ပြည်သူတွေရဲ့ လေးစားအားကိုးမှုယုံကြည်မှုကိုရဖို့က တော့ ရှစ်လေးလုံးအရေးတော်ပုံကြီးမတိုင်မှီကလို ကျောင်းသားလှုပ်ရှားမှုတွေ၊ ဦးအုန်းသန်းတို့ ကိုထင်ကျော်တို့လို အဖမ်းခံရမှာသိသိနဲ့ တကိုယ်တော်ရဲရဲရင့်ရင့်ဆန္ဒပြသူတွေ၊ ကိုမင်းကိုနိုင်တို့လိုေ ရှ့ကထွက်ဦးဆောင်မဲ့ကျောင်းသားတွေ လိုနေတာပါပဲ ။

 ရှစ်လေးလုံးအရေးတော်ပုံကြီးမတိုင်မှီက ခုလောက်နိုင်ငံရေးအသိတွေမရှိကြပဲ ကိုဖုန်းမော်နဲ့ကိုစိုးနိုင်တို့ ပစ်သတ်ခံခဲ့ရတဲ့ RITကျောင်းဝန်း ကမတရားမှုကြောင့် ကျောင်းသားတိုက်ပွဲတွေ ပြန်လည်စတင်ခဲ့ပါတယ် ၊ အင်းလျားကန်ဘောင်ကတံတားဖြူကို တံတားနီလို့တင်စားခေါ်ရ လောက်အောင် သွေးတွေအိုင်ထွန်းနေတဲ့အထိအရိုက်ခံပြီး မတရားမှုကိုတုန့်ပြန် မကျေနပ်မှုတွေကိုပြခဲ့တဲ့ကျောင်းသားတွေကြောင့် တက္က သိုလ်ကျောင်းသားတွေသာမက အခြေခံပညာကျောင်းသားတွေပါ ကျောင်းသားတိုက်ပွဲထဲမှာပါဝင်လာကြသလို မြေနီကုန်းအရေးတော်ပုံနေ့ (အခြေခံပညာကျောင်းသားများနေ့)လို့ သတ်မှတ်ခေါ်ဆိုကြတဲ့ ဇွန်လ ၂၁ ရက်နေ့က လုံထိန်းတွေရဲ့နံပါတ်တုတ်နဲ့ရိုက်နှက်နှိမ်နှင်းမှုကို တက္ကသိုလ်ကျောင်းသားတွေနဲ့အတူ အခြေခံပညာကျောင်းသားတွေပါ ရဲရဲရင့်ရင့်ရင်ဆိုင်တုန့်ပြန်ခဲ့တာကြောင့် ပြည်သူတွေပါကျောင်းသား တိုက်ပွဲထဲပါဝင်လာခဲ့ကြပြီး သမိုင်းတွင်မဲ့လူထုအရေးတော်ပုံကြီးဖြစ်ခဲ့တဲ့သာဓကကိုပြန်တွေးကြည့်ရင် လက်ရှိအခြေအနေမှာ ပြည်သူတွေ ကြောက်နေကြလို့မဟုတ်ပဲ ဦးဆောင်မဲ့ကျောင်းသားလှုပ်ရှားမှုတွေကို စောင့်နေကြတာသာဖြစ်တယ်ဆိုတာ ထင်ရှားပါတယ် ။

ဖိရင်ကြွမယ် ထိရင်ချမယ် ၊ ကျောင်းသားဟာ လက်သည်းဆိတ်ရင် လက်ထိပ်ကနာတယ်ဆိုတဲ့အတွေးအခေါ်တွေ ကျောင်းသားတွေကြား ပြန်ရောက်အောင် အရင်လုပ်ကြရမယ်ထင်ပါတယ် ၊ တော်လှန်ရေးမျိုးဆက်ပြတ်သည်မရှိဆိုပေမဲ့ စစ်အုပ်စုရဲ့ အဆိုးရွားဆုံးနှိပ်ကွတ်နှိမ်နှင်း မှုတွေနဲ့ အာရုံလွှဲထားမှုတွေကြောင့် မျိုးဆက်ပေါ်ထွက်မှုကျဲနေတာမျိုးဖြစ်နေတာကို ချေဖျက်နိုင်အောင်ကြိုးစားကြပြီး ကျောင်းသား လှုပ်ရှားမှုတွေပေါ်ထွက်ရေးကနေ ကြံ့ဖွတ်လွှတ်တော်ဖျက်သိမ်းရေးထိ တည်ဆောက်ကြသင့်ပါတယ် ။

"အမိမြေလွတ်မြောက်ဖို့ အရိုးတွေတောင်လိုပုံမှရမယ်ဆိုရင်
ကျောင်းသားအရိုးတွေက အောက်ဆုံအလွှာကရှိရစေမယ်
ဆိုတာကိုယုံကြည်လျက်

ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့ကြသော တိုက်ပွဲဝင်နေသောကျောင်းသားအပေါင်းအား ဦးညွတ်အလေးပြုပါသည်။

မောင်ချင့်ချိန်
Posted: 05 Jul 2011 12:11 PM PDT
ပြည်တွင်းမှ မိတ်ဆွေများ အမေစုရဲ့ ပုဂံဘုရားဖူး ဓာတ်ပုံများထပ်မံကြည့်ချင်ရင် 
ဒီနေ့(၅)ရက်နေ့မှာတော့ ကျွန်တော်တို့ လူထုခေါင်းဆောင် အမေစုနဲ့  ပုဂံက ဘုရားလေးဆူကို သွားရောက်ဖူးမျှော်ခဲ့ပါတယ်...။ ပုဂံမှာ အနုမှာ အာနန္ဒာ၊ အမြင့်မှာသဗ္ဗေညု၊ ထုမှာဓမ္မရံလို့ နာမည်ကျော်ကြားလှတဲ့ ဘုရားပုထိုးတော်တွေထဲက အာနန္ဒာဘုရား၊ သဗ္ဗေညုဘုရား၊ ကျန်စစ်သားမင်းကြီးရဲ့ သားတော် ရာဇကုမာရ် ရေးထိုးထားတဲ့ မြစေတီကျောက်စာ ရှိရာ မြစေတီဘုရားနဲ့ အကျဉ်းစံဘဝနဲ့ ခံစားရတဲ့ မွန်းကြပ်မှုတွေကို ပေါ်လွင်အောင် တည်ထားကိုးကွယ်ခဲ့တဲ့ မနူဟာမင်းကြီးရဲ့ မနူဟာဘုရားတို့ကို သွားရောက်ဖူးမျှော်ခဲ့ပါတယ်..။

အာနန္ဒာဘုရား

အာနန္ဒာဘုရားစေတီတော် အတွင်းမှာ ဆုတောင်း မေတ္တာပို့သနေတဲ့ အမေစုနဲ့ သားငယ်ကိုထိန်လင်း..။ မြန်မာ့သမိုင်းမှာ အရည်အချင်းရှိပြီး မင်းကောင်း မင်းမြတ်ထဲမှာ တပါးအပါအဝင်ဖြစ်တဲ့ ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်တော်မူတဲ့ အမေတောင်းမယ့် ဆုကတော့ ငရမာန်ကန်းနဲ့ စောလူးမင်းတို့လက်ထဲ ရောက်နေရတဲ့ မြန်မာပြည်သူတွေ လွတ်မြောက်ရေးအတွက် အမေဆုတောင်း ပေးနေမှာကို ယုံကြည်မိပါတယ်...အမေ..။

ကျန်စစ်သားမင်းကြီးရဲ့ ရွှေစည်းခုံဘုရား ကျောက်စာမှာပါတဲ့`ပုဂံကို ရန်သူတို့ ဖျက်ဆီးသောအခါ အမျိုးလေးပါးသည် စစ်သုံ့ပန်းဖြစ်၍ အချို့လည်း အောက်အကြေသို့ ပါကြရသည်။ အချို့လည်း အထက်အညာသို့ ပါကြရသည်။ ငါ၏ အကူအညီဖြင့် ထိုသူတို့ ပုဂံသို့ ပြန်ရောက်စေပါအံ့။ များစွာသော သူခပ်သိမ်းတို့သည် သားတကွဲ ၊မယားတကွဲ ၊ မိကွဲ ၊ ဖကွဲ ဖြစ်ကြရကုန်၏။ ထိုသူတို့၏ ဒုက္ခကို ငါငြိမ်းပါအံ့။ ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့၊ ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာ ကိုပေးအံ့၊ ငါ၏၀ဲလက်ဖြင့် ၀တ်စား တန်ဆာ ပေးအံ့။ အမိသည် သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်ပါအံ့၊ တဲ့....

တိုင်းပြည်မှာတော့ ပြည်သူတို့၏ မျက်ရည်တွေလည်း ခန်းခြောက်နေပါပြီ အမေ..။ ယာလက်ဖြင့် လယ်မြေတွေ ဆန်စပါးတွေ မြေနေရာတွေ အတင်း ဓမ္မသိမ်း ဝဲလက်နဲ့ ဆွဲပြီး ဂုတ်သွေးစုပ်ခံနေရပါတယ် အမေ...။ ပြည်သူတွေရဲ့ ဘဝကို အမေ နှစ်သိမ့်ပေးပါဦး အမေ...။

သဗ္ဗေညုဘုရား

ပုဂံမှာ အမြင့်ဆုံးစေတီဖြစ်တဲ့ သဗ္ဗေညုဘုရားကို ဆက်လက်ဖူးမျှော်ကြတဲ့ အမေစုနဲ့ သားငယ် ကိုထိန်လင်း...။

မြန်မာလူမျိုးတွေ  ပြည်တွင်း၊ ပြည်ပမှာ နိမ့်ကျနေတဲ့ ဘဝတွေ အနှိမ်ခံနေရတဲ့ ဘဝတွေကို မြင့်မားလာစေဖို့ အမေသစ္စာဆို ဆုတောင်း ပေးနေတယ်လို့ ယုံကြည်မိတယ်.. အမေ...။

မြစေတီဘုရားနဲ့ မြစေတီ ကျောက်စာ....

ကျန်စစ်သားမင်းကြီးရဲ့ သားတော်ရာဇကုမာရ် မင်းသားက ဖခင်ကကျန်စစ်သား မင်းကြီး နတ်ရွာစံခါနီး သေအံ့မူးမူး နာမကျန်း ဖြစ်နေချိန်မှာ ရွှေဆင်းတုတော်သွန်းလုပ် လှူဒါန်းပြီး ဖခင်အတွက် ကောင်းမှုကုသိုလ်ပြုလုပ် ပေးခဲ့ပြီး ရေစက်သွန်းချ အမျှတန်းဝေပေးခဲ့ပါတယ်..။  မြေးတော် အလောင်းစည်သူကို အိမ်ရှေ့နန်းလျာပေးခဲ့တာကိုတောင် နားလည် ခွင့်လွှတ်ပေးတဲ့ ရာဇကုမာရ် မင်းသားရဲ့ ပျူ၊ မွန်၊ မြန်မာနဲ့ ပါဠိဘာသာ တွေနဲ့ ရေးထိုးထားတဲ့ ကျောက်စာပေါ့...။

ထို့အတူ ကျွန်တော်တို့ အမေဟာစုလည်း မိမိအသက်အန္တရာယ်ကို ရန်ပြုရန်ရှာတဲ့ ရန်သူကိုတောင်မှ တိုင်းပြည်အကျိုးကို ကြည့်ပြီး အာဃာတ မထားပဲ ကျေအေး ခွင့်လွှတ်တတ်တဲ့ မြင့်မြတ်တဲ့ စိတ်ထားရှိတဲ့ ကျွန်တော်တို့အမေပါ...။ တိုင်းပြည်အကျိုးအတွက် အမုန်းတရား၊ အာဃာတတွေ ဘေးဖယ်ပြီး အမေသစ္စာဆို ဆုတောင်းနေမယ်လို့ ယုံကြည်မိပါတယ် အမေ...။

မနူဟာဘုရား...
အနော်ရထာမင်းကြီး သုဝဏ္ဏဘုမ္မိ သထုံကို သိမ်းပိုက်ပြီး ပိဋကတ်သုံးပုံနဲ့ သထုံပြည့်ရှင် မနူဟာမင်းကြီး ကို ဖမ်းဆီးခေါ်ဆောင်လာခဲ့ပါတယ်...။ မနူဟာမင်းကြီးဟာ အကျယ်ချုပ် အကျဉ်းစံဘဝဖြင့် နေရစဉ်မှာ ပါလာတဲ့ လက်စွပ်ကို မြင်းကပါ သူဋ္ဌေးကို ရောင်းပြီ မိမိရဲ့ ကျဉ်းကြပ်စွာ နေရတဲ့ဘဝ ပေါ်လွင်အောင် ကြီးမားလှတဲ့ ဘုရားဆင်းတုတော်ကို ကျဉ်းမြောင်းတဲ့ အဆောက်အဦးအတွင်းမှာ တည်ဆောက်ထားတဲ့ မနူဟာ ဘုရားပါ...။ ပုဂံရောက်ဖူးသူတိုင်းသိပါတယ်..။ အထဲရောက်တဲ့ အခါမှာ အင်မတန်မှ စိတ်ကျဉ်းကြပ် ကိုယ်ကျဉ်းကြပ်မှုကို ခံစားရပါတယ်...။ မည်သူမှ မိတကွဲ ဖတကွဲ၊ သားတကွဲ မယားတကွဲ ပြင်ပလောကနဲ့ အဆက်ပြတ်ပြီး အကျဉ်းကျခံရတဲ့ ဘဝတွေကို မလိုလားကြပါဘူး...

တိုင်းပြည်တွင်းမှ ပြည်သူတွေ ဘဝဟာလည်း အလားတူပါပဲ...။ ထိုအတူ အမေစုဟာလည်း ကိုယ်တိုင် မတရား အကျယ်ချုပ်နဲ့ နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ် မတရား ထိန်းသိမ်းခံခဲ့ရသလို မြန်မာပြည်တွင်းမှ အဖိနှိပ်ခံ ပြည်သူတွေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် လွတ်မြောက်ဖို့ ပန်းရေချမ်း ဆက်ကပ်ပြီး ပြည်သူပြည်သားတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် ဆုတောင်းပေးခဲ့မှာ မလွဲမသွေပါပဲ..။

ယနေ့အမေစု ပြုလုပ်ခဲ့သမျှ ကုသိုလ် ကောင်းမှုတွေကို သာဓု အနုမောဒန သုံးကြိမ်ခေါ်ဆိုရင်း ကိုယ်တိုင်လည်း မြန်မာပြည်သူပြည်သားတွေ အဖိနှိပ်ခံဘဝတွေမှ အမြန်ဆုံးလွတ်မြောက်ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နိုင်ငံရေး အကျဉ်းသားတွေလည်း အမြန်ဆုံး လွတ်မြောက်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်..။

ဒီမိုဝေယံ..


ဓာတ်ပုံ ဒီမိုဝေယံ
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment