- ဧရာဝတီ မြစ်ဆုံမှာ ရေကာတာဆောက်ရင် ဒီရုပ်ရှင်ကားထဲကလိုဖြစ်သွားမယ် (ရုပ်/သံ)
- နည်းနည်း စာတတ်လာပုံပဲ ... ဒူးကွေးတတ်လာပြီ
- ပဲခူး ရေကြီး မြို့သုံးပုံတပုံရေနစ်မြုပ်နေ
- ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူးမြို့ ခရီးစဉ်ဖိတ်စာ
- ဦးအောင်ဆန်းဦးနှင့် မော်နီတာဂျာနယ်ကို ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆို
- ပဲခူးမြို့ရေကြီး (ဓာတ်ပုံ/သတင်း)
- ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်သည့် ဆောင်းပါးကို Eleven Media Groupနှင့် ၀ါရင့်သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းတို့ကဝေဖန်
ဧရာဝတီ မြစ်ဆုံမှာ ရေကာတာဆောက်ရင် ဒီရုပ်ရှင်ကားထဲကလိုဖြစ်သွားမယ် (ရုပ်/သံ) Posted: 11 Aug 2011 12:50 AM PDT Up the Yangtzi ဆို တဲ့ Documentary Films လေး ကို ကြည့် ဖို့  ညွှန်းချင်ပါတယ်။ Yang Tzi - ယန်ဇီမြစ် ( တရုတ်လို ယန်ကျဇ်ကျန်း၊ ချန်ကျန်း ) လို့ ခေါ် တဲ့ တရုတ်ပြည်မကြီးမှာ ရှိတဲ့ မြစ်တစ်စင်းအကြောင်းရိုက်ကူးထားတဲ့ မှတ်တမ်းကားလေး တစ်ကားဖြစ်ပါသည်။ မြစ်အပေါ် ပိုင်း မှာ The Three Gorges Dam လို့ ခေါ်တဲ့ ရေကာတာ အကြီးကြီး တခု တည်ဆောက်လိုက်လို့  မြစ်အကြေ မှာ ရှိတဲ့ ရွာတွေ မြို့ တွေ တိမ်ကော ပြီး၊ လူနေမှုဘ၀ တွေ ကို ပြောင်းလဲသွားတဲ့ အကြောင်း ကိုရိုက်ကူးထားပါသည်။ အဓိကဇာတ်ဆောင် ဖြစ်တဲ့ ကောင်မလေး Cindy Shui ရဲ့ မိသားစုဘ၀ ကို ရိုက်ကူးပြသရာ မှာ ဆည်ကာတာ တည်ဆောက်ခြင်းကြောင့်နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်တဲ့ မြစ်အောက်ပိုင်း မှာ မြစ်တိမ်ကောသွားလို့  မိသားစု လက်ငုတ်အလုပ်ဖြစ်တဲ့ စိုက်ပျိုးရေး မအောင်မမြင်ဖြစ်ပီး ငတ်ပြတ်မွဲတေ ပုံ၊ ကျောင်းဆက်မတက်နိုင်လို့  မြစ်အသေ ထဲမှာ ပြေးဆွဲနေတဲ့  ကမ္ဘာလှည့်ခရီးသည်တွေ အတွက်ဖွင့်လှစ်ထားတဲ့ သင်္ဘောပေါ် မှာ အလုပ်သွားလုပ်ရပုံ၊ မိသားစုနဲ့ ကွေကွင်းရပုံတွေ ကို တင်ပြထားပါသည်။ The Three Gorges Dam -ရေအားလျှပ်စစ် ရေကာတာ တည်ဆောက်ခြင်းဖြင့် သူတို့ မိသားစု နေထိုင်ရာ သူတို့ ရွာ၊ အနီးအနားမြို့ တွေ တိမ်ကောသွား ပြီး ၊ မြစ်ကမ်းဘေးမှ အောက်ခြေလူတန်းစား အတွက် ဘာ အကျိုးကျေးဇူးမှ မခံစားရ ပဲ ဆင်းရဲတွင်း နက်သထက်နက် ကုန်ပါသည်။ တရုတ်နိုင်ငံလို မိမိပြည်သူတွေအတွက် တောင်မငဲ့ကွက်တဲ့ နိုင်ငံလိုမျိုး ကို သွားပြီး ဧရာဝတီ မြစ်ဆုံ မှာ ရေကာတာ၊ ရေအားလျှပ်စစ် စက်ရုံ လာမတည်ဆောက်ပါနဲ့ လို့ သွား ပြီး မေတ္တာရပ်ခံ လို့ ရမည် မဟုတ်ပါ။ လက်မှတ်ရေးထိုးစရာ ရှိသည်များ ကိုလည်း ရေးထိုးချုပ်ဆိုထားပြီဖြစ်လို့  သူတို့ ဖက် က အသာစီးမှာ ရှိပါသည်။ တိုင်းပြည် ၏ ရတနာ၊ ရာဇ၀င်များ ၏ သတို့ သမီး ကို ကာကွယ်ရန်၊ စောင့်ရှောက်ရန်၊ နောက်မျိုးဆက်သစ်များ ကို အကောင်းအတိုင်း လက်ဆင့်ကမ်းရန် ကျွန်တော်တို့ အားလုံးမှာ တာဝန်ကိုယ်စီ ရှိပါသည်။ ထို့ ကြောင့် မိမိနိုင်ငံ၊မိမိလူမျိုး နဲ့ မိမိတို့ သမိုင်းကို ကာကွယ်ချင်သည် ဆိုလျှင်ဖြင့် မိမိတို့ အသံများကို သက်ဆိုင်ရာ က ကြားအောင်၊ တာဝန်ယူဆောင်ရွက်ပေးအောင် လုပ်ဆောင်ရမှာပဲဖြစ်ပါသည်။ တာဝန်ယူလိုစိတ်နှင့် ဆုံးခန်းတိုင်ရောက်အောင် ဆောင်ရွက်သွားမည် ဆိုသည့် ဇွဲ စိတ်များ လိုအပ်ပါသည်။ သိန်းသန်းဋ္ဌေး ၁၁ရက်၊သြဂုတ်၊၂၀၁၁။ Film Official Link: http://films.nfb.ca/up-the-yangtze/ |
နည်းနည်း စာတတ်လာပုံပဲ ... ဒူးကွေးတတ်လာပြီ Posted: 11 Aug 2011 12:26 AM PDT Photo..Myothahtet ပထမတပုံတုန်းက လူတွေ စိတ်ဝင်စားတယ်ထင်လို့ အခု ထပ်ယှဉ်ပြတာပါ။ ၁၀ ရက် အတွင်းမှာ ပြောင်းလဲသွားတာပါ။ ကျွန်တော်ကတော့ အခုလို ပြည်သူကို ဆက်ဆံပုံ ပြောင်းလဲသွားတာ အင်မတန် ၀မ်းသာပါတယ်။ နှစ်ယောက်စလုံးက အရင် စစ်အစိုးရ လက်ထက် ဗိုလ်ချုပ်ကြီး တွေပါ။ အခု အစိုးရသစ်မှာလည်း သမ္မတနဲ့ ဒုတိယ သမ္မတပါ။ ဒါပေမဲ့ အပေါ်ပုံလို ``မင်းတို့ အဆင်ပြေရဲ့လားကွ`` လို့ လုပ်တာထက်စာရင် အောက်ပုံလို ရင်းရင်းနှီးနှီး ``မင်းတို့တွေ အဆင်ပြေရဲ့လားကွာ`` လို့ မေးတာမျိုးကို ပြည်သူတွေက ပိုကြိုက်ကြမယ် ထင်ပါတယ်။ အဲဒီ နှစ်ပုံစလုံးက ရေဘေးဒုက္ခသည် ပြည်သူတွေကို သွားကြည့်တာပါခင်ဗျာ၊ ``ဟုတ်ဟုတ် မဟုတ်ဟုတ်`` ဆိုတာက တကယ်မဟုတ်ရင်တော့ ရေရှည် ဒီလိုပုံစံ လုပ်လို့ မရပါဘူး။ ပြည်သူက သိပါတယ်၊ ဘယ်သူက ရင်ထဲက လာတာ... ဘယ်သူကတော့ ဟန်ဆောင် ဟန်ပြလုပ်တာ ဆိုတာကိုပါ။ (Myo tha htet) ဒါပေမဲ့ ဧရာဝတီ ၀က်ဆိုဒ်မှာ ရေးသားထားတဲ့သတင်းအရ ရေဘေးဒုက္ခသည် ပြည်သူတွေနဲ့ လူကြီးတွေနဲ့တွေ့ခဲ့တဲ့ ကန်းစွန်းခင်း ကျေးရွာသူတဦးစကားကတော့ "အဒေါ်တို့အိမ်က ရေမြုပ်ပျက်စီးပြီး ပစ္စည်းတွေ ရေနဲ့ မျောကုန်ပြီ။ ဘာမှ မရလိုက်ဘူး။ အခု ဒုက္ခသည်တွေနေတဲ့ နေရာမှာ လာနေတာကို လူကြီးတွေက နင်တို့ စားစရာတွေရပြီးရင် ကိုယ့်အိမ်ကိုယ် ပြန်နေကြတော့တဲ့၊ အဲဒီလိုမျိုးတွေ လာပြောသွားတယ်။ အိမ်ပြန်ရင် အိမ်လည်းပြင်ရမှာ စားစရာလည်း မရှိ၊ ချက်ပြုတ်စရာ အိုးခွက်တောင် မရှိဘူး" လို့ပြောသွားပါတယ်.. |
ပဲခူး ရေကြီး မြို့သုံးပုံတပုံရေနစ်မြုပ်နေ Posted: 10 Aug 2011 10:14 AM PDT ပဲခူးမြစ်ရေလျှံတက်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် ပဲခူးမြို့၏ သုံးပုံတပုံ ရေနစ်မြုပ်လျက်ရှိနေသည်ကို တွေ့ရသည်။ ပဲခူးမြို့မှာ နှစ်စဉ် ရေကြီးတတ်သော်လည်း ယခုတစ်ကြိမ် ရေကြီးခြင်းမှာ ဆယ်စုနှစ် နှစ်ခုကျော်အတွင်း အဆိုးဝါးဆုံး ဖြစ်သည်ဟု မြို့ခံအချို့က ၄င်းတို့အတွေ့အကြုံအရ ပြောသည်။ ရေနစ်မြုပ်လျက်ရှိသည့် ပဲခူးမြို့ လူနေရပ်ကွက်အတွင်း လှေများဖြင့် သွားလာနေကြစဉ် (ဓါတ်ပုံ-YPI) "အရင်ကျွန်မ အသက်၈နှစ်လောက်ကတော့ ရေလျှံဘူးတယ်။ အခု ၂၉နှစ်ဆိုတော့ အနှစ်နှစ်ဆယ် ကျော်အတွင်း ဒါနည်းနည်းဆိုးတဲ့ ရေလျှံမှုလို့ထင်တယ်"လို့ မအိဖြူက ပြောပြခဲ့သည်။ လက်ရှိ ရေကြီးနေသော နေရာအချို့မှာ မဇင်းရပ် ၊ ကျွန်းသာယာ ရပ်နှင့် အနိမ့်ပိုင်းနေရာများဖြစ်သည့် ဘူတာမှ အဝေးပြေးကားလမ်း တလျှောက် ရပ်ကွက်များ ဖြစ်သည်။ အဆိုပါ ရပ်ကွက်များတွင် ၃ပေခန့်အထိ ရေများနစ်မြှုပ် နေသဖြင့် ကားငယ်များ သွားလာရန်ခက်ခဲနေကြောင်း သိရသည်။ ရေမြုပ်နေသည့် ရပ်ကွက် အပိုင်းများတွင် လျှပ်စစ်မီး ဖြတ်တောက်ထားကြောင်းလည်း သိရသည်။ "ကုန်းမြင့်ပိုင်းတွေကျတော့ ထော်လာဂျီတို့ ဆိုက်ကားတို့နဲ့ သွားတယ်။ လှေနဲ့ သွားရတဲ့နေရာတွေ လှေနဲ့သွားတယ်။ တချို့ဆို ကားကြီးတွေအပေါ် ဆိုင်ကယ်တင်ပြီးတော့ သွားရတယ်။ အိတ်စပတ်ကားတွေ မြို့ထဲဝင်လို့ မရတော့ဘူး။ "လို့ ရှင်စောပုရပ်ကွက်တွင် နေထိုင်သူ ပဲခူးမြို့သူမအိဖြူ က ပြောပြသည်။
အိတ်စပတ်ကားနှင့် ကားငယ်များ မြို့တွင်း ၀င်မရသဖြင့် ထော်လာဂျီ ဆယ်ဘီးကားများနှင့် တယောက်လျှင် ငါးရာကျပ်ဖြင့် မြို့ထဲသို့ ပြေးဆွဲပေးနေရပြီး တချို့ ရေအ၀င်များသော ရပ်ကွက်တို့တွင် လှေများနှင့်သွားလာနေရသဖြင့် ပဲခူးသူပဲခူးသားတို့အတွက် အရင်နှစ်များထက် ရေဘေးဒုက္ခပိုကြီးနေသည်ဟု မြို့ခံများက ပြောကြသည်။ "ရေဘေးဒုက္ခသည်တွေကို လှူဖို့ ဒီနေ့လာကောက်တယ်။ လူတွေကလဲ တတ်နိုင်သလောက် အလှူထည့်ကြတယ်။ ဦးကိတ္တဆိုတဲ့ ပရဟိတလုပ်နေတဲ့ ဆရာတော်လဲ ဦးဆောင်ဦးရွက်ပြု ကူညီပေးနေတယ်လို့ ကြားတယ်။ ရွှေနံ့သာကျောင်းမှာရှိတဲ့ ပေတရာလောက် စင်္ကြန်လမ်းမှာ ဒုက္ခသည်တွေ အပြည့်ပဲ။ နောက် သာသနာ့ဗိမာန်မှာ ကျွန်တော်ကြားရသလောက်ကတော့ လူ၂၀၀လောက် ရှိတယ် ကြားတယ်"လို့ ကျောက်ဖူးကုန်းရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ဆိုသည်။ လောလောဆယ် ရေဘေးကယ်ဆယ်ရေးအတွက် ပဲခူးသာသနာ့ဗိမာန်၊ ကလျာဏီသိမ်နှင့် အနောက်ရွှေနံ့သာကျောင်းတို့တွင် အဓိက ရေဘေးကယ်ဆယ်ရေး စခန်းအဖြစ်ဖွင့်လှစ်ထားပြီး အခြားရပ်ကွက်နှင့် နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင်လဲ ရေဘေးဒုက္ခသည်များကို ခိုလှုံခွင့်ပြုထားကြောင်း သိရသည်။ Yangon PressInternational |
ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူးမြို့ ခရီးစဉ်ဖိတ်စာ Posted: 10 Aug 2011 09:57 AM PDT |
ဦးအောင်ဆန်းဦးနှင့် မော်နီတာဂျာနယ်ကို ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆို Posted: 10 Aug 2011 09:47 AM PDTိdemocratic voice of burma မြန်မာ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က အစ်ကိုတော်စပ်သူ ဦးအောင်ဆန်းဦးနဲ့ မော်နီတာဂျာနယ်တို့ကို တရားစွဲဆိုလိုက်ပါတယ်။ တရားရုံးက မဆုံးဖြတ်ရသေးတဲ့ ၂၀၀၁ ခုနှစ်မှာ ဦးအောင်ဆန်းဦးက ဒေါ်အောင်ဆန်းစုကြည်နေထိုင်တဲ့ နေအိမ်နဲ့ ခြံနဲ့ပတ်သက်ပြီး "အမွေဘုံ ပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု" ဆွဲဆိုခဲ့တဲ့ နဲ့ပတ်သက်ပြီး မော်နီတာဂျာနယ်အင်တာဗျူးမှာ ဦးအောင်ဆန်းဦးက တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ကျော်လွန်ပြီး ပြောဆိုခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က တရားစွဲဆိုလိုက်တာပါ။ ဒီလိုတရား စွဲတဲ့နေရာမှာ ဦးအောင်ဆန်းဦးနဲ့အတူ ဖော်ပြသူ မော်နီတာဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်နဲ့ ထုတ်ဝေသူ ဝဏ်ဏကျော်ထင် ဦးလှမြင့်ဆွေတို့ကို တရားစွဲဆိုလိုက်ပါတယ်။ ဒီလ ၈ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားလှယ်ရှေ့နေတွေက တရားရုံးကို မထီမဲ့မြင်ပြုမှုနဲ့ တရားဆွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလို တရားစွဲရတဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဉာဏ်ဝင်းက အခုလို ရှင်းလင်း ပြောဆိုပါတယ်။ "ဦးအောင်ဆန်းဦးက ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ အမွေဘုံ စီမံခန့်ခွဲပေးစေလိုမှုဆိုပြီး စွဲဆိုထားတယ်။ စွဲဆိုထားတဲ့အမှုက လက်ရှိအခြေအ နေမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေတွေကို စစ်ဆေးဖို့အဆင့်ရှိသေးတယ်။ အမှုကမပြီးသေးဘူး၊ အဆုံးအဖြတ်တွေ မချမှတ်ရသေးဘူး။ အဲ့ဒီအချိန်မှာ မော်နီတာဂျာနယ်က ပြီးခဲ့တဲ့ ဇူလိုင်လမှာ ဆောင်းပါးတခုရေးခဲ့တယ်။ ဆောင်းပါးမှာ ဦးအောင်ဆန်းဦးက အဓိကငြင်းချက်တွေနဲ့ သူအနိုင်ရပြီးပြီလို့ အင်္ဂလိပ်လိုပေါ့ ရေးထားတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်က ပစ္စည်းတွေလိုချင်တဲ့သဘောနဲ့ ပြုလုပ်နေတယ်ဆိုပြီး ပြောတယ်။ ဒီအပေါ်မှာ တရားရုံးက အဆုံးအဖြတ်မပြုရသေးတဲ့ ကိစ္စကို ပုဂ္ဂိုလ် တဦးတယောက်တည်းရဲ့ ပြောကြားချက်ကို ဂျာနယ်ကထည့်တယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဆရာဦးကြည်ဝင်းနဲ့ ကျနော်တို့ကို ကိုယ်စားလှယ်စာပေးပါတယ်။ အဲ့ဒါနဲ့ ကျနော်တို့ပြီးခဲ့တဲ့တနင်္လာနေ့က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ တရားစွဲပါတယ်။" လက်ရှိခြေအ နေမှာတော့ ရန်ကုန်တိုင်းတရားလွှတ်တော်က အမှုကို လက်ခံထားပြီး ထုတ်ပြန်လာမယ့် သတိပေးကြေညာစာကို စောင့်ဆိုင်းနေတယ်လို့လည်း ဦးဉာဏ်ဝင်းက ဆိုပါတယ်။ "ကျနော်တို့ လျှောက်ထားတာက ၁၉၂၆ ခုနှစ် တရားရုံးများအား မထီမဲ့မြင်ပြုမှု ဥပဒေ ပုဒ်မ ၂ နဲ့ ၃ ပါ။ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က ဒီအမှုကို လက်ခံထားပါတယ်။ လာမယ့် ရုံးချိန်းတွေမှာ ဘာလုပ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ တရားလွှတ်တော်ရဲ့ သောကြာနေ့တိုင်း ထုတ်ပြန်တဲ့ သတိပေးကြေညာစာတွေကို စောင့်ကြည့်ရမှာပါ။ ပြီးမှ ဘာဆက်လုပ်ရမလဲဆိုတာ စဉ်းစားသွားမှာပါ။" အခုလို ၁၉၂၆ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ တရားရုံးများအား မထီမဲ့မြင်ပြုမှု ပုဒ်မတွေဟာ လက်ရှိ အသက်ဝင်နေပြီဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တရားကျင့်ထုံးတွေနဲ့ ကိုက်ညီမှု ရှိမရှိဆိုတဲ့အပေါ်ကိုလည်း ဦးဉာဏ်ဝင်းက အခုလိုရှင်းလင်းပြောဆိုပါတယ်။ "လုံးဝ အကျုံးဝင်မှုရှိပါတယ်။ လက်ရှိအစိုးရမတက်ခင် ကာလမှာပဲ ကျနော်တို့ ရှေ့နေကြီး ဦးအောင်သိန်းတုန်းကလည်း ပြစ်ဒဏ်ပေးခံရတာပါ။ ပြစ်မှုမြောက်တာ မမြောက်တာကို ပြောတာမဟုတ်ပါဘူး ဒီဥပဒေ အသက်ဝင်နေသေးတယ် ဆိုတာကို ကျနော်ပြောတာပါ။" ဒါ့အပြင် ဒီအမှုမှာ ဦးအောင်ဆန်းဦးရဲ့ အင်တာဗျူးကို ဖော်ပြခဲ့တဲ့ မော်နီတာဂျာနယ်က တာဝန်ရှိသူတွေကို ထည့်သွင်းတရားစွဲဆိုရတာနဲ့ ပတ်သက်ပြီးတော့လည်း ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။ "ဦးအောင်ဆန်း ဦး အပါအဝင် မော်နီတာဂျာနယ် ထုတ်ဝေသူ ဝဏ်ဏကျော်ထင် ဦးလှမြင့်ဆွေ၊ အယ်ဒီတာချုပ် ဦးမြတ်ခိုင် သူတို့ကို ထည့်ဆွဲတယ်။ သူတို့ ၂ ယောက်ကို ဆွဲရတာကလည်း မြန်မာနိုင်ငံမှာ ရှိနေတဲ့ တရားရုံး မထီမဲ့မြင် ပြုမှုဥပဒေတွေမှာ ဥပဒေလုပ်ထုံး လုပ်နည်း တွေနဲ့ အညီ တရားရုံး စီရင်ချက်တွေမှာ ထုတ်ဝေသူနဲ့ အယ်ဒီတာလည်း တာဝန်ရှိတယ်ဆိုပြီး တသမတ်ထဲ ဆုံးဖြတ်ထားတယ်။ ဒီအပေါ်မှာ အဲဒီသုံးဦးကို တနင်္လာနေ့က တရားစွဲပါတယ်။" တရားစွဲဆိုခံရတဲ့ထဲမှာ ပါဝင်တဲ့ မော်နီတာဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဆရာဦးမြတ်ခိုင်ကတော့ ဒီအပေါ်ကို အခုလိုပြောပါတယ်။ "ဒါ ဖြေတဲ့သူတွေရဲ့ အာဘော်ပဲလေ။ ကိုယ့်အာဘော်မှ မဟုတ်ဘဲ။ သတင်းရေးတာ မဟုတ်ဘူး။ သတင်းဆိုရင်တော့ သတင်းရေးသူရဲ့ အာဘော်ပဲ။ ဒါက အင်တာဗျူးတဲ့သူက မေးတယ်။ အောင်ဆန်းဦးက ဖြေတယ်။ တခြားဟာတွေကို အင်္ဂလိပ်လို တကြောင်းနှစ်ကြောင်းပြောတယ်။ တချို့ဟာတွေက တရားရုံးကျမှပဲ ပြောတော့မယ်။ တချို့ဟာတွေက အစ်မကော၊ ကိုအောင်ဆန်းဦးပါ ဗိုလ်ချုပ်အောင်ဆန်း သားသမီးတွေဖြစ်လို့ ဘာမှဖြစ်စရာ အကြောင်းမရှိဘူး။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရလို့ ဦးရွှေမန်းတို့က မကြာခဏ ပြောဖူးတာပဲ။ ဥပဒေ အဆုံးအဖြတ်ခံယူရမှာပါ။" ဦးအောင်ဆန်း ဦးက ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၀ ပြည့်နှစ်မှ စတင်ပြီး နေအိမ်နဲ့ ခြံဝင်း အမွေပိုင်ဆိုင်လိုမှုနဲ့ စတင်တရားစွဲဆိုမှု ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီအမှုမှာတော့ ဦးအောင်ဆန်းဦးကို နိုင်ငံခြားသား တဦးအနေဖြင့် နေအိမ်ခြံဝင်း ပိုင်ဆိုင်ခွင့်မရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့တာကြောင့် ဦးအောင်ဆန်းဦး အမှုရှုံးနိမ့်ခဲ့ရပါတယ်။ အဲ့ဒီနောက် ၂၀၀၁ ခုနှစ်မှာတော့ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေတွေက အမွေဘုံ ပစ္စည်း စီမံခန့်ခွဲ ပေးစေလိုမှုနဲ့ ထပ်မံတရားစွဲဆိုခဲ့ရာ ၁၀ နှစ်အကြာ ဒီကနေ့အချိန်အထိ တရားရုံးက မဆုံးဖြတ်သေးတာလည်း ဖြစ်ပါတယ်။ ဒီကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၉ ခုနှစ်မှာ နေအိမ်ပြင်မှုပြုလုပ်ခဲ့စဉ်အချိန်ကလည်း ဦးအောင်ဆန်းဦးရဲ့ ကန့်ကွက်မှုကြောင့် ပြင်ဆင်မှုကို ခေတ္တရပ်ဆိုင်းထားရပါတယ်။ |
ပဲခူးမြို့ရေကြီး (ဓာတ်ပုံ/သတင်း) Posted: 10 Aug 2011 09:21 AM PDT ပဲခူးမြို့ကို ကားလေးတွေ ၀င်လို့မရတော့ဘူး၊ လှေစီးပြီးသွားလာနေကြရပါတယ်။ဒီရက်ပိုင်းတွေ အတွင်းမှာ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ င၀န်မြစ်နဲ့ ပဲခူးမြစ်ရေတွေဟာ စိုးရိမ်ရေမှတ်ကို ကျော်လွန်ပြီး ရေလွှမ်းမိုးခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် ရပ်ကွက်နဲ့ ကျေးရွာ အတော်များများ ရေကြီးခဲ့တာကြောင့် ပဲခူးမြို့ပေါ်မှာ ဒု...က္ခသည် ၁၀,၀၀၀ နီးပါးလောက် လာရောက် ခိုလှုံနေရတယ်လို့ ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ဆရာတော် ဦးကိတ္တိက မိန့်ကြားပါတယ်။ "ကျေးရွာတွေ အားကြီးပေါ့၊ ပဲခူးအထွက်ဆိုရင် ကနီးရယ်၊ အ၀ိုင်းရယ်၊ ကျောက်ကလေးရယ် အဲဒီဘက်မှာတော့ လယ်တွေပါ အကုန်မြုပ်ကုန်ပြီ။ ဒုက္ခသည် အားလုံးပေါင်း ၁၀,၀၀၀ လောက် ပြည့်တော့မယ်။ နေရာတွေကတော့ ပဲခူး ရွှေမော်ဓောရဲ့ အနောက်ဘက်မုခ်က ဗိမာန်တို့၊ မွန်ပိဋကတ်တို့၊ ကျောက်ကြီးဘက်ကျတော့ စာသင်ကျောင်းတို့၊ ဘုန်းကြီးကျောင်းတို့၊ ခေါင်းဆေးကျွန်းကျတော့လည်း ဘုန်းကြီးကျောင်းတို့၊ ဘုရားတွေ၊ အဲဒီလိုနေရာတွေမှာ ထားထားပါတယ်။"VOA news။ (Photo) Ye Thurein Min်facebookမှ ကိုကိုမောင်ရေးသားထားတဲ့ "ဖူကူရှီးမား ပဲခူးသား "ဆိုတဲ့ ကဗျာလေးမျှဝေလိုက်ပါတယ်.. အထူအပါးမညီညာတဲ့ ကတ္တရာလမ်းမထက်မှ ဘယ်တော့မှ မမှန်တဲ့ နာရီစင်ကြီးက…. တစ်ဖက်ကမ်းကို ငေးရင်း မေးကြည့်နေတယ်… ...ပဲခူးရယ်…………………… ပတ်ပတ်လည်မှာ မင်းပတ်ဝန်းကျင်မှာ မလိုအပ်လှတဲ့…. ရေကာတာတွေ ၀န်းရံ ဆည်မြောင်းတွေ မှိုလိုအ၀ိုင်းခံထားရပြီး ဖန်လုံးအိမ်အာနိသင်နဲ့ သဘာဝဘေးကြားမှာ….. မင်းထမင်းထုပ်စားနေရပြီလားတဲ့…….. အစုန်အဆန် အားမာန်အပြည့်နဲ့… ၀ါကျစ်ကျစ် မြစ်ပြင်ကြီးကိုခွထားတဲ့.. ဆောက်ပြီးစ တံတားအသစ်စက်စက်ကြီးက… တစ်ဘက်ကမ်းကို ငေးရင်း မေးကြည့်နေတယ်… ပဲခူးရယ်………………. လမ်းစုံလမ်းခွတွေနဲ့ နီယွန်ယဉ်ကျေးမှု ကူးစက်စပြုနေတဲ့ မင်းလို မြို့ပြပေါက်စလေးမှာ အခုတော့…. ငါးမျှားလို့ ရေကူး… လှေစီးလို့ ကွန်ပြစ်.. တံငါမြို့လေး ဖြစ်လို့နေလေပြီလားတဲ့… မြို့ရဲ့ နှလုံးသားတည့်တည့်မှာ ရွှေရောင်အရိပ်ကိုခိုရင်း… မြို့သားတွေနဲ့ နှစ်ပေါင်းများစွာရင်းနှီးခဲ့တဲ့ ဘုရားခြေရင်းက ခြေသ်ေကြီးတွေက.. သူ့အစွယ်ကို မာန်အပြည့်ဖြဲလိုက်ရင်း………………. ပေးကမ်းသူနဲ့ ဝေမျှသူ အမြတ်ထုတ်သူနဲ့ ဆုံးရှုံးသူ ပျော်ရွှင်သူနဲ့ ၀မ်းနည်းသူ အားလုံး..အားလုံးသော ပဲခူးသူ ပဲခူးသားများကြားအောင်..ဒီလို ဟိန်းလိုက်တယ်……… ပဲခူးသားတို့……………….. ဆူနာမီနဲ့ နျူကလီးယားကြားမှာ ဂျပန်က ဖူကူရှီးမားဟာ သွေးပျက်စရာ ဒုက္ခသည်ဖြစ်ခဲ့.. ဒါပေမယ့်… ဖူကူရှီးမားဟာ အားငယ်သွားသလား.. ဖူကူရှီးမားဟာ သိမ်ငယ်သွားသလား… နိုင်ငံတ၀ှမ်းက စစ်ကူတွေဘယ်လောက်လာလာ ငါတို့ဟာ ငါတို့ကာကွယ်မယ်တဲ့.. ဖူကူရှီးမားသားဟာ သူချစ်တဲ့ မြို့အတွက် ရဲရင့်ပြခဲ့တယ်.. ဂျပန်သားတွေဟာ သူတို့တိုင်းပြည်ထဲက မြို့အတွက် တာဝန်ယူတတ်ခဲ့ကြတယ် မင်းတို့ငါတို့ပဲခူးသားဆိုတာကရော ကိုယ်ထူကိုယ်ထခေတ်ကို.. ဖြတ်သန်းခဲ့ရတဲ့ မြို့သားတွေ… လက်မထိပ်အပ်စိုက်ပြီး သူရဲကောင်းထွန်းကားရာ ရာဇ၀င် မြို့ပြသားတွေ.. ရေ..မီး..စစ်..ငလျင်.. ရင်ဆိုင်တိုင်း နောက်မတွန့်ပဲ ကျော်ဖြတ်ခဲ့တဲ့ မြို့သားတွေ.. ငါတို့ဟာ…. ငါတို့ချစ်တဲ့မြို့အတွက်.. ဘာကြောင့်များ..တွေဝေနေမလဲ ဘာကြောင့်များ…တွန့်တိုနေမလဲ ဘာကြောင့်များ…စဉ်းစားနေမလဲ ဘာကြောင့်များ…ဥပေက္ခာထားနိုင်မတဲ့လဲ.. ငါတို့ဟာ……………………. ရင်ဆိုင်ရဲခဲ့တဲ့ မြို့သား………. ဖြတ်ကျော်ရဲခဲ့တဲ့ မြို့သား……….. သတ္တိရှိရှိတာဝန်ယူတတ်ခဲ့တဲ့ မြို့သား… မြန်မာပြည်ရဲ့ ဖူကူရှီးမားမြို့သား… မြန်မာပြည်ရဲ့…. ဖူကူရှီးမား ပဲခူးသားတွေဖြစ်တယ်.. ငါတို့ဟာ ဖူကူ၇ှီးမား ပဲခူးသားတွေ ဖြစ်တယ်…. ကိုကိုမောင် သြဂုတ် 10 |
Posted: 10 Aug 2011 08:42 AM PDT ဗမာ့သွေး သြဂုတ်လ ၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြခဲ့သော ဆောင်းပါးရှင် 'လျှပ်စစ် ၀န်ထမ်းတစ်ဦး' ၏ ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်သည့် ဆောင်းပါးကို Eleven Media Groupနှင့် ၀ါရင့် သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းတို့က ဝေဖန်ခဲ့ကြပါသည်။ နိုင်ငံပိုင်သတင်းစာပါ လျှပ်စစ်ဝန်ထမ်းတစ်ဦး အမည်ဖြင့် ရေးသားထားသည့် ဆောင်းပါး အမည်မှာ 'ထာဝရ အမွေအနှစ် မွန်မြတ်သည့် စေတနာ' ဖြစ်ပြီး ရေအားလျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်သော အကြောင်းအရာများ၊ အဓိကအားဖြင့် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ဆိုင်ရာ အကျိုးဖြစ်ထွန်းမှု အချက်အလက်များကို ရေးသားထားခြင်း ဖြစ်ပါသည်။ ထို့အပြင် "နိုင်ငံတော်၏ လျှပ်စစ်စွမ်းအင် လိုအပ်ချက်ကို ကာလတိုအတွင်း ပြည့်မီစွာ ဖြည့်တင်း ဆောင်ရွက်ပေးနိုင်ရေးအတွက် လျှပ်စစ်စီမံကိန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် တည်ဆောက် ပေးလျက်ရှိရာ ယခုအခါ လျှပ်စစ်ဓာတ်အားများ တစ်နှစ်ထက်တစ်နှစ် ပိုမိုရရှိနေပြီ ဖြစ်သော်လည်း အချို့ပုဂ္ဂိုလ်/အဖွဲ့အစည်းများ အနေဖြင့် ကချင်ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ဧရာဝတီမြစ်ဆုံ မေခ၊ မလိခ၊ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်၍ နိုင်ငံတကာနှင့် ပြည်တွင်း ရှိ ပြည်သူလူထု အထင်မှား အမြင်မှား ဖြစ်စေရန် မဟုတ်မမှန် ဖန်တီးလုပ်ကြံ၍ ရေးသား လုပ်ဆောင်လျက် ရှိကြသည်"ဟု နိုင်ငံပိုင် သတင်းစာပါ အဆိုပါ ဆောင်းပါးတွင် ထည့်သွင်း ရေးသားဖော်ပြ ထားပါသည်။ နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြခဲ့သော ဆောင်းပါး၌ပါဝင်ခဲ့သည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့် ဆက်စပ်သော ဧရာဝတီ ကိစ္စကို ပြောဆိုနေကြခြင်းသည် လုပ်ကြံဖန်တီး ပြောဆိုရေးသားနေကြခြင်း မဟုတ်ဘဲ မြန်မာလူမျိုး သာမက၊ မြန်မာနိုင်ငံပါ ပျောက်ဆုံးရမည့် အန္တရာယ်ရှိနေခြင်းကြောင့် ပြောဆိုနေရခြင်း ဖြစ်သည် ဟု ၀ါရင့်သတင်းစာ ဆရာကြီး ဦးစိန်ဝင်းကလည်း ပြောဆိုပါသည်။ "ဧရာဝတီအကြောင်း ပြောဆိုရေးသားကြတာတွေဟာ လုပ်ကြံဖန်တီးပြောဆိုနေတယ်လို့ ပြောလာတဲ့သူရှိရင်၊ ဘယ်သူပဲ ပြောပြော၊ အဲဒါကို လုံးဝငြင်းဆိုပါတယ်။ ဧရာဝတီ တိမ်ကောပပျောက်ရမယ့် အန္တရာယ် တွေရှိလာလို့၊ အန္တရာယ်ကို မျက်စိရှေ့ မှာတင် မြင်တွေ့လာရလို့၊ သတင်းတွေ၊ ဆောင်းပါးတွေမှာ ဧရာဝတီအကြောင်းကို မမြင်ရအဆုံးထိအောင်ကို ဖော်ပြလာကြတာပဲ ဖြစ်ပါတယ်။ မျက်မြင်မှာပဲ စစ်ကိုင်း တံတားကြီးဘေးမှာ ထွန်းနေတဲ့ သောင်ကြီးဟာ ဧရာဝတီမြစ် အပြည့်နီးပါး ဖြစ်လာနေပြီ။ ပြည်မှာဆိုရင်လည်း ပြည်ချောင်းသာလို့ ခေါ်ဆိုပြီး လူတွေပျော်ပွဲစား ထွက်လာရတဲ့ အထိအောင် ဧရာဝတီမြစ်ထက်မှာ သောင်ကြီး ဖြစ်နေပါပြီ။ အင်းတော်ကြီးဘက်က စာဖတ်ပရိသတ် တစ်ဦးဆိုလည်း ဖုန်းဆက်ပြီး ပြောတယ်။ ရွှေကျင်နေကြတာတွေကြောင့် ဧရာဝတီမြစ်ဟာ ကောတော့မယ့် အခြေအနေကို ရောက်နေရပြီ။ သတင်းသမားတွေအနေနဲ့ ဒီအတိုင်း ကြည့်နေကြတော့မှာလား ဆိုပြီး မေတ္တာရပ်ခံတယ်။ ဧရာဝတီမြစ်ဟာ မြန်မာတို့ရဲ့ အသက်သွေးကြောပဲ ဖြစ်တယ်။ ဧရာဝတီ တိမ်ကောသွားလို့၊ ဧရာဝတီ ပပျောက်ခဲ့ရပြီဆိုရင် မြန်မာလူမျိုး သာမကပဲ မြန်မာနိုင်ငံပါ ပျောက်သွားနိုင်တဲ့ အန္တရာယ်အထိ ရှိနေတယ်။ ဒီလိုအခြေအနေမျိုး မှာ ဧရာဝတီကို ဖျက်ဆီးလာမယ့် ဘယ်ကိစ္စကို လက်မခံဘူး။ သတင်းသမား တစ်ယောက်အတွက် ကတော့ ဧရာဝတီကို ပျက်စီးမယ့်၊ တိမ်ကောမယ့်၊ ပပျောက်သွားမယ့် ဘယ်ကိစ္စကိုမဆို တားဆီးရမှာပဲ ဖြစ်ပါတယ်"ဟု လူထု ဦးစိန်ဝင်းက ပြောပြပါသည်။ Eleven Media Group၏ Chairman & CEO ဒေါက်တာ သန်းထွဋ်အောင်က သတင်းစာများထဲ ၌ ဖော်ပြခဲ့သော မြစ်ဆုံရေကာတာ ဆောင်းပါးဖော်ပြမှုအတွက် ကြိုဆိုလိုက်ပြီး ဆောင်းပါးနှင့် ပတ်သက်၍ မေးခွန်းများ ထုတ်ခဲ့သည်။ "ဒီလိုသက်ဆိုင်တဲ့ဌာနက မီဒီယာပေါ်မှာ ပထမဆုံး ရှင်းလင်းတာ ကြိုဆိုပါတယ်။ ဒါပေမယ့် အထင်အမြင်လွဲမှားအောင် မဟုတ်မမှန် ဖန်တီးလုပ်ကြံရေးသားတယ် ဆိုပြီး သတင်းစာကို ခုတုံးလုပ်ပြီး ပုတ်ခတ် ရေးသားတာကတော့ မလုပ်သင့်ဘူး။ နိုင်ငံရဲ့အရေး၊ တစ်မျိုးသားလုံးအရေးနဲ့ ပတ်သက်ပြီး စတုတ္ထမဏ္ဍိုင်တစ်ခု အနေနဲ့ ကျွန်တော်တို့ ဝေဖန်ထောက်ပြ ပိုင်ခွင့်ရှိပါတယ်။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတွေကို လာရောက်လေ့လာပြီး အကြံဥာဏ်ပေးမယ့် Think Thaanke Group တစ်ခုနဲ့ Eleven Media Group ရုံးမှာ ကျွန်တော်တို့တွေ့တယ်။ အဲဒီမှာပါတဲ့ လူအများစုက အသက် ၃၀၊ ၄၀ အရွယ် လူငယ်၊ လူလတ်တွေဖြစ်ပြီး စင်ကာပူတက္ကသိုလ်က PhD ဘွဲ့ရသူတွေ ပါပါတယ်။ သူတို့ လေ့လာရသလောက် မြစ်ဆုံရေကာတာ စီမံကိန်းဟာ မြန်မာလူထုကို ထိခိုက်နိုင်တယ်ဆိုတဲ့အချက် ကို ငြင်းပယ်မသွားပါဘူး။ ရရှိတဲ့ အချက်အလက်တွေကိုလည်း Professional ပီသစွာ တရုတ်အစိုးရ ကို တိတိကျကျ အစီရင်ခံသွားမယ်လို့ ဆိုပါတယ်။ ဒီဆည်ကြီး ခုနစ်ခု လုံးဝမဆောက်သင့်ဘူး။ အကယ်၍ မဖြစ်မနေ ဆောက်ရရင်လည်း အသေးနှစ်ခုပဲ ဆောက်သင့်တယ်လို့ သူတို့ပြောသွားပါတယ်။ ဒါကြောင့် အခုသတင်းစာပါ လျှပ်စစ်ဝန်ထမ်းတစ်ဦးဟာ ဘယ်ရာထူး အဆင့်လဲ၊ နာမည်ဘယ်သူလဲ၊ ဘယ်လို Professional မျိုးလဲ၊ ကျွန်တော်တို့ တိတိကျကျ သိချင်ပါတယ်"ဟု ပြောကြားခဲ့ပါသည်။ ဒေါက်တာသန်းထွဋ်အောင် က ၎င်းဆောင်းပါးရှင် ရေးသားသော ဆောင်းပါးမှာ သတင်းမီဒီယာ ရှုထောင့်မှဖြစ်စေ၊ ပညာရပ်ပိုင်းဆိုင်ရာ ရှုထောင့်မှဖြစ်စေ ဝေဖန်ကြရပါက အားနည်းမှုများရှိသည် ဟုလည်း ဆိုပါသည်။ ၎င်းက "အဲဒီဆောင်းပါးမှာ နိုင်ငံအတွက် ဘယ်လိုအကျိုးကျေးဇူး ရှိတယ်ဆိုတာကို သဲသဲကွဲကွဲ ရေးမသွားဘူး။ လူ ၂၆၀၀ လောက် အလုပ်ရတယ်။ အိမ်ထောင်စု ထောင်ဂဏန်းလောက် နေရာချထား ပေးခဲ့တယ်ဆိုတာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုင်တဲ့ ပရောဂျက်တစ်ခုအတွက် ရယ်စရာပါ။ လအလိုက် ရေစီးမှုတစ်ခု တည်းကြည့်ပြီး ဧရာဝတီမြစ်အောက်ပိုင်းမှာ ဘာမှမထိခိုက်ဘူး ဆိုတာကလည်း မပြည့်စုံဘူး။ အခုတောင် ဧရာဝတီမြစ်ဟာ မြစ်လက်တက်တွေမှာ ဆောက်တဲ့ဆည်တွေကြောင့် ကောစပြုနေပြီ။ ရေကြောင်းပြောင်းနေပြီ။ နွေရာသီဆိုရင် မြစ်ဝကျွန်းပေါ် အချို့ဒေသတွေမှာ နွေရာသီ ရေချိုပြဿနာ တွေ့နေရပြီ။ ဒါ ကြောင့် ဒီဆည်မဆောက်ခင်မှာ ဘယ်လိုမြစ်ကြောင်းဆိုင်ရာ ပြုပြင်မှုလုပ်မယ်ဆိုတဲ့ အာမခံချက်လည်း မရှိဘူး။ ဒါ့အပြင် ဆောင်းပါးရှင်က တရုတ်စူးစမ်းလေ့လာရေး အဖွဲ့ ရဲ့ ၅၆၉ မျက်နာပါ အစီရင်ခံစာကို ကိုးကားသွားတယ်။ ဒီအဖွဲ့ရဲ့ သမာသမတ်ရှိမှု၊ ပညာရှင်ပီသမှု၊ မြန်မာနိုင်ငံရဲ့အကျိုးနဲ့ တရုတ်အကျိုး ဘယ်ဟာကို ဦးတည်မလဲဆိုတာကို မဖော်ပြဘူး။ ဒါ့အပြင် ကဏ္ဍ ၁၂ ခုနဲ့ပတ်သက်လို့ အသေးစိတ် မဖော်ပြဘူး။ ပညာရှင်တွေရဲ့ အစီရင်ခံစာတိုင်းမှာ အကျိုးနဲ့အပြစ် နှစ်မျိုးလုံးပါတယ်။ ဆောင်းပါးရှင်က ဒီဆောင်းပါးမှာ အကျိုးကျေးဇူးခြောက်ချက်ကိုပဲ ဖော်ပြထားပြီး အပြစ်ကို ဖော်ပြမထားတာ ဟာ ပညာရှင်မဆန်ဘူး။ နောက်ပြီး ရေ၀ပ်ဧရိယာ ဘယ်လောက်ဆိုတာ ဖော်ပြမထားဘူး"ဟု သုံးသပ်ခဲ့ပါသည်။ ထို့အပြင် ဒေါက်တာသန်းထွဋ်အောင်က Public ၌ ပျံ့နှံ့နေသော စာမျက်နှာ ၉၀၀ ပါ EIA Report နှင့် ပတ်သက်ပြီး ဆောင်းပါးရှင် ရှင်းလင်းမထားခြင်း အပေါ်ကိုလည်း ဝေဖန်ခဲ့သည်။ "ဒီ Report အရ ဆည်တစ်ခုတည်းရဲ့ ရေ၀ပ်ဧရိယာကိုက စတုရန်းမိုင် ၅၀၀ နီးပါးရှိတယ်။ ဒါဟာ ကချင်ပြည်နယ် တစ်ခုလုံး ဧရိယာရဲ့ သုံး၊လေးရာခိုင်နှုန်းလောက် ရှိတယ်။ ကချင်ပြည်နယ်ဟာ ပြည်ထောင်စုအတွင်းမှာ သယံဇာတ အပေါကြွယ်ဝဆုံး နေရာ၊ ဒီရေ၀ပ်ဧရိယာလုပ်ရင် မြေပေါ်သယံဇာတ တွေဖြစ်တဲ့ သစ်တောတွေ၊ Tourist တွေလာနိုင်တဲ့ သမိုင်းဝင်နေရာတွေ၊ လှပတဲ့ ရေမြေတောတောင် တွေ၊ မြေအောက်သယံဇာတဖြစ်တဲ့ ရွှေ၊ ကျောက်စိမ်း၊ ရေနံအခြားသတ္ထုတွေ ဆုံးရှုံးသွားမယ်။ ဒီတန်ဖိုးတွေ တွက်ချက်ပြီးပြီလား။ ဒါ့အပြင် မြစ်ကြောင်းတစ်လျှောက် ဆုံးရှုံးသွားမယ့် အလုပ်အကိုင်တွေ၊Biodiversity ကြောင့် ဆုံးရှုံးမှုတွေကော တွက်ချက်ပြီးပြီလား။ ဒါ့အပြင် EIA Report အရ ဒီစီမံကိန်းအတွက် တရုတ်ရင်းနှီးမြုပ်နှံမှုဟာ ဒေါ်လာ ၃ ဒသမ ၆ ဘီလီ ယံဆိုတာ နိုင်ငံတကာစံနှုန်းနဲ့ဆိုရင် သိပ်မများပါဘူး။ ဒါပေမယ့် သူတို့က ၇၀ ရာခိုင်နှုန်း အကျိုးအမြတ်ယူမယ်။ ပြည်ထောင်စု အစိုးရ က ၂၀ ရာခိုင်နှုန်း၊ ကြားပွဲစားက ၁၀ ရာခိုင်နှုန်း၊ ကချင်ပြည်နယ် အစိုးရနဲ့ ကချင်ပြည်နယ်လူထု အတွက်ရော ဘယ်လိုစဉ်းစားထား သလဲ။ ဒီစာချုပ်ဟာ မမျှတဘူး။ နောက်ပြီး ကြားပွဲစားဆိုတာ တရားဝင်လား။ များလွန်းတယ်။ လာဘ်ပေး၊ လာဘ်ယူတွေ ရှိနေသလား။ အခုမြန်မာနိုင်ငံရဲ့ လာဘ်ပေးလာဘ်ယူမှာ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု စီမံကိန်း၊ အထူးသဖြင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု စီမံကိန်း အချို့မှာ ကြားပွဲစားက အများဆုံးဖြစ်နေတယ်။ ဒေါ်လာ သန်းပေါင်းများစွာ တိုင်းပြည်ငွေတွေ ဆုံးရှုံးနေတယ်။ ဒီဟာကို မတိုက်ဖျက်ဘဲ ၀န်ထမ်းငယ်တွေကို ချည်း မမဲသင့်ဘူး"ဟု ထောက်ပြခဲ့ပါသည်။ ၎င်းက EIA Report နှင့် ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီး ဌာနအနေဖြင့် အများပြည်သူအား ရှင်းရှင်းလင်းလင်း ဖြစ်စေသင့်သည် ဟု ဆိုပါသည်။ "ဒီရေကာတာဟာ စစ်ကိုင်းပြတ်ရွေ့ကြောအနီးမှာ ရှိတယ်။ ကျိုးသွားရင် စက္ကန့် ၂၀ အတွင်း မြစ်ကြီးနားမြို့ရေမြုပ်သွားမယ်လို့ ဆိုတယ်။ ဒီနေ့(သြဂုတ်လ ၉ ရက်)မှာပဲ ဒီစီမံကိန်းနဲ့ မိုင် ၂၀၀ မဝေးတဲ့ ယူနန်နယ်စပ်မှာ ငလျင်ငယ်လှုပ်သွားတယ်။ ဒီနယ်စပ်မှာ တစ်နှစ် ငလျင် နှစ်ကြိမ်၊ သုံးကြိမ် လှုပ်တယ်။ မကြာမီ ၁၀ နှစ်၊ အနှစ် ၂၀ အတွင်းမှာ ရစ်ချက်တာ စကေး ၇ အထက် ငလျင်လှုပ်နိုင်တယ် ဆိုတာလည်း ပညာရှင်တွေ ခန့်မှန်းထားတယ်။ ဒါကိုလည်း ရှင်းရှင်းလင်းလင်း ဖြစ်သင့်တယ်"ဟု ဆိုပါသည်။ ဒေါက်တာသန်းထွဋ်အောင် က မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး အစိုးရအပါအ၀င် နိုင်ငံရေးပါတီများ၊ လူထုလူတန်းစား အသီးသီးနှင့် တပ်မတော်သားများ အနေဖြင့် အသိတရားရှိသင့်ပြီး တရုတ် အစိုးရအနေဖြင့်လည်း နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အလေးအနက်ထား စဉ်းစားသင့်သည်ဟု ဆိုပါသည်။ "တရုတ်အစိုးရအနေနှင့်လည်း တရုတ်ကုမ္ပဏီ CPI ရဲ့ အကျိုးစီးပွားတစ်ခုတည်း မကြည့်သင့်သလို မြန်မာဘက်ကလည်း မြန်မာကုမ္ပဏီ တစ်ခုတည်း၊ ၀န်ကြီးဌာနတစ်ခုတည်းရဲ့ အကျိုး စီးပွားကိုချည်းပဲ မကြည့်သင့်ပါဘူး" ဟု ၎င်းက ဆိုပါသည်။ ၎င်းက "ကျွန်တော့် အမြင်အရဆိုရင်တော့ ဒီစီမံကိန်းကို လုံးဝရပ်သင့်ပါတယ်။ တကယ်လို့ စဉ်းစားဆင်ခြင်မယ်ဆိုရင် ခေတ္တရပ်ဆိုင်းပြီး တရုတ်ပညာရှင်တွေ၊ မြန်မာပညာရှင်တွ၊ NGO တွေ၊ နိုင်ငံတကာ ပတ်ဝန်းကျင် ပညာရှင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ သတင်းမီဒီယာတွေ အဖွဲ့ဖွဲ့ပြီး လေ့လာရေး အစီအရင်ခံစာ တင်သွင်းသင့်တယ်"ဟုဆိုပါသည်။ ၎င်းက "ဧရာဝတီဟာ ကျွန်တော်တို့ရဲ့ အမျိုးသား သမိုင်းအမွေအနှစ် (National Heritage) ပါ။ သူရဲ့ကျေးဇူးက မသေးပါဘူး။ ကျွန်တော်တို့ရဲ့ အမျိုးသား အကျိုးစီးပွားကို ကာကွယ်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ၀မ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်တွေ၊ ပြဿနာတွေ မပေါ်ပေါက်အောင် အရာရာကို စဉ်းစဉ်း စားစား၊ ချင့်ချင့်ချိန်ချိန်လုပ်ကြဖို့ တိုက်တွန်းပါတယ်"ဟု ဆိုပါသည်။ ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအပါအ၀င် မေခ၊ မလိခ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများဆိုင်ရာ နားလည်မှု စာချွန်လွှာ (MoU) ကို ၂၀၀၆ခု နှစ် ဒီဇင်ဘာလအတွင်းက အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန နှင့် တရုတ်နိုင်ငံ (China Power Investment Corporation) တို့ ချုပ်ဆိုခဲ့ကြကြောင်း သိရသည်။ စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ မြန်မာဘက်မှ Asia World ကုမ္ပဏီက ပါဝင်ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၊ လေ့လာသူများ၊ သတင်းသမားများက စီမံကိန်းမှတစ်ဆင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို အချက်အလက် အတိအကျများဖြင့် ရေးသားပြောဆိုလျက် ရှိနေပါသည်။ ပြီးခဲ့သည့် လများ ကလည်း ကချင်ပြည်နယ်အတွင်းရှိ ရေအားလျှပ်စစ်စီမံကိန်းအချို့ အနီးတွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး တပ်မတော်နှင့် KIA တို့ အကြား တိုက်ပွဲများ ဖြစ်ပွားထားသည်။ မြစ်ကော မြစ်မကောအောင်လို့ သစ်တောတို့ စိမ်းရပေမည် ရေဝေတောတွေ စိမ်းစို့စို့ မှိုင်းညို့ညို့ မှုန်ရီ ချင်းတွင်းနဲ့ ဧရာဝတီ ရေပြာကြည် သမျှ မြန်မာသွေးရှိ တတောလုံးပြောင် တတောင်လုံး လင်း မြစ်ကျဉ်းကာ သောင်တွေပေါ်တာ့ နောင်အရှည် မမျှော် မြန်မာပျောက်အောင်လို့ ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား စိုးကြောက်ဖွယ် အပျက်သဘောနဲ့ မြစ်ကောမယ် လေး...။ မောင်စိန်ဝင်း ( ပုတီးကုန်း ) နေ၀င်ဆည်းဆာရိပ်ကြောင့် ကျမခန္ဓာလေးကို ပိုမို လှပပါတယ် ဆိုတာကို အနုပညာ ကို နှလုံးသားနဲ့ ခံစားသူများက မှတ်တမ်းတင်ရင်း ဂုဏ်ပြုသွားကြတာ ကို မြန်မာနိုင်ငံသားတွေက ဂုဏ်ယူမဆုံး ဖြစ်ခဲ့ကြရတယ်....... ။ ဒါတွေက နောင်အခါ အိပ်ယာဝင် ပုံပြင်တပုဒ်လို ဖြစ်ရတော့မယ်............။ သမိုင်းအစဉ်အဆက်မှာ မင်းဆက်ပေါင်းများစွာနဲ့ ထိတွေ့ဆက်ဆံခဲ့ရတဲ့ ကျမဟာ ဒီအမျိုးယုတ်တွေ လက်ထက်မှာ ကျဆုံးခဲ့တာကိုတော့ ၀မ်းနည်းလို့ မဆုံး ဖြစ်မိတာ အမှန်ပါဘဲ....။ မြန်မာနိုင်ငံသားတွေက် အတွက် နေ့မအား ညမနား ကြိုးစားပေးခဲ့တဲ့ ကျမလို လုပ်အားရှိသူမှကို ရွေးပြီး တိုင်းတပါးကို ထိုးအပ်ဖို့ အရေး လုပ်ဆောင်နေသူတွေရဲ့ တိုင်းပြည်ကိုချစ်တယ် ဆိုတဲ့ စကားများက ကျမကို လှောင်ပြောင်နေသလို ခံစားရလို့ ပြည်သူများကို အသိပေးရင်းက .........နောက်ဆုံးအချိန်ထိ ကျေးဇူးဆပ်ခွင့်ပေးပါ...........နော် ။ အလုပ်တွေ ပြီးဆုံးသွားလို့ အနားယူနေကြတဲ့ ရေလုပ်သားများကု ကျမကို နှုတ်ဆက်ရင်း ထွက်ခါကြတဲ့ အချိန် ၊ တနေ့တာ တာဝန်ထမ်းဆောင်ပြီးလို့ အနောက်အရပ်က သူ့အိမ်ကို ပြန်ခါနီး နေမင်းကြီးကလည်း ကျမကို လှမ်းနှုတ်ဆက်တဲ့ မြင်ကွင်းကို မြင်ရသူတွေက ကြည်နူးစရာ ကောင်းလွန်းလို့ ဆိုတဲ့အသံတွေ ကြားမှာ ပျော်မွေ့ရင်းနဲ့ဘဲ မြန်မာနိုင်ငံရဲ့ အထက်နဲ့အောက်ကို မနားမနေ ခရီးဆက်ရင်း ရှင်သန်ကြီးပြင်းခဲ့သူပါ...။ သိပ်မကြာခင်မှာ ဒါတွေက လွမ်းစရာ အဖြစ်ကျန်ရစ်ပြီး....... အနာဂတ် မြန်မာနိုင်ငံရဲ့ မျိုးဆက်သစ်လေးများကို ကျမ ဒီနိုင်ငံမှာ ရှင်သန်ကြီးပြင်းကာ တိုင်းပြည်အကျိုးကို သယ်ပိုးခဲ့ဘူးကြောင်း ပြောပြပေးကြပါ.....။ သူတိုတွေက ကျမကို အမှတ်ရလို့ မေးမြန်းခဲ့ရင် အချိန်မကျဘဲ သေဆုံးခဲ့ရတဲ့ ကျမဘ၀ကို မလိမ်မညာဘဲ ဖြေကြားပေးပါလို့ နောက်ဆုံးအနေနဲ့ ပြည်သူလူထုကို တောင်းပန်ပါရစေနော်.။ |
You are subscribed to email updates from dawnmanhon To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
No comments:
Post a Comment